← Chapters

ပြန်လည်တွေ့ဆုံခြင်း

Vol. 8 Ch. 144

ပြန်လည်တွေ့ဆုံခြင်း

Vol. 8 Ch. 144

ယန်စစ်မင်သည် တစ်နေ့လုံးကားမောင်းလာပြီး ညအချိန်မှသာ ရှင်းယန်ခရိုင်သို့ ရောက်ရှိလာခဲ့သည်။ သူက အနားယူရန်အတွက် ဟိုတယ်တစ်ခုရှာလိုက်ကာ ထိုနေရာမှာ ကုမိသားစုဟိုတယ်ဖြစ်နေလေသည်။

သူ ခနအနားယူပြီးနောက် ဗိုက်ဆာလာတာကြောင့် တစ်ခုခုစားရန်အတွက် ဟိုတယ်အောက်ထပ်မှ စားသောက်ဆိုင်သို့ ဆင်းလာခဲ့သည်။ သို့သော်လည်း ဟိုတယ်စားသောက်ဆိုင်သို့ရောက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်း သူ မှင်သက်သွားခဲ့ရသည်။ စားသောက်ဆိုင်တစ်ခုလုံး လူတွေမှအပြည့်ပင်။

‘ဒီလူတွေဘာဖြစ်ကုန်ကြတာလဲ။ လိုက်နာသင့်တဲ့အမူအကျင့်တွေကို လုံးဝမရှိကြဘူး။ ယောက်ျားတွေကလည်း မိန်းမတွေကို မညှာတာဘူး။ မိန်းမတွေကလည်း ကလေးတွေကိုတောင် မညှာဘူး…’ သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ စားပွဲလွတ်တစ်လုံးမှ မရှိသည်ကို သိလိုက်ရလေသည်။ သူလည်း ဗိုက်ဆာနေတာကြောင့် တခြားလူများနှင့် တစ်စားပွဲတည်းပေါင်းထိုင်ဖို့သာ ရှိတော့သည်။ သူ့စိတ်ကတော့ ရှုပ်ထွေးလို့နေခဲ့သည်။ ‘ဒီကအစားအသောက်တွေက အဲ့လောက်တောင် အရသာရှိလို့လား။’

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူစိမ်းတွေနဲ့ အတူထိုင်စားရတာကိုတော့ မကြိုက်ဘူး။ “ဝိတ်တာ၊ မင်းတို့မှာ စားပွဲအလွတ် ဒါမှမဟုတ် သီးသန့်ခန်းတွေ ရှိသေးလား။” ယန်စစ်မင်က မေးလိုက်သည်။

ဝိတ်တာက ယဉ်ယဉ်ကျေးကျေးပင် ပြန်ဖြေလာလေသည်။ “လူကြီးမင်း, စိတ်မကောင်းပေမယ့် ကျွန်တော်တို့မှာ အခန်းအလွတ်မကျန်တော့ပါဘူး။ အလျင်မလိုရင်တော့ ကိုယ့်အခန်းမှ ပြန်စောင့်နိုင်ပါတယ်။ ကျွန်တော်တို့မှာ စားပွဲလွတ် ဒါမှမဟုတ် အခန်းလွတ်ရှိသွားတဲ့အချိန်ကျရင် လူကြီးမင်းကို လှမ်းခေါ်ပေးပါ့မယ်။ ဒီလိုဆို အဆင်ပြေမလား။” ထို့နောက် ဝိတ်တာက ထပ်ပြောလိုက်သေးသည်။ “တကယ်လို့ အလျင်လိုနေတယ်ဆိုရင်တော့ ကျွန်တော်တို့ တောင်းပန်ပါရစေ၊ တခြားဧည့်သည်တွေနဲ့ တစ်ဝိုင်းတည်း အတူထိုင်လို့ပဲ ရပါမယ်။”

ယန်စစ်မင် ခဏလောက်တွေးကြည့်လိုက်ပြီးနောက်၊ “ဒါဆိုလည်း ငါ့အခန်းမှာပဲ အရင်သွားနားလိုက်ဦးမယ်။ မင်းတို့မှာ နေရာလွတ်ရှိရင် အခန်းနံပါတ် 8888 ကို ဆက်သွယ်ပေးပါ။”

“ဟုတ်ကဲပါ၊ ဒါပေမယ့် လူကြီးမင်း..” ဝိတ်တာက တလေးတစားဖြင့် အဖြေပေးလိုက်သည်။ “လူကြီးမင်းသာ စောင့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဟိုတယ်ရဲ့ အထူးဟင်းပွဲကို အရသာခံနိုင်ဖို့ မှီတော့မှာမဟုတ်လောက်ဘူး။”

ယန်စစ်မင် မျက်ခုံးအသာပင့်လိုက်မိကာ ပြန်မေးလိုက်သည်။ “အထူးဟင်းပွဲလား။”

“ဟုတ်ပါတယ်၊ ကျွန်တော်တို့ဟိုတယ်က အသီးအရွက်ဟင်းပွဲတွေကိ အထူးဟင်းပွဲအနေနဲ့ တည်ခင်းဧည့်ခံပါတယ်။ ဒါက ပုံမှန်အသီးအရွက်တွေနဲ့ မတူပါဘူး။ ကျွန်တော်တို့ရဲ့ ဟင်းပွဲမျိုး လူကြီးမင်း တစ်ခါမှ မစားဖူးလောက်တာကို အာမခံပါတယ်။”

ယန်စစ်မင် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြန်ကာ စားပွဲတိုင်းတွင် အသီးအရွက်ဟင်းပွဲများပါနေပြီး လူတွေကလည်း ထိုဟင်းပွဲအတွက် လုနေကြတာဖြစ်လေသည်။ ယန်စစ်မင် စိတ်ရှုပ်သွားရသည်။ အသီးအရွက်တွေက ဘာလို့ ဒီလောက်နာမည်ကြီးနေရလဲ သူမတွေးတတ်တော့ပေ။ ပင်လယ်ခရုလိုမျိုး ဈေးကြီးတဲ့ပါဝင်ပစ္စည်းတွေကမှ ဟိုတယ်ကြီးတွေရဲ့ လူကြိုက်အများဆုံး ဟင်းပွဲတွေ ဖြစ်သင့်တာမဟုတ်ဘူးလား။

ယန်စစ်မင်၏မျက်နှာထက် ညှို့ဓာတ်ပြင်းသည့်အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။ “အိုး.. စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် ဒီဟင်းပွဲတွေနဲ့ပတ်သတ်ပြီး ပြဿနာတော့ မရှိဘူးမဟုတ်လား။ ငါကြားထားတာတော့ တချို့စားသောက်ဆိုင်တွေက ဘိန်းပန်းခြောက်တွေလိုမျိုးကို ဟင်းခတ်အမွှေးအကြိုက်လိုသုံးပြီး စီးပွားရေးဈေးကွက်ချဲ့ကြတယ်တဲ့။”

ဝိတ်တာက တယဉ်တေကျေးဖြင့်သာ ပြန်ဖြေလာလေသည်။ “လူကြီးမင်း ဒါတော့ မစိုးရိမ်ပါနဲ့။ ကုမိသားစုဟိုတယ်က ရှင်းယင်ခရိုင်မှာ တည်ရှိလာတာ နှစ်ပေါင်းသုံးဆယ်ရှိပါပြီ။ ကျွန်တော်တို့ဟိုတယ်ရဲ့ ဂုဏ်သတင်းက သန့်ရှင်းကောင်းမွန်ပါတယ်။ ဒါပေမယ့် လူကြီးမင်းလိုပဲ ဧည့်သည်တော်တော်များများလည်း ဒီလို တူညီတဲ့မေးခွန်းမေးဖူးကြပေမယ့် အရသာကိုမြည်းကြည့်ပြီးတာနဲ့ တကယ်စစ်မှန်တဲ့အရသာဆိုတာ သူတို့သိသွားကြပါတယ်။”

ပြောရရင် ဘိန်းသည်က အနံ့မှမရှိဘဲ။

ဝိတ်တာကထပ်ပြီး ယဉ်ယဉ်ကျေးကျေး မေးလိုက်ပြန်သည်။ “ဒါဆို လူကြီးမင်း၊ ကျွန်တော်တို့ရဲ့ အထူးဟင်းပွဲကို မြည်းကြည့်ချင်ပါလား။”

“ကောင်းပြီလေ၊ မင်းတို့ဟိုတယ်ရဲ့ အထူးဟင်းပွဲတွေက ဘယ်လောက်ထူးခြားလဲ ကြည့်ရတာပေါ့။ ပြင်ဆင်ပြီးရင် ငါ့အခန်းကိုယူသွားမယ်။”

ဝိတ်တာက ပြုံးလိုက်ကာ၊ “ကောင်းပါပြီ၊ လူကြီးမင်း။ ခနထိုင်ပြီး မှာယူမှုလုပ်ပေးပါ။” ဝိတ်တာက ယန်စစ်မင်ကို အနားယူသည့်နေရာသို့ခေါ်သွားကာ မီနူးတစ်ခု ကမ်းပေးလိုက်သည်။

ယန်စစ်မင် မီနူးကိုဖွင့်ကြည့်လိုက်ရာ အထူးဟင်းပွဲအားလုံးသည် တကယ်ကို အသီးအရွက်ဟင်းပွဲတွေချည်းဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ သို့ပေမယ့် ဈေးနှုန်းကတော့ Zမြို့ရှိ ကြယ်ငါးပွင့်ဟိုတယ်ကြီးများထက်တောင်မှ မြင့်လှကာ ရယ်စရာကောင်းလှသည်။

ယန်စစ်မင်သည် မီနူးကိုကြည့်ရင်း “ဂေါ်ဖီထုပ်ကြော် ၈၈ယွမ်၊ ခရမ်းသီးနှပ် ၉၈ယွမ်၊ အသားအစပ်ကြော် ၁၀၈ယွမ်၊… ပြီးတော့ ခရမ်းချဉ်သီးသုပ်က ၆၈ယွမ်…”

‘ဒီဟိုတယ်က လူတွေကို ဓားပြတိုက်နေတာလား။ အသီးအရွက်ဈေးက အသားဈေးထက်တောင်မှ ပိုကြီးနေသေးတယ်။’

Zမြို့ရှိ ကြယ်ငါးပွင့်ဟိုတယ်တွင်တောင်မှ ဂေါ်ဖီထုပ်ကြော်တစ်ပွဲကို ယွမ် ၄၀မှ ၅၀သာ ပေးရပေမယ့် ဒီမှာတော့ နှစ်ဆလောက်ရှိတယ်။

‘ဒီဟင်းပွဲတွေ အဲ့လောက်တောင် အရသာကောင်းလို့လား။’

ယန်စစ်မင် အတော်လေး စိတ်ဝင်စားသွားသည်။ ထိုလူသည် တကယ်ကို စိတ်ဝင်စားတဲ့အရာတွေ များလှပေသည်။ ထိုထဲတွင် အစားအသောက်လည်းပါဝင်သည်။ ဒီစားသောက်ဆိုင်က ဒီလောက်တောင် ဈေးတင်ထားမှတော့ အစားအသောက်တွေကလည်း ကောင်းလောက်မယ်။

ယန်စစ်မင်သည် အသီးအရွက်ဟင်းပွဲအားလုံးကို မှာလိုက်သော်လည်း ဝိတ်တာက ထိုဟင်းပွဲအများစုမှ ရောင်းကုန်သွားပြီဟု ပြောလာလေသည်။

ယန်စစ်မင်၏မျက်နှာက မည်းမှောင်လာကာ မပျော်မရွင်ဖြင့် ပြောလာတော့သည်။ “မင်းတို့ဟိုတယ်က ဘာလဲကွ။ ဒီလို ပစ္စည်းပြတ်တာမျိုးမဖြစ်အောင် ပါဝင်ပစ္စည်းတွေကို များများ ပိုဝယ်ထားသင့်တယ်မဟုတ်ဘူးလား။”

ဝိတ်တာက တောင်းပန်လာခဲ့သည်။ “တောင်းပန်ပါတယ် လူကြီးမင်း။ ကျွန်တော်တို့ရဲ့ ဟင်းသီးဟင်းရွက် တင်သွင်းမှုက အကန့်အသတ်ရှိလို့ပါ။ ဒါကြောင့် ကျွန်တော်တို့ဟင်းပွဲတွေရဲ့ အရေအတွက်ကိုလည်း ကန့်သတ်ထားရတာပါ။”

ဒါက ယန်စစ်မင်ကို ထပ်ပြီး အံ့အားသင့်သွားစေပြန်သည်။ “အသီးအရွက်ဝယ်ဖို့ အကန့်အသတ်ရှိတယ်လား။ ဒါမျိုး ငါပထမဆုံးကြားဖူးတာပဲ။”

ဝိတ်တာက ပြန်ရှင်းပြလာခဲ့သည်။ “ဒီဟင်းသီးဟင်းရွက်တွေက သာမာန်မဟုတ်သလို စိုက်ပျိုးတဲ့သူဘက်ကလည်း အကန့်အသတ်နဲ့ပင် ပို့ပေးနိုင်လို့ပါ။” အနည်းဆုံးတော့ ဥက္ကဌကုက သူတို့ကို ထိုသို့ ပြောထားလေသည်။

ယန်စစ်မင်လည်း မီနူးကို ချလိုက်ကာ၊ “ကောင်းပြီလေ၊ ဒါဆိုလည်း မင်းတို့မှာ ရှိသေးတဲ့ဟင်းပွဲတွေ ယူလာခဲ့။”

“ဟုတ်ကဲ့ပါ၊ လူကြီးမင်း။ ဒါဆို အခန်းထဲမှာ အနားယူရင်း စောင့်ပေးပါဦးနော်။” ထိုသို့ဖြင့် ဝိတ်တာက ပြန်ထွက်သွားလေသည်။

ယန်စစ်မင် သူ့အခန်းဆီသို့ ပြန်ရောက်ပြီးမကြာခင်မှာပဲ ဝိတ်တာက ဟင်းပွဲများ ပို့လာပေးခဲ့သည်။

ဝိတ်တာက ဟင်းပွဲပေါ်မှ အဖုံးကိုလှပ်လိုက်သည်နှင့် မွှေးပျံ့လှသည့် အနံ့သင်းသင်းက သူ့နှာခေါင်းဝသို့ တိုးဝှေ့လာတော့သည်။ ယန်စစ်မင် အနံ့ခံကြည့်လိုက်ရာ ထိုအနံ့သင်းသင်း၏ဆွဲဆောင်မှုကို ခံလိုက်ရလေသည်။

သူ့အခန်းသို့ ဟင်းပွဲသုံးပွဲလာပို့လာခြင်းဖြစ်ကာ၊ ဂေါ်ဖီထုပ်ကြော်၊ ခရမ်းချဉ်သီးသုပ်နှင့် ဝက်ဗိုက်သားကြက်သွန်ဖြူကြော်တို့ ပါဝင်လေသည်။

“လူကြီးမင်းရဲ့ မှာယူမှုအားလုံးဆုံသွားပါပြီ။ တခြားဘာများလိုအပ်ပါသေးလဲ။”

ယန်စစ်မင်က ခေါင်းယမ်းလိုက်သည်။ “မလိုတော့ဘူး။ ကျေးဇူးပဲ။”

ဝိတ်တာထွက်သွားပြီးနောက် ယန်စစ်မင်က တူကိုကောက်ကိုင်ကာ ဂေါ်ဖီကြော်တစ်ဖက်ကို ယူပြီး မြည်းကြည့်လိုက်လေသည်။ ထို့နောက် သူ့ပုံစံက အလွန်အံ့ဩသွားခဲ့ပြီးနောက် သက်ပြင်းချလာခဲ့သည်။ “အရသာရှိလိုက်တာ။ ဒီလောက်ဈေးကြီးနေတာ မထူးဆန်းတော့ပါဘူး။”

မကြာခင်မှာပဲ ဟင်းပွဲအားလုံးကို အပြောင်ရှင်းနိုင်လိုက်လေသည်။ ယန်စစ်မင်လည်း တူကို ချလိုက်တော့သည်။ သူ ထမင်းနှစ်ပွဲနှင့် ဟင်းသုံးပွဲတောင် စားလိုက်ခြင်းပင်။ ဒီလိုကောင်းကောင်းမစားဖြစ်တာ အတော်လေးကြာခဲ့ပြီဖြစ်သည်။

ယန်စစ်မင်၏ နဂိုက ထုံထိုင်းညောင်းညာနေမှုများက ချက်ချင်းပင် ပျောက်ကွယ်သွားကာ အားအင်ပြည့်ဝလာတော့သည်။ ယန်စစ်မင်သည် ဤမြို့ငယ်လေးတွင် သူငယ်ချင်းတစ်ယောက်မှ မရှိတာကြောင့် ဘယ်မှသွားစရာလည်း မရှိပေ။ ဒါကြောင် မကြာခင်မှာပဲ သူအိပ်မောကျသွားတော့သည်။

ယန်စစ်မင်သည် မနက်စောစောထကာ လေ့ကျင့်ခန်းလုပ်တတ်သည့် အလေ့အကျင့်တစ်ခုရှိထားသသည်။

ကောင်းကင်တွင် အလင်းရောင်သန်းလာသည်နှင့် သူက အားကစားဝတ်စုံလွဲကာ ပြေးဖို့ထွက်လာခဲ့သည်။ သို့သော်လည်း သူ အောက်ထပ်သို့ ဆင်းလာချိန်မှာပဲ သူ့မျက်လုံးများက ချက်ချင်းပင် ကျဉ်းမြောင်းသွားတော့သည်။

“ဒါက.. ရှောင်လင်းယွီမလား။ ဘာလို့ ဒီကိုရောက်နေတာလဲ။”

ယန်စစ်မင် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီးနောက် တစ်ယောက်ယောက်၏ စကားသံကို ကြားလိုက်ရလေသည်။

“မစ္စရှောင်၊ အသီးအရွက်တွေ ငါ့ကိုလာယူခိုင်းလို့ရတယ်လေ။ မင်း တကူးတကလာပို့ဖို့မလိုပါဘူး။” မန်နေဂျာဝမ်က ပြောလိုက်ခြင်းပင်။ “မနက်အစောကြီးရှိသေးတယ်၊ ပစ္စည်းတွေကလည်း အများကြီးကို။ မိန်းကလေးတစ်ယောက်အတွက် ပင်ပန်းတာပေါ့။”

ရှောင်လင်းယွီက ပြုံးလိုက်လေသည်။ “ကျွန်မက အမြင်လောက် အားမနည်းပါဘူး။ ပြီးတော့ ကျွန်မအိမ်ပြန်ဖို့ အလျင်လိုနေလို့ ကိုယ်တိုင်ပဲ လာပို့လိုက်တာ။” မနေ့တုန်းက သူတို့ မြေပဲ၊ ပဲပိစပ်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခဲ့ကြသည်။ ဒါကြောင့် ထိုအပင်များကို စမ်းရေလောင်းပေးဖို့အတွက် သူမပြန်ရပေမည်။

မန်နေဂျာဝမ်က၊ “ဘာပဲဖြစ်ဖြစ် ငါ့ကို လှမ်းခေါ်လိုက်သင့်တယ်။ ငါ အသီးအရွက်တွေ စောစော လာယူပေးမှာပေါ့။”

ရှောင်လင်းယွီက ရယ်မောလိုက်ကာ သူမမပြန်ခင် စကားအနည်းငယ် ဆက်ပြောခဲ့ကြလေသည်။

“ရှောင်လင်းယွီ၊” တစ်ယောက်ယောက် သူမနာမည်ကို ခေါ်လိုက်သည်အား ကြားလိုက်ရကာ အသံကလည်း အလွန်ရင်းနှီးနေလေသည်။ ရှောင်လင်းယွီ ထိတ်လန့်သွားတော့သည်။ “မဖြစ်နိုင်တာ။ သူ ငါ့နောက် လိုက်လာတာလား။” ရှောင်လင်းယွီ ဘာမှမကြားသလိုဟန်ဆောင်ပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ ယန်စစ်မင်က ထပ်အော်လိုက်ပြန်သည်။ “ရှောင်လင်းယွီ မင်းရှေ့တစ်လှမ်း ဆက်တိုးရဲတိုးကြည့်စမ်း။”

မန်နေဂျာဝမ်လှည့်ကြည့်လိုက်ကာ အလွန်ကိုမှချောမောသော်လည်း တစ်နည်းနည်းဖြင့် ဆိုးသွမ်းပုံပေါ်သည့် အမျိုးသားတစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ရလေသည်။

မန်နေဂျာဝမ်သည် ဉာဏ်ကောင်းသူဖြစ်သည်။ ရှောင်လင်းယွီက ထိုအမျိုးသားနှင့် စကားပြောချင်ဟန်မတူကြောင်း သတိပြုမိသည်နှင့် သူက ချက်ချင်းပင် ယန်စစ်မင်ရှေ့သို့ ပိတ်ရပ်လိုက်လေသည်။ “လူကြီးမင်း၊ လူမှားနေပြီထင်ပါတယ်။”

ယန်စစ်မင်က သူ့ကိုလုံးဝဂရုမစိုက်ဘဲ ဝမ်ကျီမင်ကို အေးစက်စက်ပြောလိုက်သည်။ “ငါ့လမ်းက ဖယ်စမ်း။”

ရှောင်လင်းယွီ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် နောက်လှည့်ကြည့်လာကာ အပြုံးတစ်ပွင့်ဖြင့် စကားစလိုက်သည်။ “မစ္စတာယန်၊ တိုက်ဆိုင်လိုက်တာ။ ရှင် ဘာလို့ ရှင်းယင်မြို့ကို ရောက်လာတာလဲ။”

ယန်စစ်မင်က ခပ်ညစ်ညစ်ပြုံးလိုက်ကာ၊ “ရှောင်လင်းယွီ၊ မင်းသိပြီးသားအဖြေအတွက် ဘာလို့မေးနေသေးတာလဲ။ မင်းအတွက် အထူးတလည် ငါရောက်လာတာလေ။”

ဘေးတွင်ရပ်နေသည့် မန်နေဂျာဝမ်က ထိုစကားကိုကြားပြီး အံ့ဩသွားတော့သည်။ သူက အနည်းငယ် သိချင်သွားကာ မှန်းဆချက်တစ်ခုပါ ထွက်လာခဲ့သည်။ ‘ဒီလူက မစ္စရှောင်ရဲ့ချစ်သူလား။ သူ့ကြည့်ရတာ… တော်တော်တော့ချောသားပဲ။’

ရှောင်လင်းယွီက ချက်ချင်းပင် ပြန်ပြောလိုက်သည်။ “မစ္စတာယန်ကတော့ ကျွန်မကို စနေပြန်ပါပြီ။ ဒါပေမယ့် Zမြို့မှာ ရှင့်ကိုစောင့်ဆိုင်းနေတဲ့ မိန်းကလေးတွေ အများကြီးရှိသေးတယ်လေ။ ကျွန်မက သာမာန်လယ်တောသူလေးပါ။ ဘာလို့ ကျွန်မအတွက်နဲ့ ဒီလောက်အချိန်ကုန်ခံနေရတာလဲ။”

ယန်စစ်မင်၏အပြုံးက ပိုလို့ပင် တောက်ပလာသော်လည်း ဒီတစ်ကြိမ်တွင်တော့ လှောင်ရိပ်တစ်ချို့ရှိနေခဲ့သည်။ “တကယ်တော့.. ငါ မင်းကိုလာရှာရတာ ရှို့တစ်ခုကြည့်ချင်လို့ပဲ။”

ရှောင်လင်းယွီ ရှက်သွားသော်လည်း မြန်မြန်ဆန်ဆန်ပဲ စိတ်ကို ပြန်ထိန်းညှိလိုက်သည်။

“ဘာရှိုးလဲ။” ရှောင်လင်းယွီ နားမလည်ပေ။ “ဘာကိုဆိုလိုတာပဲ။”

“မင်း အခုထိ မသိသေးဘူးလား။ မင်းရဲ့ရည်းစားဟောင်း ချန်းယန်၊ ပြန်ရောက်နေပြီလေ။”

“ဘာ??” ဒီတစ်ခေါက်တော့ ရှောင်လင်းယွီ တကယ်ကို ထိတ်လန့်သွားလေသည်။ မနေ့ကပဲ ဒေါ်လေးချန်းထံက ချန်းယန် အကြောသေသွားတဲ့အကြောင်း ကြားထားတာလေ။ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ။

“အံ့ဩသွားလား။” ယန်စစ်မင် ဝမ်းသာအားရပုံစံဖြင့် ပြောလာခဲ့သည်။ “သူ့ ခွဲစိတ်မှုက အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်မီ သွေးမသွင်းနိုင်ခဲ့ဘူးလေ။ သူ့ရဲ့အာရုံကြောတွေက သွေးမလျှောက်တော့ ရှော့ခ်ဖြစ်သွားတာ။ ဒီလိုနဲ့ အကြောသေသွားတာပဲ။ သူ့မိဘတွေက နေ့တိုင်း ဆေးရုံရှေ့သွားပြီး ပြဿနာရှာကြတယ်လေ။ ချန်းယန်ကိုတောင် သူတောင်းစားတစ်ယောက်လို့ ရှေ့မှာ ချထားကြတာ။ မနေ့ကပဲ ချန်းတဟွာဆီ ဖုန်းတစ်ကော ဝင်လာတယ်။ ဖုန်းပြောပြီးတာနဲ့ ချက်ချင်းပဲ သူတို့အထုပ်တွေသိမ်း၊ ရထားလက်မှတ်ဝယ်ပြီး ထွက်သွားကြတာ။”

ရှောင်လင်းယွီ ကြားလိုက်ရသည့် စကားများကို မယုံနိုင်ဖြစ်နေခဲ့သည်။ အထူးသဖြင့် ချန်းယန်၏မိဘများက သူ့ကို ရုပ်သေးတစ်ခုလို အသုံးချနေသည့်အချက်ကိုပေါ့။ ဘယ်လိုလုပ်ပြီး ကိုယ့်ရဲ့အကြောသေနေတဲ့သားကို တောင်းစားတဲ့ရုပ်သေးတစ်ခုလို အသုံးချနိုင်ရတာလဲ။

“ပြီးတော့ သူတို့အလျင်စလိုပြန်သွားကြတာ မင်းက မြေတွေငှား၊ ကားအသစ်တွေဝယ်စီးနေတဲ့ သတင်းကို ကြားလိုက်ရလို့ဆိုပြီးလည်း ငါကြားထားသေးတယ်။”

“ဘာ?!” ရှောင်လင်းယွီ အလွန်ထိတ်လန့်သွားတော့သည်။

***

All Chapters