ဆန်ကုန်မြေလေး၏ကံကြမ္မာ
Vol. 9 Ch. 151
ရှောင်ကျန်းယန်တို့မိသားစု ရွာသို့ပြန်ရောက်လာကတည်းက ရွာ၏လေထုအခြေအနေမှာ ပြောင်းလဲလို့နေသည်။ တစ်စုံတစ်ယောက်က ထောင်ယွမ်ရွာအတွက် လမ်းပြင်ပေးနေတာကြောင့် လူတိုင်း ပျော်ရွှင်နေကြလေသည်။
ထို့နောက်မှာတော့ ရှောင်မိသားစုက မီးထဲလောင်စာဝိုင်းထည့်သူတိုင်းကို ရှောင်ကွမ်းကတင်းကုတ်နား ဘယ်တော့မှ လာခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြောသည့် ကောလဟာလ တစ်ခု ပျံ့လာခဲ့သည်။ ချဉ်းကပ်သည်အား ရှာတွေ့သွားပါက သူခိုးအဖြစ်သတ်မှတ်ပြီး ရဲစခန်းသို့ ပို့မည်ဟုပင်။
ထို့နောက်မှာတော့ ချန်းနှင့်လန်မျိုးနွယ်ရွာမှထွက်လာသည့် သတင်းတစ်ခုလည်း ပျံ့လာသေးသည်။ ရန်ပွဲတွင်ပါဝင်ခဲ့သူများကို ၁၅ရက်အချုပ်ချထားမည်ဖြစ်ကာ ယွမ်၅၀၀ဒဏ်ကြေးပေးရမည်ဖြစ်ပြီး ရှောင်ကျန်းယန်ကိုလည်း လျော်ကြေးအဖြစ် ယွမ်၂၀၀ပေးရမည်ဟူသည့်သတင်းပင်။ ရဲစခန်းမှပြန်ရောက်လာသည့်လူများထဲတွင် တချို့က ငွေလာပေးကြကာ ရှောင်ကျန်းယန်ကလည်း လက်ခံခဲ့သည်။
သို့သော်လည်း တချို့လူများကတော့ လျော်ကြေးပေးဖို့ ငြင်းဆန်ကြရာ ရှောင်လင်းယွီကလည်း ချက်ချင်းပင် တိုင်ခဲ့သည်။ ထိုသို့ဖြင့် ရဲအရာရှိများရောက်လာကာ ထိုလူများလည်း ကြောက်လန့်သွားကြပြီး ချက်ချင်းပင် ငွေထုတ်ပေးလာကြတော့သည်။
ရှောင်လင်းယွီက အရမ်းကြောက်စရာကောင်းတာပဲဟု လူတော်တော်များများပြောလာကြသည်။ ကိစ္စသေးသေးလေးအတွက်ဆိုရင်တောင် သူမက ချက်ချင်းရဲတိုင်ပြီးသားပင်။ သူတို့ဆိုလျှင် ထိုသို့လုပ်ရဲမည်မဟုတ်ပေ။
သို့သော်လည်း ချန်းစန်းဟွာ၊ လန်ဟုန်ရှင်း၊ ချန်းတဟွာနှင့် လန်အာယင်းတို့ကတော့ တကယ့်လက်သည်တရားခံများဖြစ်တာကြောင့် အချုပ်ခံထားရတုန်းပင်။ သူတို့ကို ဒဏ်ကြေးတပ်မည့်အပြင် တရားရုံးကိုလည်း ပို့ကာ ထောင်ဒဏ်သတ်မှတ်ဦးမည်ဖြစ်သည်။ သူတို့သာ ငွေမပေးပါက သူတို့၏ပိုင်ဆိုင်မှုများကိုသိမ်းယူပြီး ငွေအဖြစ်ပြောင်းလဲကာ ရှောင်မိသားစုအတွက် လျော်ကြေးပေးသွားမည်ဖြစ်သည်။ ထောင်ဒဏ်နှင့်ပတ်သတ်၍ကတော့ သူတို့လေးယောက် အနည်းဆုံး သုံးနှစ်လောက်အထိ ထောင်ကျနိုင်သည်ဟု သတင်းထွက်နေလေသည်။
ရွာနှစ်ရွာကနေ ရာဇဝတ်သားလေးယောက် ပေါ်ထွက်လာလေသည်။ ထိုရွာနှစ်ရွာ၏ဂုဏ်သတင်းကို ပျက်စီးသွားစေဖို့ သိပ်တောင်မကြာလိုက်ပေ။ အထူးသဖြင့် ချန်မျိုးနွယ်စုရွာပင်။ လူအများက သူတို့ရွာကို ရာဇဝတ်ကောင်ရွာဟုပင် ခေါ်ဝေါ်နေကြလေပြီ။
ချန်းမျိုးနွယ်စုရွာမှလူများကတော့ အလွန်ဒေါသထွက်နေကြသည်။ သူတို့က ချန်းတဟွာနှင့် ချန်းစန်းဟွာတို့နေအိမ်များသို့သွားကာ ဖျက်ဆီးကြလေသည်။ ချန်းတဟွာနှင့်ပတ်သတ်ဆက်နွယ်နေသည့် လူတိုင်းမှာ ပြစ်တင်ဝေဖန်မှုများခံနေကြရသည်။ ဒါကြောင့် ချန်းတဟွာနှင့်ဆက်နွယ်နေသူများမှာ အပြင်တောင် မထွက်ရဲကြတော့ပေ။
ချန်းယန်အတွက်ကိုတော့… ရဲအရာရှိများက ချန်းတဟွာ၏အမေ, ချန်းယန်၏အဖွားထံသို့ ပို့ပေးရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော်လည်း သူတို့ရောက်သွားချိန်တွင် သခင်မကြီးချန်းက တံခါးကိုတင်းတင်းစေ့ထားခဲ့လေသည်။ သူမက သူမကိုဂရုစိုက်ပေးဖို့ သူမသားသမီးတွေကို မှီခိုနေရတာလေ။ သူမဘာသာတောင် ဂရုမစိုက်နိုင်ရတဲ့အထဲ ဒီလိုဒုက္ခိတစ်ယောက်ကို ဘယ်လိုလုပ်ပြီးများ စောင့်ရှောက်ပေးနိုင်မှာလဲ။
သခင်မကြီးချန်းက ချန်းယန်ကို စောင့်ရှောက်ဖို့ ငြင်းဆိုလိုက်တာကြောင့် ရဲအရာရှိများလည်း တခြားဆွေမျိုးများကို ရှာဖွေရတော့သည်။ သို့သော်လည်း ချန်းမိသားစုဘက်ကရော လန်မိသားစုဘက်ကရော ဘယ်သူကမှ သူ့ကို မစောင့်ချောက်ချင်ကြပေ။ ချန်းအာ့ဟွာကဆိုလျှင် ဒဲ့ပင်ပြောလာခဲ့သည်။ “ခင်ဗျားတို့ ကျုပ်ကို သူ့ကိုလက်ပင်းညှစ်သတ်ခိုင်းမယ်ဆိုရင်တော့ရတယ်။ ဒီလိုဆို ကျုပ်တို့လည်း ဒုက္ခမရောက်တော့ဘူးပေါ့။”
ချန်းယန်သည် သူတို့ပြဿနာတွေဖြစ်ရခြင်း၏ အဓိကအရင်းအမြစ်ဖြစ်လေသည်။ သူသာ ရှောင်လင်းယွီကို သစ္စာမဖောက်ခဲ့လျှင် သူမကလည်း လက်တုံ့ပြန်မှာမဟုတ်သလို ရွာနှစ်ရွာကလည်း ဒီလောက် ပြဿနာတွေ တက်မှာမဟုတ်ပေ။
သူတို့အရင်က ချန်းယန်၏မျက်နှာသာပေးမှုရအောင် ဘယ်လောက်ပဲကြိုးစားခဲ့ပါစေ အခုကတော့ သူ့ကို သေလောက်အောင်ကို မုန်းနေလေသည်။ မုန်းလွန်းလို့ သူ တခြားလူတွေကို ထပ်ပြီးဒုက္ခမပေးနိုင်တော့အောင် အပိုင်းပိုင်းခုတ်ပစ်ချင်မိတဲ့အထိပင်။ တကယ့်ပြဿနာကောင်ပဲ။
အဆုံးမှာတော့ အရာရှိများလည်း ရွေးချယ်စရာမရှိတော့ဘဲ ချန်းယန်ကို ကယ်ဆယ်ရေးစခန်းသို့သာ ပို့လိုက်ရတော့သည်။ ထိုနေရာတွင် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသည့် လူနာများစွာရှိလေသည်။ သူတို့က ချန်းယန်ကို မြင်သည်နှင့် အရုပ်သစ်တစ်ရုပ်ရသွားကြသလိုပင်။ ထိုနေရာ၏တာဝန်ရှိသူမှာ ဒုက္ခိတတစ်ယောက်ကို အသေးစိတ်စောင့်ရှောက်ဖို့မတတ်နိုင်လောက်သည်အထိ အလုပ်များနေလေသည်။ သူတို့တွေ ချန်းယန်ကို မသတ်ပစ်လိုက်သေးသ၍ တခြားလူနာတွေ ချန်းယန်ကို ဘာလုပ်လုပ် သူတို့မမြင်သလိုပဲ နေလိုက်မည်သာဖြစ်သည်။
ထိုလူနာများက ချန်းယန်ကို အပ်များဖြင့်ထိုးကြကာ ငရုတ်ရေများ ငရုတ်သီးများ ကျွေးကြလေသည်…
ချန်းယန်သည် ဘယ်လို့မှ တောင့်မခံနိုင်ခဲ့ပေ။ အရင်က ကောင်းကင်ဘုံ၏ချစ်သားမြတ်ရှုလေးဖြစ်ခဲ့သူသည် အခုချိန်မှတော့ စိတ်ဝေဒနာရှင်များ၏ အရုပ်တစ်ရုပ်ဖြစ်လာခဲ့သည်။ ဒါ့အပြင် သူသည် ယခင်ဘဝကကျူးလွန်ခဲ့သည့် အပြစ်များကိုပါ ပေးဆပ်နေရလေသည်။
…..
ရှောင်လင်းယွီ ဖုန်းတစ်ကောခေါ်လိုက်သည်။ တစ်ဖက်က ဖုန်းကိုင်လိုက်သည်နှင့် သူမက အလွန်ဝမ်းသာစွာပြုံးလိုက်ကာ၊ “ကျန်းကောကို ကျေးဇူးအများကြီးတင်ပါတယ်။”
ရေချိုးဝတ်ရုံဝတ်ထားသည့် ကျန်းထောင်သည် ဆိုဖာထက်တွင်လဲလျောင်းနေရင်း ပြုံးနေခဲ့လေသည်။ “ငါ အများကြီးကူညီခဲ့တာလဲမဟုတ်ပါဘူး။ ချန်းတဟွာတို့က တကယ်ကိုဆိုးရွားတဲ့ပြစ်မှုကို ကျူးလွန်ခဲ့ကြတာလေ။ ငါက သူတို့ အပြစ်ပေးခံရတာသေချာအောင် လုပ်ခဲ့ရုံပါ။” ကျန်းထောင်သည် ရှောင်လင်းယွီအတွက်ဆိုရင်တောင်မှ ဥပဒေကို ချိုးဖောက်မည့်သူမဟုတ်ပေ။
ကျေးဇူးတင်စရာကောင်းစွာဖြင့် ရှောင်လင်းယွီကလည်း သူ့ကိုယ်ပိုင်စည်းမျဉ်းကို ချိုးဖျက်ရလောက်မည့် အကူအညီမျိုးတောင်းမလာခဲ့ပေ။ သူမက ထိုအမှုကို နည်းနည်းလောက်ပိုပြီး အာရုံစိုက်ပေးဖို့သာ ပြောခဲ့လေသည်။
ရှောင်လင်းယွီ ပြုံးလိုက်ကာ၊ “ဘာပြဖြစ်ဖြစ် ကျန်းကောကို ကျေးဇူးတင်ရဦးမှာပဲ။ ကျန်းကောကြောင့်သာမဟုတ်ရင် ဒီလူတွေ ပြစ်ဒဏ်ကနေ လွတ်သွားနိုင်လောက်တယ်။”
လန်ဟုန်ရှင်း၏ဖခင် လန်ချုံချိုင်သည် ရှင်းအန်းမြို့ရဲစခန်း၏ ဒုတိယခေါင်းဆောင်နှင့် ဂျူနီယာအထက်တန်းကျောင်းတုန်းက အတန်းဖော်ဖြစ်ကြောင်း ရှောင်လင်းယွီ သိလေသည်။ သူမအရင်ဘဝတုန်းက လန်မိသားစုသည် ထိုရင်းနှီးမှုကိုအသုံးချကာ ရှောင်မိသားစုကို ငွေကြေးများကို အတင်းအဓမ္မလုယူခဲ့ကြသည်။ သို့ပေမယ့် အခုချိန်မှာတော့ ရှောင်လင်းယွီတွင် သူတို့ထက်ပိုအားကောင်းသည့် အဆက်အသွယ်တစ်ခု ရှိထားလေပြီ။
ကျန်းထောင်သည် ရှောင်လင်းယွီ၏စကားကိုကြားပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ဘယ်အဖွဲ့အစည်းမှာမဆို လောက်ကောင် တစ်ကောင်နှစ်ကောင်ကတော့ အမြဲပါတတ်သည်ပင်။ ကျန်းထောင်က၊ “လင်းယွီ၊ မင်းငါ့ကိုတကယ်ကျေးဇူးတင်ရင် ထမင်းတစ်နပ်လောက်လိုက်ကျွေးပါလား။”
“ကိစ္စမရှိပါဘူး။” ရှောင်လင်းယွီ မြန်မြန်ဆန်ဆန်ပင် သဘောတူလိုက်သည်။ “အချိန်နဲ့နေရာကို ကျန်းကောပဲ ဆုံးဖြတ်လိုက်ပါ။”
ကျန်းထောင် ပါးစပ်ဟလိုက်သည်။ သူပြောချင်သည်က … ‘မင်း ငါ့အိမ်ကိုလာပြီး ချက်ကျွေးပါလား’ ဟုပင်။ သို့သော်လည်း အဆုံးမှာတော့၊ “ငါတို့ ဦးလေးချန်းဆီ သွားကြတာပေါ့။ အချိန်ကိုတော့ မင်းပဲ ဆုံးဖြတ်လိုက်။”
“ကျွန်မကတော့ ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် အခု နေ့တိုင်း ခရိုင်မြို့ပေါ် လာနေရတာပဲလေ။”
“အိုး.. မင်းကားဝယ်ထားတာပဲ။ ငါ အခုမှသတိရတယ်။” ကျန်းထောင် ပြုံးလိုက်သည်။ “ဒီလိုဆို မင်းလည်း ခရိုင်မြို့ကိုလာရတာ ပိုပြီးအဆင်ပြေသွားတာပေါ့။”
“ဟုတ်တယ်။ ကျန်းကော၊ မနက်ဖြန်မနက်ခင်းဆိုရင်ရော။ ရှင်အားလား။”
“အားတာပေါ့။” ကျန်းထောင်သဘောတူလိုက်သည်။
ဖုန်းချလိုက်ပြီးနောက် ရှောင်လင်းယွီသည် လယ်ကွင်းအခြေအနေကို စစ်ဆေးရန်ထွက်လာခဲ့သည်။ သူမအစီအစဉ်အရ လွန်ခဲ့သည့်ရက်ပိုင်းကတည်းက စတော်ဘယ်ရီအပင်ပေါက်များကို ပြောင်းရွှေ့စိုက်ပျိုးသင့်ပြီဖြစ်သည်။ သို့သော်လည်း ကိစ္စတွေအများကြီးဖြစ်ပျက်သွားတာကြောင့် နှောင့်နှေးနေခဲ့သည်ပင်။
ရှောင်လင်းယွီသည် မြေတူးဖို့ လူငှားထားပြီးဖြစ်ကာ စတော်ဘယ်ရီပင်များကို စတင်ပြောင်းရွှေ့တော့သည်။
အချိန်နှောင့်နှေးနေခဲ့ခြင်းကြောင့် စတော်ဘယ်ရီအပင်ပေါက်များမှာ ကြီးပင်ကြီးနေကြပြီဖြစ်သည်။ သို့သော်လည်း နေရာလွတ်မရှိခြင်းနှင့် အဟာရဓာတ်မပြည့်ဝခြင်းတို့ကြောင့် ပင်စည်များမှာ ပိန်လှီနေကြလေသည်။ ရှောင်လင်းယွီလည်း အပင်ပေါက်များကို ရွှေ့ပြောင်းရာတွင် ဂရုစိုက်ကြဖို့ အားလုံးကို သတိပေးလိုက်သည်။ ရွာသားများသည် စတော်ဘယ်ရီများကို မြင်ဖူးကြသော်လည်း အပင်ပေါက်များကိုတော့ မမြင်ဖူးကြပေ။
စတော်ဘယ်ရီအပင်ပေါက်များကို မြင်ကြချိန်မှာတော့ သူတို့အားလုံး အံ့ဩတကြီးပြောလာကြသည်။ “ဒါလေးတွေက ရပ်စ်ဘယ်ရီအပင်ပေါက်လေးတွေနဲ့တူတာပဲ။”
“ဟုတ်တယ်၊ တော်တော်တူတယ်။ ဒါ စတော်ဘယ်ရီအပင်ပေါက်ကို ငါပထမဆုံးမြင်ဖူးတာပဲ။ တော်လေးစိတ်ကူးယဉ်ဆန်တာပဲ။ ပုံမှန်ဆို စတော်ဘယ်ရီသီးဝယ်ဖို့တောင် ငါတို့မတတ်နိုင်ကြဘူး။ လင်းယွီသာ စတော်ဘယ်ရီပင်တွေ ကောင်းကောင်းဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရင် ငါတို့ကို ဈေးနည်းနည်းနဲ့ရောင်းပေးမယ်လို့ ကတိပေးထားတယ်လေ။ ဒီလိုဆို ငါတို့လည်း စတော်ဘယ်ရီအရသာ ခံနိုင်တော့မှာပဲ။”
“ဟုတ်တယ်၊ ငါလည်း နည်းနည်းတော့ဝယ်ရမယ်။”
ရှောင်လင်းယွီသည် ရွသားများကို ဈေးကွက်ပေါက်ဈေးထက် ဈေးလျော့ပြီးရောင်းပေးသွားမည်ဖြစ်သည်။
“လင်းယွီကတော့ တကယ့်မိန်းမကောင်းလေးပဲ။ ဟိုချန်းအိမ်ကကောင်လေးကတော့ ဆိုးဝါးလွန်းတယ်။ ဒီလိုအဆုံးသတ်နဲ့ တကယ်တန်တယ်။”
“လင်းယွီရဲ့အနာဂါတ်ကရော။ သူယောက်ျားကောင်းတစ်ယောက် ရှာနိုင်ပါဦးမလား။”
“ဘာလို့မရှာနိုင်ရမှာလဲ။ လင်းယွီရဲ့သူငယ်ချင်းတွေကို နင်တို့ မမြင်ကြဘူးလား။ အားလုံး ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိတဲ့သူတွေချည်းပဲ။ ကောင်မလေးကလည်း တကယ့်မိန်းမကောင်းလေးကို။ သေချာပေါက် ယောက်ျားကောင်းတစ်ယောက် ရှာနိုင်မှာပါ။ ပြီးတော့ ငါတို့က အခုခေတ်ကာလအသစ်ကို ရောက်နေပြီလေ။ မုဆိုးမတွေတောင် ပြန်လက်ထပ်နိုင်နေပြီကို လင်းယွီကဘာလို့ မဖြစ်နိုင်ရမှာလဲ။”
……
ရှောင်လင်းယွီ မ*ကျင့်ခံရသည့်သတင်း ဖော်ထုတ်ခံလိုက်ရကတည်းက တော်တော်များများက သူမကိုသနားခဲ့ကြပြီး ချန်းယန်ကို အလွန်မုန်းတီးကြလေသည်။ သူသာ လင်းယွီကိုမကြိုက်တော့ရင် ဒီအတိုင်း သူမနဲ့လမ်းခွဲလိုက်ရင် ပြီးမသွားဘူးလား။ ဒါပေမယ့် ဒီကောင်ကတော့ ဒီလိုစက်ဆုပ်ဖို့ကောင်းသည့် နည်းလမ်းမျိုးကို အသုံးပြုလာခဲ့သည်။ သူ့ချစ်သူကောင်မလေးကို ဆေးခပ်ကာ သူမဂရုသတင်းကိုဖျက်ဆီးဖို့အတွက် လူအိုကြီးတစ်ယောက်ထံ လက်ဆောင်အဖြစ် ဆက်သလိုက်လေသည်။ ဒါ သူတို့လို ရိုးရှင်းသည့်ရွာသူရွာသားများအတွက်တော့ ထိတ်လန့်စရာသတင်းပင်။ ချန်းယန်လို့ ဆိုးဝါးသည့်လူမျိုး သူတို့တစ်ခါမှ မကြုံတွေ့ဖူးကြပေ။
ဒါပေါ့၊ ရှောင်လင်းယွီကို ထေ့ငေါ့လှောင်ပြောင်သည့်လူတွေလည်း ရှိပါသေးတယ်။ အခုလို အလိုမတူပဲအနိုင်ကျင့်ခံခဲ့ရသည့် အမျိုးသမီးတစ်ယောက်ကို ရှေးခေတ်ကဆိုလျှင် ရေနှစ်သက်ကြလေသည်။ အခုချိန်ထိတောင်မှ လွတ်မြောက်လာသည့်မိန်းကလေးများသည် ကိုယ့်ကိုယ်ကို သတ်သေကြသေးသည်။ ကျန်းချွမ်းကျောင်းပြောသလိုပင် အနီးနားရွာကမိန်းကလေး၏အဖြစ်မှာ ဥပမာတစ်ခုဖြစ်လေသည်။
သို့သော်လည်း ရှောင်လင်းယွီကတော့ ဘာမှအမှားအယွင်းမရှိခဲ့သလို သူမဘဝကို ရှင်သန်နေလေသည်။ တကယ်တော့ သူမအတိတ်ဘဝတုန်းက ဘယ်လောက်ဆိုးရွားသည့်အခြေအနေတွေ ကြုံတွေ့ခဲ့ရသလဲဆိုသည်ကို ဘယ်သူမှမသိခဲ့ကြပေ။
ရှောင်လင်းယွီသည် စတော်ဘယ်ရီပင်ပေါက်အားလုံးကို တစ်နေ့တည်းအပြီး ရွှေ့စိုက်ဖို့ စီစဉ်ထားတာကြောင့် လူတွေအများကြီး ငှားထားခဲ့လေသည်။ သူမစတုတ္ထဦးလေးနှင့်ဒေါ်လေးအပါအဝင် လူပေါင်း ၁၈ယောက်ကို ငှားထားခဲ့ကာ လယ်၆မူကို စိုက်သွားမည်ဖြစ်သည်။
ထို့နောက်မှာတော့ ရှောင်လင်းယွီသည် စတော်ဘယ်ရီပင်များကို ရေလောင်းရာတွင် ကူညီပေးခဲ့သည်။ ရှောင်လင်းယွီသည် ထိုအပင်လောင်းမည့်ရေအတွက်ကိုတော့ စမ်းရေရောထားသည့်ရေများ ပြင်ဆင်ထားခဲ့လေသည်။
မှောင်ရီပျိုးစအချိန်မှာတော့ အပင်အားလုံး ပြောင်းရွှေ့စိုက်ပျိုးပြီးသွားပြီဖြစ်သည်။ ရှောင်လင်းယွီတွင် နောက်ထပ် စတော်ဘယ်ရီပင်ပေါက်အနည်းငယ်ပင် ကျန်နေခဲ့သေးသည်။ ထိုအပင်များကိုတော့ သူမမိသားစု၏နောက်ခြံဝင်းထဲတွင် စိုက်ပျိုးရန် စီစဉ်ထားခဲ့သည်။ ဒါက အလှသဘောလည်း ဖြစ်မည်ဖြစ်သလို မြေနေရာမတူညီမှုကြောင့် ဖြစ်ပေါ်လာမည့် ကွာခြားချက်များကိုလည်း သူမလေ့လာနိုင်ပေသည်။
သို့သော်လည်း ကြားထဲကွက်လွတ်နေသည့် နေရာသေးလေးတစ်ခုရှိနေခဲ့သည်။ ရှောင်လင်းယွီကို မြေမငှားပေးဖို့ ကျန်းချွမ်းကျောင်းထံမှ လှုံ့ဆောင်ခံလိုက်ရသည့် မိသားစုနှစ်စု၏မြေနေရာများဖြစ်လေသည်။ ရှောင်လင်းယွီတွင် အပင်ပေါက်များကျနေသေးကြောင်း သိလိုက်သည်နှင့် ထိုမိသားစုများက သူမဆီက တောင်းလာကြသည်။
“လင်းယွီ၊ မင်းမှာ စတော်ဘယ်ရီအပင်ပေါက်တွေ ကျန်နေသေးတယ်ဆို။ ငါလည်း နည်းနည်းလောက်စိုက်ချင်လို့။ မင်းငါတို့ကို ပေးလိုက်ပါလား” ကျန်းရှောင်ချိုးက အပြုံးတစ်ပွင့်ဖြင့် မေးလာခဲ့သည်။
ရှောင်လင်းယွီက အပြုံးတုတစ်ခုဆင်မြန်းကာ၊ “စိတ်မကောင်းပါဘူး၊ ဒေါ်လေးကျန်း။ ကျွန်မမှာ စတော်ဘယ်ရီအပင်ပေါက်တစ်ပင်မှ မကျန်တော့လို့ပါ။”
“ဒါဆို.. ဒါတွေကဘာလဲ။” ကျန်းရှောင်ချိုးသည် စတော်ဘယ်ရီအပင်ပေါက်အပုံလိုက်ကို လက်ညှိုးထိုးပြလိုက်သည်။ သူမ အငြင်းခံလိုက်ရတာကြောင့် နည်းနည်းဒေါသထွက်နေပြီပင်။
“အိုး.. ဒါတွေလား။ ဒါတွေက အကျန်တွေမဟုတ်ဘူးလေ။” ရှောင်လင်းယွီက အေးစက်စက်ပြောလိုက်သည်။ “ဒါတွေကို ကျွန်မခြံနောက်မှာစိုက်မလို့။ ဒေါ်လေးကျန်း စတော်ဘယ်ရီအပင်ပေါက်တွေလိုချင်သပဆို ခရိုင်မြို့ပေါ်ကိုသွားမှရမယ်။ အဲ့ဒီမှာ ရောင်းတဲ့လူရှိလား ရှာကြည့်လိုက်ပေါ့။”
ကျန်းရှောင်ချိုး ဒေါသထွက်သွားတော့သည်။ “နင့်ဘာသာကပ်စေးနည်းရင်ကပ်စေးနည်းတယ်ပေါ့။ ဘာလို့ ဒီလောက်အကြောင်းပြချက်တွေ အများကြီးပေးနေသေးတာလဲ။”
ရှောင်လင်းယွီလည်း ခေါင်းညိတ်လိုက်ကာ၊ “ကောင်းပြီလေ၊ ကျွန်မ ဒါတွေကို ရှင်တို့ဆီပေးမယ့်အစား အပုပ်သာခံပြီး လွှင့်ပဲပစ်လိုက်မယ်။ ကဲ ကျေနပ်ပြီလား။”
လူတိုင်း၊ “….”
***