ခြိမ်းခြောက်မှုများ
Vol. 9 Ch. 157
ရဲတွေတံခါးဝသို့ရောက်နေသော်လည်း ကျိုးဟုန်ဝေ့က အိမ်ထဲသို့ဝင်သွားကာ သူ့ဦးလေးကို ဖုန်းခေါ်လေသည်။
တစ်ဖက်ဖုန်းနှင့်ချိတ်ဆက်သွားသည်နှင့် သူက စိုးရိမ်တကြီးပြောလိုက်လေသည်။ “ဦးလေး၊ ဘယ်လိုဖြစ်တာလဲ။ ဘာလို့ ရဲစခန်းကလူတွေက ကျွန်တော့်အိမ်ကိုရောက်လာတာလဲ။ ဘာလို့ ကျွန်တော့်ကို သတင်းမပေးတာလဲ။”
တစ်ဖက်ကအသံက အေးစက်စက်ပင်၊ “လက်ထောက်ခေါင်းဆောင်ကျိုး သန့်စင်ခန်းသွားနေတယ်။”
ကျိုးဟုန်ဝေ့ မျက်မှောင်ကြုတ်သွားကာ သံသယဖြင့်မေးလိုက်သည်။ “မင်းကဘယ်သူလဲ။ ဘယ်လိုလုပ် ဒုခေါင်းဆောင်ကျိုးရဲ့ဖုန်းကိုတောင် ဝင်ဖြေရဲတာလဲ။ ဘယ်ကနေ သတ္တိတွေကောင်းနေတာလဲ။” သူက မာမာထန်ထန်ပင် ပြောလေသည်။
“ငါက ကျန်းထောင်။” ကျန်းထောင်၏အေးစက်စက်အသံက ထွက်လာခဲ့သည်။ “ဒီစခန်းရဲ့စခန်းမှူးပဲ။”
ကျိုးဟုန်ဝေ့၏မျက်နှာမှာ ဖြူဖျော့သွားကာ အမြန်ပင် ဖုန်းချလိုက်တော့သည်။ ချက်ချင်းဆိုတော့ သူမရေမရာဖြစ်သွားသော်လည်း မြန်မြန်ဆန်ဆန်ပင် စိတ်ပြန်အေးသွားလေသည်။
ဘာပဲဖြစ်ဖြစ် သူ ရှောင်လင်းယွီကို ဧည့်သည်အဖြစ်သာ ဖိတ်ခေါ်ထားခြင်းဖြစ်ကာ ဘာမှလည်း မလုပ်ရသေးပေ။
သူက ရှောင်လင်းယွီကို စိုက်ကြည့်ကာ သတိပေးလိုက်လေသည်။ “ရှောင်လင်းယွီ၊ မင်းက ရဲခေါ်တဲ့အထိ သတ္တိကောင်းနေတာပဲ။ ဒါပေမယ့် ရဲတွေရောက်လာရင်တောင် မင်းဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့။ အားလုံးပြီးသွားရင် ငါတို့ဒီကိစ္စကို သေချာပြန်ရှင်းကြတာပေါ့။”
“တံခါးဖွင့်။ ရဲတွေပဲ။” တစ်ဖက်ကရဲအရာရှိက အော်နေတုန်းပင်။
“လောင်ဆန်း၊ တံခါးဖွင့်လိုက်။” ကျိုးဟုန်ဝေ့က လူသန်ကြီးတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့၊ ဘော့စ်။” လောင်ဆန်းဆိုသူက ပြန်ဖြေလေသည်။
သူ တံခါးဖွင့်လိုက်သည်နှင့် ရဲအရာရှိလေးယောက်က ချက်ချင်းတိုးဝင်လာကာ သူတို့သေနတ်များဖြင့် ချိန်ပြီး အော်ဟစ်လိုက်လေသည်။ “လက်တွေမြှောက်ထားကြ”
ကျိုးဟုန်ဝေ့နှင့်သူ့လူနှစ်ယောက်လည်း လူတွေ မြှောက်ထားလိုက်ကြသည်။
ကျိုးဟုန်ဝေ့က နားမလည်သည့်ဟန်ဖြင့် မေးလာလေသည်။ “အရာရှိကြီးတို့၊ ဘာတွေဖြစ်နေကြတာလဲ။ ကျွန်တော်တို့ ဘာမှမလုပ်ထားပါဘူး။ ဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားကောင်းတွေပါ။”
သူ ထိုစကားပြောပြီးသည်နှင့် နောက်ထပ်လူသုံးယောက် ဝင်လာလေသည်။ ပထမတစ်ယောက်က ရဲယူနီဖောင်းဝတ်စုံနှင့် လူငယ်တစ်ယောက်၊ ဒုတိယကတော့ အသက်၄၀လောက်ရှိသည့် အရာရှိတစ်ယောက်ဖြစ်ကာ နောက်ဆုံးကတော့… ဘယ်နေရာရောက်ရောက် ကျိုးဟုန်ဝေ့မှန်မိနေမည့်သူဖြစ်လေသည်။ ပြောရရင်တော့ သုံးယောက်လုံးကို သူသိလေသည်။
ပထမတစ်ယောက်က ရဲဌာနမှခေါင်းဆောင် ကျန်းထောင်၊ ဒုတိယက သူ့ဦးလေး လက်ထောက်ခေါင်းဆောင် ကျိုးထန်ရှုန်းဖြစ်ပြီး နောက်ဆုံးကတော့…
သူ အံတင်းတင်းကြိတ်ကာ အော်လိုက်လေသည်။ “ကုကျီယဲ့၊ မင်းကဘာလို့ ဒီရောက်နေတာလဲ။”
ထို့နောက် သူက ကျန်းထောင်ကိုကြည့်လိုက်သည်။ ကျန်းထောင်၏အေးစက်ကာ ခက်ထန်သည့်မျက်လုံးများနှင့် ဆုံလိုက်ချိန်မှာတော့ ချက်ချင်းပင် ကြောက်လန့်တကြား အကြည့်လွှဲမိသွားလေသည်။ သူက သူ့ဦးလေးကို အကြည့်တစ်ချက်ပို့ပြီးမေးလိုက်သည်။ ‘ဘာတွေဖြစ်ကုန်တာလဲ။’
အရင်ကတည်းက သူနှင့်စီးပွားရေးလုပ်သူများကို သူခြိမ်းခြောက်နေကြဖြစ်သည်။ တချို့က သူ့ကိုဖမ်းရန် ရဲခေါ်ခဲ့ကြပေမယ့် အခေါက်တိုင်း ဂျူနီယာရဲအရာရှိများသာ လာတတ်ကြလေသည်။ ဂျူနီရာရဲအရာရှိအများစုမှာ ကျိုးဟုန်ဝေ့ကို သိကြလေသည်။ အကြောင်းကတော့ သူက ရဲစခန်းကို အကြောင်းရှာကာ အမြဲသွားလည်တတ်သောကြောင့်ပင်။ အချိန်ကြာလာသည်နှင့်အမျှ သူက လက်ထောက်ခေါင်းဆောင် ကျိုးထန်ရှုန်း၏တူမှန်း လူတွေ သိလာကြလေသည်။
ထို့ကြောင့် သူ့အကြောင်း တိုင်ကြားချက်ရသည်နှင့် အရာရှိအများစုသည် ချက်ချင်းသွားပြီး လှုပ်ရှားကြရုံသာရှိတော့သည်။
ထို့အပြင် ကျိုးဟုန်ဝေ့သည် အမှန်တကယ် ရိုက်နှက်၍ တိုင်ကြားခံရသည်က အလွန်ကိုမှ ရှားပါးလေသည်။ သူက လူတွေ သူ့ကိုဦးညွှတ်လာအောင် ခြိမ်းခြောက်လိုက်ရုံဖြင့်ရခဲ့သည်။ ဒါကြောင့် ရဲတွေကလည်း ကိုယ်ထိလက်ရောက်ကျူးလွန်ထားသည့် သက်သေမရှိတာကြောင့် သူ့ကိုမထိနိုင်ကြပေ။ သူသည်လည်း တစ်နေ့တော့ ကျရှုံးရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ဦးလေးရှိနေသေးတာကြောင့် ကျိုးဟုန်ဝေ့ တဖြည်းဖြည်း စိတ်ပြန်ငြိမ်လာကာ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် မေးလိုက်သည်။ “ခေါင်းဆောင်ကျန်း၊ ဘာလို့ ကျွန်တော့်အိမ်ကို ရဲတွေဒီလောက်အများကြီး ခေါ်လာရတာလဲ။ ကျွန်တော် အမှားလုပ်ထားမိတယ်လို့တော့ မထင်ပါဘူး။”
ကျိုးထန်ရှုန်းက ဘေးတွင် အေးအေးဆေးဆေး ရပ်နေသည့် ရှောင်လင်းယွီကို ကြည့်လိုက်ကာ “ခေါင်းဆောင်ကျန်း၊ ဒီမှာ နားလည်မှုလွဲစရာလေးတွေရှိတယ်ထင်တယ်။ ဟုန်ဝေ့က ဒီမိန်းကလေးကို သူ့ဧည့်သည်အဖြစ် ဖိတ်ကြားထားရုံပါ။”
ထို့နောက် သူက ကုကျီယဲ့ကို စူးစူးရဲရဲကြည့်လိုက်ကာ ခပ်တင်းတင်းပင် မေးခွန်းထုတ်လိုက်သည်။ “ကုကျီယဲ့၊ မင်းနဲ့ ငါတို့ဟုန်ဝေ့ရဲ့ဆက်ဆံရေးက အမြဲတမ်းဆိုးဝါးနေတာ ငါသိတယ်။ ဟုန်ဝေ့က မင်းရဲ့လုပ်ငန်းကို အကြိမ်နည်းနည်းလောက် ဖြတ်ခုတ်ဖူးတော့ မင်းဒေါသထွက်နေမှာပေါ့။ ဒါပေမယ့် ရဲအရင်းအမြစ်ကိုတော့ မင်းအလွဲသုံးစားမလုပ်သင့်ဘူး။ ပြန်ပေးဆွဲမှုရှိတယ်ဆိုပြီး မင်းငါတို့ကို ခေါ်လာတာလေ။ ဒါ မင်းအမြင်မှာ ပြန်ပေးဆွဲခံရတာနဲ့ တူနေလို့လား။” ရှောင်လင်းယွီ ပုံစံက အလွန်ကိုမှ တည်ငြိမ်နေလေသည်။ သူမမျက်နှာထက်တွင် ကြောက်ရွံ့နေဟန် နည်းနည်းလေးမှပင်မရှိပေ။ ဒါကြောင့် သူမက ပြန်ပေးဆွဲခံရသည့်နစ်နာသူနှင့် လုံးဝတူမနေပေ။
ထို့အပြင် သူမက အတော်လှလေသည်။ ကျိုးဟုန်ဝေ့၏အကြိုက်နှင့်လည်း ကိုက်သည်။ ဒါကိုတွေးလိုက်မိတော့ ကျိုးထန်ရှုန်းက၊ “သူက ငါတို့ဟုန်ဝေ့ရဲ့ချစ်သူကောင်မလေး၊ သူတို့က အတူနေကြတာလေ။ ဘာလို့ ဒီကိစ္စအတွက်နဲ့ မင်းက ရဲကိုခေါ်ရတာလဲ။”
သို့သော်လည်း သူထိုစကားပြောလိုက်သည်နှင့် ရှိနေကြသည့်လူတိုင်း၏အမူအရာများက ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ အထူးသဖြင့် ကျိုးဟုန်ဝေ့ပင်။ သူ့ဦးလေးကို စောစော သတိမပေးလိုက်နိုင်တာကြောင့် အမှားကြီးတစ်ခုဖြစ်သွားတော့လေသည်။ ရှောင်လင်းယွီသည် ကုကျီယဲ့နှင့် အတူအလုပ်တွဲလုပ်နေတာကြောင့် သူတို့အချင်းချင်းသိကြသည်။ ရှောင်လင်းယွီသာ ကျိုးဟုန်ဝေ့၏ချစ်သူဆိုလျှင် ကုကျီယဲ့ကလည်း သိနေမည်ပင်။
‘နေပါဦး၊ ငါဒီလမ်းအတိုင်း ဆက်လိုက်သွားလို့ရတာပဲ။’ ကျိုးဟုန်ဝေ့ ရုတ်တရက် အမူအရာပြောင်းလဲသွားကာ ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်။ သူက အခုလေးတင် ကျွန်တော့်ချစ်သူဖြစ်ဖို့ လက်ခံလိုက်တာ။” ထို့နောက် သူက ရှောင်လင်းယွီကို ကြည့်လိုက်ကာ၊ “လင်းယွီ၊ မင်းပဲ မင်းမောင်လေးဆီသွားလည်ဖို့ ကိုယ့်ကို ခေါ်သွားမယ်ဆို။ မင်းစကားတွေကို ပြန်မရုတ်သိမ်းရဘူးနော်။” ကျိုးဟုန်ဝေ့က ကျိုးထန်ရှုန်းဘက်သို့ပြန်လှည့်သွားကာ၊ “ဦးလေးမသိလို့၊ လင်းယွီရဲ့မောင်လေး ရှောင်လင်းယဲ့က စာအရမ်းတော်တာလေ။ အမှတ်၁အထက်တန်းကျောင်းမှာ ထိပ်တန်းကျောင်းသားပဲ။ ဒီနောက်ဆုံးအစမ်းစာမေးပွဲမှာ သူက ခရိုင်တစ်ခုလုံးရဲ့ အတော်ဆုံးကျောင်းသားပဲ။ သေချာပေါက် တက္ကသိုလ်ကောင်းတစ်ခုကို သွားနိုင်မှာ… ကြားထဲ တစ်ခုခုမဖြစ်သွားခဲ့ရင်ပေါ့။”
ရှောင်လင်းယွီ၏စူးရှသည့်မျက်လုံးများမှာ အရောင်လက်သွားလေသည်။
‘ဒီကျိုးဟုန်ဝေ့ တော်တော်ရွံစရာကောင်းတာပဲ။ အခုထိတောင် ယဲ့အာကိုသုံးပြီး ငါ့ကိုခြိမ်းခြောက်နေသေးတယ်။ ငါသာ မပူးပေါင်းရင် ယဲ့အာ အန္တရာယ်ရှိတယ်။’
ကျိုးထန်ရှုန်းသည် သူ့တူအကြောင်း ကောင်းကောင်းသိသူဖြစ်သည်။ သူက သူ့တူစကားထဲက အရိပ်အမြွက်ကို ချက်ချင်းဖမ်းဆုပ်လိုက်နိုင်လိုက်သည်။ အစောက သူပြောလိုက်တာမှားသွားလေသည်။
ကျန်းထောင်သာ ဒီမှာမရှိရင်…
ကျန်းထောင်အကြောင်း ကျိုးထန်ရှုန်း ကောင်းကောင်းသိသည်။ ထိုလူသည် စိတ်မာကာ ဘက်မလိုက်တတ်သူဖြစ်သည်။ မကောင်းသည့်လုပ်ရပ်တွေအပေါ် ဘယ်တော့မှ သည်းခံမည့်သူမဟုတ်ပေ။ သူသာ ကျိုးဟုန်ဝေ့ကို သံသယဝင်သွားသည်နှင့် အတိတ်ကိုပါ လှန်လှောရှာဖွေတော့မည်ဖြစ်သည်။ သူ့အတိတ်ကလုပ်ရပ်တွေကိုပါ တူးဖော်မိသွားရင်တော့ ပြဿနာက ပိုကြီးသွားပေမည်။ ဒါကြောင့် လက်ရှိအရေးအကြီးဆုံးပန်းတိုင်ကတော့ ကျန်းထောင်၏သံသယကို ဖျောက်ဖျက်ပစ်ရန်ဖြစ်ပေသည်။ ကုကျီယဲ့က ကျိုးဟုန်ဝေ့ကို မကျေနပ်၍ သူတို့ကို ဆွဲခေါ်လာခြင်းဟု ကျန်းထောင်ယုံကြည်သွားအောင် လုပ်ရပေမည်။
သူ့တူ၏စကားကိုကြားပြီးနောက် ရှောင်လင်းယွီ၏ပူးပေါင်းဆောင်ရွက်မှုက အလွန်အရေးပါလှကြောင်း သူနားလည်လိုက်သည်။ သူက ခပ်ဖွဖွပြုံးလိုက်ကာ၊ “ဒီလိုလား။ အံ့ဩစရာသတင်းပဲ။” ထို့နောက် သူက ရှောင်လင်းယွီဘက်လှည့်သွားကာ၊ “လင်းယွီ၊ နောက်တစ်ခေါက်ကျရင် မင်းမောင်လေးကိုပါ ခေါ်လာခဲ့နော်။ အနာဂါတ်ရဲ့ထိပ်တန်းကျောင်းသားလေးကို ငါတို့လည်း တွေ့ရတာပေါ့။”
ကုကျီယဲ့၏သူငယ်အိမ်များကျုံ့ဝင်သွားလေသည်။ သူ့စိတ်ထဲကနေတော့ ဆဲလိုက်မိသည်။ ‘ဒီတူဝရီး ဘယ်လောက်တောင် အရှက်မရှိတာလဲ။ လင်းယွီကိုတောင် လင်းယဲ့ကိုသုံးပြီး ခြိမ်းခြောက်နေတယ်။’
ဒါပေမယ့် ကုကျီယဲ့ မစိုးရိမ်မိပေ။ ထိုအစား သူက ပြုံးတောင် ပြုံးနေလိုက်သေးသည်။ တခြားအမျိုးသမီးတွေကိုဆိုရင် သူတို့ခြိမ်းခြောက်လို့ရနိုင်ပေမယ့် သူတို့ဘယ်သူနဲ့ရင်ဆိုင်နေရလဲ သူတို့မေ့သွားကြတာလား။
ဒီမိန်းကလေးက ရှင်းယင်ခရိုင်ရဲဌာနရဲ့ခေါင်းဆောင်ကိုသိပြီး ထို့လူဆီက နူးညံ့သည့်ဘက်ခြမ်းကိုတောင် ဆွဲထုတ်လာနိုင်တဲ့သူလေ။
ကျိုးထန်ရှုန်းနှင့် ကျိုးဟုန်ဝေ့တို့၏အစီအစဉ်က လုံးဝပျက်စီးကိန်းပင်။
“လင်းယွီ၊ မင်းဘယ်တုန်းက သူ့ချစ်သူဖြစ်ဖို့ လက်ခံလိုက်တာလဲ။” ကျန်းထောင်က စိုးရိမ်သွားလေသည်။ ရှောင်လင်းယွီက တစ်စုံတစ်ယောက်၏ ချစ်သူဖြစ်ဖို့ လက်ခံလိုက်ကြောင်း ကြားလိုက်ရသည်နှင့် သူ့ဦးနှောက်က ဗလာဖြစ်သွားကာ ရင်ထဲမှာ တင်းကြပ်လာတော့သည်။ ဒါကြောင့် ဟာပေါက်များကို စဉ်းစားနိုင်စွမ်းမရှိခဲ့ပေ။
ကုကျီယဲ့တစ်ယောက် မျက်လုံးသာ လှန်လိုက်မိတော့သည်။ ‘ခေါင်းဆောင်ကျန်း အဲ့လောက်အထိ ပျာယာခတ်တတ်လိမ့်မယ်လို့ ငါထင်တောင် မထင်ထားဘူး။ ဟဲလို အခု အဲ့ဒါအဓိကလားလို့?’
သို့သော်လည်း ကျိုးထန်ရှုန်းနှင့် ကျိုးဟုန်ဝေ့တို့၏မျက်နှာထက်မှ အမူအရာကို သတိထားမိလိုက်သည်နှင့် ကုကျီယဲ့ ပြုံးလိုက်မိလေသည်။ ကျိးဟုန်ဝေ့တွင် သူ့ကိုထောက်ပံ့ပေးနေသည့် ကျိုးထန်ရှုန်းရှိတာကြောင့် ကုကျီယဲ့ကို သူ့ကို မရှင်းနိုင်ဖြစ်နေခဲ့သည်။ သို့သော်လည်း ကျန်းထောင်နှင့် ရှောင်လင်းယွီတို့ အချင်းချင်းသိနေကြလိမ့်မည်ကိုတော့ သူတို့ထင်ထားကြမည်မဟုတ်ပေ။ ပိုပြီးအရေးကြီးတာက ခေါင်းဆောင်ကျန်းကလည်း ရှောင်လင်းယွီကို စိတ်ဝင်စားနေသူဖြစ်သည်။ ကျိုးဟုန်ဝေ့က ရှောင်လင်းယွီကို သူ့ချစ်သူကောင်မလေးပါဟု ပွင့်ပွင့်လင်းလင်းပြောလာတာကြောင့် သေချာပေါက် ကျန်းထောင်၏ လူကောင်းစာရင်းထဲ ဝင်နိုင်တော့မည်မဟုတ်ပေ။
ကျိုးထန်ရှုန်းသည် ရှောင်လင်းယွီအား သူမမောင်လေးကိုသုံးကာ ခြိမ်းခြောက်လာတာကြောင့် သူမအလွန်ဒေါသထွက်လာတော့သည်။ အငယ်က အရှက်မရှိပါဘူးဆို အကြီးကပါ ပိုဆိုးနေတယ်။
‘သူတို့က ငါ့ကိုခြိမ်းခြောက်ချင်တယ်ပေါ့။ ရတယ်လေ၊ ရှင်တို့နဲ့ ကစားပေးရတာပေါ့။’
ရှောင်လင်းယွီ၏မျက်နှာပေါ်မှာ ရက်စက်သည့်အပြုံးကိုမြင်လိုက်ရသည်နှင့် တစ်ခုခုတော့မှားနေပြီဖြစ်ကြောင်း ကျိုးဟုန်ဝေ့ ချက်ချင်းခံစားလိုက်မိသည်။
ထို့နောက်မှာတော့ ကျန်းထောင်ကို ရှောင်လင်းယွီ ပြောလိုက်သည့်စကားအား ကြားလိုက်ရလေသည်။ “ခေါင်းဆောင်ကျန်း၊ ရှင်တို့ အထင်လွဲနေပြီ။ ဒီလူနှစ်ယောက်က ကျွန်မကို ဒီနေရာဆီ အတင်းဆွဲခေါ်လာကြတာ။ ကျွန်မက သူတို့ဘော့စ်ရဲ့ကောင်မလေးမဟုတ်ဘူး။’
ရှောင်လင်းယွီသည် လူသန်ကြီးနှစ်ယောက်ကို ညွှန်ပြပြီးပြောလိုက်သည်။
“သူတို့ဘော့စ်က ကျွန်မနဲ့ စီးပွားရေးကိစ္စပြောချင်တယ်ဆိုပြီး ပြောလာကြတာ။ ဒါပေမယ့် ကျွန်မက ရိုင်းစိုင်းတဲ့လူတွေနဲ့ အလုပ်အကြောင်းဆွေးနွေးဖို့ စိတ်မဝင်စားဘူးလေ။ အဲ့လိုဆိုပေမယ့် သူတို့က ကျွန်မကို မလွှတ်ပေးကြဘူး။ ကျွန်မအခန်းဆီပြန်ပြီး စာရွက်စာတမ်းတွေ ဝင်ယူတဲ့အချိန် ဥက္ကဌကုကို ကျွန်မပြန်ပေးဆွဲခံရတဲ့အကြောင်း စာပို့ပြီး ရဲခေါ်ခိုင်းလိုက်တာပဲ။”
ကုကျီယဲ့ ခပ်ဟဟရယ်ကာ ကျိုးဟုန်ဝေ့ကို ပြောလိုက်သည်။ “ကျိုးဟုန်ဝေ့၊ ငါဘာလို့ ဒီကိုရောက်နေလဲ သိပြီမလား။” ထိုသို့ပြောပြီးနောက် သူက အထင်တသေးကြည့်လိုက်ကာ၊ “ကျိုးဟုန်ဝေ့၊ မင်းတော်တော်ရွံစရာကောင်းတဲ့ကောင်ပဲ။ လင်းယွီက မင်းနဲ့အလုပ်တွဲမလုပ်ချင်ဘူးဆိုတာကို မင်းက အတင်းဖိအားပေးပြီး ခေါ်ထားတယ်လေ။ ဒါကိုမှ ပြန်ပေးဆွဲတာလို့မခေါ်ရင် ဘာလို့ခေါ်မှာလဲ။”
ကျိုးထန်ရှုန်းသည် ကုကျီယဲ့ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သော်လည်း ကျန်းထောင်ရှိနေတာကြောင့် ဘာမှတော့ မပြောရဲခဲ့ပေ။ ပြောရရင် ကုမိသားစုနှင့် ကျိုးမိသားစုဆိုတာ ဆယ်စုနှစ်များစွာ ရန်သူတွေဖြစ်လာကြခြင်းဖြစ်သည်။ ဒါကြောင့် ပြဿနာတစ်ခုတိုးလာတော့ရော ဘာဖြစ်လဲ။
ကျိုးဟုန်ဝေ့အံတင်းတင်းကြိတ်ကာ ကုကျီယဲ့ကို ကြည့်လိုက်ပြီးနောက် အော်လိုက်တော့သည်။ “ကုကျီယဲ့၊ ငါဘယ်သူ့ကိုမှ ပြန်ပေးမဆွဲဖူးဘူး။ ငါ.. ငါကဒီအတိုင်း… မစ္စရှောင်နဲ့ အလုပ်ကိစ္စဆွေးနွေးချင်ရုံပဲ။ အခုက အရမ်းမှောင်နေသေးလို့ မစ္စရှောင်ကို ကာကွယ်ပေးဖို့ ငါ့လူတွေကို လွှတ်လိုက်တာ။” ပြန်ပေးဆွဲတာကို ကာကွယ်တာပါဆိုပြီး ဘယ်သူမှ ပြောင်းပြောဖူးမှာမဟုတ်လောက်ပေ။
“ကျိုးဟုန်ဝေ့၊ ဒါသာ ပုံမှန်လုပ်ငန်းအစည်းအဝေးဆိုရင် ဘာလို့ မနက်မိုးမလင်းခင်ကြီး ခေါ်ရတာလဲ။” ကုကျီယဲ့၏ခပ်တင်းတင်းပင် ပြန်မေးလေသည်။
“အာ…” ကျိုးဟုန်ဝေ့ ကြောင်အသွားတော့သည်။ ထို့နောက်မှာတော့… “ဒါ.. ဒါငါ့အကျင့်လေ။ ငါက မနက်ခင်းစောစောစီးစီးမှာမှ စီးပွားရေးအကြောင်းပြောတတ်လို့လေ။”
“ဒါပေမယ့် တစ်ဖက်လူရဲ့အကျင့်ကရော။” ကုကျီယဲ့က ထောက်ပြလိုက်သည်။ “မင်းက တစ်ဖက်လူရဲ့ဆန္ဒကိုမမေးဘဲ ‘ကာကွယ်တယ်’တယ်ဆိုပြီး ခေါင်းစဉ်တပ်နေတာလေ။ ဒါ ပြန်ပေးဆွဲတာမဟုတ်လို့ ဘာလဲ။”
“ကုကျီယဲ့။” ကျိုးထန်ရှုန်း ခက်ခက်ထန်ထန် အော်လိုက်လေသည်။ “မင်းက ရဲအရာရှိမဟုတ်ဘူး။ ဒီနေရာမှာ မင်းဝင်ပြောပိုင်ခွင့်မရှိဘူး။” ကုကျီယဲ့သာ ဆက်ပြီးပြောနေဦးမည်ဆိုလျှင် သူ့တူ၏ဇာတ်လမ်းက ဟာကွက်တွေတစ်ခုပြီးတစ်ခု ပေါ်လာတော့မည်ဖြစ်သည်။ အခုချိန်က ရှောင်လင်းယွီကို အကြပ်ကိုင်ထားကာ သူ့တူကို စခန်းသို့ မြန်မြန်ပြန်ခေါ်သွားရန်သာဖြစ်သည်။ စခန်းကိုပြန်ရောက်ကာမှ ကျိုးဟုန်ဝေ့၏နာမည်ကို သူရှင်းပေးဖို့ နည်းလမ်းများရှိပေမည်။
သို့သော်လည်း ကျိုးထန်ရှုန်းမထင်ထားတာက သူအော်လိုက်သည့်အသံက ကျန်းထောင် သတိလွတ်နေသည်ကို ပြန်ဆွဲခေါ်ကာ အာရုံစိုက်မိသွားစေသည်ကိုပင်။ ကျန်းထောင်က ရှောင်လင်းယွီကို အာရုံစိုက်ကာ ကြည့်လိုက်ပြီး၊ “ဘာတွေဖြစ်သွားတာလဲ။”
ရှောင်လင်းယွီသည် ကျန်းထောင်အနားသို့ လျှောက်သွားကာ သူမလက်ထဲမှ စာရွက်စာတမ်းဖိုင်ကိုဖွင့်လိုက်ပြီး အသံသွင်းဘောပင်ကိုထုတ်ကာ ကျန်းထောင်ကို ပေးလိုက်သည်။ “ခေါင်းဆောင်ကျန်း၊ ကျိုးဟုန်ဝေ့က ကျွန်မမိသားစုနဲ့ ကျွန်မကို ခြိမ်းခြောက်ထားတယ်။ ဒါက သက်သေ အသံသွင်းဖိုင်ပါ။”
ကျိုးဟုန်ဝေ့တစ်ယောက် အသံသွင်းဘောပင်ကိုမြင်သည်နှင့် ချက်ချင်းပင် အမူအရာပြောင်းလဲသွားတော့သည်။ ဒီမိန်းမဒီလောက်ကောက်ကျစ်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။ လူသန်ကြီးနှစ်ယောက်သည်လည်း အသံသွင်းဘောပင်ကိုမြင်ကာ မျက်နှာပျက်သွားလေသည်။ ရှောင်လင်းယွီက သူမ ‘အလုပ်အတွက် စာချုပ်စာတမ်း’ များယူမည်ဟုပြောကာ အိမ်ထဲပြန်ဝင်သွားချိန်တွင် ဒီလောက်ကိစ္စတွေအများကြီး လုပ်ဆောင်ခဲ့လေသည်။
ကျိုးဟုန်ဝေ့ အံကြိတ်ကာ ရှောင်လင်းယွီကို ပြောလိုက်သည်။ “ရှောင်လင်းယွီ ငါနဲ့မပူးပေါင်းချင်ဘူးဆိုလည်း မပူးပေါင်းချင်ဘူးလို့ပဲပြောလိုက်ပေါ့။ ဘာလို့ ဒီလောက် စက်ဆုပ်ဖို့ကောင်းတဲ့ လုပ်ရပ်မျိုးတွေအထိ လုပ်နေတာလဲ။”
ရှောင်လင်းယွီ နှာမှုတ်လိုက်ကာ၊ “ဘော့စ်ကျိုး၊ ဖန်လုံအိမ်ထဲရောက်နေတဲ့လူတစ်ယောက်က ကျောက်တုံးတွေလျှောက်ပစ်မနေသင့်ဘူးလေ။ ကျွန်မ ရှင့်ကိုငြင်းထားပြီးသားပါ။ ရှင်နဲ့ အလုပ်တွဲမလုပ်ချင်ပါဘူးလို့။ ဒါပေမယ့် ရှင်က ကျွန်မမောင်ကိုပါအသုံးချပြီး ကျွန်မကို ဒီနေရာလိုက်လာအောင် ဖိအားပေးခဲ့တယ်လေ။ ဘယ်လိုလုပ် မလိုက်လာဘဲ နေနိုင်တော့မလဲ။ ရှင့်မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိမှန်းသိနေမှတော့ ကျွန်မလည်း ကြိုတင်ပြင်ဆင်လာရမှာပေါ့။”
ကုကျီယဲ့တစ်ယောက် လက်ခုပ်ပင် ထတီးလိုက်သည်။
ကျိုးဟုန်ဝေ့သည် လူတွေကို ခြိမ်းခြောက်ရတာ အတော်သဘောကျသူဖြစ်သည်။ အခုတော့ သူဖော်သည့်ဆေး သူပြန်စားလိုက်ရပေပြီ။
ကျန်းထောင်သည် အသံသွင်းဘောပင်ကိုကိုင်ကာ မျက်နှာသေဖြင့် အေးစက်စက်ပြောလိုက်သည်။ “သူတို့ကို ခေါ်သွားကြ။”
ထို့နောက် သူက ရှောင်လင်းယွီကိုကြည့်လိုက်ကာ၊ “လင်းယွီ၊ မင်းလည်း သက်သေထွက်ဆိုဖို့ စခန်းကိုပြန်လိုက်ခဲ့ရမယ်။”
“ကောင်းပါပြီ။”
ရှောင်လင်းယွီ ပြန်ဖြေပြီးသည့်နောက် တစ်ခုခုကို တွေးမိသွားသည့်ပုံဖြင့် ရုတ်တရက် ကျန်းထောင်ကို ပြောလိုက်လေသည်။ “ဒါရိုက်တာကျန်း၊ တကယ်လို့ နောက်ကျ ကျွန်မမောင်လေးနဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်လာရင် ကျွန်မ ယီမိသားစုဟိုတယ်ကို တရားစွဲလို့ရလား။ ဘော့စ်ကျိုးက သူက ယီမိသားစုဟိုတယ်ရဲ့ အဝယ်တော်မန်နေဂျာလို့ ပြောထားတယ်လေ။”
လူတိုင်း၊ “….”
ကျိုးဟုန်ဝေ့တစ်ယောက် ရင်ထဲအသည်းထဲက အမုန်းတရားများအပြည့်ဖြင့် ရှောင်လင်းယွီကို စူးစူးရဲရဲစိုက်ကြည့်နေတော့သည်။ ဒီမိန်းမနဲ့ပတ်သတ်ပြီး သူလျှော့တွက်ခဲ့မိပေသည်။ သူ့ကို သာမာန်အားနည်းသည့် မိန်းမတစ်ယောက်ဟု တွေးခဲ့ခြင်းဖြစ်သည်။ သူ တစ်ချက်လောက် ခြိမ်းခြောက်လိုက်သည်နှင့် သူမ ချက်ချင်းပင် သူနှင့်ပူးပေါင်းမည်ဟု ထင်ခဲ့မိလေသည်။
သို့ပေမယ့် ရှောင်လင်းယွီသည် သံတုံးတစ်ခုဖြစ်နေလေသည်။ သူမက ခြိမ်းခြောက်မခံရုံမက ယီမိသားစုကိုတောင် မျှားဦးလှည့်လိုက်သေးသည်။
….
ကျိုးဟုန်ဝေ့တစ်ယောက် ယာယီထိန်းသိမ်းခံလိုက်ရသည်။ ကျိုးဟုန်ဝေ့၏ နောက်ဦးလေးတစ်ယောက်မှာ ယီမိသားစုဟိုတယ်၏ အထွေထွေမန်နေဂျာ ကျိုးဟွာမင်ဖြစ်သည်။
ကျိုးမိသားစုတွင် သားသုံးယောက်ရှိကာ ဒုတိယသားတစ်ယောက်တည်းကသာ မြေးယောက်ျားလေးတစ်ယောက် မွေးပေးထားခြင်းဖြစ်သည်။ ကျန်သည့်သားများက သမီးများသာ မွေးခဲ့ကြသည်။ ထိုမြေးယောက်ျားလေးမှာ ကျိုးဟုန်ဝေ့ပင်။ ဒါကြောင့် ကျိုးဟုန်ဝေ့သည် ကျိုးမိသားစု၏ တစ်ဦးတည်းသောဆက်ခံသူဖြစ်နေလေသည်။
ကျိုးမိသားစုသည် မိန်းကလေးများထက် ယောက်ျားလေးကို ပိုပြီး အလေးထားသူဖြစ်သည်။ ဒါကြောင့်ပဲ ကျိုးဟုန်ဝေ့သည် လူကြီးအားလုံး၏ မြှောက်စားမှုကို ခံနေရလေသည်။
အခုလို ကျိုးဟုန်ဝေ့ အဖမ်းခံလိုက်ရချိန်မှာတော့ ကျိုးမိသားစုက သူ့ကို ကူညီဖို့ သေချောပေါက် ထွက်လာကြသည်က သဘာဝပင်။ ဒါ့အပြင် တကယ့်အဓိကလူက ရှောင်လင်းယွီဖြစ်ကြောင်းကိုလည်း သူတိုသိလိုက်ကြသည်။
***