← Chapters

ဂိုမိုကူ

Vol. 9 Ch. 162

ဂိုမိုကူ

Vol. 9 Ch. 162

“ဝိုး… ကုန်းမိသားစုရဲ့ခြံဝန်းက အရမ်းကိုခမ်းနားတာပဲ။ အစိမ်းရောင်အုပ်ချပ်တွေကို စဉ့်သုပ်ထားတာပဲ။ အခန်းတွေကလည်း အကျယ်ကြီးနဲ့ အလင်းရောင်တော်တော်ရတယ်။ ကြည့်ရတာ ခြံထဲကို အပင်တွေလည်း ပြောင်းစိုက်ထားတာထင်တယ်။” ရှောင်လင်းယဲ့တစ်ယောက် စားသောက်နေရင်း တအံ့တဩပြောနေလေသည်။ “လူချမ်းသာတွေက တူကိုမတူတာပဲ။”

သူ့မျက်လုံးထဲတွင်လည်း မနာလိုမှုအရိပ်အယောင်များရှိနေတုန်းပင်။ သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးရင် ကမ္ဘာကြီးကိုပတ်ပြီး အသစ်အဆန်းတွေကို စူးစမ်းဖို့အထိပင် တွေးနေမိသည်။ ဘာပဲဖြစ်ဖြစ် သူက အခုမှ ၁၈နှစ်ပဲရှိသေးတာမဟုတ်လား။ အခုက တရားဝင်အလုပ်လုပ်လို့ရတဲ့အရွယ်ရောက်နေပြီလေ။

မေမေရှောင်က ရှောင်လင်းယဲ့၏ခေါင်းကို တူဖြင့် လှမ်းခေါက်လိုက်ပြီး မာမာထန်ထန် သတိပေးလိုက်လေသည်။ “ရှောင်လင်းယဲ့ ငါသတိပေးလိုက်မယ်နော်။ သူတို့ဘာသာ ချမ်းသာတာ သူတို့ကိစ္စပဲ။ မင်း ငွေရဖို့ဆိုပြီး မကောင်းတာတစ်ခုခုလုပ်ဖို့ တွေးတောင်မတွေးနဲ့။ မင်း ငါ့နောက်ကွယ်မှာ ငွေမည်းတွေရထားတာ တွေ့လို့ကတော့ မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။”

သူတို့ကလေးများသည် အလွန်ကိုမှ နာခံတတ်ကြသူများဖြစ်ရင်တောင်မှ မေမေရှောင်နှင့် ဖေဖေရှောင်သည် တခါတရံ ဘဝသင်ခန်းစာများ ပို့ချပေးဖို့ လိုအပ်နေတုန်းပင်။

ရှောင်လင်းယဲ့လည်း သူ့ခေါင်းကို ပိတ်လိုက်ကာ ဗလုံးဗထွေး ပြန်ပြောလာခဲ့သည်။ “အမေကလည်း ကျွန်တော်က ဒီအတိုင်းပြောလိုက်တာပါ။ ရိုက်စရာလိုလို့လား။ ပြီးတော့ နောက်ဆို ကျွန်တော် အလုပ်ကြိုးစားလုပ်ပြီး ငွေတွေရှာလာမှာ။ အဖေနဲ့အမေ့ကို စိတ်မပျက်စေရပါဘူး။”

“မင်းကတော့ အမြဲတမ်း ပါးစပ်လေးက ချိုနေရောပဲ။” မေမေရှောင်တစ်ယောက် မျက်လုံးလှန်လိုက်ရင်း ဖေဖေရှောင်က ငရုတ်သီးကို လက်လှမ်းနေသည်အား မျက်လုံးထောင့်ကနေ လှမ်းတွေ့သွားလေသည်။ သူမက ချောင်းတစ်ချက်ဟန့်လိုက်သည်နှင့် ဖေဖေရှောင်၏လက်လည်း တွန့်သွားကာ တူ၏လားရာကိုပြောင်းလိုက်ပြီး ဝက်အသည်းတစ်ဖက်သာ ညှပ်လိုက်တော့သည်။

ဖေဖေရှောင်က ဝက်အသည်းကို ပါးစပ်ထဲထည့်ရင်း ခါးခါးသီးသီးရယ်လိုက်သည်။ အကြိမ်အနည်းငယ်လောက်ဝါးက မြိုချလိုက်ပြီးနောက် သူက သတိထားကာ ပြောလာလေသည်။ “အချစ်ရေ၊ ငါမင်းနဲ့ ဆွေးနွေးချင်တာလေးရှိလို့။”

“စားနေသောက်နေတုန်း စကားမပြောသင့်ဘူး။” မေမေရှောင်က ခပ်တည်တည်ပင်ပြောလိုက်သည်။ “ရှင် ပြောချင်တာရှိရင် စားပြီးမှ ပြော။”

လူတိုင်း၊ “…”

မေမေရှောင်၏စကားကြောင့် ဖေဖေရှောင်လည်း သူ့ထမင်းပန်းကန်ကို ကုန်အောင်စားလိုက်ပြီးနောက် စကားစလာခဲ့သည်။ “မိန်းမ၊ ငါစားပြီးသွားပြီ။ အခု ငါတို့ပြောလို့ရပြီလား။”

“ဒါပေမယ့် ကျွန်မ မပြီးသေးဘူးလေ။” မေမေရှောင်က ပြန်ပြောလိုက်လေသည်။

ကလေးနှစ်ယောက်၊ “….”

ဖေဖေရှောင်၊ “….”

ဖေဖေရှောင်လည်း သူ့ကလေးတွေဘက် ချက်ချင်းလှည့်ကာ ပါးစပ်က အသံမထွက်ပဲ ပြောလိုက်သည်။ ‘ငါ့ကို ကူကြပါဦး။’

သူ့ကလေးနှစ်ယောက်က သူ့ကို ကူကယ်ရာမဲ့စွာပြန်ကြည့်ကာ ပါးစပ်ပြန်လှုပ်ပြလာကြသည်။ ‘အမေ့ကို စိတ်ဆိုးအောင်လုပ်ဖို့ အဖေ့ကို ဘယ်သူပြောခဲ့လို့လဲ။’

ဖေဖေရှောင် ချက်ချင်းပင် မျက်နှာပျက်သွားတော့သည်။ သူလည်း အဲ့လိုလုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ စပ်တာတစ်ခုခုမစားရတာ အရမ်းကြာနေလို့ အရမ်းတောင့်တနေမိရုံပါ။

တစ်ခါက သူ့ဇနီးအပြင်ထွက်သွားတုန်း မီးဖိုချောင်ထဲက ငရုတ်သီးနည်းနည်း သွားနှိုက်ထားဖူးလေသည်။ သို့သော်လည်း ထိုငရုတ်သီးတွေ သူ့ပါးစပ်ထဲ ထည့်နေတုန်းမှာပဲ သူ့ဇနီးက ပြန်ရောက်လာခဲ့သည်။ ငရုတ်သီး၏အချွန်းက ထိုအချိန်ထိ သူ့ပါးစပ်ဖျားတွင် ထွက်နေတုန်းပင်။ ထိုအချိန် မေမေရှောင်က သူ့ကို ဘာမှမပြောခဲ့ဘဲ တစ်ချက်သာ စိုက်ကြည့်ကာ လှည့်ထွက်သွားလေသည်။

သို့သော်လည်း ထိုည ညစာစားချိန်မှာတော့ ဟင်းပွဲတိုင်းကို ငရုတ်သီးထည့်ချက်ထားကာ ဝက်အသည်းဟင်းတစ်မျိုးတည်းသာ မပါခဲ့ပေ။ ထို့ကြောင့် ဖေဖေရှောင်လည်း ဝက်အသည်းဟင်းတစ်မျိုးတည်းနဲ့သာ စားနိုင်ပြီး ကျန်တာဘာမှမစားနိုင်ခဲ့ပေ။ ဒါက တစ်နပ်လောက်ဆို အဆင်ပြေသော်လည်း နောက်ရက်အနည်းငယ်အထိ ဟင်းပွဲတွေက ထိုအတိုင်းသာ ဖြစ်နေလေသည်။ ဖေဖေရှောင်ကိုတော့ ကြက်စွပ်ပြုတ်နှင့် ဝက်အသည်းဟင်းသာ ပေးထားခဲ့သည်။ သို့သော်လည်း တခြားအစပ်ပါသည့် ဟင်းပွဲတွေကတော့ သူနှင့် မျက်နှာချင်းဆိုင်တစ်ဖက်တွင် အပြည့်ခင်းကျင်းထားခဲ့လေသည်။

ဖေဖေရှောင်တစ်ယောက် လေးရက်ဆက်တိုက် ဝက်အသည်းကိုသာ စားခဲ့ရသည်။ ဒီအတိုင်းသာ ဆက်တိုက်ဆက်စားနေရလို့ကတော့ အန်တောင် ထွက်ပေတော့မည်။

သူ့ကလေးနှစ်ယောက်ကပါ သူ့ဇနီးဘက်ကဖြစ်နေချိန်မှာတော့ ဖေဖေရှောင်လည်း သူကိုယ်တိုင်သာ လှုပ်ရှားဖို့ရှိတော့သည်။ သူက သူ့ဇနီးစားလို့ပြီးသည်အထိ စောင့်လိုက်လေသည်။

သူမစားလို့ပြီးသွားတာနဲ့ တပြိုင်က သူက အလျင်စလိုပြောလိုက်တော့သည်။ “မိန်းမ၊ ငါ မင်းနဲ့ ဆွေးနွေးစရာလေးရှိတယ်။ မင်း ငါ့ကို ဝက်အသည်းတွေပဲကျွေးနေတာ ရပ်လိုက်လို့မရဘူးလား။ စားရင်းစားရင်းနဲ့ အန်တောင်ထွက်တော့မယ်။”

မေမေရှောင်က အေးအေးသက်သာပင် ပြန်ပြောလာလေသည်။ “ဝက်အသည်းက သွေးအားကောင်းတယ်။ ရှင် ခွဲစိတ်တုန်းက သွေးတွေအများကြီး ဆုံးရှုံးထားတာလေ။ ပြီးတော့ ရှင့်ရဲ့အနာဂါတ်မှာ စောင့်မျှော်နေကြမယ့် ငရုတ်သီးတွေကို တွေးကြည့်ပါဦး။ ရှင် သက်သာသွားတာနဲ့ ရှင်ကြိုက်သလောက် ငရုတ်သီးတွေ စားလို့ရတယ်။ ဒါပေမယ့် အခုတော့ မြန်မြန်သက်သာအောင် ဝက်အသည်းသာ များများပိုစားပေးဖို့လိုတယ်။”

ဒါက တကယ်ကို ရက်စက်ကာ ပြတ်သားသည့် တုံ့ပြန်မှုပင်။ ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့ပင် အထင်ကြီးသွားမိသည်။ မေမေရှောင်က ကစားပွဲကို အရှည်ကြီး ကစားဖို့ စီစဉ်နေတာပဲ။ ဖေဖေရှောင်ကို ပါးစပ်ထဲ ငရုတ်သီးတောင့်တန်းလန်းနဲ့မိသွားတာတောင် ဘာမှ မပြောတာ မအံ့ဩတော့ပါဘူး။

မောင်နှမနှစ်ယောက်လုံးသည် လိမ္မာပါးနပ်ကြသူများဖြစ်တာကြောင့် တစ်ဖက်လူနောက် ဘက်မလိုက်ရဲကြပေ။

သူတို့သာ ဖေဖေရှောင်ကို ကူညီလိုက်လျှင် သူတို့ပါ ဖေဖေရှောင်နှင့်အတူ ဒုက္ခခံရလိမ့်မည်။ အိမ်တွင် မေမေရှောင်ကသာ နေ့စဉ်မီနူးကို ထိန်းချုပ်သူဖြစ်သည်။ သူတို့သာ ဖေဖေရှောင်ဘက်လိုက်ပါက သူတို့သည်လည်း အဆုံးမရှိသည့် ဝက်အသည်းဟင်းပွဲထဲ နစ်မြုပ်သွားရပေလိမ့်မည်။ သူတို့မှာ နှစ်ရက်လောက်စားလိုက်တာတောင် အတော်လေး ငြီးငွေ့သွားပြီဖြစ်သည်။ ဒါကြောင့် ဖေဖေရှောင်ထက် မေမေရှောင်ဘက်ကိုသာ ယိမ်းယိုင်မိကြသည်။

သူတို့သာ မေမေရှောင်ဘက်လိုက်ကြပြန်ရင်လည်း သူတို့အဖေဆူတာ ခံရပေဦးမည်။ သို့သော်လည်း ဝက်အသည်းငရဲနှင့်ယှဉ်ရင်တော့ မပြောပလောက်ပေ။

သူ့ကလေးများ၏ ဘက်လိုက်ပုံကိုမြင်ပြီး ဖေဖေရှောင်တစ်ယောက် ခက်ထန်သည့်အကြည့်များဖြင့် အချက်ပြလိုက်လေသည်။ “မင်းတို့တွေ စောင့်နေစမ်းပါ။”

ထို့နောက် ဖေဖေရှောင်သည် သူ့ဇနီးကို တောင်းပန်ပါတော့သည်။ “အချစ်လေး ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မှားမှန်းသိပါပြီ။ မင်းနောက်ကွယ်မှာ ဘယ်တော့မှ ငရုတ်သီးထပ်မစားတော့ပါဘူး။ ကိုယ့်ကို ဝက်အသည်းကျွေးတာလေး ရပ်ပေးပါလားဟင်။” ထိုမတိုင်ခင်တုန်းက ငရုတ်သီးစားလို့မရရင်တောင် တခြားဟင်းပွဲတွေ နှိုက်လို့ရသေးလေသည်။ သို့ပေမယ့် အခုတော့ ဝက်အသည်းတစ်မျိုးတည်းသာ စားခွင့်ရှိတော့သည်။

မေမေရှောင်က ချက်ချင်းသဘောမတူသေးဘဲ ပြန်မေးလိုက်လေသည်။ “ကတိပေးလား။”

“ပေးတယ်၊ ပေးတယ်။ ကိုယ်ထပ်မလုပ်ရဲတော့ပါဘူး။” ဖေဖေရှောင် ကတိပေးလိုက်သည်။ “ဒါနဲ့တင် သင်ခန်းစာရနေပြီလေ။ ကိုယ် ထပ်လုပ်ရဲဦးမယ် ထင်လို့လား။”

မေမေရှောင်က ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ၊ ရှင် နောင်တရပြီဆိုမှတော့ ကျွန်မ မနက်ဖြန်ကျရင် ပုံမှန်ဟင်းတွေ ချက်ကျွေးမယ်။”

ဖေဖေရှောင်တစ်ယောင် ကြောင်အသွားရသည်။ “မနက်ဖြန်မှလား။ ဒီညစချက်လို့မရဘူးလား။”

မေမေရှောင်က ရယ်မောလိုက်ကာ၊ “အရင်ဆုံး စမ်းသပ်ကာလရှိဦးမယ်လေ။”

နေ့လည်စာစားပြီးနောက် ရှောင်လင်းယွီက သူမအမေကိုကူကာ ပန်းကန်များဆေးကူခဲ့သည်။ ရှောင်လင်းယဲ့နှင့် ဖေဖေရှောင်ကတော့ ရွာထဲ လမ်းလျှောက်ထွက်သွားလေသည်။ ဖေဖေရှောင်က အခုထိ အလုပ်မလုပ်နိုင်သေးတာကြောင့် နေ့စဉ်လေ့ကျင့်ခန်းအနေနှင့် ထမင်းစားပြီးတိုင်း ရွာထဲ လမ်းပတ်လျှောက်လေ့ရှိသည်။ သူက ရွာဝင်ပေါက်ရှိ ပရုတ်ပင်ကြီးအောက်တွင် ထိုင်ကာ ရွာသားများနှင့် စကားစမြည်ပြောတတ်ပေသည်။ ရွာသားများအားလျှင် ထိုနေရာသို့လာကာ ကျားကစားလေ့ရှိကြသည်။ ဒါပေါ့၊ ကျားကစားတာက ရွာသားအများစုအတွက် ယဉ်ကျေးမှုတစ်ရပ်လိုပင်ဖြစ်နေလေပြီ။

လူငယ်များက ထိုဝါသနာမျိုးကို ရွာသို့ ပြန်လည်ယူဆောင်လာပေးခဲ့ခြင်းဖြစ်သည်။ မြို့ကြီးများပေါ်တွင် လူကြီးများက ကျားကစားလေ့ရှိတာကို သူတို့မြင်တွေ့ခဲ့ကြကာ သူတို့မိဘဘိုးဘွားများ အပျင်းပြေကစားနိုင်စေရန် သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ဒီလိုနည်းဖြင့် သူတို့အားလပ်ချိန်များတွင် လုပ်စရာတစ်ခုခုရသွားပေသည်။ သို့သော်လည်း ရွာရှိလူကြီးများကတော့ မြို့ပေါ်ကလူတွေလောက် မအားကြပေ။

သူတို့က လယ်လုပ်ရင်းဖြင့် တစ်နေ့အတွက် မောပန်းသွားကြပြီဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာကိုပါ ပင်ပန်းစေသည့် ကျားကစားနည်းလိုမျိုး ကစားဖို့ ဘယ်လိုလုပ် အချိန်နဲ့အားအင်တွေရှိတော့မှာလဲ။

သို့သော်လည်း ဖေဖေရှောင်ကတော့ လုပ်စရာလည်း ဘာမှမရှိတာကြောင့် ကျားကစားခဲ့လေသည်။ ခွဲစိတ်ထားတာကြောင့် သူ အလုပ်မလုပ်နိုင်သေးပေ။ ကျားကစားနည်းလို စစ်တုရင်ကစားနည်းလိုမျိုး ရှုပ်ထွေးသည့် ဂိမ်းများကို ဘယ်လိုကစားရမလဲကိုတော့ သူမသိပေ။ ထိုအစားက သူက ရိုးရိုးရှင်းရှင်း ဂိုမိုကူ (ငါးစေ့တန်း) ကစားနည်းကိုသာ ကစားလေသည်။

ဂိုမိုကူသည် တစ်ပွဲနှစ်ပွဲလောက် ကစားလိုက်သည်နှင့် ကလေးတောင်မှ ဘယ်လိုကစားရမလဲ သိသွားပြီဖြစ်သည်။

သို့သော်လည်း လူကြီးတိုင်းကတော့ ဖေဖေရှောင်လို အားလပ်မနေကြဘဲ အလုပ်လုပ်ကြရသေးလေသည်။ ဒါကြောင့် ထောင်ယွမ်ရွာတွင် ထူးဆန်းသည့် မြင်ကွင်းတစ်ရပ်ပေါ်ထွက်လာတော့သည်။ သက်လတ်ပိုင်းလူကြီးတစ်ယောက် ၇နှစ် ၈နှစ်အရွယ်ကလေးများနှင့် ဂိုမိုကူ ကစားနေသည့် မြင်ကွင်းပင်။ တခါတရံဆိုလျှင် သူတို့ချင်း ငြင်းခုံနေကြသည်ကိုပါ မြင်တွေ့နိုင်သေးသည်။

“ကျန်းယန်၊ မင်း သစ်ပင်အောက်သွားပြန်ဦးမလို့လား။” တစ်ယောက် ရှောင်ကျန်းယန်ကို မြင်သည်နှင့် ပြုံးကာ မေးလိုက်လေသည်။ “အခု ယဲ့အာပြန်ရောက်ပြီဆိုတော့ မင်း သူနဲ့ ဂိုမိုကူ ကစားလို့ရပြီပေါ့။ ကလေးတွေ မင်းကို ထပ်ပြီး အနိုင်ယူဖို့ အခွင့်အရေးမရှိတော့ဘူးပဲ။”

ရှောင်လင်းယဲ့ အံ့ဩသွားလေသည်။ “အဖေ ဂိုမိုကူ ဘယ်လိုကစားရလဲ သိတာလား။”

ရှောင်ကျန်းယန်၏မျက်နှာက အနည်းငယ် နီမြန်းသွားလေသည်။ လူကြီးတစ်ယောက်အဖို့ ကလေးကစားသည့် ဂိုမိုကူမျိုး ကစားတာက နည်းနည်းတော့ ရှက်စရာကောင်းလှသည်။ သူလည်း တခြားကစားနည်းတွေ သင်ယူဖို့ ကြိုးစားခဲ့ပါသေးသည်။ ရှောင်လင်းယွီကလည်း သူကို အကြိမ်ပေါင်းမနည်း သင်ပေးခဲ့ပေမယ့် သူကတော့ တစ်ခုမှ မကစားတတ်ခဲ့ဘဲ ဂိုမိုကူတစ်မျိုးတည်းသာ တတ်ခဲ့လေသည်။

သို့သော်လည်း သူ့သားရှေ့တွင်တော့ ဂုဏ်သိက္ခာထိန်းရဦးမည်ဖြစ်သည်။ သူ အရယ်မခံချင်ပေ။ ဒါကြောင့် သူက ရှောင်လင်းယဲ့ကို ကြည့်ကာ မာမာထန်ထန်လေသံဖြင့် ပြောလိုက်လေသည်။ “ရှောင်လင်းယဲ့၊ မင်းလေသံက ဘာသဘောလဲ။ မင်းအဖေ ငါက ဂိုမိုကူ ကစားလို့မရဘူးလား။”

ရှောင်လင်းယဲ့၊ “….” ဘာလို့ ဒီလောက် လွန်လွန်ကျူးကျူး တုန့်ပြန်နေရတာလဲ။

သူ့အဖေရှက်နေသည်ကို မြင်လိုက်ပေမယ့် သူဖော်ထုတ်မနေတော့ပေ။ ထိုအစား သူက၊ “ဒါပေါ့၊ အဖေ ကစားလို့ရတာပေါ့။ သားအဖေက ဉာဏ်အကောင်းဆုံးလူမှန်း သားသိတာပေါ့။”

ဖေဖေရှောင် မျက်လုံးများမှေးကျဉ်းလိုက်သည်။ သူ့သား သူ့ကို လှောင်နေတာလား မလှောင်နေတာလား အတိအကျမပြောနိုင်ပေ။

ထိုသို့ဖြင့် သားအဖနှစ်ယောက် ရွာထိတ်က ပရုတ်ပင်ကြီးဆီသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာတွင် ကလေးငယ် ၂ယောက် ရှိနေလေသည်။ သူတို့က ဖေဖေရှောင်ကို မြင်သည်နှင့် ပြေးလာကြကာ၊ “ဒုတိယအဘိုး၊ ဒီနေ့ရော သားတို့နဲ့ ဂိုမိုကူ ကစားမှာလား။”

ဖေဖေရှောင်၏မျက်နှာက အနည်းငယ်နီမြန်းသွားလေသည်။ “ဒီနေ့ ဒုတိယအဘိုး ဗိုက်တင်းနေလို့ မင်းတို့နဲ့ မကစားသေးဘူး။”

“ဒါဆို ဒုတိယအဘိုး သားတို့ကို အဘိုးရဲ့ ကျားခုံငှားပေးလို့ရလား။”

“ရတာပေါ့။ မင်းတို့ ဒုတိယအဘွားဆီမှ သွားတောင်းချည်ကြ။” မကြာလိုက်ပါဘဲ ကလေးနှစ်ယောက်သည် ကျားခုံကိုသယ်ကာ ပြန်ရောက်လာကြပြီး နေ့ရာတစ်နေရာရှာကာ စကစားကြတော့သည်။

ဖေဖေရှောင်တစ်ယောက် ကလေးတွေနားသို့ မယောင်မလည်ရောက်သွားပြန်ကာ၊ “ရှောင်ဝူ၊ မင်း ဒီလမ်းကိုသွားမှရမယ်လေ။ ဒီလမ်းဆို မင်းရဲ့ကျားသုံးစေ့ကိုတောင် အပိတ်ခံလိုက်ရမှာ။ ကိုယ့်ကျားစေ့ကို မဖြုန်းတီးနဲ့လေ။”

“ရှောင်ပိုင်၊ ဒီမှာချလိုက် ဒီမှာချလိုက်။”

“ရှောင်ဝူ၊ သူ့ကို ပိတ်လေ။”

….

“ဒုတိယအဘိုး တိတ်တိတ်လေးနေပေးပါလား။” ကလေးနှစ်ယောက်မှာ ဆက်ပြီး သည်းမခံနိုင်ကြတော့ပေ။

“ဒုတိယအဘိုးက ကျားကစားတာ အရမ်းဆိုးတာကို။ သားသာ အဘိုးစကားအတိုင်းလိုက်ဆော့ရင် ရှုံးသွားမှာပေါ့။”

ရှောင်လင်းယဲ့၊ “…..”

‘ငါ ဒီနေရာမှာ နေသင့်ရဲ့လားတောင် မသေချာတော့ဘူး။ အဖေ ကျားကစားတာ ဘယ်လောက်တောင်ဆိုးလို့ ကလေးတွေကတော့ သူ့ကို မကျေမနပ်ဖြစ်နေကြတာပါလိမ့်။’

“ဟဟ၊ ကျန်းယန်၊ မင်း ကလေးတွေဆီက အဆူခံရပြန်ပြီလား။” ရှောင်ကျန်းပမ်းသည်လည်း သစ်ပင်ကြီးအောက်တွင် ရှိနေခြင်းဖြစ်သည်။ “ကျန်းယန်၊ မင်း ဂိုမိုကူကို အဲ့လောက်တောင် ကြိုက်တာလား။ မင်း ရှုံးမယ်မှန်း သိနေတာတောင် နေ့တိုင်း ဒီကို ကစားဖို့လာနေတုန်းပဲ။”

ရှောင်ကျန်းယန်သည် အခုလို စနောက်ခံနေရသည်ကို အသားကျနေပြီဖြစ်တာကြောင့် ပြုံးလိုက်လေသည်။ “ငါကအရမ်းအားနေတာကိုး။ မင်းတို့ကောင်တွေက အလုပ်များနေတော့ ငါနဲ့ စကားပြောပေးမယ့် အဖော် မရှိဘူးလေ။”

ရှောင်ချန်းပမ်းလည်း သူ့ကို သနားသွားတော့သည်။ “မင်းပြောတာလည်း ဟုတ်သားပဲ။ ဒါကြောင့် ဒီလို ကလေးစုတ်လေးတွေတသိုက်နဲ့ မင်းကစားနေရတာပေါ့။”

ရှောင်လင်းယဲ့၊ “….” ဦးလေးချန်းပမ်းက ကျွန်တော့်အဖေရဲ့အနာအပေါ် ဘယ်လိုဆားဖြူးရမလဲ တော်တော်သိတာပဲ။

ရှောင်ကျန်းယန် ပြုံး၍သာ ပြန်ပြောလေသည်။ “မင်းပြောတာ မှန်တယ်။ ဒီကလေးတွေက လောလောဆယ်တော့ ငါ့ရဲ့အကောင်းဆုံးအဖော်တွေပဲ။” ကျေးရွာများတွင် အသက်ကြီးသည့်လူတွေတောင်မှ လယ်ထဲဆင်းကြသည်။ ရှောင်ကျန်းယန်လို အသက်အရွယ်တွေကတော့ အရမ်းပျင်းနေရင်တောင်မှ အနားမရကြပေ။

ရှောင်လင်းယဲ့က၊ “အဖေ၊ ဒီနှစ်ရက်တော့ သား အဖေ့ရဲ့ပြိုင်ဘက်လုပ်ပေးမယ်လေ။” သူ့အဖေ တစ်နေ့လုံး ကလေးတွေနဲ့ပဲ အချိန်ကုန်နေရသည်အား သူမကြည့်ရက်တော့ပေ။ ဒီအခွင့်အရေးကိုယူကာ နောက်တစ်ခါကျ ထိုကလေးအုပ်စုကို အနိုင်ယူနိုင်ရန် သူ့အဖေကို သင်ပေးရပေမည်။

ဖေဖေရှောင်က ခေါင်းယမ်းလာခဲ့သည်။ “မင်းစာမေးပွဲကနီးနေပြီလေ။ စာကိုပဲ အာရုံစိုက်ထား။”

ဖေဖေရှောင်သည် သူ့သား၏ရည်ရွယ်ချက်ကို သိနေသော်လည်း ရှောင်လင်းယဲ့က စာကျက်ဖို့ရှိနေသေးကာ သူ့လို မျှော်လင့်ချက်မဲ့သည့် ကစားသမားတစ်ယောက်အတွက် အချိန်မကုန်စေလိုပေ။ ရှောင်လင်းယွီ သူ့ကို ဂိုမိုကူ ကစားနည်း ကြိုးစားပမ်းစားသင်ပေးခဲ့သော်လည်း ဖေဖေရှောင်ကတော့ လုံးဝမတတ်လာခဲ့ပေ။

ရှောင်လင်းယွီလည်း စိတ်ဓာတ်ကျသွားခဲ့သည်။ သူမရဲ့ဉာဏ်ကောင်းလှတဲ့အဖေက ဘယ်လိုလုပ်ပြီး ဂိုမိုကူလို ရိုးရှင်းတဲ့ကစားနည်းမျိုးကို မကစားတတ်ရတာလည်း သူမစဉ်းစားလို့ကို မရခဲ့ပေ။ ဒါက ကလေးဂိမ်းကြီးလေ။

ရှောင်လင်းယဲ့တစ်ယောက် သစ်ပင်ကြီးအောက်တွင် သူ့အဖေကို အဖော်ပြုပေးခဲ့သည်။ သူအဖေနဲ့ ကစားပွဲ နည်းနည်းလောက် ကစားပြီးချိန်မှာတော့ စာပြန်လေ့လာရန် အိမ်သို့ အမြန်ပြန်ပြေးသွားလေသည်။

ဂိုမိုကူ ကစားရာတွင် ထိုကလေးနှစ်ယောက် ဘာကြောင့် သူ့အဖေကို နိုင်နေရလဲဆိုတာ အကြောင်းပြချက်ရှိနေလေသည်။ သူ ဒီလို အဆက်မပြတ် အသတ်ခံနေရသည့် အခြေအနေကြီးကို ဆက်ပြီးကြည့်မနေနိုင်တော့ဘူး။

***

All Chapters