← Chapters

ကျိုးဟွာမင်၏ညှိနှိုင်းချက်

Vol. 9 Ch. 159

ကျိုးဟွာမင်၏ညှိနှိုင်းချက်

Vol. 9 Ch. 159

ကျိုးဟုန်ဝေ့အဖမ်းခံလိုက်ရပြီးနောက် သခင်ကြီးကျိုးက ဤသို့ပြောလာလေသည်။ “ခေါင်းလောင်ကိုခြည်တဲ့လူကပဲ ပြန်ဖြည်ရမှာပေါ့။” ထိုသို့ပြောလိုက်သည်နှင့် ကျိုးညီအစ်ကိုများ၏စိတ်ထဲတွင် ရှင်းလင်းသွားကြလေသည်။

ကျိုးဟုန်ဝေ့အဖမ်းခံလိုက်ရခြင်းအမှု၏အဓိကတရားခံမှာ ရှောင်လင်းယွီသာဖြစ်လေသည်။

သို့သော်လည်း ရှောင်လင်းယွီသည် အရမ်းပဲဉာဏ်ကောင်းနေလို့လား ဒါမှမဟုတ် အရမ်းပဲ ကံကောင်းနေလို့လားတော့မသိ။ ကျိုးမိသားစုက ပို့လိုက်သမျှလူတိုင်း သူမကို ရှာမလို့မရနိုင်ခဲ့ပေ။

ကျိုးမိသားစုသည် ရှောင်လင်းယွီနေတဲ့နေရာကိုသိကာ ရှောင်လင်းယဲ့တက်သည့် ကျောင်းကိုလည်း သိတာကြောင့် တကယ်ဆိုရင် အစောကတည်းက ရှာတွေ့နေသင့်တာဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ မဖြစ်လာခဲ့ပေ။

ကျိုးဟုန်ဝေ့ အဖမ်းခံလိုက်ရချိန်တွင် ရှောင်လင်းယွီသည် ကျိုးဟုန်ဝေ့ကို ပြစ်ဒဏ်မချခင်အထိ အကာအကွယ်ပေးရန်အတွက် ရဲတွေကို တောင်းဆိုထားခဲ့သည်။ ကျန်းထောင်သည်လည်း ရှောင်လင်းယွီ၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်သည်။ ကျိုးဟုန်ဝေ့၏အမှုတွင် ရှောင်လင်းယွီ၏သက်သေက အရေးအကြီးဆုံးဖြစ်လေသည်။

ကျိုးမိသားစုသည် ရှင်းယင်ခရိုင်တွင် အင်အားကြီးသည့် မိသားစုတစ်စုဖြစ်သော်လည်း ရှောင်လင်းယွီကတော့ သာမာန်လူတစ်ယောက်သာဖြစ်လေသည်။ ဒါကြောင့် သူမ၏လုံခြုံရေးနှင့် သူမမိသားစုလုံခြုံရေးအတွက် ကြီးစွာသောခြိမ်းခြောက်မှုကြီးဖြစ်ပေသည်။

ကျန်းထောင် စဉ်းစားကြည့်ပြီးနောက် ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့ကို ကာကွယ်ပေးရန်အတွက် လူများစေလွှတ်ခဲ့လေသည်။ သူက ကျိုးမိသားစုကိုလည်း သတိပေးစာထုတ်ခဲ့သေးသည်။ အဓိကသက်သေ ရှောင်လင်းယွီသာတစ်ခုခုဖြစ်သွားခဲ့လျှင် ကျိုးမိသားစုကသာ ပထမဆုံးစစ်ဆေးခံရမည့်သူဖြစ်သည်ဟုပင်။

ဒါကြောင့်ပဲ ကျိုးမိသားစုသည် ဘာကိုမှပွင့်ပွင့်လင်းလင်း မလုပ်ရဲတော့ဘဲ လာဘ်ထိုးတာကိုသာ အားကိုးနိုင်တော့သည်။

ကျိုးညီအစ်ကိုသုံးယောက်တွင် နှစ်ယောက်သည် စီးပွားရေးလောကတွင် လွှမ်းမိုးမှုရှိသူဖြစ်ကာ တစ်ယောက်ကတော့ နိုင်ငံရေးဘက်မှဖြစ်လေသည်။ သူတို့နှစ်ယောက်လုံးတွင် ရှင်းယင်ခရိုင်၌ အဆက်အသွယ်များစွာရှိလေသည်။ သူတို့တွင် အာဏာရောအင်အားရောရှိကြကာ ရှောင်လင်းယွီတွင်တော့ ငွေရော အာဏာရောမရှိပေ။ ဒါကြောင့် သူတို့အနေနှင့် သူမကို အလွယ်လေး ဖိနှိပ်နိုင်လေသည်။ သို့သော်လည်း ဖြစ်ချင်တော့ ရှောင်လင်းယွီက အမြဲတမ်းပျောက်နေခြင်းပင်။

သူမက မနက်ခင်းစောစော ကုမိသားစုအတွက် လိုအပ်သည့် ဟင်းသီးဟင်းရွက်များလာယူရန် ဝမ်ကျီမင်ရောက်လာသည့်အချိန်တစ်ချိန်တည်းတွင်သာ ပေါ်လာတတ်ပေသည်။ ဝမ်ကျီမင်အနားမှာရှိနေတာကြောင့် ကျိုးမိသားစုလည်း ထိုအချိန်များတွင် ရှောင်လင်းယွီကို မချဉ်းကပ်နိုင်ခဲ့ပေ။ ထို့နောက်မှာတော့ ရှောင်လင်းယွီသည် သူမကားထဲတန်းဝင်ကာ ဘယ်ကိုမှန်းမသိမောင်းထွက်သွားပြီး ပေါ်မလာတော့ပေ။

ကျိုးမိသားစုသည် မေမေရှောင်နှင့် ဖေဖေရှောင်တို့ကိုတော့ ရှာတွေ့ခဲ့ပေမယ့် သူတို့အပေါ်တော့ ဘာမှမလှုပ်ရှားရဲခဲ့ကြပေ။ သူတို့သာ လှုပ်ရှားလိုက်မည်ဆိုလျှင် ရှောင်လင်းယွီက ဝေ့အာကို သေတွင်းထဲတွန်းပို့လိမ့်မည်ဖြစ်သည်။ ဒီလိုဆို မတန်ပေ။

ဒါကြောင့်ပဲ ကျိုးမိသားစုမှလူတိုင်း အရမ်းသတိထားနေကြခြင်းဖြစ်သည်။

“ငတုံးတွေ။” ကျိုးဟွာမင် အလွန်ဒေါသထွက်နေလေသည်။ သူက ယီမိသားစုဟိုတယ် ရုံးခန်းထဲတွင် ထိုင်နေခြင်းပင်။ “သူ့ကို ဖိတ်ခဲ့ဖို့ ငါမင်းကိုပြောတာလေ။ ခြိမ်းခြောက်ခိုင်းတာမဟုတ်ဘူး။ ဘာတွေကြောက်နေတာလဲ။ မင်းသာ နှိမ့်နှိမ့်ချချနဲ့ စကားကိုယဉ်ယဉ်ကျေးကျေးပြောလိုက်ရင်ရပြီလေ၊ ဘာကိုကြောက်နေတာလဲ။ ရဲတွေစောင့်ကြည့်နေတော့ရောဘာဖြစ်လဲ။ ငါတို့ဘာအမှားမှမလုပ်ဘူးလေ။”

ကျိုးဟွာမင် သူ့နက်ကတိုင်ကို လျှော့လိုက်သည်။ သူ့လက်အောက်ကငတုံးကောင်တွေရဲ့ခေါင်းကို ရိုက်ခွဲပြီး အထဲမှာဘာတွေရှိလဲကြည့်ပစ်ချင်တဲ့အထိကို သူဒေါသထွက်နေခြင်းပင်။ သူ့တို့မှာ ဦးနှောက်ရောပါကြရဲ့လား။

သူ့လက်အောက်ငယ်သားနှစ်ယောက်က ပြန်ပြောလေသည်။ “ဒါပေမယ့် စီအီးအိုကျိုး၊ ကျွန်တော်တို့ ရှောင်လင်းယွီနား ကပ်တောင်မကပ်နိုင်တာကို ဘယ်လိုလုပ်ပြီး နှိမ့်နှိမ့်ချချနဲ့ စကားကောင်းပြောလို့ရမှာတဲ့တုန်း။”

လက်အောက်ငယ်သားတစ်ယောက်က ခါးသီးနေသည့်အမူအရာဖြင့်၊ “ဟုတ်တယ်။ သူက မနက်တိုင်း ကု… ဝမ်ကျီမင်ကို အသီးအရွက်ရောင်းဖို့လောက်ပဲ ပေါ်လာတာလေ။ ကျွန်တော်တို့သွားတိုင်း သူ့ခြံတံခါးမှာ လူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်က စောင့်နေတာ။ အနားတောင်ကပ်လို့မရဘူး။ ရှောင်လင်းယွီထွက်သွားတာနဲ့ သူတို့လည်း တန်းထွက်သွားရော။ ပြီးတော့ တခါတလေ သူ့ခြံရှေ့မှာ သေမင်းနတ်ဘုရားကိုယ်တိုင်ရှိနေသေးတာ။ ကျွန်တော်တို့ ဘယ်လိုလုပ် အနားကပ်ရဲမှာလဲ။”

ကျိုးဟွာမင် ထိတ်လန့်သွားလေသည်။ “မင်းပြောချင်တာ သူ့မှာ နေ့တိုင်း အစောင့်အကြပ်ရှိတယ်။ ပြီးတော့ တစ်ခါတလေ ကျန်းထောင်တောင် ကိုယ်တိုင်ရှိနေပေးတယ်ပေါ့။”

“ဟုတ်ပါတယ်။” လက်အောက်ငယ်သားနှစ်ယောက်က အမြန်ခေါင်းညိတ်လိုက်ကြသည်။ “သူတို့က အမြဲတမ်းရှိနေကြတာ။”

ကျိုးဟွာမင် ပိုလို့တောင်မှ စိတ်ရှုပ်သွားတော့သည်။ “ထူးဆန်းတာပဲ။ ကျန်းထောင်က စီစဉ်ပေးနေတာလား။” ဒါပေမယ့် ကျန်းထောင်နဲ့ရှောင်လင်းယွီက ဘယ်လိုဆက်ဆံရေးမျိုးရှိကြတာလဲ။ ထိုအကြောင်းကိုတော့ ကျိုးမိသားစုတောင် စုံစမ်းလို့မရသေးပေ။

“ကျွန်တော်တို့လည်း မသိဘူး။” လက်အောက်ငယ်သားနှစ်ယောက်က ခေါင်းတွင်တွင်ခါနေလေသည်။ ထို့နောက် တစ်ယောက်က၊ “စီအီးအိုကျိုး၊ ကျွန်တော်တို့ ရှောင်လင်းယွီကို ဆက်ပြီးစောင့်ကြည့်ရဦးမလား။”

“ဘာကိုစောင့်ကြည့်မှာလဲ။” ကျိုးဟွာမင် ဆူပူတော့သည်။ “သူ့ကိုစောင့်ကြည့်လို့ ငါတို့အတွက် အကူအညီဖြစ်မှာမလို့လား။”

“ဒါဆို စီအီးအိုကျိုး၊ ကျွန်တော်တို့ အခုဘာဆက်လုပ်ရမလဲ။”

“ငါကဘယ်လိုလုပ်သိမှာလဲ။” ကျိုးဟွာမင်အော်လိုက်လေသည်။ သူ တကယ်ကို ဒေါသထွက်နေတာပင်။ အော်ဟစ်ပြီးသည့်နောက်မှာတော့ သူက၊ “ငါ နောက်ထပ်နည်းလမ်းတစ်ခု စဉ်းစားလိုက်ဦးမယ်။ မင်းတို့သွားကြတော့။”

လက်အောက်ငယ်သားနှစ်ယောက် ထွက်သွားပြီးနောက် ကျိုးဟွာမင်လည်း သူ့ထိုင်ခုံနောက်ကို မှီကာ အနည်းငယ်ပန်းလာသလို ခံစားမိလေသည်။ သူက ဆေးလိပ်တစ်လိပ်ကိုသောက်ရင်း တွေးတောနေခဲ့သည်။

ထို့နောက်မှာတော့ ဖုန်းတစ်ခုကိုဆက်သွယ်လိုက်သည်။

တစ်ဖက်က ဖုန်းပြန်ဖြေလာသည်နှင့် ကျိုးဟွာမင်က တန်းမေးလိုက်သည်။ “ငါ့လူတွေက ရှောင်လင်းယွီအနားကို ကပ်တောင်မကပ်နိုင်ဘူး။ ငါတို့ဘာဆက်လုပ်ကြမလဲ။ ဒါဆို ငါတို့ ရှောင်လင်းယဲ့ကိုပဲ ပစ်မှတ်ထားလိုက်ရမလား။”

ကျိုးထန်ရှုန်းတစ်ယောက် သူ့အစ်ကိုကြီးစကားကိုကြားပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သသည်။ “ဝေ့အာကို ပြစ်ဒဏ်ချဖို့ ၇ရက်ပဲလိုတော့တယ်။ ဒီ၇ရက်အတွင်း ငါတို့အကောင်းဆုံးကြိုးစားမှဖြစ်မယ်။ အခုထိ ရှောင်လင်းယွီက အဓိကဖြစ်နေတုန်းပဲ။”

ကျိုးဟွာမင်လည်း မျက်မှောင်ကြုတ်သွားသည်။ “ဒီတော့ မင်းဘာပြောချင်တာလဲ။”

ကျိုးထန်ရှုန်း ခဏမျှတွေးနေပြီးနောက်၊ “ငါတို့သူ့ကို အနောက်ကနေ ချဉ်းကပ်လို့မရဘူးဆိုမှတော့ အရှေ့ကနေပဲ တိုက်ခိုက်ကြတာပေါ့။”

“ဟမ်..” ကျိုးဟွာမင် တွေးတွေးဆဆဖြစ်သွားသည်။ “မင်းပြောတာမှန်တယ်။” ထို့နောက် သူက ခဏရပ်သွားကာ စိုးရိမ်ပူပန်စွာဖြင့် ပြန်မေးလာလေသည်။ “ထန်ရှုန်း၊ မင်းဘက်မှာရော အခြေအနေဘယ်လိုရှိလဲ။”

“ငါ့ဘက်မှာတော့ လောလောဆယ် ဘာမှလှုပ်ရှားတာမရှိဘူး။ စိတ်မပူပါနဲ့ အစ်ကိုကြီး။ ပြဿနာရှိမှာမဟုတ်ပါဘူး။” သူ့နောက်တွင် ဘာခြေရာမှ မကျန်ခဲ့တာသေချာအောင် ဂရုစိုက်ထားပြီးဖြစ်သည်။

ကျိုးဟွာမင် သက်ပြင်းဖွဖွချလိုက်သည်။ “ကောင်းတယ်။ ဂရုတော့စိုက်ဦး။” ဖုန်းချလိုက်ပြီးနောက် နောက်ထပ်ဆေးလိပ်တစ်ဖွာရှိုက်လိုက်ပြန်သည်။

“ငါတို့ နောက်ကနေ မချဉ်းကပ်နိုင်မှာတော့ ဒါဆိုလည်း ရှေ့ကနေပဲ တိုက်ခိုက်ကြတာပေါ့။” ထို့နောက် ဆေးလိပ်မီးကို ပြာခွက်တွင် ဖိချေကာ ငြှိမ်းလိုက်တော့သည်။

….

“မစ္စရှောင်၊ ငါတို့ဘော့စ်က မင်းနဲ့တွေ့ချင်နေတယ်။” နောက်ဆုံးတော့ သူတို့ ရှောင်လင်းယွီအနားကပ်ဖို့ အခွင့်အရေးရသွားခဲ့သည်။ သူတို့ အခု အမှတ်တစ်အထက်တန်းကျောင်း ဝင်ပေါက်တွင် ရှိနေခြင်းပင်။ ရှောင်လင်းယွီက သူမမောင်ကို စောင့်နေခြင်းဖြစ်သည်။

ရှောင်လင်းယွီသည် သူမလမ်းကို လူနှစ်ယောက်လာပိတ်ရပ်သည်ကိုမြင်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် သူမက အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “ရှင်တို့ကို ကျိုးမိသားစုက လွှတ်လိုက်တာလား။”

ထိုလူနှစ်ယောက်၏အမူအရာက ချက်ချင်းပင် တောင့်တင်းသွားကာ ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်။”

“ရှင်တို့ဘော့စ်က ဘယ်သူလဲ။ ဘာလို့ ကျွန်မကို ရှာနေတာလဲ။” ရှောင်လင်းယွီမေးလိုက်သည်။ “အရင်တစ်ခေါက် ကျွန်မကိုတစ်ယောက်ယောက်တွေ့ချင်နေတယ်လို့ပြောတုန်းကတော့ အဲ့လူက ကျိုးမိသားစုက ကျိုးဟုန်ဝေ့ပဲ။ ဒီလူက တော်တော်လေးယဉ်ကျေးမှုမရှိဘူး။ ကျွန်မ သူကို သဘောမကျဘူး။” သူမက ထိုလူနှစ်ယောက်ကို သူမကို ငတုံးတစ်ယောက်လို မဆက်ဆံဖို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ထိုလူနှစ်ယောက်လည်း စိတ်ကိုလျှော့ချကာ အပြုံးပွင့်ကိုယ်စီဆင်လိုက်ရင်း၊ “စိတ်မပူပါနဲ့ မစ္စရှောင်။ ငါတို့ဘော့စ်က မင်းနဲ့မင်းမောင်လေးကို ထမင်းတစ်နပ်လောက်အတူစားဖို့ ဖိတ်ခေါ်ချင်တာပါ။ နေရာကိုတော့ မင်းရွေးလို့ရပါတယ်။” သူတို့က ရှောင်လင်းယွီကို စိတ်ချသွားစေချင်ကာ ကျိုးမိသားစု၏စိတ်ရင်းကိုလည်း ပြသလိုခြင်းဖြစ်သည်။

ရှောင်လင်းယွီ မျက်ခုံးပင့်လိုက်သည်။ ရှောင်လင်းယွီ ဘာကိုဆိုလိုချင်လဲဆိုတာကို ထိုလူနှစ်ယောက် နားမလည်နိုင်ခဲ့ပေ။ ဒါကြောင့် သူတို့အနည်းငယ် စိုးရိမ်လာကာ မေးလိုက်သည်။ “မစ္စရှောင် ဘယ်လိုသဘောရလဲ။”

ရှောင်လင်းယွီ ပြုံးလိုက်ကာ သူမမျက်လုံးများကတော့ တောက်လဲ့နေသည်။ “ကျွန်မ မသွားဘူး။”

“မစ္စရှောင်။” ထိုလူနှစ်ယောက် အလွန်ကိုမှ စိုးရိမ်သွားတော့သည်။

ရှောင်လင်းယွီက ခပ်ဟဟရယ်လိုက်ကာ၊ “အခုထိ ရှင်တို့ဘော့စ်ဘယ်သူဆိုတာ ကျွန်မမသိသေးဘူးလေ။ ကျွန်မ အမှားတစ်ခုကို နှစ်ကြိမ်မလုပ်ဘူး။” သူမ ထိုလူများ၏ကစားပွဲတွင် ပါဝင်ကစားပေးတော့မည်မဟုတ်ပေ။

“မစ္စရှောင်၊ မြွေထွက်အောင် ခြုံရိုက်တဲ့အကွက်တွေသုံးမနေပါနဲ့။” ကျောက်ဟူဆိုသည့်တစ်ယောက် ဝင်ပြောလိုက်သည်။ “ငါတို့ဘော့စ်က ကျိုးဟွာမင်ပါ။ သူကတကယ်ကို မင်းနဲ့မင်းမောင်လေးကို ထမင်းတစ်နပ် ဖိတ်ကျွေးချင်…”

“ရပ်လိုက်။” ရှောင်လင်းယွီက ထိုလူပြောတာကိုရပ်ရန် လက်မြှောက်ကာ အချက်ပေးလိုက်သည်။ သူမအမူအရာက တည်တင်းနေကာ အသံကခပ်ပြတ်ပြတ်ပင်။ “ရှင်တို့ဘော့စ်ကို ကျွန်မမောင်လေးနဲ့ ဝေးဝေးနေဖို့ ပြောလိုက်ပါ။ မဟုတ်ရင် ဒီအတိုင်းထားမှာမဟုတ်ဘူး။”

‘ကျိုးမိသားစုတစ်ခုလုံး အတူတူနဲ့အနူနူတွေချည်းပဲ။ ငါ့ကို လွယ်လွယ်အနိုင်ကျင့်လို့ရမယ့်လူများ ထင်နေကြလား။ ယဲ့အာကိုအသုံးချပြီး ငါ့ကိုနှစ်ကြိမ်တောင် ခြိမ်းခြောက်ကြတယ်ပေါ့။’

သူတို့ပါးစပ်ကသာ စိတ်ရင်းနဲ့ ထမင်းအတူစားဖို့ ဖိတ်တယ်ပြောနေတာ။ တကယ်တမ်း ဒီလူက သူမသာ မပူးပေါင်းပေးရင် သူမမိသားစုကို အန္တရာယ်ပြုမယ်လို့ သတိပေးနေခြင်းပင်။ ဒါက ရှောင်လင်းယွီ၏အောက်ဆုံးစည်းကို သွားထိလိုက်ခြင်းဖြစ်သည်။

ကျောက်ဟူ၏မျက်ခုံးတို့ အလယ်တွင်တစ်စုတည်းဖြစ်သည်အထိ တွန့်ချိုးသွားသည်။ သူက ရှင်းပြဖို့ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိဖြစ်နေလေသည်။ အဆုံးမှာတော့ သူက သက်ပြင်းချလိုက်ကာ၊ “မစ္စရှောင်၊ နားလည်မှုမလွဲပါနဲ့။ ငါတို့ဘော့စ်က အဲ့လိုအဓိပ္ပါယ်နဲ့ပြောတာမဟုတ်ပါဘူး။”

ရှောင်လင်းယွီ နှာခေါင်းရှုံ့လိုက်သည်။ “ဒါဆို သူက ဘာကိုပြောချင်တာလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မရှင်တို့နဲ့ ထပ်ပြီးအချိန်ကုန်မခံနိုင်တော့ဘူး။” သူမက ဆက်မပြောခင် ခဏလောက်တွေးနေခဲ့ကာ၊ “ကျွန် ထမင်းစာဖိတ်တာကို လက်ခံတယ်လို့ ရှင်တို့ရဲ့ဘော့စ်ကျိုးကို သွားပြန်ပြောလိုက်ပါ။ နောက်သုံးရက်နေရင် ကုမိသားစုဟိုတယ်မှာတွေ့ကြတာပေါ့။ ကျွန်မအဲ့မှာစောင့်နေမယ်။ သူလာတာမလာတာကတော့ သူ့အပိုင်းပေါ့။”

ကျောက်လုံ၏မျက်နှာက အတန်ငယ်အရုပ်ဆိုးသွားလေသည်။ “မင်းက ဟာသပြောနေတာပဲ။ ဘော့စ်ကျိုးနဲ့ ကုမိသားစုဟိုတယ်က ရန်သူတွေဆိုတာ မင်းလည်း သိနေတာပဲ။ ဘယ်လိုလုပ် ငါတို့ဘော့စ်ကို သူ့ရန်သူရဲ့ပိုင်နက်ထဲ လာဖို့ပြောရတာလဲ။ ဒါ တမင်စော်ကားနေတာပဲ။”

“တခြားနေရာမှာဆို ကျွန်မအတွက် လုံခြုံတယ်လို့မခံစားရဘူး။ တကယ်တော့ ကျိုးမိသားစုနဲ့ တစ်စားပွဲတည်းထိုင်ရတာနဲ့ကို ကျွန်မကိုယ်ကျွန်မ မလုံခြုံဘူးလို့ခံစားရတယ်။ ဒီတော့ ကျွန်မအတွက် ပိုပြီးသက်သောင့်သက်သာရှိနိုင်မယ့်နေရာတစ်ခုတော့ ရှာမှဖြစ်မှာပေါ့။” ရှောင်လင်းယွီက အခိုင်အမာပင်ဆိုလေသည်။ “ကျွန်မဘက်က လိုချင်တဲ့အခြေအနေကိုတော့ ပြောပြီးပြီ။ သဘောတူတာမတူတာက ရှင်တို့ဘော့စ်စိတ်ပဲ။”

ကျောက်ဟူနှင့်ကျောက်လုံ၏အမူအရာများ ပြောင်းလဲသွားလေသည်။

ကျောက်လုံက ရှောင်လင်းယွီကို တစ်ခုခုထပ်ပြောတော့မည့်အချိန်မှာပဲ ကျောက်ဟူက သူ့အင်္ကျီလက်ကို လှမ်းဆွဲထားခဲ့သည်။ ထို့နောက် ကျောက်ဟူက၊ “ကောင်းပြီ။ မစ္စရှောင်ရဲ့ဆန္ဒကို ဘော့စ်ကျိုးဆီ အတိအကျပြန်တင်ပြပေးပါ့မယ်။” ပြောပြီးသည်နှင့် သူတို့နှစ်ယောက် ပြန်ထွက်သွားကြလေသည်။

အပြန်တွင်တော့ ကျောက်လုံက ချက်ချင်းပင် မကျေမနပ်ပြောလာခဲ့သည်။ “အစ်ကို၊ အဲ့မိန်းမက အရမ်းလွန်တယ်။ ဘာလို့ ကျွန်တော်ပြောမှာကို တားလိုက်ရတာလဲ။”

ကျောက်ဟူ၏အမူအရာက တည်ငြိမ်နေကာ အလေးအနက်ထားကာ ပြောလာခဲ့သည်။ “ကျောက်လုံ၊ ဦးနှောက်ကိုသုံးစမ်း။ ဘော့စ်ကျိုးကိုယ်တိုင် လာရင်တောင်မှ သူ ရှောင်လင်းယွီကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမှာ။ ကျိုးမိသားစုက သူ့ကိုလိုအပ်နေတယ်။ ဒါ့အပြင်…” ကျောက်ဟူ၏မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ “ငါတို့က လက်ပါးစေသာသာပဲ။ ဘော့စ်ကျိုးကသာ ဆုံးဖြတ်ချက်ချရမယ့်လူ။ ဒီတော့ ဘာလို့ ဒီအမျိုးသမီးတစ်ယောက်ကို စော်ကားပြီး ငါ့တို့အနာဂါတ်ကိုထိခိုက်အောင် လုပ်မှာလဲ။ ကျိုးဟွာမင် ငါတို့ကို ငတုံးတွေလို့ခေါ်ထား မဆန်းတော့ပါဘူး။ မင်းက ငါတို့နှစ်ယောက်လုံးစာ ဉာဏ်ရည်ကို ဆွဲချနေတာပဲ။”

ကျောက်လုံ သူ့ကိုခေါင်းကို ပွတ်ရင်း ထုံထုံအအဖြင့် ပြန်ပြောလာလေသည်။ “အစ်ကိုပြောတာ မှန်သားပဲ။”

ကျောက်ဟူ၊ “….”

ကျောက်လုံနှင့် ကျောက်ဟူထံမှ တင်ပြချက်ကို ကျိုးဟွာမင်နားထောင်ပြီးနောက် သူ့မျက်နှာက စိမ်းဖန့်သွားကာ တဖြည်းဖြည်း ဖြူစုပ်လာပြန်သည်။

သူက အံကြိတ်ကာ အော်ဟစ်လိုက်သည်။ “ရှောင်လင်းယွီ မင်းအရမ်းလွန်သွားပြီ။”

ကုမိသားစုနှင့် ကျိုးမိသားစုဆိုသည်မှာ ပြိုင်ဘက်တွေဖြစ်သည်။ ဒါကိုတောင် သူမကို ကုမိသားစုဟိုတယ်မှာ ထမင်းလိုက်ကျွေးဖို့ ပြောတယ်ပေါ့။ ဒါ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲမဟုတ်ဘူးလား။

“သူ တခြားဘာထပ်ပြောသေးလဲ။” ကျိုးဟွာမင် ထပ်မေးလိုက်သည်။

“သူက ကျိုးမိသားစုကို သူမမောင်လေးနဲ့ ဝေးဝေးနေဖို့ ပြောလိုက်ပါတယ်။ မဟုတ်ရင် ဒီအတိုင်းမထားဘူးတဲ့။” ကျောက်ဟူက အတိအကျပင် ပြန်ပြောခဲ့လေသည်။

ရှောင်လင်းယွီလို သာမာန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ကျိုးမိသားစုလို အင်အားကြီးတဲ့သူကို ခြိမ်းခြောက်နိုင်ရတာလဲ။ ပြောရရင်တော့ ဒါတွေအားလုံး ကျိုးဟုန်ဝေ့ မိုက်မဲခဲ့တာကြောင့်ချည်းပဲ။ သူ့အမှုတွင် ရှောင်လင်းယွီက အဓိကလူဖြစ်နေလေသည်။ သူမကလည်း ရဲစခန်းဘက်ကို သူမကိုကာကွယ်ပေးဖို့အတွက် တောင်းဆိုခဲ့သည်။

သူမသာ တစ်စုံတစ်ခုဖြစ်ပါက ကျိုးမိသားစုကသာ အဓိကသံသယရှိသူနေရာသို့ တန်းရောက်သွားမည်ပင်။

ဒါကြောင့်ပဲ ကျိုးမိသားစုက အရမ်းဂရုစိုက်နေကြခြင်းဖြစ်သည်။ မဖြစ်မနေလိုအပ်သည့်ကိစ္စကလွဲလို့ သူတို့အနေနှင့် ဘာကိုမှအထိအခိုက်မခံနိုင်ပေ။

ကျိုးဟွာမင် အသက်ပြင်းပြင်းရှူသွင်းရင်း သူ့စိတ်သူ အတတ်နိုင်ဆုံး ပြန်လျှော့ချနေခဲ့သည်။

ထို့နောက် သူက အံကြိတ်လျက်ပင် ပြောလိုက်သည်။ “ကောင်းပြီ၊ ငါသူ့ကိုသွားတွေ့မယ်။”

ကျိုးဟုန်ဝေ့၏ကိစ္စကိုဖြေရှင်းပြီး ရှောင်းလင်းယွီလည်း ရဲတွေရဲ့ ကာကွယ်ပေးမှုမခံရတော့တဲ့အချိန်ကျမှ ဒီကိစ္စအတွက် သေသေချာချာ လက်စားပြန်ချေကြတာပေါ့။

***

All Chapters