← Chapters

အဲ့အတွေးကိုရုတ်သိမ်းလိုက်

Vol. 8 Ch. 142

အဲ့အတွေးကိုရုတ်သိမ်းလိုက်

Vol. 8 Ch. 142

ရှောင်လင်းယွီသည် ချန်းယန်၏သတင်းများကို စိတ်ထဲ သိပ်ထည့်မနေခဲ့ပေ။ လူအရေအတွက်များတာကြောင့် တစ်နေ့တည်းနှင့် မြေ၁၀မူကျော်ကို စိုက်ပျိုးနိုင်ခဲ့ကြလေသည်။

နောက်တစ်နေ့မှာတော့ ကောင်လေးများက ကျောင်းပြန်တက်ရမည်ဖြစ်ကာ ကုကျီယဲ့တို့ လူငယ်တွေကတော့ သူတို့ကုမ္ပဏီတွေဆီ ပြန်ကြရပေမည်။ ဒါကြောင့် ညစာစားပြီးနောက် လူ၉ယောက်သည် ခရိုင်မြို့ပေါ်သို့ ပြန်ရန် ပြင်ကြလေသည်။

ကုကျီယဲ့တို့အဖွဲ့က ကားတစ်စီးမောင်းကာ၊ ရှောင်လင်းယွီကတော့ ရှောင်လင်းယဲ့နှင့် ကောင်လေးများကို ခေါ်ကာ တစ်စီးမောင်းလေသည်။ ခရိုင်မြို့ပေါ်သို့ တစ်နာရီတည်းနှင့် ရောက်သွားခဲ့ကြသည်။ ထို့အချိန် ရှောင်လင်းယဲ့က သက်ပြင်းချကာ ပြောလာလေသည်။ “အစ်မ၊ ကားရှိတာ တော်တော်အဆင်ပြေတာပဲ။ အရင်ကဆို ငါဘယ်လောက်မြန်မြန်သွားသွား၊ မနက်ကထွက်ရင်တောင် ညနေလောက်မှ ခရိုင်မြို့ပေါ်ရောက်တယ်။ အခုတော့ ကျောင်းကိုရောက်ဖို့ တစ်နာရီပဲလိုတော့တယ်။”

ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “မင်း စာမေးပွဲဖြေပြီးသွားရင် ကားမောင်းနည်းသင်သင့်တယ်။ မင်းလည်း ၁၈နှစ်ပြည့်ပြီးပြီပဲ။ ဒီကားနဲ့ဆို မင်းသွားချင်တဲ့နေရာသွားလို့ရတယ်။”

“တကယ်ပြောတာလား၊ အစ်မ။” ရှောင်လင်းယဲ့ စိတ်လှုပ်ရှားသွားတော့သည်။

“ဒါပေါ့၊”

“ယဲ့၊ ငါတို့လည်း မင်းနဲ့အတူ ကားမောင်းသင်မယ်နော်။” နဉ်ဝေ့ယီတို့ကလည်း ရှေ့သို့ ကိုင်းလာကာ ပြောလိုက်ကြသည်။ ကားမောင်းနည်းကို သူတို့သင်ထားကြပြီးဖြစ်သော်လည်း သူတို့အသက်အရွယ်ကြောင့် တရားဝင်ယာဉ်မောင်းလိုင်စင်ကိုတော့ မရခဲ့ကြသေးပေ။ ၁၈နှစ်ပြည့်ပြီးလျှင် လိုင်စင်ရနိုင်သော်လည်း ကြားထဲမှာ အဆင့်ဆင့်လုပ်ဆောင်စရာတွေကရှိသေးသည်။ သူတို့မိသားစုများသည် ဒီလိုကိစ္စမျိုးအပေါ်တွင်တော့ တင်းကျပ်ကြလေသည်။

“ကောင်းတာပေါ့။” ရှောင်လင်းယဲ့ အလွန်ပျော်ရွှင်သွားတော့သည်။

ရှောင်းလင်းယွီသည် ကလေးများကို နှုတ်ဆက်လိုက်ပြီးနောက် ကုကျီယဲ့တို့ကိုလည်း နှုတ်ဆက်ခဲ့လေသည်။

…..

ကားထဲတွင်…

ကျန်းဟိုင်ယန်က၊ “ကျီယဲ့၊ ထောင်ယွမ်ရွာကလူတွေက ငါတို့ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်နေကြတာ မင်းသတိထားမိလား။”

ယွမ်ရွှမ်ဟောက်ကတော့ မထူးခြားသည့်ကိစ္စလိုမျိုးပြောလာခဲ့သည်။ “ဒါပေါ့၊ သူတို့အဲ့လိုကြည့်ကြမှာပေါ့။ သူတို့က ငါတို့တွေ ရှောင်လင်းယွီကို သဘောကျလို့ ရောက်လာကြတယ်ဆိုပြီး တွေးနေကြမှာ။” သူ့မိသားစုနောက်ခံကြောင့် ယွမ်ရွှမ်ဟောက်သည် အရင်ကလည်း အမျိုးသမီးများစွာထံမှ ထိုအကြည့်မျိုးကို မြင်ဖူးလေသည်။ ဒါကြောင့် ရွာသားတွေ ဘာတွေးနေကြလဲဆိုသည်ကို အလွယ်တကူပြောနိုင်ခြင်းဖြစ်သည်။

ချန်ယီဖန်းကတော့ သောက်နေသည့်ရေတောင် ထွေးထုတ်မိသွားကာ ကုကျီယဲ့ကို မျက်နှာသစ်ပေးပြီးသား ဖြစ်တော့မလို့ပင်။

“ဒါကြောင့် တစ်ခုခုတော့မှားနေပါတယ်ဆိုပြီး ခံစားနေရတာကိုး။” ကျန်းဟိုင်ယန်က ပြောလိုက်သည်။ ထို့နောက် သူက သံသယတချို့ဖြင့် မေးလာလေသည်။ “ဒါပေမယ့် ဒီလူတွေက ဘာလို့ ဒီလိုမျိုးတွေးကြတာလဲ။ ငါတို့က ရှောင်လင်းယွီနဲ့ ပုံမှန်သူငယ်ချင်းတွေမှန်း အသိသာချည်းပဲကို။”

ယွမ်ရွှမ်ဟောက်က ချက်ကျလက်ကျရှင်းပြပေးလာခဲ့သည်။ “ရွာသားအများစုက ရှေးရိုးဆန်ကြတယ်။ ရှောင်လင်းယွီက လူလွတ်လည်းဖြစ်တယ်၊ လှလည်းလှတယ်။ ငါတို့အားလုံးကလည်း လူငယ်လူလွတ်တွေချည်းပဲ။ ဒီတော့ သူတို့တွေ ဒီလိုမျိုးတွေးကြပြီပေါ့။ မြို့ပေါ်နဲ့မတူဘူး၊ မြို့ပေါ်မှာလို ကျားမကိုထည့်မတွေးဘဲ သူငယ်ချင်းဖွဲ့လို့မရဘူး”

“အဲ့လိုကိုး။” ကျန်းဟိုင်ယန်တို့အကုန်လုံး သဘောပေါက်သွားကြတော့သည်။

ရုတ်တရက် ကျန်းဟိုင်ယန်က တစ်စုံတစ်ခုကို တွေးမိသွားကာ ထူးထူးဆန်းဆန်းအမူအရာဖြင့် ပြောလာလေသည်။ “ဟောက်၊ ငါတို့ ရှောင်လင်းယဲ့နဲ့အတူ တောင်တွေဘက်မှာ သွားကစားတုန်းက ရှောင်လင်းယွီက လမ်းခွဲထားတာ မကြာသေးဘဲ ယောက်ျားတွေကို မြူစွယ်နေပြန်ပြီဆိုပြီး အမျိုးသမီးတစ်ယောက်ပြောတာ ကြားခဲ့တယ်။ သူက လင်းယွီကို ဆိုးဆိုးဝါးဝါးကိုပြောဆိုနေတာ။” ကျန်းဟိုင်ယန်သည် အကြားအာရုံအတော်လေးကောင်းပေသည်။ ထိုအမျိုးသမီးက သူမကြားလောက်ဘူးလို့တွေးကာ ပြောနေပေမယ့် သူကတော့ ကြားခဲ့လေသည်။ ကံကောင်းတာက ရှောင်လင်းယဲ့ကတော့ မကြားခဲ့ပေ။ မဟုတ်ပါက သူတို့ရန်တွေတောင် ထဖြစ်သွားကြနိုင်သည်။

“အဲ့လိုကိစ္စရှိခဲ့သေးတာလား။” ချန်ယီဖန်း အံ့ဩသွားခဲ့သည်။ “ဒါပေမယ့် ရှောင်လင်းယွီရဲ့ အသက်အရွယ်နဲ့ဆို ရည်းစားဟောင်းပဲရှိရှိ လက်ရှိမှာပဲရည်းစားရှိနေနေ ပုံမှန်ပဲမဟုတ်ဘူးလား။”

ယွမ်ရွှမ်ဟောက်က၊ “ဟုတ်တယ်လေ၊ ပုံမှန်ပဲ။ ဒါပေမယ့် ဟိုင်ယန်ကြားခဲ့တဲ့အတိုင်းဆို ရှောင်လင်းယွီက သူ့ရည်းစားနဲ့ လမ်းခွဲထားတာမကြာသေးဘူးလေ။ ဒီတော့ ငါတို့ရောက်လာတာက လူတွေအတင်းပြောစရာဖြစ်သွားတာပေါ့။” ဒီတော့မှ သူတို့ ရှောင်လင်းယွီကို ဒုက္ခပေးမိပြီမှန်း နားလည်သွားကြတော့သည်။

“အခုမှပဲ ဇာတ်ရည်လည်တော့တယ်။” ချန်ယီဖန်းက ပြောလိုက်သည်။

“ငါတို့ ဒေါ်လေးရှောင်နဲ့ စစချင်းတွေ့ပြီး ရှောင်လင်းယွီရဲ့သူငယ်ချင်းတွေပါလို့ ပြောလိုက်တုန်းက ဒေါ်လေးရဲ့အကြည့်တွေက ထူးဆန်းနေပြီး သံသယတွေရှိနေတယ်လေ။ သူလည်း ငါတို့က ရှောင်လင်းယွီကို သဘောကျတာကြောင့် ရောက်လာတာလို့ ထင်သွားတာဖြစ်မယ်။ သူကတော်တော်လေးကို သတိအပြည့်နဲ့ဆက်ဆံနေတာ။ အဲ့တုန်းကတော့ ရွာသားတွေက အပြင်လူတွေကို ဒီလိုပဲ ဆက်ဆံတယ်လို့ ငါထင်ခဲ့တာ။ ဒါပေမယ့် အခုတော့ ငါတို့က သူ့သမီးကိုပိုးပန်းဖို့ရောက်လာတယ်ထင်ပြီး သတိထားနေတာကိုး။ ဟားဟား…”

သူတို့အားလုံးသည် ရှောင်လင်းယွီကို အမှန်တကယ်သူငယ်ချင်းတစ်ဦးအဖြစ် သတ်မှတ်ကြခြင်းဖြစ်သည်။ နဉ်ဝေ့ယီတို့အဖွဲ့ ထောင်ယွမ်ရွာသို့သွားပြီး ရှောင်လင်းယွီကို မြေပဲနှင့်ပဲပိစပ်စိုက်တာ ကူညီမည်ဟုကြားချိန် သူတို့ စိတ်ဝင်စားသွားခဲ့သည်။ သိချင်စိတ်များလည်း ဝင်မိတာကြောင့် လိုက်သွားခဲ့ခြင်းပင်။ အခုမှ အခြေအနေတွေကို သေချာပြန်တွေးကြည့်လိုက်ပြီးနောက် ရှက်လာကြတော့သည်။

“ရှောင်လင်းယွီက တကယ်ကိုအံ့ဩဖို့ကောင်းတဲ့မိန်းကလေးပါ။ သူသာ တကယ်ရည်းစားတစ်ယောက်လိုချင်နေရင် ငါသူ့ကိုလိုက်ချင်တယ်။” ကျန်းဟိုင်ယန်က လေးနက်သည့်အမူအရာဖြင့် ပြောလာလေသည်။

ချန်ယီဖန်းတစ်ယောက် နောက်ထပ်ရေတစ်လုတ် ထွေးထုတ်မိသွားပြန်သည်။ “အဟွတ်… အဟွတ်…” သူ့ရင်ဘက်ကို ထုလိုက်ရင်း၊ “ဟိုင်ယန်၊ မင်းအတည်ကြီးပြောနေတာလား။”

ကျန်းဟိုင်ယန်က ခေါင်းညိတ်လာလေသည်။ “ဒါပေါ့၊ အတည်ပြောတာ။”

“ဒါပေမယ့် သူက သာမာန်လယ်သမား၊ အသီးအရွက်ရောင်းတဲ့ကုန်စိမ်းသည်လေးလေ။” ချန်ယီဖန်းက ကျန်းဟိုင်ယန်ကို ပြောလိုက်လေသည်။ “ပြီးတော့ အန်ကယ်ကျန်းက သဘောတူပါ့မလား။ ငါကြားတာတော့ အန်ကယ်ကျန်းက ကုမ္ပဏီတစ်ခုက သူဌေးရဲ့သမီးကို အရမ်းစိတ်တိုင်းကျနေတယ်ဆို။”

ကျန်းဟိုင်ယန်က ချက်ချင်းပင် ပြောလိုက်သည်။ “လက်ထပ်မယ့်လူက ငါလေ။ သူမှမဟုတ်တာ။ သူအဲ့သမီးကို အဲ့လောက်သဘောကျနေလဲ သူ့ဘာသာလက်ထပ်လိုက်ပေါ့။”

“ကျွတ်.. ကျွတ်… အန်ကယ်ကျန်းသာ ဒီစကားကြားလို့ကတော့ မင်းကို ဖိနပ်နဲ့ကောက်ရိုက်လောက်တယ်။” ယွမ်ရွှမ်ဟောက်က ပြုံးကာပြောလိုက်လေသည်။

ထိုအခိုက် ဘာစကားမှဝင်မပြောဘဲ အလွန်လေးနက်သည့်အမူအရာဖြင့်ရှိနေသည့် ကုကျီယဲ့ကို ကြည့်မိသွားကာ သူက နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။ “ကျီယဲ့၊ ဘာဖြစ်လို့လဲ။ ဘာလို့ ဘာမှဝင်မပြောတာလဲ။”

ကုကျီယဲ့က ရှင်းပြလာလေသည်။ “ငါ ရှောင်လင်းယွီကို စတွေ့တုန်းက သူက ကျန်းထောင်နဲ့ ရယ်ရယ်မောမော စကားပြောနေတာ။ သူတို့နှစ်ယောက် အတော်လေး ရင်းနှီးကြတယ်။”

“ကျန်းထောင်?” ချန်ယီဖန်းကပြောလိုက်သည်။ “ဟို ငါတို့ရဲ့အေးစက်စက်မျက်နှာနဲ့ စခန်းမှူးလား။”

“ဟုတ်တယ်။ ကျန်းထောင် ငါတို့ရဲစခန်းရဲ့စခန်းမှူးဖြစ်နေတာ သုံးနှစ်တောင်ရှိပြီလေ။ မင်းတို့ သူ့ကို မိန်းကလေးတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောဖို့မပြောနဲ့ နီးနီးကပ်ကပ်နေတာတောင် တွေ့ဖူးလို့လား။”

လွန်ခဲ့သည့်သုံးနှစ်က ကျန်းထောင်သည် ဘယ်ကမှန်းမသိ ရုတ်တရက်ကြီးပေါ်လာကာ ရှင်းယင်ခရိုင်၏စခန်းမှူးဖြစ်လာခဲ့သည်။ ကျန်းထောင်တွင် အင်အားကြီးသည့်နောက်ခံရှိပြီး အတွေ့အကြုံရှာချင်၍ နယ်မြို့လေးသို့ ဆင်းလာခြင်းဖြစ်သည်ဟုလည်း ကောလဟာလများထွက်ခဲ့လေသည်။ သို့သော်လည်း ဘယ်သူမှ သူ့မိသားစုအကြောင်းကို မတူးထုတ်နိုင်ခဲ့ကြပေ။

ဆိုလိုသည်က ကျန်းထောင်၏မိသားစုသည် အလွန်ကိုမှ အင်အားကြီးသည်ဟုပင်။ ဘေးကင်လုံခြုံရေးအတွက် ဒေသခံမိသားစုအများစုသည် သူတို့ကလေးများကို ကျန်းထောင်နှင့် အဆက်အသွယ်ရှိအောင် လုပ်ခိုင်းကြသည်။ အနည်းဆုံးတော့ ကျန်းထောင်နှင့် မိတ်ဆွေမဖွဲ့နိုင်ရင်တောင် သူ့ကို မစော်ကားသင့်ပေ။

သူတို့လေးယောက်တွင် ကုကျီယဲ့တစ်ယောက် ကျန်းထောင်နှင့် အကြိမ်အနည်းငယ်ခန့် အဆက်အသွယ်လုပ်နိုင်လောက်အောင် ကံကောင်းခဲ့သူဖြစ်သည်။ သူတို့၏ဆက်ဆံရေးက ဦးလေးချန်းကတစ်ဆင့်ပင်။ ချန်းလောင်ရှီး၏ဆိုင်တွင် သူတို့ချင်း အကြိမ်အနည်းငယ်တွေ့ဖူးခဲ့ကာ ကုကျီယဲ့သည် အခေါက်တိုင်း ကျန်းထောင်ကို သွားနှုတ်ဆက်ခဲ့လေသည်။ သို့သော်လည်း ကျန်းထောင်ကတော့ အေးစက်လှသည်။ ဒါပေါ့၊ ကျန်းထောင်က လူတိုင်းအပေါ်အေးစက်ကြောင်း သူသိထားပြီးသားပင်။

ကျန်းထောင်တစ်ယောက် စိတ်လက်ပေါ့ပါးစွာဖြင့် ရယ်ရယ်မောမောရှိနေသည်ကို မြင်ရသည်မှာ ရှောင်လင်းယွီနှင့် ထမင်းစားတုန်းကသာဖြစ်လေသည်။ ထိုအချိန်တုန်းက ကုကျီယဲ့သည် ရှောင်လင်းယွီနှင့် ပူးပေါင်းမှုအကြောင်း ဆွေးနွေးချင်ခဲ့သည်။ သူက စနောက်သလိုနှင့် ကျန်းထောင်က သူ့သူငယ်ချင်းဖြစ်သည်ဟု ပြောခဲ့လေသည်။ အံ့ဩစရာကောင်းသည်က ကျန်းထောင်က ရယ်မောကာ သူ့စကားအတိုင်း အလိုက်သင့်ပူးပေါင်းပေးခဲ့လေသည်။

သူတို့အသိုင်းအဝိုင်းတွင် အခုလိုမျိုး ကျန်းထောင်ထံမှ မျက်နှာသာပေးခံရမှုမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရဖူးသည့် ဖြစ်ရပ်မျိုးဖြစ်သည်။

ကျန်းထောင်သည် ဖြောင့်မတ်သည့်ရဲအရာရှိတစ်ယောက်ဖြစ်သည်။ သူက အေးစက်ကာ ခံစားချက်လည်းမဖော်ပြပေ။ သူ့ကိုမြှောက်ပင့်ကာ ကပ်ဖားချင်သူများကိုလည်း အမြဲတမ်း ငြင်းဆန်ခဲ့သူဖြစ်သည်။

သို့သော်လည်း ကုကျီယဲ့ကတော့ ထိုသူ၏ချွင်းချက်ပေးမှုကို တွေ့မြင်ခဲ့ရလေသည်။

ကျန်သုံးယောက်သား တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

ကျန်းဟိုင်ယန်က နားမလည်လိုက်သလို ဟန်ဆောင်ကာ ပြန်မေးလာခဲ့သည်။ “ကျီယဲ့၊ ဒီတော့ မင်းဘာကိုပြောချင်တာလဲ။”

ကုကျီယဲ့က အလေးအနက်ထားကာ ပြန်ပြောလာလေသည်။ “ရှောင်လင်းယွီက ကျန်းထောင်ရဲ့ကောင်မလေးဖြစ်ဖို့ အရမ်းများတယ်။”

ကျန်းဟိုင်ယန်က ရယ်လိုက်ကာ၊ “မင်းပဲ အရမ်းဖြစ်ဖို့များတယ်ဆို။ ဒီတော့ မဟုတ်တာလည်း ဖြစ်နိုင်တာပဲ။”

“ဘာပဲဖြစ်ဖြစ် ဟိုင်ယန်၊ ငါတို့တွေ ကျန်းထောင်ကို စော်ကားလို့မဖြစ်ဘူး။ မင်းလည်း ကျန်းထောင်ရဲ့နောက်ခံအကြောင်း ကြားဖူးတာပဲမဟုတ်လား။”

ကုကျီယဲ့သည် အရမ်းနောက်မကျခင် သူ့သူငယ်ချင်း၏အတွေးများကို ရုတ်သိမ်းစေချင်ခဲ့သည်။ ကျန်းဟိုင်ယန်သည် ရှောင်လင်းယွီကိုသဘောကျသွားပြီး သူမက တကယ်ပဲ ကျန်းထောင်၏ကောင်မလေး ဖြစ်နေမည်ဆိုလျှင် ဝမ်းနည်းဖွယ်ရာဇာတ်လမ်းတစ်ပုဒ်ကို အစပျိုးလိုက်သလိုဖြစ်သွားပေမည်။

ကျန်းဟိုင်ယန်တစ်ယောက် နှုတ်ဆိတ်သွားခဲ့သည်။

ယွမ်ရွှမ်ဟောက်ကလည်း ဝင်ပြောလာခဲ့သည်။ “ဟိုင်ယန်၊ ကျီယဲ့ပြောတာ အဓိပ္ပါယ်ရှိတယ်။ ငါတို့ ကျန်းထောင်ကို မစော်ကားနိုင်ဘူး။ မင်းရဲ့အကြံကို လက်လျှော့လိုက်တာ ပိုကောင်းမယ်။”

ထိုအချိန်တွင် ကျန်းဟိုင်ယန်က ပြုံးလာခဲ့လေသည်။ “ဟဟ၊ ငါက မင်းတို့ကို စနေရုံပါကွာ။”

“တော်သေးတာပေါ့။” ကျန်လူများ ဒီတော့မှပဲ သက်ပြင်းချနိုင်တော့သည်။

ကျန်းထောင်ကို စော်ကားမိမည်စိုးသောကြောင့်သာမကဘဲ ကျန်းဟိုင်ယန်ကို ရှောင်လင်းယွီအား မချစ်သွားမိစေချင်သည့် နောက်ထပ်အကြောင်းအရင်တစ်ခုလည်း ရှိသေးသည်။ သူတို့သည် ရှောင်လင်းယွီနှင့် မလိုက်ဖက်ပေ။ တကယ်လို့ သူတို့တကယ်ပဲ ရှောင်လင်းယွီကို သဘောကျမိသွားရင်တောင်မှ သူတို့မိသားစုများက လက်ခံကြမည်မဟုတ်ပေ။

“ဘာလို့ ငါ့ကို ဒီလိုကြီးကြည့်နေကြတာလဲ။ ငါတကယ်စနေတာပါကွာ။” ကျန်းဟိုင်ယန်က သူ့သူငယ်ချင်းများ၏ မယုံကြည်သေးသည့်မျက်လုံးများကို မြင်ပြီး ချက်ချင်းပင် မျက်လုံးလှန်လိုက်တော့သည်။ “ဒါပေမယ့် ရှောင်လင်းယွီနဲ့ဆက်ဆံတဲ့အချိန် ငါတို့ သတိထားဖို့တောင်လိုတယ်၊ အထူးသဖြင့် ထောင်ယွမ်ရွာမှာပေါ့။ ငါတို့ ဒီနေ့ အကြောင်းမကြားဘဲ ရုတ်ရက်ရောက်သွားကြတာမျိုးပေါ့။ ငါတို့ သူ့ကို ဘယ်လောက်တောင် ဒုက္ခများသွားစေလဲပဲ။”

ယွမ်ရွှမ်ဟောက်က မျက်လုံးလှန်လိုက်ကာ၊ “မင်းရဲ့စကားကို မင်းကိုယ်တိုင်အရင်မှတ်ထားသင့်တာ။ ငါတို့နောက်ဆို သေချာဂရုစိုက်မှဖြစ်မယ်။ ငါတို့က ယောက်ျားလေးတွေဆိုတော့ ဘာမှမဖြစ်ပေမယ့် လင်းယွီက မိန်းကလေးလေ။ ဂုဏ်သတင်းက အရမ်းအရေးကြီးတယ်။”

…..

ရှောင်လင်းယွီကတော့ ကုကျီယဲ့တို့ ယောက်ျားလေးအဖွဲ့ သူမနှင့်ပတ်သတ်သည့် သီးသန့်စကားဝိုင်းတစ်ခု ပြောဆိုနေကြသည်ကို မသိခဲ့သလို နောက်ထပ်ပြဿနာကြီးတစ်ရပ် ဝင်ရောက်လာနေသည်ကိုလည်း မသိခဲ့ပေ။

အချိန်အတော်ကြာ လယ်အလုပ်မလုပ်ခဲ့တာကြောင့် ဒီနေ့အတော်လေး ပင်ပန်းသွားပြီဖြစ်သည်။

သူမ အိမ်ပြန်ရောက်လာသည်မှာ တစ်လကြာသွားပြီဖြစ်သော်လည်း အိမ်တွင်သာ အနည်းအကျဉ်း ကူညီပေးခဲ့ခြင်းဖြစ်သည်။ ဒါက သူမပြန်လာပြီးနောက် လယ်ထဲကအလုပ်ကို အမှန်တကယ်လုပ်တာ ပထမဆုံးအကြိမ်ဖြစ်လေသည်။

သူမငှားထားသည့်အိမ်သို့ရောက်သည်နှင့် အပင်များ၏အခြေအနေကို ကြည့်ရန်အတွက် စိုက်ပျိုးရေးနေရာလွတ်ထဲသို့ ခဏသွားခဲ့လေသည်။ ထို့နောက်မှာတော့ ရေချိုးသန့်စင်ကာ အိပ်ရာဝင်ခဲ့တော့သည်…

***

All Chapters