← Chapters

ကုန်းမိသားစုမှအရေးကိစ္စများ

Vol. 9 Ch. 160

ကုန်းမိသားစုမှအရေးကိစ္စများ

Vol. 9 Ch. 160

ရှောင်လင်းယွီက ဖိတ်ကြားချက်ကို လက်ခံလိုက်ကြောင်း သူ့အကြီးဆုံးသားက ပြောပြလာသည်ကို ကျိုးကောကျန်းကြားသည်နှင့် သူ့မျက်လုံးထဲတွင် အထင်သေးသည့်အရိပ်အယောင်များ ပြည့်နှက်သွားလေသည်။ သူက နှာမှုတ်လိုက်ကာ မထူးခြားဟန်ဖြင့် ပြောလိုက်သည်။ “ဒီနည်းနဲ့အလုပ်ဖြစ်မယ်မှန်း သိသားပဲ။ ငွေရယ် အကျိုးအမြတ်ရယ် လုံလုံလောက်လောက် ပစ်ပေးလိုက်သ၍ ငါတို့နဲ့တွဲလုပ်ဖို့ သေချာပေါက် သဘောတူမှာပဲ။”

“ဒါပေမယ့် အဖေ၊ ရှောင်လင်းယွီက နေရာကို ကုမိသားစုဟိုတယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။

ကျိုးဟွာမင် ပြောလိုက်သည်။ သူတို့ရည်ရွယ်ချက်က ရှောင်လင်းယွီကို ဖိတ်ကာ လာဘ်ထိုးဖို့ဖြစ်သည်။ သို့သော်လည်း သူတို့ရန်သူစောင့်ကြည့်နေသည့် မျက်စိအောက်တွင် ဘယ်လိုလုပ်ရတော့မလဲ။ ဒါက ကုမိသားစုကို သူတို့ရဲ့နိုင်ကွက်ကို ထိုးပေးလိုက်သလိုဖြစ်သွားမှာပေါ့။ ဒါ့အပြင် သူတို့စားမယ့်နေရာက ရန်သူပိုင်နက်ထဲမှာဖြစ်နေတာကပင် သူတို့ကို စော်ကားရာရောက်နေပြီဖြစ်သည်။

ရှောင်လင်းယွီ တမင်လုပ်ခြင်းဖြစ်သော်လည်း လောလောဆယ်တော့ သူတို့အနေနှင့် အလျှော့ပေးထားရုံသာရှိလေသည်။

“ဘာ?” ကျိုးကောကျန်း အံ့ဩသွားကာ သူ့အမူအရာက ဒေါသဘက်သို့ ပြောင်းလဲသွားလေသည်။ သူက သူ့ရဲ့နဂါးခေါင်းလမ်းလျှောက်တုတ်ကို ကိုင်ထားကာ ကြမ်းပေါ်သို့ ဆောင့်ချလိုက်လေသည်။ “ဒီမိန်းမကများ ငါတို့ကျိုးမိသားစုကို ဒီလိုပုံစံနဲ့ဆက်ဆံရဲတယ်ပေါ့။ ဒါ သူ ကုမိသားစုအတွက် တမင်လုပ်ပေးနေတာပဲမဟုတ်လား။”

ကျိုးကောကျန်းက ဒေါသတကြီးပြောလိုက်ကာ သူ၏အိုမင်းနေသော မျက်ဝန်းအိမ်များမှာ အမှောင်ထုတို့ပြည့်နှက်လာလေသည်။ ထို့နောက်မှာတော့ သူက စိတ်ကိုလျှော့ချလိုက်သည့်အသံသို့ ပြောင်းသွားကာ။ “လောလောဆယ်တော့ ဒီလိုပဲလုပ်ရမှာပေါ့။ ငါတို့ရဲ့အဓိကဦးစားပေးက ဝေ့အာကိုကယ်ဖို့ပဲ။ အဲ့ဒါပြီးသွားတာနဲ့.. ဟမ့်…”

ကျိုးဟွာမင် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ “အဖေ၊ ကျွန်တော်လည်း အဲ့လိုပဲ တွေးထားတာ။”

“ကောင်းတယ်၊ မင်းအဲ့လို ရှေ့ရေးကိုမျှော်တွေးတတ်တာ ငါဝမ်းသာတယ်။” ကျိုးကောကျန်း ခေါင်းညိတ်လိုက်သည်။ “ဟွာမင်၊ ဒီတစ်ခေါက်တော့ မိသားစုအတွက် မင်းဒုက္ခခံရဦးမယ်။”

လူအိုကြီး၏မျက်လုံးထဲတွင် ခိုင်မာသည့်ဆုံးဖြတ်ချက်အရိပ်အယောင်များရှိလို့နေသည်။ “ဝေ့အာအတွက် အဲ့မိန်းမနဲ့ ကုမိသားစု မင်းကို ဘယ်လိုပဲ အရှက်ခွဲနေပါစေ မင်း သည်းခံထားမှဖြစ်မယ်။ ငါတို့အစီအစဉ်တွေက ဒီအပေါ်မှာပဲ မူတည်နေတာ။ ဝေ့အာက ကျိုးမိသားစုရဲ့အသက်သွေးကြောပဲ။ ငါတို့မိသားစုအနာဂါတ်အတွက် သူ့ကိုလိုအပ်တယ်။ မင်းအိုမင်းလာတဲ့အချိန်စောင့်ရှောက်ဖို့အတွက်လည်း သူ့ကိုလိုအပ်တယ်။” ကျိုးကောမင်က ကျိုးဟုန်ဝေ့ကို ကယ်တင်ရာတွင် ကျိုးဟွာမင် အကောင်းဆုံးလုပ်ရန်အတွက် သတိပေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် ကျိုးဟုန်ဝေ့သည် သူတို့ကျိုးမိသားစု၏ တစ်ဦးတည်းသော မြေးယောကျ်ားလေးဖြစ်လေသည်။

ကျိုးဟွာမင်တစ်ယောက် စိတ်ထဲကနေ ခါးခါးသီးသီး ပြုံးလိုက်မိသည်။ သူ့တွင် သမီးနှစ်ယောက်ရှိသလို တတိယညီတွင်လည်း သမီးနှစ်ယောက်ရှိသည်။ ပြီးခဲ့သည့်နှစ်များအတွင်း သူတို့ညီအစ်ကိုနှစ်ယောက်သား သားတစ်ယောက်ရရေးအတွက် အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့ကြသော်လည်း အကောင်အထည်ပေါ်မလာခဲ့ပေ။ သူနှင့်သူညီနှစ်ယောက်လုံးတွင် အငယ်အနှောင်းမိန်းမများစွာရှိသော်လည်း သူတို့က နောက်ထပ်သမီးတွေပဲ ထပ်ရဖို့မပြောနှင့် ကိုယ်ဝန်တောင် မရခဲ့ကြပေ။

ကျိုးမိသားစုသို့ သားယောက်ျားလေးများချီပြီး ရောက်လာကြသည့် အမျိုးသမီးများရှိခဲ့ကာ ထိုကလေးများက ကျိုးမိသားစု၏သွေးသားဖြစ်သည်ဟု ပြောခဲ့ကြသည်။

ထိုသို့ရောက်လာချိန်တွင် ကျိုးမိသားစုက သွေးသားစစ်ဆေးမှုကို အရင်ဆုံးလုပ်ခဲ့ကြသော်လည်း ရလဒ်ကတော့ အသိသာကြီးပင်။ ဘယ်သူကမှ အမှန်အတိုင်းပြောလာခဲ့ခြင်းမဟုတ်ပေ။ သူတို့တွေလည်း အသက်ကြီးလာတာနဲ့အမျှ အားအင်တွေလည်း ကုန်ခမ်းလာကြကာ နောက်ဆုံး သူတို့မျှော်လင့်ချက်မှန်သမျှကို ကျိုးဟုန်ဝေ့တစ်ယောက်အပေါ်သာ အကုန်ပုံအောကြရတော့သည်။

ကျိုးဟုန်ဝေ့သာ သားယောက်ျားလေးသုံးယောက်လောက်မွေးပေးနိုင်ရင်တော့ သူတို့ညီအစ်ကိုနှစ်ယောက် တစ်ယောက်စီလောက် ပြန်မွေးစားချင်ကြသည်။ ဘယ်သူမဆို ဆက်ခံသူမျိုးဆက်တစ်ယောက်တော့ ရှိမှဖြစ်မည်။ သို့သော်လည်း ထူးဆန်းသည်က ကျိုးဟုန်ဝေ့တွင် ချစ်သူများစွာရှိသော်လည်း ဘယ်သူမှ ကိုယ်ဝန်မရကြပေ။ ကျိုးမိသားစုသည် တိတ်တဆိတ်လူလွှတ်ကာ စစ်ဆေးခဲ့ကြသော်လည်း ဘာကိုမှ မရှာနိုင်ခဲ့ကြပေ။ သို့သော်လည်း ကျိုးဟုန်ဝေ့က ငယ်ရွယ်နေတုန်းပင်။

လောလောဆယ် အဓိကအရေးကြီးသည်က ကျိုးဟုန်ဝေ့ကို ကယ်တင်ရန်ဖြစ်သည်။ မဟုတ်လို့ သူသာ ပစ်မှုမှတ်တမ်းဝင်သွားပါက ထောင်ထဲတွင် နှစ်အနည်းငယ်နေရပေလိမ့်မည်။ သူထောင်ကထွက်လာတဲ့အချိန်ကျ လက်ထပ်ပြီး ကလေးယူဖို့က အရမ်းကို အသက်ကြီးသွားပေတော့မည်။

ဒါကြောင့် ညီအစ်ကိုသုံးယောက်သည် ကျိုးဟုန်ဝေ့ကို ကယ်တင်ရန် နည်းလမ်းမှန်သမျှ သုံးနေကြခြင်းပင်။ သို့သော်လည်း သခင်ကြီးကျိုးက ထိုအကြောင်းကို တဖန်ထုတ်ဖော် သတိပေးလာချိန်မှာတော့ ကျိုးဟွာမင်ရင်ထဲ နာကျင်မိသေးသည်။ ဒါက သူ့အဖေကိုယ်တိုင်က သူ့ကို သံသယဝင်နေတယ်လို့ ဆိုလိုတာပဲ မဟုတ်ဘူးလား။

ကျိုးဟွာမင်က ကျိုးကောကျန်းကိုပြောလိုက်သည်။ “အဖေ၊ ကျွန်တော်သိပါတယ်။ ပြီးတော့ တတိယညီလည်း သိတယ်။” သူတို့အနာဂါတ်တွေကို ကျိုးဟုန်ဝေ့အပေါ် မှီခိုနေရဦးပေမည်။

ကျိုးကောကျန်း မျက်မှောင်ကြုတ်လိုက်ကာ၊ “မင်းရဲ့တတိယညီကရော အခြေအနေဘယ်လိုလဲ။”

ကျိုးဟွာမင် အရှိကိုအရှိအတိုင်းပြောပြလိုက်သည်။ “သူတို့ ဘာမှရှာမတွေ့သေးဘူးလို့တော့ သူပြောတယ်။ တတိယညီက အားလုံးကို သပ်သပ်ရပ်ရပ်ကိုင်တွယ်နေကျဆိုတော့ သူတို့ဘာမှ ရှာလို့တွေ့နိုင်မှာမဟုတ်ဘူး။”

“ကောင်းတယ်။” ကျိုးကောကျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “သူ့နာမည်ရှင်းသွားတာနဲ့ သူ့နိုင်ငံရေးလမ်းကြောင်းက ပိုပြီးတောင် မြန်မြန်ဆန်ဆန် အမြင့်ကိုတက်နိုင်သွားလိမ့်မယ်။ ဒီတော့ ဝေ့အာလည်း ပိုပြီးအင်အားကြီးတဲ့နောက်ခံရှိသွားတာပေါ့။”

“ဟုတ်ကဲ့ အဖေပြောတာမှန်ပါတယ်။”

“ဒါကြောင့် ဒီတစ်ခေါက် မင်း ဝင်ပါမှဖြစ်မယ်။” ကျိုးကောကျန်းက သူ့အကြီးဆုံးသားကို ထပ်ပြီးသတိပေးလိုက်ပြန်သည်။ “သူတို့တွေ မင်းသားကို ရိုက်ချိုးပြီး မင်းမျက်နှာကိုဖျက်ဆီးပစ်ရင်တောင်မှ မင်းအားလုံးကို ကြိတ်မှိတ်သည်းခံမှဖြစ်မယ်။ ဒီကိစ္စတွေပြီးသွားတဲ့အချိန်ကျ ငါတို့ကောင်းကောင်းကြီး လက်စားပြန်ချေနိုင်တယ်။”

“ဟုတ်ကဲ့ပါ အဖေ။”

…..

ရှောင်လင်းယွီတစ်ယောက် သူမမောင်ကို ထောင်ယွမ်ရွာသို့ ကားနှင့်ပြန်လိုက်ပို့ချိန်တွင် ရှောင်လင်းယဲ့သည် အသစ်စက်စက်ခင်းထားသော လမ်းသစ်ကြီးကိုကြည့်ရင်း သက်ပြင်းချနေလေသည်။ “သူတို့တွေလုပ်တာ တယ်မြန်တာပဲ။ ဒီလမ်းသာ ပြီးသွားရင် ကျွန်တော်တို့ ရွာနဲ့ရှင်းအန်းမြို့ကို ကားနဲ့သွားရင် ၁၀မိနစ်လောက်ပဲ ကုန်တော့မယ်။ အရင်ကဆို ဒီလိုဖြစ်လာမယ်လို့ တွေးတောင်မတွေးဖူးဘူး။”

ရှောင်လင်းယွီ ရယ်မောလိုက်သည်။ “ဒါ ငွေရဲ့စွမ်းအားပဲလေ။” နောက်ရက်အနည်းငယ်နေသည်နှင့် လမ်းက အပြီးသတ်နိုင်တော့မည်ဖြစ်သည်။

“အစ်မ၊ မစ္စတာကုန်းက ကျွန်တော်တို့ရွာထဲမှာ အိမ်တစ်လုံးဆောက်ချင်နေတယ်လို့ အမေပြောတယ်လေ။ အဲ့ဒါ ဆောက်ပြီးသွားပြီလား။” ရှောင်လင်းယဲ့က မေးလိုက်သည်။ “လမ်းတောင်မှ ပြီးခါနီးနေပြီဆိုတော့ အိမ်လည်း ပြီးလောက်ပြီနော်။” ရှောင်လင်းယဲ့ အိမ်မပြန်ဖြစ်တာ ရက်နှစ်ဆယ်နီးပါးဖြစ်ပြီဖြစ်တာကြောင့် နောက်ဆုံးရသတင်းများနှင့် ကင်းကွာနေလေသည်။

ထိုအခါ ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “အိမ်ကဆောက်ပြီးသွားပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ ပြီးသားတာ။ အိမ်အလှဆင်တာတောင် ပြီးနေပြီ။ နောက်ရက်ပိုင်းလောက် အိမ်ကို လေသလပ်ခံထားဖို့ပဲ လိုတော့တယ်။ ပြီးရင် ပရိဘောဂတွေရောက်လာတာနဲ့ အိမ်ရှင်တွေလည်း ပြောင်းလာနိုင်ပြီလေ။” ထိုအိမ်ကို ဘာဓာတုကွန်ပေါင်းမှမပါဘဲ ဆောက်လုပ်ထားခြင်းဖြစ်တာကြောင့် လူများ ချက်ချင်းပြောင်းရွှေ့နေနိုင်ပေသည်။

ရှောင်လင်းယဲ့က စိတ်ဝင်တစားဆက်မေးလိုက်သည်။ “အစ်မ၊ အဲ့အိမ်က လှလား။ ကျွန်တော်ကြားဖူးတာတော့ လူချမ်းသာတွေက ဥရောပစတိုင်ဗီလာမျိုးတွေမှာ နေကြတာတဲ့။ မြို့ထဲမှာဆို ဗီလာတစ်လုံးကို ယွမ်သန်းဆယ်ချီတန်တယ်လေ။ ဒါပေမယ့် ဒီလို ကျေးလက်ဘက်မှာတော့ အဲ့လောက်အများကြီးမကုန်လောက်ဘူးမဟုတ်လား။”

သူ့အစ်လိုပဲ ရှောင်လင်းယဲ့သည်လည်း ငယ်ငယ်ကတည်းက ထူးချွန်သည့်ကျောင်းသားတစ်ယောက်ဖြစ်သည်။ သူက မြို့ကြီးများသို့သွားကာ အမျိုးစုံသောပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့လေသည်။ ဒါကြောင့် မြို့တော်များ၏ အခြေအနေအကြောင်း ရွာသားအများစုထက် ပိုပြီးသိနေခြင်းပင်။

ရှောင်လင်းယွီလည်း ပြုံးလိုက်ကာ၊ “မင်းကတော့ အကုန်လုံးကိုသိချင်နေတော့တာပဲ။ ပြန်ရောက်မှ ကိုယ်ဘာသာ သွားကြည့်လိုက်တော့။”

ပြောရရင် ထိုအိမ်မှာ အတော်လေးကို သာမာန်ဆန်လေသည်။ အစိမ်းရောင်အုတ်ချပ်များကို ပုံဖော်စီထားကာ ကြီးမားသည့်ခြံဝန်းကြီးတစ်ခုရှိလေသည်။ ဒါပေါ့ ထောင်ယွမ်ရွာက လူတွေရဲ့မျက်လုံးထဲမှာတော့ ထိုသည်ကပင် အလွန်ကိုမှ ကြီးကျယ်ခမ်းနားရာရောက်နေပေပြီ။

…..

“ထျန်းဟောက်၊ လမ်းက ပြင်တာပြီးခါနီးပြီ။ အိမ်လည်းဆောက်တာပြီးသွားပြီ။” လီယွမ်ဟန်က ပြောလိုက်ခြင်းပင်။ “အချိန်နည်းနည်းယူပြီးလို့ ငါတို့ ပရိဘောဂတွေ ပို့ပြီးတာနဲ့ သခင်ကြီးလည်း ပြောင်းနေနိုင်ပြီ။”

ကုန်းထျန်းဟောက်မျက်မှောင်ကြုတ်သွားကာ မယုံသင်္ကာဖြင့် မေးလိုက်သည်။ “အဲ့လောက်မြန်လား။ အိမ်သုတ်ဆေးနံတွေ ဘာတွေ ကျန်နေရင်ဘယ်လိုလုပ်မလဲ။”

လီယွမ်ဟန်က သူကိုယ်တိုင်လည်း အစက ထိုမေးခွန်းမျိုး ခေါင်းထဲရောက်ဖူးသူဖြစ်တာကြောင့် ကုန်းထျန်းဟောက်လည်း မေးမည်မှန်း ထင်ထားပြီးဖြစ်သည်။ သူသည်လည်း နယ်ခံဆောက်လုပ်ရေးသမားများဆီကနေ ဖြေရှင်းချက် ကြားထားပြီးဖြစ်သည်။

လီယွမ်ဟန်က ပြုံးလျက်၊ “ထျန်းဟောက်၊ ငါတို့ ဒီတစ်ခေါက် နယ်ခံဆောက်လုပ်ရေးသမားတွေကိုပဲ အပ်ခဲ့တာဆိုတော့ သူတို့က သဘာဝကုန်ကြမ်းတွေကိုပဲ သုံးကြတယ်။ ဥပမာ၊ အထပ်သားအစား သူတို့က တောထဲက တိုက်ရိုက်ခုတ်ထားတဲ့ သစ်မာသားတွေကိုသုံးကြတယ်။ အိမ်က သဘာဝအနံ့အသက်ပဲရှိတယ်၊ ဓာတုပစ္စည်းအနံ့တွေ ပျောက်အောင် လေသလပ်ခံဖို့လောက် အချိန်အကြာကြီး မလိုအပ်ဘူး။”

လီယွမ်ဟန်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုန်းထျန်းဟောက်တစ်ယောက် အမူအရာမဲ့စွာနှင့် ခေါင်းကိုသာ အသာညိတ်ပြလေသည်။ “မဟော်ဂနီပရိဘောဂတစ်စုံဝယ်ပြီး ပို့ထားလိုက်။ ပြီးတော့ အဘိုးရဲ့ပစ္စည်းတွေကိုလည်း ပြင်ဆင်ပေးလိုက်ဦး။ ငါတို့ နောက်ရက်ပိုင်းနေရင် ကိုယ်တိုင်သွားကြည့်ကြတာပေါ့။”

“ကောင်းပြီ။” လီယွမ်ဟန် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးတောမိသွားဟန်ဖြင့် မေးလာလေသည်။ “ထျန်းဟောက်၊ မင်း ဒီအကြောင်းကို သခင်ကြီးနဲ့ရော ပြောပြီးပြီလား။” သူတို့အားလုံးပြင်ဆင်ထားပေမယ့် တကယ်နေရမယ့်လူက အခုထိ ဘာကိုမှ မသိထားသေးပေ။

လီယွမ်ဟန် ထိုမေးခွန်းမေးလိုက်သည်နှင့် ကုန်းထျန်းဟောက်၏အမူအရာမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။

ထိုတော့မှ လီယွမ်ဟန် မသင်္ကာသလိုပြန်မေးလိုက်သည်။ “ထျန်းဟောက်၊ မင်းအခုထိ သခင်ကြီးကို ဒီအကြောင်း မပြောပြရသေးဘူးလား။” ဒီလိုဆို သိပ်တော့မကောင်းဘူး။ သခင်ကြီးကုန်းသည် အလွန်ခေါင်းကြောမာသူဖြစ်သည်။ သူသာ ထောင်ယွမ်ရွာကို မပြောင်းချင်ပါဘူးဆိုလျှင် သူတို့လည်း ဘာမှမတတ်နိုင်ပေ။

ကုန်းထျန်းဟောက် ချက်ချင်းပင် မတ်တပ်ထရပ်ကာ အပေါ်ထပ်ကုတ်ကို ဆွဲယူပြီး သူ့လက်ဖျံပေါ်တင်ကာ အပြင်ထွက်ဖို့ ပြင်လိုက်တော့သည်။

လီယွမ်ဟန်က ချက်ချင်းပင် မေးလိုက်သည်။ “ထျန်းဟောက်၊ ဘယ်သွားမလို့လဲ။ ငါတို့အခုထိ လက်မှတ်မထိုးရသေးတဲ့စာရွက်စာတမ်းတွေရှိသေးတယ်လေ။”

“အိမ်ပြန်မလို့။” ကုန်းထျန်းဟောက် ပြန်ဖြေလိုက်သည်။ “နေ့လည်ပိုင်းမှ ငါပြန်လာပြီး လက်မှတ်ထိုးတော့မယ်။” စီးပွားရေးစာချုပ်စာတမ်းတွေက သူ့အဖိုးထက်ပိုပြီး အရေးကြီးတာမရှိပေ။

လီယွမ်ဟန် တုံ့တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်သည်။ “ထျန်းဟောက်၊ ငါရော မင်းနဲ့အတူ လိုက်ပေးဖို့ လိုသေးလား။”

ထိုမြေးအဖိုးနှစ်ယောက်၏စိတ်နေစိတ်ထားမှာ အတော်လေးကိုမှတူလေသည်။ သူတို့နှစ်ယောက်လုံး ခေါင်းကြောမာကာ အကြောတင်းကြလေသည်။ စကားသုံးခွန်းလောက်ပြောပြီးရုံနဲ့ နှစ်ယောက်သား ရန်အကြီးအကျယ်ထဖြစ်သည်က များသည်။ ဒါပေါ့ အကြိမ်တိုင်း ကုန်းထျန်းဟောက်ဘက်က အလျှော့ပေးမှသာ အဆုံးသတ်သွားတာပင်။

လီယွမ်ဟန်သာ အတူရှိပေးလျှင်တော့ အနည်းဆုံး ကြားထဲနေ ဖျန်ဖြေသူတစ်ယောက်လို လုပ်နိုင်သေးသည်။

ကုန်းထျန်းဟောက်က သူ့ခြေလှမ်းတွေကို တန့်လိုက်ပြီးကာမှ ခေါင်းယမ်းလာခဲ့သည်။ “မလိုဘူး။”

ကုန်းထျန်းဟောက် အိမ်ပြန်ရောက်သွားချိန်တွင် သူ့ဒုတိယအဖိုး၏ အကြီးဆုံးသား ကုန်းကျန်းကျွင်း၊ သူ့ဇနီး ပိုင်လျန်ဟွားနှင့် သူတို့နှစ်ယောက်၏အကြီးဆုံးသားတို့ရှိနေသည်ကို မြင်လိုက်ရသည်။ သူတို့က ခြံတံခါးဂိတ်မှ အစောင့်များနှင့် အခြေအတင်ဖြစ်နေကြခြင်းပင်။

ကုန်းကျန်းကျွင်းသည် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သပ်ရပ်ပြီး ယဉ်ကျေးသူတစ်ယောက်ဟန်ပေါ်သော်လည်း တကယ်တမ်း စိတ်နှလုံးမည်းနက်သူဖြစ်သည်။

ပိုင်လျန်ဟွားသည်တော့ အရပ်ရှည်ကာ ဂုဏ်သရည်ရှိအမျိုးသမီးတစ်ယောက်လို ဝတ်ဆင်ထားတာကြောင့် တကယ်ကို ဂုဏ်သရည်ရှိကာ မွန်မြတ်သည့်ဟန်ပေါ်လေသည်။ သူမနာမည်လိုပဲ တကယ်ကို ကြားပန်းဖြစ်တစ်ယောက်ဖြစ်နေရုံပင်။

ကုန်းကျန်းကျွင်းနှင့် ပိုင်လျန်ဟွားတို့သည် ကုမိသားစုဒုတိယအိမ်တော်ခွဲမှဖြစ်ကြသည်။ သူတို့သည် အဓိကအိမ်တော်ကို အမြဲတမ်း မနာလိုဖြစ်နေကြသူများဖြစ်သည်။ ကုန်းမိသားစုအဓိကအိမ်တော်ကတော့ လူဦးရေနည်းပါးသော်လည်း အာဏာအပြည့်အဝရှိလေသည်။

ဒုတိယအိမ်တော်ခွဲသည် ထိုအာဏာကို တပ်မက်နေကြခြင်းဖြစ်သည်။ အဓိကအိမ်တော်တွင် မြေးယောက်ျားလေးတစ်ယောက်သာရှိပြီး ကုန်းထျန်းဟောက်ပင်။ ထိုမြေးသာ မရှိလို့ကတော့ ကုမိသားစု၏ ငွေကြေးနှင့် အမွေအနှစ်အားလုံးကို ဒုတိယအိမ်တော်ခွဲက ရရှိသွားမည်ဖြစ်သည်။ ဒါကြောင့်လည်း ကုန်းထျန်းဟောက် ငယ်စဉ်အခါတုန်းက လုပ်ကြံသတ်ဖြတ်သူပေါင်းများစွာ၏ အဓိကပစ်မှတ်ဖြစ်ခဲ့ရလေသည်။ ကျေးဇူးတင်စရာကောင်းသည်က ကုန်းထျန်းဟောက်သည် အတော်လေးကံကောင်းကာ ဉာဏ်လည်းထက်သူဖြစ်နေခြင်းပင်။ ဒါ့အပြင် သူ့အဖိုး၏ကာကွယ်ပေးမှုကလည်း ရှိသေးသည်။ ထိုအကြောင်းကို သခင်ကြီးကုန်း သိသွားသည်နှင့် သူ့ဒုတိယညီ၏မိသားစုကို သတိပေးခဲ့သည်။ “ငါ့အကြီးဆုံးမြေးသာ တစ်ခုခုဖြစ်လို့ကတော့ မင်းတို့အားလုံးလည်း သူနဲ့အတူ လိုက်သေရမယ်။”

သခင်ကြီးကုန်းသည် စစ်ထွက်တစ်ယောက်ဖြစ်တာကြောင့် စည်းကမ်းတင်းကြပ်ကာ ပြောရင်ပြောတဲ့အတိုင်းလုပ်သူဖြစ်သည်။

နောက်ဆုံးမှတော့ ဒုတိယအိမ်တော်ခွဲလည်း သူတို့လုပ်ရပ်များကို ရပ်တန်းက ရပ်လိုက်ကြသည်။ ထို့နောက်မှာတော့ သူတို့က နည်းလမ်းကိုပြောင်းလဲလိုက်ကြလေသည်။ သူတို့က သခင်ကြီးကုန်း၏စိတ်ခံစားချက်ကို ကစားသည့်ဘက်သို့ လှည့်သွားကြခြင်းပင်။ သခင်ကြီးကုန်း၏ဒုတိယညီက သူ့ကလေးများနှင့် သူ့မြေးများကို ရံဖန်ရံခါ လူအိုကြီးအနားသို့ ခေါ်လာခဲ့သည်။ သူ့မြေးတွေကိုလည်း ကုန်းထျန်းဟောက်နှင့် ဆက်ဆံရေးကောင်းအောင် သင်ကြားထားခဲ့သည်။

ထိုနည်းလမ်းက တကယ်လည်း အလုပ်ဖြစ်သွားသည်ပင်။ သခင်ကြီးကုန်းသည် ဒုတိယအိမ်တော်ခွဲနှင့် ရင်းနှီးလာကာ တစ်ခေါက်ပြီးတစ်ခေါက် သူတို့ကို ကူညီပေးခဲ့သည်။

သို့သော်လည်း ဒုတိယအိမ်တော်ခွဲသည် ကုန်းမိသားစုအပေါ် ဂုတ်သွေးစုပ်ခြင်းအား ဘယ်တော့မှ ရပ်တန့်မသွားခဲ့ပေ။ တော်သေးသည်က သခင်ကြီးကုန်း နောက်ဆုံးသည်းခံနိုင်သည့် အတိုင်းအတာကိုတော့ သူတို့သိကြသေးလေသည်။ ကုန်းထျန်းဟောက်၏လုံခြုံရေးကိုပါ မထိပါးစေသ၍ သခင်ကြီးကုန်းသည် သူတို့ဘာလုပ်လုပ် လုပ်ခွင့်ပေးထားမည်ဖြစ်သည်။

ထိုကဲ့သို့အခြေအနေသည် ကုန်းထျန်းဟောက် အရွယ်ရောက်၍ အာဏာကိုပိုင်ဆိုင်လာချိန်မှာတော့ ပြောင်းလဲသွားတော့သည်။

ကုန်းကျန်းကျွင်းသည် အမြဲတမ်း သူ့သား ကုန်းထျန်းလုံကို ကုန်းထျန်းဟောက်နေရာတွင် အစားထိုးပြီး ကုန်းမိသားစု၏တစ်ဦးတည်းသော သခင်လေးဖြစ်လာစေချင်ခဲ့သည်။

လက်ရှိတွင်တော့ သူတို့မိသားစုတွင် ခြံဝန်းအပြင်ဘက်တွင် တားဆီးခံထားကြရလေသည်။

ပိုင်လျန်ဟွားသည် စိတ်စောလွန်း၍ သူမမျက်နှာက နီမြန်းလာခဲ့သည်အထိပင်။ သူမက အစောင့်များကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ကျိန်ဆဲနေလေသည်။ “ငါဘယ်သူလဲသိရဲ့လား။ ငါက ကုန်းမိသားစုရဲ့ အကြီးဆုံးချွေးမ၊ ပြီးတော့ ကုန်းမိသားစုရဲ့တစ်ဦးတည်းသော သခင်မပဲ။ ငါ အခုချက်ချင်း သခင်ကြီးကုန်းနဲ့တွေ့ချင်တယ်။ ဘယ်သူ ငါ့ကိုတားရဲလဲ။ သခင်ကြီးနဲ့တွေ့တာနဲ့ ငါနင်တို့အားလုံးကို အလုပ်ဖြုတ်ပစ်မယ်။”

ဂိတ်တံခါးဝတွင် သေနတ်များကိုင်ဆောင်ထားသည့် အစောင့်နှစ်ယောက် ရပ်နေကြသည်။ ကုန်းကျန်းကျွင်းဖြစ်ဖြစ် ပိုင်လျန်ဟွားဖြစ်ဖြစ် သူတို့ဘာပဲပြောနေနေ သူတို့ကတော့ မလှုပ်ကြပေ။ သို့သော်လည်း ကုန်းကျန်းကျွင်းဖြစ်စေ ပိုင်လျန်ဟွားဖြစ်စေ ရှေ့သို့တစ်လှမ်းတိုးလာသည်နှင့် သူတို့က ထိုသူများကို သေနတ်ဖြင့် တန်းချိန်ကြမည်ဖြစ်သည်။ ကုန်းကျန်းကျွင်းတစ်ယောက် ကံစမ်းကြည့်ချင်ခဲ့ကာ အစောင့်တွေကလည်း တကယ်ပင် ပစ်ခတ်ခဲ့လေသည်။ ပထမတစ်ချက်ကတော့ သတိပေးသည့်အနေနှင့် ပစ်ခဲ့ခြင်းပင်။ သို့သော်လည်း ကုန်းကျန်းကျွင်းနှင့် ပိုင်လျန်ဟွားတို့မှာ မြေပေါ်သို့ချက်ချင်းဝပ်ချသည်အထိ အလွန်ကြောက်လန့်တုန်လှုပ်သွားကြလေသည်။ သူတို့က ခပ်လှမ်းလှမ်းသို့ ပြန်ပြေးသွားကာ အစောင့်တွေကို ဆက်လက်အော်ဟစ်ကျိန်ဆဲခဲ့ကြသည်။ အစောင့်များကတော့ သူတို့နေရာတွင်ပဲ မတုန်မလှုပ်ရပ်နေမြဲပင်။

“ပွမ်…ပွမ်…”

ကားဟွန်းသံကိုကြားလိုက်သည်နှင့် ကုန်းကျန်းကျွင်းရော ပိုင်လျန်ဟွားပါ ထိတ်လန့်သွားကြသည်။ ကုန်းထျန်းဟောက်၏ကားကိုမြင်လိုက်ကြသည်နှင့် သူတို့ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်မိသွားကြကာ အမူအရာတွေကလည်း ပြောင်းလဲသွားလေသည်။

“အကြီးဆုံးသခင်လေး။” အစောင့်နှစ်ယောက်က ကုန်းထျန်းဟောက်ကို အလေးပြုကာ ဂိတ်တံခါးကို ဖွင့်ပေးလိုက်ကြသည်။

ကုန်းထျန်းဟောက်က ကားမှန်တံခါးကိုချလိုက်ပြီး သူ၏နက်ရှိုင်းသည့်မျက်ဝန်းနက်များဖြင့် ကုန်းကျန်းကျွင်းနှင့် ပိုင်လျန်ဟွားတို့ကို ကြည့်လိုက်လေသည်။ ထိုအကြည့်များထဲတွင် နွေးထွေးမှုတစ်စုံတစ်ရာမပါဝင်ပေ။

သူက တိုက်ရိုက်ပင် သတိပေးစကားဆိုလိုက်သည်။ “ကုန်းကျန်းကျွင်း၊ ပိုင်လျန်ဟွား၊ ခင်ဗျားတို့ ငါ့အိမ်ရှေ့မှာ ထပ်ပြီးဆူဆူညံညံလုပ်နေတာတွေ့လို့ကတော့ ပိုင်လုပ်ငန်းစုလည်း အခုလို ခဏလောက် လှုပ်ခတ်သွားရုံနဲ့မပြီးဘူး။”

ပိုင်လျန်ဟွားတစ်ယောက် ထိတ်လန့်ကာ အံ့ဩသည့်အမူအရာဖြင့် ပြောလာခဲ့သည်။ “မင်းပေါ့။ ပိုင်လုပ်ငန်းစု ဒီလိုဗရမ်းဗတာဖြစ်ကုန်တာ မင်းကြောင့်ပေါ့။” သူမက ဒေါသတကြီးအော်ဟစ်ဆူပူလေတော့သည်။ “ကုန်းထျန်းဟောက်၊ မင်းဘယ်လိုလုပ်လိုက်တာလဲ။ ဒီကုမ္ပဏီတည်ထောင်ဖို့ ငါတို့မိသားစု ဘယ်လောက်တောင်မှ အားအင်စိုက်ထုတ်ခဲ့ရလဲ မင်းသိရဲ့လား။ အခုတော့ မင်းကြောင့် အားလုံးဆုံးရှုံးရတော့မလို့။ မင်းက ပိုင်မိသားစုကို ဒေဝါလီခံစေချင်နေတာလား။”

“ဘင်ဂို။” ကုန်းထျန်းဟောက် ပြုံးလိုက်လေသည်။

ပိုင်လျန်ဟွား ကြောင်အသွားရသည်။ ထို့နောက် သူမမျက်နှာက အဖြူနှင့်အနီ တစ်လှည့်စီပြောင်းလဲသွားကာ ဒေါသရော စိုးရိမ်ပူပန်မှုပါ လူးလာနေလေသည်။ ကုန်းထျန်းဟောက်၏သဘောထားက ဒီထက်ပင် မရှင်းနိုင်တော့ပေ။

“နင်ကများ။ အဘိုးကြီး သိသွားတာနဲ့ နင့်ကိုအပြစ်ပေးလိမ့်မယ်။”

ကုန်းထျန်းဟောက်က သူမကို စူးစူးရဲရဲစိုက်ကြည့်လာတာကြောင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားလေသည်။ “ပိုင်လျန်ဟွား၊ ဒီနေရာမှာ မင်းရဲ့အော်သံကို နောက်ထပ်ပြီးမကြားချင်ဘူး။” ပြောပြီးသည်နှင့် မောင်းထွက်သွားတော့သည်။

ကျန်နေသည့် နှစ်ယောက်ကတော့ အမြှီးတက်နင်းခံလိုက်ရသလို ဒေါသတကြီးဖြစ်လို့နေလေသည်။

***

All Chapters