သံသယမျိုးစေ့
Vol. 9 Ch. 163
“ကုလောင်ရှီး၊ ဆိုးပြီ၊ ဆိုးပြီ။ အဲ့ဒီ.. အဲ့ဒီ…” ဝိတ်တာတစ်ယောက်က ကုမိသားစုဟိုတယ်၏စားဖိုချောင်ထဲသို့ အော်ဟစ်ရင်း ပြေးဝင်လာလေသည်။ “ကျိုးဟွာမင် လာနေတယ်။ ကျွန်တော်တို့ စားသောက်ဆိုင်မှာ ထမင်းစားမလို့တဲ့။”
ကုလောင်ရှီးသည် ဂေါ်ဖီထည့်ကြော်နေသည့် အကြော်အိုးကို မြှောက်ရင်း ဂေါ်ဖီများကိုလှန်လိုက်လေသည်။ သူက ထူးမခြားနားသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ။ သူ ဒီကိုလာတာ ပထမဆုံးလဲမဟုတ်ဘဲနဲ့။”
နောက်ဆုံးတစ်ခေါက် ကျိုးဟွာမင်လာတုန်းကတော့ သူ့ကိုယ်သူ ရုပ်ဖျက်ပြီးလာခဲ့ခြင်းဖြစ်သည်။ သူက ဦးထုပ်ကိုခပ်စိုက်စိုက်ဆောင်းကာ နေကာမျက်မှန်ကြီးတစ်လက်ကိုပါ တပ်ထားခဲ့ပြီး နာမည်ကြီးတစ်ယောက်လိုမျိုး ပြင်ဆင်လာခြင်းဖြစ်သည်။ ဒီလိုလုပ်ရုံနဲ့ ကုမိသားစုက သူတို့ကို မမှတ်မိနိုင်တော့ဘူးများ ထင်နေတာလား။
ကုကျီယဲ့နှင့် ကုရူဖုန်းတို့သည် သူတို့ပြိုင်ဘက်များအကြောင်း အလွန်ရင်းနှီးတာကြောင့် ဘယ်နေရာမှာဖြစ်ဖြစ် တန်းမှတ်မိကြလေသည်။ ကုရူဖုန်းက ထိုလူ၏စားပွဲနားသို့ တန်းတန်းပင် လျှောက်သွားလိုက်ကာ၊ “စီအီးအိုကျိုး၊ မင်း ငါတို့ဆီ မကြာမကြာလာဖြစ်မယ်ဆိုလည်း ကြိုပြီးတော့ပြောမှပေါ့။ ဒီလိုဆို ကျီယဲ့လည်း မင်းအတွက် သီးသန့်ခန်း ကြိုစီစဉ်ပေးထားလို့ရတယ်လေ။ ဒါနဲ့ ယီမိသားစုဟိုတယ်ရဲ့ အထွေထွေမန်နေဂျာက ငါတို့စားသောက်ဆိုင်ကို ဘာလို့များ ရောက်လာရလဲဆိုတာတော့ သိချင်မိသား။ ယီမိသားစုဟိုတယ်က အစားအသောက်တွေက အရမ်းဆိုးဝါးနေလို့လား။”
ကုရူဖုန်း၏ယခင် စိတ်ဓာတ်ကျနေခဲ့မှုများမှာ ချက်ချင်း လွင့်ပြယ်သွားလေသည်။ သူ့ပြိုင်ဘက်က သူတို့ဟိုတယ်ဆီ ရုပ်ဖျက်ပြီးရောက်လာတာကြောင့် သူ့စိတ်အခြေအနေက တော်တော်လေး တိုးတက်သွားခဲ့သည်။ ဒီလိုအခွင့်အရေးမျိုးမှာမှ ကျိုးဟွာမင်ကို သူမလှောင်ရယ်လိုက်ရရင် ညဘက် အိပ်လို့တောင် ပျော်နိုင်တော့မှာမဟုတ်ဘူး
ထိုအချိန်မှာပဲ အနီးစားပွဲဝိုင်းများမှ ဧည့်သည်များကလည်း ယီမိသားစုဟိုတယ်မှ စီအီးအိုရောက်နေကြောင်း ကြားသွားကြကာ မျက်လုံးပြူးမျက်စံပြူးများဖြင့် ကျိုးဟွာမင်ကို စပ်စပ်စုစု ကြည့်ကုန်ကြသည်။ သူတို့မျက်လုံးများထဲတွင်တော့ အထူးအဆန်းအကြည့်များ တလက်လက်တောက်လို့နေသည်။
ကျိုးဟွာမင်က ဒီကို ပုံမှန်ထမင်းစားဖို့လာတာလား ဒါမှမဟုတ် ရန်သူရဲ့အစားအသောက်တွေကို မြည်းစမ်းဖို့ရောက်နေတာလား။ ဘာပဲဖြစ်ဖြစ် ဒီလို လက်ပူးလက်ကြပ်အမိခံလိုက်ရတာကတော့ တော်တော်ရှက်ဖို့ကောင်းတာပဲ။
ကျိုးဟွာမင်ကလည်း အရေထူထူဖြင့် အထင်သေးသည့်အမူအရာမျိုးပန်ဆင်ကာ ပြန်ပြောလာလေသည်။ “ဒီလောက်အရသာဆိုးတဲ့အစားအသောက်မျိုးကို လူတွေဘာကြောင့်များ တရုန်းရုန်းနဲ့လာစားနေကြလဲ စဉ်းစားလို့တောင်မရဘူး။” ထို့နောက် သူက ချက်ချင်းထရပ်ကာ ထွက်သွားလေသည်။
ကျိုးဟွာမင် ထပ်ရောက်လာကြောင်း သိရချိန်တွင်တော့ ကုရူဖုန်းသည် ထိုလူကိုသွားတွေ့ရန် စိတ်မဝင်စားတော့ပေ။ ထိုအချိန်မှာပဲ ဝိတ်တာလေးက ဆက်ပြောလာလေသည်။ “ဒါပေမယ့် ဒီတစ်ခေါက်တော့ ကျိုးဟွာမင်က တစ်ယောက်ယောက်ကို ဖိတ်ထားသေးတယ်။ အဲ့တစ်ယောက် ဥက္ကဌကုရဲ့သူငယ်ချင်းလို့ပြောတယ်။”
ကုရူဖုန်း စိတ်ဝင်စားသွားလေသည်။ “ယဲ့အာရဲ့သူငယ်ချင်းလား။ ဘယ်သူများလဲ။”
“အရင်တစ်ခါ ဥက္ကဌကုရဲ့ကောင်မလေးလို့ ကျွန်တော်တို့ အထင်လွဲခဲ့တဲ့တစ်ယောက်လေ။” ဝိတ်တာပြောလိုက်သည်နှင့် ကုရူဖုန်း၏မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားတော့သည်။ သူက ဟင်းအိုးကိုချကာ ချက်ချင်းပင်ပြေးထွက်သွားလေသည်။ ဒါမျိုးတော့ ငါကိုယ်တိုင် အတည်ပြုမှဖြစ်မယ်။
အရင်တစ်ခေါက်တုန်းက သူ ရှောင်လင်းယွီကို ကုကျီယဲ့၏ချစ်သူဟု အထင်မှားခဲ့သော်လည်း ရှောင်လင်းယွီသည် သူတို့ဟိုတယ်၏ တင်သွင်းသူအသစ်မှန်း သိလိုက်ရသည်။ အခုတော့ သူတို့ရဲတင်သွင်းသူအသစ်က သူတို့ပြိုင်ဘက်နဲ့ ထမင်းအတူစားမယ်တဲ့လား။ သိပ်တော့မကောင်းဘူးနော်။ သူက ဒုတိယထပ်တွင်ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ကျိုးဟွာမင်သည် တကယ်ကို မိန်းမငယ်လေးတစ်ယောက်နဲ့ အတူစားသောက်နေတာပင်။ ကုရူဖုန်းကတော့ ရှောင်လင်းယွီကို မမြင်ဖူးသော်လည်း ဝိတ်တာကတော့ မြင်ဖူးလေသည်။ ဒါကြောင့် သူအမှတ်မှားစရာအကြောင်းမရှိပေ။ ကုရူဖုန်း ထိုမြင်ကွင်းကိုကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ ထောင့်နေရာသို့ လျှောက်သွားလိုက်ပြီး ဖုန်းတစ်ကောဆက်လိုက်လေသည်။
“မင်းဘယ်မှာလဲ။” ကုရူဖုန်းက ဒေါသထွက်နေသည့်လေသံဖြင့် မေးလိုက်သည်။ “အခုချက်ချင်းပြန်လာစမ်း။ မင်းချစ်သူက ကျောက်ဟွာမင်နဲ့ ထမင်းအတူစားနေကွ။”
ကုကျီယဲ့သည် သူ့သူငယ်ချင်းသုံးယောက်နှင့် ရေကူးနေခြင်းဖြစ်သည်။ သူ့ချစ်သူကောင်မလေးက ကျိုးဟွာမင်နှင့်ထမင်းအတူစားနေသည်ဟု သူ့ဦးလေးဆီမှကြားလိုက်ရချိန်မှာတော့ သူ့ပထမဆုံးတုံ့ပြန်ချက်မှာ သူ့မှာမှ ကောင်မလေးမရှိတာဟူ၍ပင်။ ထို့နောက်မှာတော့ ကိစ္စတွေကို အချိတ်အဆက်ပြန်မိသွားလေသည်။
အရင်တစ်ခေါက် ရှောင်လင်းယွီ သူ့ဟိုတယ်ကိုလာတုန်းက သူ့ဦးလေးက သူမကို သူ့ကောင်မလေးဟု အထင်မှားသွားခဲ့သည်။ ဒီတော့ ပြောချင်တာက…
ကုကျီယဲ့တစ်ယောက် ကတုန်ကယင်ဖြင့် ရေထဲမှာ အမြန်တက်သွားတော့သည်။
ကျန်းဟိုင်ယန်က ရုတ်တရက်အခြေအနေကြောင့် စိတ်ရှုပ်သွားကာ မေးလိုက်လေသည်။ “ယဲ့၊ ဘာဖြစ်လို့လဲ။”
ကုကျီယဲ့ တဘက်တစ်ထည်ဖြင့် ရေများသုတ်နေရင်း၊ “တတိယဦးလေးအခုပဲ ဖုန်းဆက်လို့။ ပြောတာတော့ ရှောင်လင်းယွီက ကျိုးဟွာမင်နဲ့ ထမင်းအတူစားနေတယ်တဲ့။”
“ဘာ?” သုံးယောက်လုံး အံ့ဩသွားကြလေသည်။ “ရှောင်လင်းယွီက ကျိုးဟွာမင်နဲ့ ထမင်းအတူစားနေတယ်။ ဘယ်လိုတွေဖြစ်ကုန်တာလဲ။”
“ငါလည်း မသိဘူးလေ။” ကုကျီယဲ့ စိတ်ရှုပ်ရှုပ်နှင့် ပြန်ဖြေလိုက်သည်။ “ဒါကြောင့် ငါလည်း အခု ပြန်သွားကြည့်မလို့။”
“ငါတို့လည်းအတူလိုက်ခဲ့မယ်။” ကျန်းဟိုင်ယန်နှင့် ကျန်နှစ်ယောက်ကလည်း ချက်ချင်းပင် အဝတ်များကောက်ဝတ်ကာ အလျင်အမြန်ထွက်ခွာခဲ့ကြသည်။
သူတို့ကားထဲ ရောက်သွားချိန်မှာတော့ ယွမ်ရွှမ်ဟောက်က မေးလာလေသည်။ “ကျီယဲ့၊ ရှောင်လင်းယွီနဲ့ ကျိုးဟွာမင် အခု ဘယ်မှာစားနေကြတယ်ဆိုတာ တတိယဦးလေးပြောလိုက်သေးလား။”
“မပြောဘူး။” ကုကျီယဲ့ ခေါင်းယမ်းလိုက်သည်။ “ငါ ဖုန်းပြန်ခေါ်ကြည့်လိုက်ဦးမယ်။”
ဖုန်း ပြန်ဆက်ကြည့်ပြီးနောက်မှာတော့ သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွားလေသည်။ သူ့သူငယ်ချင်းများ၏ သူ့အမူအရာကိုမြင်ကာ မေးလာခဲ့ကြသည်။ “ဘာမှားလို့လဲ။”
ကုကျီယဲ့တစ်ယောက် နားမလည်နိုင်သည့်လေသံဖြင့် ဖြေလာလေသည်။ “သူတို့တွေ ကုမိသားစုဟိုတယ်မှာ ထမင်းစားနေကြတဲ့ပုံပဲ။”
“ဟမ်။” ကျန်းဟိုင်ယန်တို့သုံးယောက်လည်း အံ့ဩသွားကြသည်။ “ဘယ်လိုတွေဖြစ်ကုန်တာလဲ။”
ကျိုးဟွာမင်သာ ရှောင်လင်းယွီကို ချဉ်းကပ်လိုလျှင် ကုမိသားစုဟိုတယ်ကို ခေါ်လိမ့်မည်မဟုတ်ပေ။ ထို့နောက်မှာတော့ ကျိုးဟွာမင်က ရှောင်လင်းယွီထံမှ အကူအညီလိုချင်၍ တွေ့ဆုံဖို့ ချိန်ခဲ့ခြင်းဖြစ်လောက်ကြောင်း ကုကျီယဲ့ တွေးမိသွားလေသည်။
ကျိုးဟုန်ဝေ့က အဖမ်းခံထားရကာ ရှောင်လင်းယွီက အဓိကသက်သေဖြစ်သည်။ ရှောင်လင်းယွီ၏ထွက်ဆိုချက်က ကျိုးဟုန်ဝေ့၏ပြစ်ဒဏ်ချရာတွင် အရေးအကြီးဆုံးဖြစ်သည်။
“ကုမိသားစုဟိုတယ်မှာ ထမင်းစားဖို့ လင်းယွီဘက်ကပြောထားတာ ဖြစ်မယ်လို့ မထင်ကြဘူးလား။” ချန်ယီဖန်းက ခန့်မှန်းလိုက်သည်။
“အဲ့လိုဖြစ်မယ်ထင်တယ်။”
“ဘာကြောင့်ပဲဖြစ်ဖြစ် ငါတို့အရင်ဆုံး သွားကြည့်လိုက်ကြရအောင်။” ကုကျီယဲ့က ပြောလိုက်လေသည်။
….
ကျိုးဟွာမင်သည် ရှောင်လင်းယွီပြောသည့် အခြေအနေကို သဘောတူကာ ကုမိသားစုဟိုတယ်တွင် ထမင်းစားဖို့ လက်ခံခဲ့လေသည်။ ကျိုးဟွာမင်ဘက်ကတော့ သီးသန့်ခန်းငှားချင်ခဲ့သော်လည်း သူ့ကိုယ်ပိုင်နာမည်နှင့်ငှားဖို့တော့ မဖြစ်ပေ။ ဒါကြောင့် သူ့အတွင်းရေးမှူးကိုသာ ကိုယ်စားအခန်းယူစေခဲ့သည်။
သို့သော်လည်း ကုမိသားစုဟိုတယ်၏စီးပွားရေးက အရမ်းကောင်းနေတာကြောင့် သီးသန့်ခန်းအားလုံး ကြိုတင်စာရင်းသွင်းထားသည်များနှင့် ပြည့်နေခဲ့လေသည်။ ဒါကြောင့် ဟောခန်းထဲတွင် စားပွဲဝိုင်းတစ်နေရာသာ လွတ်တော့သည်။
ကျိုးမိသားစုသည် ရှောင်လင်းယွီကို လိုအပ်နေသည်။ သူတို့အနေနှင့် သီးသန့်ခန်းငှားမရရင်တောင်မှ သူမစည်းမျဉ်းများကို လိုက်နာဖို့လိုအပ်နေတုန်းပင်။ ရှောင်လင်းယွီသည် မနက် ၁၁နာရီခွဲတွင် တွေ့ဆုံဖို့ ချိန်းဆိုခဲ့သည်။
ကျိုးဟွာမင်သည် ရှောင်လင်းယွီတစ်ယောက် စိုးရိမ်ပူပန်စိတ်များဖြင့် စောင့်နေရစေရန်အတွက် အနည်းငယ်နောက်ကျပြီးမှ ချိန်းဆိုထားသည့်နေရာသို့ ရောက်လာခဲ့သည်။ ထို့နောက် သူက လွန်ခဲ့သည့်နှစ်ရက်က သူကြိုတင်ချိတ်ထားသည့်နေရာသို့ လျှောက်လာခဲ့လေသည်။ သူရောက်ချိန်မှာတော့ ရှောင်လင်းယွီက ကြိုပြီးစောင့်နေမှန်း တွေ့လိုက်ရသည်။
ရှောင်လင်းယွီက သူ့ကိုတစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလာခဲ့သည်။ “ရှင်က ကျိုးဟွာမင် ဘော့စ်ကျိုးလား။”
ရှောင်လင်းယွီက သူ့ထက်စောပြီးရောက်နေကြောင်း မြင်လိုက်ရတာကြောင့် ကျိုးဟွာမင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ရှောင်လင်းယွီတစ်ယောက် ငွေနှင့်ညှိနှိုင်းဖို့ အလောတကြီးဖြစ်နေခြင်းဟု ကောက်ချက်ချလိုက်လေသည်။ ဒီခံစားချက်က သူ့ကိုအတော်လေး ဂုဏ်ယူမိသွားခဲ့သော်လည်း သဘောတူညီမှုမရသေးခင်တော့ သူ့မျက်နှာတွင် ထိုခံစားချက်တော့ ပေါ်လွင်အောင် မပြခဲ့ပေ။
သူက ကုလားထိုင်ကိုဆွဲကာ ထိုင်ချလိုက်ပြီးနောက် ခေါင်းညိတ်ကာ ဖြေလိုက်လေသည်။ “ဟုတ်တယ်၊ ငါက ကျိုးဟွာမင်ပဲ။ မစ္စရှောင်အကြောင်းကိုတော့ ငါအများကြီးကြားဖူးထားပါပြီ။” ထို့နောက် သူက သူမနှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကိုဆန့်ထုတ်လိုက်သည်။
ရှောင်လင်းယွီသည် လူတွေရဲ့အမူအရာကို ကောင်းကောင်းအကဲခတ်တတ်သူဖြစ်လေသည်။ ဒါကြောင့် ကျိုးဟွာမင်၏မျက်လုံးထဲက မခန့်လေးစားသည့်အရိပ်အယောင်ကို တန်းဖမ်းမိလိုက်သည်။ သူမက စိတ်ထဲကနေပြီး ရယ်မောလိုက်လေသည်။
သူက လက်ပြန်မထုတ်ပေးဘဲ ထိုအစား သူမ၏လက်ပတ်နာရီကိုကြည့်လိုက်ကာ၊ “ဘော့စ်ကျိုး၊ ရှင် ၁၅မိနစ်နောက်ကျတယ်။ ကျွန်မကိုတောင် စောင့်ခိုင်းထားတယ်ဆိုတော့ ကြည့်ရတာ ဒီတစ်ခေါက်တွေ့ဆုံမှုကို ရှင်အလေးမထားတဲ့ပုံပဲ။”
ကျိုးဟွာမင်၏အမူအရာက ချက်ချင်းပင် တောင့်တင့်သွားတောည့သည်။ ‘သူ ဘာကိုပြောချင်တာလဲ။ စီးပွားရေးသမားတွေက နောက်ကျမှတမင်လာတတ်တာ သာမာန်ပဲဆိုတာ သူမသိဘူးလား။ ဒါပေမယ့် ငါသည်းခံမှဖြစ်မယ်။’
သူက ဖျစ်ညှစ်ပြုံးပြလိုက်ကာ၊ “တောင်းပန်ပါတယ်။ လမ်းက နည်းနည်းပိတ်နေလို့ပါ။” ဒါက နောက်ကျတဲ့လူတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်အကြောင်းပြချက်ကြီးတစ်ခုပင်ဖြစ်သည်။
ရှောင်လင်းယွီ မျက်ခုံးအသာပင့်ကာ ပြုံးလိုက်လေသည်။ “လမ်းပိတ်နေလို့ပေါ့။” သူမအကြည့်ကတော့ ကျိုးဟွာမင်ကိုဖြတ်သွားကာ ဝင်ပေါက်ကနေတဆင့် လမ်းတစ်ဖက်ခြမ်းမှ ယီမိသားစုဟိုတယ်ဆီကို ရောက်သွားလေသည်။
ဟိုတယ်နှစ်လုံးသည် အလယ်မှာ လမ်းတစ်ခုသာခြားလေသည်။ ရှောင်လင်းယွီ၏ဆိုလိုရင်းကတော့ ရှင်းရှင်းလေးပင်။ အစောတုန်းက ကျိုးဟွာမင် ယီမိသားစုဟိုတယ်ထဲကနေ လမ်းလျှောက်ထွက်လာတာကို သူမမြင်လေသည်။ သူ့ရုံးခန်းကနေ လမ်းလျှောက်ပြီး ဒီကိုလာတာဆိုမှတော့ ဘယ်နားကနေဘယ်လို လမ်းကပိတ်ပါ့မလဲ။
ကျိုးဟွာမင်သည်လည်း သူ့အလိမ်အညာက ဖော်ထုတ်ခံလိုက်ရပြီမှန်း သိလိုက်လေသည်။ သူက ရှင်းပြဖို့ရန်အတွက် ပါးစပ်ဟဟန်ပြင်လိုက်သော်လည်း ရှောင်လင်းယွီက သူမအိတ်ကိုဆွဲကာ ထွက်သွားဖို့ ပြင်လိုက်လေသည်။ “ဘော့စ်ကျိုး၊ ကျွန်မက ယဉ်ကျေးမှုမရှိတဲ့လူတွေနဲ့ အလုပ်တွဲမလုပ်ဘူး။ ဒီတစ်ခေါက်တွေ့ဆုံမှုကို ရှင် အလေးမထားမှတော့ ကျွန်မတို့ အချိန်ဖြုန်းမနေသင့်တော့ဘူး။”
“ငါတောင်းပန်ပါတယ် မစ္စရှောင်။” ကျိုးဟွာမင် အံတင်းတင်းကြိတ်ရင်း ထရပ်ကာ တောင်းပန်လိုက်လေသည်။ ကျိုးဟွာမင် အတော်လေး စိတ်ပျက်နေမိသည်။ ရှောင်လင်းယွီက သူ့နည်းအတိုင်းပြန်သုံးကာ သူ့ကို ဆန့်ကျင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှောင်လင်းယွီလည်း ပြန်ထိုင်ချကာ ပြောလိုက်လေသည်။ “ကောင်းပြီလေ။ ဘော့စ်ကျိုးက တောင်းပန်နေမှတော့ ကျွန်မ ဆက်နေပေးပါ့မယ်။”
သူတို့နှစ်ယောက်လုံး နေရာပြန်ယူလိုက်ပြီးသည့်နောက်မှာတော့ ဝိတ်တာလေးကရောက်လာကာ သူတို့အမှာစာကို လက်ခံလေသည်။
ရှောင်လင်းယွီက ဈေးကြီးသည့်ဟင်းပွဲတွေချည်းမှာနေသည်ကို ကျိုးဟွာမင်ကြားလိုက်ချိန်မှာတော့ သူ့မျက်လုံးထဲတွင် အထင်သေးရိပ်များ ပေါ်လာပြန်သည်။ ‘ရွာသူမဆိုတဲ့အတိုင်း အသိဉာဏ်ကိုမရှိဘူး။ ဈေးအကြီးဆုံးဟင်းမှာရမယ်ဆိုတာပဲသိတယ်။ ဒါမျိုးတွေ အရင်က စားဖူးမှာတောင်မဟုတ်ဘဲနဲ့များ။ ဒီလိုစားနိုင်သောက်နိုင်တဲ့အခွင့်အရေးရဖို့ ငါ့ကိုအသုံးချနေတာပဲ။’
ဒါပေါ့ ဒီစကားတွေကို ကျိုးဟွာမင် ပါးစပ်ကနေတော့ ထုတ်မပြောနိုင်ခဲ့ပါဘူး။
ရှောင်လင်းယွီ မှာလို့ပြီးသွားသည်နှင့် ဝိတ်တာကို မီနူးစာအုပ်ပြန်ပေးလိုက်ရာ ကျိုးဟွာမင်က ဝင်မေးလိုက်လေသည်။ “မစ္စရှောင်၊ နည်းနည်းလောက် ထပ်မှာပါဦးလား။”
ရှောင်လင်းယွီက ခေါင်းယမ်းလိုက်လေသည်။ “ကျွန်မတော့ တော်ပြီ။”
ဝိတ်တာထွက်သွားပြီးနောက် ရှောင်လင်းယွီက အဓိကအကြောင်းအရာကို တန်းသွားလိုက်လေသည်။ “ဘော့စ်ကျိုး ဘာကိစ္စနဲ့ကျွန်မကို ဖိတ်ခေါ်တာလဲဆိုတာ သိလို့ရမလား။”
ကျိုးဟွာမင် အသက်ရှူပင် ရပ်လိုက်မိသည်။ သူ့ရင်ထဲတွင် ရုတ်တရက်ကြီး ဒေါသလှိုင်းလုံးက ထန်လာခဲ့လေသည်။ ရှောင်လင်းယွီ တမင်လုပ်နေမှန်း သူသိလိုက်သည်။ သူ့ကိုဘာကိစ္စတွေ့ဖို့ပြောမှန်း ရှောင်လင်းယွီ သိပြီးသားမဟုတ်ဘူးလား။
သူက ဘေးပတ်လည်ကိုတစ်ချက်ကြည့်ပြီးနောက် အသံကိုနှိမ့်ကာ ပြောလိုက်သည်။ “မစ္စရှောင်၊ အဲ့ဒီအကြောင်းကို ငါတို့ ဒီနေရာမှာ ပြောသင့်တယ်လို့ မင်းထင်နေတာလား။”
လူတွေက ကျိုးဟွာမင် ဝင်လာကတည်းက မှတ်မိနေကြပြီဖြစ်သည်။ ဒါကြောင့် သူတို့ဘက်ကို စပ်စပ်စုစုအကြည့်များဖြင့် ဆက်တိုက်ကြည့်နေကြလေသည်။
ရှောင်လင်းယွီက ဘာမှနားမလည်သလိုဟန်ဆောင်ကာ ပြန်မေးလိုက်လေသည်။ “ဘာလို့ပြောလို့မရမှာလဲ။” ထို့နောက် ရှောင်လင်းယွီက ကြောက်ရွံ့ထိတ်လန့်သွားသည့်ဟန်ဖြင့်၊ “ဘော့စ်ကျိုး၊ ရှင်ပြောတာအဲ့ကိစ္စလား။ ကျွန်မ ဘယ်တုန်းကမှ သဘောမတူဖူးဘူးလေ။ ကျွန်မက ရှင့်လို အာဏာလည်းမရှိ ငွေကြေးလည်းမရှိတဲ့သူဆိုရင်တောင် ကျွန်မရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေကို မချိုးဖောက်နိုင်ဘူး။ ဒါမျိုးတော့ ကျွန်မ ရှင့်ကို မကူညီနိုင်ဘူး။”
ကျိုးဟွာမင်၊ “….”
လူတိုင်း၊ “…..”
‘ဘာလုပ်တာလဲ။ သူဘာလုပ်ချင်နေတာလဲ။ ငါ့သိက္ခာကိုချဖို့ကြိုးစားနေတာလား။’
ကျိုးဟွာမင်၏မျက်နှာက မဲမှောင်သွားကာ အံတကြိတ်ကြိတ်ဖြင့် ပြောလိုက်လေသည်။ “မစ္စရှောင်၊ မင်းနားလည်မှုလွဲနေပြီ။ ငါအဲ့ဒီသဘောကို ဆိုလိုတာမဟုတ်ဘူး။”
“တော်သေးတာပေါ့။” ရှောင်လင်းယွီ သူမရင်ဘက်ကို အသာလေးပုတ်ကာ သက်ပြင်းချလိုက်သည်။ “ရှင် ကျွန်မကို ကျိုးဟုန်ဝေ့အကြောင်းပြောဖို့ ခေါ်လိုက်တယ်ထင်နေတာ။ သူက ယီမိသားစုဟိုတယ်ရဲ့ အဝယ်တော်မန်နေဂျာလေ။ နေပါဦး၊ သူက ရှင့်တူပဲမဟုတ်လား။”
“ဒါကြောင့်ပဲ၊ ကျိုးဟုန်ဝေ့က ကျွန်မကို ဘယ်လိုပြန်ပေးဆွဲပြီး ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့အကြောင်း ပြောဖို့ ကျွန်မကို ရှာနေတယ်လို့ တွေးလိုက်တာလေ။”
“တော်သေးလို့ သူအခုတော့ အဖမ်းခံထားရပြီ။ စိတ်မပူပါနဲ့ ဘော့စ်ကျိုး။ ကျွန်မက ရာဇဝတ်သားတွေကို သည်းခံတတ်တဲ့လူမျိုးမဟုတ်ဘူး။ ဒီတစ်ခေါက်တော့ ကျိုးဟုန်ဝေ့ နှစ်တော်တော်ကြာ ထောင်ထဲနေသွားရအောင် သေချာပေါက်လုပ်ပေးမယ်။ သူ ပြန်ထွက်လာတဲ့အချိန်က ယီမိသားစုဟိုတယ်ကို ရှင်နဲ့ ပြိုင်လုဖို့ အင်အားမရှိလောက်တော့ဘူး။”
ရှောင်လင်းယွီသည် ခပ်ကျယ်ကျယ်ပြောနေခြင်းပင်။ သူမပုံစံက သူမပြောတာ တစ်ခုခုမှားနေပြီမှန်း သတိမထားမိသလိုပင်။ သို့သော်လည်း စိတ်ထဲမှာတော့ ဤသို့တွေးနေလေသည်။ ‘ရှင်တို့တစ်မိသားစုလုံး ကျွန်မနဲ့ ကျွန်မမောင်ကို ခြိမ်းခြောက်ဖို့ ကြိုးစားကြတယ်ပေါ့။ ကျွန်မကို လွယ်လွယ် ဖိအားပေးလို့ရမယ်များထင်နေလား။ ဒီလိုဆိုမှတော့ ရှင်တို့တစ်မိသားစုလုံး အခြေအနေတွေ ပြောင်းလဲသွားအောင် ရှင့်အပေါ် အကွက်ပြန်ချပေးရသေးတာပေါ့။’
ရှောင်လင်းယွီသည် ပြီးခဲ့သည့် သုံးရက်အတွင်း ကျိုးမိသားစုအကြောင်းမှန်သမျှကို စုံစမ်းထားပြီးဖြစ်သည်။
“ကျိုးဟုန်ဝေ့က ယီမိသားစုဟိုတယ်ကို ထိန်းချုပ်နိုင်ဖို့ သူ့ဦးလေးနဲ့ တိုက်ခိုက်ချင်နေတာလား။ ဒါအတွင်းသတင်းကြီးပဲ။”
“သိပ်တော့ မဟုတ်သလိုပဲ။ ငါကြားတာတော့ ကျိုးဟုန်ဝေ့က ကျိုးမိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူတဲ့လေ။ သခင်ကြီးကျိုးက ကျိုးဟုန်ဝေ့ကို ကျိုးမိသားစုပိုင်ဆိုင်သမျှအားလုံး ပေးမယ်လို့ ပြောထားပြီးသား။ ယီမိသားစုဟိုတယ်လည်း အပါအဝင်ပေါ့။ ဒီလိုဆိုမှတော့ ဘာလို့ သူ့ဦးလေးကို တိုက်ခိုက်နေဦးမှာလဲ။”
“စီအီးအိုကျိုးက အခုမှ အသက် ၅၀ ပဲ ရှိသေးတာလေ။ သူ့မှာ သမီးနှစ်ယောက်လည်း ရှိသေးတယ်။ သူ့ဘဝတစ်လျှောက်လုံး လုပ်ထားခဲ့သမျှကို သူ့သမီးတွေအတွက်မဟုတ်ဘဲ သူ့တူဆီ အကုန်ပေးမယ်လို့ ထင်နေတာလား။ ဘယ်သူက ယုံမှာလဲ။ သေချာပေါက် ကျိုးဟုန်ဝေ့ကတော့ ယုံနိုင်မှာမဟုတ်ဘူး။”
“ဒါပေမယ့် ကျိုးမိသားစုက မိန်းကလေးတွေထက် ယောက်ျားလေးတွေကို ပိုပြီး အလေးပေးတဲ့မိသားစုဆိုပြီး နာမည်ကြီးလေ။ သခင်ကြီးကျိုးကလည်း ဆုံးဖြတ်ချက်ချထားပြီးသွားပြီ။ အနာဂါတ်မှာ သူတို့ပိုင်ဆိုင်သမျှအားလုံး ကျိုးဟုန်ဝေ့ဆီပဲ ရောက်သွားမှာ။”
“မင်းအခုထိ ငါတို့တွေ တရုတ်ပြည်ရဲ့ ပဒေသရာဇ်ခေတ်မှာ နေနေတုန်းလို့ ထင်နေတာလား။ သခင်ကြီးကျိုးက ဆုံးဖြတ်ထားတော့ရော ဘာဖြစ်လဲ။ ကျိုးဟွာမင်က သူ့သမီးရင်းတွေအတွက် ထည့်စဉ်းစားပေးလို့မရတော့ဘူးလား။ သူ့တစ်ဘဝလုံးကြိုးစားထားခဲ့သမျှကို ကျိုးဟုန်ဝေ့ဆီ အကုန်အပ်လိုက်မယ်ပေါ့၊ ဘယ်လိုမှမဖြစ်နိုင်ဘူး။”
“မင်းပြောတာလည်း ဟုတ်သားပဲ။”
***