မေမေရှောင်၏ကြေညာချက်
Vol. 8 Ch. 150
ရှောင်လင်းယွီ ရှင်းအန်းမြို့သို့ဖြတ်သွားစဉ် ထောင်ယွမ်ရွာနှင့် ရှင်းအန်းမြို့သို့ဆက်သည့်လမ်းတွင် လူတစ်စုအလုပ်လုပ်နေကြသည်ကို တွေ့လိုက်ရလေသည်။
မေမေရှောင်က သူ့တို့ကိုကြည့်ကာ ပြုံးလိုက်လေသည်။ “အဲ့လူငယ်လေးကုန်းထျန်းဟောက်က တကယ်ကိုမဆိုးဘူးပဲ။ ငါတို့အတွက် လမ်းပြင်ပေးမယ်လို့ပြောခဲ့ပေမယ့် ဒီလောက်မြန်မြန်ဆန်ဆန် စလုပ်လိမ့်မယ်လို့တော့ မထင်ထားဘူး။”
ဖေဖေရှောင်က၊ “တကယ်ကို ကုသိုလ်လုပ်နေတာပဲ။ လမ်းဆိုတာ စီးပွားရေးကောင်းဖို့အတွက် အရေးအကြီးဆုံးအရာပဲ။ ဒီတော့ ထောင်ယွမ်ရွာလည်း ပိုပြီးကောင်းမွန်လာတော့မယ့်သဘောပေါ့။ နောက်ဆို ငါတို့သွားရေးလာရေး ပိုပြီးလွယ်ကူလာတော့မယ်။ ဒီလမ်းသာပြင်ပြီးသွားရင် အသီးအရွက်နဲ့အသီးအနှံ့တွေ ပိုကောင်းနိုင်တော့မယ်၊ လယ်ထဲမှာ ပုပ်ပြီးကျန်ခဲ့တော့မှာမဟုတ်ဘူး။”
မေမေရှောင်က ပြုံးလိုက်သည်။ “အဟုတ်ပဲ။ ဘာပဲဖြစ်ဖြစ် ထောင်ယွမ်ရွာက မက်မွန်ပင်တွေကြောင့် ဒီနာမည်ဖြစ်လာတာလေ။ ရွာသားတော်တော်များများက မက်မွန်သီးစိုက်ကြတယ်၊ ကြွပ်ရွပြီးချိုမွှေးနေတာပဲ။”
“ဒါပေမယ့် သွားလာရေးအဆင်မပြေတာကြောင့် ကိုယ်ပိုင်ကားနဲ့မြို့ကို ပို့နိုင်တဲ့ မိသားစု တစ်စုနှစ်စုကလွဲရင် တခြားလူတွေက ရွာအနီးဝန်းကျင်ကိုပဲ လှည့်ရောင်းနိုင်တယ်။ ရွာသားတော်တော်များများကလည်း ကိုယ်ပိုင်မက်မွန်သီးပင်တွေရှိကြတာဆိုတော့ ရောင်းအားက ဘယ်ကောင်းပါတော့မလဲ။” မက်မွန်သီးရောင်းသူများသည် သွားလာရေးအတွက် ဆီဈေးကိုပါ ထည့်တွက်ကြရတာကြောင့် အမြတ်သိပ်မကျန်ကြပေ။ ဘယ်သူကများ ငွေအရှုံးခံပြီး စီးပွားရေးလုပ်ချင်ပါ့မလဲ။ ဒါပေမယ့် အခုတော့ လမ်းကပြင်နေပြီဖြစ်တာကြောင့် နောက်ဆိုရင် သူတို့အတွက် စီးပွားရေးအခွင့်အလမ်းတွေ ပိုများလာပေတော့မည်။
ရှောင်လင်းယွီသည် သူမမိဘများကို အိမ်ပြန်ပို့ချိန် ရွာသားတော်တော်များများ၏မျက်နှာထက်၌ အပြုံးပန်းများဆင်မြန်းထားကြသည်ကို မြင်တွေ့ခဲ့ရပေသည်။
“ရွာသူကြီး၊ ချန်းပမ်း၊ ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ။” လမ်းတွင် ရွာသူကြီးနှင့် ရှောင်ချမ်းပမ်းတို့နှင့် ဆုံတာကြောင့် မေးလိုက်ခြင်းပင်။
ရွာသူကြီးက ပြုံးပြကာ၊ “ဆောက်လုပ်ရေးအဖွဲ့ရောက်လာလို့လေ။ ငါတို့ ကူညီနိုင်တာများရှိမလား သွားကြည့်မလို့။ ပြီးတော့ သူတို့အတွက် လက်ဖက်ရည်ကြမ်းနဲ့ မုန့်လေးဘာလေးလည်း သွားပို့မှာလေ။”
“ကျန်းယန်၊ ချိုးယင်း ပြန်လာကြပြီပေါ့။” ရွာသူကြီးက ပြန်မေးလိုက်သည်။ “မင်းတို့ နေကောင်းသွားကြပြီလား။”
ဖေဖေရှောင်က ပြုံးလိုက်ကာ၊ “ကောင်းသွားပြီ၊ အနားယူထားတာဆိုတော့ အခုချက်ချင်း အလုပ်တောင် ပြန်လုပ်နိုင်ပြီ။”
ရှောင်လင်းယွီက ချက်ချင်းပင် ဝင်ပြောလာခဲ့သည်။ “အဖေ၊ ဆရာဝန်က အဖေ့ကို နှစ်ဝက်လောက်အနည်းဆုံး အနားယူဖို့ ပြောထားတယ်နော်။ အမေ၊ နောက်ဆို အဖေ့ကို အမေစောင့်ကြည့်ထားမှဖြစ်မယ်။ ပင်ပန်းတဲ့အလုပ်တွေ မလုပ်ခိုင်းနဲ့တော့။” အလုပ်ကြိုးစားတတ်သည့်လူများသည် ဒီအတိုင်းထိုင်မနေတတ်ကြတာကြောင့် ဖေဖေရှောင်သည်လည်း ချွင်းချက်မဟုတ်ပေ။ ဒီလိုမျိုး ဖေဖေရှောင်၏လုံ့လဝီရိယရှိမှုကြောင့်လည်း သူတို့မိသားစု၏ဘဝပိုကောင်းလာခြင်း ဖြစ်ပေသည်။
“ဟုတ်ပါပြီ။ အမေ သူ့ကို သေချာအနီးကပ်စောင့်ကြည့်ထားပါ့မယ်။”
ရှောင်ချမ်းပမ်းက ရယ်လိုက်ကာ၊ “ကျန်းယန်၊ မင်းဇနီးနဲ့သမီးစကားကို နားထောင်ရမယ်နော်။ ကောင်းကောင်းအနားယူလိုက်။ မင်းကို ပြန်ခွင့်ပြုတော့မှ အလုပ်ပြန်လုပ်တော့။”
“ဟုတ်တယ် ဟုတ်တယ်။ ကျန်းယန်၊ ချိုးယင်း၊ မင်းတို့ ကောင်းကောင်း အနားယူလိုက်ကြဦး။ ချိုးယင်းလည်း ဒဏ်ရာတွေက များတယ်လေ။ မင်းတို့ အိမ်မြန်မြန်ပြန်သင့်တယ်။ ချန်းပမ်းနဲ့ငါကတော့ ဆောက်လုပ်ရေးအဖွဲ့ဆီ ဒါလေးတွေ သွားပို့လိုက်ဦးမယ်။”
ရှောင်လင်းယွီနှင့် သူမမိဘတို့ အိမ်ပြန်ရောက်ချိန်တွင် နေ့လည်စာစားချိန်တောင် ရောက်သွားပြီဖြစ်သည်။ သူတို့ခြံထဲဝင်ခါနီးမှာပဲ လျိုချွမ်းဟွာက ကျောက်မီးသွေးဖိုတစ်အိုးနှင့် အပြေးရောက်လာကာ အော်လိုက်လေသည်။ “နေဦး၊ ဒုတိယအစ်ကိုနဲ့ယောင်းမ။ ခနနေကြဦး။ ကံအညံ့တွေကို မောင်းထုတ်ဖို့ ဒီကျောက်မီးသွေးဖိုကို ကျော်မှဖြစ်မယ်။” ဒါကတော့ ကျေးလက်ဒေသဘက်မှ ရိုးရာတစ်ခုဖြစ်သည်။ ကျောက်မီးသွေးဖိုကို ကျော်ပြီးမှ အိမ်ထဲဝင်မည်ဆိုလျှင် ကံအညံ့များကို အပြင်တွင် ချန်ထားရစ်ခဲ့နိုင်သည်ဟု ယုံကြည်ကြလေသည်။
သုံးယောက်သား ကျောက်မီးသွေးဖိုကို ကျော်ပြီးမှ ခြံထဲသို့ ဝင်လာခဲ့ကြသည်။
လျိုချွမ်းဟွာက စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလာလေသည်။ “ဒုတိယအစ်ကို၊ ယောင်းမ၊ ရှင်တို့ ပြန်လာကြပြီပေါ့။ ဘေးကင်းကင်းနဲ့ပြန်လာနိုင်တာ အရမ်းကောင်းတယ်။ ကျွန်မ နေ့လည်စာပြင်ထားပြီးပြီ။ အရင်စားလိုက်ကြရအောင်။”
“အဖေ၊ စပ်တာတွေစားလို့ မရသေးဘူးလေ။ အရသာပေါ့တာတွေပဲ စားရဦးမယ်။” ဖေဖေရှောင်က ကြက်အစပ်ခွက်ကို လှမ်းနေတာကိုမြင်သည်နှင့် ရှောင်လင်းယွီ အမြန်တားလိုက်လေသည်။ ဖေဖေရှောင်သည် အစပ်ဟင်းလျာများမှလွဲ၍ တခြားဘာကိုမှ မကြိုက်ပေ။ အစပ်မပါရင် အသက်မရှင်နိုင်လောက်သည်အထိပင်။
သူဆေးရုံတက်နေရတုန်းကလည်း သူ့ကို အစပ်စားခွင့်မပြုခဲ့ပေ။ အခု အိမ်ပြန်ရောက်ပြီဆိုတော့ အစပ်စားလို့ရပြီဟုထင်ခဲ့သော်လည်း သူ့သမီးက တားလာပြန်သည်။
ဖေဖေရှောင်က ခခယယဖြင့်၊ “ယွီအာရယ်၊ အဖေတစ်လုပ်ပဲစားမှာပါ။ တစ်လုပ်ပဲလေ။ အစပ်မစားရတာ အရမ်းကြာနေပြီ။ နည်းနည်းလေးပဲ စားမှာပါ။”
“မရဘူး၊ အဖေပြန်ကောင်းတဲ့အချိန်ကျ စားချင်တာစားလို့ရမယ်။ အခုတော့ လုံးဝပဲ။”
ရှောင်လင်းယွီ၏အဖေသည် ချက်ချင်းပင် စူပုတ်သွားတော့သည်။ “အာ့ဆိုလည်း တစ်ဝက်လေးပဲစားပါ့မယ်၊ မဟုတ်ဘူး၊ လေးပုံတစ်ပုံလေးပဲ။ ဒီအတိုင်း အာသာပြေအောင် နည်းနည်းလောက်လေးပဲ စားခွင့်ပေးပါ။”
“မရဘူး။” ရှောင်လင်းယွီ အခိုင်အမာပင် ငြင်းဆန်လိုက်သည်။ “အဖေ၊ ဒါလေးပဲစားလိုက်ပါ၊ ဒါက အဖေပြန်သက်သာလာဖို့အတွက် ပိုသင့်တော်တယ်။” ရှောင်လင်းယွီသည် ဝက်အသည်းနှင့်ကြက်သွန်မြိတ်ကြော်ပန်းကန်ကို တိုးပေးလိုက်သည်။
“ယောက်ျား၊ ဝက်အသည်းက သွေးအားကောင်းတယ်လေ။ ရှင်က သွေးတွေအများကြီးဆုံးရှုံးထားတာဆိုတော့ များများစားသင့်တယ်။” မေမေရှောင်ကလည်း ပြုံးလိုက်ကာ သူမခင်ပွန်၏ပန်းကန်ထဲသို့ ဝက်အသည်းတစ်ဖက်ကို ထည့်ပေးလိုက်သည်။
ဖေဖေရှောက်တစ်ယောက် အစပ်မပါသည့် ဝက်အသည်းဟင်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့ပန်းကန်ထဲက အသည်းများကို မေမေရှောင်၏ပန်းကန်ထဲသို့ ပြောင်းထည့်ပေးလိုက်ကာ၊ “မိန်းမ မင်းလည်းသွေးတွေအများကြီး ဆုံးရှုံးထားတာပဲလေ။”
မေမေရှောင်၊ “….”
ရှောင်လင်းယွီ၊ “….”
ဖေဖေရှောင် အစပ်မစားရသည်ကလွဲပြီး နေ့လည်စာက အတော်လေး အရသာရှိလှသည်။
ညစာစားချိန်မှာတော့ ရှောင်ကျန်းယန်တို့မိသားစုနှင့် ရင်းနှီးသည့် ရွာသားများ ရောက်လာကြသည်။ သေချာပေါက် လက်ဗလာနှင့်လာကြခြင်းတော့မဟုတ်ပေ။ တချို့က ကြက်ဥများယူလာကာ၊ တချို့က ကြက်မအိုကြီးယူလာပြီး တချို့ကတော့ သကြားဖြူနှင့် အသီးအနှံ့များယူလာကြသည်။
“ကျန်းယန်၊ ချိုးယင်း၊ မင်းတို့ဒဏ်ရာရထားမှန်း သိပေမယ့် ခွဲစိတ်ရတဲ့အထိဖြစ်သွားတာတော့ ငါတို့မသိလိုက်ဘူး။ ငါတို့ ဒီသတင်းကြားတာနဲ့ အရမ်းစိုးရိမ်သွားကြတာ။” ကျိုးယန်က ပြောလာလေသည်။ “မင်းတို့ ဘေးကင်းကင်းပြန်လာနိုင်တာ တကယ်ကောင်းတယ်။” ကျေးလက်ဒေသဘက်တွင်တော့ လူတစ်ယောက် ခွဲစိတ်မှုခံယူရသည်နှင့် အရမ်းကိုဆိုးဆိုးရွားရွားအန္တရာယ်ရှိသည်ဟု မှတ်ယူကြလေသည်။
ရှောင်ထိုက်ယန်က၊ “ရွာသားအများစုက မင်းတို့အတွက် စိုးရိမ်နေခဲ့ကြတာ။ ကံကောင်းလို့ မင်းတို့အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်တာပြ။”
ရှောင်ကျန်းယန်သည် အားလုံးကို အလွန်ကျေးဇူးတင်သွားသည်။ “အခုလို စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒဏ်ရာအကြောင်းပြောမှပဲ၊ မင်းတို့အားလုံး ငါတို့ကို ကူညီပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရဦးမယ်။ မဟုတ်ရင် ငါအဲ့ညက တကယ်ကိုသေတောင် သေသွားနိုင်တယ်။”
မေမေရှောင်ကလည်း ဝင်ပြောလာလေသည်။ “ကျွန်မလည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ရှင်တို့သာ အဲ့လူတွေကို ဝင်မတားပေးကြရင်၊ ဘာတွေဖြစ်ကုန်မလည်း ကျွန်မတွေးတောင် မတွေးရဲဘူး။”
ရှောင်လင်းယွီက မတ်တပ်ထရပ်လာကာ ရှိနေသည့် ဦးလေးဒေါ်လေးများအားလုံးထံသို့ ဦးညွှတ်လိုက်သည်။ “ဦးလေးတို့၊ ဒေါ်လေးတို့၊ အခုလိုကူညီပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် အကျိုးဆက်တွေက တကယ်ကို မတွေးရဲစရာပဲ။ အဖေသာတစ်ခုခုဖြစ်သွားရင် ကျွန်မလည်း ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး။”
“လင်းယွီကတော့ အရမ်းယဉ်ကျေးနေပြန်ပါပြီ။” ကျိုးယန်က ကြင်ကြင်နာနာဖြင့် ပြောလိုက်သည်။ “မင်းအဖေအရိုက်ခံနေရတာကို ငါတို့က ဒီအတိုင်းရပ်ကြည့်နေမယ်များ ထင်လို့လား။ ငါတို့က တစ်ရွာတည်းသားချင်းတွေလေ၊ ဒီတော့ ငါတို့အချင်းချင်း ကူညီတာ ဖြစ်သင့်တာပဲ။”
“ဟုတ်တယ်။ လင်းယွီ။” တခြားလူများကလည်း ထောက်ခံလာကြသည်။ “အိမ်နီးချင်းတွေဆိုမှတော့ မင်းမိဘတွေ ဒီလိုစော်ကားခံနေရတာကို ဒီအတိုင်းရပ်ကြည့်မနေနိုင်ဘူးလေ။”
ရှောင်လင်းယွီ ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ “ဘာပဲဖြစ်ဖြစ် အားလုံးရဲ့ကြင်နာမှုကို လင်းယွီ အမြဲအမှတ်ရနေမှာပါ။ အနာဂါတ်မှာ ကျွန်မအကူအညီလိုလာရင် အချိန်မရွေးပြောလို့ရပါတယ်။”
“လင်းယွီက အရမ်းကြင်နာတတ်တာပဲ။” ထိုစကားကိုကြားချိန် လူတော်တော်များများ ဝမ်းသာသွားကြလေသည်။ သူတို့အတွက်တော့ ရှောင်လင်းယွီသည် ယဉ်ကျေးသိမ်မွေ့ပြီး ဗဟုသုတကြွယ်ကာ အပေါင်းအသင်းများသူဖြစ်သည်။ ဒါကြောင့် အနာဂါတ်တွင် သူမအကူအညီလိုလာနိုင်ချေက အလွန်မြင့်လေသည်။
ထို့နောက် ရှောင်လင်းယွီက မေးလိုက်လေသည်။ “ရွာသူကြီး၊ ဒီရန်ပွဲမှာ ဘယ်သူတွေ ဒဏ်ရာရသွားသေးလဲ။”
ရွာသူကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ “လင်းယွီ၊ ဘာလို့ သိချင်တာလဲ။”
ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “သူတို့ ကူညီပေးတဲ့အတွက် ကျေးဇူးအရမ်းတင်လို့ပါ။ ဒဏ်ရာရသွားတဲ့ရွာသားတွေအတွက် ဆေးဖိုးလျော်ကြေးပေးချင်လို့လေ။ မနက်ဖြန် သူတို့ဆီ လူကိုယ်တိုင်သွားတွေ့ပြီးလည်း ကျေးဇူးတင်မှာပါ။”
ရွာသူကြီးက ဝမ်းသာအားရဖြင့် ပြန်ပြောလာခဲ့သည်။ “လင်းယွီကတော့ တကယ်ကို စိတ်နှလုံးကောင်းရှိတာပဲ။ မနက်ဖြန် ငါလိုက်မေးကြည့်ပြီး စာရင်းလာပေးမယ်။”
အုပ်စုလိုက်ရန်ပွဲတွင် ဒဏ်ရာရသူများရှိလေသည်။ ရှောင်လင်းယွီပြောသလိုပဲ သူတို့ကူညီပေးခဲ့တဲ့အတွက် သူမအလွန်ကျေးဇူးတင်လေသည်။ သူတို့ကို ကိုယ်တိုင်ကျေးဇူးတင်ရမည်။ သူမမိဘတွေကိုကယ်တင်ရင်း ဒဏ်ရာရခဲ့သူတွေအတွက်ကိုတော့ သူတို့ဆေးဖိုးတွေအတွက် သူမပြန်ပေးသင့်ပေသည်။ သူမ တတ်နိုင်သလောက် ပြန်လုပ်ပေးတာပေါ့။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဒါဆိုလည်း ရွာသူကြီးကိုပဲ ထပ်ပြီး ဒုက္ခပေးရဦးမယ်။” တကယ်တမ်းပြောရရင် ဒါက သူမတို့မိသားစုကိစ္စဖြစ်သော်လည်း ထိုမိသားစုတွေတစ်ယောက်ချင်းစီထံ သွားနေဖို့ သူမတွင် အချိန်မရှိပေ။
“ဒါ ဘာမှမဟုတ်ပါဘူး။”
ထိုအချိန်မှာပဲ မေမေရှောင်က၊ “ရွာသူကြီး၊ ဒီတစ်ခေါက်ဖြစ်သွားတဲ့ကိစ္စက တော်တော်ကြီးတယ်။ ရွာသားတွေကို ကျွန်မတကယ်ပဲ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့မိသားစု နောက်ဆုံးတော့ လုံခြုံသွားပြီဆိုပေမယ့်…” သူမက ခဏရပ်လိုက်ကာ အမူအရာက အေးစက်ခက်ထန်သည့်ဘက်သို့ ပြောင်းသွားလေသည်။ “မီးထဲလောင်စာဝင်ထည့်တဲ့ ရွာသားတွေကိုလည်း ကျွန်မမှတ်မိနေသေးတယ်။ ဒီနေ့ည ရွာသူကြီးရော ရွာသားတော်တော်များများပါ ရှိနေမှတော့ ကျွန်မ ကိစ္စတွေကို တခါတည်း ရှင်းရှင်းလင်းလင်းလုပ်လိုက်ချင်တယ်။ အနာဂါတ်မှာ အဲ့ဒီမိသားစုအနည်းငယ်ကို ရှောင်ကွမ်းဆီက သဘာဝမြေဩဇာ လာယူခွင့် လုံးဝမပေးတော့ဘူး။ သူတို့တွေ ကျွန်မတို့မိသားစုဆီကနေပြီး နောက်ထပ် ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။”
မေမေရှောင်သည် ရှိနေသည့်လူများကတဆင့် သူမ၏သတင်းစကားကို ဖြန့်ဝေလိုစေခြင်းပင်။
“အဲ့ဒါ ဘယ်မိသားစုတွေလည်း ကျွန်မအသေအချာသိတယ်။ သူတို့ ကိုယ့်နေရာကိုယ်သိပြီး အရှက်မရှိ ကျွန်မတို့မိသားစုကို အခွင့်ကောင်းလာမယူတော့ဖို့ မျှော်လင့်တယ်။ အသေးအဖွဲပြဿနာလေးတွေအတွက် ကျွန်မစိတ်ရှုပ်မခံချင်ဘူးဆိုပေမယ့် ဒီတစ်ခေါက်ကတော့ သူတို့အရမ်းလွန်သွားပြီ။ သူတို့က ကျွန်မယွီအာရဲ့ဂုဏ်သတင်းကို ထိခိုက်စေတယ်။ ကျွန်မ ဒါကိုတော့ လုံးဝသည်းခံနေမှာမဟုတ်ဘူး။ သူတို့က ကျွန်မမိသားစုဆီကနေ အကျိုးအမြတ်ယူနေပေမယ့် ကျွန်မမိသားစုကိုလည်း အသရေဖျက်ချင်သေးတယ်ပေါ့။ ကျွန်မတို့ကို အရူးတွေလို့များ တွေးနေကြတာလား။”
ထိုအချိန်ကသာ ရှောင်လင်းယွီထံသို့ တခြားအမျိုးသားများ လာရောက်လည်ပတ်သည့်အကြောင်းကို ထိုလူတွေ မပြောခဲ့ပါက ချန်းတဟွာနှင့်လန်အာယင်းတို့အတွက် ပြောစရာဒီလောက် အများကြီး ရသွားခဲ့မည်မဟုတ်ပေ။
ဒီဆိုးဝါးတဲ့လူတွေက ရှောင်လင်းယွီကို အရှက်မရှိတဲ့မိန်းမပျက်တစ်ယောက်ဖြစ်အောင် ပြောဆိုနေကြခြင်းပင်။ ဒါတော့ အရမ်းလွန်သွားပြီ။
မေမေရှောင်သည် ထိုလူများနှင့် အငြင်းမပွားချင်ပေ။ စကားများနေလည်း အဓိပ္ပါယ်မှမရှိဘဲ။ ရှောင်မိသားစုသည် ထောင်ယွမ်ရွာတွင် အချမ်းသာဆုံးမိသားစုဖြစ်သည်။ သူတို့သည် မြေတွေလည်း ငှားသလို ကားတစ်စီးလည်း ဝယ်ထားပြီဖြစ်သည်။ တခြားရွာသားများကသာ သူတို့ဆီက မျက်နှာသာရဖို့ ကြိုးစားနေရမည်ပင်။
“ဟုတ်တယ်။ ဒီလူတွေ အရမ်းလွန်သွားကြပြီ။” ကျိုးယန်က ချက်ချင်းပြောလိုက်သည်။ “ချိုးယင်း၊ သူတို့ရှက်တတ်သ၍ ဒီကို ထပ်လာရဲတော့မှာမဟုတ်ဘူး။”
ထိုညက ရွာသားတော်တော်များများရှိနေခဲ့ခြင်းဖြစ်တာကြောင့် ထိုသွေးထိုးလှုံ့ဆောင်ခဲ့သည့်မိသားစုတွေက ဘယ်သူဖြစ်ကြောင်း သူတို့သိကြလေသည်။
ရွာသူကြီးကလည်း ထောက်ခံလာခဲ့သည်။ “အဟုတ်ပဲ။”
ရွာတိုင်းတွင် ထိုကဲ့သို့ မကောင်းသည့်မျိုးစေ့အနည်းငယ်က အမြဲလိုလို ရှိနေတတ်ကြလေသည်။
***
စာစဉ် ၈ ပြီးပါပြီ။