← Chapters

ဓားနဲ့ထိုးလိုက်

Vol. 9 Ch. 166

ဓားနဲ့ထိုးလိုက်

Vol. 9 Ch. 166

ခပ်လျှိုလျှိုနှင့် အနက်ရောင် ဇိမ်ခံကားတစ်စီးသည် ခရိုင်မြို့ငယ်လေး၏ မိန်းလမ်းမကြီးပေါ်တွင် မောင်းနှင်လျက်ရှိသည်။

“ဟောက်အာ၊ ဒါ ရှင်းယင်ခရိုင်ပေါ့။” သခင်ကြီးကုန်းက စိတ်ဝင်တစားမေးလိုက်လေသည်။

“ဟုတ်တယ်၊ အဖိုး။” ကုန်းထျန်းဟောက်က ပြန်ဖြေလိုက်လေသည်။

“သခင်ကြီး၊ ဒီနေရာက မဆိုးဘူးမဟုတ်လား။” လီယွမ်ဟန်ကပြောလိုက်သည်။ “ဒီခရိုင်က ကျွန်တော်တို့ မြို့တော်နဲ့ ယှဉ်ရင် နည်းနည်းတော့ခေါင်ပြီး၊ လမ်းပမ်းဆက်သွယ်ရေးက အရမ်းမတိုးတက်ဘူး၊ ဒီနေရာရဲ့ လူနေမှုအဆင့်အတန်းက သိပ်မမြင့်ဘူးဆိုပေမယ့် နယ်ခံအစိုးရက သဘာဝတရားကို ထိန်းသိမ်းတဲ့နေရာမှာတော့ လူရည်ချွန်ပဲ။”

သခင်ကြီးကုန်း ပြုံးလိုက်လေသည်။ “ဒါကတော့ ဆင်းရဲတဲ့မြို့ငယ်လေးတွေက လမ်းပမ်းဆက်သွယ်ရေး အရမ်းမကောင်းလို့လေ။ သူတို့မှာ ဆက်ရုံအလုပ်ရုံတွေလည်း ကောင်းကောင်း မဖွံ့ဖြိုးဘူး။ ဒီတော့ သဘာဝပတ်ဝန်းကျင်ကို ကောင်းကောင်း ထိန်းသိမ်းနိုင်တာပေါ့။”

အခုခေတ်တွင် ပေကျင်းလိုမျိုး ဖွံ့ဖြိုးတိုးတက်နေသည့် မြို့များစွာသည် လူဦးရေထူထပ်တာကြောင့် တခါတလေ မီးခိုးထုတွေပြည့်နေတတ်လေသည်။ အဓိကအကြောင်းအရင်းကတော့ စက်မှုလုပ်ငန်းများကြောင့်ဖြစ်သည်။ ကားများ စက်ရုံများက လေထုသိပ်သည်းစေလေသည်။ ပေကျင်းဆိုလျှင် မီးခိုးမြူထုသိပ်သည်းလွန်းတာကြောင့်ပင် မကောင်းသတင်းကျော်စောနေခဲ့သည်။

လီယွမ်ဟန်က ပြုံးလိုက်ကာ၊ “သခင်ကြီးပြောတာ မှန်တယ်။ ဒီခရိုင်က မက်မွန်သီးကြောင့် နာမည်ကြီးတယ်ဆိုပေမယ့် ခရိုင်အပြင်ကို တင်ပို့ဖို့အတွက် စနစ်ကောင်းကောင်းမရှိကြဘူး။ ထောင်ယွမ်ရွာဆိုရင် သူတို့ဆီက မက်မွန်သီးတွေကြောင့် နာမည်ကျော်တာလေ။ ဒါကြောင့် ဒီခရိုင်သာ အဝေးပြေးလမ်းမကြီးတွေ ဒါမှမဟုတ် ဘူတာရုံတစ်ခုနဲ့ ချိတ်ဆက်လိုက်နိုင်ရင် ဒီနေရာလူတွေ သေချာပေါက် ချမ်းသာလာကြလိမ့်မယ်။”

သခင်ကြီးကုန်းက ထိုစကားကိုကြားပြီးနောက် တွေးတွေးဆဆနှင့် မျက်မှောင်ကြုတ်သွားလေသည်။ “ဟောက်အာ၊ မင်း ဒီနေရာမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်ကူးနေတာလား။” ကုန်းထျန်းဟောက်သာ ထိုစိတ်ကူးရှိလျှင် တခြားသော ရင်းနှီးမြှုပ်နှံသူများစွာလည်း တစ်လမ်းကြောတည်း လိုက်ကြပေလိမ့်မည်။ ကုန်းထျန်းဟောက်က ရယ်မောလိုက်ကာ၊ “ဟုတ်တယ် အဖိုး၊ ကျွန်တော် တွေးကြည့်နေတာ။”

လီယွမ်ဟန်က ရှင်းပြပေးလာခဲ့သည်။ “သခင်ကြီး၊ ဒီနေရာက ရင်းနှီးမြှုပ်နှံဖို့ တန်ရဲ့လားဆိုတာ ကျွန်တော်တို့ လေ့လာနေတုန်းပါ။” သူတို့သည် စီးပွားရေးသမားများဖြစ်ပြီး ပရဟိတသမားများမဟုတ်ပေ။ ဒီခရိုင်၏အဓိကထွက်ကုန်မှာ မက်မွန်သီးများဖြစ်ပေသည်။ သို့သော်လည်း Imperialလုပ်ငန်းစုအတွက်တော့ ဒီလောက်လေးနဲ့ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ဖို့က အရမ်းသေးနည်းလွန်းလေသည်။ သူတို့ ဒီမှာ ဘာလုပ်နိုင်မှာလဲ။ မက်မွန်သီးတွေရောင်းဖို့ မက်မွန်သီးစက်ရုံထောင်ရမှာလား။

သခင်ကြီးကုန်းက ခေါင်းညိတ်လိုက်သည်။ “ငါကတော့ စီးပွားရေးအကြောင်း အများကြီးမသိဘူးပေမယ့် မင်းတို့တွေ ဂရုတစိုက်လုပ်ကြ။” ထို့နောက် သူက တွေးတွေးဆဆဖြင့် မေးလိုက်သည်။ “ကျန်းမိသားစုကကလေးလည်း ဒီမှာပဲလို့ကြားတယ်၊ ဟုတ်လား။”

ကုန်းထျန်းဟောင် ခေါင်းညိတ်လိုက်ကာ၊ “ဟုတ်တယ်။ ကျန်းထောင်က ဒီမှာ ခရိုင်ရဲစခန်းရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ လေ့ကျင့်ရေးဆင်းနေတာ။”

“ဒါပေမယ့် သုံးနှစ်ဆိုတော့ သူ ပြန်ပြောင်းသင့်နေပြီမဟုတ်ဘူးလား။ ဘာလို့ ဒီမှာ ဆက်ရှိနေသေးတာတုန်း။” သခင်ကြီးကုန်းက မေးလိုက်ပြန်သည်။

“ကျန်းမိသားစုက သူပြန်လာဖို့အတွက် အားလုံးအဆင်သင့်ပြင်ပြီး စောင့်နေကြပြီ။ ဒါပေမယ့် သူ့ကြည့်ရတာတော့ လောလောဆယ် ထွက်သွားချင်သေးပုံမပေါ်ဘူး။”

“အိုး၊ ဘာလို့များလဲ။”

ဒီတစ်ခါ လီယွမ်ဟန်က ဝင်ဖြေလာလေသည်။ “သခင်ကြီး မသိလို့။ သခင်လေးကျန်းက ဒီမှာ သူ သဘောကျတဲ့မိန်းကလေးတစ်ယောက် တွေ့သွားတယ်လေ။ ဒါကြောင့် အရမ်းပျော်ရွှင်နေပြီး ဒီကနေ ထွက်မသွားချင်တော့တာ။”

“အိုး?” သခင်ကြီးကုန်းက မှတ်ချက်ပြုလိုက်သည်။ “ကျန်းမိသားစုကလူအိုကြီးက ဒီကျန်းကောင်လေးကို ရေခဲတုံးလိုပဲဆိုပြီး အမြဲ ညည်းညူနေတာ။ သူက အလုပ်ကလွဲပြီး ကျန်တာဘာမှမသိဘူးဆိုပြီးလေ။ သူ့မှာ ချစ်သူကောင်မလေးရှာဖို့တောင် အချိန်ပိုမရှိဘူးဆိုပြီးတော့ ပြောနေသေးတယ်။”

“ကြည့်ရတာ သူတော့ ကံတက်လာပြီထင်တယ်။ ဒီတစ်ခါ ကောင်လေးကျန်း ပြန်လာရင် သူ့အတွက် မြစ်လေးတစ်ယောက်တောင် ပြန်ခေါ်လာပေးလောက်တယ်။”

“ဟဟဟ…” လီယွမ်ဟန် ရယ်လိုက်လေသည်။ “သခင်ကြီး၊ ဒီကောင်မလေးက လွယ်လွယ်နဲ့ ဆွဲဆောင်လို့မရသေးဘူး။ သခင်လေးကျန်း ကြိုးစားဖို့ လိုသေးတယ်။” ရှောင်လင်းယွီကို သူကိုယ်တိုင် မမြင်ဖူးသော်လည်း သူမမိဘများ၏ အကျင့်စရိုက်နှင့် ကျန်းထောင်၏ဖော်ပြချက်များကနေတဆင့် ရှောင်လင်းယွီသည် မိသားစုနောက်ခံကို ကြည့်သည့်လူမဟုတ်ကြောင်း သူတို့သိလိုက်သည်။

သူတို့ကားလေး ခရိုင်မြို့ထဲသို့ ဝင်လာပြီးနောက် ကုမိသားစုဟိုတယ်တွင် စခန်းချဖို့ လုပ်လိုက်လေသည်။ လီယွမ်ဟန်က ကားပါကင်ဆီသို့ မောင်းသွားချိန် ကားပါကင်တွင် နေရာလွတ်မရှိတော့သည်ကို တွေ့လိုက်ရသည်။ ကြီးမားသည့် ကားပါကင်ကျယ်ကြီးတစ်ခုလုံး ပြည့်နေကာ ကားအများစုမှ ဈေးကြီးသည့် ဇိမ်ခံကားများဖြစ်နေလေသည်။ ဒီလိုခရိုင်ငယ်လေးမှာ ဒီလောက်ကောင်းတဲ့ကားတွေ အများကြီးမြင်လိုက်ရသည်က အတော်လေး အံ့ဩဖို့ကောင်းလေသည်။

“သေစမ်း၊ ထျန်းဟောက်၊ ကားပါကင်က အပြည့်ပဲ။” လီယွမ်ဟန် တကယ်ကို အံ့ဩသွားမိသည်။ “ဒီဟိုတယ်ရဲ့စီးပွားရေးက အဲ့လောက်တောင် ကောင်းတာလား။”

ဒါပေါ့၊ တချို့ကုမပဏီကြီးတွေအနေနှင့် အစည်းအဝေးများကျင်းပဖို့အတွက် ဟိုတယ်များကို ဘိုကင်တင်တတ်သည်များတော့ ရှိပေသည်။

“ထျန်းဟောက်၊ မင်းအရင် အခန်းယူဖို့ သခင်ကြီးနဲ့အတူသွားဝင်သွားလိုက်။ ငါ ပါကင်နေရာလွတ် ရှာလိုက်ဦးမယ်။” ဤဟိုတယ်တွင် ကားထိုးပေးသည့်ဝန်ဆောင်မှုမရှိပေ။ ဘာပဲဖြစ်ဖြစ် သူတို့ရောက်နေသည်က ခရိုင်ငယ်လေးတစ်ခုပဲမဟုတ်လား။ ဒါကြောင့် ကိုယ်တိုင်သာ ပါကင်နေရာရှာမှရပေမည်။

ကုန်းထျန်းဟောက်လည်း သခင်ကြီးကုန်း ကားထဲမှထွက်ရာတွင် ဂရုတစိုက်ထိန်းပေးလေသည်။ “အဖိုး၊ သတိထား။”

သခင်ကြီးကုန်း ကားထဲမှထွက်လိုက်ပြီးနောက် ပတ်တန်းကျင်ကို မျက်စိလျင်လျင်ဖြင့် တစ်ချက်ကြည့်လိုက်ကာ၊ “ဒီနေရာက မဆိုးဘူးပဲ။” နေရာက သန့်ရှင်းကာ သက်သောင့်သက်သာရှိလေသည်။

“အဖိုး၊ ဒီလမ်းကသွားရအောင်။” ကုန်းထျန်းဟောက်က ပြောလိုက်သည်။

ကုန်းထျန်းဟောက်နှင့် သခင်ကြီးကုန်းတို့ ဟိုတယ်လော်ဘီသို့ရောက်ချိနန်တွင် လူအုပ်ကြီးကိုတွေ့လိုက်ရတာကြောင့် အံ့ဩသွားကြလေသည်။ ထိုလူတွေအားလုံး တန်းစီနေကြတာပင်။

သခင်ကြီးကုန်းက၊ “ဒီဟိုတယ်က စီးပွားရေးကောင်းသားပဲ။”

ကုန်းထျန်းဟောက်၏ ဧည့်ကြိုစားပွဲသို့သွားကာ အိုင်ဒီကဒ်ကို ထုတ်လိုက်ပြီးနောက်၊ “အခန်း 8818”

“ဟုတ်ကဲ့ ခဏလေးစောင့်ပေးပါ။” ဧည့်ကြိုဝန်ထမ်းက ယဉ်ယဉ်ကျေးကျေး ပြောလာခဲ့သည်။ ထို့နောက် သူက ကွန်ပျူတာထဲတွင် စစ်ဆေးကြည့်လိုက်ကာ၊ “လူကြီးမင်းရဲ့အခန်းက အဆင်သင့်ဖြစ်နေပါပြီ။ အေးချမ်းသာယာတဲ့နေထိုင်မှုလေးဖြစ်ပါစေ။”

ကုန်းထျန်းဟောက်လည်း သခင်ကြီးကုန်းကို အခန်းတွင် အနားယူနိုင်ရန် အရင်ခေါ်သွားပေးလိုက်သည်။ သို့သော်လည်း လူပြည့်နေသည့် စားသောက်ဆိုင်နေရာသို့ ဖြတ်သွားချိန်မှာတော့ သူ မျက်မှောင်ကြုတ်မိသွားတော့သည်။ ‘ဒီဟိုတယ်က လူတွေပြည့်နေတာပဲ။ အဖိုး အနားယူဖို့ အဆင်မပြေလောက်ဘူး။’ သူတို့ အခန်းနေရာသို့ရောက်သည်နှင့် ကုန်းထျန်းဟောက်က၊ “အဖိုး၊ ကျွန်တော်တို့ အရင်စားကြရင်ကောင်းမလား။ ပြီးမှ ခဏနားပြီး ထောင်ယွမ်ရွာကို ဆက်သွားကြမယ်လေ။”

“ကောင်းပြီလေ။” သခင်ကြီးကုန်းသည်လည်း ထောင်ယွမ်ရွာအကြောင်း တော်တော်လေး သိချင်နေမိသည်။

ကုန်းထျန်းဟောက်လည်း ဧည့်ကြိုဌာနကိုဖုန်းဆက်ကာ ဟင်းပွဲတချို့မှာယူလိုက်သည်။ အများစုကတော့ ဟင်းသီးဟင်းရွက် ဟင်းပွဲများဖြစ်လေသည်။

သခင်ကြီးကုန်း၏သွေးဖိအားက မြင့်ကာ သူ့ကျန်းမာရေးကို ထိန်းညှိဖို့ လိုအပ်သည်။ ဒါကြောင့် အသားတွေ အများကြီး မစားနိုင်ပေ။

လီယွမ်ဟန်ရောက်လာချိန်မှာတော့ တစ်ကိုက်စာ အသားလေးတွေမှလွဲ၍ ပန်းကန်အလွတ်တွေကြီးသားကျန်ခဲ့တော့သည်။ ကုန်းထျန်းဟောက်နှင့် သခင်ကြီးကုန်းတို့ တူတွေချကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပါးစပ်သုတ်နေကြသည်ကို မြင်လိုက်ရလေသည်။

လီယွမ်ဟန်တစ်ယောက် စပ်စပ်စုစုဖြင့် အသာမေးလိုက်သည်။ “ထျန်းဟောက်၊ မင်း အရမ်းဗိုက်ဆာနေတာလား။”

စားပွဲပေါ်တွင် ပြောင်ရှင်းနေသည့်ဟင်းပွဲ ၆ပွဲရှိလေသည်။ ကုန်းထျန်းဟောက်ရော သခင်ကြီးကုန်းပါ အစားချေးများသူများဖြစ်ကြသည်။ ပုံမှန်ဆိုလျှင် တစ်ပန်းကန်တောင် ကုန်အောင် စားတာရှားလေသည်။ သို့သော်လည်း အခုတော့ ဟင်းခြောက်ပွဲလုံးကို အပြောင်ရှင်းထားခဲ့သည်။

လီယွမ်ဟန်သည် ကုန်းထျန်းဟောက်နှင့်သိတာ အတော်လေးကြာခဲ့ပြီဆိုပေမယ့် ဒါက ကုန်းထျန်းဟောက်တစ်ယောက် စားချင်သောက်ချင်စိတ် ဒီလောက်ပြင်းပြတာမျိုးတွေ့ဖူးတာ ဒုတိယအကြိမ်မြောက်သာဖြစ်သည်။ ပထမအကြိမ်တုန်းကတော့ ထောင်ယွမ်ရွာတွင်ပင်။

ကုန်းထျန်းဟောက်က တည်တည်ငြိမ်ငြိမ်ပင် ဖြေလာခဲ့သည်။ “ဟုတ်တယ်၊ ငါအရမ်းဗိုက်ဆာနေလို့။” ထို့နောက် သူက အကြံပြုလာခဲ့သည်။ “မင်းလည်း အသီးအရွက်ဟင်းတွေ မှာသင့်တယ်။ မင်းခန္ဓာကိုယ်အတွက်လည်း ကောင်းတယ်။”

ထိုအချိန် သခင်ကြီးကုန်းကလည်း ပြုံးလျက်ဆိုလာလေသည်။ “ရှောင်ဟန် မင်းလည်း ဗိုက်ဆာရောပေါ့၊ မြန်မြန်လေး ဟင်းမှာလိုက်တော့။ ထျန်းဟောက်ပြောသလိုပဲ မင်းလည်း အသီးအရွက်တွေပိုစားသင့်တယ်။ ငါတော့ လမ်းခဏလျှောက်လိုက်ဦးမယ်။” သခင်ကြီးကုန်းက အသီးအရွက်တွေစားပြီးသည်နှင့် လန်းဆန်းလာသလိုခံစားလိုက်ရတာကြောင့် လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်လေသည်။

ဒါပေါ့၊ ကုန်းထျန်းဟောက်လည်း အတူလိုက်ပေးမှာပါ။

နားမလည်နိုင်သည့် လီယွမ်ဟန်သည်လည်း အခန်းအတွင်းသို့ အစားအသောက်များမှာလိုက်သည်။ သူက အသားဟင်းနှစ်ခွက်နှင့် အသီးအရွက်ဟင်းတစ်ပွဲမှာလိုက်သည်။ သူ အသားကြိုက်တယ်လေ။ သို့သော်လည်း ဟင်းပွဲတွေရောက်လာချိန်မှာတော့ အနံ့က ချက်ချင်းပင် ဆွဲဆောင်သွားတော့သည်။

“မွှေးလိုက်တာ။” လီယွမ်ဟန် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ ဒါ သာမာန် ဂေါ်ဖီသုပ်လေးပဲမဟုတ်ဘူးလား။

ဝိတ်တာက ခေါင်းအသာညိတ်ကာ၊ “အရသာရှိရှိသုံးဆောင်ပါ။” ဟုပြောပြီးနောက် ပြန်ထွက်သွားလေသည်။

ဝိတ်တာထွက်သွားသည်နှင့် လီယွမ်ဟန်လည်း ဂေါ်ဖီတစ်ဖက်ကို တူဖြင့်ညှပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။ ရုတ်တရက် သူ့မျက်လုံးများက မယုံကြည်နိုင်ခြင်းများစွာဖြင့် လက်သွားကာ၊ “ဒီအရသာက…” လီယွမ်ဟန်တစ်ယောက် စားပွဲပေါ်မှ အသားဟင်းနှစ်ပွဲကိုကြည့်ပြီး ကုန်းထျန်းဟောက်ပြောသည်ကို အမှတ်ရသွားလေသည်။ သူ့စိတ်ထဲ နောင်တရမှုတို့ ကြီးစိုးသွားတော့သည်။

နောက်ဆုံးတော့ သခင်ကြီးကုန်းနှင့် ကုန်းထျန်းဟောက်တို့ ဟင်း၆ပွဲတောင် အကုန်အပြောင်ရှင်းနိုင်ခဲ့လဲဆိုသည်ကို နားလည်သွားတော့သည်။ သူသာ စောစောကသိရင် အသီးအရွက်ဟင်းတွေချည်းပဲ မှာမှာပေါ့။ သို့သော်လည်း အစားအသောက်တွေကို အလဟဿမဖြစ်စေချင်တာကြောင့် သူထပ်ပြီး မမှာခဲ့ပေ။ အဆုံးမှာတော့ သူမှာထားသမျှတွင် အသားအနည်းငယ်သာ ကျန်ရစ်ခဲ့လေသည်။

သူလည်း စားပြီးသောက်ပြီးနောက် ဗိုက်ကိုအသာ ပွတ်လိုက်ကာ၊ “ကြည့်ရတာ ငါလည်း လမ်းလျှောက်ထွက်ဦးမှပဲ။”

….

သခင်ကြီးကုန်းသည် အသက်ရနေပြီဖြစ်သည်။ ဟိုနားဒီနား နည်းနည်းလောက်လျှောက်ပြီးသည်နှင့် ပင်ပန်းသွားကာ ပြန်နားချင်လာခဲ့သည်။ သခင်ကြီးကုန်း အနားယူနေစဉ် ကုန်းထျန်းဟောက်နှင့် လီယွမ်ဟန်တို့ကတော့ မြို့ထဲတွင် လမ်းပတ်လျှောက်ခဲ့ကြသည်။ သူက ဒီနေရာက ရင်းနှီးမြှုပ်နှံဖို့ တန်မတန် ကိုယ်တိုင် မြင်တွေ့ချင်လိုခြင်းပင်။ သူတို့ခေါင်းထဲ တစ်ချိန်လုံး စီးပွားရေးအကြောင်းသာရှိနေကြသည်။ ဒါကြောင့်ပဲ Imperial လုပ်ငန်းစုက ဤကဲ့သို့ တိုးတက်ကြီးပွားနေခြင်းဖြစ်လေသည်။

လူပြတ်သည့်လမ်းတစ်ခုသို့ ဖြတ်သွားချိန်မှာတော့ လူနှစ်ယောက်နှင့် ဆုံခဲ့လေသည်။ တစ်ယောက်က နေကာမျက်မှန်တပ်ကာ ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ညစ်ပတ်ပတ်အဝတ်အစားများနှင့် သူတောင်းစားတစ်ယောက်ဖြစ်လေသည်။ ပထမတော့ လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့ သူတို့ကို အာရုံသိပ်မထားခဲ့ကြပေ။ သို့သော်လည်း နေကာမျက်မှန်နှင့်လူက ပုံတစ်ပုံကိုထုတ်ပြီး သူတောင်းစားကိုပြကာ ပြောလိုက်သည့်စကားကို သူတို့ ကြားလိုက်ရလေသည်။ “ဒါက ရှောင်လင်းယွီ။ မင်း သူ့ကို သတ်ပေးရင် ငါတို့ မင်းကို ယွမ်၁သိန်းပေးမယ်။”

သူတောင်းစားကလည်း ငတုံးမဟုတ်ပေ။ “မလုပ်ဘူး။ ငါငွေကြောင့်နဲ့ အသတ်အသေမခံနိုင်ဘူး။”

“ဒါဆိုလည်း ဒီဓားနဲ့ သူ့ကို ဒဏ်ရာရအောင်လုပ်ခဲ့။” နေကာမျက်မှန်နှင့်လူက ပြောလိုက်လေသည်။ “စိတ်မပူပါနဲ့။ မင်းမှာ စိတ်ကျန်းမာရေးဆေးစာရှိလို့ ရဲတွေ မင်းကို ဖမ်းမှာမဟုတ်ဘူး။”

‘ရှောင်လင်းယွီ?’

ကုန်းထျန်းဟောက်နှင့် လီယွမ်ဟန်တို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်မိကြလေသည်။

***

All Chapters