ပြိုင်ဆိုင်ခြင်း
Vol. 9 Ch. 155
ဒီတစ်ခေါက်မှာတော့ ငြိမ်းအေးတိတ်ဆိတ်သည့်ကာလမှာ ရှည်ကြာခဲ့သည်။
ရှောင်လင်းယွီသည် ထောင်ယွမ်ရွာနှင့် ရှင်းယင်မြို့ကြား နေ့တိုင်း သွားလာခေါက်ပြန်လို့နေခဲ့သည်။
ထိုသို့ဖြင့် လူများလည်း ရှောင်လင်းယွီ ရှင်းယင်မြို့ပေါ်တွင် အသီးအရွက်ရောင်းနေကြောင်း စတင်သိရှိလာကြသည်။ သူမစီးပွားရေးက ကောင်းတာကြောင့် မနက်ပိုင်းသွားပြီးသည်နှင့် နေ့လည်ဆို ြန်ရောက်လာပြီဖြစ်သည်။
မေမေရှောင်သည် သူမသမီးကို စိတ်ပူတာကြောင့် ရှောင်လင်းယွီကို ခရိုင်မြို့ပေါ်မှာပဲနေဖို့ ပြောခဲ့လေသည်။ ပထမတော့ ရှောင်လင်းယွီ သဘောမတူခဲ့ပေ။ ဘာပဲဖြစ်ဖြစ် အိမ်တွင် စိုက်ပျိုးစောင့်ရှောက်ရန် မြေ၂၀မူရှိသေးသည်မဟုတ်လား။ မေမေရှောင်တစ်ယောက်တည်း ထိုမြေအကျယ်ကြီးကို လိုက်မကြည့်နိုင်ပေ။ ဖေဖေရှောင်ကျပြန်လည်း အနားယူဖို့ လိုနေသေးသည်။
သို့သော်လည်း သူမဗိုက်ထဲက ကလေးငယ်ကို ရှောင်လင်းယွီ သတိရသွားခဲ့သည်။ သူမကိုယ်ဝန်က အစောပိုင်းကာလဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့ လိုအပ်နေသည်။ ခရီးခေါက်ပြန်သွားနေတာက သူမအတွက် မကောင်းပေ။
ထို့ကြောင့် ရှောင်လင်းယွီသည် သူမ၏ စတုတ္ထဒေါ်လေးနှင့် ရှောင်ချန်းပမ်း၏ဇနီး ဒေါ်လေးကျိုးတို့ကို သူမအတွက်အလုပ်လုပ်ကူပေးရန် ငှားလိုက်သည်။ ဒေါ်လေးကျိုး၊ စတုတ္ထဒေါ်လေးနှင့် မေမေရှောင်တို့က လယ်ကွင်းကို နေ့တိုင်းရေလောင်းရသည်။ တစ်နေ့ကိုမှ တစ်ကြိမ်ပဲ လောင်းဖို့လိုအပ်ပေသည်။ ရှောင်လင်းယွီသည် စမ်းရေပုလင်းများကို မေမေရှောင်လက်ထဲ ထည့်ပေးထားခဲ့ကာ နေ့တိုင်း လိုအပ်သည့်ပမာဏအနည်းငယ်ထည့်ကာ လောင်းဖို့ ပြောခဲ့လေသည်။
ထို့နောက် ရှောင်လင်းယွီသည် သူမအမေအတွက် စမ်းရေပြန်ဖြည့်ပေးဖို့ရန် သုံးရက်တစ်ခါသာ အိမ်ပြန်လာတော့သည်။
….
တစ်ချိန်တည်းမှာပဲ ကျန်းဟိုင်ယန်သည်လည်း ဆိုင်ပိုင်ရှင်ကို သူထိုဆိုင်အား ပြန်ယူချင်သည့်အကြောင်း သတင်းပေးထားပြီးဖြစ်သည်။ သူမကို နေရာရှာက ရွှေ့ဖို့ပြောထားလေသည်။
ဆိုင်ပိုင်ရှင် လျန်ဖုန်းယင်းသည် ထိုသတင်းကိုကြားသည်နှင့် အလွန်ဒေါသထွက်ကာ စိတ်အနှောက်အယှက်ဖြစ်သွားတော့သည်။
‘ဒီပိုင်ရှင်အရမ်းလွန်တာပဲ။ ငါစာချုပ်ဆက်ချုပ်ချင်မချုပ်ချင်တောင် မပြောရသေးဘူးလေ။ ဘာလို့ သူက ဆိုင်ပြန်ယူချင်နေရတာလဲ။’
ထိုဆိုင်သည် နေရာကောင်းတွင်တည်ရှိတာကြောင့် သူမစီးပွားရေးကလည်း အတော်ကောင်းလေသည်။ ပိတ်ရက်နှင့်အားလပ်ရက်များတွင်ဆိုလျှင် သူမဆိုင်က လူအပြည့်ပင်။ ဒါကြောင့် လစဉ်အမြတ်ငွေကောင်းကောင်းလည်းရသည်။ သူမသာ ဒီနေရာကရွှေ့ရပါလျှင် ဒီလိုအချက်အချာကောင်းတဲ့နေရာကောင်းမျိုး ဘယ်မှာသွားရှာရပါ့မလဲ။
လျန်ဖုန်းယင်းသည် သူမ ဒီဆိုင်ကို ဈေးလျှော့ပြီးဆက်ငှားချင်ကြောင်း ပိုင်ရှင်ကို အရိပ်အမြွက်ပေးခဲ့ဖူးသည်အား ပြန်အမှတ်ရသွားလေသည်။ ထိုအချိန်တုန်းက ပိုင်ရှင်က သူမကိုဘာမှပြန်မပြောခဲ့ပေ။ သို့ပေမယ့် တစ်လကြာပြီးနောက်မှာတော့ သူက ရုတ်တရက်ကြီး သူမကို ဆက်မငှားချင်တော့၍ ပြောင်းပေးဖို့ ပြောလာလေသည်။ ဟာသပဲ။ ဒီနေရာထက်ပိုကောင်းတဲ့ ဆိုင်သစ်မျိုး ဘယ်ကနေသွားရှာရမှာလဲ။
လျန်ဖုန်းယင်း ဒီဆိုင်နေရာကမနေ မပြောင်းချင်ပေ။ ကျန်းဟိုင်ယန်အား သူမကိုဆက်ငှားပေးဖို့ ပြောခဲ့သည်။ ထပ်ပြီးတော့လည်း ဈေးလျှော့ပေးဖို့ ထပ်ပြောတော့မည်မဟုတ်ပေ။
ထိုအခါ ကျန်းဟိုင်ယန်က၊ “ကျွန်တော် ဒီဈေးကွက်ကိုလေ့လာကြည့်ရသလောက် ခင်ဗျားကို ငှားပေးတဲ့ဈေးနှုန်းက တော်တော်လေးကို သက်သာလွန်းတယ်။ ပြီးတော့ ကျွန်တော်တို့ ချုပ်ထားတဲ့စာချုပ်အရ ငှားခကို သုံးလတစ်ကြိမ်ပေးရမှာ။ ဒါပေမယ့် ခင်ဗျားက အမြဲတမ်း ကျွန်တော်ဆီ ငိုယိုပြပြီး စီးပွားရေးမကောင်းလို့ ငွေမဝင်လို့ပါဆိုပြီး ပြောတယ်လေ။ ခင်ဗျားကို အချိန်နောက်ဆုတ်ပေးဖို့လည်း အမြဲပြောတယ်။ ခင်ဗျား ဒီနေရာမှာ ငွေကောင်းကောင်းမရှာနိုင်ဘူးဆိုမှတော့ ဘာလို့ တခြားနေရာကိုမပြောင်းတာလဲ။ ပြောမရဘူးလို့ နောက်ပြောင်းမယ့်နေရာကျရင် ခင်ဗျားစီးပွားရေးကောင်းလာနိုင်တာပဲ။”
လျန်ဖုန်းယင်းတစ်ယောက် သူမစကားနှင့်သူမ ဖြတ်ရိုက်ခံလိုက်ရလေသည်။
တကယ်တော့ ငှားခပေးရမည့်အချိန်တိုင်း သူမလက်ထဲတွင် ငွေအလုံအလောက်ရှိသော်လည်း နောက်ထပ်ရင်းနှီးဖို့အတွက် အတိုးရအောင် ဘဏ်ထဲတွင် ထည့်သိမ်းထားချင်ရုံသာဖြစ်လေသည်။ သုံးလစာငှားရမ်းခ၏အတိုးမှာ တော်တော်လေးမြင့်လေသည်။
သူမ ငှားခပေးဖို့ကို အမြန်တမ်းအချိန်ဆွဲကာ အတိုးပြန်ရသည်အထိ စောင့်တတ်လေသည်။ တစ်နည်းပြောရရင်တော့ သူမက သုံးလတစ်ကြိမ်ပေးမည့်အစား ခြောက်လနေမှ ပေးနေခြင်းဖြစ်သည်။ ဒါ့အပြင် သူမက ငှားခကိုလည်း အပြည့်မပေးပေ။ ဥပမာ တစ်လငှားရမ်းခက ယွမ်၁၃၀ဆိုလျှင် သူမက ၆လစာအတွက် ယွမ်၇၈၀ပေးရမည့်အစား ယွမ်၇၀၀ သာပေးလေသည်။
ကျန်းဟိုင်ယန်သည် အရင်တုန်းကတော့ သူ့မှာ ဒါတွေလိုက်ကြည့်ဖို့ အချိန်လည်း မရှိတာကြောင့် စိတ်ထဲမထားခဲ့ပေ။ သူ၏အဓိကလုပ်ငန်းမှာ အိမ်ခြံမြေလုပ်ငန်းဖြစ်လေသည်။ သူ့တွင်လုပ်ကိုင်ရသည့် ပရောဂျက်များစွာလည်းရှိသည်။ ကျေးဇူးတင်စရာကောင်းသည်က သူ့တွင် လျန်ဖုန်းယင်းလိုမျိုး လှည့်တတ်သည့် ငှားရမ်းသူအများကြီးမရှိပေ။ မဟုတ်လို့ကတော့ သူစီးပွားပျက်နေလောက်ပေပြီ။
“အိုး… ပြီးတော့ ဆိုင်ပြန်မအပ်ခင် ငှားခရက်လွန်ကြေးတွေပေးသွားဦးနော်။” ထို့နောက် ကျန်းဟိုင်ယန်က စာရင်းတစ်ခုကို ထုတ်လာကာ၊ “ဒါ ခင်ဗျား ကျွန်တော့်ဆီ အကြွေးတင်ထားတဲ့စာရင်းပဲ။ သေချာစစ်ကြည့်လိုက်ဦး။” လျန်ဖုန်းယင်းအား စာရွက်စာတမ်းတစ်ခု ကမ်းပေးလိုက်သည်။
လျန်ဖုန်းယင်း၏အမူအရာမှာ ထိုစာရွက်စာတမ်းကိုမြင်သည်နှင့် အလွန်ကိုမှ အရုပ်ဆိုးသွားတော့သည်။ သူမအကြွေးတင်ထားသည်ဆိုသော ငွေပမာဏကိုမြင်ချိန်မှာတော့ ဒေါသထွက်လာတော့သည်။
သုံးနှစ်ကျော်အတွင်း သူမလှည့်စားထားသည့် ငွေပမာဏအားလုံးပါလေသည်။ ဒါ့အပြင် ပြီးခဲ့သည့် သုံးလစာအတွက်ကိုလည်း သူမပေးရသေးပေ။ ဒီသုံးနှစ်ကျော်အတွင်း သူမတွင် စုဆောင်းငွေတော်တော်များများ ရှိနေပြီဖြစ်သော်လည်း ဒီလိုငွေပမာဏအများကြီး တလုံးတည်းပေးဖို့ဖြစ်လာတော့ သူမရင်ထဲက နာနေတုန်းပင်။
သူမမျက်လုံးများက ဂဏာမငြိမ်နှင့်တွေးတောနေလေသည်။ ပိုင်ရှင်ကလည်း ဒီဆိုင် သူမကို ဆက်မငှားတော့ဘူးဆိုမှတော့ ဒီငှားခတွေပေးစရာမလိုတော့ဘူးပေါ့။ သူမက သူမတင်ထားသည့် အကြွေးတွေကိုတောင် ပြန်ပေးဖို့ အစီအစဉ်မရှိပေ။
ကျန်းဟိုင်ယန်ကလည်း သူမအမူအရာကိုကြည့်ကာ ချက်ချင်းပင် သူမအတွေးကို ခန့်မှန်းမိသွားသည်။ သူ့မျက်နှာကမည်းမှောင်သွားကာ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။ ထို့နောက် သူက ညင်ညင်သာသာဖြင့် ပြောလာခဲ့သည်။ “သူဌေးလျန်၊ ကျွန်တော်က အိမ်ခြံမြေလုပ်ငန်းလုပ်နေတာ ခင်ဗျားသိမှာပါ။ ခင်ဗျားဆိုင်နေရာသစ်တစ်ခု ရှာချင်ရင် ကျွန်တော် ကူညီပေးပါ့မယ်။ ခင်ဗျားကို လျှော့ဈေးပါပေးဦးမယ်။” ထို့နောက် ကျန်းဟိုင်ယန်က သတိပေးစကားကို လှလှပပလေးပြောသွားခြင်းပင်။ ‘ခင်ဗျားအကြွေးမကျေလို့ကတော့ ဒီနယ်ပယ်ထဲမှာ နာမည်ပျက်စာရင်းဝင်သွားမယ်။’
လျန်ဖုန်းယင်းသည် ဘရန်းအဝတ်အစားများရောင်းချသည့် ဆိုင်တစ်ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။ သူမလုပ်ငန်းအတွက် လူသားလူလာများသည့် အချက်ချာကျသည့်နေရာမျိုးလိုအပ်လေသည်။ မဟုတ်ပါက လူတွေ သူမဆိုင်ကို ဘယ်လိုလုပ်ရှာတွေ့ပါတော့မလဲ။
ကျန်းဟိုင်ယန်သည် ဆိုင်ငှားလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းတွင် အဆက်အသွယ်များစွာရှိလေသည်။ ဒါကြောင့် လျန်ဖုန်းယင်း၏စီးပွားရေးကို အသာလေး ကန်ထုတ်ပစ်နိုင်လေသည်။
ကျန်းဟိုင်ယန် ခြိမ်းခြောက်တာခံလိုက်ရတာကြောင့် လျန်ဖုန်းယင်း၏မျက်နှာက ချက်ချင်းပင် နီရဲသွားတော့သည်။ ဒေါသအရိပ်အယောင်များက သူမမျက်လုံးထဲတွင် သိသိသာသာမြင်နေရလေသည်။ သူမက အံတင်းတင်းကြိတ်ကာ၊ “သူဌေးကျန်း၊ ရှင် ကျွန်မကို ခြိမ်းခြောက်နေတာလား။”
“သူဌေးလျန်၊ ဘာလို့ ကျွန်တော်က ခြိမ်းခြောက်ရမှာလဲ။” ကျန်းဟိုင်ယန်က အထင်သေးစွာပြောလိုက်သည်။ “ခင်ဗျားက ကျွန်တော်အချိန်ပေးဖို့လောက်အထိ မထိုက်တန်ဘူး။” ထို့နောက် သူက စိတ်ရှည်မှုကုန်ဆုံးသွားကာ၊ “သူဌေးလျန်၊ ခင်ဗျားဆိုင်ပြန်မအပ်ခင် ကျွန်တော့်ကိုပေးဖို့ အကြွေးတင်နေတာတွေအကုန်လုံး ပေးသွားပါ။ မဟုတ်လို့ကတော့ နောက်ဆက်တွဲဘာဖြစ်မလဲ ခင်ဗျားသိသင့်တယ်။”
ထိုစကားပြောပြီးသည်နှင့် ကျန်းဟိုင်ယန် ထွက်သွားတော့သည်။
ထိုအခါ လျန်ဖုန်းယင်းက အသံကျယ်ကျယ်ဖြင့်၊ “သူဌေးကျန်း၊ ရှင် ကျွန်မကို ဒီလောက်နှင်ထုတ်ချင်နေတာ နောက်လူတစ်ယောက်ကို ဒီဆိုင်ငှားပေးချင်နေလို့မဟုတ်လား။”
ကျန်းဟိုင်ယန် ဆွံ့အသွားတော့သည်။
ဒီလျန်ဖုန်းယင်းက တော်တော်လေးထူးဆန်းတာပဲ။
ကျန်းဟိုင်ယန် သူမကို လျစ်လျူရှုက ဆက်လျှောက်သွားခဲ့သည်။ ရုတ်တရက်ဆိုလို လျန်ဖုန်းယင်းက သူ့ကိုတားကာ တောင်းပန်လာလေသည်။ “သူဌေးကျန်း၊ ကျေးဇူးပြုပြီး ကျွန်မကို ဒီနေရာဆက်ငှားပေးပါ။ စိတ်မပူပါနဲ့။ နောက်ဆို ကျွန်မအချိန်မီငှားခပေးပါ့မယ်။”
ကျန်းဟိုင်ယန်တစ်ယောက် စိတ်မရှည်စွာဖြင့် လျန်ဖုန်းယင်းကို စိုက်ကြည့်လိုက်ကာ၊ “ခင်ဗျားပြောတာမှန်တယ်။ ဒီနေရာကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ငှားချင်နေတယ်။ ဒါကြောင့် ခင်ဗျားကို ထွက်သွားခိုင်းဖို့လိုတာ။ နားလည်ပြီလား။” ထို့နောက် သူထွက်သွားတော့သည်။
လျန်ဖုန်းယင်းတစ်ယောက် ကျန်းဟိုင်ယန်ကို စိုက်ကြည့်ကာ သူမမျက်လုံးထဲတွင်တော့ မလိုမုန်းထားမှုများဖြင့် တောက်လောင်နေသည်။ သို့သော်လည်း သူမ ကျန်းဟိုင်ယန်ကို ဘာမှမလုပ်နိုင်ကြောင်း သိလေသည်။ သို့ပေမယ့် ဒါက သူမနေရာကို ဆက်ငှားမည့် နောက်လူကိုလည်း ဘာမှမလုပ်နိုင်ဘူးဟု မဆိုလိုပေ။ သူမ ထိုလူ ဒီနေရာကို မငှားဖြစ်အောင်လုပ်နိုင်သ၍ ကျန်းဟိုင်ယန်လည်း ရွေးစရာမရှိဘဲ လျန်ဖုန်းယင်းကိုသာ ပြန်ရှာရပေလိမ့်မည်။ ဒီလိုဆို သူမလည်း နောက်တစ်နေရာ ရွှေ့ဖို့မလိုတော့ဘူးပေါ့။
ရှောင်လင်းယွီကတော့ သူမကို တစ်စုံတစ်ဦးက ပစ်မှတ်ထားနေပြီဖြစ်ကြောင်း မသိခဲ့ပေ။ ဒါ့အပြင် သူမသိနေရင်တောင်မှ သူမလုပ်နိုင်တာ ဘာမှမရှိပေ။ ဒါက သူမအမှားတောင် မဟုတ်ဘူးလေ။ လျန်ဖုန်းယင်းက ငှားခတွေအကြွေးတင်ပြီး ကျန်းဟိုင်ယန်ကို စော်ကားခဲ့တာလေ။ ဒီတော့ ဘယ်လိုလုပ်ပြီး ရှောင်လင်းယွီရဲ့အမှား ဖြစ်မှာတဲ့လဲ။
ကျန်းဟိုင်ယန်ထံမှ ရက်အနည်းငယ်နေလျှင် ဆိုင်ကိုရတော့မည်ဖြစ်ကြောင်း ရှောင်လင်းယွီ ကြားသည်နှင့် ဆိုင်ကိုပြန်လည်မွမ်းမံဖို့အတွက် လူစရှာတော့သည်။ ဒီတစ်ခါလည်း ကျန်းဟိုင်ယန်က အကူအညီဖြစ်ခဲ့လေသည်။ သူသည် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူဖြစ်တာကြောင့် ပြန်လည်မွမ်းမံသည့်လုပ်ငန်းမှ လူများကိုသိတာ သဘာဝပင်။ ဒါကြောင့် သူက ရှောင်လင်းယွီကို စိတ်ချရသည့် ကုမ္ပဏီတစ်ခုနှင့် မိတ်ဆက်ပေးလာခဲ့သည်။
ကုမ္ပဏီတွင်… ရှောင်လင်းယွီတစ်ယောက် ရေးဆွဲထားသည့် ဒီဇိုင်းများကို ကြည့်နေခဲ့သော်လည်း သူမစိတ်ကျေနပ်သည့်ဒီဇိုင်းမျိုး မတွေ့ခဲ့ပေ။ အဓိကဒီဇိုင်နာ လီယန်က ရောက်လာကာ မေးလေသည်။ “မစ္စရှောင်၊ မင်းဘယ်လိုဒီဇိုင်းမျိုးကိုရှာနေတာလဲ။ ကျွန်တော်တို့ကို ပြောကြည့်ပါလား။”
ရှောင်လင်းယွီသည် ခဏလောက်တွေးကြည့်လိုက်ပြီးနောက်၊ “ကျွန်မက အဆင့်မြင့်ထွက်ကုန်မျိုး ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေရောင်းတဲ့ဆိုင်မျိုး ဖွင့်ချင်တာပါ။ ဒီဇိုင်းတွေက အရမ်းပုံမှန်ဖြစ်ပြီး ကျွန်မလိုချင်တာနဲ့ ကိုက်ညီတာမတွေ့လို့။”
လီယန်အနည်းငယ် အံ့ဩမိသွားသည်။ ဒီလိုတောင်းဆိုချက်မျိုး သူတစ်ခါမှမကြားဖူးပေ။ အော်ဂဲနစ်နှင့် ညစ်ညမ်းမှုကင်းသော ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများရောင်းသည့် အဆင့်မြင့်ဆိုင်များကို သူသိသော်လည်း ဒီခရိုင်မြို့တွင်တော့ တစ်ဆိုင်မှမရှိဖူးပေ။ ထိုသို့သောဆိုင်မျိုးသည် မြို့ကြီးများတွင်သာရှိတတ်ကာ အရေအတွက်မှာလည်း အကန့်အသတ်ရှိလေသည်။ ဒီမြို့၏ဈေးကွက်အတွက် ဝယ်လိုအားကတော့ အလွန်သေးငယ်လေသည်။
ကျန်းဟိုင်ယန်၏မျက်နှာကြောင့် လီယန်က ပါးပါးနပ်နပ်ပြောပြလာခဲ့သည်။ “မစ္စရှောင်၊ ကျွန်တော်တို့ ခရိုင်မြို့မှာ လူတိုင်းက ချမ်းသာကြတာမဟုတ်ဘူး။ အများစုက ဈေးကိုသွားပြီးပဲ ဝယ်ကြတာ။” တစ်နည်းပြောရရင်တော့ အဆင့်မြင့်ထွက်ကုန်တွေချည်းရောင်းသည့်ဆိုင်မှာ အလုပ်မဖြစ်နိုင်ဘူးဟုပင်။
ဘာပဲဖြစ်ဖြစ် အဆင့်မြင့်စတိုးဆိုင်ကြီးတွေက ပစ္စည်းတွေကလည်း တကယ်တမ်း ဈေးထဲကနေပဲ လာခြင်းဖြစ်ကြောင်း လူတော်တော်များများ သိထားပြီးဖြစ်လေသည်။ သို့ပေမယ့် စတိုင်းဆိုင်ပေါ်ရောက်သွားသည့် ပစ္စည်းတွေကတော့ ဈေးထဲကထက် အဆပေါင်းများစွာပိုကြီးလေသည်။ ဥပမာအားဖြင့် ဂေါ်ဖီထုပ်အသေးလေးတစ်ခုကို ဈေးထဲတွင် ၁ယွမ်ဖြင့်ရောင်းမည်ဆိုပါက သူတို့ဆီမှာတော့ ၂ယွမ်ရောင်းလေသည်။ ဒါကြောင့် လူအများစုသည် ဝယ်စရာရှိပါက ဈေးသို့သာ သွားလိုက်ကြသည်။
လီယန်၏စိတ်တနာရည်ရွယ်ချက်ကို ရှောင်လင်းယွီ သဘောပေါက်လေသည်။ သူမက ပြုံးလိုက်ကာ၊ “ကျွန်မသိပါတယ်၊ ဒါပေမယ့် တစ်ခါလောက်တော့ စမ်းကြည့်ချင်သေးတယ်။”
လီယန်လည်း သူမကိုကြည့်ကာ ဘာမှထပ်မပြောတော့ပေ။
သူက ခေါင်းညိတ်လိုက်ပြီး၊ “ကောင်းပါပြီ၊ မစ္စရှောင်။ ကျွန်တော့်ကို ရက်နည်းနည်းလောက် အချိန်ပေးပါ။ ခင်ဗျားကျေနပ်လောက်မယ့် ဒီဇိုင်းတစ်ခု သေချာပေါက် ရစေရပါမယ်။”
ရှောင်လင်းယွီ ခေါင်းညိတ်ကာ ပြုံးလိုက်လေသည်။ “ကျေးဇူးတင်ပါတယ်၊ ဒါရိုက်တာလီ။”
သူမဆိုသည် အကြီးကြီးမဟုတ်သော်လည်း ယန်ကွမ်းအလှဆင်ကုမ္ပဏီကတော့ ရှင်းယင်ခရိုင်ရှိ ပြန်လည်မွမ်းမံသည့်ကုမ္ပဏီများစွာထဲမှ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်လေသည်။ ဒါကြောင့် သူမဆိုင်ကို ထိုကုမ္ပဏီ၏ဒါရိုက်တာကိုယ်တိုင်က ဒီဇိုင်းဆွဲပေးမည်ဆိုတာကြောင့် သူမနည်းနည်း ဂုဏ်ယူမိသလို အရမ်းလည်းဝမ်းသာမိသည်။
လီယန်လည်း ပြုံးလိုက်ကာ၊ “မစ္စရှောင်က အရမ်းအားနာနေပြန်ပါပြီ။ မင်းက ဟိုင်ယန်ရဲ့သူငယ်ချင်းလေ၊ ဒီတော့ ကျွန်တော့်သူငယ်ချင်းပဲပေါ့။ သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကူညီရမယ်လေ၊ ပြီးတော့ မင်းက ငါ့ရဲ့အလုပ်အပ်သူလည်းဖြစ်သေးတယ်။”
“ဟဟ” ရှောင်လင်းယွီ ရယ်လိုက်ကာ၊ “ကျေးဇူးပါ ဒါရိုက်တာလီ။”
ရှောင်လင်းယွီ ထွက်သွားပြီးနောက် လီယန်က ချက်ချင်းပင် ကျန်းဟိုင်ယန်ကို ဖုန်းဆက်ကာ မေးလေတော့သည်။ “ဟိုင်ယန်၊ မင်းသူငယ်ချင်းက အသီးအရွက်ရောင်းမယ့်ဆိုင် ဖွင့်ချင်တယ်ဆိုတာ မင်းသိလား။”
ကျန်းဟိုင်ယန်က ပျင်းရိစွာဖြင့် ပြန်ဖြေလာခဲ့သည်။ “သိတယ်လေ…”
လီယန် အတော်လေး အံ့ဩသွားတော့သည်။ “ဒါဆို ဘာလို့ မင်း သူ့ကိုမတားတာလဲ။ သူကရော ဟင်းသီးဟင်းရွက်ဆိုင်ဖွင့်ဖို့ကို ဘာလို့ အဆင့်မြင့်ပြန်လည်မွမ်းမံမှုမျိုးလိုချင်တာလဲ။ ဒါငွေဖြုန်းတာပဲမဟုတ်ဘူးလား။”
“ယန်ဇီ၊ မင်းမသိသေးပါဘူးကွာ၊ သူ့အသီးအရွက်တွေက သာမာန်အသီးအရွက်တွေမဟုတ်ဘူးကွ။” ကျန်းဟိုင်ယန် ရှင်းပြလာခဲ့သည်။ “နောက်ဆို မင်းသိလာမှာပါ။”
လီယန် စိတ်ရှုပ်ထွေးသွားခဲ့သည်။ “သာမာန်အသီးအရွက်မဟုတ်ဘူး? ဘာလဲ ကောင်းကင်ဘုံပေါ်ကနေ ရလာတာမို့လို့လား။ အဲ့လိုဆိုရင်တောင် အဆင့်မြင့်ပြန်လည်မွမ်းမံမှုနဲ့ ဈေးကြီးတဲ့ဆိုင်မျိုးငှားရင် သူ့ပစ္စည်းတွေက အရမ်းဈေးကြီးတော့မှာပဲ။ ဝယ်မယ့်သူရော ရှိပါ့မလား။”
“မင်းစိတ်ပူနေဖို့ မလိုပါဘူး။” ထို့နောက် ကျန်းဟိုင်ယန် မေးလိုက်သည်။ “ဒီနေ့ မင်းကုမ္ပဏီကို ရှောင်လင်းယွီ လာသွားတာလား။”
လီယန် ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်၊ သူ ဒီဇိုင်းတွေလာကြည့်တာ၊ ဒါပေမယ့် စိတ်တိုင်းကျတာ မတွေ့သွားဘူး။ သူက အဆင့်အတန်းမြင့်တဲ့ဆိုင်ဒီဇိုင်းမျိုးလိုချင်တယ်လို့ ပြောသွားတယ်။” ထိုအချက်အရောက် သူက မေးလိုက်ပြန်သည်။ “ဟိုင်ယန်၊ မင်းမစ္စရှောင်ကို ဘယ်ကရှာတွေ့လာတာလဲ။” သူက သံသယအနည်းငယ်ဖြင့်၊ “မင်းရည်းစားတော့မဟုတ်ဘူးမလား။ မင်း ငါတို့ဆီကနေ ဝှက်ထားတယ်ပေါ့။”
“မဟုတ်ဘူး။” ကျန်းဟိုင်ယန် ဖုန်းကို အကြမ်းပတမ်းချသွားတော့သည်။
လီယန်၏နှုတ်ခမ်းက တွန့်သွားကာ ဖုန်းကိုကြည့်ရင်း၊ “မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့။ ဘာလို့ ဒေါသထွက်ရတာလဲ။” လီယန် ဖုန်းချလိုက်ပြီးနောက် ပင်လယ်ရေအောက်ဒီဇိုင်းဆွဲသည့်ထဲသို့ စိတ်ပြန်နစ်လိုက်သည်။
….
ယီမိသားစုဟိုတယ်၏အထွေထွေမန်နေဂျာရုံးခန်းတွင် ကျိုးဟွာမင်တစ်ယောက် သူဌေးထိုင်ခုံတွင် မည်းမှောင်နေသည့် မျက်နှာနှင့်ထိုင်နေလေသည်။
သူအခုလေးတင် သူ့ပြိုင်ဘက် ကုမိသားစုဟိုတယ်အား သူတို့ဘက်က ခေါင်းဆောင်စားဖိုမှူး၊ စားဖိုမှူးနှစ်ယောက်နှင့် အသီးအရွက်တင်သွင်းသည့် လွိယွမ်ကို လုပ်ယူကာ အနိုင်ပိုင်းထားခြင်းဖြစ်သည်။ ညတွင်းချင်းမှာပဲ ယီမိသားစုဟိုတယ်၏စီးပွားရေးက မိုးထိအောင် မြင့်တက်သွားခဲ့လေသည်။ တစ်ဖက်မှာတော့ ကုမိသားစုဟိုတယ်မှာ သွေးစိမ်းရှင်ရှင်ကျသည်အထိ ငွေများဆုံးရှုံးနေခဲ့သည်။ သုံးလလောက်နေသည်နှင့် ကုမိသားစုဟိုတယ်ကို ပိတ်လိုက်ရမည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ကုမိသားစုဟိုတယ်ကို ဝယ်ယူကာ ယီမိသားစုဟိုတယ်၏လုပ်ငန်းခွဲအဖြစ်ပြောင်းလဲပစ်မည်ဖြစ်လေသည်။ ဒီလိုဆို ကုမိသားစု အရမ်းကို စိတ်အနှောက်အယှက်ဖြစ်သွားမှာပဲ။
သို့ပေမယ့် ကုမိသားစုဟိုတယ်၏ကံကြမ္မာက ရုတ်တရက်ကြီး ပြောင်းလဲသွားမည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။ ကုကျီယဲ့သည် ဆန်းကြယ်သည့် အသီးအရွက်တင်သွင်းသူကို ရှာတွေ့သွားကာ ချက်ချင်းပင် သူတို့ဟိုတယ်၏ စီးပွားရေးက ပြန်လည် လည်ပတ်လာနိုင်ခဲ့သည်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုပြီးတောင်မှ ကျော်ကြားလာလေသည်။
ပထမတော့ အသီးအရွက်များတွင် ဘိန်းပန်းခြောက်ကို ဟင်းခတ်အမွှေးအကြိုင်လိုမျိုးသုံးထားသည်ဟု သံသယဝင်မိတာကြောင့် ကျိုးဟွာမင်သည် ရဲကိုတောင် ခေါ်ခဲ့လေသည်။
ရဲတွေက အသီးအရွက်များကိုယူကာ ဓာတ်ခွဲစစ်ဆေးကြည့်ခဲ့ကာ ဘာမှရှာမတွေ့ခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ထိုအသီးအရွက်များတွင် လူသားများ၏ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးသော အာဟာရဓာတ်များပင် ပါဝင်နေသေးသည်။ ထိုရဲဘက်ဆိုင်ရာတင်ပြချက်ထွက်လာသည်နှင့် ကုမိသားစုဟိုတယ်တွင် လူအဝင်အထွက် ပိုလို့တောင် များလာတော့သည်။
ကျိုးဟွာမင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် သူ့ပြိုင်ဘက်၏စီးပွားရေးကို ကူညီပေးလိုက်သလိုပင်။ တချိန်တည်းမှာပဲ သူတို့ကိုယ်တိုင်၏စီးပွားရေးကတော့ ဆိုးရွားလာခဲ့သည်။ ကျိုးဟွာမင်တစ်ယောက် ထိုအကြောင်းတွေးရင်း တောက်တစ်ချက်ခေါက်လိုက်တော့သည်။
“အဲ့ဒီတင်သွင်းသူကို ရှာလို့တွေ့ပြီလား။” မည်းမှောင်နေသည့်အမူအရာဖြင့် ကျိုးဟွာမင်မေးလိုက်သည်။ သူတို့သာ ကုမိသားစုဟိုတယ်ကို ဆွဲချလိုလျှင် ထိုအသီးအရွက်ထောက်ပံ့မှုကို ဖြတ်တောက်ပစ်မှရပေမည်။ သူတို့တစ်ကြိမ်လုပ်ပြီးမှတော့ နောက်တစ်ကြိမ်လည်း လုပ်နိုင်ရမှာပေါ့။ ထိုတင်သွင်းသူအသစ်ကို ယီမိသားစုဟိုတယ်ဘက်လာအောင် ဆွဲဆောင်နိုင်လျှင် ရလဒ်က အံ့အားသင့်စရာကောင်းသွားပေလိမ့်မည်။ ဒီလိုဆို ကုမိသားစုဟိုတယ်ကို တစ်ခါတည်း လွင့်ထွက်သွားအောင် မှုတ်ထုတ်နိုင်လိမ့်မည်။
လက်အောက်ငယ်သားက တင်ပြလာခဲ့သည်။ “ဟုတ်ကဲ့ ကျွန်တော်တို့ ရှာတွေ့ထားပါပြီ။”
“ဒါဆိုလည်း အဲ့ဒီတင်သွင်းသူကို ဖြတ်ချဖို့ လုပ်နိုင်သမျှနည်းလမ်းအကုန်သာသုံး။ ပြီးရင် အဲ့ဒီတင်သွင်းသူကို ကုမိသားစုဟိုတယ်အစား ငါတို့ဟိုတယ်ရောက်အောင် ခေါ်ခဲ့။” ကျိုးဟွာမင် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ။”
***