ကျိုးမိသားစု
Vol. 9 Ch. 158
ရှောင်လင်းယွီ၏ ခိုင်မာသည့်သက်သေအထောက်အထားကြောင့် ကျိုးဟုန်ဝေ့နှင့်သူ့လူနှစ်ယောက်သည် ခြိမ်းခြောက်အကြပ်ကိုင်မှု၊ တရားမဝင် တပါးသူ၏လွတ်လပ်ခွင့်ကို ချုပ်ချယ်မှုနှင့် ပြန်ပေးဆွဲမှုတို့ဖြင့် ထိန်းသိမ်းခံလိုက်ရသည်။
ကျန်းထောင်ကလည်း ကျိုးဟုန်ဝေ့အကြောင်း စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အမိန့်ပေးလိုက်သည်။ ကျိုးထန်ရှုန်းသည် ပါဝင်ပတ်သတ်နေသူဖြစ်တာကြောင့် ယာယီအနေဖြင့် အလုပ်မှရပ်နားထားရသည်။ သူသာ အပြစ်ကင်းသည်ဆိုလျှင် အလုပ်ပြန်ဝင်နိုင်ပေမည်။
ကုကျီယဲ့သည် ထိုသတင်းကိုကြားသည်နှင့် ချက်ချင်းပင် ဗျောက်အိုးကြီးများနှင့် မီးရှူးမီးပန်း ဒါဇင်ကျော်လောက်ဝယ်လိုက်ကာ သူ့သူငယ်ချင်းများကိုခေါ်ကာ ပါတီလုပ်လေသည်။
“ကျီယဲ့၊ ဘာကိစ္စရှိလို့လဲ။ မင်းဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ။” ကျန်းဟိုင်ယန်သည် နားမလည်နိုင်စွာဖြင့် မေးလေသည်။ “နေ့ခင်းကြောင်တောင်ကို မီးပန်းတွေပြင်နေတယ်။ အသံအကျယ်ကြီးကလွဲရင် ဘာမှမြင်နိုင်မှာမှမဟုတ်တာ။ ဒါဖြုန်းတီးတာပဲမဟုတ်ဘူးလား။” သူက မြေပေါ်မှ အထုပ်တွေကိုကြည့်လိုက်ကာ ပြုံးလိုက်လေသည်။ “ဒီမီးပန်းတွေက ပေါပေါပဲပဲတော့မဟုတ်ဘူး။ အရည်အသွေးအမြင့်ဆုံးတွေပဲ။ ဒါပေမယ့် ငါတို့ ဒါတွေကို နေ့ခင်းမှာ ဘာမှမမြင်ရဘူးလေ။ နှမျောစရာပဲ။”
“ဘာကိုဖြုန်းတီးတာလဲ။ ငါပြောနေတယ်လေ။ ငါ့အပျော်ကို ဖျက်ဆီးဖို့ဆို မလာကြနဲ့တော့။”
“ဟုတ်ပါပြီ။ ဒါပေမယ့် မင်းဘာလို့ဒီလောက်ပျော်နေလဲဆိုတာတော့ ပြောဦးလေ။” ယွမ်ရွှမ်ဟောက်လည်း နားမလည်ပေ။ သူက ခန့်မှန်းကြည့်လိုက်သည်။ “မင်း ကောင်မလေးအသစ်ရသွားလို့လား။”
ချန်ယီဖန်းက ခေါင်းညိတ်လိုက်သည်။ “အဲ့လိုပဲဖြစ်လောက်တယ်။”
ကုကျီယဲ့၊ “…” ဒီကောင်တွေ ဘာတွေလျှောက်ပြောနေကြတာလဲ။
ကုကျီယဲ့၏စိတ်လှုပ်ရှားမှုကတော့ အရှိန်မသတ်သွားပေ။ “ကျိုးဟုန်ဝေ့ အဖမ်းခံလိုက်ရပြီလေ။ ခေါင်းဆောင်ကျန်းက ရာဇဝတ်မှုအဖြစ်သတ်မှတ်လိုက်ပြီ။”
ကျန်သုံးယောက်လည်း အံ့ဩသွားကြတော့သည်။ “ကျီယဲ့၊ မင်းနောက်ဆုံးတော့ ကျိုးဟုန်ဝေ့ကို အနိုင်ပိုင်းနိုင်ပြီပေါ့။”
“ငါမဟုတ်ဘူး။” ကုကျီယဲ့က ခေါင်းအသာယမ်းလိုက်သည်။ “ရှောင်လင်းယွီလုပ်တာ။”
“အမ်၊ ရှောင်လင်းယွီလား။” သူတို့သုံးယောက် ထပ်ပြီးအံ့အားသင့်သွားပြန်သည်။ “ဒီနှစ်ယောက်က ဘယ်ကနေဘယ်လို သိသွားကြတာလဲ။”
ကုကျီယဲ့က မထီမဲ့မြင်အပြုံးတစ်ပွင့်ဖြင့်၊ “အဲ့ခွေးကောင် ကျိုးဟုန်ဝေ့က လွိယွမ်ကို ရှင်းခဲ့တဲ့နည်းအတိုင်း လင်းယွီအပေါ်သုံးဖို့လုပ်တယ်လေ။ လင်းယွီက အစကတည်းက ငါ့ဆီကို ယီမိသားစုဟိုတယ်ဘက်က သူတို့သူဌေးနဲ့တွေ့ဖို့အတွက် လူနှစ်ယောက်လွှတ်ပြီး သူ့ကိုလာခေါ်တယ်ဆိုပြီး စာပို့ထားတာ။ ငါ့ကို ရဲခေါ်ခိုင်းတာလေ။”
“ဒါပေမဘ့် ရဲခေါ်လည်း မထူးဘူးမဟုတ်လား။” ကျန်းဟိုင်ယန်က အဓိကအချက်ကို ချက်ချင်းထောက်လိုက်သည်။ “ကျိုးဟုန်ဝေ့ရဲ့ဦးလေးက ဒုခေါင်းဆောင်လေ။ ရဲတွေလည်း ဘာမှမလုပ်နိုင်ဘူး။”
“ဒါကြောင့် ငါရဲမခေါ်လိုက်တာပေါ့။ အဲ့အစား ငါက ဦးလေးချန်းကို ဆက်လိုက်တာ။ ဦးလေးချန်းကနေပြီး ကျန်းထောင်ကို ဖုန်းထပ်ဆက်လိုက်တယ်။” ကုကျီယဲ့က သူ့ကိုယ်သူအတော်လေးဂုဏ်ယူနေဟန်ဖြင့် ပြောနေခဲ့သည်။ “အရင်တုန်းကတော့ ကျိုးဟုန်ဝေ့ဘက်မှာ လက်ထောက်ခေါင်းဆောင် ကျိုးထန်ရှုန်းရှိနေတဲ့အတွက် ငါသတိထားနေရတာလေ။ ရဲစခန်းကလူတိုင်းက ကျိုးဟုန်ဝေ့ရဲ့ပြစ်မှုတွေကို ကျန်းထောင်မသိအောင် ဖုံးထားကြတာ။ ဒါပေမယ့် ရှောင်လင်းယွီက ကျန်းထောင်ရှေ့မှာပဲ ကျိုးဟုန်ဝေ့ရဲ့အပြစ်တွေကို ဖော်လိုက်တယ်လေ။ ကျန်းထန်ရှုန်းက လိုက်ဖုံးပေးချင်ပေမယ့် မတတ်နိုင်ခဲ့ဘူး။ အခုတောင် ကျိုးထန်ရှုန်းက နေအိမ်အကျယ်ချုပ်ခံရပြီး အတွင်းကျကျစုံစမ်းစစ်ဆေးမှုပြီးအောင် စောင့်နေရတာ။ ဒီတစ်ခေါက်တော့ သူလည်း ကျိုးဟုန်ဝေ့ကို မကူညီနိုင်တော့ဘူး။”
ကျန်းဟိုင်ယန်တို့သုံးယောက် ခေါင်းတညိတ်ညိတ်ဖြစ်သွားကြသည်။ “ဒီလိုဆိုတော့လည်း ဒါက တကယ်ကို ပျော်စရာသတင်းပဲ။”
“ဒါပေမယ့် ကျီယဲ့၊ ကျိုးဟုန်ဝေ့က အရမ်းကောက်ကျစ်တဲ့ကောင်လို့ ငါကြားဖူးတယ်။ သူက အမြဲတမ်း စကားနဲ့ပဲခြိမ်းခြောက်ပြီး သက်သေကျန်စေတဲ့ ကိုယ်ထိလက်ရောက်ခြိမ်းခြောက်မှုမျိုး ဘယ်တော့မှမသုံးဘူးတဲ့။ ဒါဆို ရှောင်လင်းယွီက သူ့ပြစ်မှုကို ဘယ်လိုဖော်ထုတ်လိုက်တာလဲ။ ဘယ်ကနေသက်သေရသွားတာလဲ။” ချန်ယီဖန်းက ချက်ကျလက်ကျမေးလာခဲ့သည်။ “ဒီလူက ဉာဏ်ကောင်းတယ်၊ မဟုတ်ရင် ကျိုးထန်ရှုန်းရှိနေရင်တောင်မှ ဒီလောက်အကြာကြီး သူလွတ်နေမှာမဟုတ်ဘူး။”
“အဲ့မကောင်းဆိုးဝါးက ဒီတစ်ခေါက်တော့ သူ့ပြိုင်ဘက်နဲ့တွေ့သွားတယ်လေ။” ကုကျီယဲ့က အတော်လေး ပျော်ရွှင်နေသည်။ “လင်းယွီက အသံသွင်းဘောပင်ယူလာပြီး ဖြစ်စဉ်တစ်ခုလုံးကို အသံသွင်းထားလိမ့်မယ်လို့ ဘယ်သူမှမထင်ထားကြဘူးလေ။ သက်သေက လုံးဝခိုင်လုံနေရောပဲ။”
“အိုး… အသံသွင်းဘောပင်လား။” သူတို့သုံးယောက် အံ့ဩသွားပြန်သည်။ “အသံသွင်းဘောပင်ယူလာဖို့ လင်းယွီဘယ်လိုများ စဉ်းစားမိသွားတာလဲ။ အရမ်းဉာဏ်ကောင်းတာပဲ။”
“ဒါပေမယ့် ကျိုးဟုန်ဝေ့ရဲ့ကောက်ကျစ်ပုံမျိုးနဲ့ သတိထားတတ်မှုနဲ့ဆိုရင် ဘာလို့ ရှောင်လင်းယွီရဲ့ပစ္စည်းတွေကို မရှာခဲ့တာလဲ။” ချန်ယီဖန်းက သံသယများရှိနေတုန်းပင်။
“ဟုတ်သားပဲ။ သူက မဟုတ်တာလုပ်တိုင်း အမြဲသတိထားတတ်တယ်။ မဟုတ်ရင် သူ အဖမ်းခံရတာကြာရောပေါ့။ သူ ဘယ်တုန်းကမှ သက်သေမချန်ခဲ့တတ်ပါဘူး။” ယွမ်ရွှမ်ဟောက်ကလည်း ထောက်ခံလေသည်။
“လင်းယွီက မိန်းကလေးဖြစ်နေတာကြောင့်ဆိုရင်ရော။” ကျန်းဟိုင်ယန်က ခန့်မှန်းလိုက်သည်။
“ကျွတ်.. ဒီလောက်တောင် လူကြီးလူကောင်းဆန်တယ်ပေါ့။ သူ့အရင်လုပ်ရပ်တွေကိုကြည့်ရသလောက်တော့ အဲ့လိုပုံစံနဲ့မတူပါဘူး။ ဥပမာ ပင်လယ်စာသူဌေးရဲ့သမီးတုန်းကလိုပေါ့။ ကျိုးဟုန်ဝေ့က ကောင်မလေးကို စပြီးမခြိမ်းခြောက်ခင် သူ့လူတွေကို သူမအဝတ်အစားတွေ ချွတ်ပစ်ခိုင်းထားတာလေ။ ကောင်မလေးက အရမ်းစိတ်ထိခိုက်ပြီး ရှက်လွန်းလို့ ဆွဲကြိုးချသေဖို့ ကြိုးစားတဲ့အထိပဲ။ ကံကောင်းလို့အကယ်ခံလိုက်ရတာ။ သူမအဖေလည်း သူ့သမီးကို ဒီမှာဆက်မထားချင်တော့တာနဲ့ အဝေးကို ပြောင်းသွားတယ်။”
“ဒါဆို ရှောင်လင်းယွီကိုကျတော့ ကျိုးဟုန်ဝေ့ ဘာလို့ မရှာရတာလဲ။” ဒီတစ်ခါတော့ လေးယောက်လုံး နားမလည်နိုင်ဖြစ်သွားလေသည်။
ရုတ်တရက် ကုကျီယဲ့က တစ်ခုခုကိုတွေးမိသွားကာ၊ “ငါသိပြီထင်တယ်။”
“ဘာလဲ ဘာလဲ။ မြန်မြန်ပြော။”
ကုကျီယဲ့က သူ့အတွေးကို ဝေမျှလာခဲ့သည်။ “အစကတည်းက ရှောင်လင်းယွီက မကျေနပ်တဲ့အချက်ကိုပဲ ပြောခဲ့တာ။ သူက တခြားလူတွေလိုမျိုး ခုခံတာမျိုးတွေမလုပ်ဘူး။ သူက ယဉ်ယဉ်ကျေးကျေးလေးနဲ့ သူ စာချုပ်စာတမ်းတွေ သွားယူချင်တယ်ဆိုပြီး ပြောခဲ့တာ။ ကျိုးဟုန်ဝေ့ရဲ့လူတွေကလည်း သတိလက်လွတ်နဲ့လေ။ ရှောင်လင်းယွီက ဒီလိုအခြေအနေမျိုးမှာ တည်တည်ငြိမ်ငြိမ်နေနိုင်လိမ့်မယ်လို့ သူတို့ ဘယ်ထင်ထားကြပါ့မလဲ။”
“သူတို့က ရှောင်လင်းယဲ့ရဲ့အသက်နဲ့ ခြိမ်းခြောက်ထားတာဆိုတော့ ရှောင်လင်းယွီ ဘာမှမလုပ်လောက်ဘူးလို့ ယုံကြည်ချက်ရှိနေတာ။ လင်းယွီက သူ့မောင်ကို ကာကွယ်ဖို့အတွက် ဘာမှလုပ်ရဲမှာမဟုတ်ဘူးပေါ့။ ဒါကြောင့် လင်းယွီက အဲ့ဒီဝင်သွားတဲ့အချိန်လေးအတွင်း ငါ့ကိုစာပို့ပြီး အသံသွင်းဘောပင်ယူလာလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားခဲ့ကြလောက်ဘူး။ ပြီးတော့ လင်းယွီက အသံသွင်းစက်ကို ဖွင့်ပြီး သူ့လက်ထဲက စာရွက်ဖိုင်ထဲမှာ ထည့်ထားတာလေ။ ဒီလောက် ပြောင်ပြောင်တင်းတင်း လုပ်လိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။”
ရှောင်လင်းယွီ သူမဖိုင်ထဲက အသံသွင်းဘောပင်ကို ထုတ်လိုက်ချိန် ဖြစ်သွားကြသည့် ကျိုးဟုန်ဝေ့နှင့် ကျိုးထန်ရှုန်းတို့ အမူအရာကို ပြန်တွေးမိကာ ကုကျီယဲ့ ရယ်မောလိုက်လေသည်။
ကျန်သုံးယောက်လည်း ရယ်လိုက်ကြသည်။ “ဟဟ၊ ကျိုးဟုန်ဝေ့ ခံရတာနည်းတောင် နည်းသေးတယ်။ တကယ်ကို ဂုဏ်ပြုပွဲလုပ်သင့်တာပဲ။”
….
ကုကျီယဲ့တို့သူငယ်ချင်းလေးယောက် အောင်ပွဲခံနေချိန် ကျိုးမိသားစု၏အခြေအနေကတော့ ကသောင်းကနင်းဖြစ်လို့နေသည်။
သခင်ကြီးကျိုးသည် အသက် ၇၀ကျော်နေပြီဖြစ်သည်။ သူ့ဆံပင်များက ဖြူဖွေးနေကာ မျက်နှာတွင်လည်း အရေးအကြောင်းများအပြည့်ပင်။ သူ့မျက်လုံးများသည်လည်း ကျိုးဟုန်ဝေ့လို စူးရှကာ ထပ်တူညီသည့် ကောက်ကျစ်ကာ ရက်စက်သည့်အရိပ်အယောင်များ ကွယ်ဝှက်နေသည်။
သူက သူ့တုတ်ကောက်ဖြင့် ကြမ်းပြင်ကို ခေါက်နေကာ ဒေါသကို သိက္ခာဖြင့် ထိန်းနေလေသည်။ သူ့ရှေ့မှာရှိနေသည့် သူ့သားနှစ်ယောက်ကတော့ ရှက်ရွံ့စွာဖြင့် ခေါင်းကိုငုံ့ထားကြလေသည်။
“ဘာတွေဖြစ်ကုန်တာလဲ။” ကျိုးကောကျန်းက ခက်ထန်သည့်လေသံဖြင့် မေးလိုက်သည်။ “ဘာလို့ ဝေ့အာက အဖမ်းခံလိုက်ရတာလဲ။”
ဆိုဖာပေါ်တွင်ထိုင်နေသည့် တစ်ဦးတည်းလူဖြစ်သော ကျိုးဟွာယင်းက စိုးရိမ်စိတ်နှင့် ဒေါသတို့ရောထွေးနေသည့်လေသံဖြင့် ပြောလာလေသည်။ “အဖေ၊ ဝေ့အာကို တတိယညီကိုယ်တိုင် သွားဖမ်းလာတာလို့ ကျွန်တော်ကြားတယ်။”
ကျိုးကောကျန်းတွင် သားသုံးယောက်ရှိကာ အကြီးဆုံးက ကျိုးဟွာမင်၊ ဒုတိယက ကျိုးဟွာယင်းဖြစ်ကာ တတိယက ကျိုးထန်ရှုန်းဖြစ်လေသည်။
ကျိုးဟွာမင်တွင် သမီးနှစ်ယောက်ရှိသည်။ ကျိုးဟွာယင်းတွင်တော့ သားတစ်ယောက်တည်းရှိကာ ကျိုးဟုန်ဝေ့ဖြစ်ပြီး ကျိုးထန်ရှုန်းတွင်လည်း သမီးနှစ်ယောက်ရှိပေသည်။
မျိုးဆက်သစ်များထဲတွင် ကျိုးဟုန်ဝေ့တစ်ယောက်သား ယောက်ျားလေးဖြစ်တာကြောင့် ကျိုးကောကျန်း၏မျက်နှာသာပေးမှုကိုခံရသည်က သဘာဝပင်။ သူ့အဖေကလည်း ဒါကြောင့်ပဲ သခင်ကြီးကျိုး၏သားသုံးယောက်ထဲတွင် အဆင့်အတန်းအမြင့်ဆုံးဖြစ်နေလေသည်။
သူ့ဒုတိယသား၏စကားကိုကြားလိုက်ရသည်နှင့် ကျိုးကောကျန်း၏ဒေါသက ကျိုးထန်ရှုန်းထံသို့ လှည့်သွားလေသည်။ “ထန်ရှုန်း ဘယ်လိုဖြစ်တာလဲ။ မင်းဒီနေ့ အားလုံးကို ရှင်းပြရင်ရှင်းပြ။ မဟုတ်လို့ကတော့ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမယ်ဆိုတာ မင်းသိမှာပါ။”
“တတိယညီ၊ မင်းတူ ဝေ့အာကို ဂရုစိုက်ပေးပါလို့ ငါမပြောခဲ့ဘူးလား။ ဒါကို မင်းက ဂရုစိုက်ပေးရမယ့်အစား ဖမ်းတောင်ဖမ်းလိုက်တယ်ပေါ့။” ကျိုးဟွာယင်း အလွန်ဒေါသထွက်နေလေသည်။ “မင်းငါ့ကို ဖြေရှင်းချက်ကောင်းကောင်းပေး။” သူက ဆက်မပြောခင် ခဏရပ်သွားခဲ့သည်။ “ငါ့မှာသားတစ်ယောက်ရှိပြီး မင်းမှာတော့ သမီးချည်းပဲနှစ်ယောက်ရှိနေလို့ မင်း ငါ့ကိုမနာလိုဖြစ်နေတာ ငါသိတယ်။ ဒါပေမယ့် ငါ့ကိုလက်စားချေချင်ရုံနဲ့ ဝေ့အာကို ပုံချလို့မဖြစ်ဘူးလေ။” ကျိုးဟွာယင်းက ကျိုးထန်ရှုန်းအား နာနာကျင်ကျင်ကြည့်ကာ ပြောလိုက်လေသည်။
ကျိုးဟွာယင်းသည် သားတစ်ယောက်မွေးထားတာကြောင့် ကျိုးမိသားစုထဲတွင် သူ့ညီအစ်ကိုများကို လွှမ်းမိုးနိုင်ခဲ့သည်။ သူကသာ ကျိုးမိသားစုမျိုးဆက်တည်တံ့ရေးအတွက် အကြီးမားဆုံးပံ့ပိုးသူဖြစ်နေသည်မဟုတ်လား။ မိသားစုထဲကလူတိုင်းက သူ့ကိုဦးညွှတ်နေကြရသည်။ သူတို့က သူ့ကို ငွေရောအာဏာပါ ပံ့ပိုးပေးရသည်။ ဒါကြောင့် သူ့မှာ အလုပ်မရှိတာတောင်မှ ဘဝကို သက်တောင့်သက်သာအဖြစ်ဆုံးနေရသူဖြစ်နေလေသည်။ သူက သူ့နေ့ရက်တွေကို မိန်းမတွေပတ်လည်ဝိုင်း၍သာ အချိန်ဖြုန်းနေခဲ့သည်။ သူငွေပြတ်သွားရင် သူ့အစ်ကိုကြီးကို ရှာလိုက်မည်ဖြစ်ကာ တစ်ယောက်ယောက်နှင့် ပြဿာရှိတာ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ပထုတ်ချင်တာရှိရင် သူ့တတိယညီကို ရှာလိုက်မည်ဖြစ်သည်။ ပြောရရင်တော့ သူက ဒုတိယမျိုးဆက်သခင်လေးတစ်ယောက်အဖြစ် ပျော်ပျော်ကြီး အချိန်ဖြုန်းနေလေသည်။
ကျိုးဟွာမင်နှင့် ကျိုးထန်ရှုန်းတို့မှာ ကျိုးဟွာယင်းကို သည်းခံနေဖို့ကလွဲပြီး ရွေးစရာမရှိကြပေ။ သူကသာ သားမွေးနိုင်တဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်နေသည်မဟုတ်လား။ သူတို့အနာဂါတ်က ကျိုးဟုန်ဝေ့အပေါ်မှာသာ မူတည်နေလေသည်။
ကျိုးမိသားစုသည် ကမ္ဘာကြီးက လည်ပတ်နေတာတောင်မှ အတိတ်အချိန်များကို လက်မလွှတ်တန်း ဖက်တွယ်ထားနေတုန်းဖြစ်သည်။
ကျိုးထန်ရှုန်းတစ်ယောက် ရင်ထဲကနေ ခါးခါးသီးသီး မေးခွန်းထုတ်နေမိသည်။ သူလည်း ကျိုးဟုန်ဝေ့ကို မဖမ်းချင်ပေမယ့် ကျန်းထောင်က အမိန့်ပေးခဲ့တယ်လေ။ ကျန်းထောင်က အလုပ်တစ်ခုပေါ်လာသည်ဟုပြောကာ သူ့ကိုပါလိုက်ခိုင်းခဲ့သည်။ လမ်းတစ်ဝက်ရောက်မှသာ အတိုင်ခံရသူက ကျိုးဟုန်ဝေ့ဖြစ်ကြောင်း ကျိုးထန်ရှုန်းသိခဲ့ခြင်းဖြစ်လေသည်။ သူက လမ်းတွင်လည်း ကျိုးဟုန်ဝေ့ကို သတင်းပေးနိုင်ရန် ကြိုးစားခဲ့သည်။ ကျိုးဟုန်ဝေ့သာ ဖမ်းထားသည့်လူကို လွှတ်ပေးလိုက်သည်နှင့် ဒါက ရာဇဝတ်မှုဖြစ်တော့မည်မဟုတ်ပေ။
ကျိုးထန်ရှုန်းသည် သန့်စင်ခန်းသွားမည်ဟု အကြောင်းပြခဲ့သော်လည်း တကယ်တမ်း သူ့တူကို ဖုန်းဆက်ချင်ခြင်းဖြစ်လေသည်။ သို့သော်လည်း သူ့ဖုန်းကို ဘယ်လိုမှ ရှာမတွေ့ခဲ့ပေ။ ဒါကြောင့် သူ့ဖုန်းပျောက်သွားသည်ဟုပင် ထင်ခဲ့သည်။ နောက်မှာ ကျန်းထောင်က သူ့ဖုန်းနှင့်ကစားနေသည်ကို တွေ့လိုက်ရလေသည်။ ကျိုးဟုန်ဝေ့အိမ်သို့ ရဲများရောက်လာချိန်မှာပဲ ကျန်းထောင်က သူ့ထက်အရင် ဖုန်းပြန်ဖြေလိုက်သည်။
ဖုန်းဖြေပြီးနောက်မှာတော့ ကျန်းထောင်က သူ့ကိုဖုန်းပြန်ပေးကာ အပြစ်ကင်းစွာဖြင့် ပြောလာလေသည်။ “တောင်းပန်ပါတယ်။ ကျွန်တော် ဖုန်းမှားယူထားမိတာ သတိထားမိလိုက်ဘူး။” ထို့နောက် သူက နားမလည်သည့်မျက်နှာပေးဖြင့် မေးလာခဲ့လေသည်။ “ဒါနဲ့ လက်ထောက်ကျိုး၊ ကျိုးဟုန်ဝေ့ဆိုတာဘယ်သူလဲ။ ဘာလို့ ဒီလောက်ရင့်သီးရတာလဲ။ ခင်ဗျားကို ဦးလေးလို့ခေါ်တာတော့ကြားတယ်။ သူက ခင်ဗျား တူလား။”
ကျိုးထန်ရှုန်း ဒေါသထွက်လွန်းလို့ မျက်နှာပင် စိမ်းဖန့်လာလေသည်။ သောက်စကားတွေ။ ဖုန်းအမျိုးစားတောင် မတူတဲ့ဟာကို ကျန်းထောင်က ဘယ်လိုလုပ်ပြီး သူ့ဖုန်းနဲ့မှားနိုင်မှာလဲ။ ပြီးတော့ ကျန်းထောင်မှာ သူ့အစားဖုန်းဖြေပေးစရာ ဘာအကြောင်းမှမရှိဘူး။
သို့သော်လည်း ထိုအချိန်တွင် သူလုပ်နိုင်တာဘာမှမရှိပေ။ အိမ်ထဲဝင်ခဲ့ကာ ကျိုးဟုန်ဝေ့၏နောက်ဆုံးပစ်မှတ်က လှပသည့် မိန်းမငယ်လေးမှန်းမြင်လိုက်ရချိန်မှာတော့ ထိုမိန်းကလေးကို သူ့တူ၏ချစ်သူကောင်မလေးအဖြစ် ပုံဖော်လိုက်ရန် အစီအစဉ်က သူ့ခေါင်းထဲပေါ်လာတော့သည်။ သို့သော်လည်း ထိုမိန်းကလေးက ကျန်းထောင်နှင့်သိနေလိမ့်မည်ဟုတော့ သူမထင်ထားခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် သူ့တူက ဖြတ်ထိုးဉာဏ်ကောင်းကာ ချက်ချင်းပင် သူ့ကိုအရိပ်အမြွက်ပေးလာခဲ့သည်။ ထိုမိန်းကလေးအား သူမမောင်ကိုသုံးပြီး ခြိမ်းခြောက်အကြပ်ကိုင်စေခြင်းပင်။
သို့သော်လည်း ထိုမိန်းကလေးက အသံသွင်းဘောပင်တစ်ချောင်းထုတ်လာကာ သူတို့ကို အံ့အားသင့်စေခဲ့ပြန်သည်။ သူတို့နောက်ကျောကို ဓားနှင့်ထိုးလိုက်ခြင်းပင်။ ကျိုးဟုန်ဝေ့ အဖမ်းခံလိုက်ရပြီးနောက် ကျိုးထန်ရှုန်းသည်လည်း စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပေးကာ အိမ်မှာပဲနေရန် အမိန့်ပေးခံရသည်။
ကျိုးထန်ရှုန်းက ပြောလိုက်လေသည်။ “ဒုတိယအစ်ကို၊ ဟုန်ဝေ့က ငါ့တူဆိုပေမယ့် ငါ့သားတစ်ယောက်လိုပဲ ဆက်ဆံခဲ့တယ်။ ငါလည်း သူအဖမ်းခံလိုက်ရတော့ အရမ်းစိတ်ပူတယ်။ ငါမင်းကို မနာလိုလုံးဝမဖြစ်ဘူး။” သေချာပေါက် သူမနာလိုဖြစ်သော်လည်း ထုတ်တော့မပြောရဲပေ။ မဟုတ်ရင် ဒုတိယအစ်ကိုက သူ့ဘဝကို ငရဲကျအောင်လုပ်ပေလိမ့်မည်။
သူကတော့ ကျိုးဟုန်ဝေ့ကို သားတစ်ယောက်လို ဆက်ဆံခဲ့ပေမယ့် ကျိုးဟုန်ဝေ့ကတော့ သူ့ကို တကယ်ကြီးအဖေတစ်ယောက်လို ဂရုမစိုက်ခဲ့ပေ။
ကျိုးဟွာယင်းက ခပ်ပြတ်ပြတ်ပင် မေးလာပြန်သည်။ “မင်းတကယ်ပဲ စိတ်ပူတယ်ပေါ့။ ဒါဆို ဘာလို့ ဝေ့အာကို ကူညီဖို့ စခန်းကိုမသွားဘဲ အိမ်ထဲမှာပဲ ကျောက်ချပြီးထိုင်နေတာလဲ။”
ကျိုးထန်ရှုန်း ဆွံ့အသွားတော့သည်။ ထို့နောက် ချက်ချင်းဆိုသလို ဒေါသလှိုင်းက လှိမ့်တက်လာကာ ထအော်တော့သည်။ “ဝေ့အာအဖမ်းခံရလို့ ငါအိမ်မှာပဲနေ,နေရတာလေ။ ငါ့အထက်လူကြီးက ဒီကိစ္စမှာ ဘက်လိုက်မှုတွေပါလာမှာစိုးတယ်ဆိုပြီး ငါ့ကိုဘေးထွက်နေဖို့ ပြောတာလေ။ ငါကရော အိမ်မှာနေချင်တယ်များထင်နေလား။”
ကျိုးကောကျန်းနှင့်ကျိုးဟွာမင်တို့ ချက်ချင်းပင် တိတ်ကျသွားကာ မျက်နှာများတည်တင်းနေကြသည်။ ပြဿနာက ဒီလောက်အထိလေးနက်လိမ့်မယ်လို့ သူတို့မထင်ထားခဲ့ကြပေ။
ကျန်းထောင်က ဒီကိစ္စကို ဟိုးအောက်ခြေအထိ တူးထုတ်ဖို့ရည်ရွယ်နေပုံပင်။ ကျိုးမိသားစုတစ်ခုလုံး ငြိစွန်းမည်ဖြစ်ကာ ဒီပြဿနာကနေ သူတို့ထဲကဘယ်နှယောက်များ အထိအခိုက်မရှိ လွတ်မြောက်နိုင်မလဲ။ ဒါကနေ ပြဿနာတွေအများကြီးကို ဆွဲထုတ်နိုင်လာသည်။
ကျိုးဟွာယင်းလို ဘာကိုမှအလေးအနက်မထားသည့် ခပ်ပေါ့ပေါ့တွေးသည့်လူသာ ဒီပြဿနာက ဘယ်လောက်လေးနက်သည်ကို သတိမထားမိခြင်းဖြစ်သည်။ သူက အထင်သေးဟန်ဖြင့် ဆက်ပြောလာလေသည်။ “ဟမ့်… အဲ့ဒါ မင်းဘာသာ အကြောင်းပြနေတာလေ။”
ကျိုးထန်ရှုန်း၏မျက်နှာက ဒေါသကြောင့် နီရဲသွားသော်လည်း သူ့ဒေါသသူ မြိုချရန်မှတပါး ရွေးချယ်စရာမရှိပေ။
ကျိုးကောကျန်းက သူ့ဒုတိယသားကို ကြည့်ကာ အော်လိုက်လေသည်။ “တိတ်စမ်း။” သူက ဒုတိယသားကို ပိုပြီး အလေးထားသော်လည်း အရူးတော့မဟုတ်ပေ။ သူ့ဒုတိယသား အခုလို လွတ်လပ်ပေါ့ပါးစွာနေနိုင်ခြင်းမှာ ကျိုးမိသားစုကြောင့်သာဖြစ်လေသည်။ အခုချိန်တွင် ကျိုးမိသားစု၏ထောက်တိုင်များမှာ ကျိုးဟွာမင်နှင့် ကျိုးထန်ရှုန်းတို့ဖြစ်ပေသည်။
ကျိုးဟွာယင်းတစ်ယောက် လိမ်လိမ်မာမာနှင့် ပါးစပ်ကိုပိတ်လိုက်သော်လည်း စိတ်ထဲကနေတော့ သူ့တတိယညီ ကျိုးထန်ရှုန်းကို အပြစ်တင်နေတုန်းပင်။ သူက နောက်ကျရင် ဒီကိစ္စအတွက် ပြန်လက်စားချေရန်ပင် အစီအစဉ်ဆွဲနေလေပြီ။
“ထန်ရှုန်း၊ ငါ့ကို ကိစ္စအလုံးစုံသေချာရှင်းပြ။” ကျိုးကောကျန်းက လေးနက်သည့်အမူအရာဖြင့် မေးလိုက်သည်။
ကျိုးထန်ရှုန်း ဖြစ်စဉ်အားလုံးကိုရှင်းပြပြီးနောက်မှာတော့ သူက စိုးရိမ်တကြီးမေးလိုက်လေသည်။ “အဖေ၊ ကျွန်တော်တို့ အခုဘယ်လိုလုပ်ကြမလဲ။”
ကျိုးကောကျန်းသည် သူ့တုတ်ကောက်ကို အမှီပြုထားပြီး သူ့မျက်နှာကတော့ တည်တင်းကာ ဒေါသခိုးဝေနေပြီး သူ့မျက်လုံးများကတော့ အေးစက်ခက်ထန်နေလေသည်။ “ပြဿနာရဲ့အရင်းအမြစ်ဆီသွားကြတာပေါ့။”
ထိုအခိုက် ကျိုးဟွာမင်နှင့် ကျိုးထန်ရှုန်းတို့ ကြောင်အသွားလေသည်။ သို့သော်လည်း ချက်ချင်းပင် ပြန်တုံ့ပြန်နိုင်ကာ မေးလိုက်ကြသည်။ “အဖေ ဆိုလိုတာက…”
***