ရန်ဖြစ်ကြပြီ
Vol. 8 Ch. 145
“အဲ့ဒီရှောင်လင်းယွီက မိန်းမပျက်မှန်း ငါသိသားပဲ။ ငါ့ယန်အာနဲ့ လမ်းခွဲပြီးရုံရှိသေး ယောက်ျားမျိုးစုံနဲ့ တွဲခုတ်နေပြီ။ ငါ့ရဲ့သနားစရာယန်အာ… သူ့မှာတော့ ကျန်တဲ့ဘဝတစ်လျှောက် အိပ်ရာထဲကနေ မထွက်နိုင်တော့ဘူး။ သူ့အညစ်အကြေးတွေကို သန့်ရှင်းဖို့တောင် သူ့မိဘတွေကိုပဲ အားကိုးနိုင်တော့တယ်။ ဒီကမ္ဘာမှာ တရားမျှတမှုဆိုတာရော ရှိသေးရဲ့လား။” လန်အာယင်းက မြေပေါ်တွင် ထိုင်ကာ အော်ကြီးဟစ်ကျယ်ပြောဆိုနေလေသည်။ “ငါ့ယန်အာကို သစ္စာဖောက်သွားတာ ရှောင်လင်းယွီလေ။ ဒါပေမယ့် သူကပြန်ပြီးတောင် ငါ့သားက ဖောက်ပြန်ပါတယ်ဆိုပြီး ချောက်ချလိုက်သေးတယ်။ ရက်စက်တဲ့မိန်းမ။ ဒီလိုမိန်းမပျက်မျိုးကို မိုးနတ်မင်းကြီးက ဘာလို့များ အပြစ်မပေးရတာလဲ။”
လန်အာယင်းနှင့် ချန်းတဟွာသည် ညသန်းခေါင်ကျော်ကနေပြီး မိုးသောက်အထိ ပြဿနာရှာနေခဲ့သည်။ ရှောင်လင်းယွီ ယောက်ျားတစ်စုနှင့် ထွက်သွားကြောင်း ကျန်းချွမ်းကျောင်းဆီက ကြားလိုက်သည်နှင့် လန်အာယင်းလက်ထဲ ကျည်အသစ်ထပ်ဖြည့်ပေးလိုက်သလိုပင်။ သူမက အမျိုးမျိုးဆဲဆိုကာ ရှောင်လင်းယွီကို စွပ်စွဲနေတော့သည်။
မေမေရှောင်မှာ ထိုစကားများကြောင့် အလွန်ဒေါသထွက်လာပြီး မျက်နှာတစ်ပြင်လုံးစိမ်းပုပ်လာတော့သည်။ “လန်အာယင်း၊ နင်က အမှန်တရားကိုတောင် ဘယ်လိုလှည့်ပြောရမလဲ တော်တော်သိတာပဲ။ ချန်းယန်ကသာ ချမ်းသာတဲ့သခင်မလေးနောက်ပါသွားတဲ့အပြင် သူ့ဂုဏ်သတင်းကိုထိခိုက်မှာလဲစိုးလို့ ငါ့ယွီအာကို ဆေးခပ်ပြီး မကောင်းကြံခဲ့တာလေ။ သူကတောင် ငါ့ယွီအာက သူ့ကိုမကောင်းကြံပါတယ်ဆိုပြီး ပြောဖို့ ဘယ်ကမျက်နှာရှိသွားတာလဲ။ မိုးနတ်မင်းမှာသာ မြင်ရင် အဲ့လိုကောင်စုတ်ကိုပဲ အရင်ဆုံးအပြစ်ပေးလိမ့်မယ်။” လန်အာယင်း၏ ဖြစ်စဉ်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်သည့် စကားများကိုကြားပြီးနောက် ရှောင်လင်းယွီ ဝန်ခံခဲ့သည့် စကားများကို ပြန်တွေးမိလာကာ မေမေရှောင်တစ်ယောက် အလွန်ဒေါသထွက်တော့သည်။
“ချန်ချိုးယင်း၊ နင်က နင့်သမီးဘက်ပဲ လိုက်မှာပေါ့။ ငါကမှ အမှန်အတိုင်းပြောနေတာ။” လန်အာယင်းသည် ဆင်ခြင်တုံတရားမဲ့လှသည်။ သူမက ပြဿနာကို အကျယ်ချဲ့နေခြင်းပင်။ သူမက ချန်းယန်၏ဆေးရုံစရိတ်ကို ရှောင်မိသားစုထံကတောင်းပြီး ချန်းယန်၏လက်ကျန်ဘဝတစ်လျှောက်လုံးအတွက်ပါ ရှောင်လင်းယွီကို တာဝန်ယူစေချင်နေခြင်းပင်။ “ချန်ချိုးယင်း၊ နင် ငါတို့ကို ဖြေရှင်းချက်တစ်ခုနဲ့ ငွေပေးရင်ပေး။ မဟုတ်လို့ကတော့ ဒီကိစ္စကို လုံးဝဒီအတိုင်းမထားဘူး။”
ဖေဖေရှောင်သည် အေးစက်စက်မျက်နှာထားဖြင့် ရှေ့သို့ တိုးလာလေသည်။ သူက နှာခေါင်းရှုံ့လိုက်ကာ တင်းမာသည့်အမူအရာဖြင့် မေးလိုက်သည်။ “ချန်းတဟွာ၊ လန်အာယင်း၊ ဒီတော့ မင်းတို့ လာကြတာ ငွေအတွက်ကြောင့်ပဲပေါ့။”
ချန်းတဟွာကလည်း နောက်ဆုတ်မသွားပေ။ သူက အမုန်းတရားအပြည့်ဖြင့် ရှောင်ကျန်းယန်ကိုကြည့်ကာ၊ “မင်းသမီးက ငါ့သားရဲ့ဘဝကိုဖျက်ဆီးသွားတာလေ။ မင်းတို့ ငါတို့ကို အလျော်ပေးသင့်တယ်မဟုတ်ဘူးလား။” သူက ခပ်ကျယ်ကျယ် ပြန်ပြောလေသည်။ “မင်းတို့ သူ့ရဲ့ဆေးရုံစရိတ်ကို ပေးရမယ်၊ ပြီးတော့ မင်းတို့ရှောင်လင်းယွီကလည်း ငါ့ယန်အာကို လက်ထပ်ပြီး သူ့ဘဝတစ်လျှောက်လုံး ပြုစုစောင့်ရှောက်ပေးသွားရမယ်။ ရှောင်လင်းယွီ ငါတို့ယန်အာအပေါ်တင်နေတဲ့အကြွေးပဲ။”
“ချန်းတဟွာ အိပ်မက်သာမက်နေလိုက်။” မေမေရှောင်က ဒေါသတကြီး ပြန်အော်လိုက်လေသည်။ “နင့်သားက သူ့လုပ်ရပ်ကြောင့် သူပြန်ခံရတာ။ ငါ့ယွီအာနဲ့ ဘာမှမဆိုင်ဘူး။ ပြီးတော့ ချန်းယန်က လက်ထပ်ပြီးသားမဟုတ်လား။ သူ့ဇနီးကိုသွားရှာပြီး ဂရုစိုက်ခိုင်းလိုက်ပါ့လား။”
ချန်းယန်သည် ဂုဏ်သတင်းနှင့်ကြွယ်ဝမှုအတွက် သူမတို့သမီးကို သစ္စာဖောက်သွားသူဖြစ်သည်။ သူမက ယွီအာကို ဖျက်ဆီးရန်အတွက် မကောင်းသည့်နည်းလမ်းများကိုပင် အသုံးပြုခဲ့သေးသည်။ ဒါတွေ အားလုံး ချန်းယန်လုပ်ခဲ့တဲ့ အကျိုးဆက်တွေပဲ။ ယွီအာနဲ့ ဘာမှမဆိုင်ဘူး။ ချန်းတဟွာနဲ့ လန်အာယင်းတို့က ရူးနေကြတာပဲ။ သူတို့က ရှောင်မိသားစုဆီက လျော်ကြေးငွေနဲ့ အခမဲ့အလုပ်သမားတစ်ယောက်ပါ လိုချင်လိုက်သေးတယ်။ အရူးတွေ။
လက်ထပ်ထားသည့်ကိစ္စအကြောင်း ထည့်ပြောလိုက်သည်နှင့် လန်အာယင်း ပိုလို့တောင် ဒေါသထွက်သွားတော့သည်။ သူမ၏ချွေးမက ချန်းယန်ကို ဓားနှင့်ထိုးခဲ့ခြင်းဖြစ်ကာ အခုထိ ထောင်ထဲမှာ ရှိနေတုန်းပင်။ ဒီလိုကြောင့်သာမဟုတ်ပါက သူမကို ချက်ချင်းဆွဲခေါ်ပြီး ချန်းယန်ကို စောင့်ရှောက်ခိုင်းလိုက်ပြီဖြစ်သည်။
ဒါပေါ့ သူ့ချွေးမက ထောင်ကျနေတဲ့အကြောင်းကိုတော့ လန်အာယင်း ထုတ်မပြောပါဘူး။
“နင်တို့တော်တော်အရေထူကြတာပဲ။ ရှောင်လင်းယွီကြောင့်သာမဟုတ်ရင် ငါ့ယန်အာက သူ့ဇနီးနဲ့ ကောင်းကောင်းမွန်မွန်နေနေရမှာ။ ဒါတွေအားလုံး ရှောင်လင်းယွီကြောင့်ပဲ။”
“ဟမ့်၊ လန်အာယင်း၊ နင်ကမှ တကယ် အရှက်မရှိတာ။” မေမေရှောင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ ရွံ့ရှာဟန်ဖြင့် ပြောလာခဲ့သည်။ “နင့်ရဲ့သားကောင်းလေးသာ ငါ့ယွီအာကို မကောင်းမကြံခဲ့ရင် သူလည်း သူ့ဇနီးနဲ့ ကောင်းကောင်းမွန်မွန်နေနိုင်မှာပါ။ ဒီတော့ ဒါတွေအားလုံး သူ့ထိုက်နဲ့သူ့ကံပဲ။ သူ့ကိုယ်သူပဲ အပြစ်တင်လိုက်။”
“ချန်ချိုးယင်း၊ ငါနင့်ကိုသတ်မယ်၊ နင်တို့ ငါ့သားအပေါ်လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်။” လန်အာယင်း ရူးသွပ်သွားတော့သည်။ “ငါတို့ ဘဝမကောင်းစားမှတော့ နင်တို့မိသားစုလည်း ကောင်းကောင်းနေရဖို့ မမျှော်လင့်နဲ့။” သူမက ချန်ချိုးယင်းကို အော်ဟစ်ပြီး မြေပေါ်သို့ တွန်းချဖို့ ကြံစည်လိုက်လေသည်။
အန္တရာယ်ကိုမြင်သည်နှင့် ဖေဖေရှောင်က မေမေရှောင်ကို လှမ်းဆွဲလိုက်လေသည်။ လန်အာယင်းမှာ ချန်ချိုးယင်းကို ကျော်သွားကာ အရှိန်ကို ဆက်မထိန်းနိုင်တော့ဘဲ ကျောက်တုံးလေကားကို ဝင်တိုက်မိလေသည်။ အသံကျယ်ကြီးတစ်သံထွက်လာခဲ့ပြီး သူမ အရှိန်ဘယ်လောက်ယူထားကြောင်း မြင်သာလှသည်။ သူမက တကယ်ကိုပဲ မေမေရှောင်ကို ထိခိုက်စေချင်နေခြင်းပင်။
“အား…” လန်အာယင်း၏ နဖူးက ကျောက်တုံးနှင့်တိုက်မိတာကြောင့် သွေးများထွက်လာတော့သည်။
ချန်းတဟွာလည်း ထိုအဖြစ်အပျက်ကြောင့် ဒေါသထွက်လာကာ ရှောင်ကျန်းယန်တို့ဇနီးမောင်နှံကို လက်ညှိုးထိုးပြီး၊ “ရှောင်ကျန်းယန်၊ မင်း… မင်း ဒီတစ်ခေါက်တော့ အရမ်းလွန်သွားပြီ။”
လန်အာယင်းသည် နဖူးဆောင့်မိပြီးနောက် ပြန်ထမလာခဲ့ဘဲ မြေပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်ငိုယိုလာလေသည်။ “အမလေး ဘုရားသခင်ရယ် ကျွန်တော်မျိုးမကို ကူညီပေးပါ။ ဒီရှောင်ကျန်းယန်ဲ့ သူ့မိသားစုက ဒီလောက်ရက်စက်တာ ဘာလို့ သူတို့ကို အပြစ်မပေးရတာလဲ။ ရှောင်လင်းယွီ၊ အဲ့ဒီမိန်းမပျက်က အရက်စက်ဆုံးပဲ။ သူက ကျွန်မသားကို ဒုက္ခရောက်အောင်လုပ်ခဲ့တာ။ သူ့ကြောင့်ပဲ ကျွန်မသားက အကြောသေသွားရတာ။ သူက ကျွန်မတို့ချန်းမိသားစုတစ်ခုလုံးအတွက် ကျိန်စာဆိုးပဲ။ ဘာလို့ သူကျတော့ ကောင်းကောင်းရှင်သန်နေရသေးတာလဲ။ စားသမျှနင်ပါစေ၊ လမ်းပေါ်ထွက်ရင် ကားတိုက်ခံရပါစေ…”
မေမေရှောင်သည်လည်း ဆင်ခြင်တုံတရားပျောက်ဆုံးသွားတော့သည်။ သူမက လှေကားဘက်ကိုသွားကာ လန်အာယင်းကို ရိုက်ချလိုက်တော့သည်။ “အဲ့ဒါတွေအကုန် နင်ပဲခံသင့်တာ။”
ချန်းတဟွာက ဒေါသတကြီး ရှေ့တိုးလာကာ မေမေရှောင်ကို ရိုက်နှက်ဖို့ လက်ကိုမြှောက်လိုက်လေသည်။ သို့သော်လည်း ဖေဖေရှောင်က ရှေ့ကဝင်ရပ်လိုက်ပြီး သူ့လက်ကိုဆွဲထားလိုက်သည်။ “ချန်းတဟွာ၊ မင်းဘာလုပ်ချင်တာလဲ။”
ချန်းတဟွာနှင့် လန်အာယင်းတို့သည် ရှောင်ကျန်းယန်နှင့် ချန်ချိုးယင်းတို့လောက် အရပ်မရှည်သလို သန်မာမှုလည်းမရှိကြပေ။ ဒါ့အပြင် ဆေးရုံအပြင်တွင် ရက်ပေါင်းများစွာ ပြဿနာရှာခဲ့သေးတာကြောင့် သူတို့အတော်လေး ပင်ပန်းနေကြလေသည်။
ဒါကြောင့် ဖေဖေရှောင်၏လက်ကနေ ချန်းတဟွာ ပြန်မရုန်းနိုင်ခဲ့ပေ။
“နင်တို့တွေ ငါတို့ကိုအနိုင်ကျင့်ချင်တယ်ပေါ့။” လန်အာယင်းက ချက်ချင်းထကာ မေမေရှောင်ကို ဒေါသတကြီးအော်လိုက်သည်။ ထို့နောက် မေမေရှောင်၏မျက်နှာကို ကုတ်ခြစ်ဖို့ ကြိုးစားလေသည်။ “ချန်ချိုးယင်း၊ ငါ ဒီနေ့ နင်နဲ့ သူသေကိုယ်သေချမယ်။”
ဒါပေါ့၊ မေမေရှောင်က ဒီအတိုင်း ငြိမ်ကာ အရိုက်ခံမည့်သူမဟုတ်ပေ။ သူမက လန်အာယင်း၏ဆံပင်ကိုဆွဲကာ ဒေါသတကြီးပြန်အော်လေသည်။ “အရူးမ။ နင်ကချချင်တယ်ပေါ့။ ကောင်းပြီလေ ငါလည်း နင်နဲ့လိုက်ကစားပေးရတာပေါ့။”
လန်အာယင်းတစ်ယောက် မေမေရှောင်၏ချုပ်ကွက်ထဲရောက်သွားကာ မေမေရှောင်၏မျက်နှာကို လှမ်းမကုတ်နိုင်တော့ပေ။ ထိုအစား မေမေရှောင်က လန်အာယင်းကို ကန်ထုတ်လိုက်လေသည်။
သူ့ဇနီးက အခွင့်မသာနေသလို သူကလည်း ရှောင်ကျန်းယန်၏ဆွဲထားခြင်းကို ခံနေရတာကြောင့် ချန်းတဟွာသည် ဝိုင်းကြည့်နေသည့် ရွာသားများကို အော်ဟစ်လိုက်တော့သည်။ “မင်းတို့တွေ ဘာလို့ ရပ်ကြည့်နေကြတာလဲ။ မြန်မြန် သူတို့ကိုတားကြလေ။ ချန်ချိုးယင်း ငါ့မိန်းမကို သတ်တာ မြင်ချင်နေကြတာလား။”
ထောင်ယွမ်ရွာကလူတွေက တစ်ယောက်မှမလှုပ်ကြပေ။ တစ်အချက်၊ သူတို့က မေမေရှောင်ကို ထောက်ခံခြင်းဖြစ်သည်။ နှစ်အချက်ကတော့ သူတို့လည်း ချန်းတဟွာကို သည်းမခံနိုင်ပေ။
“မင်း… မင်းတို့ ထောင်ယွမ်ရွာသားတွေ အရမ်းလွန်သွားပြီ။” ချန်းတဟွာက ဒေါသလည်းထွက်သလို စိုးလည်းစိုးရိမ်လာခဲ့သည်။
ထိုအချိန်မှာပဲ အော်သံတစ်သံထွက်လာခဲ့သည်။ “အစ်ကိုကြီး၊ ဘာတွေဖြစ်နေကြတာလဲ။” ဒါကတော့ ချန်းတဟွာ၏ တတိယညီ ချန်းစန်းဟွာ၏အသံပင်ဖြစ်သည်။
ချန်းစန်းဟွာ၏နောက်တွင် ချန်းမိသားစုဝင်များ၊ ချန်းမျိုးနွယ်ရွာမှ ရွာသားတချို့နှင့် လန်အာယင်း၏မိသားစုဝင်တချို့ဖြင့် လူအုပ်လိုက်ကြီး ပါလာလေသည်။
မနေ့ညတုန်းက ချန်းတဟွာက သူတို့ထောင်ယွမ်ရွာကိုသွားပြီး ရှောင်လင်းယွီထံမှ လျော်ကြေးသွားတောင်မည်ဟု ဖုန်းဆက်ပြောထားခဲ့လေသည်။ သူက ရှောင်လင်းယွီကို ချန်းယန်နှင့်လက်ထပ်ပြီး သူမဘဝတစ်လျှောက်လုံး ပြုစုစောင့်ရှောက်သွားဖို့ပါ လိုချင်သေးသည်။ သူတို့ ရှောင်လင်းယွီက တစ်ဘဝလုံး နှိပ်စက်နိုင်ဖို့ပင်။ ချန်းတဟွာသည် သူနှင့်သူ့ဇနီးက ရှောင်မိသားစု၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း သိနေတာကြောင့် ချန်းအာ့ဟွာနှင့် ချန်းစန်းဟွာတို့ကို လူများခေါ်လာရန်အတွက် ကြိုပြောထားခဲ့ခြင်းပင်။ လန်အာယင်းကလည်း သူမမိသားစုကို ခေါ်ထားခဲ့လေသည်။
အစကတော့ ချန်းတဟွာနှင့်လန်အာယင်းတို့၏ မိသားစုများသည် ငွေချေးမှာစိုးတာကြောင့် သူတို့နှက် ဆက်ဆံရေးဖြတ်ထားခဲ့ကြလေသည်။ သို့သော်လည်း ချန်းတဟွာနှင့် လန်အာယင်းတို့က ရှောင်လင်းယွီထံမှ လျော်ကြေးတောင်းချင်နေကြောင်း သိလိုက်ရပြီးနောက်မှာတော့ သူတို့ဘာသာ တိုင်ပင်ဆွေးနွေးလိုက်ကြပြီး နောက်ဆုံးမှာတော့ ဝင်ကူရန် ဆုံးဖြတ်လိုက်လေသည်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပင်။ ရှောင်မိသားစုက ချမ်းသာလို့ပဲ။
သူတို့က မြေငှားစာချုပ်တွေ ချုပ်ကာ ကားတစ်စီးပါ ဝယ်ထားလေသည်။ သင်္ချာမကျွမ်းတဲ့လူဖြစ်နေရင်တောင်မှ ထိုနှစ်မျိုးငှားရမ်း ဝယ်ယူခြင်းက ဘယ်လောက်တောင် ကုန်ကျမလဲဆိုတာ တွက်နိုင်သေးသည်။ ချန်းတဟွာသည် လျော်ကြေးတကယ်ရသွားပါက သူတို့လည်း နည်းနည်းပါးပါး ဝေမျှခံရမည်ဖြစ်သည်။ ပြောရရင်တော့ သူတို့အားလုံး ငွေလိုချင်လို့လာကြတာပင်။
ချန်းစန်းဟွာက ရောက်ရောက်ခြင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒေါသထွက်သွားတော့သည်။ “ရှောင်ကျန်းယန်၊ မင်းတို့ကများ ငါ့အစ်ကိုကြီးနဲ့မရီးကို အနိုင်ကျင့်ရဲတယ်ပေါ့။” သူက ရှောင်ကျန်းယန်၏မျက်နှာကို လက်သီးဖြင့် ထိုးလိုက်လေသည်။ ဖေဖေရှောင်သည် ရှောင်တိမ်းရန်ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့တာကြောင့် အထိုးခံလိုက်ရကာ ချက်ချင်းပင် နှာခေါင်းသွေးများလျှံလာတော့သည်။
ချန်ချိုးယင်းလည်း သူမခင်ပွန်း၏အဖြစ်ကိုမြင်သည်နှင့် မျက်လုံးများပြူးကျယ်ကာ လန့်သွားတော့သည်။ “ယောက်ျား…”
အခုတော့ ချန်းတဟွာတွင် အရေအတွက်အားဖြင့် အသာစီးရသွားပြီဖြစ်တာကြောင့် ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံတော့မည်မဟုတ်ပေ။ ချန်းတဟွာက ရှောင်ကျန်းယန်၏ဗိုက်ကို လှမ်းကန်လိုက်ကာ ရှောင်ကျန်းယန်မှာ နှစ်ပတ်လောက်လိမ့်သွားလေသည်။ ချန်ချိုးယင်းက အမြန်ရောက်လာပြီး သူမခင်ပွန်းကို ကာကွယ်ပေးခဲ့သည်။ လန်အာယင်းက ဘယ်ကမှန်းမသိ ကျောက်တုံးတစ်တုံးကို ကောက်လာကာ ချန်ချိုးယင်း၏ခေါင်းကို လွှဲရိုက်လိုက်လေသည်။
“မြန်မြန်၊ တစ်ယောက်ယောက် သူ့ကို တားကြပါဦး။”
***