ကုန်းမိသားစုမှအရေးကိစ္စများ
Vol. 9 Ch. 161
ကုန်းထျန်းဟောက်၏အကြံပြုချက်ကို နားထောင်ပြီးနောက်မှာတော့ သခင်ကြီးကုန်းတစ်ယောက် သက်ပြင်းအသာချလိုက်လေသည်။ “ကောင်းပြီ၊ ဟောက်အာ၊ မင်းသဘောအတိုင်းစီစဉ်လိုက်ပါ။”
“အဖိုး၊ ထောင်ယွမ်ရွာက အရမ်းလှတဲ့နေရာပါ…” ကုန်းထျန်းဟောက်တစ်ယောက် သူ့စိတ်ထဲမှာ စာစီထားသည့် စကားများကို ထုတ်ပြောမည်ပြင်နေခဲ့ရာမှ ရပ်လိုက်ရလေသည်။ “အဖိုး သဘောတူလိုက်တာလား။ ကျွန်တော်နဲ့ အငြင်းအခုံမလုပ်တော့ဘူးလား။” ကုန်းထျန်းဟောက် အံ့ဩသွားလေသည်။
သခင်ကြီးကုန်းသည်လည်း သူ့မြေး၏အံ့ဩနေသည့်အမူအရာကိုကြည့်ကာ၊ “အဲ့နေရာက အရမ်းလှတယ်၊ လူတွေကလည်း သဘောကောင်းတယ်၊ ပြီးတော့ ငါတို့စားဖိုမှူးလက်ရာထက်တောင် ဟင်းချက်ကောင်းတဲ့ အဒေါ်ကြီးတစ်ယောက်လည်းရှိတယ်လို့ မင်းပဲပြောတယ်လေ၊ ဒီတော့ ငါက ဘာလို့ငြင်းနေရဦးမှာလဲ။”
“ဒါပေမယ့် အဖိုး…” ဒုတိယမိသားစုခွဲကို ဒီအတိုင်းထားခဲ့နိုင်တယ်ပေါ့။ ထိုစကားကိုတော့ သူထုတ်မမေးလိုက်ပေ။ ကုန်းထျန်းဟောက်က သူ့အဖိုးကို အတတ်နိုင်ဆုံးဖြောင်းဖျသိမ်းသွင်းဖို့ လိုမည်ဟု တွေးထားခဲ့သော်လည်း တကယ်တမ်း သခင်ကြီးကုန်းက လွယ်လွယ်ကူကူ သဘောတူခဲ့တာကြောင့် သူ့ကိုစိတ်ရှုပ်သွားစေခဲ့သည်။
သခင်ကြီးကုန်းက လက်အသာယမ်းလိုက်ပြီး၊ “ဟောက်အာ၊ မင်းဘာပြောချင်နေလဲ အဖိုးသိတယ်။ ငါ့ဒုတိယညီနဲ့ သူ့မိသားစုကို ငါမခွဲနိုင်မှာ မင်းစိုးရိမ်နေတာပဲ၊ ဟုတ်တယ်မလား။”
ကုန်းထျန်းဟောက် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
သူ့မြေး၏အမူအရာကိုကြည့်ခြင်း သခင်ကြီးကုန်းလည်း သူ့အတွေးမှန်မှန်း အတည်ပြုလိုက်တော့သည်။ ထို့နောက် သူက၊ “ဟောက်အာ၊ မင်း ဒီနှစ်တွေထဲ အများကြီးခက်ခဲခဲ့ရပြီ။” သူက ကုန်းထျန်းဟောက်၏လက်ကို ဆွဲယူကာ အကြိမ်အနည်းငယ်ခန့် အသာအယာပုတ်ပေးလိုက်သည်။
“အဖိုး၊” အံ့ဩဖို့ကောင်းနေပြန်ပြီ။ ကုန်းထျန်းဟောက် ခေါင်းယမ်းလိုက်ပြီး၊ “အဖိုး၊ ကျွန်တော့်အတွက် အဲ့လောက်လဲ မခက်ခဲပါဘူး။ အဖိုးရှိနေသ၍ ဘယ်သူမှ ကျွန်တော့်နားကပ်ဖို့ သတ္တိမရှိဘူး။”
“ဒါကြောင့်ပဲ ငါဒီလောက်အကြာကြီး ကပ်တွယ်နေခဲ့တာပေါ့။” သခင်ကြီးကုန်းက ခပ်ဟဟရယ်လိုက်လေသည်။ “အခုဆို မင်းတို့အကုန်လုံး အရွယ်တွေရောက်ပြီး ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ပြီမှန်း ငါသိတယ်လေ။ ဒါပေမယ့် မင်းကို ငါတတ်နိုင်သလောက် ဆက်ပြီး ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်နေသေးတယ်။ ငါသာ အနားမှာရှိနေသ၍ မင်းကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာမဟုတ်ဘူး။”
ကုန်းထျန်းဟောက် ချက်ချင်းပင် ပြန်ပြောလိုက်သည်။ “ဒါပေါ့၊ အဖိုးက အသက်ရာကျော်အထိ နေရဦးမှာ။”
သခင်ကြီးကုန်းက သူ့ခေါင်းကို အသာခါယမ်းလိုက်သည်။ “ဒီခန္ဓာကိုယ်နဲ့ ငါအကြာကြီးနေရဖို့ မမျှော်မှန်းရဲတော့ပါဘူး။ ဒါပေမယ့် ငါတတ်နိုင်သလောက် မင်းအနားမှာအကြာကြီးနေနိုင်အောင် ကိုယ့်ကိုယ်ကို ဂရုစိုက်သွားပါ့မယ်ဆိုတာကိုတော့ ကတိပေးတယ်။”
ကုန်းထျန်းဟောက်၏မျက်လုံးများ အနည်းငယ် နီရဲလာလေသည်။ သူသာ ကောင်ငယ်လေးတစ်ယောက်ဆိုလျှင် ငိုတောင် ငိုချလိုက်မိပြီဖြစ်သည်။ သို့သော်လည်း သူ့အဖိုးက သူ့အနားတွင် အကြာကြီးနေနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားသွားပါမည်ဆိုသည့် စကားကို ကြားလိုက်ရချိန်မှာတော့ သူ့ရင်ထဲ နွေးထွေးသွားလေသည်။ သူက အနည်းငယ် ဆို့နင့်နေသည့်အသံဖြင့် ပြတ်ပြတ်သားသားပြောလိုက်သည်။ “အဖိုးက သေချာပေါက် အသက်ရာကျော်အထိ နေရမှာပါ။”
ကုန်းထျန်းဟောက်က သူ့အနားရှိချိန် ဤကဲ့သို့ ကလေးဆန်ဆန်ပြုမူသည်က ရှားပါးလှတာကြောင့် သခင်ကြီးကုန်းလည်း သူ့မြေးနှင့်အချေအတင်ပြောမနေတော့ပေ။ “ဟုတ်ပါပြီ၊ ငါ အသက်ရာကျော်နေပါ့မယ်။ ဒါပေမယ့် မင်းကိုယ်မင်း ကြည့်စမ်းပါဦး။ အသက်က ဘယ်လောက်တောင်ရှိနေပြီလဲ အခုထိ ကလေးလို ငိုချင်နေသေးတယ်။ မျက်လုံးတွေကိုရဲနေတာပဲ။” သခင်ကြီးကုန်းသည် ကုန်းထျန်းဟောက်နှင့် အခုလို စကားအများကြီးပြောဖြစ်သည်က ရှားလေသည်။ “မင်းက အမြဲတမ်း အမှီအခိုကင်းကင်းနဲ့ သန်မာတဲ့ကောင်လေးဖြစ်ခဲ့တာ။ မင်းမိဘတွေ ဆုံးပါးသွားတာတောင် မင်းက ပြဿနာမရှာခဲ့ဘူး။ အချိန်နည်းနည်းကြာလာတော့ မင်းက ကိုယ့်ကိုယ်ကိုပိတ်လှောင်လာခဲ့တယ်။ စားလည်းမစား သောက်လည်းမသောက်ဘဲ တနေ့လုံးချောင်ထဲမှာပဲ ပုန်းနေခဲ့တယ်။”
“အဲ့တုန်းက ငါဘယ်လောက်တောင် စိုးရိမ်ခဲ့ရလဲသိရဲ့လား။ အဲ့အချိန်တုန်းက မင်းသာတစ်ခုခုဖြစ်သွားရင် ငါဘယ်လိုလုပ်ရမလဲဆိုပြီးတောင် ငါတွေးခဲ့မိတယ်။ ငါ့သားနဲ့ငါ့ချွေးမကို ငါမျက်နှာချင်းဆိုင်နိုင်မှာတောင် မဟုတ်ဘူး။ မင်းသိရဲ့လား၊ အဲ့တုန်းက ငါအမြဲတမ်း သေနတ်တစ်လက်ကိုဆောင်ထားခဲ့တာ။ ငါ့အကြီးဆုံးမြေးသာ တစ်ခုခုဖြစ်လို့ကတော့ ငါပါ မင်းနဲ့အဖော်ပြုပေးဖို့ပေါ့။ ငါက မင်းအတွက်ကြောင့်သာ ရှင်သန်နေခဲ့တာ။ ငါ့အကြီးဆုံးမြေးကို ဘယ်သူကမှ အနိုင်ကျင့်တာမျိုး ခွင့်မပြုဘူး။”
“အဖိုး…” ကုန်းထျန်းဟောက် တကယ်ကို ရင်ထဲ ထိမိသွားလေသည်။
“ဒါပေမယ့် အဲ့တုန်းက တစ်နေ့မှာ ကောင်လေးက ရုတ်တရက်ကြီး ငါ့ဆီပြေးလာဖက်ခဲ့တယ်။ ပြီးတော့ သူက စငိုတော့တာပဲ။” သခင်ကြီးကုန်းက အတိတ်ကို ပြန်လည်သတိရနေခဲ့သည်။ “ငါလည်း သူ့ကို ငိုလိုက်လည်း ဘာမှမဖြစ်ဘူးဆိုပြီး နှစ်သိမ့်ပေးတယ်။ ခံစားချက်တွေကို မြိုသိပ်ထားတာက ကျန်းမာရေးအတွက် မကောင်းတာကြောင့် ငါသူ့ကို သူ့ခံစားချက်တွေကို ဖုံးကွယ်မထားခဲ့စေချင်ဘူးလေ။”
“အဲ့ဒီအချိန်ကစပြီး ငါလည်း ငါ့အကြီးဆုံးမြေးလေးအတွက် အကောင်းဆုံးရှင်သန်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ငါ သူအရွယ်ရောက်လာတာ၊ လက်ထပ်တာ၊ ကလေးတွေရလာတာကို စောင့်ကြည့်ချင်တယ်။ မင်းမှာ ကိုယ်ပိုင်မိသားစုရှိလာပြီဆိုရင်တော့ ငါလည်း အေးအေးချမ်းချမ်းနဲ့ မင်းအဖွားကို သွားရှာနိုင်ပြီ။ မင်းမိဘတွေနဲ့လည်း မျက်နှာချင်းဆိုင်နိုင်ပြီ။”
“အဖိုး…” ကုန်းထျန်းဟောက်သည် သူ့အဖိုးမျက်လုံးထဲတွင်တော့ အမြဲတမ်း ကောင်ငယ်လေးတစ်ယောက်ဖြစ်နေတုန်းပင်။ “အဖိုး၊ ကျွန်တော့်မှာ မိသားစုရှိလာရင်တောင် အဖွားကို သွားရှာဖို့ အလျင်မလိုပါနဲ့။ အဖိုးသာ ဒီအကြောင်းပြချက်ကြောင့် ထွက်သွားချင်တာဆိုရင် ကျွန်တော် အိမ်ထောင်မပြုတော့ဘူး။”
သခင်ကြီးကုန်း၏မျက်လုံးက စူးရှသွားကာ ချက်ချင်းဖြတ်ပြောလိုက်သည်။ “မင်းလက်ထပ်တာ မထပ်တာက အဓိကအကြောင်းအရင်းမဟုတ်ဘူး။ မင်းမိသားစုတစ်ခု မထူထောင်ချင်တာနဲ့ ငါ့ကို အကြောင်းပြချက်လိုလာမလုပ်နဲ့။ မင်းလည်း ငယ်တော့တာမဟုတ်ဘူး။” သခင်ကြီးကုန်းက အလွန်အလေးအနက်ထားကာ ပြောလိုက်သည်။ ကုန်းထျန်းဟောက်၏မင်္ဂလာကိစ္စနှင့်ပတ်သတ်လာသ၍ သူက အမြဲတမ်း အလေးအနက်ထားလေသည်။
ကုန်းထျန်းဟောက်လည်း သူ့နဂိုခေါင်းမာသည့်အနေအထားသို့ ပြန်လည်ရောက်ရှိသွားလေသည်။ သူ့စိတ်ထဲကနေတော့ ညည်းညူလိုက်သည်။ ‘ဘယ်မှာအသက်ကြီးသေးလို့လဲ။ အခုမှ ၃၀တောင် မပြည့်သေးတာကို။’
သခင်ကြီးကုန်းသည်လည်း သူ့မြေး၏အမူအရာကိုဖတ်ကာ အတွေးကို ခန့်မှန်းနိုင်သူဖြစ်လေသည်။ သူက သူ့လမ်းလျှောက်တုတ်ကိုဆွဲကာ ကုန်းထျန်းဟောက်၏ကျောကို ရိုက်တော့သည်။ “မင်းဘာတွေတွေးနေလဲ ငါမသိဘူးများထင်နေလား။ မင်းလက်မထပ်ရင် ငါကဘယ်တော့မှ မြစ်ရတော့မှာလဲ။ မင်းကတော့ ငါ့ကို ဘယ်လိုဒေါသထွက်အောင် လုပ်ရမလဲဆိုတာ အရမ်းသိတာပဲ။”
ထို့နောက် သူက သူ့ရင်ဘက်ကို ဆုပ်ကိုင်ကာ မျက်နှာကလည်း နီရဲလာလေသည်။
ကုန်းထျန်းဟောက်လည်း ချက်ချင်းပင် သူ့အဖိုးကျောကို ပုတ်ပေးလိုက်ကာ၊ “အဖိုး၊ စိတ်လျှော့ပါ။ ဒေါသမထွက်ပါနဲ့။”
သခင်ကြီးကုန်းက ထပ်ပြောလိုက်သေးသည်။ “မင်း ငါ့ကို ဒေါသမထွက်စေချင်ရင် မြန်မြန် မိန်းမယူပြီး ငါ့အတွက် မြစ်တစ်ယောက် မွေးပေးလိုက်။”
ကုန်းထျန်းဟောက်သည် အမြဲတမ်း သူ့အဖိုး၏ဆုံးဖြတ်ချက်မှန်သမျှကို လိုက်လျောတတ်သူဖြစ်သော်လည်း ဒီတစ်ခုကတော့… ချွင်းချက်ဖြစ်လေသည်။ သူ့မှာ ကိုယ်ပိုင်မိသားစုရှိလာလျှင် သူ့အဖိုးက သူ့ကို စိတ်ချလက်ချ ထားခဲ့မည်အား မဖြစ်စေချင်သောကြောင့်သာဖြစ်သည်။
လွန်ခဲ့သည့်၈နှစ်တုန်းက ကုန်းထျန်းဟောက်၏ ချစ်သူကောင်မလေးသည် နိုင်ငံခြားထွက်ချင်တာကြောင့် သူ့ကို ပစ်ခဲ့လေသည်။ သူလည်း ဝမ်းနည်းကာ အရက်အလွန်အကျွံသောက်ခဲ့မိသည်။ ထိုညက သူအိမ်သို့ အရက်မူးပြီးပြန်လာကာ သူ့အဖိုး၏စာကြည့်ခန်းရှေ့မှ ဖြတ်လျှောက်သွားချိန် သူ့အဖိုးက စာကြည့်ခန်းထဲတွင် သူ့အဖွား၏ဓာတ်ပုံကိုကြည့်ကာ စကားပြောနေသည်ကို ကြားခဲ့ရသည်။ အစကတော့ သူ့အဖိုးက သူ့ဇနီးဓာတ်ပုံကိုကြည့်ကာ တခါတလေ စကားပြောနေကျဖြစ်တာကြောင့် သူအာရုံမစိုက်ခဲ့ပေ။ သို့သော်လည်း သူထွက်သွားဖို့ ပြင်လိုက်ချိန်မှာပဲ သူ့အဖိုးပြောလိုက်သည့်စကားကို ကြားလိုက်ရလေသည်။ “အချစ်ရေ၊ ကိုယ်အခုတော့ မသွားနိုင်သေးဘူး။ ဒါပေမယ့် ဟောက်အာ လက်ထပ်ပြီး ကလေးတွေရလာရင်တော့ မင်းနဲ့အတူလိုက်ခဲ့ပေးပါ့မယ်၊ ဟုတ်ပြီလား။”
ကုန်းထျန်းဟောက်တစ်ယောက် ထိုစကားများကိုကြားသည်နှင့် ချက်ချင်းပင် တုန်လှုပ်ကာ ပူပန်သွားခဲ့သည်။ ထိုတော့မှ သူ့အဖိုးတွင် ထိုသို့သောအတွေးများ စွဲနေမှန်း သူသဘောပေါက်လိုက်ပေသည်။ ကုန်းထျန်းဟောက်လည်း သူ့ရဲ့တစ်ဦးတည်းသောမိသားစုဝင်ဖြစ်သည့် သူ့အဖိုးကို ဆုံးရှုံးရမှာကြောက်မိသည်။ ဒါကြောင့် ထိုအချိန်မှစပြီး သူလက်မထပ်၊ ကလေးမယူဖို့ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
“ကျွန်တော် ကြားလိုက်တယ်။” ရုတ်တရက် ကုန်းထျန်းဟောက်က ပြောလိုက်လေသည်။
သခင်ကြီးကုန်းက နားမလည်ဖြစ်သွားကာ ပြန်မေးလိုက်သည်။ “မင်းကြားလိုက်တာ? ဘာကိုကြားလိုက်တာလဲ။”
“ကျွန်တော် အသက် ၂၁နှစ်တုန်းက အဖိုး စာကြည့်ခန်းထဲမှာ အဖွားကိုပြောနေတာ ကြားလိုက်တယ်။ ကျွန်တော် လက်ထပ်ပြီး ကလေးတွေရှိလာတဲ့အချိန်ကျ အဖွားကိုလာရှာမယ်ဆိုပြီး ပြောနေတာကိုလေ။”
“ဒါကြောင့် မင်း ဘယ်သူနဲ့မှမတွဲတော့တာလား။” သခင်ကြီးကုန်းမေးလိုက်သည်။
ကုန်းထျန်းဟောက်ကတော့ နှုတ်ပိတ်နေခဲ့လေသည်။ ထိုသို့ နှုတ်ဆိတ်နေတာကပဲ အဖြေဖြစ်နေခြင်းပင်။
သခင်ကြီးကုန်းသည်လည်း နှုတ်ဆိတ်သွားတော့သည်။ ထို့နောက် သူက သက်ပြင်းချကာ၊ “ဒီတော့ မင်းကိုဆွဲထားနေမိတာ ငါကိုယ်တိုင်ပဲပေါ့။” သူ့မြေးက လွန်ခဲ့သည့်၈နှစ်တုန်းက လမ်းခွဲခံထားရတာကြောင့် အခုထိ အသည်းကွဲနေသေးတာဟု သူအမြဲထင်နေခဲ့တာပင်။ ဒါကြောင့် ထိုမိန်းကလေးပြန်လာမည်ကို စောင့်နေခြင်းဟု ထင်ခဲ့ခြင်းဖြစ်သည်။
ကုန်းထျန်းဟောက်က ချက်ချင်းပင် စိုးရိမ်တကြီးပြန်ပြောလိုက်လေသည်။ “အဖိုး၊ ကျွန်တော် အဲ့သဘောပြောတာမဟုတ်ဘူး။ ဒါ အဖိုးရဲ့အမှားမဟုတ်ဘူးလေ။ ကျွန်တော်ကသာပါ… ကျွန်တော်ကသာ လက်မထပ် ကလေးမယူချင်တာ။”
သခင်ကြီးကုန်း သက်ပြင်းအသာချကာ ပြောလာခဲ့သည်။ “ဟောက်အာ၊ မြေးရဲ့အသက်က ၃၀နားနီးနေပြီ။ မင်းလည်း အသက်ကြီးလာပြီလေ။”
“….”
“အဖိုး၊ ကျွန်တော့်အသက် ဘယ်လောက်ပဲဖြစ်ဖြစ် အဖိုးရဲ့မြေးဖြစ်နေဦးမှာပဲ။ မြေးဆိုမှတော့ အမြဲတမ်း ကလေးပဲပေါ့။”
“မင်းပြောတာမှန်ပါတယ်။” သခင်ကြီးကုန်းက ခပ်ဖွဖွရယ်မောလိုက်သည်။ “မင်းက ငါ့မျက်လုံးထဲမှာတော့ အမြဲတမ်း ကလေးပဲ။”
“တွေ့လား၊ အဖိုးလည်း သဘောတူတာပဲ။” ကုန်းထျန်းဟောက်သည် သူ့အဖိုးနှင့်အတူရှိချိန်ဆိုလျှင် တော်တော်လေး မျက်နှာအရေထူလေသည်။
“ဟဟဟ…” သခင်ကြီးကုန်းတစ်ယောက် ရုတ်တရက် ထရယ်တော့သည်။ “ဟုတ်ပါပြီ။ မင်း လက်မထပ်ချင်ဘူးဆိုတော့လည်း လက်မထပ်နဲ့ပေါ့။ ငါအနားမှာရှိနေသ၍ မင်းဘာသာ အသက်၅၀ဖြစ်သွားရင်တောင် မင်းကို ကလေးတစ်ယောက်လို အမြဲဆက်ဆံပေးမယ့်လူတစ်ယောက် ရှိနေဦးမှာပဲ။” ကုန်းထျန်းဟောက်သာ အသက်၅၀ဆိုရင် သူလည်း ၁၀၀ ကျော်သွားလောက်ပေပြီ။
ကုန်းထျန်းဟောက် ပြုံးလိုက်မိသည်။
“ဒါပေမယ့် ဟောက်အာ..” သခင်ကြီးကုန်းက အလေးအနက်ထားကာ ပြောလာပြန်သည်။ “မင်း မိန်းမကောင်းလေးတစ်ယောက်နဲ့သာ ဆုံခဲ့ရင် သူ့ကို လက်မလွှတ်ပါဘူးလို့တော့ အဖိုးကို ကတိပေး။ အဖိုးကလည်း ငါ့ရဲ့မြေးလေး ပြေးလွှားနေတာကို မမြင်သေးခင်အထိ ကောင်းကောင်းအသက်ရှင်နေမယ်လို့ ကတိပေးတယ်။ ပြီးမှပဲ မင်းရဲ့အဖွားနဲ့ သွားတွေ့တော့မယ်။”
သခင်ကြီးကုန်းသည် သူ့မြေး၏ခေါင်းမာမှုအကြောင်း ကောင်းကောင်းကြီး သိထားပေသည်။ သူသာ ကုန်းထျန်းဟောက်ကို နည်းနည်းလေးမှ မတိုက်တွန်းဘဲနေရင် သူ့မြေးက တစ်ကိုယ်တည်း ဆက်နေ,နေဦးမှာဖြစ်သည်။
ကုန်းထျန်းဟောက်လည်း ခေါင်းညိတ်လက်ခံလိုက်လေသည်။ “ကောင်းပါပြီ၊ အဖိုး။”
ထို့နောက် မြေးအဖိုးနှစ်ယောက်၏ စကားလမ်းကြောင်းက ပြောင်းလဲသွားတော့သည်။
သခင်ကြီးကုန်းက၊ “ဟောက်အာ၊ မင်း အဖိုးကို မြို့တော်ကနေ ထောင်ယွမ်ရွာကို ပြောင်းဖို့ ပြောတယ်နော်။ ဒီလိုလုပ်ခိုင်းရတဲ့အကြောင်းအရင်းတွေထဲက တစ်ချက်က မင်းရဲ့ဒုတိယအဖိုးလေးမိသားစုနဲ့ အဖိုးကို ဝေးဝေးနေစေချင်တာကြောင့် မဟုတ်လား။”
ကုန်းထျန်းဟောက်ကလည်း ထိုအချက်ကို မငြင်းဆန်ခဲ့ပေ။
“ဟုတ်တယ်။” ထို့သို့ပြောပြီးနောက် သူက ခဏလောက်ရပ်သွားပြီးကာမှ ရှေ့ဆက်ပြောလာခဲ့သည်။ “သူတို့ အဖိုးကို ဆက်ပြီးနှောက်ယှက်နေရင် အဖိုးရဲ့ကျန်းမာရေးအတွက်လည်း မကောင်းဘူး။”
သခင်ကြီးကုန်းက ပြုံးလိုက်သည်။ “အဲ့ဒါကြောင့်ပဲလား၊ ဒါမှမဟုတ် မင်း ငါ့ကို သူတို့ကိုထပ်ပြီး မကူညီပေးစေချင်တော့လို့ မဟုတ်ဘူးပေါ့။”
“ဒါလည်း နောက်ထပ်အကြောင်းအရင်းတစ်ခုပဲ။” ကုန်းထျန်းဟောက်က ပြန်ဖြေလိုက်လေသည်။ “အဖိုးရဲ့ကျန်းမာရေးက လုံးဝကောင်းမွန်နေတာမဟုတ်မှန်း သူတို့သိနေတာတောင် ဆက်တိုက် အဖိုးဆီလာပြီး အနှောက်အယှက်ပေးနေကြတယ်လေ။ သူတို့က အဖိုးရဲ့ကျန်းမာရေးကို လျစ်လျူရှုပြီး သူတို့ရဲ့အသေးအဖွဲ့ကိစ္စတွေကို ကူညီပေးဖို့ပဲ ဆက်တိုက် တောင်းဆိုနေတာ။ သူတို့က အဖိုးကို အနှောက်အယှက်ပေးပြီး သူတို့မိသားစုက သမီးကို ကျွန်တော်နဲ့ လက်ထပ်ပေးပြီး တခါတည်း ကျွန်တော့်ကိုပါ အပိုင်ချည်ချင်နေတာလေ။ ရွံစရာကောင်းလိုက်တာ။” ကုန်းထျန်းဟောက်သည် ထိုဒုတိယအိမ်တော်ခွဲအကြောင်း ပြောချိန်တွင် သူ၏ရွံရှာနေသည့်စိတ်ကို မဖုံးကွယ်ထားပေ။
“သူတို့ကို ဒီလောက်အချိန်အကြာကြီးအထိ နှောက်ယှက်ခွင့်ပြုထားမိတာ ငါ့အမှားပါ။” သခင်ကြီးကုန်းက သက်ပြင်းချလိုက်သည်။
“အဖိုး၊ ဒါ အဖိုးရဲ့အမှားမဟုတ်ဘူးလေ။” ကုန်းထျန်းဟောက် ခေါင်းယမ်းလိုက်သည်။ “ဒုတိယအဖိုးရဲ့မိသားစုကမှ အရမ်းလောဘကြီးပြီး ရည်မှန်းချက်ကြီးလွန်းနေတာ။ ဘယ်လောက်ဆို ကျေနပ်ရကောင်းမှန်း နားမလည်ကြဘူး။”
သူက ခဏလောက်ရပ်သွားပြီးနောက်၊ “အဖိုး၊ အတိတ်က ကိစ္စတွေကြောင့် ကျွန်တော့်အတွက် အဖိုး သူတို့ကို ဒီလိုပေးကမ်းနေရတာ ကျွန်တော်သိပါတယ်။ အဖိုးသာ သူတို့ကို တစ်ခုခုပေးကမ်းမနေရင် သူတို့ ကျွန်တော့်ကို မကောင်းတာတစ်ခုခုလုပ်မှာ အဖိုးစိုးရိမ်နေတာပဲ။ အဖိုးဘက်က ပြတ်ပြတ်သားသား သတိပေးထားရင်တောင်မှ သူတို့က ကျွန်တော့်နောက်ကို ဆက်လိုက်နေကြဦးမှာပဲ။ ဒါကြောင့် သူတို့ကို နှစ်သိမ့်တဲ့အနေနဲ့ သူတို့လိုချင်တဲ့ ငွေတွေ အာဏာတွေ အဖိုးပေးနေတာလေ။ ဒါကြောင့်ပဲ နှစ်အနည်းငယ်အတွင်း သူတို့တွေ မြို့တော်မှာ အခိုင်အမာခြေကုပ်ယူနိုင်ခဲ့တာ။ ပိုပြီးတောင်မှ သန်မာလာနေကြသေးတယ်။”
“ဒါပေမယ့် အဖိုး၊ တချို့လူတွေက ဘယ်လောက်ပေးကမ်းနေပါစေ ကျေနပ်တတ်ကြတာမဟုတ်ဘူး။ သူတို့ကို ပိုပေးလေ ပိုပြီးလောဘတက်ကြလေပဲ။ အဖိုး သူတို့ကို ကုန်းမိသားစုတစ်ခုလုံးပေးလိုက်ရင်တောင်မှ သူတို့အာဏာကို ပိုပြီးခိုင်မာလာအောင် အဖိုးနဲ့ကျွန်တော့်ကို ဖယ်ရှားပစ်ဖို့ လုပ်ကြဦးမှာ။”
“သူတို့တွေ ရည်မှန်းချက်ကြီးလွန်းပြီး လောဘကြီးကြမှန်း အဖိုးလည်းသိပါတယ်။ ဒါပေမယ့် အဖိုးစိုးရိမ်တယ်လေ။ အဖိုးမရှိတော့တဲ့အချိန်ကျရင် သူတို့ကသာ မင်းရဲ့သွေးနီးတဲ့မိသားစုပဲဖြစ်မှာ။”
“သူတို့လိုမျိုး ကျွန်တော့်ကို အဆက်မပြတ်ထိခိုက်အောင် လုပ်ချင်နေကြတဲ့လူမျိုးတွေနဲ့တော့ သွေးသားမဆက်နွယ်နေချင်ပါဘူး။ သူတို့က ကျွန်တော့်ကို သူတို့ရဲ့မိသားစုဝင်အဖြစ် မဆက်ဆံမှတော့ ဘာလို့ကျွန်တော်ဘက်က မိသားစုအဖြစ်သဘောထားနေရမှာလဲ။” ကုန်းထျန်းဟောက်၏လေသံက အလွန်ကိုမှ အေးစက်လှသည်။ ထို့နောက် သူ့အသံက ပြန်လည်ညင်သာသွားကာ၊ “ပြီးတော့ အဖိုးကလည်း ဘယ်မှသွားမှာမဟုတ်ဘူး။”
သခင်ကြီးကုန်းမှာ ခဏမျှတွေဝေသွားပြီးနောက် သက်ပြင်းသာချလိုက်လေသည်။ “ဟုတ်ပါပြီ၊ ဟောက်အာလည်း အရွယ်ရောက်နေပြီပဲ။ ဒီကိစ္စတွေ မင်းပဲ ကိုင်တယ်လိုက်ပါတော့။” သခင်ကြီးကုန်းသည် ထိုဒုတိယအိမ်တော်ခွဲကို တသက်လုံး လိုက်ပြီး ဂရုစိုက်မပေးနိုင်ပေ။ “ဒါပေမယ့် ဟောက်အာ၊ မင်းရဲ့လုံခြုံရေးကို ဦးစားပေးပါ့မယ်လို့တော့ အဖိုးကို ကတိပေးရမယ်၊ ဟုတ်ပြီလား။” သခင်ကြီးကုန်း စိုးရိမ်နေခဲ့သည်။ “ဒီနှစ်တွေအတွင်း အဖိုး သူတို့ကို အာဏာတွေအများကြီးပေးခဲ့တယ်။ သူတို့ကိုကိုင်တွယ်ဖိုက သိပ်လွယ်တော့မှာမဟုတ်ဘူး။ မင်းတစ်ခုခုလုပ်တဲ့အချိန်ကျ သူတို့ အထိန်းအကွပ်မဲ့ပြီး မင်းကို အန္တရာယ်ပြုမှာကိုတော့ ငါ စိုးရိမ်တယ်။”
ကုန်းထျန်းဟောက် ခေါင်းသာညိတ်လိုက်သည်။ “အဖိုး စိတ်မပူပါနဲ့။ ကျွန်တော်အဆင်ပြေပါတယ်။ ပြီးတော့ သူတို့ကို ငွေကြေးနဲ့အာဏာတွေ ပေးခဲ့တာ အဖိုးလေ။ ကျွန်တော့် အဖိုးအတွက် သူတို့ဆီက ပြန်ယူပေးရုံပဲ။ ကုန်းမိသားစုရဲ့အထောက်အပံ့သာမရှိရင် သူတို့ဘာများလုပ်နိုင်မှာလဲ။ အဖိုး.. ကျွန်တော်တို့ သူတို့အပေါ် အရမ်းကြင်နာပေးလွန်းနေပြီ။ ဒါကြောင့်ပဲ သူတို့တွေ အခုလို အရှက်မဲ့လာကြတာ။”
သခင်ကြီးကုန်းလည်း ထိုအချက်ကို လက်ခံလေသည်။ “ဟုတ်တယ်၊ ဟောက်အာ မင်းပြောတာမှန်တယ်။ ဟုတ်ပြီ ငါ ထောင်ယွမ်ရွာကို ပြောင်းလိုက်မယ်။ မင်းပြောတဲ့ လှပတဲ့ရှုမြင်ကွင်းတွေကိုကြည့်ပြီး ဟင်းချက်ကောင်းတဲ့အဒေါ်ကြီးရဲ့လက်ရာကိုလည်း မြည်းစမ်းကြည့်မယ်။ တော်တော်လေးတောင် မျှော်လင့်နေမိပြီ။”
ကုန်းထျန်းဟောက်လည်း စိတ်အေးကာ သက်ပြင်းချလိုက်ပြီး ပြုံးလျက်ပြန်ပြောလိုက်သည်။ “အဖိုး စိတ်ပျက်ရမှာမဟုတ်ဘူး။ ကောင်းကောင်းအနားယူနိုင်မှာပါ။ ပြီးတော့ ကျွန်တော်လည်း အချိန်ရှိတာနဲ့ အဖိုးဆီ လာလည်မယ်။”
“ဒါနဲ့ ဟောက်အာ၊ နောက်ဆို မြို့တော်မှာ ကိုယ့်ဘာသာ သေချာဂရုစိုက်ရမယ်နော်။ ဟုတ်ပြီလား။”
“ဟုတ်ကဲ့ နားလည်ပါတယ်၊ အဖိုး။” ကုန်းထျန်းဟောက် ပြန်ဖြေလိုက်လေသည်။
***