သူရဲကောင်းနဲ့မိန်းမလှလေး
Vol. 9 Ch. 167
ရှောင်လင်းယွီ လမ်းချိုးတစ်ခုကို ချိုးလိုက်ချိန်မှာပဲ လူတစ်ယောက်က ပြောင်ပြောင်လက်လက် ဓားမြှောင်တစ်ချောင်းနှင့် သူမထံသို့ ပြေးဝင်လာလေသည်။ ထိုလူက ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် သူမကို ထိုဓားဖြင့် ထိုးလိုက်သည်။
သူမ၏သူငယ်အိမ်တို့ ကျဉ်းမြှောင်းသွားကာ စိတ်အစုံက ဗလာဖြစ်သွားလေသည်။ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အံ့ဩထိတ်လန့်သွားရ၍ ထိုအချိန် ဘာကိုတွေးလို့ တွေးရမှန်းပင် မသိတော့ပေ။
သူမ ချန်းမိသားစုကို လက်စားပြန်ချေပြီးပြီဖြစ်ပေမယ့် အခုထိ ရှောင်ထုန်ကို မမွေးရသေးပေ။ ရှောင်ထုန်အပေါ် သူမမှားခဲ့တာတွေကိုလည်း ပြန်လည်မပြင်ဆင်ရသေးပေ။ မဖြစ်ဘူး၊ သူမ ဒီအတိုင်း ရပ်မနေနိုင်ဘူး။
ဒါကြောင့် ထိုလူကို ကန်ထုတ်ရန် သူမခြေထောက်ကို မြှောက်လိုက်လေသည်။ သို့သော်လည်း ထိုလူကို သူမ မကန်နိုင်သေးခင်မှာပဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာကာ ထိုအသံနှင့်အတူ ထိုလူသည်လည်း မြေပေါ်သို့ လဲကျသွားလေသည်။ ထို့နောက်မှာတော့ ထန်ခနဲအသံနှင့်အတူ ဓားမြှောင်သည်လည်း မြေပေါ်သို့ ကျသွားခဲ့သည်။
လုပ်ကြံသူက မြေပေါ်သို့ ကန်ထုတ်ခံလိုက်ရတာကြောင့် သူ့ကိုယ်ကို ကွေးပြီး နာနာကျင်ကျင်အော်ဟစ်နေလေသည်။ သူက ပြန်ထနိုင်ဖို့ရန် အသည်းအသန်ကြိုးစားနေခဲ့သည်။
ကုန်းထျန်းဟောက်သည် သူ့အဖိုးနှင့်အတူ စစ်တပ်ထဲတွင် ကြီးပျင်းလာသူဖြစ်လေသည်။ ငယ်စဉ်အခါကတည်းက စစ်ခေါင်းဆောင်နောက်လိုက်ကာ မျိုးစုံသော တိုက်ပွဲဝင်နည်းလမ်းများကို သင်ယူခဲ့သည်။ ဒါကြောင့် သူက ခပ်သာသာလေးကန်လိုက်သော်လည်း ထိုလူ၏အားနည်းချက်နေရာကို တည့်တည့်ပင်ထိလေသည်။ ဒါကြောင့် ထိုလူလည်း ချက်ချင်းပင် အင်အားယုတ်လျော့သွားတော့သည်။
ရှောင်လင်းယွီသည်လည်း နောက်ဆုံးတော့ အသိပြန်ကပ်သွားခဲ့သည်။ သူမမျက်နှာက အတော်လေးဖြူဖျော့နေကာ မျက်လုံးထဲတွင် အကြောက်တရားတို့ ကြီးစိုးနေသည်။ သူမက လုပ်ကြံသူအား တစ်ချက်လှည့်ကြည့်လိုက်သည်။ အဝတ်အစားဖိုသီဖတ်သီဝတ်ထားသည့် ညစ်ညစ်ပတ်ပတ် သူတောင်းစားတစ်ယောက်ဖြစ်ကာ ဆံပင်တွေက ရွှံ့များဖြင့် ပေကျန်နေလေသည်။ သူ့မျက်နှာက မြေကြီးနဲ့ကပ်နေတာကြောင့် ရှောင်လင်းယွီအနေနှင့် သူ့ရုပ်ကို မမြင်နိုင်ခဲ့ပေ။
ထို့နောက်မှာတော့ မြေပေါ်ကျနေသည့် ဓားမြှောင်ကို တွေ့သွားပေသည်။ သူတောင်းစားက တစ်ဖန်ထပ်ပြီး ဓားမြှောင်ကို လက်နက်ကို ပြန်ကောက်မည်အား ကာကွယ်ရန်အတွက် သူမကပဲ မြေပေါ်က ဓားမြှောင်ကို ကောက်လိုက်ကာ သူတောင်းစားနှင့် ခပ်ဝေးဝေးသို့ ဆုတ်လိုက်လေသည်။
ထိုမြင်ကွင်းက ဘေးတွင် ရပ်ကြည့်နေသည့် လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့အား အံ့ဩသွားစေခဲ့သည်။ ‘ပုံမှန်လူတွေဆို ဒီလိုအခြေအနေမျိုးမှာ ထွက်ပြေးကြမှာမဟုတ်ဘူးလား။ ဘာလို့ သူ့ကျမှ ဓားတောင် ကောက်လိုက်သေးတာလဲ။ အံ့ဩစရာပဲ။’
ရှောင်လင်းယွီသည် ဓားနှင့် အထိုးခံရမလိုဖြစ်ပြီးနောက် လုံခြုံသွားသည်ဟု မခံစားရသေးပေ။ ဒါကြောင့် သူမက သူတောင်းစားဆီသို့ ပြေးသွားကာ ခြိမ်းခြောက်နိုင်စွမ်းအပြည့်ဖြင့် ဗိုက်ကို ကန်ချလိုက်လေသည်။
ထိုလူသည်လည်း နာကျင်မှုကြောင့် အော်ဟစ်လိုက်တော့သည်။
“ဖူး..” လီယွမ်ဟန်တစ်ယောက် ရယ်ချင်စိတ်ကို ဆက်မထိန်းနိုင်တော့ပေ။ သူက သူ့ဘေးရှိ ကုန်းထျန်းဟောက်ကို ပုတ်လိုက်ကာ ပြုံးလျက် မေးလာခဲ့သည်။ “ဒီမိန်းကလေးက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ သခင်လေးကျန်း သူ့ကို သဘောကျသွားတာ မထူးဆန်းတော့ပါဘူး။”
ကုန်းထျန်းဟောက်၏မျက်နှာသည် အမြဲတမ်း အေးစက်စက်နှင့် အမူအရာမဲ့နေခြင်းဖြစ်သည်။ သူက ဘာမှပြန်မပြောခဲ့သော်လည်း သူ့မျက်လုံးများက အသာမှေးကျဉ်းသွားကာ သူ့နှုတ်ခမ်းသည်တော့ မသိပ်မသာလေး ကွေးတက်သွားလေသည်။
ရှောင်လင်းယွီသည်လည်း ရယ်သံကိုကြားပြီးနောက် သူမ၏ကယ်တင်ရှင်များထံသို့ လှည့်ကြည့်လိုက်သည်။ တစ်ဖက်လူများ၏ မျက်နှာကိုမြင်လိုက်သည်နှင့် သူမ တကယ် အံ့ဩသွားရသည်။
“ရှင်တို့ပဲ။” ရှောင်လင်းယွီ အံ့ဩလွန်း၍ ထုတ်ပင် အော်လိုက်မိသည်။ သူမနှလုံးသားထဲမှာတော့ ရှုပ်ထွေးပွေလီသည့် ခံစားချက်များဖြင့် ပြည့်နှက်နေလေသည်။ ဒီလူနှစ်ယောက်ကို မြင်ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။ မျက်မှန်တပ်ထားသည့်အမျိုးသားကို သူမ မှတ်မိလိုက်သည်။ ထိုလူမှာ သူမ၏သုံးဘီးဆိုင်ကယ်နောက်ကို ဝင်တိုက်ခဲ့သည့်လူပင်။ သူတို့နှစ်ယောက် စကားတောင် များခဲ့ကြသေးသည်။
နောက်တစ်ယောက်ကိုတော့ သူမတစ်ခါမှမမြင်ဖူးခဲ့သော်လည်း ထိုလူ၏ဘေးတိုက်မျက်နှာသွင်ပြင်ကိုတော့ မှတ်မိနေလေသည်။ ထိုလူမှာ ရှောင်ထုန်၏ဖခင်ပင်။ အလွန်ကိုမှ သေချာလေသည်။ ရှောင်ထုန်သည် ထိုလူနှင့် ၈၀ရာခိုင်နှုန်းလောက်ကို ဆင်တူလေသည်။
ရှောင်ထုန်၏မျက်နှာသွင်ပြင်သည်တော့ ချစ်စရာကောင်းသည့်ဘက်သို့သွားကာ ထိုမျက်နှာသွင်ပြင်ကပဲ ဒီအရွယ်ရောက်ပြီးသား အမျိုးသားပေါ်ရောက်သွားချိန်မှာတော့ သေသပ်ထင်ရှားကာ ခန့်ညားသွားလေသည်။ ပြီးပြည့်စုံသော အချိုးအဆများဖြင့် ပန်းပုဆရာတစ်ယောက် ထုဆစ်ထားသည့် လက်ရာတစ်ခုလိုပင်။ ဆွဲဆောင်မှုအရှိဆုံးအပိုင်းကတော့ ထိုလူ၏ နက်မှောင်နက်ရှိုင်းသည့် မျက်ဝန်းအစုံပင်။ ထိုမျက်လုံးများထဲတွင် စူးရှကာ နားမလည်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခုရှိနေကာ ပြင်းထန်သော ဆွဲဆောင်မှုမျိုးရှိလေသည်။
သို့သော်လည်း ရှောင်လင်းယွီအတွက်တော့ ဈေးကြီးသည့်အဝတ်အစားတွေကရော ချောမောခန့်ညားသည့်အသွင်အပြင်ကရော သူမစိတ်ထဲ မဝင်လာခဲ့ပေ။ ဤသည်မှာ ရှောင်ထုန်၏ဖခင်နှင့် သူမဆုံတွေ့သည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူမ အမှတ်မှားလိမ့်မည်မဟုတ်ပေ။ ရှောင်လင်းယွီ၏လက်များက သူမဗိုက်ဆီသို့ရွှေ့သွားကာ သက်ပြင်းချလိုက်လေသည်။ ‘ရှောင်ထုန်၊ သား တွေ့လိုက်လား။ သားအဖေက အမေတို့ကို ကယ်လိုက်တာ။ သူက လူကောင်းတစ်ယောက်ဖြစ်လောက်မယ်။’
သူတို့တွေ ဒီနေရာမှာ ဘာကြောင့် ရှိနေတာပဲဖြစ်ဖြစ် သူမကို ကယ်လိုက်တာကတော့ အမှန်တရားဖြစ်လေသည်။ ရှောင်လင်းယွီသည်လည်း ကိုယ်တိုင်လွတ်မြောက်နိုင်စွမ်းရှိပေမည့် သူမ၏တုံ့ပြန်မှုက နှောင့်နှေးနေတာကြောင့် ထိခိုက်ဒဏ်ရာတော့ ရသွားနိုင်သေးသည်။ သူမတွင် ကိုယ်ဝန်ရှိနေသည့် အကြောင်းကိုပါ ထည့်သွင်းစဉ်းစားလိုက်လျှင် နောက်ဆက်တွဲအခြေအနေများကို သူမတွေးတောင် မတွေးရဲတော့ပေ။ ဒါကြောင့် ရှောင်လင်းယွီ အမှန်တကယ်ကို ကျေးဇူးတင်မိလေသည်။
ထို့နောက်မှာတော့ သူတောင်းစားကို သူမ တက်နင်းထားမိနေတုန်းဖြစ်ကြောင်း ရှောင်လင်းယွီ သတိပြန်ရသွားကာ ရှက်ရွံ့မှုကြောင့် မျက်နှာက နီမြန်းသွားလေသည်။ သူမလည်း သူတောင်းစားကို ဆက်မကန်တော့ဘဲ ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ မဝေးသည့် နံရံတစ်ခုအောက်တွင် စွန့်ပစ်ထားသည့် ဝိုင်ယာကြိုးများရှိနေသည်ကို မြင်လိုက်ရသည်နှင့် သူမလည်း သွားယူကာ ပြန်ပြေးလာပြီး သူတောင်းစားကို ချည်နှောင်လိုက်လေသည်။ ထို့နောက်မှာတော့ သူမက လက်နှစ်ဖက်ခါလိုက်ကာ၊ “ပြီးပြီ။ ရဲခေါ်ရမယ့်အချိန်ပဲ။”
လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့ကတော့ ကြိတ်ရယ်နေမိကြလေသည်။
ရဲကို ဖုန်းဆက်ပြီးနောက်မှာတော့ ရှောင်လင်းယွီသည် လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့ဆီသို့ ပြေးသွားကာ အလွန်အမင်းကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ်။ ရှင်တို့ကြောင့်သာမဟုတ်ရင် ဘယ်လိုဖြစ်သွားမလဲ ကျွန်မလဲ မတွေးတတ်တော့ဘူး။”
လီယွမ်ဟန်က ပြုံးလိုက်ကာ၊ “ရှောင်လင်းယွီ၊ ကြည့်ရတာ ဒီအကြမ်းဖက်မှုက ငါတို့ဆက်ဆံရေးကို ခိုင်မာသွားစေတယ်ထင်တယ်။” သခင်လေးကျန်း နှစ်သက်သည့် နူးညံ့ကာ ကြင်နာတတ်သည့် မိန်းကလေးမှာ အရင်တစ်ခေါက်တုန်းက သူတို့နှင့်ငြင်းခုံခဲ့သည့် ကျိုးကြောင်းမဆီလျော်သော ရွာသူမလေးဖြစ်နေမည်ဟု တစ်ခါမှ မထင်ခဲ့ဖူးပေ။
လီယွမ်ဟန်က သူမနာမည်ကို ထည့်ပြောလိုက်တာကိုကြားသည်နှင့် ရှောင်လင်းယွီ သတိထားလိုက်သည်။ သူမနာမည်ကို ထိုလူတွေအား မပြောပြဖူးပေ၊ သူတို့ ဘယ်လိုသိကြတာလဲ။ “ရှင်တို့က ဘယ်သူတွေလဲ။ ကျွန်မနာမည် ရှောင်လင်းယွီမှန်း ဘယ်လိုလုပ်သိကြတာလဲ။”
ထိုအမျိုးသားနှစ်ယောက်က သူမကို အချိန်အတော်ကြာကတည်းက သိနေကြသလိုမျိုး လုပ်နေကြပေမယ့် ရှောင်လင်းယွီကတော့ သူတို့ဆုံတာ ဒါနဲ့မှ ဒုတိယအကြိမ်သာဖြစ်ကြောင်း သေချာလေသည်။ သို့သော်လည်း သူတို့က သူမနာမည်ကိုပင် ထုတ်ခေါ်လာကြသည်။ ဒါကြောင့် သူမ အနည်းငယ် ထိတ်လန့်သွားမိလေသည်။ ထိုလူက အရင်ကကိစ္စကို သိရှိသွားတာကြောင့် သူမကို ကိုယ်ဝန်ဖျက်ချဖို့အမိန့်ပေးရန် လာခြင်းဖြစ်မည်ကို သူမကြောက်သွားမိလေသည်။
ဘာပဲဖြစ်ဖြစ် ဒီလူနှစ်ယောက်ရဲ့ နောက်ခံက တော်တော်လေးအင်အားကြီးမှန်း သိသာနေတာပဲ။ သူတို့မိသားစုက ဒီလိုတရားမဝင်ကလေးမျိုး တည်ရှိနေမှာကို ခွင့်ပြုကြမည်မဟုတ်ပေ။ သူတို့ကို တခြားလူတွေက လှောင်ပြောင် ကဲ့ရဲ့ကြပေလိမ့်မည်။
သို့သော်လည်း ဒါတွေအားလုံးက ရှောင်လင်းယွီ အတွေးလွန်နေခြင်းပင်။ ရှောင်လင်းယွီတစ်ယောက ဟိုတယ်တွင် သူ့နာမည်ကိုသုံးကာ လုံခြုံရေးကင်မရာကို စစ်ခဲ့ကတည်းက ကုန်းထျန်းဟောက်သည် သူမကို စိတ်အနှောက်အယှက်ဖြစ်သွားပြီဖြစ်သည်။ သူမအကြောင်း စုံစမ်းဖို့လည်း တွေးပင်မတွေးခဲ့သလို သူမကို ဂရုလည်း မစိုက်ခဲ့ပေ။ ဒီတော့ သူမမှာ ကိုယ်ဝန်ရှိနေမှန်း ဘယ်လိုလုပ် သိမှာတဲ့လဲ။
သူမ ကိုယ်ဝန်ရှိလာကတည်းက သူမ၏သံသယစိတ်မှာလည်း အလွန်ကြီးလာခဲ့သည်။ သူမ၏မိခင်စိတ်က ချဉ်းနင်းဝင်ရောက်လာလို့လဲ ဖြစ်မှာပေါ့။ ရှောင်လင်းယွီကတော့ ကိုယ်တိုင် သတိမထားခဲ့မိပေ။
လီယွမ်ဟန်နှင့်ကုန်းထျန်းဟောက်သည်လည်း ရှောင်လင်းယွီ၏ မျက်နှာထက်မှာ သတိကြီးဟန်ကို သတိပြုမိကြသည်။ ကုန်းထျန်းဟောက်ကိုကြည့်နေသော သူမ၏မျက်ဝန်းများသည် ပထမသိစိတ်ကနေပြီး ရန်လိုသည့်ဘက်သို့ ပြောင်းလဲသွားလေသည်။ သူတို့နှစ်ယောက်လုံး စိတ်ရှုပ်ထွေးသွားကြသော်လည်း လောလောဆယ်မှာတော့ ထိုအကြောင်း အများကြီးမတွေးခဲ့မိကြပေ။
ဒါကပဲ အနာဂါတ်တွင် သူတို့ကို နောင်တရလာစေပေလိမ့်မည်။ သူတို့သာ ဒီလက်ရှိအချိန်တွင် အခြေအနေကို သေချာစုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါက ကုန်းထျန်းဟောက်လည်း ရှောင်ထုန်နှင့် စုံစည်းဖို့ အချိန်တွေအများကြီး လက်လွှတ်လိုက်ရမည်မဟုတ်သလို ရှောင်လင်းယွီသည်လည်း တစ်ယောက်တည်း ဒုက္ခတွေအများကြီး ခံရလိမ့်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် နောင်တကတော့ နောင်တပင်။
ကုန်းထျန်းဟောက်သာ ရှောင်လင်းယွီကို ချစ်မိသွားမည်မှန်း သိခဲ့ပါက သူတို့တစ်တစ်ညတာအတူ ကုန်ဆုံးခဲ့စဉ်ကတည်းက ရှောင်လင်းယွီ၏အချက်အလက်တွေကို ချက်ချင်း ရှာဖွေခဲ့မိလိမ့်မည်။
သို့သော်လည်း ကံကြမ္မာဆိုသည်မှာ ထူးဆန်းလှပေသည်။ သူက မြင်လည်းမမြင်တွေ့နိုင်သလို ကျိုးပဲ့လွယ်ပြီး လူနှစ်ဦးနက်နက်ရှိုင်းရှိုင်း မညိမတွယ်မချင်း ချည်နှောင်ထားသည့် အပ်ချည်ကြိုးမျှင်လေးတစ်ချောင်းလိုပင်။
လက်ရှိတွင်တော့ ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့သည် သူတို့ကြားမှာ ကံကြမ္မာကြိုးမျှင်လေးကို မြင်နိုင်စွမ်းမရှိကြပေ။
လီယွမ်ဟန်သည် ရှောင်လင်းယွီ ဘယ်လောက်တောင် သတိချပ်နေလဲဆိုသည်ကိမြင်ပြီးသည်နှင့် နားလည်မှုလွဲသွားမှာစိုးခဲ့ကာ ချက်ချင်း ရှင်းပြလာလေသည်။ “မစ္စ၊ ငါတို့ မင်းနာမည်ကို သိနေတာ သခင်လေးကျန်းကြောင့်ပါ။”
“သခင်လေးကျန်း။” ရှောင်လင်းယွီ သံသယဝင်နေမိတုန်းပင်။ သူမ သူငယ်ချင်းများတွင် မျိုးရိုးနာမည် ကျန်းရှိသည့်လူမှာ တစ်ဦးတည်းရှိကာ ကျန်းထောင်သာ ဖြစ်လေသည်။ ‘ဒီလူနှစ်ယောက်က ကျန်းထောင်ရဲ့ သူငယ်ချင်းတွေလား။’
မကြာလိုက်ပါပဲ ရှောင်လင်းယွီ၏အကြံပြုချက်ကို အတည်ပြုပေးလိုက်လေသည်။
လီယွမ်ဟန်က၊ “ဟုတ်တယ်လေ၊ သခင်လေးကျန်းက ဒီမြို့ကစခန်းမှူး ကျန်းထောင်လေ။”
ဒီတော့မှ ရှောင်လင်းယွီ တိတ်တခိုး သက်ပြင်းမောကြီးချလိုက်မိသည်… လတ်စသတ်တော့ ရှောင်ထုန်နဲ့ ဘာမှမဆိုင်ဘူးကိုး။
ထို့နောက်မှာတော့ ရှောင်လင်းယွီသည် တစ်စုံတစ်ခုကို သတိရသွားကာ မျက်လုံးများပြူးကျယ်စွာဖြင့် ထပ်မေးလိုက်ပြန်သည်။ “ရှင်တို့က ထောင်ယွမ်ရွာကိုလာပြီး ကျွန်မသူငယ်ချင်းတွေပါဆိုပြီး ကျွန်မအိမ်မှာ ထမင်းဝင်စားသွားတဲ့ လူနှစ်ယောက်လား။”
လီယွမ်ဟန်၏မျက်လုံးထဲ နေရခက်မှုတစ်ချို့ဖြတ်ပြေးသွားလေသည်။ သူက ပြုံးလိုက်ကာ၊ “ဟဟ.. အဲ့ဒါလည်း နားလည်မှုလွဲတာပါပဲ။ ဒါပေမယ့် ဒေါ်လေးရဲ့ဟင်းချက်လက်ရာက တကယ်ကို အရသာရှိတာ။” လီယွမ်ဟန် မြန်မြန်ဆန်ဆန်ပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။
ရှောင်လင်းယွီလည်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ကျွန်မအမေက ရွာထဲမှာတော့ ဟင်းချက်အကောင်းဆုံးပဲ။” တကယ်တော့ သူမအမေသည် အနီးအနားကရွာများကြားတွင်လည်း အတော်လေး နာမည်ကြီးကာ ပွဲလမ်းသဘင်များရှိလျှင် အချက်အပြုတ်ခေါင်းဆောင်အဖြစ် ဖိတ်ကြားခံရလေသည်။ ထို့နောက်မှာတော့ အခမ်းအနားရှင်က သူမကို စာအိတ်နီတစ်အိတ် ပေးပေလိမ့်မည်။ ရက်ရောသည့်လူများဆိုလျှင်တော့ စာအိတ်နီသည်လည်း ခပ်ထူထူဖြစ်နေမည်။
လီယွမ်ဟန်တစ်ယောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိတော့သည်။ ကျေးဇူးတင်စရာကောင်းစွာပင် ရှောင်လင်းယွီသည် ထိုရှက်ဖွယ်လိလိကိစ္စများများကို ထပ်မဖော်တော့ပေ။ “ဒေါ်လေးရဲ့ဟင်းချက်လက်ရာ ရွာထဲမှာတင်အကောင်းဆုံးဖြစ်တာမဟုတ်ဘူး ကြယ်ငါးပွင့်အဆင့် စားဖိုမှူးတွေကိုတောင် ယှဉ်နိုင်တယ်။”
ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “လူကြီးမင်းကတော့ အရမ်းချီးကျူးလွန်းနေပါပြီ။”
“မစ္စရှောင်၊ ကျွန်တော့်နာမည်က လီယွမ်ဟန်ပါ။”
“ဟုတ်ကဲ့ပါ မစ္စတာလီ။” ရှောင်လင်းယွီ ပြုံးလိုက်လေသည်။
“အဟမ်း..” ရုတ်တရက် ကုန်းထျန်းဟောက်က အသံဝင်ပေးလိုက်သည်။
ဒီတော့မှ သူ ကုန်းထျန်းဟောက်ကို မေ့သွားမှန်း လီယွမ်ဟန် အမှတ်ရသွားတော့သည်။
သူက ချက်ချင်းပင် ရှောင်လင်းယွီကို မိတ်ဆက်ပေးလာလေသည်။ “ဒါက ကျွန်တော့်သူငယ်ချင်းကောင်း ကုန်းထျန်းဟောက်လေ။ သူက လမ်းလျှောက်နေတဲ့ ရေခဲတုံးကြီးလိုပဲ စကားပြောရတာမကြိုက်ဘူး။ သူ့ကို စိတ်ထဲမထားနဲ့နော်။” မိတ်ဆက်ပေးလာသည့်ပုံစံကြောင့် ကုန်းထျန်းဟောက်၏မျက်နှာက အေးစက်သွားလေသည်။ ထို့နောက် သူက ရှောင်လင်းယွီကို နှုတ်ဆက်လိုက်သည်။ “ဟဲလို။”
လီယွမ်ဟန်၊ “….”
ရှောင်လင်းယွီ၊ “….”
ကုန်းထျန်းဟောက်၏အသံကိုကြားလိုက်သည်နှင့် ရှောင်လင်းယွီ၏နှလုံးသားမှာ တုန်ရီသွားကာ ရုတ်တရက်ကြီး အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။
ရှောင်လင်းယွီလည်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ “ဟဲ…ဟဲလို။”
လီယွမ်ဟန်၊ “….” ‘ဘာလို့ထစ်ကုန်တာလဲ။ အရင်တစ်ခေါက်ကတော့ သူ့လျှာစောင်းက ထက်ရှနေတာမဟုတ်ဘူးလား။ ထျန်းဟောက်ကို ချောင်းကြည့်တဲ့အထိတောင် သတ္တိတွေကောင်းနေခဲ့တာလေ။ နေပါဦး…’ ရုတ်တရက်ကြီး လီယွမ်ဟန်၏စိတ်ထဲ အလွန်ကြောက်စရာကောင်းသည့်အတွေးတစ်ခု ဝင်လာခဲ့လေသည်။ ‘ရှောင်လင်းယွီ ထျန်းဟောက်ကို ချစ်မိသွားတာတော့ မဟုတ်ပါဘူးနော်။ ငါဘာလုပ်ရမလဲ။ သခင်လေးကျန်းက ရှောင်လင်းယွီကို သဘောကျနေတာလေ။’
ထို့နောက်မှာတော့ ကုန်းထျန်းဟောက်သည် သူ့ပုံမှန် တခြားလူများနှင့် ဆက်ဆံပုံနှင့်ဆန့်ကျင်စွာ ဒီမိန်းကလေးကိုတော့ အကြိမ်ပေါင်းမနည်း ကူညီပေးခဲ့သည့်အကြောင်းကို လီယွမ်ဟန် ပြန်အမှတ်ရသွားလေသည်။
‘ထျန်းဟောက်လည်း ဒီမိန်းကလေးကို သဘောကျသွားတာလား။’
လီယွမ်ဟန်၏တစ်ကိုယ်လုံး တုန်ရီလာတော့သည်။ ရုတ်တရက် ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းနှင့်ပတ်သတ်လို့ သူဘာလုပ်လို့လုပ်ရမှန်းပင် မသိတော့ပေ။
သူက ကုန်းထျန်းဟောက်ကို တစ်ချက် ခိုးကြည့်လိုက်ကာ သူ့ကို အကြည့်ဖြင့် မေးလိုက်လေသည်။ ‘ဘာလုပ်ကြမလဲ။’
ဒီလိုမျိုးနဲ့ သူငယ်ချင်းကောင်းနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်တွေဖြစ်ကုန်မည်အား သူတကယ် မမြင်ချင်ပေ။
ကုန်းထျန်းဟောက်၊ “…”
‘လီယွမ်ဟန် ဘာလို့ ငါ့ကို ဒီလိုလာကြည့်နေတာလဲ။ စိတ်ရှုပ်စရာကောင်းလိုက်တာ။’
ရှောင်လင်းယွီသည် သူမအသံထစ်သွားတာကြောင့် သူမဘာသာ လန့်သွားမိလေသည်။ ဒီလူနှစ်ယောက် အထင်လွဲသွားမည်ကို ကြောက်သွားခဲ့သည်။ အဲ့လိုဖြစ်လို့မဖြစ်ဘူး။
သူမကိုယ်သူမ စိတ်ပြန်ငြိမ်အောင် လုပ်လိုက်ပြီးနောက် အလွန်အလေးအနက်ထားသည့် အသံဖြင့် မေးလိုက်လေသည်။ “မစ္စတာလီ၊ မစ္စတာကုန်း၊ ရှင်တို့ ဘာလို့ ဒီနေရာကို ရောက်နေကြတာလဲ။”
သူမ ထိုမေးခွန်းကိုမေးချိန်တွင် သူမကိုယ်သူမ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမအသံထဲတွင် ထိတ်လန့်သည့်အရိပ်အယောင်တချို့ ပေါ်လွင်နေတုန်းပင်။
ကုန်းထျန်းဟောက် မသိမသာ မျက်မှောင်ကြုတ်သွားခဲ့သည်။
လီယွမ်ဟန်က သံသယတချို့ဖြင့် မေးလာခဲ့သည်။ “မစ္စရှောင်၊ မင်း တစ်ယောက်ယောက်နဲ့ ရန်ညှိုးကြီးကြီးမားမား ဖွဲ့မိသေးလား။”
ရှောင်လင်းယွီ မျက်မှောင်ကြုတ်သွားကာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။ “မစ္စတာလီ ဘာကိုဆိုလိုတာလဲ။”
လီယွမ်ဟန်က ရှင်းပြလာခဲ့သည်။ “အဲ့ဒါကလား၊ ကျွန်တော်နဲ့ ထျန်းဟောက်တို့ မြို့ထဲမှာ လမ်းပတ်လျှောက်နေကြတုန်း မင်းကို လျှို့ဝှက်ကြံစည်နေတာနဲ့ တည့်တည့်တိုးခဲ့တယ်။ နေကာမျက်မှန်တပ်ပြီး ဝတ်စုံပြည့်ဝတ်ထားတဲ့လူတစ်ယောက်က ဓာတ်ပုံတစ်ပုံကိုင်ပြီး သူတောင်းစားကို ဒီလိုပြောနေတာလေ။ ‘ရှောင်လင်းယွီကို သတ်ပေး။’ ဒီသူတောင်းစားကလည်း တော်တော်ဉာဏ်ကောင်းပါတယ်။ သူသာ မင်းကိုသတ်ရင် သူလည်း ပြေးမလွတ်နိုင်တာသိတယ်လေ။ ဒါနဲ့ ဟိုလူကလည်း မင်းကို ဒဏ်ရာရအောင်လုပ်ဖို့ပဲ သူတောင်းစားကို ပြောလိုက်တယ်။ သူတောင်းစားသာ ဒီတာဝန်ကိုလုပ်ပေးတာနဲ့ ယွမ်၁သိန်းပေးမယ်တဲ့။” လီယွမ်ဟန်သည် စိတ်ရှုပ်ထွေးစွာဖြင့် ပြန်မေးလာခဲ့သည်။ “မင်းကိုသတ်ချင်လောက်တဲ့ ဘယ်သူကိုများ မင်း စော်ကားထားမိသေးလဲ။”
“ဟမ်?” ရှောင်လင်းယွီသည်လည်း သူမကို အသက်ကို တစ်ယောက်ယောက်လိုချင်နေကြောင်း ကြားလိုက်ရတာကြောင့် အံ့ဩသွားခဲ့သည်။
လီယွမ်ဟန်သည် သူ့ဖုန်းကိုထုတ်ကာ ဓာတ်ပုံတစ်ပုံကို ဖွင့်လိုက်ပြီး၊ “ကြည့်လိုက်၊ ဒါ အဲ့ဒီလူပဲ။”
အစောတုန်းက လီယွမ်ဟန် ဓာတ်ပုံရိုက်ထားခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထိုလုပ်ကြံမှုအစီအစဉ်တွင် ပါဝင်နေသည့် အမျိုးသမီးမှာ သခင်လေးကျန်းနှစ်သက်နေသူဖြစ်တာကြောင့် သူတစ်ခုခုလုပ်ဖို့ လိုလေသည်။
ရှောင်လင်းယွီလည်း ဓာတ်ပုံထဲက နေကာမျက်မှန်နှင့်လူကို ကြည့်လိုက်ပြီးနောက် စိတ်ရှုပ်စွာဖြင့် ပြန်ဖြေလာသည်။ “ကျွန်မ ဒီလူကို မသိဘူး။”
“ထူးဆန်းလိုက်တာ။” လီယွမ်ဟန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒါဆိုလည်း ကျန်းထောင်ကိုပဲ စုံစမ်းခိုင်းလိုက်တော့။” ရုတ်တရက် ကုန်းထျန်းဟောက်က ပြောလာခဲ့သည်။
လီယွမ်ဟန် အနည်းငယ် မှင်သက်သွားပြီးနောက် အပြုံးဖွဖွပြန်ပေါ်လာကာ၊ “ဟုတ်သားပဲ။ ငါတို့ ဒီကိစ္စကို သခင်လေးကျန်းကိုပဲ ကိုင်တွယ်ခိုင်းလိုက်ကြတာပေါ့။ မင်း ဒီလူကို မသိလဲ ကိစ္စမရှိပါဘူး။ သခင်လေးကျန်းက ဒီသူတောင်းစားကို စကားပြောလာအောင် လုပ်နိုင်တယ်..” ကျန်းမိသားစုသည် ထောင်သားတွေကို စစ်ဆေးမေးမြန်းရာတွင် အတော်ဆုံးဖြစ်သည်။
***