← Chapters

ဘဲရုပ်ဆိုးလေး

Vol. 8 Ch. 146

ဘဲရုပ်ဆိုးလေး

Vol. 8 Ch. 146

“ရှောင်လင်းယွီ၊ ဖြည်းဖြည်းမောင်း…”

ရှောင်လင်းယွီသည် ယန်စစ်မင်ထံမှ သတင်းကြားလိုက်သည်နှင့် အလွန် စိုးရိမ်သွားတော့သည်။ ချန်းတဟွာက သူမမိသားစုကို ဒုက္ခပေးမည်မှန်း သူမသိနေလေသည်။

ယန်စစ်မင်သူမကိုပြောပြီး မကြာလိုက်ပါဘဲ ရှောင်ချန်းပမ်းက သူမကိုဖုန်းဆက်လာခဲ့လေသည်။ ချန်းတဟွာနှင့်သူ့ဇနီးက ချန်းယန်ကိုခေါ်ကာ ရောက်လာသည်ဟူ၍ပင်။ သူတို့က ညသန်းခေါင်ကြီး ရှောင်လင်းယွီ၏ခြံရှေ့တွင် အော်ဟစ်ဆဲဆိုနေခဲ့သည်။ ရှောင်ချန်းယမ်းက သူတို့တွေ သူမကို ရှာနေခြင်းဖြစ်တာကြောင့် ရှောင်လင်းယွီကို ပြန်မလာဖို့ လှမ်းပြောခြင်းဖြစ်လေသည်။

ဒါပေမယ့် ရှောင်လင်းယွီ ဘယ်လိုလုပ် မပြန်ဘဲနေနိုင်မှာလဲ။ ပြီးတော့.. သူမအမှားလုပ်ထားတာမှ မဟုတ်တာ။

ရှောင်လင်းယွီသည် ချက်ချင်းပင် ထောင်ယွမ်ရွာသို့ ကားမောင်းကာ ပြန်ခဲ့လေသည်။ ရှောင်လင်းယွီ၏မျက်နှာထက်မှ အမူအရာကိုမြင်လိုက်တာကြောင့် ယန်စစ်မင်သည် ရှောင်လင်းယွီ ငြင်းဆန်နေတာကိုပင် ဂရုမစိုက်ဘဲ ချက်ချင်း ကားထဲ ခုန်ဝင်ခဲ့လေသည်။ သို့သော်လည်း ရှောင်လင်းယွီ၏ ကားမောင်းစကေးက သူ့ကိုအတော်လေး ကြောက်သွားစေခဲ့သည်။

“ရှောင်လင်းယွီ၊ မင်းရပ်လိုက်တော့။ ငါမောင်းမယ်။ ငါဒီမှာတော့ မသေချင်သေးဘူး။” ယန်စစ်မင် တကယ်ကို အလေးအနက်ထားသည့် အမူအရာဖြင့် ပြောလိုက်သည်။

ရှောင်လင်းယွီက မကျေမနပ်ဖြစ်စွာဖြင့်၊ “ရှင့်ကို လိုက်ခဲ့ဖို့ ဘယ်သူခေါ်လို့လဲ။ အဲ့လောက်တောင် မသေချင်သေးရဲ့လည်း ဆင်းနေခဲ့လိုက်။” ရှောင်လင်းယွီသည် ချက်ချင်းပင် ဘရိတ်ကိုနင်းကာ ထိုအမျိုးသားကို ဆင်းခိုင်းလိုက်လေသည်။

ယန်စစ်မင် တကယ်ကို ဆင်းလိုက်သော်လည်း ရှောင်လင်းယွီ မောင်းထွက်သွားမည်စိုးတာကြောင့် ကားတံခါးကိုတော့ မပိတ်ထားခဲ့ပေ။ သူက ယာဉ်မောင်းဘက်ကို လျှောက်သွားပြီး အမိန့်ပေးလိုက်လေသည်။ “ရှောင်လင်းယွီ၊ အခုဆင်း။”

ရှောင်လင်းယွီ နှာခေါင်းရှုံ့လိုက်ကာ၊ “ယန်စစ်မင်၊ ဘာလဲ။ ကျွန်မတို့မိသားစုအရေးက ရှင့်အသက်အန္တရာယ်ကို မမှုရလောက်တဲ့အထိ အဲ့လောက်တောင် စိတ်ဝင်စားဖို့ကောင်းနေတာလား။”

“….” ယန်စစ်မင် သူမကို ကားထဲကနေ ဆွဲထုတ်လိုက်ရင်း၊ “ဟုတ်တယ်။ ဒါပေမယ့် လောလောဆယ် ငါတို့နှစ်ယောက်လုံးရဲ့အသက်အတွက် ပိုစိုးရိမ်တယ်။ မင်း ကားမောင်းနေတာ မတည်မငြိမ်နဲ့လေ။”

ရှောင်လင်းယွီသည် ယန်စစ်မင်ဆင်းလိုက်သည်နှင့် ချက်ချင်း မောင်းထွက်ဖို့ ကြံစည်ထားခဲ့သော်လည်း ထိုလူက သူမအကြံကို ကြိုမြင်နေလေသည်။ ယန်စစ်မင်က မောင်းသူနေရာကိုယူလိုက်ပြီး ရှောင်လင်းယွီလည်း ဘေးခုံတွင် ပြန်ဝင်ထိုင်လိုက်သည်။

ကားက စထွက်လိုက်သည်နှင့် ပြင်းပြင်းထန်ထန် လှုပ်ခါသွားလေသည်။ “ဘယ်လိုတောင် ဆိုးရွားတဲ့ကားလဲ။”

“စီအီးအိုယန်က ငယ်ငယ်ကတည်းက ဇိမ်ခံကားတွေပဲ စီးလာတာဆိုတော့ ဒီလိုမျိုး ယွမ်တစ်သိန်းဝန်းကျင်တန်တဲ့ ခပ်နိမ့်နိမ့်ကားမျိုးကို ဘယ်မောင်းဖူးပါ့မလဲ။”

ယန်စစ်မင်၏မျက်နှာက မဲမှောင်သွားကာ ခပ်ထေ့ထေ့ရယ်လိုက်လေသည်။ “ကောင်မလေး၊ မနက်ကတည်းက မင်းငါ့ကိုအကန်တွေချည်းလုပ်နေတာပဲ။ ငါက မင်းရဲ့ကျေးဇူးရှင်ဆိုတာ မမေ့လိုက်နဲ့ဦး။ ငါ့ကြောင့်သာမဟုတ်ရင် မင်း ဒီလိုအောင်အောင်မြင်မြင် လက်စားချေနိုင်ခဲ့ပါ့မလား။ ကျောက်ဝမ်မန့်တို့သားအဖက ထောင်ထဲရောက်မှာမဟုတ်သလို ချန်းယန်လည်း အကြောသေသွားမှာမဟုတ်ဘူး။ အခုတော့ မင်းက တံတားချိုးတော့မယ်ပေါ့။”

ရှောင်လင်းယွီ၏မျက်နှာက နီမြန်သွားလေသည်။ သူမ ရှက်သွားခဲ့သည်။ ယန်စစ်မင် ပြောတာ အမှန်ပင်။ သူက သူမကို အများကြီးကူညီပေးခဲ့လေသည်။ ယန်စစ်မင်ကြောင့်သာမဟုတ်လျှင် သူမတွင် အစီအစဉ်ရှိလျှင်တောင်မှ ဒီလောက်ချောချောမွေ့မွေ့ပြီးမြောက်နိုင်မှာ မဟုတ်ပေ။ ဒါ့အပြင် ချန်းယန်နှင့် ကျောက်ဝမ်မန့်တို့ကို သူမတစ်ယောက်တည်းသာ ရင်ဆိုင်ပါက အလွန်ကိုမှ ခက်ခဲပေလိမ့်မည်။ ပြောရရင်တော့ ကျောက်တုံးကို ကြက်ဥနဲ့ပေါက်နေသလိုသာ ဖြစ်နေမည်ပင်။

သူမ လက်စားပြန်မချေနိုင်ခင်မှာပဲ ကျောက်ဝမ်မန့်တို့သားအဖက သူမကို Zမြို့ကနေ မောင်းထုတ်လိုက်မည်ဖြစ်သည်။ သို့သော်လည်း ယန်စစ်မင် ပြန်တောင်းဆိုသည် ဆုလာဘ်က အလွန်ကိုမှ လက်ခံရန်ခက်ခဲလှသည်။ ဒါကြောင့်သာ သူမ ထိုလူကို ဤသို့ဆက်ဆံနေရခြင်းပင်။

ရှောင်လင်းယွီ ဗလုံးဗထွေး ရေရွတ်လိုက်သည်။ “အဲ့ဒါ ကျွန်မကို မဖြစ်နိုင်တာတွေ ပြောတဲ့ ရှင့်အမှားပဲလေ။”

ယန်စစ်မင် မျက်ခုံးအသာပင့်လိုက်ပြီး၊ “ဘာကိုဆိုလိုတာလဲ။”

“အဲ့ဒါက… ရှင်…” ရှောင်လင်းယွီ ထုတ်ပြောဖို့ ခက်ခဲနေလေသည်။ “ကျွန်မကို…”

“ငါ့မိန်းကလေးဖြစ်လာဖို့ မင်းကိုပြောခဲ့တာလား။” ယန်စစ်မင်က ခပ်ညစ်ညစ်အပြုံးဖြင့် သူမစကားကို ဆုံးအောင် ဆက်ပြောပေးလိုက်သည်။ “ငါ စနောက်လိုက်ရုံပဲလေ၊ ဒါလေးတောင် သတိမထားမိဘူးလား။ ဒီသခင်လေးယန်က မင်းလို ဘဲရုပ်ဆိုးလေးကို ချစ်မိသွားမယ်လို့ တကယ်ကြီးထင်နေတာလား။ မင်းကိုယ်မင်း အရမ်းအထင်ကြီးမနေနဲ့။”

“ငါတောင် ရှင်းမပြနိုင်ခင်မှာပဲ မင်းက ဒဏ်ရာကြီးနဲ့ ဆေးရုံက ထွက်ပြေးသွားတာလေ။ မင်းက… မင်းကိုယ်မင်း ဘယ်လောက်တောင် မြင့်မြတ်တယ်လို့ ထင်နေတာလဲ။”

“ငါတို့ ဒီနေ့စတွေ့ကတည်းက ငါ့ကိုအကန်တွေချည်းပြောနေတာ။ ငါ့အရေပြားက သတ္ထုနဲ့လုပ်ထားတယ်များထင်နေလား။ ငါက မနာတတ်ဘူးထင်နေလား။”

ရှောင်လင်းယွီ၊ “….”

ယန်စစ်မင်၏လှောင်ပြောင်သည့် စကားအတွဲလိုက်ကြီးက ရှောင်လင်းယွီကို အတော်လေး အရှက်ရသွားစေခဲ့သည်။ သူမမျက်နှာက ပိုလို့တောင် နီရဲလာကာ ပုန်းဖို့ တွင်းတစ်တွင်းလောက်ရှိနေဖို့တောင် မျှော်လင့်မိသွားသည်။ သို့သော်လည်း သူမဘက်က ပြန်နောက်မဆုတ်ချင်ပေ။ “ဒါကတော့ ကျွန်မကို အပြစ်တင်လို့မရဘူးလေ။ ရှင့်ဘာသာ ရှင်းအောင်မပြောတာ။ ကျွန်မကတော့ ငြိမ်ငြိမ်လေးနေပြီး ရှင့်အပျော်မယားတော့ မဖြစ်ချင်ပါဘူး။ ကျွန်မက ရှင့်ကို သဘောတောင်မကျတဲ့လူလေ။ ပြီးတောင် ကျွန်မအမေသာသိသွားရင် ကျွန်မခြေထောက်ကို ရိုက်ချိုးလိမ့်မယ်။ ဘာလို့ ကျွန်မက တခြားတစ်ယောက်ရဲ့ အငယ်အနှောင်းဖြစ်ရမှာလဲ။” ယန်စစ်မင်ဆိုသူသည် လက်ထပ်ယူမည့်လူစားမျိုးမဟုတ်မှန်း ရှောင်လင်းယွီ သိလေသည်။ သူမသာ သူ့မိန်းကလေးဖြစ်ဖို့ သဘောတူလိုက်လျှင် အငယ်အနှောင်းအဆင့်သာ ဖြစ်နေလိမ့်မည်။

“….” ယန်စစ်မင်တစ်ယောက် ရုတ်တရက် အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။

တကယ်တော့ ရှောင်လင်းယွီက အစောကတည်းက သူမကို ရဖို့ခက်ခဲသလို ကစားပြနေသည်ဟု သူတွေးနေခဲ့ခြင်းပင်။ သို့သော်လည်း တစ်လကြာပြီးနောက်မှာတောင် ရှောင်လင်းယွီဘက်က နည်းနည်းလေးတောင် မလှုပ်ရှားလာခဲ့ပေ။ သူကသာ အရင်ဆုံး သည်းမခံနိုင်တော့သူဖြစ်ခဲ့လေသည်။ ဒါကြောင့် ချန်းတဟွာတို့သတင်းကိုကြားသည်နှင့် အကြောင်းပြချက်တစ်ခုရသွားကာ ချက်ချင်းလာရှာခဲ့ခြင်းဖြစ်သည်။

ယန်စစ်မင်သည် ထိုတောသူမလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံ့လိုက်ကာ၊ “ဟဟ၊ မင်းရဲ့ စိတ်ကူးတွေကတော့ အရိုင်းဆန်နေတာပဲ။ မင်းကိုယ်မင်း အရမ်းအထင်ကြီးနေပြီ၊ ဘဲရုပ်ဆိုးလေးရဲ့။”

ရှောင်လင်းယွီ၊ “…” ဒီလူရဲ့လျှောကတော့ ဘာလို့များ ခွင့်မလွှတ်ချင်စရာကောင်းနေရတာလဲ။

သူမကြားထားသည့် ကောလဟာလများအရ သခင်လေးယန်သည် လျှာစောင်းထက်ထက်နှင့် စိတ်သဘောထားကျဉ်းမြောင်းသူတော့ မဟုတ်ပေ။

“ကောင်းပြီလေ၊ ကျွန်မတို့ကြားက အခြေအနေက အဲ့လိုမဟုတ်ဘူးဆိုမှတော့ ကျွန်မလည်း ဝမ်းသာပါတယ်။” ရှောင်လင်းယွီ စိတ်သက်သာရာရသွားသည်။ သူမက သူမရင်ဘက်ကိုပုတ်လိုက်ကာ၊ “ဒါများ စောစောကတည်းက ပြောသင့်တာပေါ့။ ရှင်လုပ်တာနဲ့ ကျွန်မမှာ အကြာကြီး ရင်တထိတ်ထိတ်ဖြစ်နေရတာ။” ယန်စစ်မင်သာ သူမကို တကယ်ပဲ သဘောကျသွားခဲ့တာဆိုရင် သူမဘယ်လို ပြန်တုံ့ပြန်ရမှန်း တကယ်ကို မသိပေ။

ယန်စစ်မင်၊ “….”

ရှောင်လင်းယွီက သူ့ကိုတကယ်ကြီး စိတ်ထဲမထည့်တာကိုမြင်လိုက်ရတာကြောင့် သူ့မျက်လုံးများက နက်နဲသွားလေသည်။

…..

ထောင်ယွမ်ရွာရှိ အခြေအနေကတော့ ဖရိုဖရဲဖြစ်လို့နေလေသည်။ ချန်းတဟွာနှင့် လန်အာယင်းတို့၏မိသားစုများက ရန်ပွဲတွင် ပါဝင်လာကြသည်။

ထောင်ယွမ်ရွာသားများသည် အခြေအနေကိုမြင်သည်နှင့် ရန်ပွဲကို ဖြိုခွင်းရန်ကြိုးစားကြလေသည်။ သို့သော်လည်း ချန်းမိသားစုနှင့် လန့်မိသားစုတို့က ကြားဝင်ညှိနှိုင်းပေးသူများကိုပါ ကန်ကျောက်ထိုးနှက်ခဲ့ကြတာကြောင့် ရန်ပွဲက ပိုကြီးသွားတော့သည်။

ထောင်ယွမ်ရွာရှိ လူငယ်များက ချန်းမိသားစုနှင့် လန်မိသားစုကို ဝိုင်းထားကာ ရိုက်နှက်ကြလေသည်။ သူတို့က ထောင်ယွမ်ရွာကိုလာပြီး ထောင်ယွမ်ရွာသားတွေကို တိုက်ခိုက်တယ်ပေါ့။ ဒီကောင်တွေ နာချင်နေကြတာပဲ။

“ချိုးယင်း၊ အဆင်ပြေရဲ့လား။” ကျိုးယန်က ဗရမ်းဗတာဖြစ်နေသည်ကို အခွင့်ကောင်းယူကာ မေမေရှောင်ကို ဝင်ကူပေးလာခဲ့သည်။ သူမကို လူအုပ်ထဲကနေ ဆွဲထုတ်ပေးလေသည်။ သို့သော်လည်း ချန်ချိုးယင်း၏မျက်နှာထက်မှ သွေးများကို မြင်လိုက်ရတာကြောင့် သူမထိတ်လန့်သွားကာ စိုးရိမ်တကြီး မေးလိုက်လေသည်။ “ချိုးယင်း၊ တကယ်အဆင်ပြေရဲ့လား။”

မေမေရှောင်သည် နာကျင်နေသည့် အမူအရာဖြင့် သူမဗိုက်ကိုဖိထားကာ ခေါင်းအသာယမ်းလာခဲ့သည်။ “အဆင်ပြေတယ်။ မစိုးရိမ်နဲ့။”

ကျိုးယန်က သူမကိုကြည့်လိုက်ပြီး သူမ ဘယ်လိုမှ အဆင်မပြေနေကြောင်း သိလိုက်လေသည်။ “ချိုးယင်း၊ နင့်မျက်နှာတစ်ခုလုံး ဒစ်ရာတွေချည်းပဲလေ။ ဘယ်လိုလုပ် အဆင်ပြေနေမှာလဲ။”

မေမေရှောင်က ခေါင်းထပ်ခါလာခဲ့ပြန်သည်။ “ကျိုးယန်၊ ငါ့ကိုကူညီပြီး ယွီအာကို ဆက်သွယ်ပေးပါဦး။ သူ့ကို ပြန်မလာခဲ့နဲ့လို့ပြောပေး။ ဒီလူတွေက ရူးကုန်ကြပြီ၊ သူ့ကို သတ်ကြလိမ့်မယ်။”

ကျိုးယန်က ခေါင်းညိတ်လိုက်ကာ၊ “ဟုတ်ပြီ ဟုတ်ပြီ၊ ငါအခုပဲ ဖုန်းဆက်လိုက်မယ်။”

သို့သော်လည်း ထိုအခိုက်မှာ စိုးရိမ်နေသည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ “အမေ၊ အဖေ!”

ရှောင်လင်းယွီ ပြေးလာခဲ့သည်။ သူမအမေက သွေးများဖြင့်ဖုံးလွှမ်းနေကြောင်း မြင်လိုက်သည်နှင့် အလွန် ထိတ်လန့်သွားတော့သည်။ “အမေ၊ ဘာဖြစ်သွားတာလဲ။ အဆင်ပြေရဲ့လား။”

“ယွီအာ၊ ဘာလို့ ပြန်လာရတာလဲ။” မေမေရှောင်က မေးလိုက်သည်။

“သမီး…” ရှောင်လင်းယွီ ပြန်ဖြေဖို့တောင် အခွင့်အရေးမရလိုက်ပေ။ အကြောင်းကတော့ ချန်းမိသားစုနှင့် လန်မိသားစုမှလူများက ရှောင်ကျန်းယန်၏ရင်ဘက်ကို လက်သီးနှင့်ထိုးလိုက်သည်အား မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။ ဖေဖေရှောင်သည် သွေးပင်အန်သွားခဲ့လေသည်။ “အဖေ!” ရှောင်လင်းယွီ အော်လိုက်ကာ ချက်ချင်းလူအုပ်ကြီးထဲ တိုးဝင်ဖို့ ကြိုးစားလိုက်သော်လည်း ယန်စစ်မင်က သူမကို တားလိုက်လေသည်။ “မင်းရူးနေလား။ ဒီအရူးတွေက မင်းကိုသတ်ချင်နေကြတာ။”

“ယွီအာ။” ရှောင်လင်းယွီက ရန်ပွဲထဲဝင်တိုးဖို့ပြင်နေကြောင်း မေမေရှောင်လည်း တွေ့သွားကာ ချက်ချင်း တားလာခဲ့သည်။ “ယွီအာ၊ အဲ့ထဲမသွားနဲ့။” ချန်းမိသားစုက သူမသမီးကို လာရှာကြခြင်းဖြစ်သည်။ ယွီအာသာ အလျင်စလိုပြေးဝင်သွားရင် ချန်းမိသားစုက သူမကိုတစ်စစီစုတ်ဖြဲပစ်ပေလိမ့်မည်။ မိန်းကလေးတွေဘာတွေကို ဂရုစိုက်နေကြမည်မဟုတ်ပေ။

ရှောင်လင်းယွီ စိုးရိမ်ပူပန်လာလေသည်။ “ဒါပေမယ့် ကျွန်မတို့ဘာလိုလုပ်ကြမလဲ။ ဘယ်လိုလုပ်ကြမလဲ။” ထို့နောက် သူမက အော်လိုက်တော့သည်။ “ရပ်ကြ။ အားလုံး ရပ်ကြ။”

လန်အာယင်းသည် ထိုအသံကိုကြားသည်နှင့် လူအုပ်ကြီးထွက်မှ တိုးထွက်လာခဲ့သည်။ ရှောင်လင်းယွီကိုမြင်လိုက်သည်နှင့် သူမ၏ရန်သူတော်ကြီးကို ရှာတွေ့သွားသလို အော်ဟစ်ကျိန်ဆဲလာတော့သည်။ “ရှောင်လင်းယွီ၊ ခွေးမ.. နင့်မှာ ပြန်လာဖို့ မျက်နှာရှိသေးတယ်ပေါ့။ ငါနင့်ရဲ့ အဲ့မျက်နှာကို ဆွဲဖြဲပစ်မယ်။”

လန်အာယင်းသည် စုတ်ဖွားနေသည့်ဆံပင်များဖြင့် ပြေးဝင်လာသည်မှာ မကောင်းဆိုးဝါးတစ်ကောင်လိုနှယ်။ သူမက လက်သည်းများကို ထုတ်လာပြီး ရှောင်လင်းယွီ၏မျက်နှာကို အမှန်ပင် ဆွဲကုတ်လေသည်။ “ခွေးမ…”

ရှောင်လင်းယွီကို လန်အာယင်း မထိလိုက်နိုင်ခင်မှာပဲ သူမနောက်ကျောကို ကန့်ချက်ပြင်းပြင်းတစ်ချက် ကျလာခဲ့သည်။

“အား…” လန်အာယင်းတစ်ယောက် နာနာကျင်ကျင်အော်ဟစ်လိုက်လေသည်။

ဒီတော့မှ လူတိုင်းက ရှောင်လင်းယွီနှင့်အတူ ရောက်လာသည့် ယန်စစ်မင်ကို သတိထားမိသွားခြင်းပင်။

သူ့မျက်နှာကို မြင်လိုက်ကြသည်နှင့် သူတို့အားလုံး မှင်သက်သွားကြတော့သည်။ ဒီလူရဲ့မျက်နှာက… အရမ်းလှတာပဲ။ သူ့ရဲ့ကြီးကျယ်ခမ်းနားသည့် ကိုယ်ရှိန်ကိုယ်ဝါကြောင့်သာ မဟုတ်ပါက မိန်းကလေးတစ်ယောက်ဟု အလွယ်တကူ အထင်မှားနိုင်ပေသည်။

“ရှောင်လင်းယွီ၊ နင်က နင်ဖောက်ပြန်နေတဲ့ကောင်ကို တကယ်ကြီး ခေါ်ထုတ်လာတာပဲ။” လန်အာယင်းက အော်ဟစ်လိုက်သည်။ “ခွေးမ၊ ငါ့သား ဒီလောက်ဒုက္ခရောက်ရတာ နင့်ကြောင့်ပဲ။ နင်က နင့်ယောက်ျားကိုပါ ပြန်ခေါ်လာဖို့မျက်နှာရှိသေးတယ်ပေါ့။” သူမက မေမေရှောင်ကိုလည်း လှည့်အော်ပြန်သည်။ “ချန်ချိုးယင်း၊ ဒါ နင့်သမီးကို သင်ပြထားတဲ့ပုံစံပေါ့။ တကယ်ကို အရှက်မရှိတဲ့ အပျက်မပဲ။ ငါ့ယန်အာနဲ့တွဲနေတုန်းမှာကို တခြားယောက်ျားတစ်ယောက်ကိုပါ တွဲနေသေးတယ်။ အရှက်မရှိလိုက်တာ။”

“လန်အာယင်း၊ အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောနဲ့။”

“အားလုံး ရပ်ကြတော့။” ထိုအချိန်မှာပဲ ရွာသူကြီးက အသံချဲ့စက်တစ်လုံးနှင့် ရောက်လာလေသည်။ သူ့နောက်မှာတော့ စိုးရိမ်ပူပန်မှုအပြည့်ရှိနေသည့် ရှောင်မင်ယန်းနှင့် လျိုချွမ်းဟွာတို့ ရှိနေကြသည်။ “အခုချက်ချင်းရပ်ကြစမ်း။”

ရှောင်မင်ယန်းသည် တွေးပင်တွေးမနေဘဲ ရန်ပွဲထဲသို့ တိုးဝင်သွားလေသည်။ လျိုချွမ်းဟွာကလည်း ပြေးလာကာ မေမေရှောင်၏မျက်နှာပေါ်မှ သွေးများကိုမြင်ပြီး ထိတ်လန့်သွားတော့သည်။ “ယောင်းမ၊ အဆင်ပြေရဲ့လား။ ဒီလိုဖြစ်မယ်မှန်းသိရင် ကျွန်မ မင်ယန်းကို ကျွန်မမိဘအိမ်ဆီ ပြန်ခေါ်မသွားပါဘူး။” သူတို့သာ ရှိနေလျှင် ဖေဖေရှောင်နှင့် မေမေရှောင်တို့ ဒီလောက်ဆိုးဆိုးဝါးဝါး အနိုင်ကျင့်ခံကြရမည်မဟုတ်ပေ။

အစကတော့ ချန်းမိသားစုနှင့် လန်မိသားစုသည် အသာစီးရနေခဲ့သော်လည်း သူတို့က ထောင်ယွမ်ရွာတွင် ရှိနေခြင်းဖြစ်သည်… ရွာသားများစုဝေးလိုက်ချိန်မှာတော့ အရေအတွက်က သူတို့မိသားစုနှစ်စုကို ကျော်လွန်သွားခဲ့သည်။ ဒါကြောင့် ရွာသူကြီးရောက်လာချိန်တွင် သူတို့က လက်များကိုမြှောက်ကာ အော်လိုက်လေတော့သည်။ “ဟုတ်ပြီ၊ ဟုတ်ပြီ။ ငါတို့ ဆက်မတိုက်တော့ဘူး။”

***

All Chapters