← Chapters

ဆန်ကုန်မြေလေးကောင်၏သတင်း

Vol. 8 Ch. 140

ဆန်ကုန်မြေလေးကောင်၏သတင်း

Vol. 8 Ch. 140

မြေပဲနှင့်ပဲပိစပ်များ စိုက်ပျိုးပြီးသွားခဲ့ကာ အမူးသမားများလည်း ပြန်နိုးလာပြီး ဆက်လက်ကူညီရန်အတွက် လယ်ထဲသို့ ပြန်ဆင်းလာခဲ့ကြသည်။

နောက်ဆုံးလုပ်ဖို့ကျန်တာကတော့ ဟင်းသီးဟင်းရွက် ၆မူစာ စိုက်ပျိုးရန်ပင်ဖြစ်သည်။ ရှောင်လင်းယွီသည် ဟင်းသီးဟင်းရွက်ခင်းများအတွက်ကိုတော့ အပေါ်က ပလက်စတစ်တဲ မဆောက်ထားခဲ့ပေ။ ဟင်းသီးဟင်းရွက်ခင်းကို သူမ၏မိသားစုပိုင်မြေတွင်သာ စိုက်ပျိုးသွားမည်ဖြစ်တာကြောင့် တစ်နေရာတည်းတွင် ရှိမနေခဲ့ပေ။ ဟိုနားတစ်ကွက် ဒီနားတစ်ကွက်နှင့် ကြားထဲမှာလည်း တခြားမိသားစု၏လယ်များရောနေသေးတာကြောင့် တဲဆောက်ဖို့က မဖြစ်နိုင်ပေ။

ရှောင်လင်းယွီသည် ဟင်းသီးဟင်းရွက်များစိုက်ဖို့အတွက်ကိုလည်း လူငှားထားခဲ့သည်။ ၄မူက စိုက်ပြီးသွားပြီဖြစ်ကာ အခု ၂မူသာစိုက်ပျိုးရန် ကျတော့လေသည်။

ရှောင်လင်းယွီနှင့် လျိုချွမ်းဟွာတို့သည် မြေပဲခင်းတွင် လုပ်နေကာ၊ ဖေဖေရှောင်နှင့် ရှောင်မင်ယန်းကတော့ ပဲပိစပ်ခင်းတွင် လုပ်နေကြပြီး မေမေရှောင်ကတော့ အိမ်တွင် ဟင်းချက်နေလေသည်။ ဒါကြောင့်မလို့ ဟင်းဟင်းဟင်းရွက်ခင်းအတွက် ကြီးကြပ်မည့်သူမရှိပေ။

ဟင်းသီးဟင်းရွက်ခင်း၏နေရာသည် သဲမြေများမဟုတ်ဘဲ စိုစွတ်သည့်မြေဆီလွှာရှိလေသည်။ လယ်သမားများအနေနှင့် မိုးစီးဖိနပ်လည်ရှည်များကိုစီးရကာ စိုစွတ်စွတ်မြေပေါ်တွင် ခက်ခက်ခဲခဲ လျှောက်ကြရသည်။

သူတို့ အသီးအရွက်ခင်းသို့ရောက်သွားချိန်မှာတော့ ရှောင်လင်းယွီက ရှောင်လင်းယဲ့အား၊ “မောင်လေး၊ မင်းဧည့်သည်တွေကိုခေါ်ပြီး သွားကစားရင်ကစား မဟုတ်လည်း သွားနားလိုက်တော့။”

ရှောင်လင်းယဲ့က မငြင်းခဲ့ပေ။ ဧည့်သည် ၇ယောက်မှာ မြေပဲနှင့်ပဲပိစပ်များစိုက်ပြီးနောက် အလွန်ကိုမှ ပင်ပန်းသွားကြပြီဖြစ်သည်။ သူတို့အတော်လေး ကြိုးစားခဲ့ကြသည်။ ဒါ့အပြင် သူတို့သာ လယ်ထဲဆင်းပါက သူတို့အဝတ်အစားတွေအကုန် ညစ်ပတ်ကုန်ကြလိမ့်မည်။ ထိုလူများ၏အဝတ်အစားများသည် နာမည်ကြီးအမှတ်တံဆိပ်များဖြစ်ကြပြီး ဈေးကြီးလှတာကြောင့် ပေသွားပါက တခါတည်းပစ်ရပေလိမ့်မည်။

ကုကျီယဲ့သည်လည်း ရှောင်လင်းယွီက သူမကိုယ်ပိုင်ဟင်းသီးဟင်းရွက်များကို စိုက်ဖို့လုပ်နေကြောင်း သိလိုက်လေသည်။ အစကတော့ ဒီဟင်းသီးဟင်းရွက်တေက အရမ်းအရသာရှိနေတာကြောင့် စိုက်ပျိုးကြီးထွားလာသည့်ပုံစံမှာ တခြားဟင်းသီးဟင်းရွက်များနှင့် ခြားနားမည်ဟု ထင်ခဲ့သော်လည်း အခုတော့ ဘာမှမကွာကြောင်း သိလိုက်ရလေသည်။ သူမက သာမာန်နည်းစနစ်များအတိုင်းသာ အသုံးပြုနေခြင်းဖြစ်သည်။ ဒါကြောင့် သူက၊ “လင်းယွီ၊ မင်း မြေဘယ်နှမူစာလောက် ဟင်းသီးဟင်းရွက်တွေစိုက်ဖို့ စီစဉ်ထားလဲ။”

“၆မူပါ။”

“ဒါတွေအတွက် တင်သွင်းမယ့်ဈေးကွက်ကိုရော ရှာထားပြီလား။”

ရှောင်လင်းယွီက ခေါင်းယမ်းလာခဲ့သည်။ “မရှာရသေးပါဘူး။”

“အော်..” ကုကျီယဲ့က ဆက်ပြီးမမေးတော့ပေ။

လူငယ်များက ကူညီချင်ကြသေးသော်လည်း လယ်ထဲက အမျိုးသမီးများကတော့ အလျင်စလိုပင် ငြင်းဆန်ခဲ့ကြသည်။ တစ်အချက်ကတော့ ထိုလူငယ်များ၏ ဈေးကြီးကြီးအဝတ်အစားတွေ ပျက်စီးကုန်မှာစိုး၍ပင်။ ဒုတိယအချက်ကတော့ သူတို့သည် ရှောင်မိသားစုဆီမှ လုပ်ခယူကာ လုပ်နေကြခြင်းဖြစ်တာကြောင့် အပြင်လူများလက်ထဲ သူတို့အလုပ်များကို ထိုးထည့်လိုက်ခြင်းက မသမာရာကျပေသည်။ တတိယအချက်ကတော့၊ ထိုလူတွေရဲ့လုံးဝမရှိခဲ့ဖူးသည့် အတွေ့အကြုံများဖြင့်ဆိုလျှင် သူမတို့အတွက် ဒုက္ခပေးရာသည် ရောက်မည်ဖြစ်သောကြောင့်ပင်။

ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်းက မြေပဲနှင့်ပဲပိစပ်တို့ကို စိုက်ခြင်းလောက် မရိုးရှင်းပေ။ ဟင်းသီးဟင်းရွက်များကို စိုက်ခြင်းမှာ ပျိုးပင်များကို ပြောင်းရွှေ့စိုက်ရခြင်းဖြစ်တာကြောင့် အလွန်ကိုမှ ဂရုစိုက်ရသည့်အလုပ်ဖြစ်သည်။ သူတို့သာ ဂရုမစိုက်မိလိုက်လျှင် အပင်ပေါက်လေးများ ကျိုးသွားနိုင်လေသည်။

လူငယ်များမှာ ရှောင်လင်းယဲ့နှင့်အတူ လိုက်မသွားခင် လယ်ဘောင်ပေါ်၍ ခနမျှ ရပ်ကြည့်ခဲ့ကြလေသည်။ နဉ်ဝေ့ယီတို့အဖွဲ့သည် ထောင်ယွမ်ရွာကို ရောက်ဖူးကြပြီးဖြစ်သော်လည်း ကုကျီယဲ့တို့ကတော့ ပထမဆုံးအကြိမ်ဖြစ်လေသည်။

နဉ်ဝေ့ယီတို့အဖွဲ့သည် တခြားလယ်ကွင်းများကို လှည့်ပတ်ကြည့်နေကာ လှပလွန်းသည့် သဘာဝရှုခင်းကြောင့် အလွန်ကို သဘောကျနေကြပြီး အရာရာတိုင်းကို သိချင်စိတ်ဝင်နေကြလေသည်။

ရှောင်လင်းယဲ့ကတော့ ထောင်ယွမ်ရွာသို့ တခါမှ မရောက်ဖူးကြသည့် ကုကျီယဲ့တို့အဖွဲ့အတွက် ဧည့်လမ်းညွှန်နေရာသို့ ဝင်လိုက်လေသည်။ သူမက များစွာသောလျှို့ဝှက်တောအုပ်လေးများဆီသို့ ခေါ်သွားပေးခဲ့သည်။ လူငယ်များကလည်း ရှောင်လင်းယဲ့နောက်လိုက်ကာ သဘာဝတရားကြီးကို လိုက်လံရှုစားနေလေသည်။

ထိုလူများထွက်သွားပြီးနောက်မှာတော့ ရှောင်လင်းယွီက သူမဖိနပ်ကိုချွတ်ကာ ဘောင်းဘီကိုလိပ်တင်ပြီး ဟင်းရွက်စိုက်ခင်းထဲသို့ ဆင်းလိုက်လေသည်။ အမျိုးသမီးများမှာ ရှောင်လင်းယွီ၏ လှပလှသည့်ခြေထောက်များကိုမြင်ပြီး အံ့ဩသွားကြတော့သည်။ ထို့နောက် တစ်ယောက်က စနောက်လာခဲ့သည်။ “လင်းယွီကတော့ ဟင်းရွက်ခင်းထဲမှာတောင် ထင်းထွက်နေတာပဲ။”

ရှောင်လင်းယွီက ရယ်လိုက်ကာ၊ “ဘာလို့ အဲ့လိုပြောတာလဲ ဒေါ်လေးလျို။”

“မင်းရဲ့ ဖြူဖွေးနေတဲ့အသားအရေကိုကြည့်လေ..” ဒေါ်လေးလျိုက စနောက်လိုက်သည်။ “မင်း လယ်အလုပ်မလုပ်တာ ၇နှစ်လောက်ရှိသွားပြီမဟုတ်လား။”

ရှောင်လင်းယွီ ပြန်တွေးကြည့်လိုက်ကာ၊ “ဟုတ်လောက်မယ်ထင်တယ်။”

ရှောင်လင်းယွီသည် တက္ကသိုလ်တက်နေချိန်အတွင်း အိမ်သို့ပြန်လာတာ ရှားလေသည်။ နွေရာသီအားလပ်ရက်များတွင်တောင်မှ သူမသည် ကျူရှင်စရိတ်အတွက် ကုန်စိမ်းဈေးတွင် အလုပ်လုပ်နေခဲ့သည်။ ဆောင်းရာသီအားလပ်ရက်ရောက်မှသာ အိမ်သို့ ပြန်လာခြင်းဖြစ်သည်။ ထိုသို့ပြန်လာလျှင်တောင်မှ ရက်အနည်းငယ်သာ နေလေသည်။ ကျောင်းဖွင့်ရက်များတွင်တော့ သူမသည် စာလေ့လာရင်းနှင့် ကျူရှင်စရိတ်အတွက် အချိန်ပိုင်းအလုပ်များ လုပ်ခဲ့ရလေသည်။

ဘွဲ့ရပြီးနောက်မှာတော့ အလုပ်ရသွားခဲ့ကာ အိမ်ပြန်လာဖို့ အခွင့်အရေးမရှိတော့ပေ။ အလုပ်ပိတ်ရက်ကလည်း သိပ်မများပေ။ ပိတ်ရက်ရှည်ဟူ၍ လနှစ်သစ်ကူးပွဲတော်ချိန်သာရှိသော်လည်း ဒါကလည်း ပိတ်ရက်က အများကြီးမဟုတ်ပေ။ သူမအိမ်ပြန်လာရသည့်အခိုက်အတန့်လေးက အလွန်အဖိုးတန်တာကြောင့် သူမမိဘများကလည်း သူမကို လယ်ထဲအလုပ်လုပ်ခွင့်မပေးခဲ့ပေ။

“၇နှစ် ၈နှစ်လောက်ရှိရောပေါ့။” နောက်ထပ်အမျိုးသမီးတစ်ဦးက သက်ပြင်းချရင်းဆိုလေသည်။ “ဒါကြောင့် ပညာသင်ဖို့က အရမ်းအရေးကြီးတာ။ ပညာတတ်ထားရင် ပင်ပင်ပန်းပန်းအလုပ်လုပ်ဖို့မလိုပေမယ့် ငွေတွေအများကြီးဝင်တယ်။ ဒါပေမယ့် ငါကျတော့ ငါ့ကလေးကို အတန်းထဲမှာ အာရုံစိုက်အောင်လုပ်ဖို့တောင် မတတ်နိုင်ဘူး။”

လူတိုင်းသည် တက္ကသိုလ်ကျောင်းသူတစ်ယောက်ကို ပျိုးထောင်ပေးနိုင်ခဲ့သည့် ရှောင်ကျန်းယန်ကို မနာလိုအားကြကြကာ ထိုတက္ကသိုလ်ကျောင်းသူက ရှောင်မိသားစုအတွက် ယူဆောင်ပေးလာသည့် ပြောင်းလဲမှုများသည် လူတိုင်းအတွက် မျက်မြင်ပင်။ ရွာရှိ အဆင်းရဲဆုံးမိသားစုကနေပြီး နှစ်ပေါင်း ၂၀ကျော်အတွင်း အချမ်းသာဆုံးမိသားစုဖြစ်လာခဲ့သည်။ သူတို့က လယ်ထွန်စက်ဝယ်၊ မြေများငှားထားပြီး၊ နောက်ထပ် နောက်ထပ် တိုးတက်နေတုန်းပင်။

တခြားအမျိုးသမီးတွေ ဘာတွေးနေကြမှန်း ရှောင်လင်းယွီမသိသော်လည်း တွေးတော့တွေးကြည့်နိုင်လေသည်။ သို့သော်လည်း သူတို့ရဲ့အတွေးတွေက သူမကိုမထိခိုက်စေပေ။ ရှောင်လင်းယွီကလည်း သူမကို ကြင်နာပေးခဲ့ကြတဲ့လူများအပေါ် ပြန်ပြီး ကျေးဇူးဆပ်ပေသည်။ သူမ၏ကျူရှင်စရိတ်အတွက် သူမအဖေကို ငွေချေးပေးခဲ့ကြသည့်လူများကို သူမလယ်အတွက် ငှားရမ်းထားခဲ့လေသည်။

“ယွီအာ၊ အဲ့ဒီလူငယ်တွေက မင်းသူငယ်ချင်းတွေလား။” ချန်းလန်က မေးလိုက်သည်။

“ဟုတ်တယ်လေ၊ သူတို့က ကျွန်မသူငယ်ချင်းတွေ။ ပြီးတော့ ကျွန်မမောင်လေးအခန်းဖော်တွေရဲ့ ဝမ်းကွဲနဲ့ သူငယ်ချင်းတွေလည်းဟုတ်သေးတယ်။”

“ဟုတ်လား၊ မသိလိုက်ဘူး။” တခြားအမျိုးသမီးများက ထိုအကြောင်းကိုကြားသည်နှင့် ခေါင်းတညိတ်ညိတ်ဖြစ်သွားကြသည်။ ချန်းလန်က ပြုံးလိုက်ကာ၊ “ငါတို့က အဲ့ဒီလူငယ်တွေက မင်းကိုပိုးပန်းနေတဲ့လူတွေမလို့ ထောင်ယွမ်ရွာအထိ မင်းနောက်ကို လိုက်နေကြတာဆိုပြီး တွေးနေတာ။”

“ဟုတ်တယ်။ အဲ့ဒီလူငယ်လေးတွေကိုကြည့်စမ်းပါဦး။ အကုန် ချောချောမောမော ငယ်ငယ်ရွယ်ရွယ်လေးတွေချည်းပဲ။ ပြီးတော့ သူတို့က ကိုယ်ပိုင်ကားတွေမောင်းပြီး လာကြတာလို့လည်း ကြားတယ်။ သေချာပေါက် ကောင်းမွန်တဲ့မိသားစုတွေကပဲဖြစ်ရမယ်။”

“လင်းယွီ၊ မင်းလည်း ချန်းမိသားစုက ကလေးနဲ့ ပြတ်တာကြာပြီပဲ။ အခုက ရည်းစားအသစ်ရှာဖို့ အချိန်ရောက်ပြီ။” ဟူလန်ယင်းက အကြံပေးလာခဲ့သည်။ “ဒီလူငယ်လေးတွေကမဆိုးပါဘူး။ တစ်ယောက်လောက် ရွေးသင့်တယ်။”

ရှောင်လင်းယွီ ရယ်မောလိုက်ကာ၊ “ဒေါ်လေးဟူကတော့ ကျွန်မတို့ အကောင်တွေရောင်းတဲ့ဈေးကိုရောက်နေတယ်များထင်နေတာလား။ ဘယ်လိုလုပ် တစ်ယောက်ရွေးဆိုပြီး ရွေးချင်တိုင်းရွေးလို့ရမှာလဲ။ သူတို့က တကယ်ကို ကျွန်မသူငယ်ချင်းတွေပါ။ ပြီးတော့ သူတို့အားလုံးက ခရိုင်မြို့ကလာတာ၊ ချမ်းလည်းချမ်းသာကြတယ်။ ကျွန်မလို လယ်တောသူလေးတစ်ယောက်ကို ဘယ်သူက စိတ်ထဲထည့်မှာလဲ။”

“အဲ့ဒါဘာသဘောလဲ။ မင်းရဲ့အနာဂါတ်က တောက်ပနေတယ်ဆိုတာ လူတိုင်းသိနေတာပဲ။ တက္ကသိုလ်လည်းတက်ခဲ့တယ် မြို့ကြီးပြကြီးမှာလည်း အလုပ်ဝင်ခဲ့သေးတယ်။ မင်းက သူတို့နဲ့ ဘာမှမကွာခြားနေဘူး။” ဒေါ်လေးဟူက လက်မခံပေ။

“အဟုတ်ပဲ။” နောက်ထပ်ဒေါ်လေးတစ်ယောက်ကလည်း ဝင်ပြောလာလေသည်။ “မင်းလည်း ငယ်တော့တာမဟုတ်ဘူး။ လမ်းခွဲထားတာလည်း အချိန်တစ်ခုကြာပြီ။ လက်ထပ်ဖို့လူကောင်းတစ်ယောက် ရှာသင့်တယ်။ လက်ထပ်တယ်ဆိုတာ မိန်းကလေးတိုင်းရဲ့တာဝန်ပဲ။”

ထိုဒေါ်လေးများ၏စကားဝိုင်းက သူမ၏အိမ်ထောင်ရေးအတွက် အကြံပေးသည့်ဘက်သို့ပြောင်းသွားတာကြောင့် ရှောင်လင်းယွီတစ်ယောက် ဘာပြောလို့ပြောရမှန်းပင် မသိတော့ပေ။ “ဒေါ်လေးတို့၊ ကျွန်မက အခုမှ ယောက်ျားတစ်ယောက်ကြောင့် အသည်းကွဲနေတုန်းလေ။ နောက်တစ်ယောက်ရှာဖို့ အလျင်မလိုပါဘူး။” ထိုခံစားချက်က သူမအရင်ဘဝတုန်းခံစားချက်သာဖြစ်သော်လည်း ဒေါ်လေးများ ထိုအကြောင်းဆက်မပြောစေရန်အတွက် အကြောင်းပြချက်အနေနှင့် သုံးလိုက်လေသည်။

ဒေါ်လေးများအားလုံး နှုတ်ဆိတ်သွားကြတော့သည်။

“အဲ့ဒီချန်းအိမ်ကကောင်လေးက တော်တော်ဆိုးဆိုးဝါးဝါးပါ။” ချန်းလန်က မကျေမနပ်ပြောလိုက်သည်။ “လင်းယွီလို မိန်းမကောင်းလေးကို ချစ်သူတော်ထားရတာတောင် သူက မကျေနပ်နိုင်ဘူး။ ဓားထိုးခံရတာ နည်းတောင်နည်းသေးတယ်။”

“ဟုတ်ပါ့၊ ဟုတ်ပါ့။” ဒေါ်လေးဟူကလည်း ထောက်ခံလာလေသည်။ “သူတို့တွဲလာတာ ၁၀နှစ်တောင်ရှိပြီကို။ ဘယ်လိုလုပ်ပြီးများ ဒီလောက်လွယ်လွယ် စွန့်ပစ်လိုက်နိုင်ရတာလဲ။”

ထိုအခါ ရှောင်လင်းယွီက၊ “ပိုကောင်းတဲ့ရွေးချယ်မှုရှိလာရင် ထွက်သွားတတ်ကြတာ ယောက်ျားတွေရဲ့သဘာဝပဲလေ။ ကျွန်မထက် ကျွန်မတို့သူဌေးရဲ့သမီးကို ရွေးသွားတဲ့အတွက် သူ့ကို အပြစ်မတင်နိုင်ပါဘူး။”

အမျိုးသမီးကြီးများ၏ ဒေါသထွက်ကုန်ကြလေသည်။ “ဘာကိုသဘာဝလဲ။ သူကမှ မကောင်းတဲ့ကောင်။ သူ့အနာဂါတ်အတွက် သူဌေးသမီးကိုရှာသွားတာ။ မင်းကျတော့ရော။ သူက မင်းဘဝရဲ့အချိန်၁၀နှစ်တာကို ဖြုန်းတီးသွားခဲ့တာလေ။ တကယ့်လူယုတ်မာပဲ။”

ထိုအချက်အရောက် ချန်းလန်သည် ချန်းမိသားစုရွာရှိ သူမ၏မိဘအိမ်ဘက်မှကြားလာရသည့် ကောလဟာလတချို့ကို ပြန်ပြောလာခဲ့သည်။ “လင်းယွီ၊ ငါ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ငါ့အမေအိမ်ကိုပြန်ခဲ့သေးတယ်။ အဲ့မှာ ဘာကြားလာခဲ့လဲ မှန်းကြည့်။”

“ဘာများလဲ?” ရှောင်လင်းယွီ မေးလိုက်လေသည်။

ချန်းမိသားစုဝင်များနှင့် ပြဿနာဖြစ်ပြီးနောက်ပိုင်း ရှောင်လင်းယွီသည် ထိုလူများကို ထပ်ပြီး အာရုံစိုက်မနေခဲ့တော့ပေ။

သို့သော်လည်း သူမ၏ချန်းမိသားစုအပေါ် နားလည်ထားမှုအရ တချိန်ချိန်မှာတော့ ပြဿနာရှာလာဦးမည်မှန်း သူမသိနေလေသည်။ ဒါပေါ့၊ ရှောင်လင်းယွီကတော့ ကြောက်မနေပါဘူး။ ဘာပဲဖြစ်ဖြစ် သူမက အမှားလုပ်ထားတဲ့လူမှမဟုတ်တာ။

“ချန်းလန်၊ နင်ဘာကြားခဲ့လို့လဲ။ မြန်မြန်ပြောစမ်းပါ။” ဟူလန်ယန်းက လောလိုက်သည်။

“အဲ့ကလေး ဆေးရုံတက်နေရတာ သိတယ်မလား။ ဒါပေမယ့် သူတို့က ဆေးဖိုးမရှင်းနိုင်လို့ မောင်းထုတ်ခံလိုက်ရတယ်တဲ့။ ချန်းတဟွာနဲ့ လန်အာယင်းက နေ့တိုင်း ဆေးရုံဝင်ပေါက်ကိုသွားပြီး ပြဿနာရှာနေတာ။ သူတို့သားက ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေပြီး မန်နေဂျာတစ်ယောက်လည်း ဖြစ်တယ်ဆိုပြီး အော်နေတာတဲ့။ ပြီးတော့ သူ့သားသာ နေပြန်ကောင်းလာရင် ဆေးရုံကို လက်စားချေမယ်ဆိုပဲ။”

ဒေါ်လေးဟူက ဝင်ထောက်လာခဲ့သည်။ “အဲ့တော့ ဆေးရုံက ခြိမ်းခြောက်ခံနေရတာပေါ့။”

ချန်းတဟွာနှင့် လန်အာယင်းတို့ ဘယ်လိုလူမျိုးတွေဆိုတာ ရွာသားအားလုံး သိထားလေသည်။

ဒီနှစ်တွေအတွင်း သူတို့သားက ရှောင်လင်းယွီနှင့် တွဲနေကာ၊ မြို့ကြီးတွင်လည်း အလုပ်လုပ်နေခဲ့တာကြောင့် ထောင်ယွမ်ရွာကလူတိုင်းကို အထင်တသေးဆက်ဆံခဲ့ကြလေသည်။ သူတို့အားတိုင်း ရှောင်ကျန်းယန်ဆီလာကာ ငွေချေးကြသော်လည်း ဘယ်တော့မှတော့ ပြန်မဆပ်ကြပေ။

ထိုအချိန်ဆိုလျှင် ရှောင်ကျန်းယန်တို့ လင်မယားသည် သူတို့သမီးကို ဒုက္ခမရောက်စေချင်တာကြောင့် ချန်းမိသားစုကျေနပ်ဖို့အရေး အကြိမ်တိုင်း ငွေလိုက်ချေးကာ ပေးခဲ့ကြရသည်ပင်။ ရှောင်လင်းယွီကိုတော့ ထိုအကြောင်းတွေ မပြောခဲ့ကြသလို ချန်းမိသားစုကိုလည်း ငွေပြန်ဆပ်ဖို့ တစ်ခါမှ မတောင်းခဲ့ကြပေ။

ဒါကြောင့် ချန်းယန်၏မိဘများ၏ လောဘကြီးသည့်စရိုက်ကို သူတို့အားလုံး သိနေကြခြင်းဖြစ်သည်။

ချန်းလန်က ဆက်ပြီးပြောလာလေသည်။ “ဒါပေါ့၊ ဆေးရုံက သူတို့ခြိမ်းခြောက်ရုံနဲ့ ကြောက်မယ်တဲ့လား။ ချန်းမိသားစုက အဲ့ဆေးရုံကိုပိုင်တာမှမဟုတ်တာ။ အဲ့တော့ အဲ့ကလေးက ကုမ္ပဏီကြီးတစ်ခုရဲ့ မန်နေဂျာဆိုတော့ရော ဘာဖြစ်လဲ။ သူက ဆေးရုံကို ဒေဝါလီခံသွားရအောင် လုပ်နိုင်လို့လား။”

ထိုအထိပြောပြီးသည့်နောက် ချန်းလန်၏အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။

“ချန်းလန်၊ ဘာတွေဆက်ဖြစ်သွားလဲ ပြောဦးလေ။” ဒေါ်လေးဟူက ချန်းလန်၏အမူအရာကို သတိထားမိကာ ထပ်ထောက်လိုက်လေသည်။

ချန်းယန်က တွေးတွေးဆဆဖြင့်၊ “ငါကြားတာတော့ အဲ့ကလေးက အခုအကြောသေနေတယ်တဲ့။ အိပ်ယာထဲကတောင် မထွက်နိုင်ဘူးပြောတယ်။ မြန်မြန်သာ ကုသမှုမလုပ်နိုင်ရင် သူ့လက်ကျန်ဘဝတစ်လျှောက်လုံး အကြောသေသွားတော့မှာပဲ။”

“ဘာ။” အမျိုးသမီးကြီးများမှာ အံ့ဩသွားကြလေသည်။ ရှောင်လင်းယွီတောင်မှ ထိတ်လန့်သွားခဲ့သည်။ ဓားထိုးခံရတာ အကြောသေသွားတယ်ပေါ့။

“ဟုတ်ရောဟုတ်ရဲ့လားဟယ်။” ဒေါ်လေးဟူကတော့ သံသယဝင်မိသည်။

ချန်းလန်က ခေါင်းသာယမ်းလေသည်။ “ငါလည်းမသိဘူးလေ… ဒီအတိုင်းကောလဟာကြားတာပဲ။”

***

All Chapters