ဖိအားပေးသည့်စီးပွားရေး
Vol. 9 Ch. 156
မနက်ခင်းစောစောမှာပဲ ဝမ်ကျီမင်တစ်ယောက် ပုံမှန်အတိုင်း ရှောင်လင်းယွီ၏အိမ်သို့ အသီးအရွက်များ လာယူခဲ့သည်။ ပမာဏကိုရေတွက်ပြီးနောက်မှာတော့ မြန်မြန်ဆန်ဆန်ပဲ ပြန်ထွက်သွားခဲ့သည်။
ဝမ်ကျီမင် ထွက်သွားပြီး မကြာခင်မှာပဲ ရှောင်လင်းယွီလည်း အိမ်ထဲမှ ထွက်လာခဲ့သည်။ ဒီကနေ့ ထောင်ယွမ်ရွာသို့ပြန်ဖို့ ဆုံးဖြတ်ထားခြင်းပင်။ သို့သော်လည်း သူမခြံတံခါးမှ ထွက်လိုက်ချိန်မှာပဲ သန်သန်မာမာအမျိုးသားနှစ်ယောက်က သူမလမ်းကို ပိတ်ရပ်လိုက်ကြလေသည်။ ထိုလူနှစ်ယောက်မှာ အရပ်ရှည်ရှည် ကြွက်သားတောင့်တောင့်နှင့် လက်မောင်းများကို ဖော်ထားကြကာ သူတို့လက်မောင်းပေါ်တွင် အနက်ရောင်အရိုးခြောက်ပုံတက်တူးက အထင်းသားပင်။ ကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလှသည်။
ရှောင်လင်းယွီ နှလုံးခုန်တစ်ချက်မြန်သွားသော်လည်း တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်လေသည်။ “ရှင်တို့ ဘယ်သူတွေလဲ။”
ထိုထဲမှတစ်ယောက် ပြန်ဖြေလာလေသည်။ “မစ္စရှောင်၊ ကျွန်တော်တို့ဘော့စ်က ခင်ဗျားကို ဖိတ်လိုက်လို့ပါ။”
ရှောင်လင်းယွီ၏သေသပ်လှသည့် မျက်ခုံးလေးများ တွန့်ချိုးသွားကာ သံသယဖြင့် မေးလိုက်လေသည်။ “ရှင်တို့ဘော့စ်ဆိုတာ ဘယ်သူလဲ။”
“ကျွန်တော်တို့ဘော့စ်က ယီမိသားစုဟိုတယ်ရဲ့ အဝယ်တော်မန်နေဂျာ၊ ကျိုးဟုန်ဝေ့ပါ။” ထိုလူက ပြန်ဖြေလာလေသည်။ ရှောင်လင်းယွီ လက်သီးဆုပ်လိုက်မိသော်လည်း မြန်မြန်ပင် ပြန်ဖြည်လိုက်သည်။ စိတ်ထဲတွင်တော့ ဒီလူသန်ကြီးနှစ်ယောက်ကို သူမအနိုင်ယူနိုင်ပါ့မလား တွက်ချက်နေလေသည်။
ဒီလူတွေက အစကတည်းက ကြိုတင်ပြင်ဆင်ပြီးမှလာကြမှန်း သိသာလှသည်။ ထိုလူက အခိုင်အမာကို ဆက်ပြောလာခဲ့သည်။ “မစ္စရှောင်၊ ကျွန်တော်တို့က ဘော့စ်ဆီ ခင်ဗျားကိုခေါ်သွားဖို့ အမိန့်ရထားတာပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းပေးပါ။”
ဒါက ခြိမ်းခြောက်မှုတစ်မျိုးပင်။ အခုမှ နေထွက်ရုံရှိသေးကာ သူမအိမ်ကလည်း လူပြတ်သည့်ဘက်တွင်ရှိခြင်းဖြစ်သည်။ သူမအော်ပြီး အကူအညီတောင်းရင်တောင်မှ ဘယ်သူမှရောက်လာမှာမဟုတ်ပေ။ ဒါကြောင့် ရှောင်လင်းယွီ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ကာ၊ “ဘော့စ်ကျိုးက ကျွန်မနဲ့ စီးပွားရေးကိစ္စပြောချင်တယ်ဆိုမှတော့ အနည်းဆုံးတော့ အရင်ဆုံး ကျွန်မကို စာရွက်စာတမ်းဖိုင်တချို့ပြင်ဆင်ခွင့် ပေးဦးမှပေါ့။ အဆင်ပြေလား။”
“ရတာပေါ့။” ထိုလူက ပြန်ဖြေလာသည်။ “ဒါပေမယ့် ကျွန်တော်တို့ဘော့စ်က မစ္စရှောင်တစ်ယောက်တည်းနဲ့ပဲ စကားပြောချင်တာပါ။ ဒါကြောင့် သူက မစ္စရှောင်ကို ဘယ်အဖော်မှ ခေါ်မလာစေချင်ဘူး။”
ဒါက အကြပ်ကိုင်နေခြင်းပင်။ ဒီတော့ ဒါက ကုမိသားစုဟိုတယ်ကနေ လွိယွမ်ကို ယီမိသားစုဟိုတယ် ဘယ်လိုဖြတ်ခုတ်သွားလဲဆိုတာပေါ့။ ရှောင်လင်းယွီသာ သူမဖုန်းကို ထုတ်လိုက်ပါက ချက်ချင်းပင် ဒီလူတွေဆီက ပြန်ပေးဆွဲခံရလိမ့်မည်ဖြစ်သည်။
ရှောင်လင်းယွီ ပြောစရာစကားမဲ့သွားတော့သည်။ ယီမိသားစုဟိုတယ်၏ ကိစ္စများဖြေရှင်းသည့်နည်းလမ်း ဘယ်လိုရှိတယ်ဆိုတာကို သူမဂရုမစိုက်ခဲ့ပေ။ ဒါပေမယ့် ပထမဆုံးတွေ့ဆုံခြင်းမှာတင် ခြိမ်းခြောက်အကြပ်ကိုင်နေပြီးတော့ ဘယ်လိုများ ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုမျိုးရှိလာဖို့ မျှော်လင့်နိုင်တာလဲ။
ရှောင်လင်းယွီက ပြန်ပြောလိုက်လေသည်။ “ကျွန်မ နားလည်ပြီ။ စာချုပ်စာတမ်းတွေသွားယူလိုက်ပါဦးမယ်။ ဒီမှာခဏစောင့်နေကြပါ။”
ထိုအခါ ထိုလူက ခပ်တင်းတင်းလေသံဖြင့် သတိပေးလာလေသည်။ “မစ္စရှောင်၊ ခင်ဗျား ဘာလှည့်ကွက်မှမသုံးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့နားကပါးတာကြောင့် ဆယ်မီတာအကွာက ခြင်တစ်ကောင်ပျံပြေးသွားရင်တောင် ကြားနိုင်တယ်။ ကျွန်တော်တို့ဘော့စ်ကပြောလိုက်ပါသေးတယ်။ မစ္စရှောင်ရဲ့မောင်လေး ခရိုင်တွင်း အစမ်းစာမေးပွဲမှာ ပထမနေရာထပ်ရခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်ဆိုပြီးလေ။”
ရှောင်လင်းယွီ အသက်ရှူကြပ်သွားကာ သူမမျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါက်ကွဲထွက်လာတော့သည်။ ထို့နောက် သူမကိုယ်သူမ စိတ်ကိုအေးအေးထားရန်နှင့် မလန့်သွားရန် ပြန်နှစ်သိမ့်လိုက်သည်။
ထို့နောက် သူမက၊ “ဒါဆိုလည်း ဘော့စ်ကျိုးရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ရမှာပေါ့။ သူက ကျွန်မတို့မိသားစုကိစ္စတွေကိုပါ အာရုံထားရလောက်တဲ့အထိ စိတ်သဘောထားပြည့်ဝတာပဲ။”
ရှောင်လင်းယွီ အိမ်ထဲသို့ ပြန်ဝင်လိုက်သည်။ တံခါးတွင်တော့ အမျိုးသားနှစ်ယောက်က စောင့်ကြပ်နေကြကာ နားစွင့်နေကြသည်။ ရှောင်လင်းယွီ ဘယ်သူ့ကိုမှဖုန်းမဆက်တာသေချာအောင် စောင့်ကြည့်နေကြခြင်းပင်။ ရှောင်လင်းယွီ ထွက်မပြေးနိုင်ဘူးဆိုတာကိုတော့ သူတို့ယုံကြည်ချက်ရှိသည်။ သူမဘယ်သူ့ကိုမှလည်း အကူအညီတောင်း၍ရမည်မဟုတ်ပေ။
သို့သော်လည်း မကြာခင်မှာပဲ ရှောင်လင်းယွီ ပြန်ရောက်လာလေကာ ဖိုင်တစ်အိတ်ကိုလည်း သယ်လာလေသည်။
ထိုလူတွေက ရှောင်လင်းယွီကို လမ်းကြားထဲကနေခေါ်ထုတ်လာခဲ့ကာ လမ်းမတစ်ဖက်တွင် ရပ်ထားသည့် အနက်ရောင်ကားထဲသို့ ဝင်ခိုင်းလေသည်။
ရှောင်လင်းယွီတစ်ယောက် နှစ်ထပ်စံအိမ်တစ်ခုသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။
“မစ္စရှောင်၊ ဆင်းပါ။” တစ်ယောက်က သူမကို ကားတံခါးဖွင့်ပေးလိုက်သည်။ ရှောင်လင်းယွီ ကားပေါ်မှဆင်းကာ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် မေးလိုက်လေသည်။ “ကျွန်မ ဘယ်ရောက်နေတာလဲ။”
“မစ္စရှောင် နောက်ဆုံးတော့ရောက်လာပြီပေါ့။ မင်းကို စောစောကတည်း ထွက်မကြိုမိတာ စိတ်မရှိပါနဲ့နော်။” အိမ်ထဲကနေပြီး လူငယ်တစ်ယောက်၏အသံထွက်ပေါ်လာခဲ့သည်။ ထိုလူထွက်လာချိန်မှာတော့ အသက်နှစ်ဆယ်ဝန်းကျင်ရှိကြောင်း သိလိုက်ရသည်။ သူက ခန္ဓာကိုယ်အချိုးအစားက အလယ်အလတ်ရှိကာ အသားနည်းနည်းညိုပြီး မျက်နှာတွင်တော့ ကျောက်ပေါက်မာလို အချိုင့်အခွက်အပြည့်ပင်။ သူ့ဆံပင်တွေကိုလည်း ဂျယ်နှင့်သေချာပုံသွင်းထားလေသည်။
သူ့တွင် စူးရှသည့်မျက်ဝန်းများရှိကာ အနည်းငယ်တော့ မှေးကျဉ်းလေသည်။ သူက အပြုံးချိုချိုဖြင့် စကားစလာလေသည်။ “မစ္စရှောင်က အလှလေးပဲ။ အသီးအရွက်ရောင်းတဲ့လူတွေအကုန်လုံးက ဆင်းရဲညစ်ပတ်နေတဲ့ သက်လတ်ပိုင်းအမျိုးသမီးကြီးတွေလို့ပဲ ထင်ထားခဲ့တာ။”
ရှောင်လင်းယွီက တိုက်ရိုက်ပင် ပြန်မေးလိုက်လေသည်။ “ရှင်က ဒီလူနှစ်ယောက်ရဲ့ဘော့စ် ကျိုးဟုန်ဝေ့လား။” သူမနောက်လူနှစ်ယောက်ကို ညွှန်ပြလိုက်လေသည်။
ကျိုးဟုန်ဝေ့က ခေါင်းညိတ်လိုက်ကာ၊ “ဟုတ်ပါတယ်။ ကျွန်တော်က ကျိုးဟုန်ဝေ့၊ ယီမိသားစုဟိုတယ်ရဲ့ အဝယ်တော်မန်နေဂျာပါ။ မစ္စရှောင်ကို ကျွန်တော်တို့ဘာကြောင့် ဒီနေရာဆီ ဖိတ်ခေါ်လိုက်ရလဲဆိုတာ သိပြီးသားဖြစ်မှာပေါ့။ စီးပွားရေးအကြောင်းလေးပြောချင်လို့ပါ။”
ရှောင်လင်းယွီက သရော်သည့်လေသံဖြင့် ပြန်ပြောလေသည်။ “ဒီတော့ ဒါ ဘော့စ်ကျိုး လူတွေနဲ့စီးပွားရေးလုပ်တဲ့ပုံစံပေါ့။ တကယ်ကို ကျွန်မကို အမြင်ကျယ်သွားစေတာပဲ။”
ကျိုးဟုန်ဝေ့ကတော့ ထိုသို့စော်ကားပြောဆိုနေသည်ကို လွှတ်ထားပေးလေသည်။ သူ့ပန်းတိုင်ကိုရောက်နိုင်သ၍ ဘယ်လိုပဲ နှိမ့်ချပြောဆိုခံရပါစေ သူစိတ်ထဲထားနေမည်မဟုတ်ပေ။
ကျိုးဟုန်ဝေ့က ပြုံးနေတုန်းပင်၊ “ကျွန်တော်က မစ္စရှောင် ဒီလာတဲ့လမ်းကို မသိမှာစိုးလို့ ခင်ဗျားကိုဖိတ်ဖို့အတွက် ကျွန်တော့်လူတွေကို စီစဉ်လိုက်ရတာပါ။”
“ဒီတော့ ဒါ ရှင်ဖိတ်ကြားတဲ့ပုံစံပေါ့။” ရှောင်လင်းယွီကတော့ သူဘာပြောပြော လက်ခံမည်မဟုတ်ပေ။ “ရှင်က ကျွန်မကိုခြိမ်းခြောက်ဖို့ ကျွန်မမောင်ကိုတောင် အသုံးချခဲ့တာလေ။ ဒါဘော့စ်ကျိုး စီးပွားရေးလုပ်တဲ့ပုံစံပေါ့။ ဒီလိုသာဆို ကျွန်မလည်း ကွေ့ဝိုက်မနေတော့ဘူး။ ကျွန်မ ရှင်နဲ့စီးပွားရေးလုပ်ဖို့ စိတ်မဝင်စားဘူး။ ဒါဆို ကျွန်မအခုပြန်လို့ရပြီလား။”
“….” ကျိုးဟုန်ဝေ့ ပြုံးလိုက်သည်။ “မစ္စရှောင် ဒေါသမထွက်ပါနဲ့။ ကျွန်တော်က မစ္စရှောင်မှာ ထူးချွန်တဲ့မောင်လေးတစ်ယောက်ရှိမှန်း သိလိုက်ရတော့ ဝမ်းသာသွားမိလို့ပါ။ စီးပွားရေးကိစ္စကတော့ ခင်ဗျားကို ဒီနေရာဆီ ဖိတ်ခေါ်ထားပြီးမှတော့ သေချာပေါက် ခင်ဗျားကို ထွက်သွားခွင့်မပြုနိုင်ခင် အရင်ဆုံး အလုပ်ကိစ္စလေး ပြောကြတာပေါ့။”
ရှောင်လင်းယွီ မျက်လုံးများကျဉ်းမြောင်းသွားကာ အေးစက်စက်ပင် ပြောလိုက်လေသည်။ “ကျွန်မ ငြင်းမယ်ဆိုရင်ရော။”
ကျိုးဟုန်ဝေ့၏မျက်လုံးများလည်း ကျဉ်းမြောင်းသွားကာ မျက်ခုံးပင့်လိုက်ပြီး ပြုံးနေရင်းနှင့်ပင် ပြောလာခဲ့သည်။ “ဒါဆိုလည်း မစ္စရှောင်ကို ကျွန်တော့်ဧည့်သည်အဖြစ် ဒီနေရာမှာ နှစ်ရက်လောက်ဆက်နေပေးဖို့ ဒုက္ခပေးရတော့မှာပေါ့။”
“ဒီတော့ ရှင်က ကျွန်မကို ဖမ်းချုပ်ထားချင်တယ်ပေါ့။” ရှောင်လင်းယွီ နှာမှုတ်ကာ ခပ်ပြတ်ပြတ်ပင်မေးလိုက်သည်။
“ဟဟ၊ မစ္စရှောင်ကတော့ ဟာသတွေပြောနေပြန်ပါပြီ။ ဘယ်လိုလုပ် ဖမ်းချုပ်တယ်လို့ သုံးရတာလဲ။” ကျိုးဟုန်ဝေ့၏အပြုံးက လုံးဝပျောက်ကွယ်မသွားခဲ့ပေ။ “စီးပွားရေးလုပ်တယ်ဆိုတာ မိတ်ဆွေဖွဲ့တာပဲလေ။ ကျွန်တော်က မင်းကို မိတ်ဆွေတစ်ယောက်အနေနဲ့… ခဏလောက် နေပေးစေချင်ရုံပါ။”
ရှောင်လင်းယွီ ခေါင်းတညိတ်ညိတ်ဖြစ်သွားကာ၊ “ဒီတော့ ဒါ လွိယွမ်ရဲ့မန်နေဂျာကို ဘော့စ်ကျိုး ဘယ်လိုမိတ်ဖွဲ့ခဲ့တယ်ဆိုတာပေါ့။”
ထိုစကားကိုကြားချိန်မှာတော့ ကျိုးဟုန်ဝေ့၏မျက်နှာပေါ်မှ အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားလေသည်။ “ကြည့်ရတာ မင်းနဲ့ကုကျီယဲ့က တကယ်ကိုသူငယ်ချင်းကောင်းတွေထင်တယ်။ ဒီအကြောင်းကိုတောင်မှ မင်းကိုပြောပြတယ်ဆိုတော့လေ။” သူက ရှောင်လင်းယွီကို အထက်အောက်စုန်ဆန်ကြည့်လိုက်ကာ အရိပ်အမြွက်ပေးသလိုပုံစံဖြင့် ပြောလာခဲ့သည်။ “ဒါနဲ့ ကုကျီယဲ့က မင်းကို အသုံးချနေရုံပဲဆိုတာ မသိဘူးလား။”
“ကျွန်မကို အသုံးချတယ်?” ရှောင်လင်းယွီ စိတ်ရှုပ်ထွေးသွားရသည်။ “ဘော့စ်ကျိုး ဘာကိုပြောချင်တာလဲ။”
ကျိုးဟုန်ဝေ့ ပြန်ပြုံးလိုက်ကာ၊ “ကုကျီယဲ့က အတွင်းထဲကကိုကောက်ကျစ်တဲ့လူမျိုးလေ။ သူလိုချင်တာရဖို့ဆို ဘာမဆိုလုပ်တယ်။ တစ်ခါကဆို ကျွန်တော်တို့နဲ့ အလုပ်တွဲလုပ်တဲ့ ပင်လယ်စာတင်သွင်းသူတစ်ယောက်ရှိတယ်၊ ဒါပေမယ့် သူ့ကို ကုကျီယဲ့က ခိုးသွားတယ်လေ။”
“အဲ့ဒီတော့?” ဒါက ဘာမှအဖြေမဟုတ်တာကြောင့် ရှောင်လင်းယွီက မေးလိုက်လေသည်။ သူမစိတ်ထဲ နားလည်သွားသည်က၊ ‘ရှင်တို့တွေက တစ်ယောက်တင်သွင်းသူတစ်ယောက် ခိုးနေကြတာပဲလေ။ ဘယ်လိုများ တခြားတစ်ယောက်ကို ချောက်ချဖို့ယုံကြည်ချက်တွေရှိနေကြတာလဲ။’
“အဲ့ဒီသူဌေးမှာ အသက် ၁၈နှစ်ဝန်းကျင်လောက်ရှိတဲ့ သမီးတစ်ယောက်ရှိတယ်။ ကုကျီယဲ့က သူ့ကို ပိုးပန်းဖို့အတွက် နည်းလမ်းမျိုးစုံသုံးခဲ့တာ။ ကောင်မလေး သူ့ကိုကြွေသွားတဲ့အချိန်လည်းကျရော သူ့မျက်နှာအစစ်ကို ထုတ်ပြလာရော။ သူက ကောင်မလေးကိုအသုံးချပြီး သူ့အဖေကို ကျွန်တော်တို့နဲ့ အလုပ်ဆက်မလုပ်ဘဲ ကုမိသားစုဟိုတယ်နဲ့ပူးပေါင်းဖို့ နားချခိုင်းတာလေ။ အဲ့သူဌေးကလည်း သူ့သမီးစကားနားထောင်ပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းမှုကို ရပ်သွားတယ်။ ကုကျီယဲ့က သူလိုချင်တာလဲရသွားရော ကောင်မလေးကို သူ့ညီမလေးလိုပဲ သဘောထားတာပါ၊ သူမကို မချစ်ပါဘူးဆိုပြီး ပြောလိုက်ရော။”
ထိုအချက်အရောက် ကျိုးဟုန်ဝေ့က နှာခေါင်းရှုံ့လိုက်ကာ အထင်သေးဟန်ဖြင့် ဆက်ပြောလေသည်။ “ဟမ့်၊ ဒါက ကောင်မလေးကို အသုံးချနေတာမှန်း အသိသာကြီးလေ။ ကောင်မလေးကလည်း မိုက်မိုက်မဲမဲနဲ့ သူ့ကိုယုံနေတယ်။ အဆုံးကျတော့ သူတို့နှစ်ယောက် တကယ်ကြီး မောင်နှမတွေလိုဖြစ်သွားရော။ ကောင်မလေးကလည်း ကုကျီယဲ့ကို သူမအစ်ကိုလိုပဲ ဆက်ဆံတော့တယ်။ မစ္စရှောင်၊ ဒါရယ်စရာကောင်းတယ်လို့ မထင်ဘူးလား။”
ဒီတော့မှ ရှောင်လင်းယွီလည်း ကျိုးဟုန်ဝေ့၏ဦးတည်ချက်ကို နားလည်သွားတော့သည်။ သူက ရှောင်လင်းယွီက ကုကျီယဲ့ကို ချစ်မိသွားတာကြောင့် ကုကျီယဲ့ကို ကူညီပေးနေခြင်းဖြစ်သည်ဟု ထင်နေခြင်းပင်။ ကျိုးဟုန်ဝေ့၏အစီအစဉ်မှာ သူမနှင့်ကုကျီယဲ့ကြား သံသယမျိုးစေ့ကို ချပေးရန်ဖြစ်လေသည်။
ရှောင်လင်းယွီက ခေါင်းအသာယမ်းလိုက်ကာ၊ “ဘော့စ်ကျိုး၊ ဒီဇာတ်လမ်းက ရယ်စရာကောင်းလား မကောင်းဘူးလား ကျွန်မတကယ်ကို မပြောနိုင်ဘူး။ ပြီးတော့ ဒီဇာတ်လမ်းမှာပါဝင်တဲ့မိန်းကလေးကသာ သူမိုက်မဲလား မမိုက်မဲဘူးလားဆိုတာ ပြောနိုင်လိမ့်မယ်လို့ထင်တယ်။ ကျွန်မပြောတာမှန်လား။”
ဒီဇာတ်လမ်းက အမှန်ဟုတ်မဟုတ် ရှောင်လင်းယွီ မပြောတတ်ပေ။ သူမစိတ်ထဲကပေါ်လာသည့်အတိုင်း ပြောလိုက်ရုံသာဖြစ်လေသည်။ သို့သော်လည်း ထိုစကားများက ကျိုးဟုန်ဝေ့၏နားထဲရောက်သွားချိန်မှာတော့ ရှောင်လင်းယွီက ကုကျီယဲ့ကို ချစ်လွန်း၍ ကာကွယ်ပေးနေခြင်းဟု ထင်သွားလေသည်။ ဒီတော့ ရှောင်လင်းယွီက ကုကျီယဲ့နဲ့ပဲ ဆက်ပြီးအလုပ်လုပ်ချင်ပြီး ယီမိသားစုဟိုတယ်နဲ့ မပူးပေါင်းချင်ဘူးလို့ ဆိုလိုတာပေါ့။
ကျိုးဟုန်ဝေ့၏မျက်နှာက မည်းမှောင်သွားကာ သူ့လေသံက ဆက်ပြီး အရင်လို မယဉ်ကျေးနိုင်တော့ပေ။
သူက တည့်တိုးပင်ပြောလာတော့သည်။ “မစ္စရှောင်၊ ကိုယ့်ဘာသာ ခက်ခဲအောင်မလုပ်ပါနဲ့လား။ ဒီလိုဆို မင်းကို ဒီမှာနှစ်ရက်လောက်နေဖို့ ဖိအားပေးရတော့မှာပဲ။ ဒီရက်တွေအတွင်း ငါတို့စီးပွားရေးကိစ္စကို ကောင်းကောင်းဆက်ပြောကြတာပေါ့။ မစ္စရှောင်လို မိန်းမလှလေးနဲ့ နေ့တိုင်းအလုပ်ကိစ္စဆွေးနွေးရမှာကို ငါကပိုလို့တောင်မှ ဆန္ဒရှိပါသေးတယ်” နောက်ဆုံးစကားပြောနေချိန်တွင် သူ့မျက်နှာထက်၌ တဏှာစိတ်က ပေါ်လာလေသည်။ သူက နှုတ်ခမ်းကိုတောင်မှ လျှာဖြင့် သပ်ပြလိုက်သေးသည်။
သူ့ရည်ရွယ်ချက်က ရှင်းရှင်းလေးပင်။ သူမကို အဓမ္မကျင့်မည်ဟု ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်သည်။
ရှောင်လင်းယွီ၏အမူအရာက နစ်မြုပ်သွားကာ ပြတ်ပြတ်သားသားပင် မေးလိုက်လေသည်။ “ဘော့စ်ကျိုး၊ ရှင်ကျွန်မကို တခြားရွေးချယ်စရာဘာမှမပေးတော့ဘူးပေါ့၊ အဲ့လိုလား။ ရှင်က ကျွန်မကို ဖမ်းချုပ်ထားမယ် ပြီးရင် ကျွန်မလုံခြုံရေးကိုပါ ခြိမ်းခြောက်မယ်။ ဒါအရမ်းရွံစရာကောင်းမနေဘူးလား။”
“စီးပွားရေးလောကရဲ့နည်းလမ်းတွေက ဒီလိုပဲလေ။ ဘာများမှားနေလို့လဲ။” ကျိုးဟုန်ဝေ့ ခပ်တင်းတင်းပင် ပြောလိုက်သည်။ “မစ္စရှောင်က စီးပွားရေးလောကအကြောင်း မသိသေးဘူးဆိုမှတော့ ငါကပဲ သေချာသင်ပေးရမှာပေါ့။” ထို့နောက် သူက ခဏရပ်သွားကာ၊ “ဒါပေမယ့် မစ္စရှောင်သာ ငါတို့နဲ့ပူးပေါင်းဖို့ သဘောတူလိုက်မယ်ဆိုရင် ငါကိုယ်တိုင် မင်းကို ပြန်လိုက်ပို့ပေးမှာပါ။ ဒီတော့ မစ္စရှောင်၊ မင်းရွေးချယ်ရမယ့်အလှည့်ပဲ။”
ကျိုးဟုန်ဝေ့ စကားဆုံးသွားရုံရှိသေး အပြင်ဘက်မှ ရဲကားဥဩသံကိုကြားလိုက်ရလေသည်။
ကျိုးဟုန်ဝေ့နှင့် သူ့လူနှစ်ယောက်တို့၏အမူအရာများက တပြိုင်တည်း ပြောင်းလဲသွားတော့သည်။
ကျိုးဟုန်ဝေ့က တည်တင်းနေသည့်မျက်နှာဖြင့် မေးလိုက်သည်။ “မင်း ရဲခေါ်ထားတာလား။”
ရှောင်လင်းယွီကလည်း မငြင်းပေ။ “ဟုတ်တယ်လေ၊ ကျွန်မခေါ်ထားတာ။”
လူသန်ကြီးနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နားမလည်နိုင်ဖြစ်နေကြလေသည်။ နောက်ဆုံး သူတို့ ထုတ်မေးလာကြသည်။ “မင်းဘယ်အချိန်ခေါ်လိုက်တာလဲ။ မင်းဖုန်းဆက်ရင် ငါတို့သိရမှာပေါ့။”
သူတို့၏အကြားအာရုံဖြင့်ဆိုလျှင် သူမရဲခေါ်ပါက ချက်ချင်းတန်းသိမည်ဖြစ်သည်။ သူမက တစ်ယောက်ယောက်ကိုစာပို့ကာ ရဲခေါ်ပေးဖို့ပြောခဲ့လျှင်တောင်မှ သူတို့သိနေဦးမည်ဖြစ်သည်။ ဖုန်းအသံပိတ်ထားရင်တောင်မှ ခလုတ်နှိပ်သံများကို ကြားနိုင်သေးသည်။ ဒါပေမယ့် ရှောင်လင်းယွီ၏အိမ်တွင်ရှိနေတုန်းက သူတို့ဘာအသံကိုမှ မကြားခဲ့ကြပေ။
ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “ကျွန်မရဲခေါ်တဲ့အကြောင်း ရှင်တို့ကို ဘာလို့ သိခွင့်ပေးရမှာလဲ။ ကျွန်မကို တားနိုင်အောင်လို့လား။”
တကယ်တော့ ရှောင်လင်းယွီသည် သူမအခန်းထဲသို့ ပြန်ဝင်သွားသည်နှင့် ချက်ချင်းပင် စိုက်ပျိုးရေးနေရာလွတ်ထဲ ဝင်လိုက်ခြင်းဖြစ်သည်။ နေရာလွတ်ထဲမှ အချိန်သည် အပြင်ထက်နှေးလေသည်။ နေရာလွတ်ထဲက ၁၀မိနစ်က အပြင်မှ တစ်မိနစ်နှင့်ညီမျှလေသည်။ ဒါကြောင့် ဆယ်မိနစ်ဆိုသည့်အချိန်က သူမSOSမက်ဆေ့ချ်ရိုက်ကာ ဖုန်းသံပိတ်လိုက်ဖို့ လုံလောက်လေသည်။ သူမ နေရာလွတ်ထဲကပြန်ထွက်သည်နှင့် သူမပို့ထားသည့်စာက ချက်ချင်းတန်းထွက်သွားတော့သည်။ သူမ ထိုစာကို ကုကျီယဲ့ထံ တိုက်ရိုက်ပို့လိုက်ခြင်းဖြစ်သည်။ ထိုလူကသာ သူ့ပြိုင်ဘက်အကြောင်း အသိဆုံးဖြစ်ပေမည်။ သူမက ကျိုးဟုန်ဝေ့၏လူနှစ်ယောက် သူမကို ဘော့စ်ကျိုးနှင့်အလုပ်ကိစ္စဆွေးနွေးရန် ဖိတ်ကြားခဲ့သည့်အကြောင်း ကုကျီယဲ့ကို ပြောခဲ့ကာ ရဲခေါ်ပေးဖို့ပါ ပြောထားခဲ့လေသည်။
ထိုသို့လုပ်ဖို့ ရှောင်လင်းယွီ ၁၀စက္ကန့်သာ အချိန်ယူခဲ့သည်။ ဒါကြောင့် ထိုလူသန်ကြီးနှစ်ယောက် ဘာတွေဖြစ်သွားလဲဆိုတာကို သိဖို့ဆိုတာ မဖြစ်နိုင်ပေ။ ထိုလူနှစ်ယောက်သည်လည်း တကယ်ကိုပဲ ရှောင်လင်းယွီ ဘယ်လိုအကူအညီရှာခဲ့မှန်း စဉ်းစားမရဖြစ်နေကြသည်။
ရှောင်လင်းယွီက ရဲခေါ်ထားကြောင်း ကျိုးဟုန်ဝေ့သိလိုက်သည်နှင့် ဒေါသထွက်သွားကာ လူသန်ကြီးနှစ်ယောက်ထဲမှ တစ်ယောက်ကို ပါးရိုက်ချလိုက်လေသည်။ “အသုံးကိုမကျဘူး။ အစကတည်းက ဘာလို့ သူ့ဖုန်းကို မသိထားလိုက်ကြတာလဲ။”
“တောင်းပန်ပါတယ်၊ ဘော့စ်။” ထိုလူနှစ်ယောက်က ချက်ချင်းပင် ခေါင်းငုံ့သွားကြကာ သူ့အမှားကို ဝန်ခံကြလေသည်။ “သူ ရဲခေါ်လိုက်လိမ့်မည်လို့ ကျွန်တော်တို့ မထင်ထားမိလိုက်လို့ပါ။” သူတို့က ရှောင်လင်းယွီကို စူးစူးရဲရဲစိုက်ကြည့်နေကြသည်။ သူတို့တကယ်ကို ရှောင်လင်းယွီအား လျှော့တွက်မိခဲ့ကြလေသည်။
သူမကို ပုံမှန်အားနည်းသည့်မိန်းမတစ်ယောက်ဟုသာ တွေးခဲ့ကြခြင်းဖြစ်သည်။ ဒါပေမယ့် သူမက သူတို့အားလုံးကို အံ့ဩသွားအောင်လုပ်ခဲ့လေသည်။
လူသန်ကြီးနှစ်ယောက်ကို ရိုက်နှက်ပြီးနောက်မှာတော့ ကျိုးဟုန်ဝေ့က သူ့ရင်ဘက်က ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ကာ ရင်ဘက်က အမာရွတ်တစ်ခုကို လှစ်ဟပြလာသည်။ သူ့ပုံစံက အနည်းငယ်တော့ ကြောက်ဖို့ကောင်းသွားသည်။
“ဟဟ၊ မစ္စရှောင်။ မင်းကို ငါ အထင်ကြီးသွားပြီ။ ရဲခေါ်ဖို့တောင် သတ္တိရှိတယ်ပေါ့။ ဒါပေမယ့် ငါက ရဲကိုကြောက်မယ်များ မင်းထင်နေလား။ ငါပြောလိုက်မယ်၊ ရဲတွေ ဒီကိုရောက်လာရင်တောင် အသုံးမဝင်ဘူး။ ဘာလို့လဲ သိလား။”
“ဘာလို့လဲ?” ရှောင်လင်းယွီ နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
“ဘာလို့ဆို ငါ့နောက်ခံကြောင့်ပေါ့။” ကျိုးဟုန်ဝေ့က ယုံကြည်ချက်ရှိရှိနှင့် ဂုဏ်ယူစွာပြောလိုက်လေသည်။ “ရဲစခန်းရဲ့လက်ထောက်ဒါရိုက်တာက ကျိုးထန်ရှုန်းဆိုတာ ငါ့ဦးလေးပဲ။ မဟုတ်ရင် ငါဘယ်လိုများ ဒီလောက်အကြာကြီး စီးပွားရေးဆက်လုပ်နိုင်နေတယ်လို့ မင်းထင်နေလဲ။ ဟဟ.. လွိယွမ်ရဲ့ဘော့စ်လည်း ငါ့ဦးလေးနာမည်ကိုကြားတာနဲ့ ချက်ချင်းပျော့သွားတာပဲ။ သူနဲ့ပူးပေါင်းပေးဖို့တောင် ငါ့ကိုတောင်းပန်လာသေးတယ်။”
“သူ ငါတို့နဲ့ပူးပေါင်းလိုက်တော့ ယီမိသားစုဟိုတယ်ရဲ့စီးပွားရေးက ထိုးတက်သွားတာ မင်းလည်း မြင်မှာပါ။ ကုမိသားစုဟိုတယ် ပိတ်ရဖို့ဆိုတာ အချိန်တစ်ခုပဲလိုတယ်။ သူတို့ဒေဝါလီခံလိုက်ရတာနဲ့ ငါလည်း ပြန်လည်စကားချေနိုင်ပြီ။ ငါ့ရင်ဘက်က ဒီဒဏ်ရာက လွန်ခဲ့တဲ့၁၀နှစ်တုန်းက ကုကျီယဲ့ကြောင့် ရခဲ့တာ။ ငါဒါကို ဘယ်တုန်းကမှ မမေ့ခဲ့ဘူး။”
“ဒါပေမယ့် ရုတ်တရက်ကြီး မင်းပေါ်လာပြီး ကုမိသားစုဟိုတယ်ကို ကူညီပြီး သူတို့ကို သေတွင်းထဲကနေ ပြန်ဆွဲတင်သွားတယ်လေ။ ဆန့်ကျင်ဘက်အနေနဲ့ ယီမိသားစုဟိုတယ်ရဲ့စီးပွားရေးက ထိုးကျသွားတယ်။ ဒီလိုသာဆက်ဖြစ်နေရင် ကုမိသားစုဟိုတယ်က ဘယ်တော့များမှ ဒေဝါလီခံတော့မှာလဲ။”
“မစ္စရှောင်၊ ငါက မင်းနဲ့ ရိုးရိုးသားသား စီးပွားရေးလုပ်ချင်တာပါ။ မင်းက ငြင်းလာမှတော့ နောက်ဆို ငါ့ကိုအပြစ်မတင်နဲ့တော့။ မင်းက မိန်းမတစ်ယောက်မလို့ အစကတော့ ငါက ဈေးကောင်းပေးချင်နေတာ။ ဒါပေမယ့် အခုတော့…”
ထိုသို့တိုက်ရိုက်ခြိမ်းခြောက်ခံရတာကြောင့် ရှောင်လင်းယွီ မျက်မှောင်ကြုတ်သွားလေသည်။
ထိုအချိန်မှာပဲ တစ်ယောက်ယောက်က တံခါးကိုခေါက်လာခဲ့သည်။
“တံခါးဖွင့်။ ငါတို့ကရဲတွေပါ။”
***