← Chapters

ရှောင်လင်းယွီ၏ဒေါသ (၂)

Vol. 8 Ch. 148

ရှောင်လင်းယွီ၏ဒေါသ (၂)

Vol. 8 Ch. 148

ယန်စစ်မင်က စကားလုံးများက မြေပြင်တစ်ခုလုံးကို ပေါက်ကွဲထွက်သွားစေသည့် ဗုံးတစ်လုံးလိုပင်။ မေမေရှောင်နှင့် ဖေဖေရှောင်တောင်မှ ထိတ်လန့်သွားခဲ့ကြသည်။ ဒီတော့ ဒီလူက Zမြို့မှာ သူတို့သမီးကို ကူညီပေးခဲ့တဲ့သူပေါ့။

မေမေရှောင်နှင့်ဖေဖေရှောင်တို့သည် ချက်ချင်းပင် ရှောင်လင်းယွီကို သူတို့နောက်တွင် ကာကွယ်ထားလိုက်တော့သည်။ သူတို့၏ဒဏ်ရာအပြည့်ဖြင့်မျက်နှာများကတော့ တင်းမာမှုများဖြင့် ပြည့်နေလေသည်။

တုံးအမနေသည့်လူတိုင်းကတော့ ဒီအမျိုးသားသည် ချန်းတဟွာနှင့် လန်အာယင်းတို့ ရှောင်လင်းယွီက တစ်ယောက်ယောက်၏မယားငယ်ဟုပြောနေသည့်ထဲက ထိုလူဖြစ်ကြောင်း ပြောနိုင်ပေသည်။ ဒီလူက ချန်းယန်၏ယောက္ခမကုမ္ပဏီကို ဒေဝါလီခံရအောင်လုပ်နိုင်သည်အထိ အာဏာလွှမ်းမိုးမှုရှိသူဖြစ်သည်။

ထိုအခိုက်မှာပဲ လူတိုင်းက ယန်စစ်မင်ကို ထူးဆန်းသည့်အကြည့်မျိုးဖြင့် ကြည့်လာကြတော့သည်။ ထိုအကြည့်များတွင် စူးစမ်းလိုစိတ်၊ သံသယနှင့် အံ့ဩမှုတို့ ပါဝင်နေကာ တချိန်တည်းမှာပဲ ကြောက်လန့်မှု၊ စိုးရိမ်ပူပန်မှုနှင့် ရှက်ရွံ့မှုတို့ ပါဝင်နေလေသည်။

ချန်းတဟွာသည် ယန်စစ်မင်၏အမူအရာကြောင့် ကြောက်လန့်သွားကာ နောက်သို့ခြေလှမ်းအနည်းငယ်ပင် ဆုတ်သွားလေသည်။ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်လို့နေကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာခဲ့သည်။ “မင်း… မင်းဘာကိုဆိုလိုတာလဲ။”

ယန်စစ်မင်က ခပ်ဆိုးဆိုးပြုံးလိုက်ကာ၊ “ဒီလောက် ရိုးရှင်းတဲ့စကားလုံးတွေကိုတောင် နားမလည်ဘူးလား။ ကောင်းပြီလေ၊ ဒါဆိုလည်း တည့်ပဲပြောတာပေါ့။” သူက ချန်းတဟွာကို အထင်သေးရွံ့ရှာသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်ကာ အေးစက်စက်ဆက်ပြောလာခဲ့သည်။ “ငါ မင်းတို့ Zမြို့မှာ ရှောင်လင်းယွီကို အပျော်မယားအဖြစ် တော်ကောက်ထားတယ်လို့ ဆက်တိုက်ပြောနေကြတဲ့လူပဲ။ ငါက ချန်းယန်ရဲ့ယောက္ခမကုမ္ပဏီကို ညတွင်းချင်းပျောက်ကွယ်သွားအောင် လုပ်ခဲ့တဲ့လူပဲ။ အခုရော နားလည်ပြီလား။”

ချန်းတဟွာမှာ ထိုလူ၏အတည်ပြုချက်ကိုကြားပြီး မျက်လုံးများပြူးကျယ်သွားတော့သည်။ သူက ဒေါလည်းထွက်ကာ မယုံကြည်နိုင်ဟန်ဖြင့် ပြောလာလေသည်။ “ရှောင်လင်းယွီ၊ ဒီတော့ ယန်အာပြောတာတွေက အမှန်တွေပဲပေါ့။ မင်းက ဒီဖောက်ပြန်တဲ့ကောင်ကိုတောင် ခေါ်လာသေးတယ်။ ရှောင်လင်းယွီ မင်းတော်တော်အဆိပ်ပြင်းတဲ့မိန်းမပဲ။”

“မင်းကသာ အဆိပ်ပြင်းတာ။” ယန်စစ်မင်က အော်လိုက်လေသည်။ “ရှောင်လင်းယွီမှာ အပြစ်မရှိဘူး။ မင်းရဲ့သားလိမ္မာလေးနဲ့ သူ့သူဌေးရဲ့သမီးကြားက ဆက်ဆံရေးကို ရှောင်လင်းယွီ ရှာတွေ့သွားတဲ့အချိန်မှ ရှောင်လင်းယွီနဲ့ငါ ပထမဆုံးအကြိမ်ဆုံဖူးတာပဲ။ ငါတို့အရင်က တစ်ယောက်နဲ့တစ်ယောက် သိတောင် မသိခဲ့ကြဘူး။” ယန်စစ်မင်၏စူးရှသည့်အကြည့်များက ချန်းယန်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ သူ့နှုတ်ခမ်းစွန်းတို့က ခပ်ယောင်ယောင်ကွေးတက်သွားကာ၊ “ချန်းယန်၊ မင်း ငါ့ကို ရှောင်လင်းယွီနဲ့ တွေ့ဆုံစေခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။ ရှောင်လင်းယွီက မင်းနဲ့ကျောက်ဝမ်မန့် သူ့ကိုအကွက်ချခဲ့တာကို သိသွားလို့ လက်စားပြန်ချေရအောင် ငါ့ကို လမ်းပေါ်ကနေ ဆွဲခေါ်လာတာ။ သူက ငါ့ကိုအကူအညီတောင်းလို့ ငါကလည်း သဘောတူလိုက်တာ။”

“ဟွေ့ချင်ကုမ္ပဏီကကိစ္စတွေကိုတော့ ငါပြန်ပြောဖို့လိုဦးမယ် မထင်ဘူး။ ဒီလောက် သင်ခန်းစာကောင်းကောင်း အပေးခံရပြီးမှတော့ မင်းလည်း ကောင်းမွန်တဲ့လူသားတစ်ယောက်လိုမျိုး ပြုမူနိုင်ပြီလို့ ငါထင်ခဲ့တာ။ ဒါပေမယ့် ဘာလို့မင်းက အခုထိ လူဆိုးလူညစ်ဖြစ်နေရသေးတာလဲ။ အစကတော့ မင်း ကိုယ့်ခြေထောက်နဲ့ကိုယ် ပြန်မတ်တပ်ရပ်နိုင်မယ့် အခွင့်အရေးမျိုးပေးမလို့ကို မင်းက ကိုယ်တိုင်ဖျက်ဆီးပစ်တယ်။ ဘာလို့များလဲ။” သူ့စကားလုံးများက ချန်းယန်ကိုသာမက ဒီမှာရှိနေသည့်လူတိုင်းကို ကြားစေချင်ခြင်းဖြစ်သည်။ သူက ရှောင်လင်းယွီ အပြစ်ကင်းကြောင်း သက်သေလုပ်ပေးနေခြင်းပင်။

“ငါ့မှာတော့ ငါ့စကားတွေကို သက်သေပြဖို့ သက်သေရှိတယ်။ မင်းက ငါ့ကို ဖောက်ပြန်တဲ့လူလို့ပြောတယ်နော်။ မင်းမှာရော သက်သေရှိလား။”

“အဓိပ္ပါယ်မရှိတာတွေ။” ချန်းတဟွာက ယန်စစ်မင်၏စကားကို မယုံပေ။ ချန်းတဟွာအတွက် ရှောင်လင်းယွီက ချန်းယန်ကို သစ္စာဖောက်ကာ တစ်စုံတစ်ယောက်၏မယားငယ်ဖြစ်လာပြီး နှစ်ယောက်သား ပူးပေါင်းကာ ချန်းယန်ကို ဒုက္ခပေးခြင်းကသာ အမှန်တရားဖြစ်လေသည်။ ချန်းတဟွာတို့မိသားစု အခုလိုဒုက္ခရောက်နေရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရှောင်လင်းယွီကြောင့်သာဖြစ်သည်။

ချန်းတဟွာက ဒေါသတကြီးအော်ဟစ်လာခဲ့သည်။ “သက်သေ? မင်းမှာ ဘသက်သေရှိတာလဲ။ နောက်လူတွေ ရှေ့လူတွေ ငါစိတ်မဝင်စားဘူး။ ငါ့ယန်အာက ထူးချွန်တဲ့လူငယ်တစ်ယောက်၊ ဘာလို့ သူက ပိုကောင်းတဲ့မိန်းမတစ်ယောက်ကို မရွေးချယ်နိုင်ရမှာလဲ။ ဘာလို့ ရှောင်လင်းယွီလိုမျိုး အစေခံအိုလိုမိန်းမကို တွယ်ကပ်နေရမှာလဲ။ ဒါပေမယ့် ရှောင်လင်းယွီက ရက်ရက်စက်စက်နဲ့ ငါ့ယန်အာက တခြားမိန်းမတစ်ယောက်ကို ရွေးချယ်သွားလို့ဆိုပြီး လက်စားချေတယ်ပေါ့။ သူ့နှလုံးသားက ဒီလောက်မည်းနက်နေမှတော့ ဘယ်လိုလုပ်ပြီးများ ခင်ပွန်းတစ်ယောက်ရှာတွေ့ပါတော့မလဲ။”

ချန်းယန်သည် ချန်းတဟွာ၏သားမှန်း ရှောင်လင်းယွီ ပိုလို့တောင်မှ လက်ခံသွားတော့သည်။ နှစ်ယောက်လုံး ရွံ့စရာကောင်းတာခြင်းအတူတူပင်။ အခုတောင်မှ သူက သူမကို ဆက်ပြီး စွပ်စွဲနေသေးလေသည်။

ရှောင်လင်းယွီက၊ “ချန်းတဟွာ၊ ရှင်က ဘယ်ဟာအမှန် ဘယ်ဟာအမှားကိုတောင် ဝေဖန်ပိုင်းခြားမှုမရှိဘဲ အမှန်တရားကို လှည့်ပစ်တာပဲ။ ဟုတ်တယ်၊ ချန်းယန်မှာ ပိုကောင်းတဲ့မိန်းမတစ်ယောက်ကို ရှာနိုင်တဲ့ လွတ်လပ်ခွင့်ရှိတယ်။ ကျွန်မလည်း သူ့ကို မတားဘူး။ ကျွန်မနဲ့ ကောင်းကောင်းမွန်မွန် လမ်းခွဲပြတ်စဲသ၍ ကျွန်မကလည်း သူ့ကို ဆက်ပြီး နှောက်ယှက်နေမယ့်လူမဟုတ်ဘူး။ ဒါပေမယ့် ဒီလူက သူ့နာမည်မပျက်ရေးအတွက် ကျွန်မကို လမ်းမခွဲပေးချင်ဘူးလေ။ သူ ကျောက်ဝမ်မန့်နားကပ်နိုင်ဖို့အတွက် ကျွန်မဂုဏ်သတင်းကို ဖျက်ဆီးဖို့လမ်းကို ရွေးချယ်ခဲ့တယ်။ ဒါကြောင့် သူက ကျွန်မကသာ သစ္စာဖောက်တယ်ဆိုပြီး အသရေဖျက်ခဲ့တယ်။ သူက ကျွန်မကို ဆေးခပ်ပြီး လက်ဆောင်အဖြစ်… လူအိုကြီးတစ်ယောက်ဆီ ပို့ခဲ့တယ်။”

ရှောင်လင်းယွီသည် သူမ၏ဒဏ်ရာကို လူတိုင်းမြင်အောင် ပြန်ခွဲပြလိုက်လေသည်။

“ယွီအာ၊ တော်ပါတော့။” မေမေရှောင်၏နှလုံးသားက နာကျင်လာလေသည်။ “ဆက်မပြောပါနဲ့တော့။”

“အမေ၊ သမီးပြောမှဖြစ်မယ်။ မဟုတ်ရင် လူတွေက သမီးက တကယ်ပဲ တစ်ယောက်ယောက်ရဲ့အငယ်အနှောင်းလုပ်ပြီး ဒီရွံ့စရာကောင်းတဲ့ကောင်ကို သစ္စာဖောက်ခဲ့တယ်လို့ ထင်နေကြလိမ့်မယ်။” ရှောင်လင်းယွီသည် နောက်ပြန်မဆုတ်ခဲ့ပေ။ “လူတွေ သမီးကိုဘယ်လိုထင်ထင် ထပ်ပြီး ဂရုစိုက်နေတော့ဘူး။”

ချန်းယန်က ရှောင်လင်းယွီကို ဆေးခပ်ကာ အကွက်ဆင်ခဲ့သည်ကို ကြားလိုက်ရသည်နှင့် အဖြစ်အပျက်များကို သူတို့ခန့်မှန်းနိုင်သွားကြတော့သည်။

ချက်ချင်းဆိုသလိုပဲ လူတော်တော်များများက ရှောင်လင်းယွီကို သနားဂရုဏာသက်သလို၊ အထင်သေးသလို အမျိုးမျိုး ကြည့်လာကြလေသည်။

ရှောင်လင်းယွီက ဆက်ပြောလာခဲ့သည်။ “ချန်းယန်က ကျောက်ဝမ်မန့်က ကျွန်မအဖေအရွယ်လောက်ရှိတဲ့လူဆီပို့ပြီး ကျွန်မကို မ*ကျင့်ခံရအောင် စီစဉ်ခဲ့တာ။ ကံကောင်းလို့ အဲ့လို အခန်းထဲမရောက်သေးခင် ကျွန်မ လွတ်မြောက်သွားခဲ့တယ်။”

ရှောင်လင်းယွီ လွတ်သွားကြောင်းကြားလိုက်မှ တော်တော်များများ တိတ်တခိုး သက်ပြင်းချနိုင်ခဲ့လေသည်။ ရှောင်လင်းယွီ လုံခြုံသွားသည်ဟု သူတို့တွေးလိုက်မိကြသည်။

“ဒါပေမယ့် သူတို့ကျွန်မကို ခပ်ခဲ့တဲ့ဆေးက အရမ်းအာနိသင်ပြင်းလွန်းတယ်။ အဲ့ဒီလူအိုကြီးရဲ့လက်ဲက ကျွန်မလွတ်လာနိုင်ပေမယ့် ကျွန်မ.. မလွတ်….” ရှောင်လင်းယွီ မျက်ရည်များ ကျလာတော့သည်။

“ယွီအာ၊ တော်ပါတော့ကွယ်၊ တော်ပါတော့။” မေမေရှောင်က မျက်ရည်များစီးကျကာ ခေါင်းယမ်းလာခဲ့သည်။

“ဆေးရဲ့အကျိုးသက်ရောက်မှုကနေ ကျွန်မ မလွတ်မြောက်နိုင်ခဲ့ဘူး။ ချန်းယန်က ဒါကို ဓာတ်ပုံရိုက်ယူပြီး အလုပ်ထဲမှာ ဖြန့်ခဲ့တယ်။ သူက ကျွန်မ ရှက်လွန်းလို့သေသွားစေချင်ခဲ့တာလေ။ ဒီတော့မှ သူရဲ့ဂုဏ်သတင်းက မပျက်စီးပဲ ပိုတောင် မြင့်သွားမှာပေါ့။” ရှောင်လင်းယွီ ပင့်သက်ရှိုက်ရင်း သူမဇာတ်လမ်းကို ဆက်ပြောခဲ့သည်။ “အရင်ကဆိုရင် အခုချိန် ကျွန်မ လူတွေရဲ့တံတွေးခွက်ထဲမှာ ပက်လက်မျောနေရပြီ။ ချန်းယန်က ကျွန်မကို တစ်ခါတည်း သေပါသေစေချင်ခဲ့တာလေ။ ဘာလို့ သူတို့ရဲ့လုပ်ရပ်တွေအတွက် ကျွန်မက ပြန်လက်စားမချေနိုင်ရမှာလဲ။”

သူမဗိုက်က ပိုပိုပြီးကြီးလာပြီး အမှန်တရားက ပေါ်ထွက်လာမည်မှန်း ရှောင်လင်းယွီ သိနေခဲ့သည်။ လူတွေ သူမနောက်ကွယ်မှာ အတင်းပြောနေမှာထက်စာရင် သူမကိုယ်တိုင် လက်ဦးမှုယူကာ အမှန်တရားကို ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဘာပဲဖြစ်ဖြစ် သူမမှာ လက်ထပ်ဖို့အစီအစဉ်မရှိပေ။ သူမပြန်လည်မွေးဖွးပြီးနောက် လူတွေရဲ့ပြစ်တင်ဝေဖန်မှုတွေကို လုံးဝမကြောက်တော့ပေ။ ဒါက သူမဘဝဖြစ်သည်။ သူမဘဝကို တခြားလူတွေရဲ့စည်းမျဉ်းတွေအတိုင်းရှင်သန်ရရင် ပင်ပန်းရုံသာရှိလေသည်။

ချန်းတဟွာနှင့် လန်အာယင်းတို့မှာ အမှန်တရားကိုမသိခဲ့ကြသော်လည်း ရှောင်လင်းယွီ၏စကားများက သူတို့အတွက် အန္တရာယ်ရှိလေသည်။

ရှောင်လင်းယွီက သူတို့ကို ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး။ “ကျွန်မကိုဆေးခပ်ပြီး မ*ကျင့်ခံရအောင် လုပ်တဲ့လူကို ပြန်လက်စားမချေသင့်ဘူးလား။ သူကျတော့ ကျွန်မကို ချောက်ချနိုင်ပြီး ဘာလို့ ကျွန်မကကျတော့ လက်တုံ့မပြနိုင်ရမှာလဲ။”

“မင်း… မင်း…” ချန်းယန်သည် သူမကို လက်ညှိုးထိုးကာ ဘယ်လိုပြန်ချေပရမှန်းမသိဖြစ်နေလေသည်။

“နင့်ဘာသာ မ*ကျင့်ခံလိုက်ရတော့ကော ဘာဖြစ်လဲ။” လန်အာယင်းက အာကျယ်အာကျယ်ဖြင့် ပြန်ပြောလာလေသည်။ “မိန်းမတွေဆိုတော့ အဲ့လိုအလုပ်ခံရဖို့ သူတို့ခြေထောက်တွေကို ကားပေးထားရတဲ့အမျိုးပဲ။ နင်အဲ့လိုဖြစ်တာ နင်ညံ့လို့လေ။ နင့်ရဲ့ဂုဏ်သတင်းဆိုတာ ငါ့ယန်အာရဲ့ဂုဏ်သတင်းနဲ့ယှဉ်ရင် ဘာမှဟုတ်မနေဘူး။ ဒီတော့ ဘာလို့ ငါ့ယန်အာက ဒီလိုကိစ္စမျိုးကြောင့်နဲ့ ပျက်စီးသွားရမှာလဲ။ ရှောင်လင်းယွီ၊ နင့်ဘဝကပျက်စီးသွားပြီဆိုမှတော့ သေလိုက်သင့်တယ်။ ပျက်စီးနေတဲ့မိန်းမ သွားသာ သေလိုက်။”

လူတော်တော်များများက မျက်မှောင်ကြုတ်သွားကြလေသည်။ လန်အာယင်း၏စကားများသည် အလွန်ကြမ်းတမ်းလှသည်။ တခြားရွာသားများလို လူအုပ်ကြီးနှင့်အတူ ပွဲကြည့်နေသည့် ကျန်းချွမ်းကျောင်းက ရုတ်တရက် ထအော်လာလေသည်။ “ငါ တခြားရွာသားတွေဆီက ကြားထားတာရှိတယ်။ သူတို့ရွာက မိန်းကလေးတစ်ယောက် လူမိုက်တစ်ယောက်ဆီကနေ အနိုင်ကျင့်ခံရပြီး အရှက်ရခဲ့တယ်တဲ့။ သူ့မိသားစုကလည်း ဒီသမီးကြောင့် အရှက်ရခဲ့တယ်။ နောက်တစ်နေ့ကျတော့ သူတို့သမီးကို တန်းပေါ်ကမှာ ဆွဲကြိုးချသေနေတာကို တွေ့ခဲ့တယ်တဲ့လေ။” ကျန်းချွမ်းကျောင်း၏ဆိုလိုရင်းမှာ အရှင်းလေးပင်။ သူက ထိုမိန်းကလေးလိုပဲ ရှောင်လင်းယွီကိုလည်း ကိုယ့်ကိုယ်ကို သတ်သေစေချင်ခြင်းဖြစ်သည်။

သို့ပေမယ့် ရှောင်လင်းယွီသည် သူမအရင်ဘဝတုန်းက တကယ်ကို သတ်သေဖို့ကြိုးစားခဲ့တာကို ဘယ်သူမှ မသိခဲ့ကြပေ။ ဒီဘဝမှာတော့ ရှောင်လင်းယွီသည် ထိုသို့လုပ်ရလောက်အောင် ထိုက်တန်သည်ဟု မထင်တော့ပေ။

“ကျန်းချွမ်းကျောင်း၊ နင် မီးထဲ ဆီထည့်မနေနဲ့” ဒေါ်လေးရှောင်က ဒေါသတကြီးအော်လိုက်လေသည်။ “နင်လက်မထပ်သေးခင်တုန်းက လက်ထပ်ပြီးသားယောက်ျားတစ်ယောက်နဲ့ အိပ်ခဲ့တယ်လေ။ ဒါဆို နင်ကျတော့ ဘာလို့ အဲ့တုန်းက ဆွဲကြိုးချမသေခဲ့တာလဲ။”

ကျန်းချွမ်းကျောင်း လက်ထပ်ပြီး ထောင်ယွမ်ရွာသို့ မပြောင်းလာခင်တုန်းက သူမ၏ဂုဏ်သတင်းမှာ ဆိုးရွားလှလေသည်။ သူမက လက်ထပ်ပြီးမှ ဒီကိုလာခဲ့ခြင်းဖြစ်ကာ ထောင်ယွမ်ရွာက သူမမိဘအိမ်နှင့် အလှမ်းကွာတာကြောင့် သူမ၏သတင်းဆိုးများက ဒီကဘယ်သူမှ မသိကြပေ။ ဆယ်စုနှစ်တစ်ခုကြာပြီးနောက်မှာတော့ လူတိုင်း ထိုအကြောင်းတွေကို မေ့ပျောက်သွားကြပြီဟု ကျန်းချွမ်းကျောင်းထင်ခဲ့လေသည်။ သို့သော်လည်း ဒေါ်လေးရှောင်က အစပြန်ဖော်လာခဲ့သည်။ ကျန်းချွမ်းကျောင်းတစ်ယောက် သူမ၏အပြစ်ရှိစိတ်များကို ဘေးချိတ်ကာ ရှောင်ဖူကွေ့ကို ကြည့်လိုက်လေသည်။ သို့သော်လည်း ရှောင်ဖူကွေ့၏မျက်လုံးထဲမှ ဒေါသများကိုတွေ့လိုက်ချိန်မှာတော့ သူမ ဘာမှထပ်မပြောရဲတော့ပေ။

မေမေရှောင်သည် ဒေါသတကြီးရှေ့သို့ တိုးလာကာ လန်အာယင်းကို ထပ်ပြီး ခပ်ပြင်းပြင်းပါးရိုက်လိုက်ပြန်သည်။

ထို့နောက် လန်အာယင်း၏ ဖူးယောင်နေသည့် မျက်နှာကိုကြည့်ကာ ဒေါသတကြီးအော်ဟစ်တော့သည်။ “လန်အာယင်း၊ ဒါဆိုလည်း နင်ပြန်သွားတဲ့အချိန်ကျရင် တခြားယောက်ျားတွေအတွက် နင့်ခြေထောက်တွေကို ကားထားပေးလိုက်။ နင်ပဲ ဂရုမစိုက်ဘူးဆို။”

ချန်းတဟွာ၏မျက်လုံးများက မီးတောက်လာတော့သည်။ “ချန်ချိုးယင်း၊ မင်းဘာပြောလိုက်တာလဲ။”

ဖေဖေရှောင်က ဝင်ပါလာလေသည်။ “ချန်းတဟွာ၊ ငါ့မိန်းမက မင်းမိန်းမရဲ့စကားတွေအတိုင်း ပြန်ပြောပေးတာလေ။ မင်းရဲ့သားလိမ္မာလေးကြောင့်သာမဟုတ်ရင် ငါ့သမီးက ဒီလိုအရှက်တကွဲခံစားရပါ့မလား။ ဒါတွေအားလုံး ချန်းယန်ကြောင့်ပဲ။ သူကသာ ဒီလိုရွံ့စရာကောင်းတဲ့အလုပ်မျိုး လုပ်ခဲ့တာ။ ငါသူ့ကို မသတ်လိုက်တာကပဲ ညှာလွန်းရာကျနေပြီ။” ဖေဖေရှောင်သည် သူ့ဇနီးနှင့်သမီးက ဒီလိုဆိုးဆိုးရွားရွားအနိုင်ကျင့်ခံနေရတာကြောင့် သူ့ကိုယ်သူ အသုံးမကျသလို ခံစားနေရသည်။

ထိုအချိန်မှာပဲ ရဲအရာရှိအနည်းငယ်က ရောက်လာကြသည်။ လူအုပ်ကြီးကိုမြင်ပြီးနောက် သူတို့က မေးလာခဲ့သည်။ “ဘယ်သူ ရဲခေါ်တာလဲ။”

“ကျွန်မပါ။” ရှောင်လင်းယွီက ရှေ့ထွက်လာလေသည်။

လူတိုင်းမှာ အံ့ဩသွားကြတော့သည်။ ရွာသူကြီးက ရဲခေါ်ထားတာဟု သူတို့ထင်ခဲ့ကြခြင်းပင်။

စခန်းမှူး လျိုဟန်က ဘေးပတ်လည်ကိုကြည့်လိုက်ရာ လူများစွာ ဒဏ်ရာရထားသည်ကိုတွေ့လိုက်ရသည်။ ဒါက ရန်ပွဲကြီးကြီးကျယ်ကျယ်ဖြစ်ထားတာပဲ။

လျိုဟန်သည် ရှောင်လင်းယွီကိုကြည့်ကာ အလေးအနက်မေးလိုက်သည်။ “ဘာတွေဖြစ်တာလဲ။”

ရှောင်လင်းယွီသည် ချန်းတဟွာ၏လူများကို လက်ညှိုးထိုးလိုက်ကာ၊ “ကျွန်မ သူတို့တွေကို ပိုင်နက်ကျူးလွန်မှု၊ ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှု၊ လူသတ်ရန်ကြိုးစားမှုနဲ့ တရားစွဲချင်ပါတယ်။” ထို့နောက် သူမက ချန်းတဟွာနှင့်လန်အာယင်းတို့ကို ညွှန်ပြလိုက်ကာ၊ “သူတို့နှစ်ယောက်ကိုလည်း အသရေဖျက်မှုနဲ့ တရားစွဲချင်တယ်။”

သူတို့သည် ရှေးခေတ်အချိန်ကာလတွင် မဟုတ်ကြပေ။ သို့သော်လည်း ချန်းမိသားစုကတော့ ရဲများနှင့် တွေ့ဆုံလိုက်ရသည်နှင့် အလွန်ကြောက်ရွံ့မိကြသေးလေသည်။

လျိုဟန်က ချန်းမျိုးနွယ်ရွာကလူများကိုကြည့်လိုက်ပြီး နောက်မှာတော့ ထောင်ယွမ်ရွာသားများကို ကြည့်လိုက်ကာ၊ “ဒီမှာ အုပ်စုဖွဲ့ရန်ပွဲဖြစ်ခဲ့တာလား။”

“အရာရှိကြီး၊ ဒီချန်းမျိုးနွယ်ရွာကလူတွေကစပြီး တိုက်ခိုက်ကြတာပါ။ သူတို့က ကျွန်တော်တို့လူနှစ်ယောက်ကို အရင်ရိုက်ကြတာ။ ကျွန်တော်တို့လည်း ကျွန်တော်တို့လူတွေကို ကယ်ဖို့ ဝင်တားရတာပေါ့။” ရှောင်ချန်းပမ်းက ပြောလိုက်ကာ ရှောင်ကျန်းယန်တို့ဇနီးမောင်နှံကို ညွှန်ပြလိုက်လေသည်။ “ကြည့်လိုက်ပါဦး၊ သူတို့ဒဏ်ရာတွေ ဘယ်လောက်ပြင်းလဲဆိုတာ။ ချန်းမိသားစုက ရောက်တာနဲ့ ကျန်းယန်ကို တန်းထိုးတော့တာပဲ။ ပြီးတော့ သူတို့က ကန်ကျောက်ပြီး ရိုက်နှက်ကြသေးတယ်။ ကျန်းယန်က မြေပေါ်လဲနေတာတောင်မှ သူတို့က ရပ်မသွားဘူး။ ပြီးတော့ သူ့ခေါင်းကဒဏ်ရာကိုလည်း ကြည့်ပါဦး။ အဲ့ဒါ ကျောက်တုံးနဲ့အထုခံထားရတာလေ၊ ပြီးတော့ အကန်လည်း ခံထားရသေးတယ်။”

“အရာရှိကြီးတို့၊ ထောင်ယွမ်ရွာကလူတွေက ကိုယ့်ကိုယ်ကို ပြန်ကာကွယ်ကြတာပါ။ ဒီလူတွေ မတရားလုပ်နေတာကို ဝင်တားပေးကြတာ။” ရှောင်လင်းယွီက ပြောလိုက်သည်။ “ဒီကဦးလေးတွေ ဒေါ်လေးတွေသာ မကူညီရင် သူတို့က ကျွန်မမိဘတွေကို သေတဲ့အထိရိုက်ကြမှာ။ ဒီလူတွေက ရည်ရွယ်ချက်ရှိရှိ နာကျင်စေပြီး လူသတ်ဖို့ကြိုးစားကြတာပဲ။ ဦးလေးကြီး၊ ကျေးဇူးပြုပြီး အမှန်တရားကို စုံစမ်းပေးပါ။”

ဦးလေးကြီးလျိုဟန်၊ “….” ငါ့ကြည့်ရတာ အဲ့လောက်အိုနေပြီလား။ ငါအခုမှ သုံးဆယ်ကျော်ပဲရှိပါသေးတယ်ဟ။

လျိုဟန်တောင် ဘာမှမပြောရသေးခင်မှာပဲ ချန်းမိသားစုဝင်များကတော့ အသိစိတ်လွတ်မတတ် ကြောက်လန့်နေကြပြီဖြစ်သည်။

တစ်ယောက်က၊ “ကျွန်တော်… ကျွန်တော်တို့ တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး။ သူ.. သူတို့ကို နည်းနည်းလောက် သင်ခန်းစာပေးချင်ရုံပါ။”

ရဲအရာရှိ၊ “…”

ကဲ မြန်မြန်ပဲ ဝန်ခံသွားပြီ။ အစကတော့ ကောင်မလေး၏စကားတွေကို အတည်ပြုဖို့ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဖိုလိုသေးသော်လည်း ဒီလူက ကိုယ်တိုင်ကိုယ်ကျ ကိုယ့်အပြစ်ကို ဝန်ခံလာလေပြီ။

လျိုဟန်က ထိုလူများကို စူးစူးရဲရဲကြည့်လိုက်ကာ၊ “လူတွေကိုရိုက်တာက ဥပဒေနဲ့မညီဘူးဆိုတာ မသိကြဘူးလား။ မင်းတို့ကိုယ်တိုင် ပြစ်မှုကိုဝန်ခံလိုက်ပြီဆိုမှတော့ မင်းတို့အားလုံး ငါတို့နဲ့ စခန်းကိုလိုက်ခဲ့ကြတော့သည်။”

ချန်းမိသားစုနှင့် လန်မိသားစုမှ လူများမှာ ထိတ်လန့်သွားကြလေသည်။

ရွာသားတစ်ယောက်က ချန်းတဟွာ၏လက်မောင်းကိုဆွဲကာ စိုးရိမ်ပူပန်စွာ ပြောလာခဲ့သည်။ “ငါထောင်မကျချင်ဘူး။” ထို့နောက် သူက ရဲအရာရှိကို လှည့်ပြောလိုက်သည်။ “အရာ..အရာရှိကြီး၊ ကျွန်တော်က ချန်းစန်းဟွာခေါ်လို့.. လိုက်…လိုက်လာရတာပါ။ ရှောင်လင်းယွီဆီက ငွေမရမချင်း ရှောင်လင်းယွီကို ရိုက်ဖို့ပဲ တွေးထားတာပါ။ အခု ငွေလည်းမလိုချင်တော့ပါဘူး။ ကျွန်တော့်ကို မဖမ်းလို့မရဘူးလားဟင်။”

ထို့နောက် နောက်တစ်ယောက်ပါက ဖော်ကောင်လုပ်လာပြန်သည်။ “ကျွန်တော်လည်း ချန်းစန်းဟွာတို့ညီအစ်ကိုတွေက ကူညီဖို့ခေါ်လို့ လိုက်လာတာပါ။ ကျွန်တော်တို့ ရှောင်ကျန်းယန်တို့ မိသားစုကို ရိုက်ကြမယ်ဆိုပြီးပြောထားတာ။ အဲ့လိုကျရင် ယွမ်၃၀ပေးမယ်တဲ့။”

“လန်ဟုန်ရှင်းလည်း အဲ့လိုပဲပြောတာ။ ဒါက ငါ့ကိစ္စမှမဟုတ်တာ။ ငါထောင်ထဲမသွားချင်ဘူး။”

ရုတ်တရက်ဆိုသလို ချန်းမျိုးနွယ်ရွာနှင့် လန်မျိုးနွယ်ရွာကလူများက သူတို့အပြစ်ကို ဘေးပုတ်ထုတ်တော့သည်။

လျိုဟန်သည် ထိုလူများကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ကာ၊ “အားလုံးကို စခန်းခေါ်ခဲ့။ လာ၊ ကားထဲဝင်ကြ။”

ထောင်ယွမ်ရွာမှ လူတချို့၊ မေမေရှောင်၊ ဖေဖေရှောင်နှင့် ရှောင်လင်းယွီတို့လည်း အတူလိုက်သွားရသည်။

သက်သေထွက်ဆိုဖို့အပြင် ဆေးရုံသွားဖို့လည်း လိုသေးပေသည်။ ဖေဖေရှောင်နှင့် မေမေရှောင်တို့၏ ဒဏ်ရာကပြင်းတာကြောင့် ရှောင်လင်းယွီက သူတို့ကို မြို့နယ်ဆေးရုံသို့ ခေါ်သွားချင်ခဲ့သည်။

သို့သော်လည်း ဤတစ်ခေါက် ကိစ္စတွင် ပါဝင်ပတ်သတ်သူအရေအတွက်က များလှပေသည်။ ရဲဘက်က ကားနှစ်စီးသာပါလာပြီး ရှောင်လင်းယွီ၏ကားကတော့ နောက်ထပ်၂ယောက်ထပ်တင်နိုင်သည်။ ကျန်လူများကတော့ ကိုယ့်ဘာသာဆိုင်ကယ်ဖြင့် လိုက်ကြရလေသည်။ သူတို့နာမည်နှင့် ဓာတ်ပုံများပါ ရိုက်ယူထားပြီးဖြစ်တာကြောင့် ထွက်ပြေးဖို့အခွင့်အရေးတော့မရှိပေ။ သူတို့သာ ထွက်ပြေးဖို့ကြိုးစားပါက နောက်ထပ်ပြစ်မှုတစ်ခု ထပ်တိုးသွားပေလိမ့်မည်။

သို့သော်လည်း ချန်းတဟွာနှင့်လန်အာယင်းတို့ကတော့ မသွားချင်ကြပေ။ ဒါကြောင့် သူတို့က ရဲအရာရှိများကို တောင်းပန်ကြလေသည်။ “ရဲအရာရှိကြီးတို့၊ ကျွန်တော်တို့ကို မဖမ်းပါနဲ့။ ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့စောင့်ရှောက်မှုလိုအပ်နေတဲ့ အကြောသေနေတဲ့သားလေးရှိလို့ပါ။” သူတို့က ချန်းယန်ကို ညွှန်ပြကာ ပြောလိုက်သည်။

လျိုဟန်သည် မြေပေါ်တွင် လှဲနေသည့်ချန်းယန်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။ “ဒါဆိုလည်း မင်းတို့သားကိုပါ စခန်းခေါ်လာခဲ့လိုက်။ မင်းသားက မသန်မစွမ်းဖြစ်နေတာနဲ့ မင်းတို့အပြစ်က လွတ်နိုင်မယ်များထင်နေလား။”

ချန်းတဟွာနှင့် လန်အာယင်းတို့သည် ရှောင်လင်းယွီရှေ့တွင်တော့ အလွန်မောက်မာနေကြသော်လည်း ရဲရှေ့မှာတော့ အလွန်ကိုမှ ကျိုးနွံနေကြလေသည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက် ချန်းယန်ကိုသယ်ကာ ရဲကားထဲသို့ ဝင်လိုက်ကြသည်။

ရဲအရာရှိများကတော့ အပုပ်နံ့ကိုရလိုက်သည်နှင့် ထိုမိဘနှစ်ယောက်အပေါ် ဆိုးဝါးသည့်အမြင်ရှိသွားကြလေသည်။ ဒီလူတွေက မိဘတွေဖြစ်ပြီး သူတို့သားကို စောင်ကောင်းကောင်းတစ်ထည်တောင် မပေးတဲ့အပြင်၊ အညစ်အကြေးတွေကိုတောင်မှ မသန့်ရှင်းပေးကြဘူး။ ဘယ်လိုမိဘမျိုးလဲ။

သို့သော်လည်း ရဲအရာရှိကြီးများသည် ကိုယ်နှုတ်အမူအရာကို စောင့်ထိန်းကြသူများဖြစ်တာကြောင့် ဘာမှထုတ်မပြောခဲ့ကြပေ။

ချန်းတဟွာနှင့်လန်အာယင်းတို့မှာ ရဲကားထဲတွင် ထိန်းသိမ်းခံထားကြရသည်။

အချိန်ခဏကြာပြီးနောက် ချန်းတဟွာက၊ “ရဲအရာရှိကြီး၊ ကျွန်တော့်သားလေးက မနေ့ကတည်းက ဘာမှမစားရသေးဘူး။ ကျွန်..ကျွန်တော်တို့လည်း မစားရသေးဘူး။ အဲ့ဒါ အရင်ဆုံး စားဖို့ရပ်ပေးလို့ရမလား။”

လျိုဟန်က၊ “မင်းတို့ ရန်ဖြစ်ပြီး ပြဿနာရှိနေကြတုန်းကတော့ ဗိုက်မဆာကြပါဘူး။ ထားပါ၊ ငါတို့မြို့ပေါ်ရောက်တဲ့အချိန်ကျမှ မင်းတို့အတွက် စားစရာဝယ်ခိုင်းလိုက်မယ်။”

သူတို့ မြို့ပေါ်သို့ရောက်လာချိန်တွင် ရှောင်လင်းယွီက သူမမိဘများက မြို့နယ်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ မေမေရှောင်ကတော့ ပြင်ပဒဏ်ရာများသာဖြစ်တာကြောင့် အဆင်ပြေခဲ့လေသည်။

သို့သော်လည်း ဖေဖေရှောင်သည်တော့ ပြင်းပြင်းထန်ထန် ကန်ကျောက်ရိုက်နှက်ခြင်းခံခဲ့ရလေသည်။ ရင်ဘက်တွင်လည်း ပြင်းထန်သည့်ဒဏ်ရာများရှိနေခဲ့သည်။ ဒါကြောင့် အတွင်းဒဏ်ရာရှိမရှိသေချာအောင် CTစကန်ဖတ်ဖို့ လိုအပ်ပေသည်။

သို့သော်လည်း မြို့နယ်ဆေးရုံတွင်က CTစက်မရှိတာကြောင့် သူ့ဒဏ်ရာများကို ပတ်တီးစည်းပေးရုံသာ တတ်နိုင်လေသည်။ ရှောင်လင်းယွီသည် အလွန်စိုးရိမ်ကြောက်လန့်နေတာကြောင့် ရဲအရာရှိများကို အကျိုးအကြောင်းပြောပြကာ ခရိုင်ဆေးရုံသို့ ချက်ချင်းထွက်သွားတော့သည်။

အုပ်စုဖွဲ့ရန်ပွဲတွင် ဖေဖေရှောင်က တော်တော်ထိထားမှန်း ရဲအရာရှိများကလည်း သိနေတာကြောင့် သူတို့ကို ခက်ခဲအောင် မလုပ်ခဲ့ပေ။ ဆေးရုံသွားပြီးမှသာ သက်သေထွက်ဆိုဖို့ စခန်းကိုလာခဲ့ရန် ပြောလိုက်လေသည်။

ရှောင်လင်းယွီသည် ကားမောင်းရန်အတွက် စိတ်အလွန်မတည်မငြိမ်ဖြစ်နေတာကြောင့် ထိုတာဝန်မှာ ယန်စစ်မင်အတွက်သာ ဖြစ်သွားလေသည်။

ရှောင်လင်းယွီသည် သူမမိဘများ၏ဒဏ်ရာများကိုကြည့်ပြီး သူမကိုသူမအပြစ်တင်ကာ ငိုကြွေးနေခဲ့လေသည်။ “အဖေ၊ အမေ၊ သမီးတောင်းပန်ပါတယ်။” သူမက မျက်ရည်များဆက်တိုက်စီးကျနေရင်း တောင်းပန်နေခဲ့သည်။ “သူတို့ဘာလို့ ဒီလောက်တောင် ရက်စက်ကြရတာလဲ။ သမီး အရင်က ချန်းယန်ကို လူကောင်းတစ်ယောက်လို့ထင်ခဲ့မိတာ ကန်းနေလို့ပဲ။” ဒီတစ်ခေါက်တော့ ထိုလူများကို သူမလုံးဝအလွတ်ပေးတော့မည်မဟုတ်ပေ။ သူမတွင် အဆက်အသွယ်များရှိနေပြီဖြစ်သည်။

မေမေရှောင်က ရင်နာနာနှင့်သက်ပြင်းသာ ချမိလေသည်။ “ဟုတ်ပါပြီ၊ ယွီအာရယ်၊ မငိုပါနဲ့တော့။”

ယန်စစ်မင်သည် ရှိုးကောင်းကောင်းတစ်ပွဲလောက် ကြည့်ချင်ခဲ့ရုံသာဖြစ်သော်လည်း ကိစ္စတွေက ဒီအခြေအနေအထိ ရောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဒါကြောင့် လက်ရှိတွင် သူ့ခံစားချက်များက ရှုပ်ထွေးနေလေသည်။

သူက နောက်ကြည့်မှန်ကနေတဆင့် ငိုယိုနေသည့် ရှောင်လင်းယွီကိုကြည့်လိုက်ကာ သူ့မျက်လုံးများက ပိုလို့တောင် နက်နဲသွားတော့သည်။

ခရိုင်ဆေးရုံသို့ရောက်ပြီးနောက် ဆေးစစ်မှုများလုပ်ခဲ့လေသည်။ မေမေရှောင်၏ဒဏ်ရာများက အပေါ်ယံဒဏ်ရာများဖြစ်လေသည်။ သူမဒဏ်ရာများကို ပုံမှန် ဆေးထည့်ပြီး ပတ်တီးလဲပေးဖို့သာ လိုအပ်သည်။

သို့သော်လည်း ဖေဖေရှောင်၏ဒဏ်ရာများကတော့ …. ရှောင်လင်းယွီနှင့် မေမေရှောင်တို့ကို ချွေးအေးများပင် ထွက်လာစေခဲ့သည်။

ဆရာဝန်က၊ “ဒီလူနာရဲ့အဆုတ်က ဒဏ်ရာရသွားပြီး သွေးယိုနေတယ်။ အုချက်ချင်း ခွဲစိတ်မှုလုပ်ဖို့လိုအပ်တယ်။ ကံကောင်းတာက မင်းတို့ သူ့ကို အချိန်မီခေါ်လာနိုင်ခဲ့လို့ပေါ့၊ မဟုတ်ရင် နောက်ဆက်တွဲအခြေအနေတွေက မတွေးရဲစရာပဲ။”

“ဒေါက်တာ၊ ကျေးဇူးပြုပြီး ချက်ချင်းခွဲစိတ်ပေးပါ။” ရှောင်လင်းယွီက ခွဲစိတ်ဖို့ အတည်ပြုပေးလိုက်သည်။

ဖေဖေရှောင် ခွဲစိတ်နေစဉ်အတွင်း ရှောင်လင်းယွီနှင့် မေမေရှောင်တို့သည် ခွဲခန်းအပြင်တွင် စောင့်နေခဲ့ကြကာ နှစ်ယောက်လုံး အလွန်စိုးရိမ်ပူပန်နေခဲ့ကြသည်။

ရှောင်လင်းယွီသည် ခုံတန်းရှည်ပေါ်တွင်ထိုင်နေခဲ့ကာ သူမလက်သီးများကို တင်းတင်းဆုပ်ထားပြီး သူမမျက်လုံးထဲတွင် အမုန်းတရားများပြည့်နှက်နေခဲ့သည်။ သူမ၏အရင်ဘဝတွင် ချန်းမိသားစုသည် သူမတို့မိသားစုကို ပြဿနာများစွာပေးခဲ့လေသည်။ သူမပြန်လည်မွေးဖွားလာတာတောင်မှ ချန်းမိသားစုသည် သူမမိသားစုကို ထိခိုက်စေနေတုန်းဖြစ်ကာ သူမအဖေကိုတောင် သေစေလုနီးပါးပင်။ ဒါတွေအားလုံးအတွက် ပြန်ပေးဆပ်ခိုင်းမှရတော့မယ်။

ရှောင်လင်းယွီနှင့် မေမေရှောင်တို့နှစ်ယောက်လုံး တိတ်ဆိတ်နေခဲ့ကြသည်။

ထိုအချိန်တွင် ယန်စစ်မင်က နေ့လည်စာဘူးနှစ်ဘူးယူလာကာ၊ “ဒေါ်လေး၊ လင်းယွီ၊ တစ်ခုခုစားလိုက်ကြဦး။ မင်းတို့မစားထားရင် ဦးလေးကို စောင့်ရှောက်ဖို့ အားမရှိဘဲနေလိမ့်မယ်။”

မေမေရှောင်က၊ “ကျေးဇူးတင်ပါတယ်၊ လူကြီးမင်းယန်။ ဒါပေမယ့် ကျွန်မတကယ်ကို စားချင်စိတ်မရှိလို့ပါ။” မေမေရှောင်သည် ယန်စစ်မင်၏အထောက်အထားကိုသိထားပြီးကတည်းက အလွန်ကို သတိထားနေခဲ့သည်။ သို့သော်လည်း ထိုလူက သူမတို့ကို အများကြီးကူညီပေးခဲ့တာကြောင့် မေမေရှောင်လည်း ရိုင်းရိုင်းစိုင်းစိုင်းနှင့် သူ့ကို မောင်းထုတ်မပစ်နိုင်ပေ။

ရှောင်လင်းယွီက၊ “လူကြီးမင်းယန်၊ ရှင်လည်းစားသင့်တယ်။”

ယန်စစ်မင်က မျက်မှောင်ကြုတ်လိုက်ကာ၊ “ရှောင်လင်းယွီ၊ မင်းဒီမနက်ကတည်းက ဘာမှမစားရသေးဘူး။ မင်းကိုယ်မင်း အငတ်ခံနေလို့မရဘူးလေ။” ထို့နောက် သူက သူမကိုနေ့လည်စာဘူးထိုးပေးလိုက်သည်။

“ကျေးဇူးပါ၊ ဒါပေမယ့် ကျွန်မဗိုက်မဆာသေးဘူး။” ရှောင်လင်းယွီ၏အသံထဲတွင် ဖိနှိပ်ထားသည့် ဒေါသတရားနှင့် စိုးရိမ်ပူပန်စိတ်များ ပြည့်နေခဲ့သည်။ သူမအဖေက ခွဲစိတ်နေရတာကြောင့် သူမစိုးရိမ်လွန်း၍ ဘာမှ မစားနိုင်သေးပေ။

“လူကြီးမင်းယန်၊ ရှင်လည်း မနက်ကတည်းက အလုပ်များနေရပြီ။ ပြန်သွားပြီး အနားယူလိုက်ပါဦး။” ရှောင်လင်းယွီက ပြောလိုက်လေသည်။ ယန်စစ်မင်အပေါ် အရင်တစ်ခါကတည်းက သူမ ကျေးဇူးကြွေးတင်ခဲ့ကာ အခုလည်း နောက်ထပ် တိုးလာပြန်လေပြီ။ ဒါကြောင့် ယန်စစ်မင်ကို ထပ်ပြီး ဒုက္ခမပေးချင်တော့ပေ။ သူမနှင့် ယန်စစ်မင်ကြားတွင် ဘာဆက်နွှယ်မှုမှုမရှိတာကြောင့် သူ့ဘက်က ဘယ်လိုပဲသဘောထားထား သူမကတော့ ကျေးဇူးတင်မိနေတုန်းပင်။ ဒါပေမယ့် သူနှင့် ခပ်ခွာခွာနေကာ စည်းတားထားသေးလေသည်။

ယန်စစ်မင်သည်လည်း သူဆက်နေဖို့ အနည်းငယ်မသင့်တော်ကြောင်း ခံစားမိသည်။

ဒါကြောင့် သူက ခေါင်းညိတ်လိုက်ကာ၊ “ကောင်းပြီလေ၊ ဒါဆို ငါဟိုတယ်အရင်ပြန်လိုက်တော့မယ်။ မင်းတစ်ခုခုအကူအညီလိုတာရှိရင် ဖုန်းဆက်လိုက်။”

“ကောင်းပါပြီ။” ရှောင်လင်းယွီ ပြန်ဖြေလိုက်သည်။

စတုတ္ထဦးလေးနှင့်ဒေါ်လေးတို့သည် ရဲစခန်းတွင် ဖြောင့်ချက်ပေးပြီးနောက် သူတို့ဆိုင်ကယ်နှင့် ခရိုင်မြို့ပေါ်သို့ တက်လာခဲ့ကြသည်။ သူတို့ရောက်လာချိန်တွင်တော့ ဖေဖေရှောင်၏ခွဲစိတ်မှုက ပြီးသွားပြီဖြစ်ကာ လူနာဆောင်ထဲသို့ ပြောင်းလာပေပြီ။

“ဒုတိယအစ်မ၊ လင်းယွီ၊ ဘာတွေဖြစ်ကုန်တာလဲ။ ဒုတိယအစ်ကိုရော ဘယ်လိုနေလဲ။” ရှောင်မင်ယန်းသည် အိပ်မောကျနေသည့်အဖေဖေရှောင်ကိုမြင်ပြီး စိုးရိမ်တကြီးမေးလာခဲ့သည်။ “သူ့ဒဏ်ရာက ခွဲစိတ်ဖို့လိုတဲ့အထိ အရမ်းဆိုးသွားတာလား။”

ရှောင်လင်းယွီ၊ “အဖေက အကန်ခံရပြီး အဆုတ်ထိသွားတယ်။ သမီးတို့သာ နည်းနည်းနောက်ကျသွားရင် အခြေအနေက မတွေးရဲစရာပဲလို့ ဒေါက်တာက ပြောတယ်။”

“အဲ့လူယုတ်မာတွေ!” စတုတ္ထဦးလေးရှောင်သည် ထိုသတင်းကိုကြားလိုက်သည်နှင့် ချက်ချင်း ကြိမ်းမောင်းလာတော့သည်။ “ငါ သူတို့ကို သွားသတ်ပစ်မယ်။” ပြောပြောဆိုဆိုနှင့် သူက ချက်ချင်းပင် ပြေးထွက်သွားဖို့ပြင်နေလေသည်။

“တော်လောက်ပြီ။” မေမေရှောင်ကအော်လိုက်လေသည်။ “မင်းစိတ်လွတ်သွားတာလား။ မင်းသာ သူတို့ကို သွားရိုက်ရင် ငါတို့လည်း မှားတဲ့သူတွေ ဖြစ်သွားလိမ့်မယ်။”

လျိုချွမ်းဟွာက ရှောင်မင်ယန်းကို ပြန်ဆွဲထားခဲ့သည်။ “အဲ့လောက် စိတ်မလောနဲ့လေ။ သူတို့အားလုံး အခု စခန်းထဲမှဖမ်းထားတာ။ ရှင် သူတို့ဆီသွားလို့ရတာမှမဟုတ်တာ။” ထို့နောက် လျိုချွမ်းဟွာက အပြစ်ရှိစိတ်ဖြင့် ပြောလာခဲ့သည်။ “ကျွန်မအမှားတွေပါ။ ဘာလို့များ မနေ့က ပြန်ဖို့လုပ်မိပါလိမ့်။ ကျွန်မသာ မပြန်ခဲ့ရင် ဒီလောက်အခြေအနေတွေအထိ ဖြစ်သွားမှာမဟုတ်ဘူး။”

မေမေရှောင်က ခေါင်းအသာယမ်းလာခဲ့သည်။ “ချွမ်းဟွာ၊ ဒါမင်းအမှားမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့။ မင်းတို့ရှိနေရင်တောင် သူတို့က ဒီလိုလူအုပ်ကြီးနဲ့ရောက်လာပြီး ဘာမှသတိမပေးဘဲ ဝိုင်းရိုက်ကြမှာပဲ။ ငါတို့အားလုံး သတိလက်လွတ်ဖြစ်နေကြမှာ။ သူတို့သာ ဒီလောက် မကောက်ကျစ်ရင် ထောင်ယွမ်ရွာသားတွေကရော သူတို့ ငါတို့ကိုရိုက်တာကို ဒီအတိုင်းလွှတ်ထားပေးကြမယ် ထင်လို့လား။”

ထို့နောက် မေမေရှောင်သည် ရှောင်လင်းယွီကို ပြောလာခဲ့သည်။ “ယွီအာ၊ ချန်းမျိုးနွယ်ရွာနဲ့ ရန်ဖြစ်ကြတုန်းက ရွာသားအများစုက အမေတို့ကို ကူညီပေးခဲ့ကြတယ်။ သူတို့ထဲကချို့လည်း ဒဏ်ရာရသွားကြတယ်။ အမေတို့ပြန်ရောက်ရင် သူတို့ကို သေချာကျေးဇူးတင်ရမယ်နော်။ ဒဏ်ရာရသွားတဲ့လူတွေအတွက်လည်း သူတို့ဆေးဖိုးတွေအတွက် အမေတို့ လျော်ကြေးပြန်ပေးရမယ်။ ဟုတ်ပြီလား။”

“ဟုတ်ကဲ့ပါ၊ အမေ။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

“မီးထဲ ဆီဝိုင်းထည့်ကြတဲ့လူတွေကိုတော့.. အမေတို့ သူတို့နဲ့ အဆက်အသွယ်ဖြတ်ကြတာပေါ့။ သူတို့ ရှောင်ကွမ်းအနားကို ထပ်ကပ်ဖို့ လုံးဝခွင့်မပြုဘူး။” မေမေရှောင်၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ ဒါပေါ့၊ သူမဘယ်လိုလုပ် ဒေါသမထွက်ဘဲနေပါ့မလဲ။

ပုံမှန်ဆိုလျှင် မေမေရှောင်သည် ပြဿနာဖြစ်ရသည်က အရမ်းပင်ပန်းစရာကောင်းတာကြောင့် သိပ်ပြီး ဂရုစိုက်မနေခဲ့ပေ။ သို့သော်လည်း ဒီနေ့ကိစ္စကိုတော့ သူမ လုံးဝလျစ်လျူမရှုထားနိုင်ပေ။ ဒီလူတွေက သူတို့အပေါ် အခွင့်ကောင်းယူနေကြတာတောင်မှ အခွင့်ရတာနဲ့ အနိုင်ကျင့်ချင်ကြသေးတယ်။ ရွံ့စရာကောင်းလိုက်တာ။ ငါတို့ရှောင်မိသားစုက အရမ်းစိတ်သဘောထားကြီးလွန်းတယ်လို့များ ထင်နေကြတာလား။

“ဟုတ်ကဲ့။” ရှောင်လင်းယွီပြန်ဖြေလိုက်သည်။ သူမသည်လည်း သူတော်စင်တစ်ယောက်မဟုတ်ပေ။ သူမမိသားစုကို အန္တရာယ်ဖြစ်စေသည့်လူများအပေါ် ဘာလို့ကောင်းပေးနေရမှာလဲ။

ရှောင်မင်ယန်းနှင့် လျိုချွမ်းဟွာတို့သည် ဆေးရုံတွင် ခဏနေခဲ့ပြီးနောက်မှာတော့ ပြန်သွားကြလေသည်။

ဖေဖေရှောင်က ဆေးရုံတက်နေရတာကြောင့် ရှောင်မင်ယန်းကပြန်ပြီး နေ့စဉ်သုံးပစ္စည်းတချို့ကို သွားယူခြင်းဖြစ်သည်။ လျိုချွမ်းဟွာကလည်း လယ်အလုပ်များကို စောင့်ကြည့်ရန် ပြန်သွားရလေသည်။

ရှောင်လင်းယွီနှင့် မေမေရှောင်တို့ကတော့ နေခဲ့ကြသည်။ ရှောင်လင်းယွီတွင် ခရိုင်မြို့ပေါ်၌ ငှားထားသည့်အိမ်ရှိတာကြောင့် သူတို့လိုအပ်သည့် ပစ္စည်းအားလုံး ရှီလေသည်။ ဒါကြောင့် ဖေဖေရှောင်ကိုစောင့်ရှောက်ဖို့ အလှည့်ကျတာဝန်ယူလိုက်ကြသည်။

နေ့လည်ပိုင်းမှာတော့ ရှင်းအန်းမြို့မှ ရဲအရာရှိများရောက်လာကြသည်။ ဖေဖေရှောင်က အခုမှခွဲစိတ်ထားတာမှန်း မြင်လိုက်ချိန်မှာတော့ သူတို့လည်း မနက်ဖြန်မှ ပြန်လာခဲ့ရန် ဆုံးဖြတ်လိုက်လေသည်။

သို့သော်လည်း ရှောင်လင်းယွီကတော့ သူတို့နှင့်အတူ ပြန်လိုက်သွားဖို့ လိုခဲ့သည်။

ရှောင်လင်းယွီသည် မေမေရှောင်ကိုတစ်ယောက်တည်း ထားခဲ့ဖို့ စိုးရိမ်နေမိသည်။ ဘာပဲဖြစ်ဖြစ် မေမေရှောင်လည်း ဒဏ်ရာတွေရထားတာပဲမဟုတ်လား။

ရဲအရာရှိက ထိုအကြောင်းကို တွေးကြည့်လိုက်ကာ၊ “ငါတို့ဖြစ်စဉ်အကုန်လုံးကိုတော့ သိထားပြီ။ ချန်းမျိုးနွယ်ရွာနဲ့ လန်မျိုးနွယ်ရွာကလူတွေကို မင်းအိမ်မှာ ပြဿနာသွားရှာဖို့ ချန်းစန်းဟွာနဲ့ လန်ဟုန်ရှင်းတို့ အမိန့်ပေးခဲ့ကြတာ။ ချန်းစန်းဟွာနဲ့ လန်ဟုန်ရှင်းကတော့ ချန်းတဟွာနဲ့ လန်အာယင်းတို့ရဲ့အမိန့်အတိုင်း လိုက်လုပ်ကြတာ။”

“ဒါကြောင့် ချန်းတဟွာနဲ့လန်အာယင်းက အဓိကတရားခံတွေဖြစ်ပြီး ကျန်တဲ့လူတွေကတော့ ကြံရာပါတွေပဲ။ ဒါပေမယ့် ချန်းတဟွာနဲ့လန်အာယင်းတို့ရဲ့သားက အကြောသေနေတယ်။ သူတို့ စောင့်ရှောက်ပေးဖို့ လိုနေသေးတယ်။ ဒါကြောင့် မင်း သူတို့အပေါ် သက်ညှာပေးလို့ရမလား သိချင်နေကြတယ်။”

ရှောင်လင်းယွီက ခပ်တင်းတင်းပင် ပြန်မေးလိုက်လေသည်။ “အရာရှိကြီး၊ သက်ညှာပေးတယ်ဆိုတာ ဘာသဘောလဲ။ လူသတ်မှုနဲ့ မီးရှို့မှုအတွက် သေဒဏ်ပေးကြတယ်။ ချန်းတဟွာဖြစ်ဖြစ် လန်အာယင်းဖြစ်ဖြစ် သူတို့ရွာကလူတွေဖြစ်ဖြစ် ဘာကိုမှဂရုမစိုက်ဘူး။ သူတို့ ကျွန်မမိဘတွေအိမ်ကို လာပြီး လူတွေကို အကြောင်းအရင်းမရှိ ထိခိုက်ဒဏ်ရာရစေမှတော့ သူတို့က ရာဇဝတ်ကောင်တွေပဲ။ ရာဇဝတ်သားတွေဆိုမှတော့ ဥပဒေအတိုင်း အပြစ်ပေးရမှာပေါ့၊ မဟုတ်ဘူးလား အရာရှိကြီးတို့။” အခုထိတောင်မှ ချန်းတဟွာနဲ့လန်အာယင်းတို့က သူတို့အလွယ်လေးလွတ်မြောက်နိုင်မယ်လို့ တွေးနေကြတယ်ပေါ့။ သူတို့ကို လုံးဝအလွတ်မပေးဘူး။

“ပြီးတော့ ကျွန်အဖေရဲ့အခြေအနေကို အရာရှိကြီးတို့လည်း မြင်တာပဲ။ သူက အခုလေးတင်မှ သေမင်းတံခါးကနေလွတ်မြောက်လာတာ။ ကျွန်မတို့အိမ်နီးချင်းတွေ ကူညီတာကြောင့်သာမဟုတ်ရင် ကျွန်မမိဘတွေ သေတောင်သေသွားလောက်ပြီ။ ဒါက ရည်ရွယ်ချက်ရှိရှိထိခိုက်ဒဏ်ရာရအောင် လုပ်တာ မဟုတ်ရင်လည်း လူသတ်ရန်ကြိုးပမ်းမှုပဲ။ သူတို့သားက အကြောသေနေတာကြောင့်နဲ့ သူတို့က အေးအေးဆေးဆေး လူလိုက်သတ်လို့ရရောလား။ ရာဇဝတ်သားတိုင်းသာ ဒီလိုမျိုး ပြစ်ဒဏ်ကို ငြင်းဆိုနေကြရင် ဘာကိစ္စ ဥပဒေဆိုတာ လိုနေတော့မှာလဲ။ ဥပဒေဆိုတာ ဘက်မလိုက်ရဘူး။”

ရဲအရာရှိ၊ “….” မင်းက အားလုံးကိုပြောသွားမှာတော့… ငါတို့ဘာများပြောနိုင်တော့မှာလဲ။

“ကောင်းပြီ၊ ငါတို့သဘောပေါက်ပြီ။” ရဲအရာရှိက ခေါင်းညိတ်လိုက်သည်။ “မင်းစိတ်မရှိဖို့ မျှော်လင့်ပါတယ်။ ငါတို့ကလည်း ငါတို့တာဝန်အရ တဆင့်စကားပို့ပေးရုံပဲ။”

ရှောင်လင်းယွီလည်း ပြန်ယဉ်ကျေးသွားကာ၊ “ကျွန်မနားလည်ပါတယ်။ အရာရှိကြီးတို့ ကြိုးစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ရဲအရာရှိများထွက်သွားကြပြီးနောက်မှာတော့ ရှောင်လင်းယွီ ဖုန်းတစ်ကောခေါ်လိုက်လေသည်။

….

တစ်နေ့တည်းမှာပဲ ချန်းမျိုးနွယ်ရွာနှင့် လန်မျိုးနွယ်ရွာမှလူများလည်း သတင်းကြားခဲ့ကြသည်။ ရှောင်မိသားစုကို အနိုင်ဝိုင်းကျင့်ဖို့ ပါသွားကြတဲ့လူတွေအားလုံး အဖမ်းခံလိုက်ရတယ်တဲ့။

ထိုလူများအားလုံးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရစေမှုနှင့် လူသတ်ရန်ကြံစည်မှုတို့ဖြင့် ဖမ်းလိုက်ခြင်းဖြစ်ကြောင်း သူတို့ကြားခဲ့ရလေသည်။ ထိုသတင်းကိုကြားပြီးနောက် သူတို့အားလုံး ဒေါသတွေ ပေါက်ကွဲကုန်တော့သည်။

သူတို့က ချန်းအာ့ဟွာ၊ ချန်းစန်းဟွာနှင့် လန်ဟုန်ရှင်းတို့ဩအိမ်ကိုဝိုင်းထားကာ ပြဿနာရှာကြတော့သည်။ အကြောင်းကတော့ သူတို့မိသားစုဝင်များက ထိုလူတွေနဲ့အတူ ရှောင်မိသားစုကို ခြိမ်းခြောက်မည့်အဖွဲ့ထဲသို့ ပါသွားခဲ့ခြင်းကြောင့်ဖြစ်လေသည်။ အဆုံးမှာတော့ သူတို့အားလုံး ရဲစခန်းတွင် အဖမ်းခံလိုက်ရကာ ရာဇဝတ်သားများ ဖြစ်လာကြလေသည်။

“လန်ရှို့ယင်း၊ နင့်လူ ငါ့ယောက်ျားကို မထုတ်ပေးရင် ငါနင့်အိမ်ကို မီးရှို့ပစ်မယ်။” ချန်းမျိုးနွယ်ရွာသားတစ်ယောက်က ချန်းစန်းဟွာ၏အိမ်ရှေ့တွင် အော်ဟစ်နေလေသည်။ လန်ရှို့ယင်းက အေးစက်စက်မျက်နှာဖြင့် ပြန်ပြောလာခဲ့သည်။ “ငါ့ယောက်ျားလည်း စခန်းမှာပဲလေ။ ဘယ်လိုလုပ် နင့်လူကို ထုတ်ပေးနိုင်ပါ့မလဲ။ သူ့ကိုလွတ်စေချင်ရင် နင့်ဘာသာ စခန်းကိုလိုက်သွားပေါ့။”

သူမစိတ်ထဲတွင်တော့ ချန်းတဟွာတို့ဇနီးမောင်နှံကို အလွန်ကိုမှ မုန်းတီးနေလေသည်။ ထိုပြဿနာစုံတွဲက ပြန်လာတာနဲ့ မိသားစုကို ပြဿနာပေးတော့တာပဲ။

တကယ်တော့ မနေ့က ချန်စန်းဟွာကို လူတွေခေါ်ပြီး ရှောင်မိသားစုအိမ်သို့သွားအောင် လှုံ့ဆောင်ခဲ့သည်လူက သူမကိုယ်တိုင်ဖြစ်ကြောင်းကိုတော့ လန်ရှို့ယင်း မေ့နေခဲ့လေသည်။

“ဂရုမစိုက်ဘူး။ ငါ့လူ အိမ်ပြန်ရောက်လာတာပဲလိုချင်တယ်။ မရောက်လာလို့ကတော့ နင့်အိမ်ကို တစ်စစီလုပ်ပစ်မယ်။”

“နင်မလုပ်ရဲပါဘူး။”

“ဘာကိစ္စမလုပ်ရဲရမှာလဲ။”

တစ်ချိန်တည်းမှာပဲ လန်မျိုးနွယ်ရွာတွင်လည်း ထိုအခြေအနေမျိုးဖြစ်နေခဲ့သည်။

လန်ဟုန်ရှင်း၏အမေ ကျန်းရှောင်လန်သည် လန်ပေါင်ချိုင်ကို လက်ညှိုးထိုးကာ၊ “လန်ပေါင်ချိုင်၊ ရှင့်အစ်မလုပ်ပုံကိုကြည့်ဦး။ တကယ့် ဂြိုဟ်ဆိုးပဲ။ ပြန်ရောက်တာနဲ့ ဟုန်ရှင်းကို ပြဿနာထဲတွန်းပို့လိုက်ပြီ။”

“ဟုန်ရှင်းသာ ပြန်မလာနိုင်လို့ကတော့ ရှင့်ကို ခွင့်မလွှတ်ဘူး။ ပြီးတော့ ဟုန်ရှင်းနောက်ကလိုက်သွားတဲ့လူတွေ၊ သူတို့မိသားစုတွေကလည်း ဆက်တိုက်ပြဿနာလာရှာနေမှာ။ သူတို့က ကျွန်မတို့သာ သူတို့ကို မကူညီပေးရင် ကျွန်မတို့အိမ်ကို ဖျက်ဆီးပစ်မယ်တဲ့။”

“လန်ပေါင်ချိုင်၊ ကျွန်မတို့ အခုဘယ်လိုလုပ်ကြမလဲ ပြောစမ်းပါဦး။ ရှင့်အစ်ကို ဂရုမစိုက်ဖို့ ဘယ်လောက်တောင်မှ ပြောခဲ့လဲ။ သူက ဂြိုဟ်ဆိုးပဲ။ ရှင်က သားတစ်ယောက်မွေးတာနဲ့ အကောင်းဆုံးဖြစ်နေပြီလို့ ထင်နေတာလား။ ကိုယ့်ဇနီးကိုတောင် မလေးစားဘူး။ အခုကြည့်စမ်းပါဦးမယ်။ ရှင်ဒါကို ဘယ်လိုဖြေရှင်းမလဲ။”

လန်ပေါင်ချိုင်သည် ဆေးလိမ်ကိုဖွာနေလေသည်။ သူ့မျက်နှာကတော့ မည်းမှောင်နေကာ ဘာတစ်ခွန်းမှ ပြောမလာခဲ့ပေ။

“တစ်ခုခုပြောစမ်းပါဦး။” ကျန်းရှောင်လည်းသည် ပိုလို့တောင်မှ ဒေါသထွက်လာတော့သည်။

ခဏကြာပြီးနောက် လန်ပေါင်ချိုင်နောက်ဆုံးတော့ ပါးစပ်ဟလာခဲ့သည်။ “မနက်ဖြန်၊ ငါ ရဲစခန်းကိုသွားပြီး ရတဲ့နည်းသုံးကြည့်မယ်။ ငွေနည်းနည်းလောက် သုံးလိုက်ရုံနဲ့ အားလုံးအဆင်ပြေသွားမှာပါ။” တခြားလူတွေကို သူဂရုမစိုက်သော်လည်း သူ့သားကိုတော့ ပြန်ခေါ်မှဖြစ်ပေမည်။ ဘာပဲဖြစ်ဖြစ် သူ့သားဟုန်ရှင်းက လက်တောင်မထပ်ရသေးပေ။ သူသာထောင်ကျသွားရင် ဘယ်လိုလုပ် လက်ထပ်နိုင်ပါတော့မလဲ။ သူ့မှာ လန်မိသားစုမျိုးဆက် ပျံ့ပွားဖို့တာဝန်ရှိနေသေးတယ်။

လန်မိသားစုသည် ရှင်းအန်းမြို့တွင် အဆက်အသွယ်ရှိကာ ရဲစခန်း၏လက်ထောက်အကြီးအကဲနှင့် သိလေသည်။ ဒီအဆက်အသွယ်ကြောင့်သာမဟုတ်လျှင် လန်ဟုန်ရှင်းလို လူမိုက်တစ်ယောက်က အဖမ်းခံရပေါင်းနည်းတော့မည်မဟုတ်ပေ။

လန်ပေါင်ချိုင်သည် ငွေအနည်းငယ်၊ စီးကရက်နှစ်ပါကင်နှင့် ဝိုင်ကောင်းနှစ်ပုလင်းကိုယူကာ ရှင်းအန်းမြို့ပေါ်သို့ တက်ခဲ့လေသည်။

သို့သော်လည်း လန်ပေါင်ချိုင်ရောက်သွားချိန်မှာတော့ ချက်ချင်းပြန်လှည့်ခဲ့ရလေသည်။ သူက တံခါးဝတွင် အချိန်အတော်ကြာတောင်းပန်ပြီးနောက်မှာတော့ လက်ထောက်ခေါင်းဆောင်က ရောက်လာကာ သူ့ကိုပြောခဲ့သည်။ “ညီအစ်ကို၊ ငါမင်းကို မကူညီချင်လို့မဟုတ်ဘူး။ ဒါပေမယ့် မင်းရဲ့သားက ငါ့ထက်မြင့်တဲ့လူကို သွားစော်ကားခဲ့တာ။ ငါလည်း ဘာမှမလုပ်ပေးနိုင်ဘူး။”

ထိုစကားတစ်ခွန်းက မိုးကြိုးသွားတစ်စင်းလိုပင်။

***

All Chapters