← Chapters

အဘိုးများ

Vol. 9 Ch. 152

အဘိုးများ

Vol. 9 Ch. 152

ဦးလေးချန်း၏စားသောက်ဆိုင်သည် လူသွားလူလာနည်းသည့်ဘက်တွင်ရှိသော်လည်း သူ့ဆိုင်သို့လာရောက်စားသုံးသူအရေအတွက်မှာ အတော်လေးများလှသည်။ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေရော ရှင်းယင်ခရိုင်မှ အစားအသောက်ချစ်သူများပါ,ပါဝင်ကြသည်။

စားသုံးသူများက မလာခင် ကြိုပြီး ချိန်းဆိုမှုယူထားရသည်၊ မဟုတ်ပါက စားရမည့်အခွင့်အရေးကို လွဲချော်သွားနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဤသို့ဆိုင်တစ်ဆိုင်ဖွင့်ထားခြင်းမှာ ဦးလေးချန်း ဝါသနာအရလုပ်နေခြင်းသာဖြစ်တာကြောင့် စားသုံးသူအများကြီး မလိုအပ်ပေ။ သူ့မှာ တစ်နပ်စာကို စားပွဲနှစ်ဝိုင်းစာဧည့်သည်ဖြင့် တစ်ရက်ကို စားပွဲလေးဝိုင်းစာပဲ လက်ခံမည့် ကိုယ်ပိုင်စည်းမျဉ်းရှိလေသည်။

ဒီကနေ့မှာတော့ ဦးလေးချန်း၏ဆိုင်သို့ လာနေကျစားသုံးသူတစ်ဖွဲ့တစ်ထပ်ရောက်နေခဲ့သည်။

ဦးလေးချန်းက၊ “ဒီလူအိုကြီးကတော့ ငါတစ်နေ့ကို စားပွဲလေးဝိုင်းစာပဲ လက်ခံပါ့မယ်လို့ မင်းကို ပြောထားပြီးသားမဟုတ်ဘူးလား။ မင်းလာချင်သပဆို အရင်ဆုံးရက်ချိန်းယူရမှာပေါ့။ အခုကျ မင်းကဘာရက်ချိန်းမှမယူဘဲ နေ့တိုင်းလာချင်တဲ့အချိန်လာနေတယ်။ ငါမင်းကိုမချက်ပေးမချင်းလဲ ထွက်မသွားဘဲ ပေကပ်နေပြန်ရော။ ငါမင်းတို့အပေါ်ကို အကြွေးများတင်နေလို့လား။”

ယွမ်ဟုန်ကျွင်းက၊ “ချန်းတဖူ၊ မင်းက တစ်နေ့ကို စားပွဲလေးဝိုင်းစာပဲ လက်ခံတယ်ဆိုမှတော့ မင်းတနေကုန်အရမ်းအားနေမယ်ဆိုတာ ငါတို့လည်း သိနေပြီလေ။ ငါတို့က မင်းလက်မောင်း လေ့ကျင့်ခန်းလုပ်ဖို့ အခွင့်အရေးရအောင် လာပေးနေတာပါ။ ငါတို့ကိုတောင် မင်းကျေးဇူးတင်နေသင့်တယ်။”

“ကျေးဇူးတောင်တင်ရဦးမယ်ပေါ့။ ငါ့မှာ တစ်နေ့လေးဝိုင်းလက်ခံတာနဲ့တင် အလုပ်ရှုပ်နေပြီ။ ဒါကို မင်းတို့တွေက လက်ဖက်ရည်သောက်လိုက်၊ စကားများလိုက်၊ ကျားကစားလိုက်နဲ့လာလုပ်ကြသေးတယ်။ မင်းတို့က ငါ့ကိုအလုပ်ပိုအောင်ပဲ လုပ်ကြတာ။ ဘာလို့ ကိုယ့်အိမ်ကိုပြန်ပြီး ကိုယ့်ဘာသာမချက်စားကြတာလဲ။ တကယ်ကို လေ့ကျင့်ခန်းကောင်းပဲလေ။”

“ငါတို့မှာမှ မင်းလိုဟင်းချက်လက်ရာမျိုးမရှိတာ။” ချန်အိုက်ကောက ပြုံးလျက် ပြောလာခဲ့သည်။

“ဒါဆိုလည်း ငါသင်ပေးမယ်။” ချန်းတဖူက နှာခေါင်းရှုံ့လိုက်လေသည်။ “ဘာပဲဖြစ်ဖြစ် မင်းတို့တွေ အအားလွန်နေကြတာပဲမဟုတ်လား။ ချက်ပြုတ်တယ်ဆိုတာလည်း လေ့ကျင့်ခန်းတစ်မျိုးပဲ။”

“ဒါပေမယ့် ချက်ပြုတ်တဲ့နေရာမှာ ပင်ကိုယ်အရည်အချင်းရှိဖို့တော့လိုသေးတယ်လေ။” ယွမ်ဟုန်ကျွင်းက ပြောလာခဲ့သည်။ “ငါတို့မှာမှ အဲ့လိုအရည်အချင်းမရှိတာ။ ငါ့ဇနီးဆို ငါချက်တဲ့အစားအသောက်တွေက ဝက်တောင်မစားဘူးလို့ကိုပြောတယ်။ ပြောကာမှ ဒီရက်ပိုင်းငါတို့စားတဲ့ဟင်းတွေက အရင်နဲ့မတူဘူးနော်။ ပုံမှန် ရိုးရိုးရှင်းရှင်း အသီးအရွက်ဟင်းပွဲလေးတွေပေမယ့် အရသာကတော့ အရမ်းကောင်းတယ်။”

“ဟုတ်တယ်၊ အရသာတော်တော်ရှိတယ်။ ချိုပြီးမွှေးနေရောပဲ။ ငါစားဖူးသမျှအသီးအရွက်တွေထဲမှာ အကောင်းဆုံးပဲ။” ချန်အိုက်ကောက ပြောလာသည်။

“ဟုတ်တယ်၊ ငါလည်းအတူတူပဲ။”

“လုပ်စမ်းပါ၊ ချန်းတဖူရာ၊ ငါတို့ မင်းလက်ရာကိုစားလာတာ ဆယ်စုနှစ်ဘယ်နှခုတောင် ရှိနေပြီလဲ၊ ဒါပေမယ့် ဒီလောက်အရသာရှိတဲ့အသီးအရွက်ဟင်းကိုတော့ မစားဖူးဘူး။ မင်း ဒီအသီးအရွက်တွေ ဘယ်ကရလာတာလဲ။” ယွမ်ဟုန်ကျွမ်းက အလွန်သိချင်နေလေသည်။

“ဟုတ်တယ်၊ မင်းဘယ်ကရလာခဲ့တာလဲ။” ချန်အိုက်ကောလည်း သိချင်နေခဲ့သည်။ “ငါလည်း မင်းဝယ်တဲ့ဆီကနေ ဝယ်ချင်တယ်။ မင်းစီးပွားရေးကိုမလုပါဘူး၊ ကတိပေးပါတယ်။”

ချန်တဖူက အေးစက်စက်နှာခေါင်းရှုံ့လိုက်လေသည်။ “မင်းတို့က ငါ့စီးပွားရေးကို လုနိုင်မယ့်လူတွေမလို့လား။”

“လောင်ချန်း၊ မင်းနောက်ဆို ဒီအသီးအရွက်တွေ များများဝယ်စမ်းပါ။ ငါမင်းဆီက ပိုပေးပြီး ပြန်ဝယ်ပါ့မယ်။” ယွမ်ဟုန်ကျွင်းက အရှက်မရှိပြောလာလေသည်။ “မဟုတ်ရင်လည်း မင်းဝယ်တဲ့နေရာကို ပြောပြ၊ ငါ့ဘာသာ သွားဝယ်လိုက်မယ်။”

“လောင်ချန်း၊ ငါလည်း လောင်ယွမ်လိုပဲ။”

ချန်းတဖူတစ်ခုခုပြောတော့မည့်အချိန်မှာပဲ ရှောင်လင်းယွီ လာနေသည်ကို မြင်သွားတာကြောင့် ချက်ချင်းပင် ပြုံးရွှင်သွားလေသည်။ “လင်းယွီ လာပြီလား။”

ရှောင်လင်းယွီလည်း ပြုံးကာ ပြန်နှုတ်ဆက်လိုက်သည်။ “ဦးလေးချန်း။” ရှောင်လင်းယွီ ဆိုင်ထဲကိုကြည့်လိုက်ကာ ပုံမှန်ထက် စားသုံးသူအရေအတွက်ပိုများနေကြောင်း သတိထားမိသွားသည်။ ရှောင်လင်းယွီသည် ဦးလေးချန်း၏ဆိုင်သို့ အကြိမ်အနည်းငယ်ခန့်ရောက်ဖူးခဲ့သော်လည်း အကြိမ်အတိုင်း စားပွဲတစ်ဝိုင်းလောက်သာ စားသုံးသူရှိတတ်လေသည်။ ဒါက ဆိုင်မှာလူပြည့်နေတာကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ဒါ့ပေါ့ ဆိုင်မှာ စားပွဲနှစ်ဝိုင်းပဲရှိတာပါ။

“လင်းယွီ” ဒေါ်လေးချန်းကလည်း ရှောင်လင်းယွီကိုတွေ့သည်နှင့် ဝမ်းသာအားရရောက်လာခဲ့သည်။

ရှောင်လင်းယွီသည် ချန်းတဖူ၏စားသောက်ဆိုင်ထဲသို့ တစ်ချက်ကြည့်ရင်း ပြုံး၍ပြောလိုက်လေသည်။ “ဒေါ်လေးချန်း၊ ဦးလေးချန်း၊ ဒီနေ့စီးပွားရေးအတော်ကောင်းနေတာပဲ။”

“မိတ်ဆွေဟောင်းတချို့ရောက်နေရုံပါ။” ဒေါ်လေးချန်းက ပြန်ဖြေခဲ့သည်။ “လင်းယွီ၊ ဒီမှာအရင်ထိုင်နေဦးနော်။” ဒေါ်လေးချန်းသည် ထိုင်ခုံနှစ်ယောက်စာသာပါသည့် စားပွဲငယ်လေးကို ညွှန်ပြလိုက်သည်။ ထိုခုံကို ကျန်းထောင်နှင့်ရှောင်လင်းယွီအတွက် သူမကြိုတင်ချန်ထားပေးခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက အစောကတည်းက လူပြည့်သွားလောက်ပြီပင်။

ရှောင်လင်းယွီ ထိုင်လိုက်ပြီးနောက် ဒေါ်လေးချန်းက လက်ဖက်ရည်ဖြင့် ဧည့်ခံလာကာ၊ “လင်းယွီ၊ ထောင်ဇီရောဘယ်မှာလဲ။”

“ကျန်းကောက ကိစ္စလေးတစ်ခုရှိနေလို့တဲ့။ ခနနေမှရောက်လိမ့်မယ်။”

“ဒီကလေးကတော့ အလုပ်တစ်ခုပဲသိတယ်။ ဘယ်အချိန်ကျမှ အလုပ်လျှော့ပြီး ကောင်မလေးတစ်ယောက်ရှာမလဲပဲ။ သူတစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့သေသွားမှာ မကြောက်ဘူးလားပဲ။” ဒေါ်လေးချန်းသည် တမင်တကာကို ရှောင်လင်းယွီရှေ့ ထိုစကားပြောနေခြင်းဖြစ်လေသည်။ သူမက ထိုနှစ်ယောက်ကို တွဲဖက်ပေးလိုနေခြင်းပင်။ သို့သော်လည်း ရှောင်လင်းယွီသည သူမဘယ်လောက်ပဲ လမ်းကြောင်းပေးပေး မဝင်လာခဲ့ပေ။

ရှောင်လင်းယွီ ပြုံးလိုက်ကာ၊ “တကယ်အမှန်ပဲ။ ကျန်းကောကို အလုပ်တွေချည်းလုပ်မနေဖို့ ကျွန်မတို့ အကြံပေးမှဖြစ်တော့မယ်။ သူလည်း ချစ်သူကောင်မလေးတစ်ယောက် ရှာဖို့သင့်နေပြီလေ။ သူ့ကောင်မလေးဖြစ်ချင်တဲ့မိန်းကလေးတွေကတော့ အများကြီးပါ။ သူသာတစ်ယောက်ယောက် ရှာတွေ့သွားရင် သေချာလေးဆုမွန်ကောင်းတောင်းပေးရမယ်။” ဒါက သူမကတော့ ကျန်းထောင်၏ကောင်မလေးဖြစ်ဖို့ စိတ်မဝင်စားကြောင်း အတိအလင်းဖော်ပြနေခြင်းဖြစ်သည်။

ဒေါ်လေးချန်း တိတ်တဆိတ်သက်ပြင်းချမိတော့သည်။ ရှောင်လင်းယွီသည် မိန်းမကောင်းလေးတစ်ယောက် ဖြစ်သော်လည်း စိတ်မကောင်းစရာက ထောင်ဇီကိုတော့ သဘောမကျနေပေ။

ဒေါ်လေးချန်းလည်း ပြုံးလိုက်ကာ၊ “လင်းယွီ၊ ဒီမှာခနထိုင်ပြီး ထောင်ဇီကိုစောင့်နေလိုက်ဦးနော်။”

“ဟုတ်ကဲ့ပါ။”

….

တစ်ဖက်မှာတော့ ဦးလေးချန်းသည်၊ “ငါဟင်းသီးဟင်းရွက်တွေ ဘယ်ကယူလဲ မင်းတို့သိချင်နေကြတာမဟုတ်လား။ အဲ့ကောင်မလေး ရှောင်လင်းယွီဆီကလေ။”

ဦးလေးချန်းသည် ရှောင်လင်းယွီကို ညွှန်ပြရင်း လှမ်းအော်လိုက်လေသည်။ “လင်းယွီ၊ ဒီလူအိုကြီးတွေက မင်းရဲ့အသီးအရွက်တွေကို ကြိုက်လို့တဲ့။ ဘယ်ကရလဲသိချင်နေကြတာ။ မင်းမှာ အပိုရှိသေးလား။ သူတို့ကို နည်းနည်းလောက် ခွဲရောင်းပေးနိုင်လား။ ဈေးကတော့… ဒီလူအိုကြီးတွေအားလုံး လူချမ်းသာတွေချည်းပဲ။ ဈေးအမြင့်ဆုံးသာတင်ပြီးရောင်းလိုက်။”

ချန်အိုက်ကောက ချက်ချင်းပင်ဝင်ပြောလာလေသည်။ “လောင်ချန်း ဘာတွေလျှောက်ပြောနေတာလဲ။ ငါတို့မိသားစုက ချမ်းသာတယ်ဆိုပေမယ့် ငါ့တို့ခြံနောက်မှာ ငွေသစ်ပင်တွေရှိနေတာတော့ မဟုတ်ဘူးလေ။”

ထို့နောက် ချန်အိုက်ကောက ရှောင်လင်းယွီကိုကြည့်လိုက်ကာ၊ “မိန်းကလေး၊ မင်းမှာ ဒီအသီးအရွက်တွေရောင်းဖို့ရှိသေးရင် ငါတို့ကိုလည်း ရောင်းပေးပါနော်။ ဈေးကတော့ မင်းလောင်ချန်းကို ရောင်းတဲ့နှုန်းနဲ့ပဲ ရောင်းသင့်တယ်။”

ယွမ်ဟုန်ကျွင်းကလည်း၊ “ဟုတ်တယ်၊ လောင်ချန်းက သိပ်မရိုးသားဘူး။ မိန်းကလေး၊ မင်းက အသီးအရွက်တွေရောင်းတယ်ဆိုမှတော့ ဘယ်သူ့ကိုရောင်းလဲဆိုတာ အရေးမကြီးဘူးလေ။ မင်းမှာ အပိုမရှိတော့ရင်လည်း လောင်ချန်းဆီကနေ နည်းနည်းပြန်ခွဲယူထားပြီး ငါတို့ကိုရောင်းပေါ့။”

ချန်းတဖူက တပြုံးပြုံးဖြင့်ပင် အော်ငေါက်လိုက်လေသည်။ “မင်းတို့လူအိုကြီးတွေ ဒါတော့ အရမ်းများသွားပြီ။ ထားပါတော့၊ လင်းယွီ သူတို့ကို နည်းနည်းလေးတောင် မရောင်းပေးနဲ့တော့။ သူတို့မှာ ငွေတွေအရမ်းပေါပေမယ့် သုံးဖို့ကျမထုတ်ချင်ကြဘူး။ အရမ်းကပ်စီးနည်းကြတာပဲ။”

“ချန်းတဖူ၊ ကပ်စီးအနည်းဆုံးက ဘယ်သူလဲဆိုပြီး ပြိုင်ပွဲသာလုပ်ရင် မင်းကမှ သေချာပေါက် ပထမနေရာရမယ့်သူ။” ချန်အိုက်ကောက ပြန်အော်လိုက်လေသည်။ “မင်းအခုတလော ဝိုင်အသစ်တွေ ရောက်ထားတယ်မလား။ ဒါပေမယ့် မင်းငါတို့ကို နည်းနည်းလေးတောင် မမြည်းခိုင်းဘူးလေ။”

“အရင်တစ်ခေါက် ငါမင်းတို့ကို မြည်းခိုင်းတို့က မင်းတို့က တစ်ချက်တည်းနဲ့ သုံးပုံတစ်ပုံလောက်လျော့အောင် သောက်ပစ်တယ်လေ။ ဒါ ဝိုင်မြည်းတာမှမဟုတ်တော့တာ။ ပြောကာမှ ကုမိသားစုဟိုတယ်ကလည်း ဒီဝိုင်ကိုစပြီး ဖြန့်တော့မယ်။ မင်းတို့အဲ့မှာသွားဝယ်သောက်ကြ။ ပြီးတော့ ကုမိသားစုဟိုတယ်က ဟင်းပွဲတွေကလည်း ဒီလူပဲ အရသာရှိတယ်။ အဲ့မှာကျ ဘာလို့သွားမစားကြတာလဲ။ ဒီကိုပဲ နေ့တိုင်းလာနေကြတယ်။ မင်းတို့လူအိုကြီးတွေကို ငါလုံးဝမကြိုဆိုတော့ဘူးဆိုတာ နားမလည်ကြဘူးလား။”

ချန်အိုက်ကော၊ “ငါတို့ ကုမိသားစုဟိုတယ်ကိုလည်း ရောက်ပြီးပါပြီ။ ငါ့မြေးက ငါ့မိန်းမနဲ့ငါ့ကိုခေါ်သွားတာလေ။ အစကတော့ သူ့သူငယ်ချင်းကို ပံ့ပိုးပေးဖို့လို့ထင်လိုက်တာ။ ဒါပေမယ့် စားစရာတွေလာချပြီးတော့မှ သူ့အနံ့နဲ့တင် ငါတို့တော်တော်လေး အံ့ဩသွားတယ်။ ပြီးတော့ အရသာမြည်းလိုက်မှ ပိုလို့တောင်မှ စွဲမက်စရာကောင်းနေရာ။ နောက်ပိုင်း အဲ့ကောင်စုတ်လေးက ငါတို့ချက်ဖို့ဆိုပြီး အသီးအရွက်တွေ တခါတလေယူလာပေးခဲ့သေးတယ်။ နေပါဦး…” ချန်းအိုက်ကော နောက်ဆုံးတော့ အခြေအနေတွေကို ဆက်စပ်မိသွားတော့သည်။ “လောင်ချန်း၊ မင်းရဲ့အသီးအရွက်တွေက ဒီကောင်မလေးဆီကရတယ်။ ကုမိသားစုဟိုတယ်ကလည်း မင်းရဲ့ဟင်းပွဲတွေလိုပဲ အရသာရှိတယ်လို့ မင်းပြောတယ်နော်။ ဒါဆို ကုမိသားစုဟိုတယ်နဲ့ ဟိုကောင်စုတ်လေးက မင်းဆီကနေ အသီးအရွက်တွေရလာတာလား။”

နောက်ဆုံးစာကြောင်းကတော့ ရှောင်လင်းယွီကိုရည်ညွှန်းလိုက်ခြင်းဖြစ်သည်ကာ အသံထဲတွင် မသင်္ကာမှုများပြည့်နေခဲ့သည်။

ရှောင်လင်းယွီသည် အသက်၇၀ ဝန်းကျင်လောက်ရှိပြီဖြစ်သည့် ချန်အိုက်ကောကို လှမ်းကြည့်လာခဲ့သည်။ သူ့ဆံပင်များက ဖြူနေကာ မျက်နှာကတော့ သွေးအားကောင်းလှသည်။ သူ့ကိုကြည့်ရတာ ချန်ယီဖန်းနှင့် နည်းနည်းဆင်တူနေလေသည်။ ဒီတော့မှ ထိုလူအိုကြီးသည် ချန်ယီဖန်း၏အဘိုးဖြစ်နိုင်လောက်ကြောင်း ရှောင်လင်းယွီ သေချာသွားတော့သည်။

ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “အဘိုး၊ အဘိုးရဲ့မြေးယူလာတဲ့ အသီးအရွက်တွေက ဦးလေးချန်းဆီကနဲ့ အရသာအတူတူပဲဆိုရင်တော့ ကျွန်မဆီက ရတာဖြစ်နိုင်ပါတယ်။”

“အိုး.. အဲ့လိုကိုး…” ချန်အိုက်ကော မျက်လုံးများကို မှေးကျဉ်းကာ သူမမျက်နှာပေါ်တွင် တစ်စုံတစ်ရာကို တွေ့မြင်လိုဟန်ဖြင့် ရှောင်လင်းယွီကို စိုက်ကြည့်နေခဲ့လေသည်။

ရှောင်လင်းယွီသည် လူကြီးများကို ပြုံးပြလိုက်သည်။ ထိုအပြုံးသည် အရမ်းလည်း မမောက်မာသလို အရမ်းလည်း မရိုကျိုးပေ။

ချန်အိုက်ကော ဘာတွေတွေးနေမှန်း ချန်းတဖူ ချက်ချင်းပင် ခန့်မှန်းမိသွားသည်။ ရှောင်လင်းယွီက ဒီအခွင့်အရေးကိုအသုံးချကာ သူ့မြေးနားချဉ်းကပ်လိုနေခြင်းဟု သံသယဝင်နေခြင်းပင်။

ဘာပဲဖြစ်ဖြစ် ချန်အိုက်ကော၏သားသည် ရှင်းယင်ခရိုင်အောက်တရားသူကြီးဖြစ်လေသည်။ လူတော်တော်များများ သူ့ကိုဆိုလျှင် မျက်နှာလိုမျက်နှာရလုပ်ချင်နေကြလေသည်။

ဦးလေးချန်းသည် ချက်ချင်းပင် မပျော်မရွှင်ဖြစ်သွားသည်ဟန်ဖြင့် ပြောလာခဲ့သည်။ “ငါပြောမယ်၊ လောင်ချန်၊ မင်း ဒါဘာသဘောလဲ။ လင်းယွီကို ကုမိသားစုကကလေးနဲ့မိတ်ဆက်ပေးမိတာ ငါ့အမှားဖြစ်အောင် လုပ်ချင်နေတာလား။”

ပထမဆုံးအနေနှင့် ကုမိသားစုကသာ ရှောင်လင်းယွီနှင့် ပူးပေါင်းလိုခြင်းဖြစ်ကာ တခြားဘာမှမရှိပေ။

ဒုတိယအနေနှင့်၊ ကုမိသားစုက ကလေးသည် ချန်ယီဖန်းသည် သူငယ်ချင်းကောင်းဖြစ်ကာ ကုမိသားစုက ကလေးသည် ရှောင်လင်းယွီနှင့် စီးပွားရေးပါတနာဖြစ်လေသည်။ ဒီတော့ ချန်ယီဖန်းက ကုမိသားစုကလေးဆီကနေ အသီးအရွယ်နည်းနည်းပါးပါး ရပြီး အိမ်ပြန်သယ်သွားတာ ပုံမှန်ပဲမဟုတ်ဘူးလား။

တတိယအချက်အနေနဲ့ ဦးလေးချန်းကို ဒေါသအဖြစ်သွားစေဆုံးအချက်ကတော့ ဘယ်သူကများ သူ့ကို လင်းယွီအပေါ် သံသယဝင်ခွင့်ပေးထားလို့လဲ။

ချန်အိုက်ကောသည် ချန်းတဖူ၏ ရှောင်လင်းယွီကို အကာအကွယ်ပေးနေပုံကိုကြည့်ကာ ကြောင်အသွားခဲ့လေသည်။ ထို့နောက် သူက အကျယ်ကြီးအော်ရယ်လိုက်ကာ၊ “လောင်ချန်း၊ ငါဘာများပြောမိလို့လဲ။ ငါက ဒီမိန်းကလေးက ငါတို့ကောင်စုတ်လေးနဲ့သိနေလို့ အံ့ဩသွားရုံပါ။ အခု မင်းပြောလိုက်တော့ ငါလည်း နားလည်သွားပါပြီ။”

“မဟုတ်သေးဘူး၊ နေပါဦး.. ငါလည်း တစ်ခုခုသိလိုက်သလိုပဲ။” ရုတ်တရက် ဦးလေးချန်းက ပြောလိုက်လေသည်။ “လောင်ချန်၊ မင်းမြေးက လင်းယွီရဲ့အသီးအရွက်တွေ မင်းတို့အိမ်ကို ယူလာပေးတယ်ဆိုမှတော့ ဘာလို့ ငါ့ဆိုင်ကို လာနေကြသေးတာလဲ။ မင်းတို့ အလကားကုန်းလာဆင်းနေတာ မရှက်ကြဘူးလား။”

“ပြီးတော့ လောင်ယွမ်ရောပဲ၊ ရှောင်ချန်က ရှောင်ကုဆီကနေ လင်းယွီရဲ့အသီးအရွက်တွေ အိမ်ပြန်ယူသွားတယ်ဆိုမှတော့ မင်းရဲ့မြေးလည်း သူ့ဝေစုသူအရယူမှာပဲလေ။ ပြောကာမှ လောင်ကျန်းလည်း သေချာပေါက် ဒီထဲပါရမယ်။ လောင်ကျန်းက အခုဒီမှာမရှိဘူးဆိုတော့ မင်းတို့နှစ်ယောက်ဆီကနေပဲ အရင်ဆုံး ရှင်းပြချက်ကို နားထောင်ရသေးတာပေါ့။”

ရှောင်ချန်၊ ရှောင်ယွမ်နှင့် ရှောင်ကျန်းတို့သည် ကုကျီယဲ့၏သူငယ်ချင်းကောင်းများဖြစ်ကြလေသည်။ ချန်ယီဖန်းက ကုကျီယဲ့ဆီကနေ အသီးအရွက်တွေ ယူသွားနိုင်တယ်ဆိုမှတော့ ကျန်တဲ့နှစ်ယောက်လည်း ဝေစုရလောက်ပေသည်။

“အမ်…” မီးတောက်က သူ့ဘက်လှည့်လာလိမ့်မည်ဟု ယွမ်ဟုန်ကျွင်း မထင်ထားခဲ့ပေ။

ချန်အိုက်ကောနှင့် ယွမ်ဟုန်ကျွမ်းတို့သည် ထို ‘အမှန်တရား’က ပေါ်ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့အိမ်ကိုရောက်,ရောက်လာသည့် အသီးအရွက်များနှင့် လောင်ချန်း၏ဆိုင်မှ အသီးအရွက်များမှာ လူတစ်ယောက်တည်းဆီက ရနေခြင်းဖြစ်နေသည်။

ယွမ်ဟုန်ကျွင်းသည်၊ “ချန်းကော၊ ငါတို့က မင်းကိုအဖော်ပြုပေးဖို့ လာကြတာလေ။ မင်းတစ်ယောက်တည်း အထီးကျန်နေမှာစိုးလို့ပါ။”

ချန်အိုက်ကောကလည်း ချက်ချင်းပင် သံယောင်လိုက်လာလေသည်။ “ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့လိုပဲ။”

တကယ့်အကြောင်းအရင်းကတော့ တခြားတစ်ခုပင်။

တစ်အချက်၊ ပါဝင်ပစ္စည်းတွေက အတူတူပဲဆိုရင်တောင် ချန်းတဖူသည် သူတို့ထက်ပိုကောင်းအောင် ချက်နိုင်ပေသည်။

နှစ်အချက်၊ ချန်းတဖူဆီကနေဆို အများကြီးစားလို့ရလေသည်။ သူ့တို့မြေးတွေက အသီးအရွက်တွေကို အိမ်ယူလာပေးတယ်ဆိုပေမယ့် တစ်မိသားစုလုံးက သူတို့နဲ့အပြိုင်လုနေကြခြင်းဖြစ်သည်။ ဘယ်သူကမှ အကြီးဖြစ်လို့ဆိုပြီး လေးစားမှုမပြကြပေ။ ဒါကြောင့် ထမင်းစားချိန်ဆို သူတို့မှာ တစ်ခါတလေ ဘာမှတောင် မထိလိုက်ရလုနီးပါးပင်။ ဒါကြောင့် ချန်းတဖူဆီသို့လာကာ သူတို့ဗိုက်ကိုဖြည့်ခြင်းဖြစ်သည်။ ဒါပေါ့ ဒီတကယ့်အကြောင်းအရင်းကိုတော့ ချန်းတဖူကို ပြောလို့မဖြစ်ပေ။ ချန်းတဖူ၏ဒေါသနှင့်ဆိုလျှင် တကယ့်အကြောင်းအရင်းကိုသာသိသွားပါက သူတို့အတွက် ထပ်ချက်ပေးတော့မည်မဟုတ်ပေ။

ဦးလေးချန်းသည် နောက်ဆုံးဟင်းပွဲကိုချပေးပြီးနောက်မှာတော့ နှာမှုတ်လိုက်ကာ၊ “မင်းတို့လူအိုကြီးနှစ်ယောက် ဘာတွေတွေးနေမှန်း ငါမသိနိုင်ဘူးလို့များ ထင်နေလား။ မင်းတို့အိမ်မှာ ဒီဟင်းမျိုး ဝအောင်မစားရလို့ ငါ့ဆီလာပြီး အလကားလာစားကြတာလေ။ ဟမ့်၊ ထားပါတော့။ ငါ့မှာ ဖြေရှင်းနည်းတစ်ခုရှိတယ်။ မနက်ဖြန်ကစပြီး ငါ့စီးပွားရေးအတွက် လုံလောက်တဲ့ပမာဏပဲဝယ်တော့မယ်။ မင်းတို့လူအိုကြီးတွေကတော့ အိမ်ကိုသာ ပြန်လိုက်ကြတော့သည်။ လင်းယွီ၊ ငါမနက်ဖြန်ကစပြီး ကတ်တီနည်းနည်းပဲယူတော့မယ်။ အပိုထည့်ပေးစရာမလိုတော့ဘူး။”

ယွမ်ဟုန်ကျွင်းနှင့် ချန်အိုက်ကောတို့ ချက်ချင်းပင် တားမြစ်လာကြသည်။ “တဖူ၊ အဲ့လောက်နဲ့ရပ်လိုက်။” ထို့နောက် သူတို့က ရှောင်လင်းယွီဘက်လှည့်ကာ ပြောလာကြသည်။ “ကောင်မလေး၊ မင်းက မင်းရဲ့အသီးအရွက်တွေကို လောင်ချန်းကိုတောင် ပေးနိုင်တယ်ဆိုမှတော့ ငါတို့ကိုလည်း ပေးပါလား။ ဒီကောင်စုတ်လေးတွေ ပြန်ယူလာတာက အရမ်းနည်းလွန်းတယ်။ ငါ့တို့မှာ လူငယ်တွေနဲ့အပြိုင်လုဖို့ အင်အားလည်းမရှိဘူးလေ။ ဒါကြောင့် တစ်ခါတလေဆို ဘာမှတောင် မတို့လိုက်ရဘူး။”

ရှောင်လင်းယွီ၊ “….”

လူတိုင်း၊ “….”

ချန်းတဖူ၊ “….” ဒီလူအိုကြီးတွေက ငါ့ကိုဒီလိုပုံစံမျိုးနဲ့ ရောင်းစားသွားကြတာပေါ့။

ချန်းတဖူက၊ “ရှူး… ရှူး… လင်းယွီက မင်းတို့မြေးတွေကို သူ့အသီးအရွက်တွေ ဝေမျှပေးချင်နေတာကိုပဲ မင်းတို့ကျေးဇူးတင်သင့်နေပြီ။ သူ့မှာ ကုမိသားစုဟိုတယ်ကို ပို့ဖို့တောင် မလောက်ဘူးဖြစ်နေတာ မင်းတို့မသိကြဘူးလား။ ဒီကောင်မလေးရဲ့အသီးအရွက်တွေက တစ်နေ့စာအတွက် အကန့်အသတ်ရှိတယ်။ မင်းတို့ကများ ကောင်မလေးဆီက အပိုထပ်လိုချင်နေကြသေးတယ်ပေါ့။ ကောင်မလေး၊ သူတို့ကိုကြောက်စရာမလိုဘူး။ ဦးလေးချန်း မင်းနောက်မှာရှိတယ်။”

ယွမ်ဟုန်ကျွင်း၊ “….”

ချန်အိုက်ကော၊ “….”

ငါတို့ ဒီကောင်မလေးကို ကြောက်အောင် တစ်ခုခုများလုပ်မိလို့လား။

ချန်အိုက်ကောက ချက်ချင်းပင် ပြန်တုံ့ပြန်လေသည်။ “လောင်ချန်း၊ မင်းပဲ နောက်ဆို မင်းအတွက် အများကြီး မပို့ပေးတော့ဖို့ ပြောခဲ့တာလေ။ ကောင်မလေး၊ လောင်ချန်းမလိုချင်တော့တဲ့ ဝေစုကို ငါတို့ကိုရောင်းပေးပါလား။”

ချန်းတဖူ၊ “….” ငါအစောက ဘာလို့များအဲ့လိုပြောမိပါလိမ့်။

ချန်းတဖူသည် အေးစက်စက်နှာမှုတ်လိုက်တော့သည်။ “ဟမ်၊ ငါ့စကားငါ ပြန်ရုတ်သိမ်းတယ်။ ငါပုံမှန်ပမာဏအတိုင်းပဲလိုချင်တယ်။” သူက ခေါင်းကိုမော့ကာ ဝံ့ကြွားစွာပြောလိုက်လေသည်။

လူတိုင်း၊ “….”

ဒီလူအိုကြီးတွေ အရမ်းကလေးဆန်ကြတာပဲ။

***

All Chapters