ရောက်လာပြီ
Vol. 9 Ch. 153
ချန်တဖူတစ်ယောက် ကျန်လူအိုကြီးနှစ်ယောက်နှင့် ဟင်းသီးဟင်းရွက်ရဖို့အရေး အပြိုင်အဆိုင်ငြင်းခုန်နေချိန်မှာပဲ ကျန်းထောင်ရောက်လာခဲ့လေသည်။
ကျန်းထောင်သည် ဤနယ်သားတစ်ယောက်မဟုတ်သော်လည်း ဦးလေးချန်း၏ဆိုင်သို့ လာနေကျဖောက်သည်အနည်းငယ်မှာ ရှင်းယင်ခရိုင်ရှိ အာဏာရှိသောလူများဖြစ်ကြလေသည်။ ကျန်းထောင်က သူတို့ကိုသိသလို သူတို့ကလည်း ကျန်းထောင်ကိုသိကြသည်။
ကျန်းထောင်သည် ပုံမှန်အားဖြင့် တသီးတခြားနေတတ်သောလူဖြစ်သည်။ သူက အေးဆေးတည်ငြိမ်ကာ ဆင်ခြင်တုံတရားရှိလေသည်။ အထူးသဖြင့် သူ့အလုပ်ပေါ်တွင် အလွန်အလေးအနက်ထားကာ သဲလွန်စတိုင်းကို သေချာခွဲခြမ်းစိပ်ဖြာပြီး အမှုကိစ္စများကို အကောင်းဆုံးဖြေရှင်းသူဖြစ်သည်။ သူက နှလုံးသားအေးစက်ပြီး အလုပ်တွင်ဆိုလျှင် ဘက်လိုမှုမရှိပေ။ သူ့ကို ရှင်းယန်ခရိုင်မြို့ကလူတွေက သံမျက်နှာနဲ့ငရဲဘုရင်ဟုပင် ခေါ်ကြလေသည်။
ဒါကြောင့်ပဲ အကြီးအကဲများမှာ ကျန်းထောင်၏အလုပ်နှင့်ပတ်သတ်သော မူများကို သဘောကျကြသည်။
“ခေါင်းဆောင်ကျန်းလည်း လာတာလား။” ယွမ်ဟုန်ကျွင်းက ပြုံးလျက်နှုတ်ဆက်လိုက်သည်။
ကျန်းထောင်ကတော့ အမူအရာအပြောင်းအလဲမရှိဘဲ ပြန်နှုတ်ဆက်လာလေသည်။ “ဦးလေးယွမ်၊ ဦးလေးချူ၊ ဦးလေးလီ၊ ဦးလေးကျန်း။”
အကြီးအကဲများက၊ “ခေါင်းဆောင်ကျန်း၊ အခုမှအလုပ်ဆင်းတာပေါ့။”
“ဟုတ်ပါတယ်။” ကျန်းထောင်ပြန်ဖြေလိုက်ပြီးနောက် ရှောင်လင်းယွီအရှေ့က ခုံသို့ဝင်ထိုင်လိုက်လေသည်။ ထို့နောက် သူက ရှောင်လင်းယွီကို ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ “ငါ နည်းနည်းနောက်ကျသွားတယ် လင်းယွီ။”
ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “ရှင်ကအလုပ်များတဲ့လူလေ။ ကျွန်မနဲ့မတူဘူး၊ ကျွန်မကတော့ အလုပ်လက်မဲ့ဆိုတော့ နားလည်ပါတယ်။” သူမက ကျန်းထောင်အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်သည်။
ကျန်းထောင်က ရှောင်လင်းယွီနှင့် တရင်းတနှီးစကားပြောနေတာကိုမြင်ပြီး အကြီးအကဲများ အံ့ဩသွားကြတော့သည်။ သူတို့နှစ်ယောက်အချင်းချင်းသိနေကြသည့်အပေါ် သူတို့အံ့ဩသွားတာမဟုတ်ဘဲ ကျန်းထောင်၏ ရေခဲရိုက်မျက်နှာပေါ်တွင် နွေးထွေးကြင်နာမှုများ ပေါ်ထွက်လာခြင်းကြောင့်သာ အံ့ဩသွားကြခြင်းဖြစ်သည်။ ကျန်းထောင်တစ်ယောက် အမျိုးသမီးတစ်ယောက်ယောက်နားရှိနေချိန် ထိုသိုကြင်နာနူးညံ့သည့်ပုံစံမျိုးပြုမူသည်အား သူတို့တစ်ခါမှ မြင်ဖူးခဲ့ပေ။ ဒါကြောင့် သူတို့ထိတ်လန့်အံ့ဩသွားကြလေသည်။
ချန်အိုက်ကောက စိတ်ဝင်တစားမေးလာခဲ့သည်။ “ခေါင်းဆောင်ကျန်း ဒီမိန်းကလေးက မင်းရဲ့ချစ်သူလား။”
ကျန်းထောင် ခေါင်းယမ်းပြလိုက်သည်။ “မဟုတ်ပါဘူး၊ သူငယ်ချင်းပါပဲ။” သူကတော့ ဒီထက်ပိုပြီးအဆင့်တက်ချင်ပေမယ့် ထိုအကြောင်းအရာကို စပြောလာဖို့ သတ္တိမရှိခဲ့ပေ။ သူသည် ရာဇဝတ်သားများနှင့်ဆိုလျှင် သနားညှာတာမှုမရှိတတ်သူဖြစ်သော်လည်း ရှောင်လင်းယွီရှေ့တွင်တော့ သူရဲဘောကြောင်သွားလေသည်။ သူ ကြောက်မိသည်။ ရှောင်လင်းယွီက သူ့ကိုငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ။ သူတို့သူငယ်ချင်းအဖြစ်တောင် ဆက်မရှိနိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ထိုသို့တွေးကြောက်နေ၍ သာမာန်သူငယ်ချင်းတွေအဖြစ်သာ ဆက်ရှိနေခဲ့ရလေသည်။
ဒါကြောင့် နောက်ထပ်အကြောင်းအရင်းတစ်ခုလည်း ရှိပါသေးတယ်။ ဦးလေးချန်းနှင့် ဒေါ်လေးချန်းတို့က သူ့အစား သူ့ခံစားချက်တွေကို ကြားထဲကနေ ဝင်ပြောပြပေးနေပေမယ့် ရှောင်လင်းယွီက သူ့ကို စိတ်မဝင်စားတာ သိသာလှသည်။ သူမ၏ငြင်းပယ်ချက်တွေက အလွန်ရှင်းလင်းနေလေသည်။
ထိုအတွက် သူစိတ်ပျက်မိသော်လည်း လက်ရှိ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးအတိုင်းလေးလည်း သူကျေနပ်ပါသည်။ ဒါ့အပြင် နောက်အနာဂါတ်မှာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ သိနိုင်တာမှမဟုတ်ဘဲ။ သူတို့သိတာကြာသွားပြီး ပိုပြီးနီးစပ်လာနိုင်တာပဲ။ အနည်းဆုံးတော့ ကျန်းထောင်၏အတွေးထဲတွင် ထိုသို့စီစဉ်နေခဲ့သည်။
သို့သော်လည်း ကျန်းထောင်ကတော့ သူ့အကြံအစည်တွေက မမျှော်လင့်ပဲ ကျရောက်လာသည့် ဥက္ကာခဲတစ်ခုကြောင့် အပိုင်းပိုင်းအစအစပျက်စီးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုဥက္ကာခဲမှာ ကလေးဖြစ်သည်။ တစ်ခါတလေ နှစ်ယောက်ရင်းနှီးနေတိုင်း အတူရှိဖို့ကံပါလိမ့်မည်ဟု မဆိုလိုပေ။
ရှောင်လင်းယွီသည် ကျန်းထောင်က သူတို့နှစ်ယောက်သည် သာမာန်သူငယ်ချင်းများသာဖြစ်ကြောင်း ပြန်ဖြစ်လိုက်သည်ကို ကြားချိန်တွင် သူမတိတ်တဆိတ် စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိလေသည်။ ကျန်းထောင်က တခြားအကြီးအကဲများရှေ့တွင် သူမကို သူ့ချစ်သူကောင်မလေးဟု မိတ်ဆက်ပေးလိုက်မည်ကို သူမတကယ် စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ သူမသာ သူ့စကားကို အမှန်ပြင်ပေးလိုက်ပါက သူမျက်နှာပျက်သွားမည်ဖြစ်ကာ သူတို့နှစ်ယောက်ဆက်ဆံရေးအတွက် မကောင်းလှပေ။
ကျန်းထောင်ဘက်က အတိအလင်းမထုတ်ပြလာသော်လည်း ဒေါ်လေးချန်းနှင့် ဦးလေးချန်းတို့၏စကားများအရ သူ့ရည်ရွယ်ချက်ကို ရှောင်လင်းယွီ သိထားလေသည်။ ဒေါ်လေးချန်းနှင့် ဦးလေးချန်းတို့က သူမ၏ဆုံးဖြတ်ချက်ကို တစ်ဖန် ကျန်းထောင်ဆီ ပြန်ပို့ပေးဖို့လည်း မျှော်လင့်မိသည်။
ကျန်းထောင်သည် လူကောင်းတစ်ယောက်ပင်။ ရှောင်လင်းယွီကတော့ သူမက ကျန်းထောင်နှင့် မထိုက်တန်တာကြောင့် အတူရှိနိုင်လိမ့်မည်မဟုတ်ပေ။
သူမသည် သူစိမ်းယောက်ျားတစ်ယောက်နှင့် အိပ်ခဲ့ကာ သူမဗိုက်ထဲတွင်လည်း ကလေးတစ်ယောက် ရှိနေလောက်ပြီဖြစ်သည်။ ဒီတစ်ကြိမ်တော့ သူမကလေးကို သူမလက်လျှော့တော့မည်မဟုတ်တာပေ။ ရှောင်လင်းယွီသည် ကိုယ့်ကလေးမဟုတ်သည့် တခြားသူ၏ကလေးတစ်ယောက်ကို စိတ်လိုလက်ရ ပျိုးထောင်ပေးမည့် ယောက်ျားများများစားစားရှိလိမ့်မည်မဟုတ်ဟု ယုံကြည်လေသည်။
ဒါကြောင့်ပဲ ရှောင်ထုန်အတွက် ကျန်းထောင်လို လူမျိုးဖြစ်နေလျှင်တောင်မှ သူမကိုနှစ်သက်နေသည့်လူအားလုံးကို ငြင်းရပေမည်။
ချန်အိုက်ကောက ထပ်မေးလာပြန်သည်။ “မင်းတို့ သာမာန်သူငယ်ချင်းတွေဆိုတာ သေချာရဲ့လား။”
“ဒါပေါ့၊ သေချာတာပေါ့။” ဦးလေးချန်းက ရှောင်လင်းယွီနှင့်ကျန်းထောင်တို့ အနည်းငယ်နေရခက်နေကြသည်ကို မြင်သည်နှင့် ကယ်ဆယ်ရန်အတွက် ဝင်လာလေသည်။ “ရှေးအဘိုးကြီးတွေ၊ ယောက်ျားလေးနဲ့မိန်းကလေး အတူတူထိုင်နေရုံနဲ့ လင်မယားတွေဖြစ်ရအောင် ငါတို့အခုရှိနေတာ ပဒေသရာဇ်ခေတ်မလို့လား။ အခုခေတ်က တဏှာကင်းတဲ့ဆက်ဆံရေးတွေမှ အများကြီးရှိနေတာ။”
တခြားအကြီးအကဲများလည်း ချန်းတဖူက သူတို့ ဆက်ပြီးဖိအားပေးမနေတော့အောင် ပြောနေမှန်း သိကြလေသည်။ ဒါကြောင့် သူတို့ဘာသာပဲ စကားပြောတော့ပြီး ကျန်းထောင်နှင့်ရှောင်လင်းယွီကို မနှောက်ယှက်ကြတော့ပေ။
ဦးလေးချန်းသည် ကျန်းထောင်နှင့် ရှောင်လင်းယွီတို့အတွက် ဟင်းသုံးပွဲချက်ပေးကာ ဝိုင်ပျော့တစ်ပုလင်းပါ ချပေးခဲ့သည်။
“ဦးလေးချန်း၊ ကျန်းကော အလုပ်ပြန်သွားရဦးမှာ။ သောက်လို့မရဘူး။” ရှောင်လင်းယွီက ပြောလိုက်သည်။
“ရပါတယ်။ နည်းနည်းလောက်တော့ သောက်လို့ရပါတယ်။ ဘာမှဖြစ်မှာမဟုတ်ပါဘူး။” ကျန်းထောင်က ပြုံးကာ ပြန်ပြောလိုက်သည်။
ထိုအခါ ဦးလေးချန်းက၊ “ထောင်ဇီက အရက်ဒဏ်ခံနိုင်အားကောင်းတယ်။ နည်းနည်းလောက်သောက်ရုံနဲ့ အလုပ်ကိုမထိခိုက်စေဘူး။ ဒါပေမယ့် သောက်ပြီးရင်တော့ မောင်းလို့မရဘူးနော်။ လင်းယွီပဲ သူ့ကို စခန်းပြန်မောင်းပို့ပေးလိုက်ပေါ့။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ။” ရှောင်လင်းယွီသည် သူမဖန်ခွက်ကိုမြှောက်လိုက်ကာ၊ “ကျန်းကောအတွက် ဒီတစ်ခွက်သောက်ပါရစေ။ ကျွန်မကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ကျန်းထောင် မျက်ခုံးအသာပင့်လိုက်ကာ မေးလိုက်လေသည်။ “လင်းယွီ၊ မင်းဘယ်လိုသောက်ရမလဲသိတာလား။”
ရှောင်လင်းယွီကပြုံးကာ ခေါင်းယမ်းလိုက်လေသည်။ “ကျွန်မက အရက်သမားစစ်ကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းကောက ကျွန်မအတွက် ကျေးဇူးရှိထားမှတော့ တစ်ခွက်လောက်တော့ သောက်နိုင်ပါတယ်။”
ကျန်းထောင် မျက်မှောင်အသာကြုတ်သွားကာ သူမခွက်ကို လှမ်းယူလိုက်ပြီး၊ “ဘယ်လိုသောက်ရမှန်းမသိရင် မသောက်နဲ့လေ။ ပြီးတော့ မင်းငါ့အလုပ်ကို ပြန်ပို့ပေးဖို့ လိုသေးတယ်။ မင်းမူးသွားလို့မဖြစ်ဘူး။”
ရှောင်လင်းယွီလည်း အတင်းမတိုက်တွန်းတော့ပေ။ “ဒါဆိုလည်း ကောင်းပါပြီ။”
ရှောင်လင်းယွီ တူကိုသာ ပြန်ကိုင်လိုက်ကာ ငါးတစ်ပိုင်းဖဲ့လိုက်သည်။ သို့သော်လည်း ထိုငါးအပိုင်းကို သူမပါးစပ်ထဲ ထည့်ခါနီးမှာပဲ သူမ မအီမသာခံစားလိုက်ရလေသည်။
ရှောင်လင်းယွီ စိတ်လှုပ်ရှားသွားတော့သည်။ ‘ဒါ.. ဖြစ်နိုင်လောက်လား။ ဟုတ်တယ် သေချာပေါက်ဖြစ်နိုင်တယ်။’ ရှောင်လင်းယွီ သူမစိတ်ထဲကနေ ရက်တွက်ကြည့်လိုက်ပြီး သူမလက်ကို ဗိုက်ပေါ်သို့တင်လိုက်သည်။ ‘ရှောင်ထုန်၊ မေမေ သားကို အကြာကြီးမျှော်နေခဲ့ရတာ။’
အပြောင်းအလဲများဖြစ်သွားခဲ့မည်ကို ရှောင်လင်းယွီ အရမ်းစိုးရိမ်နေခဲ့ရခြင်းဖြစ်သည်။ ကျောက်ဝမ်မန့်တို့သားအဖနှင့် ချန်းယန်တို့အားလုံး သူမပြန်လည်မွေးဖွားလာပြီးနောက် အဆုံးသတ်များပြောင်းလဲသွားခဲ့သည်။ သူမ၏လုပ်ရပ်များကြောင့် ရှောင်ထုန်ပါ ရောက်မလာတော့မည်ကို သူမစိုးရိမ်နေခဲ့လေသည်။ ဒါပေမယ့် အခုတော့ သူရောက်နေပြီပဲ။
‘ရှောင်ထုန်၊ ကျေးဇူးတင်ပါတယ်။’ ရှောင်လင်းယွီသည် သူမဗိုက်ကိုသာ အသာအယာပွတ်သပ်လိုက်သည်။ ‘ဒီတစ်ခေါက်တော့ သားကို ပိုကောင်းကောင်းဆက်ဆံပါ့မယ်။’
ရှောင်ထုန်ရဲ့အဖေက ဘယ်သူမှန်းမသိတော့ရောဘာဖြစ်လဲ။ အမေဖြစ်သူက သန်မာနေသ၍ ဘယ်သူမှ သူ့ကိုအနိုင်ကျင့်ရဲမှာမဟုတ်ဘူး။ နောက်ဆိုရင် ရှောင်ထုန်ကို ဘယ်သူတွေကများ မိမစစ်ဖမစစ်ကလေးလို့ ခေါ်ရဲသေးလဲ ကြည့်ပါဦးမယ်။ မေမေရှောင်တောင် ဒီလူတွေကို ဓားတစ်ချောင်းနဲ့ စိန်ခေါ်နိုင်မှတော့ သူမကရော ဘာလို့ မလုပ်နိုင်ရမှာလဲ။
“လင်းယွီ၊ ဘာဖြစ်လို့လား။” ရှောင်လင်းယွီ မှင်သက်နေသည်ကို ကျန်းထောင်သတိထားမိလိုက်တာကြောင့် စိုးရိမ်တကြီးမေးလိုက်သည်။ “အဆင်ပြေရဲ့လား။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “အဆင်ပြေပါတယ်။” သူမက ငါးကိုပြန်ချကာ အသီးအရွက်များကိုသာ စားလိုက်သည်။ သူမအသီးအရွက်များက ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်းကောင်းကာ ခံတွင်းလိုက်စေသည်။ ဒါကြောင့်ပဲ သူမ၏အသီးအရွက်များသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများကြားတွင် အလွန်နာမည်ကြီးနေခြင်းဖြစ်လေသည်။
အသီးအရွက်များစားလိုက်ချိန်မှာတော့ သူမအန်ချင်သလို မခံစားရတော့ပေ။
ရှောင်ထုန်ရောက်ရှိလာကြောင်း ခံစားမိတာကြောင့် ရှောင်လင်းယွီ စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့သည်။ ဒါကြောင့် သူမ၏အစာစားချင်စိတ်ကလည်း ပိုကောင်းလာကာ တစ်ခါတည်း ထမင်းသုံးပန်းကန်တောင်မှ စားမိသွားလေသည်။
ထိုအခြေအနေက ကျန်းထောင်ကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။ သူ ရှောင်လင်းယွီနှင့် အရင်ကလည်း အကြိမ်အနည်းငယ် ထမင်းအတူစားခဲ့ဖူးပေသည်။ ရှောင်လင်းယွီသည် ပုံမှန်အားဖြင့် တစ်မင်းတစ်လုံးနှင့်တစ်ဝက်သာ စားတတ်သည်။ ဒါကြောင့် ထမင်းသုံးလုံးကို တဆက်တည်းစားသွားတာကြောင့် ကျန်းထောင်ပင် ထိတ်လန့်သွားရသည်။
“လင်းယွီ၊ ဒီနေ့ တော်တော်ခံတွင်းလိုက်နေတာပဲ။” ကျန်းထောင်ပြုံးလိုက်သည်။
ထိုတော့မှ ရှောင်လင်းယွီ ရှက်သွားကာ ရှက်ပြုံးလေးပြုံးလိုက်ပြီး၊ “ကျွန်မပုံမှန်ဆို ဒီလောက်အများကြီးမစားပါဘူး။ ဒါပေမယ့် ဒီနေ့တော့ တကယ်ကို ဗိုက်ဆာနေလို့ပါ။”
စားသောက်ပြီးနောက် ကျန်းထောင် သူ့လက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်ကာ၊ “လင်းယွီ၊ ငါအလုပ်သွားရတော့မယ်။”
“ကောင်းပြီလေ၊ ဒါဆိုလည်း သွားကြရအောင်။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် နှစ်ယောက်လုံးထကာ ထွက်သွားဖို့ ပြင်ကြလေသည်။
အကြီးအကဲအချို့ကတော့ ထိုအခြေအနေကိုမြင်ပြီး အလွန်ကိုမှ စိုးရိမ်ပူပန်သွားကြသည်။ ချန်အိုက်ကောက အသီးအရွက်ဟင်းကို ပါးစပ်ထဲမြန်မြန်ထိုးထည့်ရင်း သူမကို လှမ်းခေါ်လိုက်လေသည်။ “ကောင်မလေး၊ သွားတော့မလို့လား။”
ရှောင်လင်းယွီ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ကဲ့ သွားတော့မလို့ပါ။”
“ဒါပေမယ့် မင်းငါတို့ကို မင်းရဲ့အသီးအရွက်တွေ ရောင်းပေးမယ်လို့ ကတိမပေးရသေးဘူးလေ။” ချန်အိုက်ကောက သတိပေးလိုက်သည်။
ရှောင်လင်းယွီ ထိုအကြောင်း ပြန်တွေးကြည့်လိုက်ပြီးနောက်၊ “ဦး…” ဆိုကာ အဆုံးထိဆက်မခေါ်ဘဲ သူမဘာသာ အမြန်ပြန်ရပ်တန့်လိုက်လေသည်။ “လူကြီးမင်းတို့…” ကျန်းထောင် ထိုလူများကို ဦးလေးဟု ခေါ်သည်ကို သူမစွဲသွားခြင်းဖြစ်သည်။
“လူကြီးမင်းတွေဘာတွေ ခေါ်တာမျိုးမကြိုက်ပါဘူး။ ငါ့ကို အဘိုးလို့သာခေါ်။ မင်းက ချန်ယီဖန်းနဲ့ အသက်အတူတူလောက်ပဲမဟုတ်လား။ ဒီတော့ ငါ့ကို အဘိုးချန်လို့ ခေါ်နိုင်တယ်။” ချန်အိုက်ကာ လက်အသာဝှေ့ကာ ပြောလိုက်သည်။
“….”
“အဘိုးချန်၊ ကျွန်မမှာ တကယ်ကို ဟင်းသီးဟင်းရွက်အပိုတွေ မရှိတော့လို့ပါ။ အများဆုံးမှ အဘိုးကို ၁ကတ်တီ ၂ကတ်တီလောက်ပဲ ပေးနိုင်တယ်။”
ချန်အိုက်ကောနှင့် ယွမ်ဟုန်ကျွင်းတို့ စိတ်ပျက်သွားကြသော်လည်း ဘာမှမရလိုက်တာထက်တော့ တော်သေးသည်။
“ငါတို့ကို ဒီထက်နည်းနည်းလောက်တောင် ပိုပေးလို့မရတော့ဘူးလား။” ချန်အိုက်ကော လက်မလျှော့ချင်သေးဘဲ ထပ်မေးလိုက်သည်။
“စိတ်မကောင်းပါဘူး။” ရှောင်လင်းယွီ ခေါင်းအသာယမ်းလိုက်သည်။
“ကောင်မလေး၊ ဒါဆိုလည်း မင်းမှာရှိသလောက်ငါတို့ကိုသာရောင်းပေး။” ဦးလေးလီနှင့် ဦးလေးကျန်းတို့က ပြောလာလေသည်။ “ငါတို့ မင်းရဲ့အသီးအရွက်တွေ အရင်ကလည်းတစ်ခါမှ မဝယ်ဖူးဘူးလေ။ တခြားသူတွေကတော့ နေ့တိုင်း မြည်းစမ်းဖို့ အခွင့်အရေးရှိကြတယ်။ ဒါနဲ့တောင်များ သူတို့က ပိုပိုပြီး လိုချင်နေကြသေးတယ်။ အရမ်းလောဘကြီးတာပဲ။” အကြီးအကဲများက မကျေမနပ်ဝင်ပြောလာကြသည်။ “ကောင်မလေး၊ မင်းရဲ့ကုန်က အကန့်အသတ်နဲ့ဆိုမှတော့ သူတို့ကို အပိုထပ်ပေးမနေဘဲ ငါတို့ကိုသာ ရောင်းပေး။ သူတို့ကို ခေါင်းထဲထည့်မနေနဲ့။”
“လီကျန့်ဟွာ၊ မင်း ဒါဘာသဘောလဲ။” ချန်အိုက်ကော အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ “အရင်လာတဲ့သူက အရင်ရမှာပေါ့။ ငါ့မိသားစုက ဒီကောင်မလေးနဲ့ အရင်သိထားတာ။ ဒီတော့ ငါတို့ပဲ ရသင့်တယ်။”
လီကျန့်ဟွာက အထင်တသေးဖြင့်ပြောလာလေသည်။ “မင်းက ဘယ်တုန်းကများ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖူးလို့လဲ။ မင်းက စည်းဆိုဖောက်လိုက်ရမှဆိုတဲ့လူမျိုးလေ၊ အခုချိန်ကျစည်းကမ်းတွေအကြောင်းလာပြောနေတာ မရှက်ဘူးလား။ ကောင်မလေး၊ သူတို့ပြောတာ နားထောင်မနေနဲ့။ ဖိအားလည်း မဖြစ်နဲ့။ ငါတို့ကိုသာ ရောင်းပေးလိုက်။”
ချန်အိုက်ကောက၊ “ကောင်မလေး၊ ငါတို့မိသားစုက မင်းရဲ့ပုံမှန်ဖောက်သည်လေ။ မင်းသေချာစဉ်းစားနော်။”
လူတိုင်း၊ “….”
ရှောင်လင်းယွီ၊ “….”
သူမအနေအထားက ဆင်တိုက်ပွဲကြားမှ ဖိချေခံရတော့မည့် ပုရွက်ဆိတ်တစ်ကောင်လိုဖြစ်နေသည်။ ‘အကြီးအကဲတို့ ကျွန်မလိုလူငယ်လေးကို အနိုင်မကျင့်ဘဲနေလို့မရဘူးလား။ ကျွန်မဘာပဲရွေးရွေး ကျွန်မအမှားပဲဖြစ်နေတော့မှာလေ။’
ရှောင်လင်းယွီ ပြုံးလိုက်ကာ၊ “အဘိုးတို့ ကျွန်မရဲ့ဟင်းသီးဟင်းရွက်တွေကို ကြိုက်နှစ်သက်ပေးကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် အရင်ပြောထားသလိုပဲ ကျွန်မမှာ ပစ္စည်းက အကန့်အသတ်နဲ့ပဲရှိတယ်။ ကုမိသားစုဟိုတယ်ကို ပို့ဖို့ကလွဲပြီး ကျွန်မမှာ တကယ်ကို အများကြီး မကျန်တော့လို့ပါ။ ဒါပေမယ့် အားလုံးစိတ်ကျေနပ်အောင် ကျွန်မအကောင်းဆုံးကြိုးစားပါ့မယ်။” ရှောင်လင်းယွီ မရေမရာအဖြေမျိုးသာ ပေးလိုက်ပြီးနောက်၊ “ကျွန်မ ကုမိသားစုဟိုတယ်ကို အသီးအရွက်တွေ နေ့စဉ်ပို့ပေးပါတယ်။ အဘိုးတို့၊ နောက်ဆို ကုမိသားစုဟိုတယ်မှာ အသီးအရွက်တွေ သွားယူမယ်ဆိုရင်ရော။ အဆင်ပြေမလား။”
“ရတယ်၊ ကိစ္စမရှိဘူး။” လူအိုကြီးအချို့က ချက်ချင်းသဘောတူလိုက်ကြသည်။
ရှောင်လင်းယွီလည်း ခေါင်းအသာညိတ်ပြရင်း စိတ်ထဲကတိတ်တိတ်လေး သက်ပြင်းချမိသည်။
ထို့နောက် ရှောင်လင်းယွီနှင့် ကျန်းထောင်တို့ ထွက်သွားကြတော့သည်။
ကားထဲတွင်…
ရှောင်လင်းယွီသည် ကိစ္စတွေကို တခါတည်းရှင်းလင်းအောင် လုပ်ထားဖို့လိုမည်ဟု ခံစားမိခဲ့သည်။ နောက်ပိုင်း ရှောင်ထုန်ရောက်လာတာကို အားလုံးသိကုန်တော့မှ ကိစ္စတွေပေါ်ကုန်ပါက ဘာမှကောင်းတာမရှိဘဲ ပိုလို့တောင်မှ ရှုပ်ထွေးကုန်လိမ့်မည်။
“ကျန်းကော၊ ရှင့်လို ယောက်ျားကောင်းတစ်ယောက်က တကယ်ကောင်းမွန်တဲ့မိန်းကလေးတစ်ယောက်ကို ရှာတွေ့မှာပါ။” ရှောင်လင်းယွီ အလေးအနက်ထားကာ စကားစလိုက်သည်။ “ကျွန်မကတော့ ရှင့်အတွက် လုံလောက်အောင် မကောင်းပါဘူး။”
ရုတ်တရက် ထိုစကားကိုကြားလိုက်ရတာကြောင့် ကျန်းထောင် မှင်သက်သွားခဲ့သည်။ ထို့နောက် သူ ပျာယာခတ်သွားကာ အမြန်ပြန်ပြောလိုက်သည်။ “ဒါပေမယ့် မင်းက အရမ်းကောင်းနေပါပြီ။”
“ရှင်မသိလောက်ပေမယ့်.. ကျွန်မက.. ကျွန်မက…” ဒီစကားတွေပြောဖို့က အရမ်းရင့်သီးလွန်းသည်ဟု သူမခံစားရသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သူမဆုံးဖြတ်ပြီးထားပြီဖြစ်သည်။ သူမဆေးခပ်ခံရသည့်အကြောင်း သတင်းပျံ့သွားချိန်မှဆိုလျှင် ကိစ္စတွေက ပိုဆိုးသွားရုံသာရှိလေသည်။ ထိုသို့အချိန်အကြာကြီးဆွဲထားကပါ သူတို့ကို ပိုပြီးနာကျင်သွားစေရုံသာရှိသည်။ “ကျွန်မ ဆေးခပ်ခံရပြီး ထောင်ချောက်ဆင်ခံခဲ့ရတယ်။ ဘယ်သူမှန်းမသိတဲ့ယောက်ျားတစ်ယောက်နဲ့ အိပ်ခဲ့တယ်။ ဒါကြောင့် အခုချိန် ကျွန်မဗိုက်ထဲမှာ ကလေးတစ်ယောက်တောင် ရှိချင်ရှိနေလောက်ပြီ။ တကယ်ပဲ ကလေးရှိနေပြီဆိုရင် ကျွန်မကတော့ ဒီကလေးကို မွေးဖို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ကျွန်မမှာ လက်ထပ်ဖို့စိတ်ကူးမရှိဘူး။”
ကျန်းထောင် အလွန်အံ့အားသင့်သွားခဲ့သည်။ ရှောင်လင်းယွီတွင် ထိုကဲ့သို့မှောင်မိုက်သည့်အတိတ်မျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရှောင်လင်းယွီက ပွင့်ပွင့်လင်းလင်း သူ့ကို ငြင်းပယ်လာသည်မှာ အံ့ဩစရာမရှိတော့ပေ။ သူမက သူမကိုယ်သူမ သူနဲ့မထိုက်တန်ဘူးဟု ယုံကြည်နေခြင်းဖြစ်လေသည်။
ရှောင်လင်းယွီကဆက်ပြီး၊ “ကျန်းကော၊ ကျွန်မ ရှင်နဲ့သူငယ်ချင်းဖြစ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီထက်အဆင့်တက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် ရှင် ကျွန်မအပေါ်ထားတဲ့အမြင်က ပြောင်းလဲသွားပြီး သူငယ်ချင်းအဖြစ်တောင် ဆက်မနေချင်တော့ဘူးဆိုရင်လည်း ကျွန်မ ရှင့်ကိုအပြစ်မတင်ပါဘူး။ ကျွန်မတို့ သူစိမ်းတွေအဖြစ်ပဲ ဆက်ဆံကြတာပေါ့။”
ကျန်းထောင်တစ်ယောက် အခုချိန်ထိ မယုံကြည်နိုင်စွာ မှင်သက်နေတုန်းပင်။ သူ့ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် တစ်ခုခုပြောချင်နေသော်လည်း သူ့လည်ချောင်းကနေ အသံတစ်ချက်မှ ထွက်မလာနိုင်ခဲ့ပေ။
ရှောင်လင်းယွီသည် ကျန်းထောင်ကိုကြည့်လိုက်ကာ နားလည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ “ကျန်းကော၊ ကျွန်မသဘောပေါက်ပါပြီ။ အခုကစပြီး ကျွန်မတို့… သူစိမ်းတွေအနေနဲ့ပဲ နေကြတာပေါ့။” သူမမျက်လုံးများထဲတွင်တော့ စိတ်ပျက်သည့် အရိပ်အယောင်အချို့ရှိနေခဲ့သည်။
ဖြစ်နိုင်မည်ဆိုလျှင် ကျန်းထောင်လိုသူငယ်ချင်းမျိုးကို သူမတကယ်ကို မဆုံးရှုံးချင်ပေ။ သူ့နောက်ခံကြောင့်မဟုတ်ဘဲ သူ့အကျင့်စရိုက်ကို သဘောကျ၍ဖြစ်သည်။
ဒါပေမယ့် ထိုလူက သူမကို အထင်သေးသွားမည်ဆိုလျှင်တော့…. ထားလိုက်ပါတော့လေ။
ရှောင်လင်းယွီ ကားစထွက်လိုက်တော့မှပဲ ကျန်းထောင်တစ်ယောက် အသိပြန်ကပ်တော့သည်။ ရှောင်လင်းယွီက သူ့ကို အထင်လွဲသွားလေပြီ။ သူအံ့ဩထိတ်လန့်ကာ ဆွံ့အနေခြင်းကို သူမက အထင်သေးခြင်းဟု မှတ်ယူသွားခဲ့လေသည်။ သူ အဲ့လိုသဘောမျိုးမတွေးပါဘူး၊ ဘာလို့ သူမက ဒီလိုထင်သွားရတာလဲ။
ကျန်းထောင်သည် သူမကို ရှင်းပြချင်သော်လည်း သူ့လုပ်ဖော်ကိုင်ဖက်ဆီက ဖုန်းက အချိန်ကိုက်ကို ဝင်လာခဲ့သည်။ ကန်ထန်ကုန်စိမ်းဈေးတွင် ခေါင်းပြတ်လူသတ်မှုပေါ်လာတာကြောင့် အရေးကြီးအမှုတစ်ခု ရှိလာခြင်းကြောင့် ဖြစ်ပေသည်။
ကျန်းထောင် သူ့ဘာသာတွေးလိုက်သည်။ ‘ငါတို့ နောက်တစ်ခေါက်ပြန်တွေ့တော့မှပဲ ကိုယ်တိုင်သေချာရှင်းပြလိုက်တော့မယ်။’
***