အော်ဟစ်ဆူပူခြင်း
Vol. 8 Ch. 143
“ရှောင်လင်းယွီ၊ ဟိုခွေးမ၊ အခုချက်ချင်းထွက်ခဲ့စမ်း။” ညလယ်ခေါင်ကြီး ထောင်ယွမ်ရွာတွင် ဆိုးရွားသည့် အော်ဟစ်ဆဲဆိုသံများ ထွက်ပေါ်လာခဲ့သည်။ ရွာသားများက နိုးလာကြကာ ဖေဖေရှောင်နှင့် မေမေရှောင်လည်း ပါဝင်ပေသည်။
မေမေရှောင်သည် အော်သံကြောင့် နိုးလာခဲ့သည်။ အပြင်ဘက်ရှိ မဲမှောင်နေသည့် ကောင်းကင်ကြည့်လိုက်ပြီးနောက် နာရီကိုလှမ်းကြည့်လိုက်ကာ မနက် ၂နာရီသာရှိသေးလေသည်။ တစ်စုံတစ်ယောက်က သူမသမီးကို အော်ဟစ်နေကြောင်း ကြားလိုက်ရတာကြောင့် သူမအိပ်မက်မက်နေသည်ဟု ထင်သွားခဲ့သည်။ နောက်တော့မှ အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်နေကြောင်း သိလိုက်ရလေသည်။ တစ်စုံတစ်ယောက်က သူမတို့သမီးကို တကယ်ကြီး ဆဲဆိုနေခြင်းပင်။
“ယောက်ျား၊ ထပါဦး။” မေမေရှောင်က ဖေဖေရှောင်ကို လှုပ်နှိုးလိုက်လေသည်။
“ဘာဖြစ်လို့လဲ။” ဖေဖေရှောင်ကတော့ အိပ်ချင်မူးတူးဖြစ်နေတုန်းပင်။
“ကျွန်မတို့အိမ်အပြင်မှာ တစ်ယောက်ယောက်က ကျွန်မတို့သမီးကို အော်ဆဲနေတယ်။” မေမေရှောင်က အပေါ်ထပ်တစ်ထည်ကို ထပ်ဝတ်ရင်းပြောလိုက်သည်။ “ထ,ထ၊ ဘာတွေဖြစ်နေလဲ ထွက်ကြည့်ရအောင်။”
ဖေဖေရှောင်သည်လည်း ကျယ်လောင်လှသည့် ဆဲဆိုသံများကို ကြားသွားကာ ဒေါသထွက်သွားတော့သည်။ “ဘယ်အရူးတွေက ညလယ်ခေါင်ကြီး လူတွေကို လိုက်ဆဲနေတာလဲ။” သူတို့ ခြံထဲသို့ ဆင်းသွားကာ ခြံတံခါးကို ဖွင့်တော့မည့်အချိန်မှာပဲ မေမေရှောင်က သူမခင်ပွန်းကို ပြန်ဆွဲထားလိုက်လေသည်။ “နေပါဦး။”
“ဘာဖြစ်ပြန်ပြီလဲ။” ဖေဖေရှောင်က စိတ်ရှုပ်ရှုပ်နှင့်မေးလိုက်သည်။
ချန်ချိုးယင်းက မျက်မှောင်ကြုတ်လိုက်ကာ၊ “ဒီအသံက လန်အာယင်းရဲ့အသံနဲ့တူသလိုပဲ။”
“ဘာ။” ဖေဖေရှောင် စိတ်ရှုပ်ထွေးသွားရသည်။ “လန်အာယင်းလား။ သွားကြည့်ရအောင်။” တကယ်ပဲ လန်အာယင်းသာဆိုရင်တော့ သူ့အနေနှင့် စကားလုံးများကို ရွေးချယ်သုံးရပေတော့မည်။ ဘာလို့ သူများသမီးကို ညကြီးမင်းကြီး လာဆဲနေရတာလဲ။
ဖေဖေရှောင်နှင့် မေမေရှောင်တို့ ခြံတံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ ရွာသားများက စုဝေးနေကြပြီဖြစ်သည်။ တစ်စုံတစ်ယောက်က လန်အာယင်းကို ဖျောင့်ဖျရန် ကြိုးစားနေခဲ့သည်။ “အစ်မအာယင်း၊ ဘာတွေလုပ်နေတာလဲ။ ဘာလို့ ညကြီးမင်းကြီး သူမအိမ်ရှေ့ကို လာအော်နေရတာလဲ။”
“တဟွာ၊ အာယင်းကိုတားဦးလေ။” တစ်ယောက်ကကျတော့ ချန်းတဟွာကို တိုက်တွန်းနေသည်။ “အခုဟာ ညလယ်ခေါင်ကြီးပဲရှိသေးတယ်။ မင်းတို့ အရင်ပြန်နားကြပါဦး။ ပြောစရာရှိရင် နောက်နေမှပြောကြတာပေါ့။”
“ဟုတ်တယ်၊ ချန်းတဟွာ၊ လန်အာယင်း။ နင်တို့ ငါတို့ကို အိပ်လို့မရအောင်လုပ်နေတာပဲ။ ပြောစရာရှိရင်လည်း မနက်ဖြန် မနက်ကျမှ ပြောလို့မရဘူးလား။”
“နင်တို့ အိပ်လို့ရတာ မရတာတွေ ဂရုမစိုက်ဘူး။” လန်အာယင်းက ခေါင်းမာမာနှင့်ပြောလိုက်ကာ ထိုလူများကိုပင် လက်ညှိုးထိုးကာ အော်ဟစ်တော့သည်။ “နင်တို့ထောင်ယွမ်ရွာကလူတွေ အကုန်ယုတ်မာတဲ့လူတွေချည်းပဲ။ လူယုတ်မာတွေ အရှက်ကိုမရှိကြဘူး။”
ရွာသားများမှာ အကြောင်းအရင်းမရှိ အော်ဟစ်ငေါက်ငမ်းခံလိုက်ရတာကြောင့် ဒေါသထွက်သွားကြတော့သည်။
“လန်အာယင်း၊ နင်ဘာဖြစ်နေတာလဲ။ ညကြီးမင်းကြီး အဓိပ္ပါယ်မရှိတာတွေ လာအော်နေတာက နင်လေ။ ဘယ်လိုလုပ်ပြီး ငါတို့က မကောင်းတဲ့လူတွေ ဖြစ်သွားတာလဲ။”
“လန်အာယင်း၊ ချန်းတဟွာ၊ မင်းတို့မအိပ်ချင်ပေမယ့် ငါတို့ကတော့ အိပ်ချင်တဲ့ကွ။ မင်းတို့ကသာ ငြိမ်းချမ်းနေတဲ့ရွာကို လာပြီး ဆူပူနေတာလေ။ ဘယ်သူကမှ ကျိုးကြောင်းမဆီလျော်တဲ့လူတွေလဲ။”
“ဟုတ်တယ်။ နင်တို့ရဲ့အာကျယ်အာကျယ်ပါးစပ်တွေကို နင်တို့ချန်းရွာကို ပြန်သယ်သွားကြ။”
ဖေဖေရှောင်နှင့် မေမေရှောင်တို့ ပေါ်လာချိန်မှာတော့ လန်အာယင်း၏ ပစ်မှတ်က သူတို့နှစ်ယောက်ဆီသို့ ချက်ချင်းရောက်သွားတော့သည်။ “ရှောင်ကျန်းယန်၊ ချန်ချိုးယင်း၊ နောက်ဆုံးတော့ ပေါ်လာကြပြီပေါ့။” သူမက သူတို့နောက်ကို လှမ်းကြည့်လိုက်သော်လည်း ရှောင်လင်းယွီကိုတော့ မတွေ့ပေ။ “ဟိုခွေးမ ရှောင်လင်းယွီရော ဘယ်မှာလဲ။”
“နင်ကမှ ခွေးမ!” မေမေရှောင်သည် အလွန်ဒေါသထွက်သွားကာ ချက်ချင်းပင် ပြန်ပြောပစ်လိုက်သည်။ “လန်အာယင်း၊ နင်ကမှ ခွေးမဟဲ့။ နင်က ဘာမလို့ ငါ့သမီးကို ဒီလိုပြောရတာလဲ။”
လန်အာယင်းက၊ “နင့်ရဲ့သမီးကောင်းလေးက ငါ့သားကိုဒုက္ခပေးဖို့ တခြားယောက်ျားတစ်ယောက်ကို ဖျားယောင်းခဲ့တယ်လေ။ ရှောင်လင်းယွီ၊ အခုချက်ချင်းထွက်ခဲ့စမ်း။” လန်အာယင်းက ထပ်အော်လိုက်သည်။ “နင် ငါ့သားကို ဒီလောက်ဆိုးဆိုးဝါးဝါးထိခိုက်အောင် လုပ်ပြီးမှတော့ ငါတို့ကို ရှင်းပြချက်ပေးရမှာပေါ့။”
“လန်အာယင်း၊ နင်လွန်လာပြီ။ နင့်သားဘာဖြစ်ဖြစ် ငါ့သမီးနဲ့ဘာဆိုင်လို့လဲ။”
ရုတ်တရက် လန်အာယင်းက တစ်နေရာကို ညွှန်ပြလိုက်ကာ၊ လူတိုင်းက လှည့်ကြည့်လိုက်ပြီးနောက် အံ့ဩသွားကြလေသည်။ ထိုနေရာတွင် လူတစ်ယောက်လှဲနေကာ ပါးလွှာသည့် ပန်းပွင့်စောင်တစ်ထည်ကို ခြုံထားလေသည်။ သို့သော်လည်း အရမ်းမှောင်နေတာကြောင့် ဘယ်သူဘယ်ဝါဖြစ်ကြောင်း မပြောနိုင်ပေ။
“အဲ့ဒါလူလား။”
“ဟုတ်မယ်ထင်တယ်။ ဒါပေမယ့် ဘယ်သူကြီးလဲ။ ဘာလို့ အဲ့လူကို ချန်းတဟွာနဲ့ လန်အာယင်းက ဒီကိုသယ်လာရတာလဲ။”
“ချန်းမိသားစုက သခင်မကြီးများလား။”
“ဘာလို့ ချန်းသခင်မကြီးကို ချန်းတဟွာနဲ့ လန်အာယင်းက သယ်လာမှာလဲ။ ပြီးတော့ ဒီလောက်ဆူညံပွက်လောရိုက်နေတာကို သူက လှုပ်တောင်မလှုပ်လာဘူး။ တစ်ခုခုတော့ မဟုတ်တော့သလိုပဲ။”
“အိုး အိုး။ ငါမှတ်မိပြီ။”
“ဘာလဲ၊ ဘာလဲ။”
“ငါ ချန်းမျိုးနွယ်ရွာက ပြန်လာတုန်းက ငါ့ဆွေမျိုးတွေဆီကနေ ကြားခဲ့တာ…” သူမက ခေါင်းကိုငုံ့ကာ အသံတိုးတိုးဖြင့် ဆက်ပြောခဲ့သည်။ “ချန်းမိသားစုရဲ့ကလေးက အကြောသေသွားပြီတဲ့။”
“အဲ့ဒါ ချန်းမိသားစုရဲ့ကလေးလား။ မဖြစ်နိုင်တာ။”
လူတိုင်း ထိတ်လန့်သွားကြတော့သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
လန်အာယင်းက၊ “ရှောင်လင်းယွီ၊ ငကြောက်မ၊ ဘာကိစ္စအိမ်ထဲမှာ ပုန်းနေတာလဲ။ နင်လုပ်ခဲ့တာကို ထွက်ပြီး မျက်နှာချင်းမဆိုင်ရဲတော့ဘူးလား။”
“လန်အာယင်း အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောနဲ့။ ငါ့ယွီအာက ဘာမှားတာလုပ်ခဲ့ဖူးလို့ နင့်ကို ပုန်းနေရမှာလဲ။” ချန်ချိုးယင်းကလည်း ငြိမ်ခံမနေပေ။ “နင် အရူးကွက်နင်းချင်ရင်လည်း နင့်အိမ်နင်ပြန်ပြီး လုပ်။ ဒီကိုမလာနဲ့၊ ငါတို့ငြိမ်းငြိမ်းချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်ရှိနေတာကို လာမနှောက်ယှက်နဲ့။”
လန်အာယင်းက ချန်ချိုးယင်းကို လက်ညှိုးငေါက်ငေါက်ထားကာ ပြန်လည်း ပြောဆိုလေသည်။ “ချန်ချိုးယင်း၊ ငါနင့်ကိုပြောလိုက်မယ်။ ငါ Zမြို့မှာ အားလုံးသိခဲ့ပြီးပြီ။ နင့်ရဲ့သမီးကောင်းလေးက ငါ့ယန်အာဒီလိုဖြစ်အောင်သွားအောင် ယောက်ျားတစ်ယောက်ကို အမိဖမ်းခဲ့လို့ပဲ။ ငါ့ယန်အာက သူတို့ကိစ္စကိုဖော်ထုတ်လိုက်တော့ ဖုံးကွယ်ဖို့အတွက် ငါ့ယန်အာကို တိုက်ခိုက်ကြတာ… အမလေး ငါ့ရဲ့သနားစရာယန်အာလေး… ရှောင်လင်းယွီနဲ့ သူ့ရဲ့အဲ့ဒီယောက်ျားက အရမ်းကိုမှ ရက်စက်တယ်။ သူတို့က ငါ့ယန်အာအကြောသေသွားအောင် လုပ်ခဲ့ကြတာ…”
ချန်းတဟွာနှင့် လန်အာယင်းတို့ Zမြို့တွင် အရာအားလုံးကို စုံစမ်းသိရှိနိုင်ခဲ့လိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော်လည်း ချန်းယန်၏ကိစ္စည် အထူးကိစ္စရပ်တစ်ခုဖြစ်သည်။ ကုမ္ပဏီကြီးတစ်ခု ရုတ်တရက်ကြီး ဝယ်ယူခံလိုက်ရတာက တကယ်ကို သတင်းကြီးပင်။ ထို့အပြင် ဟွေ့ချင်အုပ်စု၏ဥက္ကဌနှင့်သမီးသည် နှစ်ယောက်လုံး လူသတ်ရန်ကြိုးစားခဲ့ကြလေသည်။ သမီးဖြစ်သူဆိုလျှင် သူမ၏ခင်ပွန်းအသစ်ကို ဆိုးဆိုးရွားရွားဒဏ်ရာရစေခဲ့သေးသည်။ ဒါက တကယ်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည့် သတင်းတစ်ပုဒ်ပင်။ ထိုသို့ဖြင့် ချန်းတဟွာတို့ဇနီးမောင်နှံသည် ‘အမှန်တရား’ ကို သိရှိခဲ့ကြခြင်းဖြစ်သည်။
ချန်းယန်က ကုမ္ပဏီကြီးတစ်ခု၏ သူဌေးသမီးကို လက်ထပ်ခဲ့ကြောင်း သူတို့အတည်ပြုနိုင်ခဲ့သည်။ သို့သော်လည်း ထိုစုံတွဲက ဘာလို့ တိုက်ခိုက်ကြကြောင်းကိုတော့ ရှာမတွေ့ခဲ့ပေ။
အဆုံးမှာတော့ သူတို့သိချင်နေသည့် အကြောင်းအရာ ‘အသေးစိတ်’ ကို ဖြည့်ပေးခဲ့သူမှာ ချန်းယန်ပင်။ ထိုကိစ္စမှာ ချန်းယန် အကြောမသေခင်ကဖြစ်ပြီး ခွဲစိတ်ဖို့ စောင့်ဆိုင်းနေချိန်ဖြစ်သည်။
ဖြစ်စဉ်အစအဆုံးအတွက် ချန်းယန်၏ဗားရှင်းမှာ ဤအတိုင်းဖြစ်လေသည်။ ရှောင်လင်းယွီက သူနှင့်သူဇနီးအသစ်ကို အန္တရာယ်ပြုဖို့အတွက် ယောက်ျားတစ်ယောက်ကို ဆွဲသွင်းလာသည်ဟုပင်။
ရှောင်လင်းယွီသည် သူတို့တွဲနေစဉ်အတွင်း ချန်းယန်ကို သစ္စာဖောက်ခဲ့ကာ ချန်းယန်က ထိုကိစ္စကို သိသွားလေသည်။ သူက အလွန်ဒေါသထွက်ပြီး အလွန်နာကျင်ခဲ့ရသည်။ ရှောင်လင်းယွီကို သူ့ဆီပြန်လာဖို့ တောင်းပန်ခဲ့သော်လည်း ရှောင်လင်းယွီက ငြင်းဆန်ခဲ့လေသည်။
ထိုသို့ဖြင့် သူစိတ်ဓာတ်ကျနေတုန်း သူ့သူဌေးသမီး၏ စိုးရိမ်ကာ နှစ်သိမ့်ပေးမှုများက သူ့ရင်ကိုလှုပ်ရှားသွားစေခဲ့လေသည်။ ထို့ကြောင့် သူမနှင့်တွဲဖို့သဘောတူခဲ့ကာ လက်ထပ်ခဲ့ကြခြင်းပင်။
သို့သော်လည်း ချန်းယန်၏လက်ထပ်ပွဲသတင်းထွက်လာသည်နှင့် ရှောင်လင်းယွီသည် ရူးသွပ်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ခြင်းပင်။ လက်စားပြန်ချေရန်အတွက် ရှောင်လင်းယွီသည် သူမလူကို သူ့ယောက္ခထီး၏ကုမ္ပဏီအား ဝယ်ယူစေခဲ့သည်။
ထိုလူသည် အင်အားရော လွှမ်းမိုးနိုင်စွမ်းပါရှိကာ Zမြို့ရှိ အရာရာတိုင်းကို ထိန်းချုပ်နိုင်လေသည်။ သိပ်မကြာခင်မှာပဲ သူ့ယောက္ခထီး၏ကုမ္ပဏီက ဝယ်ယူခြင်းခံလိုက်ရကာ ထိုလူ၏အမိန့်ကြောင့်ပင်ဖြစ်သည်။
သူ့ယောက္ခထီး၏ကုမ္ပဏီကို ကယ်တင်နိုင်ရေးအတွက် ချန်းယန်သည် ရှောင်လင်းယွီကို သနားညှာတာပေးရန် တောင်းပန်ခဲ့သည်။ သို့သော်လည်း သူ့ဇနီးက ထိုအကြောင်းကိုသိသွားကာ အထင်လွဲသွားခဲ့လေသည်။ နောက်ဆုံး တခနတာဒေါသတရားကြောင့် သူမက သူ့ကို ဓားနှင့်ထိုးခဲ့တော့သည်။
ချန်းတဟွာတို့ဇနီးမောင်နှံသည် တကယ်တမ်း ဘာမှမသိထားဘဲ သူ့သားလိမ်သမျှကိုသာ သိထားခြင်းဖြစ်ပေသည်။ ထို ‘အမှန်တရား’ ကို သူတို့ကြားလိုက်သည်နှင့် ဒေါသများ တောက်လောင်လာတော့သည်။ သူတို့က ချက်ချင်းပင် ရွာပြန်ကာ ရှောင်လင်းယွီကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်ချင်သည်အထိပင်။
သို့သော်လည်း ချန်းယန်က အရင်ဆုံး သူ့ကုသမှုကို အာရုံစိုက်ဖို့ လိုအပ်ကြောင်း ပြောလာခဲ့သည်။ နောက်မှ သူကိုယ်တိုင် ရှောင်လင်းယွီနှင့် ထိပ်တိုက်ရှင်းမည်ဟူ၍ပင်။ သူ့မိသားစုက သူ့အသက်ကိုကယ်တင်ရန်အတွက် ဆေးရုံစရိတ်ကို သူမိဘများ မပေးဘဲနေလိမ့်မည်ကိုတော့ ချန်းယန် မတွက်ထားခဲ့ပေ။ သူ့ခွဲစိတ်မှုမှာ ချောချောမွေ့မွေးရှိခဲ့သော်လည်း ခွဲစိတ်ပြီးနောက်ပိုင်း လိုအပ်သည့်ကုသမှုကို မရရှိခဲ့တာကြောင့် ညတွင်းချင်း အကြောသေသွားခဲ့လေသည်။ ဒီလိုဖြစ်ရခြင်းက ဆေးရုံခရှင်းဖို့ ငြင်းဆန်ခဲ့သည့် သူ့မိသားစု၏အမှားပင်ဖြစ်သည်။
ထို့နောက်မှာတော့ ချန်းတဟွာ ဖုန်းလက်ခံမရခင်အထိ သူ့မိဘများသည် ဆေးရုံတွင် ကပ်တွယ်ကာ ပြဿနာပတ်ရှာနေခဲ့လေသည်။
လန်အာယင်းက အမုန်းတရားအပြည့်ဖြင့် ပြောလာခဲ့သည်။ “ချန်ချိုးယင်း၊ နင့်သမီးက တော်တော် ရက်စက်ယုတ်မာတဲ့မိန်းမပဲ။ သူ့ကြောင့် ငါ့သားထိခိုက်ရတာ။ သူက အိမ်ပြန်ရောက်တာနဲ့ ငါ့သား ယန်အာကိုတောင် နာမည်ဖျက်လိုက်သေးတယ်။ ဘယ်လောက်မုန်းဖို့ကောင်းတဲ့မိန်းမလဲ။ ရှောင်လင်းယွီ အခုချက်ချင်းထွက်ခဲ့စမ်း။ နင် ဖြေရှင်းချက်မပေးမချင်း ငါတို့မသွားဘူး။”
လူများသည် အားနည်းသည့်ဘက်ကို သနားညှာတာတတ်သူများဖြစ်လေသည်။ ထို့အပြင် လူတော်တော်များများသည် တကယ့်အမှန်တရားကို မသိကြပေ။
ချန်းယန် အကြောသေရတာက ရှောင်လင်းယွီကြောင့် လန်အာယင်းပြောသည်ကိုကြားသည်နှင့် သဘာဝကျကျပင် သူတို့သည် ချန်းယန်အပေါ် သနားသွားကြလေသည်။
“အစ်မအာယင်း၊ ရှင်ပြောတာ အမှန်တွေပဲလား။ ရှင့်သားက ရှောင်လင်းယွီကြောင့် အကြောသေသွားရတာလား။”
“သေချာပေါက်ပေါ့။” လန်အာယင်းက ထပ်မံအတည်ပြုပေးလိုက်သည်။ “ရှောင်လင်းယွီ၊ အဲ့ခွေးမနဲ့သူ့လူက ငါ့သားကို ဒုက္ခရောက်စေခဲ့တာ။”
လူများမှာ အံ့ဩထိတ်လန့်သွားကြတော့သည်။
“ဆိုးရွားလိုက်တာ။ ချန်းယန်လို လူငယ်လူတော်လေးက အခုတော့ အကြောသေသွားရရှာပြီ။ သူ့အနာဂါတ်ဘယ်လိုဖြစ်သွားမလဲ။”
“ဟုတ်ပါ့၊ ချန်းယန် သနားပါတယ်။”
လူများသည် ရှောင်လင်းယွီ နာမည်ကိုတော့ ထည့်မပြောလာကြသော်လည်း သူမကို မကောင်းပြောနေတာ သိသာလှသည်။
မေမေရှောင်သည်တော့ ဒေါသထွက်လွန်း၍ သတိလစ်တော့မလိုပင်။ ထို့နောက် မေမေရှောင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ “လန်အာယင်း၊ မဟုတ်တာတွေ လျှောက်မပြောနေနဲ့။ ချန်းယန်က သူ့လုပ်ရပ်ကြောင့် သူပြန်ခံရတာ။ ငါ့ယွီအာနဲ့ ဘာမှမဆိုင်ဘူး။”
လန်အာယင်းကလည်း ဒေါသတကြီး ပြန်အော်လေသည်။ “ချန်ချိုးယင်း၊ နင် ရှောင်လင်းယွီကိုသာ အခုထွက်လာခဲ့ခိုင်းလိုက်စမ်းပါ။ အဲ့ကျ ငါမဟုတ်တာလျှောက်ပြောနေလားဆိုတာ သိရတာပေါ့။ သူ ဟိုလူနဲ့ပေါင်းပြီး ငါ့ယန်အာရဲ့ကုမ္ပဏီကို ဖျက်ဆီးခဲ့တာလားဆိုတာ ငါမေးကြည့်စမ်းမယ်။”
သူတို့ အမှန်တရားအပြည့်အစုံကို မသိသော်လည်း ရှောင်လင်းယွီက ယောက်ျားတစ်ယောက်ကို ခေါ်လာကာ သူ့ယောက္ခမ၏ကုမ္ပဏီကို ရှုပ်ထွေးစေခဲ့သည်ဟုတော့ ချန်းယန်က ပြောထားလေသည်။ ဆရာဝန်များနှင့် သူနာပြုများကလည်း ထိုဇာတ်ကြောင်း၏တစိတ်တပိုင်းကို အတည်ပြုပေးခဲ့ကြသည်။
“လန်အာယင်း၊ ကိုယ့်အတွေးနဲ့ကိုယ် အမှန်တရားဆိုပြီးပြောနေတာ ရပ်တမ်းကရပ်လိုက်။ ချန်းယန်ရဲ့ကုမ္ပဏီပျက်စီးတာ ငါ့ယွီအာနဲ့ ဘာမှမဆိုင်ဘူး။”
“ဒီလိုဆိုမှတော့ သူ့ကို ငါတို့နဲ့မျက်နှာချင်းဆိုင် ဖြေရှင်းရအောင် ဘာလို့ မခေါ်ထုတ်တာလဲ။”
ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က ပြဿနာထဲ ဆီလောင်းထည့်လိုသည့်လေသံဖြင့် ချက်ချင်းဝင်ပြောလာလေသည်။ “ရှောင်လင်းယွီက ယောက်ျားတစ်အုပ်လိုက်ကြီးနဲ့ ခရိုင်မြို့ပေါ်ကို တက်သွားတယ်လေ။”
“ဘာ?” စူးရှကျယ်လောင်သည့်အသံတစ်သံက ညကောင်းကင်ယံကို ထိုးဖောက်သွားတော့သည်။
***