ပြဿနာရှင်းလင်းခြင်း
Vol. 8 Ch. 149
နောက်တစ်နေ့တွင်တော့ ချန်းနှင့်လန်မျိုးနွယ်ရွာသားများသည် သူတို့လူတွေကို အုပ်စုဖွဲ့ရန်ဖြစ်ခြင်းနှင့် လှုံ့ဆောင်မှုအတွက် ၁၅ရက်အချုပ်ကျပြီး ယွမ်၅၀၀ဒဏ်ကြေးကောက်မည်ဖြစ်ကြောင်း သိလိုက်ရသည်။ ဒါ့အပြင် ရန်ပွဲတွင်ပါဝင်ခဲ့သူတိုင်း ရှောင်ကျန်းယန်နှင့် ချန်ချိုးယင်းတို့အတွက် ဆေးကုသစရိတ်နှင့် အခြားသောအရာများအတွက် တစ်ယောက်ကို ယွမ်၂၀၀ပေးဖို့ပါလိုသေးသည်။
ချန်းစန်းဟွာနှင့် လန်ဟုန်ရှင်းတို့ကတော့ ရန်ဖြစ်ရန် လှုံ့ဆောင်ခဲ့သူများဖြစ်တာကြောင့် ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရစေမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရကာ တရားစွဲခံရပြီး တရားရုံးမှ စီရင်ချက်ချသွားမည်ဖြစ်သည်။
ချန်းတဟွာနှင့် လန်အာယင်းသည်တော့ အဓိကတရားခံများဖြစ်တာကြောင့် ရည်ရွယ်ချက်ရှိရှိထိခိုက်ဒဏ်ရာရစေမှု၊ အသရေဖျက်မှု၊ လူသတ်ရန်ကြံစည်မှုတို့ဖြင့် ရာဇဝတ်ခေါင်းစဉ်များတပ်ကာ ဖမ်းဆီးခံလိုက်ရပြီး သူတို့ကိုလည်း တရားရုံးမှ စီရင်ချက်ချသွားပေမည်။
ရွာနှစ်ရွာလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်ကြတော့သည်။ သူတို့အားလုံး စိုးရိမ်ပူပန်ကြသလို၊ ဒေါသလည်းထွက်ပြီး အရှက်လည်းကွဲကြရသည်။ သူတို့ရွာသားအများစုမှာ အဖမ်းခံလိုက်ရခြင်းဖြစ်သည်။ အများအမြင်မှာတော့ သူတို့ကို ရာဇဝတ်သားများအဖြစ် သတ်မှတ်သွားပြီဖြစ်သည်။ ဒါက သူတို့နောက်ပိုင်းမျိုးဆက်များအပေါ်ပါ သက်ရောက်မှုရှိလေသည်။ သို့သော်လည်း အဓိကသက်ရောက်မှာကတော့ လက်ထပ်ပွဲအတွက်ပင်ဖြစ်သည်။ မိသားစုကောင်းတွေက ဒီလိုရာဇဝတ်သားဖြစ်ဖူးသူများကို လက်ခံကြတော့မည်မဟုတ်ပေ။
ဒါက မိသားစုတစ်စုနှစ်စု၏ပြဿနာမဟုတ်ဘဲ ရွာကြီးနှစ်ရွာက ပါဝင်ပတ်သတ်နေခြင်းပင်။ ဒါကြောင့် ကလေးများ၏အိမ်ထောင်ရေးကိစ္စဆွေးနွေးနေစဲလူများမှာ အလွန်ကိုမှ ဒေါသထွက်ကုန်ကြတော့သည်။ သူတို့က လက်ထပ်ပွဲရက်တွေတောင် သတ်မှတ်ထားပြီးပေမယ့် ရုတ်တရက်ကြီး တစ်ဖက်မိသားစုများမှ ကလေးများသည် မြို့ပေါ်တက် အလုပ်လုပ်ကြမည်ဖြစ်တာကြောင့် မင်္ဂလာကိစ္စကို နောက်များမှ ဆက်ပြောကြဖို့ အောင်သွယ်တော်တွေက စာပို့လာကြလေသည်။
“သေစမ်း။” သူတို့က အားလုံးဆွေးနွေးပြီးလို့ ရက်တွေတောင်မှ သတ်မှတ်ပြီးကြပြီလေ။ ဒါကို အခုကျမှ သူတို့ကလေးတွေအကုန်လုံးက အလုပ်တွေများကုန်ရောလား။ ဒါပေမယ့် သူတို့ဒေါသထွက်နေရင်တောင် ဘာများလုပ်နိုင်မှာတဲ့လဲ။ ဘယ်မိဘကမှ သူတို့သားသမီးတွေကို ရာဇဝတ်သားတစ်ယောက်၏မိသားစုနဲ့ လက်ထပ်ပေးဖို့ ဆန္ဒရှိကြမှာတဲ့လဲ။ ဒါက သူတို့ကလေးတွေရဲ့အနာဂါတ်ကို အများကြီး ထိခိုက်စေနိုင်တယ်လေ။
ဒါကြောင့် ထိုမိသားစုများသည် သူတို့ဒေါသတွေကို အဓိကတရားခံများဆီသို့ သွားရောက်ပေါက်ကွဲတော့သည်။ အချုပ်ကျနေသူများ၏မိသားစုများသည် ပြဿနာများစွာကို ရင်ဆိုင်ကြရလေသည်။ သူတို့သည် တခြားရွာများ၏အပြောအဆိုကိုခံရကာ၊ သူတို့မိသားစုဝင်တွေ အချုပ်ထဲကလွတ်ဖို့ နည်းလမ်းရှာကြရသလို၊ ရှောင်ကျန်းယန်တို့ကို လျော်ကြေးပေးဖို့ကိစ္စကိုလည်း စီစဉ်ကြရသေးသည်။ ရဲတွေက သူတို့သာ လျော်ကြေးမပေးပါက အချုပ်ရက်က ပိုရှည်သွားမည်ဟု ပြောထားလေသည်။ အများဆုံး နှစ်ဝက်လောက်အထိပင် ရှည်သွားနိုင်သည်။
“အဖေ၊ ကျွန်မတို့ဘယ်လိုလပ်ကြမလဲ။” အမျိုးသမီးတစ်ယောက်က သူမယောက္ခထီးကို စိုးရိမ်တကြီးမေးလိုက်လေသည်။ “အိမ်ထောင်ဦးစီးတစ်ယောက်ကို အကြာကြီးအချုပ်ထဲနေခိုင်းထားလို့ မဖြစ်ဘူးလေ။”
သူမယောက္ခထီး၏မျက်နှာက မည်းမှောင်နေကာ ဆေးလိပ်တိုကိုချလိုက်ပြီး အေးစက်စက်ပြောလာလေသည်။ “ဒါဆိုလည်း ငါတို့ ပြဿနာရဲ့အရင်းအမြစ်ကို သွားကြတာပေါ့။”
ဒီတော့မှ အမျိုးသမီးလည်း သူမဘာဆက်လုပ်ရမည်ကို သဘောပေါက်သွားတော့သည်။
နောက်တစ်နေ့မနက်မှာတော့ အမျိုးသမီးသည် သစ်သီးခြင်းနှင့်တကွ ငွေသားတချို့ကိုယူကာ ရှောင်ကျန်းယန်ရှိရာ ဆေးရုံသို့ ရောက်လာခဲ့လေသည်။
“ကျွန်မတောင်းပန်ပါတယ်၊ အစ်ကိုရှောင်၊ အစ်မရှောင်။ ကျွန်မယောကျ်ားက တကယ်ကိုစိတ်မြန်လက်မြန်ရှိတတ်လို့ ဒီလိုကိစ္စမျိုးလုပ်မိတာပါ။ ကျွန်မကပဲ သူ့အစားလာတောင်းပန်တာပါ။” ကျောက်ရှောင်ချွမ်းက မေမေရှောင်နှင့်ဖေဖေရှောင်တို့ကိုကြည့်ကာ ရိုးရိုးသားသား အပြစ်ရှိစိတ်ဖြင့် ဝန်ခံလာလေသည်။ “ဒီငွေက လျော်ကြေးပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါနော်။”
မေမေရှောင်သည် ထိုလူများနှင့်မျက်နှာချင်းဆိုင်ချင်စိတ်ကို မရှိပေ။ ဒါကြောင့် သူမက အေးစက်စက်သာ နှာခေါင်းရှုံ့လိုက်လေသည်။ “သူ စိတ်မြန်တတ်တာနဲ့ပဲ လူတွေကို ရိုက်လို့ရရောလား။ ဒါဆိုငါလည်း နင့်ကိုရိုက်ဖို့ လူလွှတ်လိုက်မယ်လေ၊ ပြီးကျမှ ငါအရမ်းစိတ်မြန်သွားလို့ပါဆိုပြီး လာတောင်းပန်ပေးမယ်၊ ဘယ်လိုလဲ။ ငါ့ကိုခွင့်လွှတ်ပေးမလား။” ထိုစကားပြောပြီးနောက် မေမေရှောင်သည် မျက်ရည်များ ကျလာခဲ့သည်။ “နင့်လူက ငါ့ယောက်ျားကို သေစေတော့မလို့ပဲ။ ငါတို့သာ ဆေးရုံကိုနည်းနည်းလေးနောက်ကျပြီး ရောက်လာမိရင်.. ငါ့ယောက်ျား… သူ..သူ…”
ထိုစကားကိုကြားလိုက်ရသည်နှင့် ကျောက်ရှောင်ချွမ်းသည် ပိုလို့တောင် အပြစ်ရှိသလို ခံစားသွားရသည်။ “ကျွန်မတောင်းပန်ပါတယ်၊ အစ်မရှောင်။”
“ကောင်းပြီ။ နင်ပြန်လိုက်တော့။” မေမေရှောင်သည် ကျောက်ရှောင်ချွမ်း၏စကားများကို ဆက်ပြီး နားမထောင်ချင်တော့ပေ။
ကျောက်ရှောင်ချွမ်းထွက်သွားပြီးနောက် နောက်ထပ်လူတွေအများကြီး ဆေးရုံသို့ ဆက်တိုက်ရောက်လာကြပြန်သည်။ ထိုလူတွေ စိတ်ရင်းနဲ့ တောင်းပန်တာ ဟုတ်မဟုတ်ကတော့ မပြောနိုင်ပေ။ တချို့ဆိုလျှင် သူတို့အရမ်းဆင်းရဲလို့ပါဆိုပြီး ပန်းသီးပုပ်များပါ ယူလာကြသေးသည်။ မေမေရှောင်က သူတို့၏ဆင်းရဲမှုကြောင့် ခွင့်လွှတ်ပေးပြီး သူတို့ဆင်းရဲတာကြောင့် သူတို့လူတွေကို ပြန်လွှတ်ပေးနိုင်မလားပေါ့။
မေမေရှောင်တစ်ယောက် ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံးပင် နီရဲတက်လာတော့သည်။
အဆုံးမှာတော့ ရှောင်လင်းယွီကပဲ ထိုလူများကို နှင်ထုတ်ရတော့သည်။ “ရှင်တို့ ကျွန်မမိဘတွေကို ရိုက်နှက်တုန်းကကျတော့ ဘာလို့ အဲ့လိုမတွေးကြတာလဲ။ အခု လျော်ကြေးပေးဖို့ သတ်မှတ်ခံရတော့မှ လာငိုပြချင်နေကြတယ်ပေါ့။”
သူတို့ လျော်ကြေးမပေးချင်ရင်လည်း ရတယ်လေ။ အပြစ်ပေးတာခံလိုက်ပေါ့။ သူတို့လူတွေကို နောက်ထပ်ရက်နည်းနည်းလောက်ပိုပြီး အချုပ်ထဲမှာ နေခိုင်းလိုက်ရင်ပြီးနေတာပဲ။
ဒီလူတွေ တော်တော်လေးအရှက်မရှိကြတာပဲ။ သူတို့ကသာ အမှားလုပ်ခဲ့တဲ့လူတွေဖြစ်ပေမယ့် သူတို့ကပဲ မတရားခံလိုက်ရတဲ့ နစ်နာသူတွေလို ဟန်ဆောင်ပြနေသေးတယ်။
ဒါပေမယ့် ရှောင်လင်းယွီကတော့ ဒီလူတွေကို လွယ်လွယ်ခွင့်လွှတ်ပေးလိမ့်မည်မဟုတ်ပေ။ သူတို့က လူတွေကို ထိခိုက်ဒဏ်ရာရစေခဲ့မှတော့ ဆေးဖိုးပြန်လျော်ပေးရမှာက သဘာဝပဲလေ။ ထို့နောက်မှာတော့ ရှောင်လင်းယွီသည် မေမေရှောင်နှင့် ဖေဖေရှောင်တို့အနား ဘယ်သူ့ကိုမှ လာနှောက်ယှက်ခွင့်မပြုတော့ပေ။
“အမေ၊ အဖေ။” ရှောင်လင်းယဲ့သည် ကျောင်းတက်နေရတာကြောင့် သူ့ကို ဘယ်သူမှမဆက်သွယ်ခဲ့သလို ကိစ္စတွေကိုလည်း မပြောပြခဲ့ကြပေ။ သူ အိမ်ကိုဖုန်းဆက်ပြီး သူ့အစ်မကို လာကြိုပေးဖို့ ပြောကာမှ သူတို့တွေ ခရိုင်မြို့ပေါ်ရောက်နေကြပြီး သူ့အဖေက ဆေးရုံတက်နေရကြောင်း သိရခြင်းဖြစ်သည်။
“အမေ၊ ဘာလို့ သားကိုမပြောရတာလဲ။” ရှောင်လင်းယဲ့၏မျက်လုံးများ နီရဲနေခဲ့သည်။ “အမေ ဒီလောက်ထိခိုက်သွားပြီး အဖေက ဆေးရုံတက်နေရတာတောင် သားကို အမှောင်ထဲမှာပဲထားတုန်းလား။ ပြီးတော့ အစ်မတစ်ယောက်တည်းကိုပဲ အကုန်လုံးဖြေရှင်းခိုင်းနေတယ်ပေါ့။”
မေမေရှောင်က၊ “ယဲ့အာ၊ အမေတို့လည်း အခုအဆင်ပြေနေပြီပဲလေ၊ မဟုတ်ဘူးလား။ သားအဖေလည်း ပြန်ကောင်းနေပြီ။ အခုချိန် သားတက္ကသိုလ်ဝင်ခွင့်ဖြေဖို့က အရေးအကြီးဆုံးလေ။ တက္ကသိုလ်ကောင်းကောင်းတစ်ခုကို ဝင်နိုင်မှ အမေတို့လည်း သားအတွက် စိတ်ပူဖို့မလိုတော့မှာ။”
ရှောင်လင်းယဲ့ ရှိုက်လိုက်ကာ၊ “ဂရုမစိုက်ဘူး။ စာမေးပွဲက အဖေခွဲစိတ်ပြီး ဆေးရုံတက်နေရတာထက် ပိုပြီးအရေးကြီးမှာတဲ့လား။ သားအမေတို့နားပဲနေမယ်။”
သူ့အဖေ ခွဲစိတ်ခန်းဝင်နေရချိန် သူ့အမေနဲ့အစ်မတို့ ဘယ်လောက်တောင် စိုးရိမ်နေခဲ့ကြမလဲ သူတွေးတောင်မတွေးနိုင်ပေ။ ခွဲစိတ်မှုဆိုသည်က ရာနှုန်းပြည့်အောင်မြင်တတ်သည့်အမျိုးမဟုတ်ပေ။ ဒါ့အပြင် ဖေဖေရှောင်၏ခွဲစိတ်မှုကလည်း အသေးစားခွဲစိတ်မှုလို့ သတ်မှတ်၍မရပေ။
မေမေရှောင်သည် သူမသား၏ခေါင်းကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်ပြီး၊ “ဟုတ်ပါပြီ၊ ပြီးတာတွေလည်း ပြီးသွားပြီ။ သားအဖေလည်း ပြန်ကောင်းနေပြီလေ၊ မဟုတ်ဘူးလား။ သားစာမေးပွဲဖြေဖို့က တစ်လပဲလိုတော့တယ်။ အမေတို့ကို စိတ်ပူရအောင်မလုပ်နဲ့။ ဒီမှာ အမေရော သားအစ်မရော ရှိနေတာပဲ။ သားကတော့ စာသေချာကြိုးစားပြီး တက္ကသိုလ်ကောင်းတစ်ခုကို ဝင်ခွင့်ရအောင် လုပ်ရမယ်၊ နားလည်ပြီလား။”
“အမေ စိတ်မပူပါနဲ့။ သားအားလုံးလေ့လာထားပြီးသား။ စာမေးပွဲခန်းထဲမှ ကောင်းကောင်းလုပ်သ၍ တက္ကသိုလ်ကောင်းတစ်ခုကို ဝင်နိုင်ပါတယ်။ ဒီနှစ်ရက်လောက်တော့ သား အဖေ့ကို ဂရုစိုက်ပါရစေ။ အမေနဲ့အစ်မလည်း နားဖို့လိုသေးတယ်လေ။” ရှောင်လင်းယဲ့ ပြောလိုက်သည်။
“မရဘူး။” ရှောင်လင်းယွီက ချက်ချင်းငြင်းပယ်လိုက်သည်။ “ရှောင်လင်းယဲ့၊ အခုချိန် မင်းလုပ်ရဲ့မယ့် အရေးအကြီးဆုံးတာဝန်က စာကြိုးစားဖို့ပဲ။ အမေနဲ့အဖေ့ကို ငါဂရုစိုက်နိုင်တယ်။”
သူ့အစ်မက အမိန့်တစ်ခုလို ချမှတ်လာပြီဖြစ်တာကြောင့် ရှောင်လင်းယဲ့လည်း ပြန်မခုခံနိုင်တော့ပေ။ နောက်ဆုံးတော့ သူသက်ပြင်းသာချလိုက်တော့သည်။ “ဟုတ်ပါပြီ၊ ဒါပေမယ့် ဒီနှစ်ရက်အတွင်းတော့ ငါ ဆေးရုံကနေ ထွက်သွားမှာမဟုတ်ဘူး။ အစ်မလည်း အိမ်လေးဘာလေးပြန်လိုက်ဦး။ ညကျမှ ပြန်လာခဲ့။” သူ့အမေနှင့်အစ်မကို အတော်လေး စိုးရိမ်မိသည်။ သူသာဆေးရုံတွင် မနက်ပိုင်းရှိနေပေးမည်ဆိုလျှင် အနည်းဆုံး သူ့အမေနဲ့အစ်မတို့ ခနတဖြုတ် အိမ်ပြန်နားလို့ရတာပေါ့။
“ကောင်းပြီ။” ရှောင်လင်းယွီနှင့် မေမေရှောင်တို့ လက်ခံလိုက်ကြသည်။
သူ့မိဘများ ထိခိုက်ဒဏ်ရာရသည်ကို ရှောင်လင်းယဲ့သိသွားမှတော့ သူ့အခန်းဖော်သုံးယောက်လည်း သိသွားပြီဆိုသည့်သဘောပင်။ ဒီတော့ သူတို့လည်း သိသွားမှတော့ ကုကျီယဲ့တို့အဖွဲ့လည်း သိသွားကြပြီပင်။
ဒါကြောင့် ထိုပိတ်ရက်နှစ်ရက်အတွင်း မေမေရှောင်နှင့် ဖေဖေရှောင်တို့ထံ လာလည်သတင်းမေးသူ များပြားနေခဲ့သည်။ သို့သော်လည်း အများစုကတော့ ချောချောမောမောလူငယ်ကောင်လေးများပင်ဖြစ်လေသည်။ လူနာဆောင်တစ်ခုတည်းမှ လူနာများကတော့ ဒီလိုတန်းစီပြီး ရှိုးလျှောက်နေသလို ထူးဆန်းသည့်အခြေအနေကြီးကို ဝိုင်းကြည့်နေမိကြလေသည်။
ရှောင်မိသားစုအနားတွင် မရှိတော့ချိန်မှာတော့ အတင်းအဖျင်းသံများ စတင်ထွက်ပေါ်လာတော့သည်။
“အဲ့မိသားစုက ကောင်မလေးကိုကြည့်ရတာ ကလပ်တက်တက်နဲ့တူပါတယ်။ ဟိုလူငယ်တွေဝတ်စားထားတဲ့ပုံကိုကြည့်စမ်း။ သေချာပေါက် လူချမ်းသာတွေချည်းပဲ။”
“ဟိုကောင်မလေးကတော့ သူ့နားဒီလောက်ယောက်ျားတွေအများကြီး ပတ်လည်ဝိုင်းနေတာတောင် နည်းနည်းလေးမှ ရှက်မနေဘူး။ အကုန်လုံးနဲ့ ရယ်ရယ်မောမော ပြောဆိုနေတာပဲ။”
“ဒီလောက်အရှက်မဲ့တဲ့လူမျိုး တစ်ခါမှမတွေ့ဖူးပါဘူး။ ဒီလိုအပျက်မလေးကိုမွေးထားမိတဲ့သူ့မိဘတွေအတွက် စိတ်တောင်မကောင်းဘူး။” ထိုအသံက တော်တော်လေး မနာလိုစိတ်များဖြင့် ချဉ်တူးနေလေသည်။
ထိုလူငယ်အားလုံးသည် ချမ်းသာသည့်ပုံပေါ်ကြသည်။ ဘယ်တစ်ယောက်ဖြစ်ဖြစ် ကမ္ဘာပေါ်က မိန်းကလေးထုကြီးကို လှုပ်ခတ်စေနိုင်လေသည်။
…..
ရှောင်လင်းယွီသည် ဖေဖေရှောင်ကို ဆေးရုံတွင်း လမ်းပတ်လျှောက်ရန် ကူညီပေးနေခဲ့သည်။
ခွဲစိတ်မှုပြီးသွားသည်မှာ ၃-၄ရက်ခန့်ရှိပြီဖြစ်သည်။ ခွဲရာကလည်း ပြန်သက်သက်နေပြီဖြစ်သလို ခန္ဓာကိုယ်သည်လည်း ပြန်လည်ကောင်းမွန်နေပေပြီ။ ဒါ့အပြင် ရှောင်လင်းယွီသည် သူမအဖေ၏ခန္ဓာကိုယ်ကို သန့်စင်စေရန် စမ်းရေကိုပါ အသုံးပြုခဲ့သေးသည်။ စမ်းရေနှင့် ဆေးရုံကရေကိုရောပြီး သောက်သုံးစေခြင်းပင်။
ဖေဖေရှောင်နှင့် မေမေရှောင်တို့၏ ကုသနိုင်စွမ်းက မြန်ဆန်လွန်းနေတာကြောင့် ဆေးရုံကပင် အံ့ဩသွားခဲ့ရသည်။ သူတို့ စစ်ဆေးမှုတချို့လုပ်ပြီးနောက်မှာတော့ ဖေဖေရှောင်နှင့်မေမေရှောင်တို့သည် ကာယလုပ်သားများဖြစ်တာကြောင့် ပျောက်ကင်းနှုန်းမြန်ဆန်သည်ဟုသာ ကောက်ချက်ချလိုက်ကြလေသည်။
သုံးရက်ကြာပြီးနောက် ဖေဖေရှောင် ဆေးရုံက ဆင်းနိုင်ခဲ့သည်။ နောက်တစ်ပတ်ကြာမှသာ ပြန်လည်စစ်ဆေးရန်အတွက် ဆေးရုံသို့လာရမည်ပင်။ ရှောင်လင်းယွီသည် သူမကားလေးဖြင့် သူမမိဘများကို အိမ်ပြန်လိုက်ပို့ခဲ့သည်။ ယန်စစ်မင်ကတော့ Zမြို့သို့ပြန်သွားပြီဖြစ်သည်။
ဖေဖေရှောင်ဆေးရုံတက်ပြီး နောက်တစ်နေ့မှာပဲ သူပြန်သွားခြင်းပင်။ ဘာပဲဖြစ်ဖြစ် သူက ကုမ္ပဏီကြီးတစ်ခုကို တာဝန်ယူဦးစီးနေရသူဖြစ်တာကြောင့် အကြာကြီးလျှောက်သွားနေ၍မဖြစ်ပေ။
ဒါ့အပြင် သူ့အတွင်းရေးမှူးကလည်း သူ့ကိုပြန်လာဖို့ ဆက်တိုက်ဆက်သွယ်နေလေသည်။ ယန်စစ်မင်ထွက်သွားတော့မှပဲ မေမေရှောင်နှင့်ဖေဖေရှောင်တို့လည်း သက်ပြင်းမောချနိုင်ကြတော့သည်။
ယန်စစ်မင်က ရှောင်လင်းယွီကို ကူညီခဲ့သည့် ထိုယောက်ျားမှန်း သူတို့သိကတည်းက ရင်ထဲတင်းကြပ်နေကြကာ အမြဲသတိထားနေခဲ့မိကြသည်။
ဒါက ယန်စစ်မင်ကိုတော့ အတော်လေးဆွံ့အသွားစေခဲ့သည်။ ‘ငါကအဲ့လောက် ကြောက်စရာကောင်းနေလို့လား။ ပြီးတော့ ငါသူ့ကို ငါ့မိန်းကလေးဖြစ်စေချင်တယ်လို့ပြောတာ နောက်နေတာပါလို့ ရှောင်လင်းယွီကို ပြောပြီးသားပါ။ ဒါတောင် ဘာလို့ သူတို့က ငါ့နားမှာဆို ဆူးတွေအပြည့်ထုတ်နေကြသေးတာလဲ။’
တကယ်တော့ ထိုသို့ဖြစ်ရခြင်းမှာ ရှောင်လင်းယွီတွင် သူမမိဘများကို ရှင်းပြရန် အချိန်မရှိနေခဲ့ခြင်းကြောင့်သာ ဖြစ်လေသည်။ ပထမတော့ သူမမိဘတွေ အရိုက်ခံကြရသည်။ နောက်တော့ သူမအဖေကို ဆေးရုံတင်လိုက်ရသည်။ ဒါကြောင့် ဒီလိုကိစ္စတွေကို မတွေးနိုင်တော့သည်အထိ သူမအလုပ်ရှုပ်နေခဲ့လေသည်။
အိမ်ပြန်လမ်းတွင်တော့ မေမေရှောင်သည် ယန်စစ်မင်အကြောင်း မေးဖို့အခွင့်အရေးရသွားတော့သည်။ ဥပမာ၊ သူဘာလို့ ရုတ်တရက်ကြီး ရှောင်လင်းယွီကို လာရှာရတာလဲဆိုတာပေါ့။ သူမကို သူ့အပျော်မယားလုပ်ခိုင်းဖို့ကြောင့်များလား။ မေမေရှောင်သည် တကယ်လို့ ရှောင်လင်းယွီသာ ယန်စစ်မင်၏အပျော်မယားဖြစ်ဖို့ သဘောတူလိုက်မည်ဆိုလျှင် သူမကို သမီးအဖြစ်က စွန့်လွှတ်ပစ်မည်ဟု သတိပေးလာခဲ့သည်။
ရှောင်လင်းယွီလည်း အတော်လေးဆွံ့အမိသွားလေသည်။ ဒါကြောင့် ယန်စစ်မင်လာရခြင်း၏ရည်ရွယ်ချက်ကို ရှင်းပြရတော့သည်။ ထိုအပျော်မယားကိစ္စအကြောင်းပြောခြင်းမှာ ယန်စစ်မင် စနောက်နေခြင်းသာဖြစ်ကြောင်း ပြောပြခဲ့သည်။ သူမလည်း သူ့ကို ဆက်သွယ်တော့မှာမဟုတ်ပေ။ တကယ်လို့ ဆက်သွယ်ဖြစ်ခဲ့ရင်တောင်မှ သာမာန်မိတ်ဆွေသူငယ်ချင်းအဆင့်သာ ဖြစ်ပေလိမ့်မည်။
မေမေရှောင်ကတော့ မယုံကြည်သေးပေ။ “သူဒီတစ်ခေါက်လာတာ တကယ်ပဲ ချန်းတဟွာနဲ့လန်အာယင်းတို့ ပြဿနာလာရှာမယ့်အကြောင်းကို သိတာကြောင့်ပဲလား။” ဒါက နည်းနည်းထူးဆန်းနေသည်ဟု မေမေရှောင်ထင်မိသည်။
“ဟုတ်ပါတယ်ဆို။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “အရမ်းတွေးမနေပါနဲ့ အမေရယ်။ ယန်စစ်မင်တောင် ပြန်သွားပြီလေ။ သမီးလည်း နောက်ဆို Zမြို့ကိုသွားဖြစ်မှာမှမဟုတ်တာ၊ အဲ့တော့ သူနဲ့တွေ့စရာအကြောင်းလည်း မရှိတော့ဘူး။”
“ဒါဆိုလည်း ထားလိုက်ပါတော့။”
***