← Chapters

ရှောင်လင်းယွီ၏ဒေါသ

Vol. 8 Ch. 147

ရှောင်လင်းယွီ၏ဒေါသ

Vol. 8 Ch. 147

“ရပ်ကြတော့။ ငါရဲခေါ်ထားပြီးပြီ။” ရွာသူကြီးက အသံချဲ့စက်နှင့် ထပ်အော်လိုက်ပြန်သည်။

ရွာလူကြီးရောက်လာချိန်တွင် ချန်းမိသားစုက အရိုက်ခံနေရခြင်းဖြစ်သည်။ ရွာသူကြီး၏စကားကိုကြားသည်နှင့် အားလုံး ရပ်လိုက်ကြလေသည်။

မေမေရှောင်နှင့် ဖေဖေရှောင်ကလွဲပြီး ထောင်ယွမ်ရွာမှ လူများမှာ များများစားစား ထိခိုက်ခဲ့ခြင်းမရှိပေ။ တစ်ဖက်မှာတော့ ချန်းတဟွာနှင့် ချန်းမျိုးနွယ်ရွာကလူများမှာ ဆိုးဆိုးရွားရွား ကွဲပြဲနေကြလေသည်။

ထောင်ယွမ်ရွာသားများက ဖေဖေရှောင်ကို ကူထူပေးလိုက်ကြသည်။ ရှောင်လင်းယွီသည် ဗိုက်ကိုဖိထားပြီး ထော့နဲ့ထော့နဲ့ဖြစ်နေသည့် သူမအဖေကိုမြင်လိုက်ရသည်နှင့် ချက်ချင်းပင် ပြေးသွားကာ စိုးရိမ်တကြီးမေးလိုက်သည်။ “အဖေ၊ ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား။”

ရှောင်လင်းယွီသည် သွေးများလွှမ်းနေသည့် မေမေရှောင်ကိုမြင်ထားပြီး အခု ဖေဖေရှောင်ကိုပါ ထပ်မြင်လိုက်ရတာကြောင့် နာကျင်မှုဒဏ်က ထပ်ဆင့်သွားကာ ငိုလာတော့သည်။ “အဖေ၊ အမေ။ သမီးတောင်းပန်ပါတယ်။ သမီးတောင်းပန်ပါတယ်။”

ဖေဖေရှောင်က၊ “ကလေး၊ ဒါ သမီးအမှားမှမဟုတ်တာ။ ဒီလူတွေကိုက ကျိုးကြောင်းမဆီလျော်ကြတာ။”

မေမေရှောင်ကလည်း ထောက်ခံလာခဲ့သည်။ “ဟုတ်တယ်၊ ယွီအာ။ ဘာမှစိတ်မကောင်းမဖြစ်နဲ့။”

မေမေရှောင်သည် ရှောင်လင်းယွီဘေးမှ အမျိုးသားကို သတိထားမိသွားကာ မေးလာခဲ့သည်။ “ယွီအာ.. ဒါက…”

ရှောင်လင်းယွီ ဘာမှမပြောနိုင်သေးခင်မှာပဲ ယန်စစ်မင်က သူ့ကိုယ်သူ မိတ်ဆက်လာလေသည်။ “ဒေါ်လေး၊ ကျွန်တော်က Zမြို့က ရှောင်လင်းယွီရဲ့ သူငယ်ချင်းပါ။ နာမည်က ယန်စစ်မင်ပါ။ ကျွန်တော့်ကို စစ်မင်လို့ပဲ ခေါ်လို့ရပါတယ်။”

“Zမြို့က?” မေမေရှောင် အနည်းငယ် အံ့ဩသွားကာ ထို့နောက်မှာတော့ ကျေးဇူးတင်စွာဆိုလာလေသည်။ “လူကြီးမင်းယန်၊ အစောကအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မင်းကြောင့်သာမဟုတ်ရင် ယွီအာ အရိုက်ခံရတော့မှာ။”

ထိုလူက Zမြို့မှဖြစ်ကြောင်း သိလိုက်ရသည်နှင့် မေမေရှောင်က သတိအနေအထားဖြစ်သွားလေသည်။

“ရှောင်ထိုက်ယန်၊ မင်းတို့ ထောင်ယွမ်ရွာက လူတွေက တော်တော်လွန်တာပဲ။” ချန်းတဟွာက ဒေါသတကြီးဖြင့် ရွာသူကြီးကို အော်လိုက်လေသည်။ ချန်းတဟွာ၏မျက်နှာမှာ ဝက်ခေါင်းလိုဖူးယောင်နေခဲ့သည်။ “ထောင်ယွမ်ရွာတစ်ရွာလုံး ငါတို့ကို ဝိုင်းရိုက်ကြတယ်။ ငါမင်းတို့အားလုံးကို တရားစွဲပစ်မယ်။”

ထိုအချိန်မှာပဲ ရှောင်လင်းယွီသည် မျက်ရည်များကြားမှ ဝင်ပြောလာလေသည်။ “ချန်းတဟွာ၊ ရှင်ကများ ကျွန်မတို့ကို တရားစွဲမယ်ပေါ့။ ရတယ်လေ၊ လုပ်လိုက်ပါ။ တရားစွဲမယ်ဆိုလည်း သေချာအောင် လုပ်ထားတာကောင်းမယ်။” ထို့နောက် သူမက ရပ်လိုက်ကာ ဒေါသတကြီးဆက်ပြောလာခဲ့သည်။ “ပြောရဦးမယ်။ ကျွန်မကလည်း ရှင်တို့ကို ပိုင်နက်ကျူးလွန်မှု၊ ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှု၊ လူသတ်ရန်ကြိုးစားမှုတွေနဲ့ တရားပြန်စွဲမှာ။”

“ရှောင်လင်းယွီ၊ ဒီခွေးမတော့၊ နင်ကဘာတွေများမှန်နေလို့ ငါတို့ကို တရားစွဲမှာလဲ။” လန်အာယင်းက ဒေါသူပုန်ထကာ အော်ဟစ်လာလေသည်။ “ဒါတွေအားလုံး နင့်အမှားတွေချည်းပဲလေ။ နင်သာ ငါ့ယန်အာကို သစ္စာမဖောက်ပဲ ချောက်မချခဲ့ရင် သူလည်း အကြောသေမှာမဟုတ်ဘူး။ ငါလည်းပြောလိုက်မယ်။ နင်ငါတို့ကို အခုချက်ချင်း ယွမ်၅သိန်းပေးပြီး ငါ့ယွီအာကို လက်ထပ်ပြီး ပြုစုစောင့်ရှောက်ရမယ်။ မဟုတ်လို့ကတော့ ငါတို့ ဒီကနေ လုံးဝ ထွက်မသွားဘူး။”

‌ရှောင်လင်းယွီ ဒေါသတောင်မထွက်တော့ဘဲ လှောင်ရယ်ရယ်လိုက်တော့သည်။ “ဒေါ်လေး၊ ရှင်အခုထိ အိပ်ပျော်နေသေးတာလား။ ရှင် အိပ်မက်မက်နေတယ်ဆိုရင်တောင် ဒီလောက်လှပတဲ့ အိပ်မက်မျိုးတော့ မက်မနေသင့်ဘူးလေ။”

ချန်းတဟွာ၏မျက်နှာက မဲမှောင်သွားကာ ရှောင်လင်းယွီကို ဒေါသတကြီး အော်လိုက်လေသည်။ “ရှောင်လင်းယွီ၊ ငါတို့ Zမြို့မှာ အားလုံးသိထားပြီးပြီ။” ထို့နောက် သူက ရှိနေသည့် လူတိုင်းကို မျက်နှာချင်းဆိုင်လိုက်ကာ အော်လာခဲ့သည်။ “ရှောင်လင်းယွီက အရှက်မရှိတဲ့မိန်းမ။ သူက အပျော်မယားတစ်ယောက်ပဲ။ ဒါဘာကိုဆိုလိုလဲ မင်းတို့အားလုံးသိမှာပါ။”

“ဟမ်?” လူတိုင်း အံ့ဩသွားကာ ရှောင်လင်းယွီကို မယုံကြည်နိုင်စွာ ကြည့်လာကြလေသည်။

ချန်းတဟွာ၏အကြည့်က ရှောင်လင်းယွီထံသို့ ပြန်ရောက်လာကာ၊ “မင်း… အဲ့ဒါကြောင့်ပဲ ငါ့ယန်အာကို သစ္စာဖောက်ခဲ့တာ။ သူက မင်းကို စိတ်ပျက်သွားတဲ့အချိန် သူ့သူဌေးရဲ့သမီးက သူ့ကို နှစ်သိမ့်ပေးခဲ့တာ။ ဒါကြောင့်ပဲ သူတို့ချင်း ချစ်မိသွားပြီး လက်ထပ်ခဲ့ကြတာ။”

“ဒါပေမယ့် မင်းက ငါ့ယန်အာ တခြားမိန်းမတစ်ယောက်ကို လက်ထပ်တာမျိုး ခွင့်မပြုနိုင်ဘူးလေ။ အဲ့ဒါကြောင့် အာဏာရှိတဲ့ယောက်ျားတစ်ယောက်ကို ဆွဲထုတ်လာပြီး ယန်အာရဲ့ယောက္ခမကုမ္ပဏီကို ဝယ်ခိုင်းခဲ့တာ။”

“ယန်အာက မင်းဆီကို အသနားခံဖို့သွားတဲ့အချိန် သူ့ဇနီးက သူမင်းဆီကို ပြန်ရောက်သွားတယ်ထင်ပြီး ဒေါသကြောင့် ယန်အာကို ဓားနဲ့ထိုးခဲ့မိတာ။ အခု ယန်အာရဲ့ယောက္ခမက ကုမ္ပဏီကိုဆုံးရှုံးရပြီး သူ့ဇနီးကတော့ အဖမ်းခံလိုက်ရပြီ။ ငါ့ယန်အာကလည်း အချိန်မီကုသမှုမပေးနိုင်ခဲ့တာကြောင့် အကြောသေသွားပြီ။”

“ရှောင်လင်းယွီ၊ မင်းက ငါတို့တစ်မိသားစုလုံးကို ဒုက္ခပေးခဲ့တာပဲ။ ကြောက်စရာကောင်းတဲ့မိန်းမ။ မင်းကြောင့်သာမဟုတ်ရင် ငါတို့မိသားစုက ဒီလိုဆိုးရွားတဲ့အခြေအနေမျိုး ဖြစ်သွားပါ့မလား။ အခုချက်ချင်း၊ ငါတို့ကို လျော်ကြေးယွမ်၅သိန်းပေး။ ဒါက မင်းအတွက်တော့ အလွယ်လေးပါ။” ထိုအချက်အရောက် သူက ထေ့ငေါ့သည့်လေသံဖြင့် မထီမဲ့မြင်ပြုကာ ဆက်ပြောလာသည်။ “မင်းလူက ငွေပေါတယ်မဟုတ်လား။ ယွမ်၅သိန်းက မင်းအတွက်တော့ ဘာမှမဟုတ်ပါဘူး။”

လူတိုင်း သတင်းအပြည့်အစုံကြောင့် ပေါက်ကွဲသွားတော့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လင်းယွီက ရိုးသားတဲ့ကလေးပါ။ ဘယ်လိုလုပ် တစ်စုံတစ်ယောက်ရဲ့ မယားငယ်ဖြစ်နိုင်မှာလဲ။”

“စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး အကဲဖြတ်လို့မရဘူးလေ။ ရှောင်လင်းယွီက အခုတလောတင် မြေတွေငှား၊ ကားတွေဝယ်ထားတာမဟုတ်လား။ ဒါတွေအားလုံးပေါင်းရင် ဘယ်လောက်တောင် ကုန်ကျမလဲ။ သူဒီနှစ်တွေ မြို့ပေါ်မှာ အလုပ်လုပ်ခဲ့ရင်တောင်မှ သူ့မှာ ဒီလောက်ငွေအများကြီး ရှိမနေသင့်ဘူးလေ။” ထိုလူက ရှောင်လင်းယွီကို တစ်စုံတစ်ယောက်၏ အငယ်အနှောင်းဟု အတိအကျမဖော်ပြလာသော်လည်း ပြောသွားတာက အဓိပ္ပါယ်ရှိလှသည်။

“အဓိပ္ပါယ်မရှိတာတွေ မပြောကြနဲ့တော့။ လင်းယွီကြီးပြင်းလာတာကို ငါတို့ကိုယ်တိုင် မြင်တွေ့လာတာပဲ။ သူက ဘယ်လိုလုပ် ဒီလိုအလုပ်မျိုး လုပ်မှာလဲ။ ပြီးတော့ နင်တို့ ရှောင်ကွမ်းရဲ့သဘာဝမြေဩဇာကို သုံးနေကြသေးတယ်မဟုတ်ဘူးလား။ သူ့အပေါ် အခွင့်ကောင်းမယူတော့ဘူးဆိုရင်တော့ သူ့မကောင်းကြောင်း ဆက်ပြောကြပေါ့။”

လန်အာယင်း၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံထားရကတည်းက မေမေရှောင်သည် ဒေါသထွက်နေပြီးဖြစ်သည်။ အခုလို ချန်းတဟွာဆီကပါ ကြားလိုက်ရချိန်မှာတော့ သူမက ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးတုန်ရီလာတော့သည်။ “ချန်းတဟွာ၊ နင်ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။”

ရှောင်လင်းယွီက ချက်ချင်းပင် သူမအမေ၏ရင်ဘက်ကို ပွတ်သပ်ကာ စိတ်လျှော့စေလေသည်။ “အမေ၊ စိတ်မဆိုးပါနဲ့။ အပြစ်မရှိတဲ့လူက ဘယ်လိုပဲဖြစ်ဖြစ် အပြစ်ကင်းနေဦးမှာပဲ။”

ရှောင်လင်းယွီသည် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ထူးဆန်းသည့်အမူအရာများဖြင့် ကြည့်နေသည့်လူ အတော်များကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက် သူမက ချန်းတဟွာကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး၊ “ချန်းတဟွာ၊ ရှင့်ဇာတ်လမ်းက တော်တော်ကို ကောင်းတာပဲ။ ရှင့်ဘာသာရေးထားတာတော့ မဟုတ်ဘူးမလား။ ဒါပေါ့၊ ဒီလောက် ရယ်စရာကောင်းတဲ့ဇာတ်လမ်းမျိုးကို ရှင့်ရဲ့သားကောင်းလေးကပဲ ပြောထားတာဖြစ်မှာပေါ့။”

“ကျွန်မက တစ်စုံတစ်ယောက်ရဲ့မယားငယ်လို့ ရှင်ပြောတယ်နော်။ ရှင့်မှာ သက်သေရှိလား။ ရှင့်မှာ သက်သေမရှိရင်တော့ ရှင့်ကို အသရေဖျက်မှုနဲ့ တရားစွဲမယ်။”

“မင်း…” ချန်းတဟွာတွင် တကယ်ကို သက်သေမရှိသော်လည်း သူက ဉာဏ်တော့ကောင်းလေသည်။ “ဟဟ၊ ဒါဆိုလည်း ငါလည်း မင်းကို တစ်ပုံစံတည်းပြန်မေးလိုက်ပါဦးမယ်။ မင်းလည်း ငါ့သားက မင်းကို သစ္စာဖောက်ခဲ့တာလို့ ပြောတယ်နော်။ မင်းရဲ့သက်သေကရော? မင်းမှာလည်း မရှိဘူးမဟုတ်လား။ ငါလည်း မင်းကို အသရေဖျက်မှုနဲ့ တရားပြန်စွဲမယ်။”

ချန်းယန်သည် သူ့ရဲ့ဉာဏ်ထက်မှုကို တစ်နေရာရာက ဆက်ခံခဲ့ခြင်းဖြစ်ပေသည်။ လန်အာယင်းက အလွန်တုံးအမိုက်မဲတာကြောင့် ထိုဉာဏ်ကောင်းမှုမှာ ချန်းတဟွာဆီက ဆက်ခံခြင်းဖြစ်သည်။

“….” ရှောင်လင်းယွီတွင် သက်သေမရှိပေ။ ဟိုတယ်က ဗီဒီယိုသာရှိလေသည်။ သို့သော်လည်း ထိုဗီဒီယိုသည် ရွာသားများကို ပြဖို့ မသင့်တော်ပေ။ ကျေးလက်တောရွာများတွင် မိန်းကလေးတစ်ယောက် ဂုဏ်သတင်းက အလွန်ကိုမှ အရေးကြီးသောကြောင့်ဖြစ်သည်။

ချန်းတဟွာကိုကြည့်ရင်း ရှောင်လင်းယွီ တုံ့ဆိုင်းနေခဲ့သည်။ သူမ ထိုဗီဒီယိုကိုပြလိုက်ချင်သည်။ ဘာပဲဖြစ်ဖြစ် သူမရှင်သန်နေရတာက သူမဂုဏ်သတင်းကြောင့်မဟုတ်ဘဲ သူမမိသားစုအတွက်သာဖြစ်သည်။

ရှောင်လင်းယွီ ဖုန်းထုတ်တော့မည့်အချိန်မှာပဲ အသံတစ်သံကိုကြားလိုက်ရလေသည်။ “သက်သေလား၊ ရှိတာပေါ့။”

ထိုတော့မှ ချန်းတဟွာသည် ရှောင်လင်းယွီနောက်တွင် ရပ်နေသည့် ယန်စစ်မင်ကို သတိထားမိသွားလေသည်။ သူက မျက်လုံးများကို မှေးကျဉ်းကာ ခပ်ပြတ်ပြတ်မေးလိုက်သည်။ “မင်းက ဘယ်သူလဲ။”

ထိုအချိန်မှာပဲ လန်အာယင်းက၊ “ဘယ်သူဖြစ်ရမှာလဲ။ အဲ့ခွေးမ နောက်ထပ်မြူစွယ်ထားတဲ့လူပဲဖြစ်မှာပေါ့။ ရှောင်လင်းယွီ၊ ငါ့ယန်အာ မတော်တဆဖြစ်ကတည်းက နင်ယောက်ျားဘယ်နှယောက်ကိုတောင်များ မြူစွယ်ထားတာလဲ။ ငါကြားတာတော့ မနေ့ကပဲ ယောက်ျားတွေချည်း လေးငါးယောက်လောက် ရောက်လာသေးတယ်ဆို၊ ဟုတ်လား။ သိပ်မကြာသေးခင်တုန်းကလည်း နောက်ထပ် ယောက်ျားနှစ်ယောက် ရောက်လာသေးတယ်တဲ့။ ဒီတော့ ဒါကမှ ငါ့ယွီအာကို နင်စွန့်ပစ်သွားတဲ့ အကြောင်းအရင်းအမှန်ပေါ့။” သူမက ထိုသတင်းများကို ထောင်ယွမ်ရွာရောက်ပြီးနောက်မှ ကြားထားခြင်းဖြစ်လေသည်။

“လန်အာယင်း၊ ငါ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်။” မေမေရှောင်က ထိုစကားကိုကြားသည်နှင့် သူမ၏အမုန်းတရားများကို ဆက်မထိန်းထားနိုင်တော့ပေ။

“ဖြန်း!” လန်အာယင်းက ခပ်ပြင်းပြင်းပါးချခံလိုက်ရလေသည်။ သူမ၏နဂိုရုပ်ဆိုးလှသည့်မျက်နှာက ချက်ချင်းပင် ဝက်ခေါင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ရှိနေသည့်လူတော်တော်များများလည်း ပါးစပ်အဟောင်းသားဖြစ်ကုန်ကြလေသည်။

ဒီလူချောလေးက ဘာလို့ဒီလောက်တောင် ကြမ်းရတာလဲ။

ယန်စစ်မင်က အေးစက်စက်ပြောလိုက်လေသည်။ “စကားကိုထိန်းပြော။ မင်း ငါ့နာမည်ကို အသရေဖျက်တယ်။ ဒီတစ်ချက်က တကယ်ကိုပေါ့ပါးတဲ့အပြစ်ဒဏ်ပဲ။”

ချန်းတဟွာတစ်ယောက် အစကတော့ မှင်သက်သွားခဲ့လေသည်။ ထို့နောက်မှ သူက ချက်ချင်း လန်အာယင်းရှေ့ဝင်ရပ်လိုက်ကာ အော်လိုက်တော့သည်။ “မင်းဘယ်သူလဲ? မင်းမှာ ငါ့ဇနီးကိုရိုက်ပိုင်ခွင့်ရှိလို့လား။”

ယန်စစ်မင်၏ချောမောသည့်မျက်နှာထက် ခပ်ဆိုးဆိုးအပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။ ထိုအပြုံးမှာ ဘန်းပန်းတစ်ပွင့်လိုလှပကာ ဆွဲဆောင်မှုရှိပြီး သေလည်းသေစေနိုင်လေသည်။

သူက ထောင့်နားရှိ မြေပေါ်တွင် လှဲနေသည့်လူကို သရော်သည့်အကြည့်ဖြင့် ကြည့်လိုက်ကာ၊ “မင်းရဲ့သားလိမ္မာလေးကတော့ ငါဘယ်သူလဲ သိသင့်တယ်။”

သူက ပြောပြီးသည်နှင့် ချန်းယန်အနားသို့ သွားလိုက်ကာ သူ့နှာခေါင်းကို ရှုံ့လိုက်လေသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ပြီး၊ “မင်းဒိုက်ပါမလဲတာ ဘယ်လောက်ကြာသွားပြီလဲ။ ရွံ့စရာကောင်းလိုက်တာ။”

တခြားလူများလည်း အနံ့ရကြလေသည်။ သူတို့က အစောတုန်းက တိုက်ခိုက်နေရတာကြောင့် အာရုံမစိုက်ခဲ့သော်လည်း အခုတော့ အားလုံး အနံ့ကိုပြန်သတိရသွားကြသည်။

ဒီတော့မှာပဲ ချန်းယန်၏ဒိုက်ပါကို တစ်နေ့လုံးမလဲပေးခဲ့မိမှန်း လန်အာယင်းနှင့် ချန်းတဟွာတို့ သတိရသွားကြလေသည်။ သူတို့ Zမြို့ကပြန်လာကတည်းက ရှောင်မိသားစုဆီလာပြီး ပြဿနာရှာနေကြခြင်းပင်။

ချန်းတဟွာ၏အမူအရာက အရုပ်ဆိုးသွားသော်လည်း ဘာပဲဖြစ်ဖြစ် ချန်းယန်က သူ့သားဖြစ်နေတုန်းပင်။

သူက ယန်စစ်မင်ရှေ့ဝင်ရပ်လိုက်ပြီး ဒေါသတကြီးမေးလိုက်လေသည်။ “မင်းကဘယ်သူလဲ။ ဘာလုပ်ချင်တာလဲ။ ငါပြောလိုက်မယ်၊ ဒီမှာ ငါရှိနေသ၍ ငါ့သားကို ထိခိုက်အောင် လုပ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့။”

ယန်စစ်မင်က ရယ်စရာတစ်ခုတွေ့သွားသလိုမျိုး လှောင်ရယ်လိုက်ပြန်သည်။ “ငါပြောပြီးသားပဲ။ ငါဘယ်သူလဲဆိုတာ မင်းရဲ့သားကိုမေးသင့်တယ်လို့။ ဟုတ်တယ်မလား ချန်းယန်။”

စောင်အောက်တွင် လဲလျောင်းနေသည့် ချန်းယန်မှ ယန်စစ်မင်ကို တွေ့လိုက်သည်နှင့် အလွန်ဒေါသထွက်လာတော့သည်။ သူ့မျက်လုံးထဲတွင်လည်း အရှက်တကွဲအရှက်ရသည့် ခံစားချက်များ ပြည့်နှက်နေလေသည်။ သူက ယန်စစ်မင်ကို အမုန်းတရားအပြည့်ဖြင့် ကြည့်ကာ ပါးစပ်က ‘ဝူးဝူးဝူး’ အသံများ လုပ်နေလေသည်။

“ချန်းယန်၊ မင်း တကယ်ကို ပုံပြင်ကောင်းတစ်ပုဒ် ပြောတတ်တာပဲ။” ယန်စစ်မင်၏ တိုးဖွဖွအသံက ချန်းယန်၏နားထဲတွင်တော့ အဆုံးမဲ့တုန်လှုပ်ချောက်ချားစရာကောင်းနေလေသည်။ “ဒါပေမယ့် ငါ ယန်စစ်မင်က ဒီလိုလွယ်လွယ်ချယ်လှယ်နိုင်မယ့်လူလို့ မင်းထင်နေတာလား။ မင်းယောက္ခမရဲ့ကုမ္ပဏီ ဘာလို့ အဝယ်ခံလိုက်ရလဲဆိုတာ မင်းမေ့သွားပြီလား။ ဒါဆိုလည်း ငါမင်းကို ပြန်အစဖော်ပေးရတာပေါ့။ မင်းဇနီး ကျောက်ဝမ်မန့်က ငါ့ကို အမျိုးသားပြည့်တန်ဆာလို့ ခေါ်ခဲ့လို့လေ။ နောက်တော့ ‘ဖောင်း’ ကုမ္ပဏီလည်း ပျောက်ကွယ်သွားရော။”

ယန်စစ်မင်က အေးအေးလူလူပြောနေသော်လည်း ချန်းယန်ကတော့ အလွန်ကိုမှ စိတ်လှုပ်ရှားနေလေသည်။ သူ့မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် အဆင်မပြေဖြစ်သည့်ခံစားချက်များ ပြည့်နှက်နေခဲ့သည်။

“ဒါပေမယ့်.. မင်းက မင်းမိဘတွေကို အမှန်တရားကို ပြောင်းပြန်လှန်ပြောပြပြီး ငါ့ကို စော်ကားတယ်ပေါ့။ မင်းသိလား… ငါမင်းရဲ့အခြေအနေကို သိတယ်။ မင်းအကြောသေနေတာက ကုသလို့ရနိုင်တယ်။ မင်းသာ မင်းလုပ်ရပ်တွေကို သင်ခန်းစာယူသွားနိုင်တယ်လို ငါထင်တာနဲ့ မင်းကိုကုပေးဖို့ တစ်ယောက်ယောက်လွှတ်ပေးမလို့ပဲ၊ ဒီလိုဆို မင်းလူကောင်းအတိုင်း ပြန်ဖြစ်လာမှာလေ။ ဒါပေမယ့် အခုတော့…”

ယန်စစ်မင်၏မျက်လုံးများက အေးစက်သွားကာ သူ့မျက်နှာထက်တွင် ထေ့ငေါ့ကာ ပြက်ရယ်ပြုသည့်အမူအရာဖျော့ဖျော့ ပေါ်ထွက်လာခဲ့သည်။ “မင်းက အခွင့်အရေးကို ကိုယ်တိုင်ဖျက်ဆီးလိုက်တာပဲ။”

ချန်းယန်တစ်ယောက် သူ့သွေးတွေအားလုံး အေးခဲသွားသလို ခံစားလိုက်ရလေသည်။ ဒါ သူ့တစ်ဘဝလုံး သူ့နောက်က လိုက်နေမည့် နောက်ထပ် နောင်တတစ်ခုပင်။

***

All Chapters