← Chapters

ချစ်ခြင်းမေတ္တာအပြည့်ဖြင့်မိသားစု

Vol. 9 Ch. 154

ချစ်ခြင်းမေတ္တာအပြည့်ဖြင့်မိသားစု

Vol. 9 Ch. 154

ကျန်းထောင်လို သူငယ်ချင်းတစ်ဦးကို ဆုံးရှုံးလိုက်ရသည့်အပေါ် ရှောင်လင်းယွီ အနည်းငယ်တောင် စိတ်မပျက်မိသွားဘူးဆိုလျှင် လိမ်ရာကျမည်ပင်။ သို့သော်လည်း သူတို့ သူငယ်ချင်းတွေ မဖြစ်နိုင်တော့ဘူးဆိုတော့လဲ မဖြစ်နိုင်ဘူးပေါ့။

ရှောင်ထုန်အကြောင်းပြန်တွေးကာ သူမကိုယ်သူမ အားပေးလိုက်သည်။ သူမအနေနှင့် သူ့ခန္ဓာကိုယ်ကိုသာ ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်လေသည်။ သူမအရင်ဘဝတုန်းက ရှောင်ထုန်သည် အလွန်ကိုမှ နာခံတတ်လေသည်။ သူသည် ဘယ်တော့မှ အရှုပ်မလုပ်ဘဲ အလွန်ကိုမှ ချစ်စရာကောင်းလှသည်။

ဖခင်ကိုလွမ်းဆွတ်မှုနှင့် သူ့ကိုမုန်းသည့်အမေကြောင့်သာမဟုတ်လျှင် ရှောင်ထုန်သည် ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာမည်ဖြစ်ပြီး အသက်ငါးနှစ်အရွယ်နှင့် သေဆုံးခဲ့မည်မဟုတ်ပေ။ သူသေဆုံးသည့်အချိန်တွင် အလွန်ကိုမှ ပိန်သေးကာ အာဟာရမပြည့်ဝသလို ဖြစ်နေခဲ့သည်။ ဒီဘဝမှာတော့ သူမ ရှောင်ထုန်ကို ကောင်းကောင်းပျိုးထောင်ပြီး ပျော်ရွှင်စရာကောင်းသည့် ငယ်ဘဝမျိုးပေးအပ်မည်ပင်။

ရှောင်လင်းယွီ ရွာသို့ ပြန်ရောက်လာချိန်မှာတော့ သူမအိမ်တွင် လူအုပ်ကြီးတစ်အုပ်ရှိနေသည်ကို မြင်လိုက်ရသည်။ ရှောင်လင်းယွီလည်း မျက်မှောင်ကြုတ်ကာ ကားပေါ်မှ ဆင်းလာခဲ့သည်။

“ချန်ချိုးယင်း၊ ဘာလို့ ငါတို့မိသားစုကလွဲပြီး ရွာထဲကလူတိုင်းကျတော့ နင်တို့အိမ်က နွားချေးယူလို့ရတာလဲ။” အသံစာစာနှင့်အမျိုးသမီးတစ်ယောက်အသံကို ရှောင်လင်းယွီ ကြားလိုက်ရသည်။ သူမအသံကိုသာနားထောင်ပြီး မသိသည့်လူသာဆိုလျှင် ချန်ချိုးယင်းက သူမအပေါ် အကြွေးတင်နေသလိုထင်သွားနိုင်သည်။

မေမေရှောင်က အေးစက်စက်ပင် ပြန်ပြောလာလေသည်။ “ကျန်းရှောင်ချိုး၊ ဘာလို့ နင်တို့ကို ငါတို့မကြိုဆိုဘူးလဲဆိုတာ နင့်ဘာသာ ကောင်းကောင်းကြီးသိမှာပါ။ နင့်မျက်နှာမပျက်စေချင်လို့ ငါဘာကိုမှ အသေးစိတ်ထုတ်မပြောခဲ့ဘူး။ ဘာလဲ နင်တကယ်ပဲ ငါအားလုံးထုတ်ပြောတာလိုချင်တာလဲ။”

ကျန်းရှောင်ချိုး မျက်လုံးထဲ အပြစ်ရှိစိတ်တချို့ပေါ်ထွက်လာသည်။ သို့သော်လည်း သူမက အကြိမ်အနည်းငယ်လောက် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ ဘာမှမသိသလို ဟန်ဆောင်လိုက်ပြန်သည်။ “ချန်ချိုးယင်း၊ နင်ဘာတွေလျှောက်ပြောနေတာလဲ။”

မေမေရှောင်က နှာခေါင်းရှုံ့လိုက်ကာ၊ “ကျန်းရှောင်ချိုး၊ အခုမှ နင်က ငါဘာမှမသိဘူးဆိုတဲ့ ကစားနည်းမျိုး လာကစားချင်နေတာလား။ ဒါဆိုလည်း ဘာလို့ အဲ့ညကတည်းက ဒီလိုပုံစံမျိုးမနေခဲ့လဲ။ နင်က စကစားချင်တယ်ဆိုမှတော့ ရတယ်လေ။ ငါလည်း ပျော်ပျော်ကြီးနင်နဲ့ဝင်နွှဲပေးရတာပေါ့။ အဲ့ဒီညက မီးထဲဆီဝိုင်းထည့်တဲ့ ဘယ်သူ့ကိုမဆို ရှောင်ကွမ်းရဲ့သဘာဝမြေဩဇာတ်ကို ထပ်မပေးတော့ဘူးလို့ ငါပြောထားပြီးသား။”

“ငါ့မိသားစုက အရူးတွေမဟုတ်သလို သူတော်စင်တွေလည်းမဟုတ်ဘူး။ ငါ့မိသားစုကို ရည်ရွယ်ချက်ရှိရှိ မကောင်းကြံတဲ့လူတွေအပေါ် ခွင့်လွှတ်ပေးစရာအကြောင်းမရှိဘူး။ ငါတို့မိသားစုကို ဒုက္ခပေးချင်တဲ့လူတွေကို မိုက်မိုက်မဲမဲနဲ့ ကျေးဇူးပြန်တင်နေစရာလိုလို့လား။ အခုရော နားလည်သွားပြီလား။”

ကျန်းရှောင်ချိုး၏မျက်နှာထက် ပိုလို့တောင်မှ အပြစ်ရှိစိတ်များ ပေါ်ထွက်လာပြီဖြစ်သော်လည်း သူမက လက်မလျှော့သွားသေးပေ။ ရွာထဲတွင် မိသားစုပေါင်း ၁၈၀ထက်မနည်းရှိလေသည်။ မိသားစုအနည်းငယ်မှလွဲလျှင် မိသားစုတိုင်း နွားဘုရင်ငယ်လေး၏နွားချေးကို စုဆောင်းဖို့ အခွင့်အရေးရှိကြသည်။ ထိုနွားချေးကို အသုံးပြုဖူးသူတိုင်း ဘယ်လောက်ကောင်းကြောင်း သိနေကြပြီဖြစ်သည်။ ၎င်းသည် ဓာတုဓာတ်မြေဩဇာတွေထက် အဆပေါင်းများစွာ ပိုကောင်းသော သဘာဝမြေဩဇာဖြစ်ကာ သီးနှံပင်များနှင့် အသီးအရွက်ခင်းများကို ကောင်းမွန်စွာ ကြီးထွားသန်မာလာစေသည်။

ကျန်းရှောင်ချိုးက ထပ်ပြီး ပြန်ပြောတော့မည့်လုပ်သော်လည်း မေမေရှောင်က အရင်ဖြတ်ပြောလိုက်သည်။ “နင် အဲ့ညတုန်းက ဘာမှမပြောခဲ့ပါဘူးလို့တော့ လာမပြောနဲ့နော်။ အဲ့ညကရှိနေကြတဲ့လူတွေမှ အများကြီးပဲ။ ငါတစ်ယောက်တည်း နင်ပြောတာတွေ ကြားတာမဟုတ်ဘူး။”

ထို့နောက် မေမေရှောင်က အသံခပ်ကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ကျွန်မယွီအာက ဘယ်လိုလူမျိုးလည်း အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ သူက ငယ်ငယ်ကတည်းက ဉာဏ်ထက်တယ်၊ တွေးခေါ်နိုင်စွမ်းရှိတယ်။ စာကြိုးစားခဲ့သလို အလုပ်လည်း ကြိုးစားတယ်။ တက္ကသိုလ်တက်ပြီး ပထမနှစ်ဝက်အပြီးမှာတင် နောက်ပိုင်းကျူရှင်စရိတ်ကို သူ့ဘာသာ ရှာခဲ့တာ။

သူက နေခြစ်ခြစ်တောက်ပူနေလဲ အလုပ်လုပ်သလို၊ ဆောင်းရာသီလေပြင်းတွေ တိုက်နေလည်း မနားခဲ့ဘူး။ စာလည်းကြိုးစားသလို အလုပ်ကိုလည်း ကြိုးစားခဲ့တယ်။ ကျွန်မတို့မိဘတွေအနေနဲ့ သူနဲ့အတူရှိမနေပေးနိုင်ခဲ့တဲ့အတွက် အရမ်းကိုမှ စိတ်မကောင်းဖြစ်မိတယ်။”

မေမေရှောင်က မျက်ရည်များကိုသုတ်ရင်း ဆို့နင့်နေသည့်အသံဖြင့် ဆက်ပြောလေသည်။ “ဘွဲရပြီးတဲ့နောက်မှာလည်း အလုပ်ကောင်းတစ်ခုရပြီး ကုမ္ပဏီကြီးတစ်ခုကို ဝင်နိုင်ခဲ့တယ်။ အဲ့ဒီမှာလည်း သူဆက်ပြီး ကြိုးကြိုးစားစားလုပ်ခဲ့သလို ဘာမကျေနပ်ချက်မှ မပြောခဲ့ဘူး။ သူက သူ့ကိုယ်သူ အရမ်းတင်းကြပ်ပြီး ဘာမဟုတ်တာမှ မလုပ်ခဲ့ဘူး။

ချန်းမိသားစုက အဲ့ကလေးကြောင့်သာမဟုတ်ရင် ကျွန်မတို့ယွီအာက ဆေးခပ်ခံရပြီး ဒီလိုကိစ္စမျိုးတွေ ကြုံတွေ့ခဲ့ရပါ့မလား။ သူ ကြုံတွေခံစားခဲ့ရတာတွေ အရမ်းများနေပြီ။ ရှင်တို့ သူ့အတွက် ရင်မနာပေးနိုင်ကြရင်တောင် ကျွန်မတို့မိဘတွေ သူ့ကိုကာကွယ်ပေးတဲ့အပေါ်ကိုတော့ လာပြီးစိန်မခေါ်ချင်ကြနဲ့။ ဒါကြောင့် ကျွန်မယွီအာမကောင်းကြောင်း တစ်ယောက်ယောက် ထပ်ပြောတာကြားလို့ကတော့ အဲ့လူတွေကို ဘယ်တော့မှ ခွင့်မလွှတ်ပေးဘူး။”

ကျန်းရှောင်ချိုး၊ “…”

လူတိုင်း၊ “….”

မေမေရှောင်က၊ “ဒါကြောင့် အဲ့နေ့ည ကျွန်မတို့မိသားစုခံနေရတဲ့ချိန် ကျွန်မတို့မိသားစုကို ဝိုင်းဖိနှိပ်ခဲ့တဲ့လူတွေ ကိုယ့်ကိုယ်ကို သိသင့်တယ်။ ကျွန်မတို့မိသားစုအပေါ် ထပ်ပြီး အခွင့်ကောင်းယူဖို့ မကြိုးစားကြပါနဲ့တော့။ သူတို့ ကျွန်မကို စိန်ခေါ်ချင်တယ်ဆိုရင်တော့ ဒါ အားလုံးအတွက် ကောင်းမှာမဟုတ်ဘူး။ ကံကြမ္မာဆိုတာ အလှည့်အပြောင်းရှိတယ်။ ကျွန်မတို့သားစုကလည်း အမြဲဒီအတိုင်းပဲ ဆက်ရှိနေမှာမဟုတ်ဘူး။”

‘အရင်ကဆို ငါတို့မိသားစုက အဆင်းရဲဆုံး၊ ဒါပေမယ့် အခုတော့ ငါတို့က အချမ်းသာဆုံးဖြစ်နေပြီ။ ဘယ်သူ့ကိုမှ ငါတို့အောက်ကျခံစရာမလိုတော့ဘူး၊ တခြားသူတွေကသာ ငါတို့အလိုကိုလိုက်ရတော့မှာ။’ ဒီစကားတွေကိုတော့ ချန်ချိုးယင်း ထုတ်မပြောခဲ့ပါဘူး။

ရှိနေကြသည့်လူတိုင်း၏အမူအရာများက ထူးဆန်းလို့နေသည်။

ရိုးရိုးသားသားပြောရရင်တော့ ရှောင်လင်းယွီ၏ဖြူစင်မှုကို သူစိမ်းယောက်ျားတစ်ယောက် ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် တချို့က သူမကို သနားကြသလို၊ တချို့ကတော့ သူမကို စက်ဆုပ်ကြလေသည်။ ရှောင်လင်းယွီ၏နောက်ကွယ်တွင် သူမအကြောင်း လှောင်ပြောင်ပြောဆိုနေသည့်လူတွေက မနည်းမနောပေ။

‘သူ ရုတ်တရက်ကြီး ရွာပြန်လာတာ မဆန်းတော့ပါဘူး။ မြို့ပေါ်မှာ ဒီလိုကိစ္စမျိုးကြုံခဲ့တာကိုး။ မြို့ကြီးပြကြီးဆက်နေရဲတဲ့မျက်နှာ မရှိတော့ဘူးလေ။ သူ့ဘာသာ ထိပ်တန်းကျောင်းသူကြီးဖြစ်နေတော့ရော ဘာဖြစ်လဲ။ အခုတော့ ဖျက်ဆီးခံလိုက်ရတဲ့မိန်းမတစ်ယောက်သာသာပဲ။ ဘယ်လိုဂုဏ်သိက္ခာအဆင့်အတန်းရှိတဲ့ မိသားစုကမှ သူ့လိုလူမျိုးကို ချွေးမအဖြစ်လိုချင်တော့မှာမဟုတ်ဘူး။’ လူတော်တော်များများ၏အတွေးက ထိုအတိုင်းပင်။

သို့သော်လည်း ရှောင်လင်းယွီ၏မိသားစုသည် အရင်ကနှင့်မတူတော့ပေ။ သူတို့ကို စော်ကားဖို့ ရွာသားများအနေနှင့် မတတ်နိုင်ကြတော့တာကြောင့် ထိုစကားမျိုးကို သူတို့အချင်းချင်းကြားမှာသာ အတင်းအဖျင်းအနေဖြင့် ပြောနိုင်ကြလေသည်။

ရှောင်လင်းယွီသည် သူမအတွက် အလုပ်လုပ်ပေးရန် ရွာထဲက လူများကို ငှားရမ်းခဲ့သည်။ လုပ်ခကောင်းကောင်းပေးလည်း ပေးသူဖြစ်တာကြောင့် အရူးတွေသာ ရှောင်ကျန်းယန်တို့မိသားစုကို ပုန်ကန်လိမ့်မည်ဖြစ်သည်။

ပြီးတော့ ရွာထဲတွင်လည်း အရူးအနည်းအကျဉ်းသာရှိလေသည်။

ရှောင်ကျန်းယန်နှင့် အမြဲတမ်းရန်ဖြစ်နေတတ်သည့် ရှောင်ဖူကွေ့နှင့် ကျန်းချွမ်းကျောင်းတို့ပင်။ ထပ်ပြီးတော့ ကျန်းချွမ်းကျောင်းနှင့်ရင်းနှီးကြသော ကျန်းရှောင်ချိုးနှင့် ရှောင်ချန်ပေါင်၊ လျိုချန်းနျိုနှင့် ရှောင်ချန်းချိုင်း.. စသည့်မိသားစုများပါဝင်သေးသည်။

ချန်းတဟွာနှင့်လန်အာယင်းတို့ ပြဿနာလာရှာချိန်တွင် ကျန်းချွမ်းကျောင်း၊ ကျန်းရှောင်ချိုး၊ လျိုချန်းနျိုနှင့် လူတချို့က ရှောင်လင်းယွီထံသို့ ယောက်ျားတွေအများကြီးလာရှာသည့်အကြောင်း အော်ကြီးဟစ်ကျယ်ပြောဆိုခဲ့ကြလေသည်။ သူတို့က လူအုပ်ကြီးကို ရှောင်လင်းယွီ၏ဂုဏ်သိက္ခာအား ဖျက်ဆီးဖို့ လှုံ့ဆောင်ခဲ့ကြသူများဖြစ်လေသည်။

မေမေရှောင်က၊ “ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ငါကတော့ ငါ့သမီးကို ကာကွယ်သွားမှာပဲ။ ငါ့ယွီအာကို တစ်ယောက်ယောက် နာမည်ဖျက်နေတာကို ငါသိသ၍ သူတို့အိမ်ကို ဖျက်ဆီးပစ်မယ်။ ဒါ စကားသပ်သပ်မဟုတ်ဘူးနော်။”

လူတိုင်း တံတွေးမြိုချမိကြသည်။ မိခင်တော်တော်များများ သူတို့သမီးတွေကို အရမ်းပိုချစ်တတ်ကြသည်မှန်သော်လည်း ချန်းချိုးယင်းက ရှောင်လင်းယွီကို ချစ်သလောက်ချစ်တတ်သည့် မိခင်ကတော့ သိပ်မများပေ။ အခုခေတ်အခါမျိုးသည် သမီးတွေထက် သားတွေကိုပိုပြီး မျက်နှာသာပေးသည့်ခေတ်ကာလလည်း ဖြစ်သေးသည်။ သမီးတစ်ယောက်က လက်ထပ်လိုက်သည်နှင့် သွန်လိုက်သည့်ရေပမာဖြစ်ကာ သူတို့ယောက္ခမအိမ်နှင့်သာ သက်ဆိုင်သွားကြသည်။

ထို့ကြောင့် မိသားစုတစ်စုတွင် သားရောသမီးရောရှိပါက သားသည်သာ ပို၍ အလေးပေးခံရသူဖြစ်လေသည်။ ဥပမာအားဖြင့် ထိုမိသားစုတွင် ကလေးတစ်ယောက်ကိုသာ ကျောင်းထားနိုင်မည်ဆိုပါက သေချာပေါက် သားကသာ ကျောင်းသွားရမည့်သူဖြစ်သည်။ သားယောက်ျားလေးကသာ မိသားစုမျိုးဆက်ကို ဆက်လက်ပြန့်ပွားအောင် ဆောင်ရွက်မည့်သူဖြစ်သည်။ သူတို့က စာမတတ်ရင်တောင် သူတို့သားတွေကတော့ စာမတတ်သူမဖြစ်ရပေ။

ဒါကြောင့်ပဲ ထောင်ယွမ်ရွာသားအများစုသည် သူတို့သမီးများကို ကျောင်းထုတ်တတ်ကြသည်။ အကြောင်းကတော့ သူတို့သမီးတွေ၏အနာဂါတ်ကို သူတို့ ဂရုစိုက်စရာမလိုဘဲ ယောက္ခမမိသားစုနှင့်သာ ဆိုင်သောကြောင့်ဖြစ်သည်။ အများဆုံးအနေနှင့် မိန်းကလေးများသည် ဂျူနီယာအထက်တန်းကျောင်းလောက်အထိသာ ပြီးကြလေသည်။ ထို့နောက်မှာတော့ သူတို့အမှတ်တွေက သားယောက်ျားလေးတွေထက် ပိုကောင်းနေရင်တောင်မှ အိမ်ပြန်လာကာ မိသားစုကိုကူညီရင်ကူညီ မဟုတ်ရင် တခါတည်းလက်ထပ်လိုက်ကြရလေသည်။ ဒါကတော့ ထိုခေတ်ကာလမှ ဓလေ့တစ်ရပ်ပင်ဖြစ်သည်။

သို့သော်လည်း ရှောင်ကျန်းယန်နှင့်ချန်ချိုးယင်းကတော့ သူတို့သားသမီးများကို ဘယ်သူ့ထက်ဘယ်သူ့ကိုမှ ပိုပြီးအလေးပေးတာမျိုးမရှိပေ။ ရှောင်လင်းယွီမွေးလာတုန်းက သူမသည် သူတို့ဇနီးမောင်နှံ့နှင့်ရှောင်မိသားစုတစ်စုလုံး၏ ချစ်မြတ်နိုးခြင်းကို ခံခဲ့ရသည်။ ရှောင်လင်းယွီသည် ရှောင်မိသားစုကြီးတစ်ခုလုံးတွင် သမီးဦးဖြစ်ကာ အလွန်ကိုမှလည်း လှပလေသည်။

သူတို့ဘဝတွေ ဘယ်လောက်ပဲ ခက်ခဲနေကြပါစေ ရှောင်လင်းယွီကတော့ နှစ်တိုင်းအဝတ်အစားသစ်များရကာ သကြားလုံးများစားနိုင်သူဖြစ်ပြီး ရွာထဲရှိ တခြားမိန်းကလေးများ အလွန်မနာလိုဖြစ်ခဲ့ရသည်။

ရှောင်လင်းယွီ ကျောင်းတက်ချိန်တွင်လည်း ရှောင်မိသားစုသည် သမီးမိန်းကလေးကို ကျောင်းပို့သည်က ငါးကို ရေထဲလွှတ်လိုက်သလိုသာဖြစ်မှန်း သိကြလေသည်။ ဒါကြောင့် သူတို့မိသားစု ဆွေးနွေးခဲ့ကြသည်။ သူတို့ဘတွေက ခက်ခဲခဲ့ကြသော်လည်း သူတို့ကလေးတွေကိုတော့ ဒုက္ခမခံစေချင်တော့ပေ။ ဒါကြောင့် သူတို့ကလေးတွေအတွက် ကောင်းမွန်သည့်အနာဂါတ်မျိုးရရှိအောင် ပိုင်ဆိုင်သမျှကို ရောင်းချဖို့သာ ဆုံးဖြတ်ခဲ့ကြသည်။

ရှောင်လင်းယွီကလည်း သူတို့ကို စိတ်မပျက်စေခဲ့ပေ။ သူမသည် ရှင်းယင်ခရိုင်ရှိ နာမည်ကြီးတက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရသည်အထိ နှစ်တိုင်း ထိပ်တန်းကျောင်းသူအဖြစ် ရပ်တည်ခဲ့လေသည်။

ရှောင်လင်းယွီသည် ရှောင်မိသားစုအတွက် ဂုဏ်ယူစရာဖြစ်ခဲ့သည်။ ရှောင်မိသားစု၏ သူမအပေါ်ချစ်ခင်မှုကလည်း ဘယ်တော့မှ မပြောင်းလဲသွားခဲ့ပေ။

တခြားမိသားစုတွေသာ ရှောင်လင်းယွီလိုအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရပါက သူမအစား သေချာပေါက် အရှက်ရကြမည်ဖြစ်သည်။ သူတို့မျက်နှာကိုတောင် ထပ်ပြီးမပြရဲလောက်ကြတော့ပေ။

မိန်းကလေးတစ်ယောက်က ကိုယ့်မိသားစုဝင်တွေဆီကတောင် ထေ့ငေါ့လှောင်ပြောင်ခြင်းခံနေရပါက သူ့အနေနှင့် ဘယ်လိုများဆက်ပြီးရှင်သန်ဖို့ နေရာရှိပါတော့မလဲ။

ဒါကြောင့် ကျေးလက်မှာဖြစ်ဖြစ် မြို့ပြမှာဖြစ်ဖြစ် မိန်းကလေးတော်တော်များများသည် အခုလို အနိုင်ကျင့်ဖျက်ဆီးခြင်းခံလိုက်ရပါက သက်သေဖို့လမ်းကိုသာ ရွေးချယ်သွားကြသည်။ ထိုသို့ဖြစ်အောင် သူတို့မိသားစုကိုယ်တိုင်က တွန်းအားပေးနေခြင်းပင်။

ရှောင်လင်းယွီသည် မိသားစုတစ်ခုလုံး၏အချစ်ခံလေးအဖြစ် မွေးဖွားလာရသည့်အတွက် အလွန်ကိုမှ ကျေးဇူးတင်မိသည်။ သူမဘယ်လောက်ကြီးမားတဲ့ အမှားမျိုးပဲလုပ်ခဲ့ပါစေ သူမမိသားစုက သူမကို ချစ်ခြင်းမေတ္တာတွေ သည်းခံခြင်းတွေနှင့် ပြန်လည်ပွေ့ဖက်ကာ ကြိုဆိုကြသည်။

သူမအရင်ဘဝတုန်းက ကန်းနေခဲ့လိုသာ ရှောင်မိသားစုဝင်အားလုံးကိုပါ သူမနှင့်အတူ ဆွဲချခဲ့မိခြင်းဖြစ်သည်။

“လင်းယွီပြန်လာပြီ။” သူမအတွေးလွန်နေတုန်းမှာပဲ တစ်ယောက်ယောက်က သူမကို သတိထားမိသွားခဲ့လေသည်။

ရှောင်လင်းယွီ၏အမူအရာက တည်ငြိမ်နေခဲ့သည်။ အားလုံး သူမခြံရှေ့တွင် ရပ်နေကြသည်ကိုမြင်သည်နှင့် သူမက၊ “ဘာတွေဖြစ်နေတာလဲ။”

တစ်ယောက်က ချက်ချင်းပင် ပြန်ဖြေလာခဲ့သည်။ “ဘာမှမဖြစ်ပါဘူး။ တချို့တွေက အရေထူထူနဲ့ နွားဘုရင်လေးရဲ့နွားချေးကို လာတောင်းနေကြလို့လေ၊ အဲ့ဒါနဲ့ မေမေရှောင်က သင်ခန်းစာပြန်ပေးနေတာ။”

သူတို့က ရှောင်မိသားစုမကောင်းကြောင်းကျတော့ပြောပြီး သူတို့ဆီက အခွင့်ကောင်းတော့ လိုချင်သေးတယ်ပေါ့။ အဓိပ္ပါယ်မရှိလိုက်တာ။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “အိုး..” ရှောင်လင်းယွီ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ ကျန်းရှောင်ချိုး၏မျက်နှာမှာ ဒေါသရော အရှက်ရမှုကြောင့်ပါ နီရဲနေခဲ့သည်။ သူမလှည့်ထွက်တော့မည့်အချိန်မှာပဲ ရှောင်မလင်းယွီလာနေသည်ကို တွေ့သွားကာ ချက်ချင်းပင် အကြည့်လွှဲလိုက်တော့သည်။

ရှောင်လင်းယွီက၊ “ဒေါ်လေးကျန်း၊ ပြီးခဲ့တဲ့နှစ်ရက်တုန်းကပဲ ကျွန်မဆီက စတော်ဘယ်ရီအပင်ပေါက်တွေလာတောင်းလို့ ကျွန်မ ငြင်းလွှတ်လိုက်တယ်လေ။ အခုကျ ရှောင်ကွမ်းရဲ့နွားချေးကို ထပ်လာတောင်းပြန်ပြီလား။ ဒေါ်လေးကျန်း၊ ကျွန်မတို့မိသားစုကို အရူးလုပ်လို့ရမယ်များ ထင်နေတာလား။”

ကျန်းရှောင်ချိုး၏အမူအရာမှာ အနည်းငယ်ရှက်ရွံ့နေသော်လည်း ချက်ချင်းပင် ခပ်တည်တည်ဖြင့် ခပ်တင်းတင်းအော်လိုက်လေသည်။ “ရှောင်လင်းယွီ၊ ငါက နင့်ထက်အကြီးနော်။ ဘယ်လိုလုပ် လူကြီးတစ်ယောက်ကို ဒီလိုပုံစံမျိုးနဲ့ပြောနေတာလဲ။ နင့်မှာယဉ်ကျေးမှုမရှိဘူးလား။ နင့်အမေက နင့်ကိုကောင်းကောင်းမသင်ထားဘူးပဲ။”

မေမေရှောင်က ချက်ချင်းပင် ဝင်ပြောလာလေသည်။ “အဲ့ဒါနင့်အလုပ်မဟုတ်ဘူး။ အငယ်တွေ နင့်ကိုလေးစားစေချင်ရင် လေးစားထိုက်တဲ့လူကြီးတစ်ယောက်လို နင်ကအရင်နေထိုင်ရမှာပေါ့။ အငယ်တွေကိုပဲ ဝိုင်းအနိုင်ကျင့်မနေကြနဲ့လေ။”

ကျန်းရှောင်ချိုး ဘယ်လိုမှ ပြန်မပြောနိုင်တော့ပေ။

သူမသည် ကျန်းချွမ်းကျောင်းနှင့် ဆက်ဆံရေးကောင်းကာ အလွန်ကိုမှ အတင်းအဖျင်းပြောသူဖြစ်သည်။ ရှောင်လင်းယွီ၏ဖြူစင်မှုဖျက်ဆီခံလိုက်ရသည်ကို သူမသိလိုက်ကတည်းက ရှောင်လင်းယွီကို ကြည့်တိုင်းအထင်သေးသည့်အမူအရာဖြင့်ကြည့်ကာ သူမ၏ကြေကွဲဖွယ်အတိတ်အတွက် ဝမ်းသာအားရပင်ဖြစ်နေလေသည်။

ကျန်းရှောင်ချိုးတစ်ယောက်ဘာမှ မရလိုက်ဘဲ အမြှီးကုပ်ကာ ပြန်ပြေးသွားရလေသည်။

ရွာသားများမြင်အောင် ကျန်းရှောင်ချိုးက ဦးဦးဖျားဖျားနမူနာဖြစ်သွားခြင်းဖြစ်သည်။ မေမေရှောင်နှင့်ဖေဖေရှောင်တို့ ဆေးရုံဆင်းလာပြီးနောက် သူတို့သမီးကို လူတွေ တချိန်လုံး မကောင်းပြောနေကြတာကို မကြားဘဲဘယ်နေပါ့မလဲ။ ဒီတော့ သူတို့ဒေါသမထွက်ဘဲနေကြမလား။ ဒါပေမယ့် တစ်ရွာလုံးရဲ့ပါးစပ်ပေါက်တွေကို လိုက်ပိတ်နေလို့မှမရနိုင်တာ။

ကျေးဇူးတင်စရာကောင်းစွာဖြင့် ကျန်းရှောင်ချိုးက ကိုယ်တိုင်ကိုယ်ကျ တစ်ရွာလုံးအတွက် နမူနာရအောင် လုပ်အားပေးနေရာဝင်လာခဲ့လေသည်။

ကျန်းရှောင်ချိုးသည် လူကောင်းတစ်ယောက်မဟုတ်ပေ။ ပထမတော့ ကျန်းချွမ်းကျောင်း စကားကိုနားထောင်ကာ ရှောင်လင်းယွီကို မြေမငှားပေးခဲ့ပေ။ ချန်းတဟွာ ပြဿနာလာရှာတော့လည်း သူမက ပြဿနာတွေကို မဆိုးဆိုးအောင် မီးဝိုင်းထိုးလေသည်။ နောက်မှာတော့ ရှောင်လင်းယွီထံမှ စတော်ဘယ်ရီပင်ပေါက်တွေ အရှက်မရှိ လာတောင်းပြန်သည်။ ငြင်းလွှတ်ခံလိုက်ရတော့လည်း တဖန် ရှောင်လင်းယွီမကောင်းကြောင်း ပတ်ပြောပြန်သည်။ အခုကျပြန်တော့လည်း မေမေရှောင်ထံ နွားချေးယူဖို့ မျက်နှာအရေထူထူဖြင့် ရောက်လာပြန်သည်။ ဒီမိန်းမက တကယ့်လူပြတ်ပဲ။

မေမေရှောင်သည် ကျန်းရှောင်ချိုးကို နမူနာအဖြစ် ပညာပြလိုက်တာကြောင့် တခြားရွာသားများသည် သူတို့ ရှောင်လင်းယွီအကြောင်း မကောင်းတာတစ်ခုခုပြောချင်ရင် နှစ်ကြိမ်ပြန်စဉ်းစားသင့်ကြောင်း နားလည်သွားကြသည်။ သူတို့မကောင်းပြောနေတာကိုသာ မိသွားပါက ကျန်းရှောင်ချိုးလို အဆုံးသတ်သွားပေလိမ့်မည်။

ကျေးလက်ဒေသဘက်တွင်လည်း လယ်ယာစိုက်ပျိုးခြင်းက အရာရာဖြစ်လေသည်။ သူတို့၏အဓိကဝင်ငွေက သီးနှံများမှလာခြင်းဖြစ်သည်။ နွားဘုရင်လေး၏နွားချေးသည် ဓာတ်မြေဩဇာတွေထက် အများကြီးပိုကောင်းလေသည်။ ရှောင်မိသားစုကလည်း သူတို့ကို အလကားယူခွင့်ပေးထားတာကြောင့် သူတို့အနေနှင့် မြေဩဇာဝယ်ရမည့်ငွေအမြောက်အမြားကို စုဆောင်းမိသွားကာ သူတို့အပင်တွေကလည်း ပိုလို့ ကောင်းစွာ ကြီးထွားလာပေသည်။ ဘယ်သူက ဒီလိုအခွင့်အရေးမျိုးကို ကန်ထုတ်နိုင်ပါ့မလဲ။

ဒီတော့ ဒီလိုအကျိုးအမြတ်တွေ ဆက်ရချင်နေရင် သူတို့ပါးစပ်တွေကို ပိတ်ထားမှပဲဖြစ်တော့မယ်။

ညစာစားပြီးနောက် ရှောင်လင်းယွီ သူမအခန်းသို့ ပြန်ခဲ့လေသည်။ သို့ပေမယ့် သူမ၏စိတ်လှုပ်ရှားမှုက မပျောက်ကွယ်သေးပေ။

‘ရှောင်ထုန်ရောက်လာပြီ။ ရှောင်ထုန်ရောက်လာပြီ။’

သူမ၏အတိတ်တုန်းက ဆိုးရွားသည့်အမေတစ်ယောက်ဖြစ်ခဲ့မှန်း ရှောင်လင်းယွီလည်းသိပေသည်။ သို့သော်လည်း ရှောင်ထုန်ကတော့ သူမဘယ်လိုဖြစ်ဖြစ် ချစ်နေတုန်းပင်။

ရှောင်လင်းယွီသည် အိပ်ရာခေါင်းရင်းကို မှီထားရင်း သူမဝမ်းဗိုက်ကို ထိကြည့်နေခဲ့သည်… သူမမျက်လုံးထောင့်မှ မျက်ရည်စက်များက စီးကျလို့နေကာ.. “ထုန်ထုန်၊ ဒီဘဝမှာတော့ မေမေက မင်းကိုကောင်းကောင်းချစ်ပေးမှာပါ။ မေမေက အမေတစ်ယောက်အနေနဲ့ရော အဖေတစ်ယောက်အနေနဲ့ပါ သားအတွက်ရှိပေးမယ်။ ဒီတစ်ခေါက်တော့ သားရဲ့ငယ်ဘဝကို အပျော်ရွှင်ရဆုံးဖြစ်စေရမယ်။”

***

All Chapters