← Chapters

လက်စားချေခြင်း

Vol. 9 Ch. 165

လက်စားချေခြင်း

Vol. 9 Ch. 165

ရှောင်လင်းယွီကို လာဘ်ထိုးရန်ကျရှုံးသွားပြီး သူတို့ကိုယ်တိုင်သာ ထောင်ချောက်ဆင်ပြန်ခံလိုက်ရလေသည်။ ထိုသို့ဖြစ်လျှင်ပင် ကျိုးမိသားစု၏ဆက်ဆံရေးတွင်သာ အစကတည်းက အက်ရာရှိမနေပါက ရှောင်လင်းယွီလည်း သူတို့ကို ဘာမှလုပ်လို့ရခဲ့လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ကျိုးဟွာယင်းသည် ထိုအက်ရာ၏အလယ်ဗဟိုဖြစ်နေလေသည်။ ကောလဟာလသတင်းကို သူကြားသွားသည်နှင့် သူ့အစ်ကိုအကြီးဆုံး ကျိုးဟွာမင်က သူ့တူကို ထောင်ထဲပို့ရန် တမင်အကွက်ချခဲ့သည့်လူဟု ရင်ထဲအသည်းထဲကနေကို တန်းပြီး ယုံကြည်သွားလေသည်။

ကျိုးဟွာမင် ဘယ်လောက်ပဲ ရှင်းပြပါစေ ကျိုးဟွာယင်းကတော့ နားထောင်လိမ့်မည်မဟုတ်ပေ။ ကျိုးကောကျန်း တစ်ခုခုဝင်ပြောလာတာတောင် ကျိုးဟွာယင်းက ဤသို့သာ ပြန်ပြောလာလေသည်။ “အစ်ကိုကြီးသာ ဝေ့အာကို တကယ်ချစ်ကြောင်း သက်သေပြချင်ရင် အခုချက်ချင်း အမြန်ဆုံး ဝေ့အာဆီ ဟိုတယ်ကို လွှဲပြောင်းပေးလိုက်လေ။ ဘာပဲဖြစ်ဖြစ် ဒီဟိုတယ်က အနှေးနဲ့အမြန် ဝေ့အာအပိုင်ပဲ ဖြစ်လာမှာပဲကို။ အစ်ကိုကြီးလည်း ဝေ့အာ ဟိုတယ်ကို ဆက်ခံလိုက်ရင် သိပ်ပင်ပန်းစရာမလိုတော့ဘူးပေါ့။ အဖေ၊ ကျွန်တော်ပြောတာ သဘောတူတယ်မဟုတ်လား။”

ကျိုးဟွာယင်းသည် ကျိုးဟုန်ဝေ့၏အမွေဆက်ခံမည့်လုပ်ငန်းစဉ်ကို ရှေ့တွန်းပို့ရန် ကြိုးစားနေလေသည်။ ကျိုးဟွာယင်းသည် သူ့ညီအစ်ကိုများရှေ့တွင် အာဏာရှင်တစ်ဦးလိုလုပ်နေသော်လည်း တကယ်တမ်း သူ့သားနားဆိုလျှင်တော့ သတ္တိကြောင်သူတစ်ဦးဖြစ်လေသည်။ ကျိုးဟွာယင်းသည် သူ့သားကိုကြောက်ကာ ကျိုးဟုန်ဝေ့၏အမိန့်မှန်သမျှကို နာနာခံခံဖြင့် နားထောင်လေသည်။ ကျိုးဟွာယင်းသည်လည်း သူ့ဘဝလွတ်လပ်စွာ နေနိုင်ခွင့်က သူ့သား ကျိုးဟုန်ဝေ့နှင့် ဆက်စပ်နေကြောင်း နားလည်လေသည်။

ကျိုးဟုန်ဝေ့သည် ကျိုးမိသားစု၏အကျင့်စရိုက်လက္ခဏာအလုံးစုံဖြစ်သော ကောက်ကျစ်၊ ယုတ်မာ၊ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးမှုများကို အပြည့်အဝအမွေဆက်ခံသူဖြစ်သည်။ ကျိုးမိသားစုကို ဘယ်လိုပဲဖြစ်ဖြစ် ဆက်ခံရမည့်သူဖြစ်ကြောင်း သိနေတာကြောင့် သူ့ဦးလေးတွေက အခုချက်ချင်းပဲ သူ့ကို မလွှဲပြောင်းပေးသည့်အပေါ် အလွန်ဒေါသထွက်နေသူဖြစ်သည်။ သူက အခုဆို အသက် ၂၇နှစ်ရှိပြီဖြစ်သည်။ သူနှင့်ရွယ်တူ ကုကျီယဲ့ဆိုလျှင် ကုမိသားစုဟိုတယ်၏ အထွေထွေမန်နေဂျာဖြစ်နေပြီဖြစ်သော်လည်း သူကတော့ အခုထိ အဝယ်တော်မန်နေဂျာရာထူးသာ ရသေးလေသည်။

သူ တစ်ခါတုန်းက ကျိုးဟွာမင်ကို ဒုဥက္ကဌရာထူးပေးဖို့ မေးကြည့်ပေးခဲ့ဖူးသော်လည်း အငြင်းခံခဲ့ရသည်။ ကျိုးဟွာမင်ဘက်ကတော့ ကျိုးဟုန်ဝေ့အနေဖြင့် အတွေ့အကြုံတွေပိုလိုအပ်နေသေးတာကြောင့် အဝယ်တော်ဌာနက သူနေဖို့ အကောင်းဆုံးနေရာဖြစ်ကြောင်း ပြောခဲ့လေသည်။

တစ်ဖက်မှာတော့ ကျိုးဟွာမင်သည် ကျိုးဟုန်ဝေ့ကို သူ၏ဆက်ခံသူအဖြစ် ပျိုးထောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သော်လည်း တစ်ချိန်တည်းမှာပဲ အခုလိုမျိုး သူ့အာဏာကို လက်မလွှတ်လိုက်နိုင်ခြင်းဖြစ်သည်။ ဒါကြောင့်ပဲ ကျိုးဟုန်ဝေ့ကို လောလောဆယ်တော့ အဝယ်တော်ဌာနတွင်သာ ထားခဲ့ခြင်းဖြစ်သည်။

ကျိုးဟွာယင်းက၊ “အစ်ကိုကြီး၊ ဝေ့အာက သူအဝယ်တော်မန်နေဂျာမလုပ်ချင်တော့ဘူးဆိုပြီး ငါ့ကိုပြောနေတာ အကြိမ်မနည်းတော့ဘူး။ သူက ဥက္ကဌ ဒါမှမဟုတ် ဒုဥက္ကဌဖြစ်ချင်နေတာ။ ဒါပေမယ့် မင်းက ဆက်တိုက်ငြင်းနေတယ်လေ။ မင်းက ကျိုးမိသားစုရဲ့အနာဂါတ် ဆက်ခံသူကို မျက်နှာပျက်အောင် လုပ်ချင်နေတာလား။ မဟုတ်ရင် ဟိုတယ်ကို ပေးဖို့ လုံးဝစိတ်ကူးမရှိတာလား။ သူ မင်းကိုတော်တော်စိတ်ပျက်နေပြီလို့ ပြောတယ်။”

ထိုစွပ်စွဲချက်များက ကျိုးဟွာမင်ရင်ကို ထိုးခွဲလိုက်သလိုပင်။ သူ ကျိုးဟုန်ဝေ့အတွက် အားလုံး လုပ်ပေးခဲ့သော်လည်း နောက်ဆုံးမှာတော့ မေးခွန်းပြန်ထုတ်ခံနေရသည်။

ထိုအချိန်မှာပဲ ကုကျီယဲ့ပြောခဲ့သည့်စကားများက သူ့ခေါင်းထဲ ပြန်ဝင်လာခဲ့သည်။ ‘ဒါပေမယ့် ခင်ဗျားတူကရော ခင်ဗျားကို တကယ်ဂရုစိုက်မှာလား။ ခင်ဗျားကို ဘိုးဘွားရိပ်သာဆီ ပစ်ထုတ်လိုက်ပြီး ခင်ဗျားကို မတည်ရှိတော့သလို ဟန်ဆောင်လိုက်မလားဆိုတာရော တွေးကြည့်ဖူးလား။’

ကျိုးဟွာမင် ဝမ်းနည်းစွာဖြင့် တွေးလိုက်မိသည်။ ‘ဒီတော့ ကျိုးဟုန်ဝေ့က ငါ့ကို တချိန်လုံး ဒီလိုတွေးနေခဲ့တာပေါ့။ ငါကတော့ သူမွေးကတည်းက သူ့ကို ငါ့သားအရင်းတစ်ယောက်လို သဘောထားခဲ့တာ။ ငါ သူ့အတွက် အားလုံးလုပ်ပေးခဲ့ရတာ။ ဒါပေမယ့် သူကတော့…’

ကျိုးကောကျန်း မျက်မှောင်ကြုတ်ကာ ဝင်ဖြတ်ပြောလာခဲ့သည်။ “ဟွာမင်၊ ဟွာယင်း၊ ငါတို့ ဒီအကြောင်း နောက်မှ ပြောကြတာပေါ့။ အခုအရင်ဆုံး ဝေ့အာကို ထုတ်ဖို့ ကြိုးစားရအောင်။”

သူ့အကြီးဆုံးသားက ဒုတိယညီကို အတော်လေးစိတ်ပျက်သွားပြီမှန်း ကျိုးကောကျန်း သတိထားမိလိုက်ကာ ရန်လိုမှုကို ခံစားမိလိုက်လေသည်။ သူ ဒီလိုဖြစ်ခွင့်မပြုနိုင်ဘူး။

ကျိုးမိသားစုတွင် ကျိုးဟုန်ဝေ့တစ်ယောက်သာ တစ်ဦးတည်းသော ယောက်ျားလေးဆက်ခံသူဖြစ်လေသည်။ ကျိုးမိသားစု၏အမွေမှန်သမျှ ကျိုးဟုန်ဝေ့နှင့်သာ သက်ဆိုင်သည်။ သမီးတွေကတော့ အားလုံး အိမ်ထောင်ပြုကာ ထွက်သွားကြမည့်သူများပင်။ သူတို့ လက်မထပ်ခဲ့ရင်တောင်မှ ကျိုးမိသားစုက တစ်ပြားတစ်ချက်ကိုမှ ရလိမ့်မည်မဟုတ်ပေ။

ကျိုးဟွာမင် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ကာ၊ “ကျွန်တော်တွေးနိုင်သလောက် အားလုံးလုပ်ပြီးပြီ။ ဘာတစ်ခုမှ အသုံးမဝင်ဘူး။”

ထိုစကားက ကျိုးဟွာယင်းကို ထပ်ပြီး မကျေမနပ်ဖြစ်သွားစေပြန်သည်။ “အစ်ကိုကြီး၊ ငါမင်းပြောတာကို ဘာလို့ယုံရမှာလဲ။ မင်းလုပ်နိုင်တာမှန်သမျှ လုပ်ခဲ့တာ သေချာလို့လား။” သူက နှာမှုတ်လိုက်လေသည်။ “မဟုတ်ရင် ဝေ့အာထောင်ထဲမှာနေသွားရတာသေချာအောင် မင်းအကောင်းဆုံးကြိုးစားခဲ့တာလား။ မင်းမှာ အဆက်အသွယ်တွေဒီလောက်များတာ ဝေ့အာကိုထုတ်ပေးဖို့ ဒီအဆက်အသွယ်တွေကို အသုံးချသင့်တယ်လေ။ မင်းတမင်လုပ်နေတာပဲ။” ကျိုးဟွာယင်း နှာမှုတ်ကာ ပြောလိုက်သည်။ အစကတည်းက ကျိုးဟွာယင်းသည် သူ့အစ်ကိုကို ဘယ်တုန်းကမှ လေးစားမှုမရှိခဲ့ခြင်းပင်။

“မင်း…” ကျိုးဟွာမင် အလွန်ဒေါသထွက်သွားကာ အံကြိတ်လိုက်ပြီး၊ “ဒုတိယညီ၊ မင်း ငါ့ရည်ရွယ်ချက်ကို သံသယဝင်နေတယ်ဆိုမှတော့ ဝေ့အာကို ဘာလို့ မင်းဘာသာ မကူညီတာလဲ။”

ကျိုးဟွာယင်း နင်သွားကာ ချက်ချင်း တစ်ဖက်လှည့်ကာ မကျေမနပ်ပြောလာပြန်သည်။ “အဖေ၊ တွေ့လား။ အစ်ကိုကြီးက ဝေ့အာကိုကယ်ဖို့ ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ဘူး။ အခုတော့ သူက လွှတ်ချဖို့တောင်လုပ်နေပြီ။ ဝေ့အာကိုသာ ကျွန်တော်ကယ်နိုင်ရင် အစ်ကိုကြီးကိုတောင် လိုနေဦးမှာတဲ့လား။”

ကျိုးဟွာမင်၊ “….” ထိုအခိုက်အတန့်မှာပဲ သူကိစ္စတော်တော်များများကို နားလည်သွားတော့သည်။ သူဘယ်လောက်ပဲ ပြန်ပြောနေပါစေ ကျိုးဟွာယင်းက သူ့ကိုယုံမည်မဟုတ်ပေ။ ကျိုးဟုန်ဝေ့မှာ ကျိုးဟွာယင်းလို အဖေမျိုးရှိနေမှာတော့ အနာဂါတ်မှာ သူ မှီခိုလို့ရပါဦးမလား။

တချိန်တည်းမှာပဲ ကျိုးဟွာမင်သည် သူ၏သမီးနှစ်ယောက်အကြောင်း တွေးမိသွားသည်။

သူ့သမီးနှစ်ယောက်လုံး အိမ်ထောင်ပြုသွားကြပြီဖြစ်သော်လည်း ရံဖန်ရံခါ သူတို့မိဘတွေ၏ကျန်းမာရေးအကြောင်း သတင်းမေးတတ်လေသည်။ ဒါ့အပြင် မကြာခဏလည်း ပြန်လာလည်တတ်သေးသည်။ သူတို့မှာ ပြန်လာဖို့ အချိန်မရှိရင်လည်း သူတို့နေ့စဉ်ဘဝများအကြောင်းနှင့် တခြားသော ကိစ္စများအကြောင်းကို ဖုန်းဆက်သွယ်ကာ စကားပြောတတ်ကြသေးသည်။

ဒါပေမယ့် ကျိုးဟုန်ဝေ့ကရော? ကျိုးဟုန်ဝေ့ သူ့ကို ဖုန်းဆက်သည့်အကြိမ်တိုင်း ငွေတောင်းဖို့အတွက်ချည်းပဲ။ သူ့အကြီးဆုံးဦးလေးကို စိတ်ပူလို့ ဖုန်းဆက်တာမျိုးရော ရှိဖူးရဲ့လား။ မရှိဖူးဘူးလေ။

“သားကြီး၊ မင်းဘာတွေတွေးနေတာလဲ။” ကျိုးကောကျန်းက မျက်မှောင်ကြုတ်ကာ ခပ်တင်းတင်းမေးလိုက်လေသည်။

ကျိုးကောကျန်းသည်လည်း ကျိုးဟွာမင်ကို မကျေမနပ်ဖြစ်လို့နေသည်။ သံသယမျိုးစေ့က အမှန်တကယ်ကို အပင်ပေါက်လာခဲ့သည်။ ‘ဟွာမင်က တကယ်ပဲ မိသားစုကို ဆန့်ကျင်ဖို့လုပ်နေတာ ဖြစ်နိုင်လောက်လား။’

ကျိုးဟွာမင်သည် ခေါင်းအသာယမ်းပြလိုက်သည်။ “အဖေ၊ လောလောဆယ် ကျွန်တော်တို့အသုံးချနိုင်မယ့် အဆက်အသွယ်ဆိုလို့ ခရိုင်အောက်တရားသူကြီးဟုန်ပဲ ရှိတော့တယ်။”

“အစ်ကိုကြီး၊ ဒီတော့ မင်းမှာ နောက်ထပ်အဆက်အသွယ်ရှိသေးတာပေါ့။ ဒါဆို ဘာလို့ အစောကတည်းက အားလုံး ထုတ်မသုံးတာလဲ။” ကျိုးဟွာယင်းက ထပ်ပြီးအော်ဟစ်လာပြန်သည်။ “မင်းလိမ်နေမယ် ငါသိသားပဲ။”

“ပါးစပ်ပိတ်တော့။” ကျိုးကောကျန်းက ခပ်မာမာအော်လိုက်သည်။

သူဒုတိယသားသာ ဒီအတိုင်းဆက်လုပ်နေပါက သူ့အကြီးဆုံးသားက အချိန်မရွေး ဘက်ပြောင်းသွားပေတော့မည်။

ကျိုးဟွာယင်းလည်း ပြစ်တင်ရှုံ့ချလိုက်ပြီးသည့်နောက်မှာတော့ ပါးစပ်ပိတ်သွားခဲ့သော်လည်း ကျိုးဟုန်ဝေ့ကို ထောင်ထဲရောင်အောင် ကျိုးဟွာယင်း ပို့လိုက်ခြင်းဟုတော့ တထစ်ချယုံကြည်နေလေသည်။

ကျိုးကောကျန်းက ခေါင်းသာညိတ်လိုက်ကာ၊ “ကြည့်ရတာ ဒီတစ်နည်းပဲ ရှိတော့တယ်ထင်တယ်။”

ခရိုင်အောက်ရုံးတရားသူကြီးဟုန်ချင်သည် သူတို့တွင်ရှိသမျှ အဆက်အသွယ်ထဲတွင် အကောင်းဆုံးအဆက်အသွယ်ဖြစ်သည်။ ကျိုးကောကျန်းသည် ဟုန်ချင်းငယ်ငယ်တုန်းက တစ်ကြိမ်အကူအညီပေးခဲ့ဖူးသည်။ ဟုန်ချင်းကလည်း ထိုကိစ္စကို မှတ်ထားကာ ကျိုးကောကျန်းကိုလည်း ပြန်ကူညီပေးမည်ဟု ကတိပေးခဲ့လေသည်။

….

တစ်ပတ်ကြာပြီးနောက်၊ ကျိုးဟုန်ဝေ့၏ပြစ်မှုကို တရားရုံးသို့တင်လိုက်ကာ ထောင်ဒဏ်ချမှတ်ခံရလေသည်။

သူ့ကို ပြန်ပေးဆွဲမှု၊ တရားမဝင် လူတစ်ဦးအားဖမ်းဆီးချုပ်နှောင်မှုနှင့် ခြိမ်းခြောက်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။ ထိုပြစ်မှုသုံးခုလုံးသည် ထပ်တူပြင်းထန်တာကြောင့် ၅နှစ်ထောင်ကျခံလိုက်ရသည်။ ဒါ့အပြင် နစ်နာသူများစွာအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်စေမှုနှင့် အခြားသောဆုံးရှုံးမှုများအတွက်လည်း လျော်ကြေးပေးရပေမည်။ သူက တစ်ယောက်ကို ယွမ်၃သိန်းစီပေးရကာ စုစုပေါင်း ယွမ်၁သန်းကျော်ပေးရမည်ဖြစ်သည်။

ဒါကလည်း ဟုန်ချင်က ကြားထဲက အဆက်အသွယ်တချို့သုံးလိုက်ခြင်းကြောင့်ဖြစ်လာသော ရလဒ်ဖြစ်လေသည်။ ကျိုးဟုန်ဝေ့သည် အစပထမက ထောင်ဒဏ် ၇နှစ်ပြစ်ဒဏ်အဖြစ် တင်သွင်းခံခဲ့သော်လည်း ၅နှစ်အဖြစ် လျှော့ချပေးခံလိုက်ရခြင်းပင်။

ထိုရလဒ်ကိုကြားလိုက်ရပြီးနောက် ကျိုးမိသားစုမှာ အလွန်ဒေါသထွက်ကုန်ကြတော့သည်။

ကျိုးမိသားစုရှိအမျိုးသမီးများကတော့ ကောင်းကင်ကြီးပြိုကျသလို ငိုယိုနေကြကာ အမျိုးသားများကတော့ ဒေါသထွက်နေကြသည်။

“အဖေ ခရိုင်အောက်ရုံးတရားသူကြီးဟုန်ကို အကူအညီတောင်းခဲ့တယ်မဟုတ်ဘူးလား။ ဘာလို့ ဝေ့အာက ထောင်ကျသွားရသေးတာလဲ။” ကျိုးဟွာယင်း၏မေးခွန်းထုတ်သည့်အကျင့်က ကျိုးကောကျန်းဘက် လှည့်သွားလေသည်။ သူက သူ့အဖေက အကောင်းဆုံးမလုပ်ဆောင်ခဲ့ဘူးဟု ပြောနေခြင်းပင်။

“ပါးစပ်ပိတ်စမ်း။” ကျိုးကောကျန်း၏မျက်နှာက မည်းမှောင်သွားတော့သည်။ သူ့ဒုတိယသားကို အမြဲတမ်း ဦးစားပေးချစ်ခင်ခဲ့သော်လည်း ဒီတစ်ကြိမ်တော့ သူအလွန်ဒေါသထွက်သွားလေသည်။ “ကျိုးဟွာယင်း၊ ဒါ မင်းအဖေကို စကားပြောတဲ့ပုံစံလား။”

ကျိုးထန်ရှုန်းက ထရပ်လိုက်ကာ ကျိုးဟွာယင်းကို ပြောလာခဲ့သည်။ “ဒုတိယအစ်ကို၊ မင်း အဖေ့ကို အထင်လွဲနေပြီ။ ဒီလောက်ပြစ်ဒဏ်လျော့သွားတာ အောက်ရုံးတရားသူကြီးဟုန်ကို ကျေးဇူးတင်ရမှာ။”

ကျိုးဟွာယင်းလည်း သူလွန်သွားကြောင်း သိလိုက်ပေမယ့် ဆက်ပြီး မကျေမနပ်ပြောနေတုန်းပင်။ “ကြည့်ရတာ အောက်ရုံးတရားသူကြီးဟုန်က တော်တော်လေးအသုံးမကျတဲ့လူပဲ။ ထောင်ဒဏ်ကို ၂နှစ်လေးပဲ လျော့အောင် လုပ်နိုင်တယ်။”

“ပါးစပ်ပိတ်ထား။” ကျိုးကောကျန်းက အော်လိုက်သည်။ “မင်းက ဘာသိလို့လဲ။”

ကျိုးကောကျန်းတစ်ယောက် သူ့ဒုတိယသားကို ပိုပိုပြီးတော့ကို စိတ်ပျက်လာတော့သည်။ သူ့ဒုတိယသားမှာ ဦးနှောက်လုံးဝမရှိတာပဲ။ ကိစ္စတွေကို ပိုဆိုးအောင်ပဲလုပ်နေတယ်။ အခုတော့ သူ့မှာ အထူးသဖြင့် ကျိုးဟုန်ဝေ့ ထောင်ကျသွားတာကြောင့် ကျိုးဟုန်ဝေ့ဆွဲချခံရမလားဆိုပြီး စိုးရိမ်နေရသည်။

ကျိုးဟွာမင်သည်လည်း သူ့ဒုတိယညီကို ပိုပြီး ပိုပြီး အထင်သေးလာလေသည်။ သူ့ဒုတိယညီက ကျိုးမိသားစုရဲ့ကြွယ်ဝမှုကလွဲလို့ ကျန်တာဘာကိုမှ… ဂရုမစိုက်ဘူးပဲ။ ဒါပေါ့၊ ကျိုးမိသားစုမျိုးဆက်အတွက် အဓိကတာဝန်ရှိသူအပေါ် ဒီအကြောင်းကို ထုတ်မပြောရဲပေ။

ကျိုးဟွာမင်က ရှင်းပြလာလေသည်။ “ဒုတိယညီ၊ ခရိုင်အောက်ရုံးတရားသူကြီးဟုန်လည်း အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဝေ့အာကိုဖမ်းတဲ့ ခေါင်းဆောင်ကျန်းထောင်ရဲ့ နောက်ခံက မသေးဘူး။ ပြီးတော့ ငါတို့တွေ ကုမိသားစုနဲ့ မိတ်ဆွေကောင်းတွေဖြစ်တဲ့ အောက်ရုံးတရားသူကြီးချန်ကိုလည်း ရင်ဆိုင်ရသေးတယ်လေ။ အောက်ရုံးတရားသူကြီးဟုန်လည်း သူလုပ်နိုင်တာ မှန်သမျှ လုပ်ပေးခဲ့တယ်။ ငါတို့ သူ့ကို အပြစ်မတင်သင့်ဘူး။ ပြောရရင် ငါတို့ သူ့ကို ကျေးဇူးတောင် တင်သင့်တာ။” ထို့နောက် သူက သူ့အဖေဘက်လှည့်လိုက်ကာ၊ “အဖေ၊ အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။”

“ဟုတ်သားပဲ အဖေ။ ဝေ့အာက အခု ထောင်ထဲမှာလေ. ကျွန်တော်တို့ ဘာလုပ်ကြမလဲ။” ကျိုးဟွာယင်းတစ်ယောက် စိုးရိမ်တကြီးဖြင့် စိတ်မရှည်စွာ မေးလိုက်သည်။

ကျိုးကောကျန်းက သူ့ကို မျက်စောင်းထိုးကြည့်ကာ ဆူငေါက်လိုက်လေသည်။ “မင်းက အရင်ဆုံး ပါးစပ်ကိုသာ ပိတ်ထားလိုက်။”

ထို့နောက် သူက ကျိုးဟွာမင်နှင့် ကျိုးထန်ရှုန်းတို့ကို ကြည့်လိုက်ကာ၊ “လောလောဆယ် အခြေအနေက တင်းမာနေတယ်။ လူတွေ ဒီအကြောင်း မေ့လောက်ကာမှ ငါတို့ တစ်ခုခုလုပ်ကြတာပေါ့။”

ညီအစ်ကိုနှစ်ယောက်လဲ ခေါင်းညိတ်လက်ခံလိုက်ကြသည်။ “ဟုတ်ကဲ့ပါ အဖေ။”

ကျိုးကောကျန်း၏ စူးရှသည့်မျက်လုံးများက အဝေးကို စိုက်ကြည့်လိုက်ရင်း သူ့မျက်လုံးများထဲတွင်တော့ အမုန်းတရားများ ပုန်းကွယ်လို့နေသည်။ ထို့နောက် သူက ထပ်ပြောလိုက်သည်။ “အခုချိန်က ငါတို့တွေ တကယ့်လက်သည်တရားခံနဲ့ စာရင်းရှင်းရမယ့်အချိန်ပဲ။ အဲ့ဒီရှောင်လင်းယွီ အရမ်းမောက်မာလွန်းတယ်။ ဒီလောက်အခြေအနေထိ ငါတို့ ကျိုးမိသားစုကို အနိုင်ကျင့်နိုင်မယ်လို့ သူထင်နေလား။”

ရှောင်လင်းယွီသာရှိလျှင်တော့ သူမအတော်လေး ဆွံ့အနေပေလိမ့်မည်။ သူမသည် သူတို့အမြင်မှာတော့ အာဏာမရှိ အင်အားမရှိသည့် တောသူတစ်ယောက်သာ။ သူမက ဘယ်လိုလုပ် ကျိုးမိသားစုကို အနိုင်ကျင့်နိုင်မှာတဲ့လဲ။

ကျိုးမိသားစုဝင်တွေက တကယ်ကို အရှက်မရှိတာပဲ။

ကျိုးဟွာမင်နှင့်ကျိုးထန်ရှုန်းတို့လည်း ထောက်ခံကြလေသည်။ “အဟုတ်ပဲ။ ကျွန်တော်တို့သာ တစ်ခုခုပြန်မလုပ်ရင် သူ ကျွန်တော်တို့အားလုံးပေါ် နင်းချေသွားတော့မယ်။”

သူတို့နှစ်ယောက်လုံး ရှောင်လင်းယွီ၏ထောင်ချောက်ထဲ ကျထားသူများဖြစ်လေသည်။ နောက်ဆုံး သူတို့တူကသာ ဒုက္ခရောက်သွားရသည်။ အစကတော့ ရှောင်လင်းယွီသည် ကျိုးဟုန်ဝေ့၏အမှုတွင် အဓိကသက်သေဖြစ်တာကြောင့် သူတို့ဘက်က အသံတိတ်ကာ ဒုက္ခခံပေးခဲ့သည်။ သို့သော်လည်း အခုချိန်မှာတော့ ကျိုးဟုန်ဝေ့၏အမှုက ပြစ်ဒဏ်ချလိုက်ပြီဖြစ်တာကြောင့် အခုချိန်က … လက်စားပြန်ချေဖို့အချိန်ပဲ။

….

ကျန်းဟိုင်ယန်တစ်ယောက် ရှောင်လင်းယွီနှင့် ဆိုင်ငှားစာချုပ်အသစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရှောင်လင်းယွီသည်လည်း လီယန်ထံမှ ကျေနပ်လောက်ဖွယ် ဒီဇိုင်းနမူနာကို ရရှိခဲ့သည်။

“ကျွန်မ အရမ်းသဘောကျတယ်။” ရှောင်လင်းယွီက ဒီဇိုင်းပုံကြမ်းကိုကြည့်လိုက်သည်။ “ဒါရိုက်တာလီရဲ့ လက်ရာက ကောင်းမှန်းသိသားသားပဲ။ ဒါရိုက်တာလီ၊ ရှင့်လူတွေကို ဒီ ဒီဇိုင်းအတိုင်းဆက်လုပ်ခိုင်းလို့ရပါတယ်။”

“ကောင်းပြီ။” လီယန် ပြုံးလိုက်လေသည်။ “ဒါနဲ့ မစ္စရှောင်၊ မင်း ဘယ်အချိန်ဖွင့်ဖို့ စိတ်ကူးထားလဲ။”

ရှောင်လင်းယွီ တွေးတောကြည့်လိုက်ပြီးနောက်၊ “ဒါရိုက်တာလီ၊ ကျွန်မ ၂၁ရက်နေ့လောက်ဖွင့်ချင်တယ်။ ရှင် လုပ်ပေးနိုင်လား။”

လီယန်လည်း ရက်တွေကို တွက်ချက်ကြည့်လိုက်ကာ၊ “ဒီနေ့က ၁ရက်နေ့၊ ၂၁ရက်နေ့အထိဆို ရက်၂၀အချိန်ရသေးတာပဲ။ ဒါဆို အဆင်ပြေလောက်ပါတယ်။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဒါရိုက်တာလီ၊ ကျွန်မမှာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေနဲ့ပတ်သတ်ပြီး တစ်ခုကလွဲရင် တခြားဘာလိုအပ်ချက်မှမရှိဘူး။ ရှင် ဖော်မယ်ဟိုက်ဒရိတ်နဲ့ တခြား ထူးဆန်းတဲ့အနံ့ရှိတဲ့ပစ္စည်းတွေလိုမျိုး ဓာတုပစ္စည်းတွေမသုံးပေးပါနဲ့။ အဲ့လိုဆို အဆင်ပြေလား။” သူမက အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ရောင်းမည့်သူဖြစ်သည်။ ဒါကြောင့် ဘယ်လိုလေထုဆိုးဆိုးကိုမှ သူမသက်ရောက်မခံချင်ပေ။

လီယန်က ပြုံးလိုက်ကာ၊ “ရတာပေါ့။ ငါတို့ဖောက်သည်ကိုဝန်ဆောင်မှုပေးရတာ ငါတို့ရဲ့အဓိကတာဝန်ပဲလေ။”

ရှောင်လင်းယွီ ပြုံးလိုက်ပြီးနောက် ကုမ္ပဏီမှ ထွက်ခဲ့လေသည်။

အိမ်ပြန်လမ်းတွင်တော့ သူမ လမ်းချိုးတစ်ခုကို ချိုးလိုက်ချိန်မှာပဲ လူတစ်ယောက်က ပြောင်ပြောင်လက်လက် ဓားမြှောင်တစ်ချောင်းနှင့် သူမထံသို့ ပြေးဝင်လာကာ သူမကို ထိုးလိုက်လေသည်။

***

All Chapters