← Chapters

အရူး

Vol. 9 Ch. 164

အရူး

Vol. 9 Ch. 164

ကုကျီယဲ့တို့အဖွဲ့ ဟိုတယ်သို့ရောက်လာချိန်မှာတော့ ကျိုးဟွာမင်က ယီမိသားစုဟိုတယ်ကို သူတစ်ယောက်တည်း ဆက်ထိန်းထားလို့ရအောင် သူ့တူကို ဘယ်လို ဖြုတ်ချဖို့ ကြံစည်ခံသည့် အကြောင်း လူတွေဆွေးနွေးနေသည့်အသံက အတော်လေး အရှိန်မြင့်နေလေသည်။

ကုကျီယဲ့တို့လည်း တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်မိကြသည်။

ဘာတွေဖြစ်နေလဲ သူတို့တွေးလို့မမှီတော့ပေ။

ဧည့်သည်တွေအားလုံးက နေ့လည်စာစားနေကြရင်းနဲ့ကို ကျိုးဟွာမင်အကြောင်း ပေါက်ပေါက်ဖောက်နေကြလေသည်။

ကုကျီယဲ့သည် ဤကဲ့သို့ဖြစ်နေခြင်းမှာ ရှောင်လင်းယွီနှင့်ဆိုင်လောက်ကြောင်း တွေးမိသည်အထိ ဉာဏ်ကောင်းသူဖြစ်နေတာတော်သေးသည်။

သူက တွေးတောကြည့်ပြီးနောက် အထဲသို့လျှောက်ဝင်လာကာ ပြုံးလျက်ပြောလိုက်လေသည်။ “စီအီးအိုကျိုး၊ ခင်ဗျားကို အခုလို ဝန်ဆောင်မှုပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။”

ကျိုးဟွာမင်သည် ရှောင်လင်းယွီ၏ ဖြူစင်သူမိန်းမငယ်လေးသရုပ်ကို စိုက်ကြည့်နေရင်း ဒေါသတွေလည်း ထွက်နေလေသည်။ သူမ ဒီလို ပြင်ဆင်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ့ဘက်က သူ့တူအပေါ် မကောင်းသည့်ရည်ရွယ်ချက် မရှိဖူးသော်လည်း ဒီလိုအတင်းအဖျင်းသတင်းတွေက ကြောက်စရာအကောင်းဆုံးဖြစ်သည်။ တစ်စလောက်ထွက်လိုက်သည်နှင့် အတုအယောင်တွေက အစစ်အမှန်တွေဖြစ်လာပေသည်။

ဟိုတယ်ထဲမှာရှိနေသည့်လူများ၏ပါးစပ်တွေကို သူလိုက်ပိတ်ချင်ပါသော်လည်း မလုပ်နိုင်ပေ။ ဟိုတယ်၏ဧည့်သည်အများစုမှာ လူမှုအဖွဲ့အစည်းရှိ ဂုဏ်သရေရှိသည့်မိသားစုများမှဖြစ်ကြလေသည်။ ကျိုးမိသားစုလည်း ထိုလူတွေအားလုံးကို လိုက်ပြီး ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။

ဒါကြောင့် ကျိုးဟွာမင်အနေနှင့် ရှောင်လင်းယွီတစ်ယောက် သူမလိမ်နေသည်ကို ဝန်ခံကာ စကားတွေပြန်ပြောင်းအောင် ပြင်ဆင်ဖို့သာ လုပ်နိုင်ပေသည်။ နောက်ဆုံးတော့ ရှောင်လင်းယွီ၏အကြံအစည်ကို သူသိလိုက်ပေသည်။ သူမက သူတို့ငွေကို ဘယ်တုန်းကမှ မလိုချင်ခဲ့ပေ။ ကျိုးမိသားစု၏ဖိတ်ခေါ်ချက်ကို လက်ခံလိုက်ရခြင်းက သံသယမျိုးစေ့ချရန်သာဖြစ်ပြီး သူတို့နဲ့ လက်တွဲဖို့ကိုတော့ ဘယ်တုန်းကမှ စိတ်မကူးထားပေ။ ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ သူလည်း သူမကို ဆက်ပြီး ယဉ်ကျေးနေစရာမလိုတော့ပေ။

ရှောင်လင်းယွီ ဝန်ခံအောင် သူဘက်က ဖိအားပေးတော့မည့်အချိန်မှာပဲ ကုကျီယဲ့က ရောက်လာကာ သူ့ကို ပွင့်ပွင့်လင်းလင်းပင် စော်ကားလိုက်လေသည်။

ကုကျီယဲ့က ကျိုးဟွာမင်ကိုကြည့်ကာ စိုးရိမ်သလို ဟန်ဆောင်လိုက်ပြီး၊ “စီအီးအိုကျိုးကိုကြည့်ရတာ တော်တော်လေးအဆင်မပြေနေသလိုပဲ။ နေလို့မကောင်းဘူးလား။ တကယ်တော့ ကျွန်တော်လည်း ပြောချင်နေတာ။ ကျွန်တော်တို့ဆီက အသီးအရွက်တွေက အရသာရှိရုံတင်မကဘူး ခန္ဓာကိုယ်အတွက်လည်း အရမ်းကောင်းတယ်။ ဧည့်သည်တော်တော်များများကတော့ ဒီမှာစားပြီးတဲ့နောက် သူတို့နေရတာ တော်တော်လေး ပိုကောင်းလာတယ်လို့ ပြောကြတယ်။ စီအီးအိုကျိုးလည်း နည်းနည်းလောက် စမ်းစားကြည့်ပါလား။”

လူတိုင်း၊ “…” သူတို့အားလုံး ကျိုးဟွာမင်ကို စာနာသနားမိသွားကြသည်။ ထို့နောက် တစ်ယောက်ကဆို တခစ်ခစ်ပင် ထရယ်လာလေသည်။ ကျိုးဟွာမင်တစ်ယောက် သူ့ရန်သူ၏ပိုင်နက်ထဲသို့ ကိုယ်တိုင်ဝင်လာကာ အစော်ကားခံနေရလေသည်။

ကုမိသားစုဟိုတယ်၏မန်နေဂျာသည်လည်း အတော်လေး အံ့ဩစရာကောင်းလှသည်။ သူက ငယ်ရွယ်သော်လည်း ရှာစောင်းကတော့ ထက်လေသည်။ မကောင်းသည့်စကားလုံးတစ်လုံးမှပင် မပါသော်လည်း သူပြောလိုက်သမျှက ကျိုးဟွာမင်ကို ပါးဖြတ်ရိုက်နေသည့် စကားများသာဖြစ်လေသည်။

ကုကျီယဲ့သည် ကျိုးဟွာမင် ပြန်တုံ့ပြန်နိုင်ရန် အချိန်လေးပင် မပေးခဲ့ပေ။ သူက လက်ခုပ်ထတီးကာ အံ့ဩတကြီးပုံစံဖြင့် လှောင်ပြောင်လာပြန်သည်။ “စီအီးအိုးကျိုး၊ ခင်ဗျားတူ ယီမိသားစုဟိုတယ် ခင်ဗျားလက်ထဲက မခိုးနိုင်အောင် ထောင်ထဲပို့လိုက်တယ်ဆို။ ဒါပေမယ့် ကျွန်တော် သိပ်နားမလည်လို့…”

ကုကျီယဲ့က ဆက်ပြောလေသည်။ “သခင်ကြီးကျိုးက အစကတည်းက ကျိုးမိသားစုပိုင်ဆိုင်သမျှကို ခင်ဗျားတူကို ပေးမယ်ဆိုပြီး ကြေညာထားပြီးသားမဟုတ်ဘူးလား။ ယီမိသားစုဟိုတယ်လည်း ပါတယ်လေ၊ ဟုတ်တယ်မလား။ ဒါဆို ဘာလို့ ခင်ဗျားတူက ခင်ဗျားကိုတိုက်ခိုက်ဖို့အထိ အရမ်းစိတ်စောနေတာလဲ။ ခင်ဗျားက အဘိုးကြီးရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ ခင်ဗျားခက်ခက်ခဲခဲရှာဖွေထားတဲ့ ကြွယ်ဝမှုတွေကို ခင်ဗျားသမီးနှစ်ယောက်ကိုပဲပေးဖို့ ဆုံးဖြတ်ထားလို့များလား။”

ရှောင်လင်းယွီသည် မီးရှူးတိုင်ထောင်ပေးသူဆိုလျှင် ကုကျီယဲ့ကတော့ မီးညှိပေးသူဖြစ်လေသည်။ ဤနည်းဖြင့် ကောလဟာလတွေက ပိုပြီးမြန်မြန်ဆန်ဆန် ပျံ့သွားစေပေမည်။ ဤနေရာရှိ ဧည့်သည်များက ရှောင်လင်းယွီကို မသိသော်လည်း ကုကျီယဲ့ကိုတော့ သိကြလေသည်။ ဒါ့အပြင် ကုမိသားစုနှင့် ကျိုးမိသားစုကြားက သမိုင်းကြောင်းကိုလည်း သိကြပေသည်။

ဒါကြောင့် ကိုယ့်ရန်သူအကြောင်း ကိုယ်ပိုသိဆိုသလိုပဲ သူတို့သည်လည်း ကုကျီယဲ့၏စကားများကို ယုံကြည်သွားကြလေသည်။

“ကုကျီယဲ့ ပါးစပ်ပိတ်စမ်း။” ကျိုးဟွာမင် သူ့ပုံရိပ်တွေဘာတွေ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ “ကောလဟာလတွေဖြန့်ဖို့ မကြိုးစားနဲ့။ မင်းကို ဘယ်သူမှမယုံဘူး။”

ကုကျီယဲ့က ပြုံးကာ ရိုးရိုးသားသားပင် တောင်းပန်လိုက်လေသည်။ “ကျွန်တော် တောင်းပန်ပါတယ်၊ စီအီးအိုကျိုး။ ဒါက ကောလဟာလသာသာပဲဆိုတာ ကျွန်တော် မသိလိုက်ဘူး။ ကျွန်တော် ကြားခဲ့တာလေးကို ပြန်ပြောရုံပါပဲ။” ထို့နောက် ကုကျီယဲ့က နာကျင်နေသည့်ဟန်ဖြင့် ထပ်ပြောလာပြန်သည်။ “တကယ်တော့ စီအီးအိုကျိုးအတွက် ကျွန်တော် စိတ်မကောင်းဖြစ်နေမိတာ။ ကျွန်တော်တို့က ခေတ်သစ်မှာနေကြတာလေ။ မိန်းကလေးထက် ယောက်ျားလေးကို အလေးပေးတဲ့အစဉ်အလာကြီး မရှိသင့်ကြတော့ဘူး။ ကလေးတစ်ယောက်ကို ကျားမမခွဲခြားဘဲ တန်းတူညီမျှ ပျိုးထောင်သင့်တာပေါ့။”

“ဒါပေမယ့်… ကျိုးမိသားစုက ဘာလို့ ဒီလောက်တောင် ကွဲပြားနေရတာလဲ။ ကောလကဟာလတွေအရတော့ ကျိုးမိသားစုထဲမှာ မိန်းမမုန်းတီးအစဉ်အလာက တော်တော်လေး ဆိုးဆိုးရွားရွားဘဲတဲ့။ အခုနောက်ဆုံး ကျိုးမိသားစုမျိုးဆက်သစ်က ငါးယောက်တောင် ရှိပေမယ့် ဘာလို့များ တစ်ယောက်တည်းကပဲ မိသားစုအမွေတွေအကုန်လုံးကို ဆက်ခံနိုင်ရတာလဲ။ ဒီလိုကြွယ်ဝချမ်းသာမှုတွေရလောင် ခင်ဗျား တစ်ဘဝလုံး ဒီလောက် ကြိုးစားပမ်းစားလုပ်ခဲ့ရပေမယ့် ကိုယ့်သမီးအရင်းတွေကိုတော့ တစ်ပြားမှမပေးနိုင်ဘဲ တူကိုပဲ အကုန်ပေးပစ်ရမယ်တဲ့လေ။”

“ခင်ဗျားသမီးတွေက ဆိုးလို့လား။ ခင်ဗျားအသက်ကြီးသွားတဲ့အချိန် သူတို့ ခင်ဗျားကို ဂရုစိုက်မှာမဟုတ်ဘူးလို့ တွေးလို့လား။ ဒါပေမယ့် ခင်ဗျားတူကရော ခင်ဗျားကို တကယ်ဂရုစိုက်မှာလား။ ခင်ဗျားကို ဘိုးဘွားရိပ်သာဆီ ပစ်ထုတ်လိုက်ပြီး ခင်ဗျားကို မတည်ရှိတော့သလို ဟန်ဆောင်လိုက်မလားဆိုတာရော တွေးကြည့်ဖူးလား။”

ကုကျီယဲ့၏စကားလုံးများက ကျိုးဟွာမင်၏ရင်ကို တည့်တည့်စိုက်ဝင်သွားလေသည်။ ဒါက သူကိုယ်တိုင်လည်း စိုးရိမ်နေသည့်အကြောင်းအရာများဖြစ်သည်။

ကျိုးဟုန်ဝေ့သာ သူတို့အသက်ကြီးသွားတဲ့အချိန် တကယ်ပဲကြည့်ရှုစောင့်ရှောက်ပေးဖို့ ဆန္ဒရှိမည်ဆိုလျှင် သူသည်လည်း ဘာမှအထွန့်မတက်ဘဲ ကျိုးဟုန်ဝေ့ကို ပိုင်ဆိုင်သမျှ အကုန်အပ်လိုက်မည်ဖြစ်သည်။ သို့သော်လည်း ကျိုးဟုန်ဝေ့က သူ့ရဲ့ ဒီဦးလေးတွေကို သစ္စာမဖောက်ပါဘူးလို့ ဘယ်သူက ကတိပေးနိုင်မှာလဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းတွေကို သူ့ရန်သူကိုတော့ သိခွင့်မပြုနိုင်ပေ။ ကိစ္စတွေအားလုံးပြီးကာမှသာ ကျန်တဲ့ကိစ္စတွေ ဆက်ဖြေရှင်းတော့မည်။

ကျိုးဟွာမင်က နှာမှုတ်လိုက်ကာ၊ “ဥက္ကဌကု၊ မင်းကိုယ့်ကိစ္စကိုသာစိတ်ဝင်စားစမ်းပါ။ ဒါက ကျိုးမိသားစုကိစ္စ။ မင်းဝင်စိုးရိမ်ပေးစရာ ဘာအကြောင်းမှမရှိဘူး။” ထိုအချက်အရောက် သူက ရှောင်လင်းယွီကို ဒေါသတကြီးကြည့်လိုက်ကာ အံတင်းတင်းကြိတ်ပြီး၊ “ရှောင်လင်းယွီ၊ မင်းကို ဒီလောက်ကောက်ကျစ်တဲ့မိန်းမဖြစ်နေမယ်လို့ ငါမထင်ထားခဲ့ဘူး။ ဒီလိုစကားလေးတစ်ခွန်းနှစ်ခွန်းနဲ့ ကျိုးမိသားစုကို ဖြိုခွဲနိုင်မယ်လို့ ထင်နေတာလား။ အိပ်မက်သာမက်နေလိုက်။”

ရှောင်လင်းယွီက ရယ်မောလာကာ၊ “စီအီးအိုကျိုးကလည်း ကျွန်မဘယ်တုန်းကများ အဲ့လိုလုပ်မိလို့လဲ။ စီအီးအိုကျိုး၊ ကျွန်မက ကျိုးမိသားစုကိုတောင် သိတာမဟုတ်ဘူးလေ။ တကယ်တော့ ရှင်နဲ့ ရင်းနှီးတာတောင်မဟုတ်ဘူး။ ဘာလို့ ကျိုးမိသားစုဝင်တွေကြားထဲ သံသယမျိုးစေကျဲဖို့ ကြိုးစားရမှာလဲ။”

ထိုသို့ပြောပြီးနောက် သူမက သူမဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။ “ရှင်ကသာ ဒီနေရာမှာ ထမင်းစားဖို့ ကျွန်မကို ဖိတ်တဲ့သူလေ။ ရှင်ဘာလို့ ဒီလိုဖိတ်ခေါ်မှန်း ကျွန်မက သိတာတောင်မဟုတ်ဘူး။ ပြောရရင် ကျွန်မတို့က ရင်းနှီးကြတဲ့သူတွေလဲ မဟုတ်ဘူးလေ။”

ကျိုးဟွာမင်ဘက်က အမှန်တရားကို မပြောရဲကြောင်း ရှောင်လင်းယွီ သေချာနေသည်။ ဘာပဲဖြစ်ဖြစ် သူ့ရည်ရွယ်ချက်က ငွေနှင့်လာဘ်ထိုးကာ ကျိုးဟုန်ဝေ့ကို လွှတ်ပေးစေချင်လိုခြင်းမဟုတ်လား။

ကျိုးဟွာမင်တစ်ယောက် ရှောင်လင်းယွီထံမှ ထောင်ချောက်ဆင်ခံလိုက်ရတာကြောင့် ဒေါသထွက်လို့နေသည်။ သူက ရှောင်လင်းယွီကို ဒေါသတကြီး လက်ညှိုးထိုးကာ အော်ဟစ်တော့သည်။ “ရှောင်လင်းယွီ၊ မင်း ကြည့်နေစမ်းပါ။” ထို့နောက် သူက လှည့်ထွက်သွားတော့သည်။

“နေပါဦး။” ရှောင်လင်းယွီက လှမ်းတားလိုက်သည်။ “စီအီးအိုကျိုး၊ ဒီတစ်နပ်က ရှင် ကျွန်မကို ဖိတ်တာဆိုမှတော့ ကျသင့်ငွေကို ရှင် ရှင်းသွားသင့်တယ်လေ။”

ကျိုးဟွာမင်၏မျက်နှာက ခရမ်းရောင်ပင် သန်းလာတော့သည်။ သူက ရှောင်လင်းယွီကို အကြည်စူးစူးများဖြင့် စိုက်ကြည့်ကာ အော်ငေါက်တော့သည်။ “အဆင့်မရှိတဲ့ရွာသူမ၊ မင်း စားသောက်ပြီး နင်သေသွားပါစေ။”

ဝိတ်တာက ဘေလ်ယူကာရောက်လာကာ ယဉ်ယဉ်ကျေးကျေးပင် ပြောလိုက်လေသည်။ “လူကြီးမင်း၊ ယွမ် ၃၉၃၀ကျပါတယ်။ ဥက္ကဌက လူကြီးမင်းက ပုံမှန်စားသုံးသူဖြစ်တာကြောင့် ယွမ် ၃၉၀၀ပဲ ကောက်ခံဖို့ ပြောထားပါတယ်။”

ရန်သူကနေ ပုံမှန်စားသုံးသူတစ်ယောက်ဖြစ်လာလေသည်။

ကျိုးဟွာမင်တစ်ယောက် ဒေါသတကြီး ပိုက်ဆံကို ပစ်ပေးခဲ့ပြီးနောက် အလျင်အမြန်ထွက်သွားတော့သည်။

“ဟဟဟ…” ကုကျီယဲ့တို့အဖွဲ့ မထိန်းနိုင်ဘဲ အော်ဟစ်ရယ်မောနေတော့သည်။

ကုကျီယဲ့က လက်အသာဝှေ့ကာ ကြေညာလိုက်လေသည်။ “ဧည့်သည်တော်အပေါင်းတို့၊ ကျွန်တော် ဒီနေ့ အရမ်းပျော်နေတာမလို့ ဝိုင်းတိုင်းကို ၂၀ရာခိုင်နှုန်း လျှော့ဈေးပေးသွားပါမယ်။” စားသောက်ဆိုင်လုပ်ငန်းတစ်ခုအတွက်တော့ ၂၀ရာခိုင်နှုန်း လျှော့ဈေးပေးတာက အတော်လေးကို များပြားသည့်ပမာဏပင်။

ဧည့်သည်တစ်ယောက်က ပြောလာလေသည်။ “ဥက္ကဌကု၊ မင်းအခုလေးတင် မင်းရန်သူကို အနိုင်ယူခဲ့တာလေ။ အနည်းဆုံးတော့ ၅၀ရာခိုင်နှုန်းလောက် လျှော့ပေးသင့်တာပေါ့။”

“ဟုတ်တယ်၊ ဟုတ်တယ်။”

“၅၀ရာခိုင်နှုန်း၊ ၅၀ရာခိုင်နှုန်း။”

ကုကျီယဲ့တစ်ယောက် ဆူညံသံများကြားမှပင် ရယ်မောလိုက်ကာ၊ “ဧည့်သည်တော်တို့ရယ် ၂၀ရာခိုင်နှုန်း လျှော့ပေးလိုက်တာနဲ့တင် ကျွန်တော့်မှာ အမြတ်မကျန်တော့ပါဘူး။ အားလုံးကို ၅၀ရာခိုင်နှုန်းသာ လျှော့ပေးလိုက်ရရင် ကျွန်တော့်အတွင်းခံတောင် ကျန်တော့မှာမဟုတ်ဘူး။”

“ဟဟဟ…” လူတိုင်းက ရယ်မောကြတော့သည်။ “ဥက္ကဌကုကတော့လေ၊ ငါတို့နဲ့ ကလေးတွေလည်း ပါလာတာကို…”

ကုကျီယဲ့၏နှုတ်ခမ်းက ကွေးတက်နေကာ အပြုံးက မရပ်သွားပေ။ “ကျွန်တော်က အမှန်အတိုင်းပြောနေရုံပါ။ ခွင့်လွှတ်ပေးကြပါနော်။”

ကုကျီယဲ့တစ်ယောက် ဧည့်သည်များနှင့် စနောက်ပြီးနောက် လေးယောက်လုံး ရှောင်လင်းယွီ၏ဝိုင်းတွင် ဝင်ထိုင်လိုက်ကြလေသည်။ ဟင်းပွဲတွေအားလုံးနီးပါး ရောက်နေပြီဖြစ်သည်။

ကျန်းဟိုင်ယန်က စားပွဲထက်မှ ဟင်းပွဲများကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေကာ မေးလိုက်လေသည်။ “လင်းယွီ၊ ဒီဟင်းတွေအားလုံး မင်းမှာထားတာလား။” အားလုံး ဈေးကြီးတဲ့ဟင်းပွဲတွေချည်းပဲ။

ရှောင်လင်းယွီ သူတို့နဲ့လက်တွဲလုပ်ကိုင်ကတည်းက သူတို့စားသောက်ဆိုင်သည် ဟင်းသီးဟင်းရွက်ဟင်းပွဲများတွင် ပိုပြီးနာမည်ကြီးလာခဲ့သည်။ ပင်လယ်ခရုလိုမျိုး ဈေးကြီးသည့်ပါဝင်ပစ္စည်းမျိုးကို မှာယူသူမရှိသလောက်ကို ဖြစ်သွားလေသည်။

ယွမ်ရွှမ်ဟောက်က ပြုံးလိုက်ကာ၊ “ယွမ်၄၀၀၀လောက်ကျသွားတာ မဆန်းတော့ပါဘူး။”

ချန်ယီဖန်းကလည်း ရှောင်လင်းယွီကို လက်မထောင်ပြလိုက်လေသည်။ “အံ့ဩစရာပဲ။ မင်းကတော့ တကယ်အံ့ဩဖို့ကောင်းတယ်။”

ရှောင်လင်းယွီနှင့် ကျိုးဟွာမင်တို့ကို ဆက်သွယ်ပေးထားသည်မှာ ကျိုးဟုန်ဝေ့ဖြစ်ကြောင်း သူတို့သိကြလေသည်။ ရှောင်လင်းယွီ၏ထွက်ဆိုချက်က ကျိုးဟုန်ဝေ့ကို ပြစ်ဒဏ်ချရာတွင် အလွန်အရေးပါကြောင်းကိုလည်း သူတို့ကြားထားပြီးဖြစ်သည်။ ဒါကြောင့် ရှောင်လင်းယွီနှင့် ကျိုးဟွာမင်တို့ တစ်နည်းတစ်ဖုံဖြင့် သဘောတူညီမှုရသွားမည်ကို သူတို့ စိုးရိမ်နေခဲ့ကြသည်။

သို့သော်လည်း သူတို့ရောက်လာချိန်တွင် ရှိုးတစ်ခုကို တွေ့လိုက်ရတာကြောင့် အံ့ဩသွားတော့သည်။

ရှောင်လင်းယွီသည် စားပွဲထက်မှ ဟင်းပွဲများကိုကြည့်လိုက်ကာ၊ “ကျွန်မနဲ့အတူ တခါတည်းစားလိုက်ကြလေ။ ကျွန်မလည်း တစ်ယောက်တည်း ကုန်တာမဟုတ်ဘူး။”

ကုကျီယဲ့က စားတော်ပွဲကြီးကိုကြည့်ကာ၊ “ငါတို့လေးယောက်လုံးစားရင်တောင်မှ ကုန်လောက်မယ် မထင်ဘူး။”

သူတို့စုစုပေါင်း လူ၅ယောက်ရှိသော်လည်း ဟင်းပွဲကတော့ ၁၆ပွဲဖြစ်လေသည်။

ကျန်းဟိုင်ယန်က အကြံပေးလာခဲ့သည်။ “လင်းယွီ၊ မင်းမောင်နဲ့ ယီအာကိုပါ ငါတို့နဲ့အတူလာစားဖို့ ခေါ်လိုက်ရင်မကောင်းဘူးလား။”

ယွမ်ရွှမ်ဟောက်က၊ “သူတို့က ကျောင်းမှာလေ။ ပိတ်ရက်ကလွဲရင် သူတို့တွေ ကျောင်းကထွက်ခွင့်မရှိဘူး။” အဲ့လိုသာမဟုတ်ရင် နဉ်ဝေ့ယီ၊ ယန်ပေါင်လင်းနှင့် ခမ်းလဲ့တို့ နေ့တဒူဝ မြို့ထဲမှာ လျှောက်ပတ်သွားနေကြပေလိမ့်မည်။

ဧည့်သည်တစ်ယောက်က ပြုံးလျက်ပြောလာလေသည်။ “ဥက္ကဌကု၊ ငါတို့ မင်းတို့ဟင်းပွဲတွေကို ကူရှင်းပေးနိုင်တယ်လေ။”

ကုကျီယဲ့က ခေါင်းယမ်းလာကာ၊ “တောင်းပန်ပါတယ်၊ ဒါပေမယ့် ဒီဝိုင်းအတွက် ကျွန်တော် ငွေရှင်းထားတာမဟုတ်လို့ပါ။”

လူတိုင်း၏အကြည့်များက ရှောင်လင်းယွီထံသို့ ရောက်လာတော့သည်။ သူတို့တွင် စပ်စုချင်စိတ်ရော သံသယများပါ ရှီနေကြသည်။ ဒီအမျိုးသမီးကို သူတို့တစ်ယောက်မှ မသိကြသော်လည်း သူမကတော့ စကားလုံးအနည်းငယ်နှင့် ကျိုးဟွာမင်ကို လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့လေသည်။ ပြီးတော့ ကုကျီယဲ့တို့အဖွဲ့နဲ့လည်း တော်တော်လေး ရင်းနှီးနေပုံပေါက်သေးသည်။ ဒီအမျိုးသမီးက သာမာန်တော့မဟုတ်လောက်ဘူး။

ရှောင်လင်းယွီက တခြားဧည့်သည်များကို လျစ်လျူရှုက ကုကျီယဲ့တို့ကို ပြောလိုက်လေသည်။ “စိုးရိမ်မနေနဲ့ ကျွန်မတို့အားလုံး စားနိုင်တယ်။”

“အာ…” ကုကျီယဲ့ အနည်းငယ် အံ့ဩသွားလေသည်။ ဒီစားတော်ပွဲကြီးကို သူတို့ကုန်နိုင်မည်ဟု သူတော့ မထင်ပေ။ ထို့နောက် အားလုံး၏ ထိတ်လန့်နေသည့်အကြည့်များအောက်တွင်ပဲ ရှောင်လင်းယွီက ဟင်းပွဲများကို အပြောင်ရှင်းသွားလေသည်…

ကုကျီယဲ့တစ်ယောက် သူ့မှတ်ဉာဏ်တွေထဲ ပြန်ဆန်းစစ်ရတော့သည်။ ထို့နောက် ရှောင်လင်းယွီနှင့် ကျန်းထောင်တို့နဲ့အတူ သူထမင်းတစ်ခါစားစဉ်ကို ပြန်သတိရသွားလေသည်။ ထိုအချိန်တုန်းက ရှောင်လင်းယွီသည် ပန်းကန်လုံးတစ်ဝက်စာထမင်းကိုသာ စားခဲ့လေသည်။ ဒါကြောင့် အခုတွေ့နေရသည့် အစားအသောက်တွေကို ဖုန်စုပ်စက်တစ်လုံးကို အားလုံးသိမ်းကြုံးစားသောက်နေသည့်မိန်းကလေးနှင့် ထိုတုန်းကမိန်းကလေးမှာ တစ်ယောက်တည်းဖြစ်သည်ဟု ပုံဖော်ကြည့်ရန် ခက်ခဲလှသည်။

အစားအသောက်အားလုံး လူငါးယောက်၏အပြတ်ရှင်းခြင်းကို ခံလိုက်ရသည်။ အများစုကတော့ ရှောင်လင်းယွီ၏ဗိုက်ထဲရောက်သွားခြင်းဖြစ်ကာ ထိုမိန်းကလေးမှာ ဗိုက်တောင်မပြည့်သေးသည်ပုံပေါ်လေသည်။

ကုကျီယဲ့က အံ့ဩတကြီးမေးလာခဲ့သည်။ “မင်းရဲ့စားချင်စိတ်က ဘာလို့ ဒီလောက်တောင် ကြီးရတာလဲ။” သူမက သူတို့လေးယောက်စာထက်တောင်မက စားသွားခြင်းပင်။ ဒါပေါ့ သူမအများဆုံးစားတာကတော့ အသီးအရွက်တွေသာ ဖြစ်လေသည်။

ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “ကျွန်မအခုတလော အရမ်းစားနေလို့ပါ။” သူမကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကိုတော့ မပြောခဲ့ပေ။ ကိစ္စတွေ ပိုရှုပ်သွားနိုင်လေသည်။ ရိုးရိုးသားသားပြောရရင်တော့ ရှောင်လင်းယွီလည်း စိတ်ရှုပ်ထွေးနေမိလေသည်။ သူမအရင်ဘဝ ကိုယ်ဝန်ရှိတုန်းက ဒီလောက် စားချင်စိတ်များလာခဲ့ခြင်းရှိသည့်အဖြစ်မျိုးကို သူမမမှတ်မိပေ။

ဒါ့အပြင် သူမအရင်ဘဝတုန်းက ကလေးကို မုန်းတာကြောင့် ကလေးနှင့်ဆက်နွှယ်သမျှကို ဘာကိုမှ ဂရုမစိုက်ခဲ့ပေ။ ပြောရရင် သူမအရင်ဘဝတုန်းက ကိုယ်ဝန်အပေါ် သက်ရောက်မှုဖြစ်စေနိုင်သည့် ဘာကိုမှ အာရုံမစိုက်ခဲ့ခြင်းဖြစ်သည်။

စားသောက်ပြီးနောက်မှာတော့ ကုကျီယဲ့က ရှောင်လင်းယွီကို သူ့သီးသန့်ခန်းထဲသို့ လိုက်ခဲ့ရန်ခေါ်လေသည်။ ကုကျီယဲ့က ဝန်လည်းခံခဲ့သည်။ “လင်းယွီ၊ တကယ်တော့ မင်း ကျိုးဟွာမင်နဲ့ ထမင်းအတူစားနေတယ်ဆိုတဲ့အကြောင်း ကြားလိုက်တုန်းက ငါသေမတတ်ကိုလန့်သွားခဲ့တာ။”

ရှောင်လင်းယွီက ပြုံးလျက်ပြန်မေးလိုက်လေသည်။ “ဘာလို့လဲ။ ရှင့်တင်သွင်းသူ သူတို့ဆီ ထပ်ပါသွားပြန်မှာ ကြောက်လို့လား။”

ကုကျီယဲ့က ပြုံးကာ ဝန်ခံလေသည်။ “တကယ်ကို ငါ့စိတ်ထဲ အဲ့အတွေးက တန်းရောက်လာတာ။”

ဘာပဲဖြစ်ဖြစ် ကျိုးမိသားစု ဘယ်လောက်တောင် စက်ဆုပ်ဖို့ကောင်းမှန်း သူသိပြီးသားမဟုတ်လား။ သူတို့တွေ ရှောင်လင်းယွီကို ခြိမ်းခြောက်မည်အား သူစိုးရိမ်ခဲ့သည်။

“ဒါပေမယ့် မင်း ဒီမှာ ထမင်းလာစားတာလို့ သိလိုက်ရတော့ ငါ နားမလည်နိုင်တော့ဘူး။” ကုကျီယဲ့က ပြောလိုက်လေသည်။ ရှောင်လင်းယွီသာ ယီမိသားစုဟိုတယ်နှင့် တကယ်ပူးပေါင်းလိုပါက ကုမိသားစုဟိုတယ်တွင် ထိုအကြောင်း ဆွေးနွေးမည်မဟုတ်ပေ။ ဒါ့အပြင် ရှောင်လင်းယွီအပေါ် သူတို့နားလည်ထားမှုအရ သူမသည် သူမနှင့် သူမမိသားစုကို ခြိမ်းခြောက်သည့်လူမျိုးနှင့် အလုပ်တွဲလုပ်မည့်သူမဟုတ်ပေ။

သို့သော်လည်း ကျိုးဟွာမင်က သူမနှင့် ကုမိသားစုဟိုတယ်တွင်တွေ့ဖို့ သဘောတူလိုက်သည့်ကိစ္စကို သူတို့ စူးစမ်းနေမိတုန်းပင်။

“လင်းယွီ၊ မင်း ကျိုးဟွာမင်ကို ဒီမှာထမင်းစားဖို့ ဘယ်လိုများ သဘောတူအောင် လုပ်လိုက်တာလဲ။” ကျန်းဟိုင်ယန်က မေးလိုက်လေသည်။

ရှောင်လင်းယွီက နှုတ်ခမ်းအသာတွန့်လိုက်ကာ၊ “ဘာမှမခက်ပါဘူး။ အခုချိန်မှာ သူတို့ကသာ ကျွန်မကိုလိုအပ်နေကြတာလေ။ ကျိုးဟုန်ဝေ့လွတ်ဖို့အတွက် သူတို့က ကျွန်မတောင်းဆိုသမျှ သဘောတူကြမှာပဲ။”

ထို့နောက် ကောင်လေးများမှာ စိုးရိမ်တကြီးပြောလာကြလေသည်။ “လင်းယွီ၊ သူတို့ လက်စားပြန်ချေမှာ မကြောက်ဘူးလား။ ကျိုးမိသားစုက အရမ်းကိုမှ သဘောထားသေးသိမ်ကြတာ။ အခု မင်း သူတို့ကို စော်ကားလိုက်ပြီဆိုတော့ အနာဂါတ်မှာ အခွင့်အရေးရတာနဲ့ မင်းကို လက်စားပြန်ချေကြလိမ့်မယ်။ သူတို့က ရှင်းယန်ခရိုင်မှာ အရမ်းအင်အားကြီးနေတာမဟုတ်ပေမယ့် မင်းကိုတော့ အန္တရာယ်ပြုနိုင်သေးတယ်။”

ရှောင်လင်းယွီက ခေါင်းယမ်းလိုက်လေသည်။ “အဲ့ဒါတော့ ကျွန်မလည်း မသိဘူးလေ။ လာတဲ့တံတားဖြတ်ရမှာပေါ့။”

ကျိုးမိသားစုအတွက်တော့ သူမဆိုသည်က ဘာမှမဟုတ်ပေ။ တကယ်တမ်း သူတို့ လက်တစ်ချောင်းလောက်လှုပ်ရုံဖြင့် သူမကို ရှင်းပစ်နိုင်လေသည်။ သို့သော်လည်း ကျိုးဟုန်ဝေ့ရှိနေသေးတာကြောင့် လောလောဆယ်တော့ သူမကို ဘာမှမလုပ်နိုင်ကြသေးပေ။ ဒါပေမယ့် ကိစ္စတွေ ပြီးသွားသည်နှင့် ကျိုးမိသားစုက သေချာပေါက် လက်စားပြန်ချေမည်ပင်။

ရှောင်လင်းယွီသည် သူ့သူငယ်ချင်းဖြစ်သလို လုပ်ငန်းပါတနာလည်းဖြစ်တာကြောင့် ကုကျီယဲ့ သူမကို ကူညီမည်သာ။ သို့သော်လည်း သူ့အနေနှင့် အလင်းထဲတွင် ကာကွယ်ပေးနိုင်သော်လည်း ကျိုးမိသားစုဆိုသည်က ညစ်ပတ်သည့် လှည့်ကွက်များကို ထုတ်အသုံးဆုံးပင်။

တိုက်ရိုက်ထိုးလာတဲ့လှံကို ရှောင်ဖို့လွယ်ပေမယ့် အမှောင်ထဲကထွက်လာတဲ့ မြှားကတော့ ကာကွယ်ရန် ခက်လှသည်။

ကုကျီယဲ့နှင့် ကျန်လူများ ကူညီပေးချင်ရင်တောင်မှ သူတို့လုပ်နိုင်တာ အများကြီးမရှိပေ။

ကုကျီယဲ့က၊ “လင်းယွီ၊ ဂရုတော့စိုက်။ မင်း ငါ့အကူအညီလိုတာရှိရင် ချက်ချင်းအသိပေး။ ငါအတတ်နိုင်ဆုံး ကြိုးစားပေးမယ်။”

“ဟုတ်တယ်၊ ငါတို့လည်း ကူညီပေးမယ်။” ကျန်တဲ့သုံးယောက်ကလည်း ဝိုင်းပြောလာကြသည်။

ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “ဒါဆိုလည်း ရှင်တို့ကို ကြိုပြီး ကျေးဇူးတင်ထားပါရစေ။”

“ရပါတယ်ကွာ၊ ငါတို့က သူငယ်ချင်းတွေလေ၊ မဟုတ်ဘူးလား။” လေးယောက်သား ပြန်ပြုံးပြလာခဲ့ကြသည်။

….

“အဖေ၊ ဝေ့အာအဖမ်းခံရတာနဲ့ပတ်သတ်ပြီး တစ်ခုခုမှန်းနေမှန်း ကျွန်တော်သိသားပဲ။ အခုတော့ ကျွန်တော်တို့ဝေ့အာကို ထောင်ချောက်ဆင်ဖို့ အပြင်လူနဲ့ပေါင်းကြံနေတဲ့လူ ကျွန်တော်တို့ မိသားစုထဲမှာ ရှိနေတာ ပေါ်လာပြီလေ။” ကျိုးဟွာယင်းက ကျိုးကောကျန်းအား သူ့အစ်ကိုအကြီးဆုံးအကြောင်း တိုင်တန်းနေခြင်းဖြစ်သည်။ “အားလုံး ဒီအကြောင်းတွေပဲ ပြောနေကြတာ။ ဝေ့အာအဖမ်းခံရတာ ယီမိသားစုဟိုတယ်ကို သိမ်းယူဖို့ ကြိုးစားလို့တဲ့။ အစ်ကိုကြီးက သူ့ပိုင်ဆိုင်မှုတွေ လက်လွှတ်မခံနိုင်တာကြောင့် အပြင်လူနဲ့ပေါင်းပြီး ဝေ့အာကို ထောင်ထဲပို့လိုက်တာ။”

လွန်ခဲ့သည့်အချိန်အတော်ကြာတုန်းက ကျိုးကောကျင်းသည် ကျိုးမိသားစု၏ပိုင်ဆိုင်မှုအားလုံးကို ကျိုးဟုန်ဝေ့က ဆက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။ ထိုထဲတွင် ကျိုးဟွာမင်နှင့် ကျိုးထန်ရှုန်းတို့ပိုင်သော ယီမိသားစုဟိုတယ်နှင့် အမွေအားလုံးလည်း ပါဝင်လေသည်။ ကျိုးဟုန်ဝေ့၏အဖေဖြစ်တာကြောင့် ကျိုးဟွာယင်းကလည်း ထိုပစ္စည်းအားလုံးနှင့် သက်ဆိုင်သွားလေသည်။ ဒါကြောင့် သူ့အစ်ကိုအကြီးဆုံးနှင့် တတိယညီတို့ကို အသုံးချသည်က သူ့အတွက် ဖြစ်သင့်သည့်အရာလိုဖြစ်နေခဲ့သည်။ သူက သူ့အနာဂါတ်ကို ငွေဖြင့် လမ်းခင်းနေခြင်းဖြစ်သည်။

သို့သော်လည်း သူ့သားကို ကျိုးဟွာမင်က ထောင်ထဲထည့်လိုက်ကြောင်း ကြားလိုက်ရချိန်မှာတော့ ကျိုးဟွာမင်က သူ့ဆီကနေ မိသားစုပိုင်ဆိုင်မှုများကို လုယူဖို့ ကြိုးစားနေသလို ဖြစ်သွားလေသည်။ ဒါဘယ်လိုမှ ခွင့်မပြုပေးနိုင်ဘူး။

ကျိုးမိသားစုနှင့်ပတ်သတ်တာမှန်သမျှ သူ့အပိုင်သာဖြစ်လေသည်။ အကြီးဆုံးအစ်ကိုရော တတိယညီနှင့်ပါ ဘာမှမသက်ဆိုင်ပေ။ ဒါကြောင့် သတင်းများကိုကြားသည်နှင့် သူက ချက်ချင်းပင် ကျိုးကောကျန်းထံသို့ တိုင်တန်းတော့လေသည်။

ကျိုးကောကျန်းလည်း သူ့ဒုတိယသား၏တိုင်ကြားချက်များကိုကြားပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ သူက ချက်ချင်းပင် ကျိုးဟွာမင်အား အိမ်ပြန်လာရန် ခေါ်လိုက်လေသည်။

ကျိုးဟွာမင် အိမ်ပြန်ရောက်သည်နှင့် ကျိုးဟွာယင်းထံမှ စစ်ဆေးမေးမြန်းခံရတော့သည်။ “အစ်ကိုကြီး၊ မင်း ယီမိသားစုဟိုတယ်တစ်ခုကြောင့်နဲ့ အပြင်လူနဲ့ပေါင်းပြီး ဝေ့အာကို ထောင်ထဲပို့လိုက်တာလား။ ကျိုးဟွာမင် ငါမင်းကိုပြောလိုက်မယ်။ ဝေ့အာသာ တစ်ခုခုဖြစ်လို့ကတော့… ငါမင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။”

ကျိုးဟွာမင်တစ်ယောက် စွပ်စွဲချက်များကိုကြားလိုက်သည်နှင့် ဒေါသထွက်သွားတော့သည်။ သို့သော်လည်း သူ့ဒေါသကို ဖိနှိပ်ကာ ပြန်မေးလိုက်လေသည်။ “ဒုတိယညီ၊ ဝေ့အာကို အကွက်ချပြီး ထောင်ထဲပို့လိုက်တာ ငါပါဆိုတဲ့သတင်းကို မင်းဘယ်က ကြားလာတာလဲ။”

“ငါ့သူငယ်ချင်းဆီကပေါ့။” ကျိုးဟွာမင်က တွေးပင်မတွေးဘဲ ချက်ချင်းပြန်ပြောလိုက်လေသည်။ “အမှန်ပဲမဟုတ်ဘူးလား။ မင်းက ယီမိသားစုဟိုတယ်ကို မင်းသမီးတွေအစား ဝေ့အာကို လက်လွှဲပေးရမယ့်အစီအစဉ်ကို မကျေမနပ်ဖြစ်နေတာလို့ ငါ့သူငယ်ချင်းပြောတယ်။”

ကျိုးဟွာမင် သူ့ဒေါသကိုဆက်ပြီးမထိန်းနိုင်တော့ပဲ ထပ်မေးလိုက်လေသည်။ “ဒုတိယညီ၊ မင်း ဒီသတင်း ဘယ်သူငယ်ချင်းဆီကနေ ကြားလာတာလဲ။ ဒါ ငါတို့အချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်နေကြတယ်ဆိုတာ မင်းမစဉ်းစားတတ်ဘူးလား။”

ကျိုးဟွာမင်သည် ကျိုးဟုန်ဝေ့အတွက် အများကြီးလုပ်ပေးခဲ့သည်။ ဒီလောက်လုပ်‌ပေးထားတာတောင် သူ့သစ္စာရှိမှုကို သူ့မိသားစုမြင်နိုင်သည်အထိ မလုံလောက်သေးဘူးလား။ ဒီစကားတွေက သူ့မိသားစုကိုတော့ သက်ရောက်မှုရှိလိမ့်မှာမဟုတ်ဘူးဟု သူထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ့ရဲ့ ဒုတိယညီအရူးကိုတော့ မေ့သွားခဲ့လေသည်။

ကျိုးဟွာယင်းက ခပ်တင်းတင်းပင် ပြန်မေးခွန်းထုတ်လာလေသည်။ “ငါဂရုမစိုက်ဘူး။ ငါကမှ မေးရမယ့်လူပါ။ မင်းဘာလို့ ယီမိသားစုဟိုတယ်ရဲ့အထွေထွေမန်နေဂျာရာထူးကို ဝေ့အာကို မလွှဲပေးသေးတာလဲ။” ကျိုးဟွာယင်းက နှာခေါင်းရှုံ့လိုက်ကာ၊ “မင်းလက်မလွှတ်နိုင်လို့ပဲမဟုတ်လား။”

ရုတ်တရက် ကျိုးဟွာမင် အနည်းငယ် ဝမ်းနည်းစိတ်၊ ကူကယ်ရာမဲ့စိတ်နှင့် ခါးသီးမှုတို့ကို ခံစားလိုက်ရသည်။ သူ ကျိုးဟုန်ဝေ့အတွက် ဒီလောက်တောင် လုပ်ပေးခဲ့ပေမယ့် အဆုံးမှာတော့ သူ့မိသားစုဆီက မေးခွန်းအထုတ်ခံနေရတုန်းပင်။

ထိုခံစားချက်တွေက သူ့နှလုံးသားကို ချဉ်တူးလာစေတော့သည်။

***

All Chapters