အဖေမလိုချင်ဘူး
Vol. 9 Ch. 168
အခင်းဖြစ်ပွားရာနေရာသို့ ကျန်းထောင်ရောက်လာချိန်မှာတော့ ထိုနေရာတွင်ရှိနေကြသည့် နောက်ထပ်လူနှစ်ယောက်ကိုမြင်ပြီး ထိတ်လန့်သွားလေသည်။
“ထျန်းဟောက်၊ ယွမ်ဟန်၊ မင်းတို့ ဘာလို့ ဒီမှာရှိနေကြတာလဲ။” ကျန်းထောင် အံ့ဩတကြီးမေးလိုက်သည်။ မြေပေါ်လဲနေသည့် သူတောင်းစားကိုမြင်ပြီးနောက်မှာတော့ သူက ထပ်မေးလာခဲ့သည်။ “မင်းတို့က လင်းယွီကို ကယ်လိုက်တဲ့လူတွေလား။”
လီယွမ်ဟန်က၊ “သခင်လေးကျန်း၊ ထျန်းဟောက်က မစ္စရှောင်ကို ကယ်ခဲ့တာ။”
အတိအကျပြောရရင်တော့ နှစ်ယောက်လုံး ရှောင်လင်းယွီကို ကယ်ခဲ့ခြင်းဖြစ်သော်လည်း တကယ်လှုပ်ရှားခဲ့သူက ကုန်းထျန်းဟောက်ဖြစ်လေသည်။
လီယွမ်ဟန်သည် ကုန်းထျန်းဟောက်လောက် မသန်မာပေ။
“ကျေးဇူးတင်ပါတယ်၊ ထျန်းဟောက်။ မင်းကြောင့်သာမဟုတ်ရင် လင်းယွီဘယ်လိုဖြစ်သွားမလဲ ငါမတွေးရဲဘူး။”
ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်သွားလေသည်။ သူ့ကြည့်ရတာ မကျေမနပ်ဖြစ်နေသလိုပင်။ ထို့နောက် သူက “မင်းဖြေရှင်းနေပြီဆိုမှတော့ ငါတို့သွားတော့မယ်။”
ကျန်းထောင်၊ “….”
လီယွမ်ဟန်၊ “….”
‘ကုန်းထျန်းဟောက် ဘာဖြစ်နေတာလဲ။ သူ့တုံ့ပြန်မှုက နည်းနည်းထူးဆန်းနေတယ်လို့ ခံစားရတယ်။’ ထို့နောက် လီယွမ်ဟန်သည် တစ်စုံတစ်ခုကို တွေးမိသွားကာ ထိတ်လန့်မှုကြောင့် သူ့အမူအရာပင် ပျက်သွားရသည်။ သူ့မျက်လုံးများက ပြူးကျယ်သွားသော်လည်း မြန်မြန်ပင် ပြန်လည်ဖုံးကွယ်လိုက်လေသည်။
ကုန်းထျန်းဟောက်က သူ့အမူအရာကို သတိထားမိကာ နားမလည်နိုင်ဟန်ဖြင့် မေးလာခဲ့သည်။ “မင်း ဘာဖြစ်နေတာလဲ။”
လီယွမ်ဟန်က ချက်ချင်းပင် ခေါင်းကိုတွင်တွင်ခါလိုက်ကာ၊ “ဘာမှမဖြစ်ပါဘူး။ သခင်ကြီးအကြောင်း တွေးပူသွားလိုပါ။” လီယွမ်ဟန် အကြောင်းပြချက်တစ်ခု ကောက်ပေးလိုက်သည်။ ကုန်းထျန်းဟောက်နှင့် ကျန်းထောင်တို့ မိန်းကလေးတစ်ယောက်တည်းကို ချစ်မိသွားသည်ဟု သူယုံကြည်နေကြောင်းကိုတော့ ကုန်းထျန်းဟောက်အား မပြောပြနိုင်ပေ။
လီယွမ်ဟန်တစ်ယောက် တစ်ခုခုတော့ မှားယွင်းနေသလို ခံစားမိနေသည်။
လီယွမ်ဟန်သည် သူ့အချိန်အများစုကို ကုန်းထျန်းဟောက်နှင့် ကုန်ဆုံးခဲ့တာကြောင့် ကုန်းထျန်းဟောက် သိသည့်လူတိုင်းကိုလည်း သူသိလေသည်။ သို့သော်လည်း ကုန်းထျန်းဟောက်ကိုကြည့်ရတာ လီယွမ်ဟန် မသိသည့် ရှောင်လင်းယွီကို သိနေသလိုပင်။ သူသာ သူမကို မသိရင် ဘာလို့ သူတို့ပထမဆုံးအကြိမ်တွေ့ဆုံချိန်က ရှောင်လင်းယွီ၏ စူပါဟီးရိုးလို အရှိန်အဟုန်ကို ကူညီဖုံးကွယ်ပေးမှာလဲ။ ဒုတိယအကြိမ်တွေ့ဆုံချိန်မှာ ဘာလို့ ကုန်းထျန်းဟောက်က သူမကို တောင်းပန်မှာလဲ။ ဒီတတိယအချိန်တွေ့ဆုံချိန်မှာတော့ သူက တိုက်ရိုက်ပင် သူမအား အန္တရာယ်ထဲမှ ကယ်တင်လိုက်လေသည်။
သူတို့ ရှင်းယင်ခရိုင်သို့ ရောက်တည်းက ကုန်းထျန်းဟောက်သည် သူ့ပုံမှန်အမူအကျင့်များကို အကြိမ်များစွာ ချိုးဖောက်ခဲ့ပြီး လီယွမ်ဟန်ကတော့ ဘာကြောင့် ဒီလိုလုပ်မှန်း အခုထိ နားမလည်နိုင်သေးပေ။ ရှောင်လင်းယွီသည် သာမာန် ကျေးလက်သူတစ်ယောက်ဖြစ်လေသည်။ ကုန်းထျန်းဟောက်ကတော့ မြို့တော်တွင်နေကာ အလုပ်ကိစ္စအတွက် နိုင်ငံခြားသို့ သွားနေတတ်ပြီး တခြားခရိုင်များကိုတော့ သွားတာရှားလေသည်။ ရှင်းယင်ခရိုင်ကို စုံစမ်းဖို့လာခဲ့ချိန်နှင့် ရှောင်လင်းယွီကလည်း ရှင်းယင်ခရိုင်မှဖြစ်နေခြင်းကသာ တစ်ခုတည်းသော ချွင်းချက်ပင်။ အချိန်တချို့ကြာပြီးနောက် လီယွမ်ဟန်တစ်ယောက် သက်ပြင်းသာ ချလိုက်လေသည်။ “ကံကြမ္မာဆိုတာ တကယ်ကို ထူးဆန်းတာပဲ။”
ဒီနှစ်ယောက်သည် သူတို့ဘဝတွင် ဘာဆက်နွယ်မှုမှမရှိသင့်သည့်လူများဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆက်တိုက် တွေ့ဆုံဖြစ်နေခဲ့ကြလေသည်။
လီယွမ်ဟန်က သခင်ကြီးအကြောင်းပြောလိုက်ချိန်တွင် ကျန်းထောင်သည်လည်း အနားတွင်သာရှိနေသေးတာကြောင့် ကြားသွားပြီး ချက်ချင်းပင် အမူအရာမှာ လေးနက်လို့သွားတော့သည်။ “မင်းတို့နှစ်ယောက်က တကယ်ကို သူငယ်ချင်းကောင်းတွေ မဟုတ်ကြဘူးပဲ။ အဘိုးကုန်း ဒီကိုရောက်နေတာကို ဘာလို့ ငါ့ကိုမပြောကြတာလဲ။ ဒီကိစ္စသာ မရှိခဲ့ရင် ငါသိတောင် သိရမှာမဟုတ်လောက်ဘူး။”
လီယွမ်ဟန် ချောင်းဟန့်လိုက်ကာ၊ “သခင်လေးကျန်း၊ ငါတို့ အခုမှရောက်ကြတာပါ။ ပြီးတော့ မင်းကလည်း အလုပ်များနေတဲ့လူလေ။ သခင်ကြီးက မင်းကို ဒုက္ခမပေးချင်လို့ပါ။”
ကျန်းထောင်က မယုံသင်္ကာဖြစ်နေတုန်းပင်။ “ဪ.. ဒီတော့ သခင်ကြီးက အခုဘယ်မှာလဲ။ ငါကအငယ်ဆိုမှတော့ သူ့ဆီ သွားလည်ရမှာပေါ့။”
“သူက အခု ကုမိသားစုဟိုတယ်မှာ။” လီယွမ်ဟန်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ကုန်းထျန်းဟောက်ကို ကြည့်လိုက်လေသည်။ ကုန်းထျန်းဟောက် ဘာလို့ ဘာမှဝင်မပြောမှန်း သူမသိတော့ပေ၊ ဒါကြောင့် သူက တိုးတိုးတိတ်တိတ်နှင့် သူ့ကို အသာတွန်းလိုက်လေသည်။ သခင်လေးကျန်းက ဒေါသထွက်တဲ့အချိန်ဆို အရမ်းကြောက်စရာကောင်းတာ သူမသိဘူးလား။
ကျန်းထောင်က ဘာမှထပ်ပြောမလာခဲ့ပေ။
သူက ရဲအရာရှိများ၏မေးခွန်းများကို ဖြေပေးနေသော ရှောင်လင်းယွီထံသို့ လျှောက်သွားခဲ့သည်။
“လင်းယွီ၊ ဘယ်လိုဖြစ်ကြတာလဲ။ ဘာလို့ တစ်ယောက်ယောက်က မင်းကို သတ်ချင်နေတာလဲ။ အဲ့လူကို မင်းသိလား။” ကျန်းထောင်သည် ညစ်ပတ်နေသည့် သူတောင်းစားကို ညွှန်ပြလိုက်သည်။
ရှောင်လင်းယွီက ခေါင်းခါလိုက်ကာ၊ “သူ့ကို မသိဘူး။ အရင်ကလည်း မမြင်ဖူးဘူး။ ဒါပေမယ့်…” ထိုအချက်အရောက် သူမက ရပ်သွားကာ လီယွမ်ဟန်ကို လက်ညှိုးညွှန်ပြပြီးမှ ဆက်ပြောလာခဲ့သည်။ “မစ္စတာလီနဲ့ မစ္စတာကုန်းတို့က ကျွန်မကို လုပ်ကြံဖို့ ဒီလူကိုတစ်ယောက်ယောက် ညွှန်ကြားနေတာကို ကြားခဲ့ကြတယ်။”
“အဲ့လောက်တောင် ပြင်းထန်လား။” ကျန်းထောင် ပြောလိုက်သည်။ “ရှောင်လင်းယွီကိုသတ်ဖို့ မင်းကို ဘယ်သူညွှန်ကြားတာလဲ ပြောစမ်း။” သူတောင်းစားမှာ လူသားဘာသာစကားကို နားလည်ဟန်မတူပေ။ သူက ပါးစပ်ကိုဟာ၊ “အား… အား..အား” နှင့်သာ ပြောနေလေသည်။
လီယွမ်ဟန်က ရောက်လာပြီး၊ “သခင်လေးကျန်း၊ ငါတို့ မှာ ဓာတ်ပုံနဲ့ အသံသွင်းထားတာရှိတယ်။ မင်းတို့အတွက် အကူအညီဖြစ်လောက်မှာပါ။”
သူက ဖုန်းကိုထုတ်ကာ ကျန်းထောင်ကို ပြလိုက်သည်။ ထို့နောက် သူက ဟိုနှိပ်ဒီနှိပ်လုပ်နေကာ ခဏအကြာမှာတော့ ကျန်းထောင်၏ဖုန်းထံကနေပြီး အသိပေးသံတစ်သံထွက်လာခဲ့သည်။ ကျန်းထောင်ဆီသို့ ဖိုင်များပို့လိုက်ခြင်းပင်။
ကျန်းထောင်က ရှောင်လင်းယွီအား၊ “လင်းယွီ၊ စိတ်မပူနဲ့။ ငါတို့ ဒီကိစ္စကို သေချာစုံစမ်းပြီး မင်းအတွက် ဖြေရှင်းချက်တစ်ခု ရအောင်ပေးမယ်။”
“ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်ကျန်း။” ရှောင်လင်းယွီက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားဆိုလိုက်သည်။ သို့သော်လည်း သူမ၏လေသံထဲတွင်တော့ အနည်းငယ် အကွာအဝေးတစ်ခု ခြားနေဟန်ပါလေသည်။
ကျန်းထောင်က တစ်ခုခုကို ရှင်းပြချင်နေဟန်ဖြင့် ပါးစပ်ဟလာခဲ့သည်။ “လင်းယွီ၊ ငါ….”
ရှောင်လင်းယွီက ချက်ချင်းပင် သူ့စကားကိုဖြတ်ကာ အလွန်နားလည်ပေးသည့်ဟန်ဖြင့် ပြောလာခဲ့သည်။ “ခေါင်းဆောင်ကျန်း၊ ရှင် ရှင်းပြဖို့မလိုပါဘူး။ ကျွန်မနားလည်ပါတယ်။ ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး။”
ကျန်းထောင်၊ “….” သူ ငါ့ကို အထင်လွဲနေသေးတာပဲ။
သူတို့နှစ်ဦးကြားမှာ အေးစက်နေသည့်အခြေအနေကို ခံစားမိလိုက်တာကြောင့် လီယွမ်ဟန်တစ်ယောက် အံ့ဩမှုဖြင့် မျက်ခုံးပင် ပင့်လိုက်မိသည်။
‘ဒီနှစ်ယောက် ဘယ်လိုဖြစ်လို့ ခပ်တန်းတန်းဖြစ်နေကြတာလဲ။ ကျန်းထောင် ရှောင်လင်းယွီကို ဖွင့်ပြောတာ ရှုံးနိမ့်သွားလို့လား။ ဒါဆို ထျန်းဟောက်အတွက် အခွင့်အရေးရှိတယ်လို့ ဆိုလိုတာပေါ့။’
ကုန်းထျန်းဟောက်သာ လီယွမ်ဟန်၏အတွေးများကို သိလျှင် သေချာပေါက် ဒေါသထွက်နေတော့မည်။ ‘ငါ ဘယ်တုန်းကများ ဒီမိန်းမကို ကြိုက်နေပါတယ်လို့ ပြောဖူးလို့လဲ။’
ကျန်းထောင်သည် ရှင်းပြချင်သော်လည်း ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်မိသည်။ ‘နောက်တစ်ခေါက်မှပဲ ရှင်းပြတာပေါ့။ ဒီမှာ လူတွေအရမ်းများတယ်။’
“လင်းယွီ၊ ငါ ဒီလူကို စခန်းကို ပြန်ခေါ်သွားလိုက်မယ်။ မင်းမှာ အချိန်ရှိရင် ငါတို့ ဒီည ညစာအတူစားကြမလား။”
ရှောင်လင်းယွီက ခေါင်းခါလိုက်ကာ၊ “စိတ်မကောင်းပါဘူး၊ ခေါင်းဆောင်ကျန်း။ ကျွန်မ ဒီနေ့လည် အိမ်ပြန်ဖို့ အလျင်လိုနေလို့။ နောက်တစ်ခေါက်မှပေါ့။ နောက်တစ်ခေါက်ကျ ကျွန်မလိုက်ကျွေးပါ့မယ်။” သူမတွင် ကြောက်စိတ်က မပျောက်သေးတာကြောင့် တစ်ယောက်ယောက်နှင့် ညစာလိုက်စားဖို့ စိတ်အခြေအနေမကောင်းသေးပေ။
“ကောင်းပြီလေ။” ရှောင်လင်းယွီတွင် သေဘေးနှင့်ကြုံထားရသည့် သက်ရောက်မှုရှိနေသေးကြောင်း မတွေးလိုက်မိတာကြောင့် ကျန်းထောင် ရှက်ရွံ့သွားရသည်။ ‘ဘာလို့များ ဒီလောက်တောင် မတွေးနိုင်ရတာလဲ။’
ထိုမြင်ကွင်းကိုကြည့်နေသည့် လီယွမ်ဟန်ကတော့ သက်ပြင်းချလိုက်မိသည်။ ‘သခင်လေးကျန်း၊ ဒီလိုပုံစံနဲ့ မိန်းကလေးတစ်ယောက်ကို မလိုက်နိုင်တာ မထူးဆန်းတော့ပါဘူး။’
မိန်းကလေးတစ်ယောက်ကို ပိုးပန်းဖို့အတွက် စကားလုံးအနည်းငယ်ထက်မက လိုအပ်ပေသည်။ လုပ်ဆောင်ချက်တစ်ခုခုရှိဖို့လည်း လိုအပ်သည်။ ဒါ့အပြင် သူလေ့လာသိရှိထားသလောက် ဒီနှစ်ယောက်ကြားတွင် နားလည်မှုလွဲစရာတချို့ရှိနေသည့်ပုံပင်။ သခင်လေးကျန်းအနေနှင့် ဒီမိန်းကလေးကို ပန်း ဒါမှမဟုတ် ရတနာတစ်ခုခု ဝယ်ပေးသင့်သည်။ သို့သော်လည်း သခင်လေးကျန်းကတော့…
လီယွမ်ဟန်တစ်ယောက် ကျန်းထောင်ကို တည့်တည့်ပင် မကြည့်နိုင်တော့ဘဲ သူ့နဖူးသူသာ ပွတ်လိုက်မိတော့သည်။ သေချာပေါက် ကျန်းထောင်ကို သတိပေးထောက်ပြတာမျိုးတွေတော့ လီယွမ်ဟန် မလုပ်ပါဘူး။
ပြောရရင်တော့ လီယွမ်ဟန်သည် ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီကို တွဲပေးဖို့ ပိုအားသန်ပေသည်။ အမှားတစ်ခုက အစပြုပေမယ့် နောက်ဆုံးမှာတော့ ပျော်ရွှင်စရာဇာတ်သိမ်းလေးတစ်ခု ဖြစ်သွားလေသတည်းပေါ့။ ဒါကြောင့်ပဲ ကျန်းထောင်သည် လီယွမ်ဟန်နှင့် သုံးရက်သုံးညတိုင်တိုင် ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဒါပေါ့ လီယွမ်ဟန်ကပဲ အရိုက်ခံခဲ့ရတဲ့သူပါ။
“မစ္စတာလီ၊ မစ္စတာကုန်း။ ကျွန်မအသက်ကို ကယ်ပေးခဲ့တဲ့ကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူး။ တကယ်လို့ ရှင်တို့ စိတ်မရှိရင် ထောင်ယွမ်ရွာကို ရောက်တဲ့အချိန် ကျွန်မအိမ်မှာ ထမင်းလာစားပါလား။” ရှောင်လင်းယွီ သူတို့ကို ပြောလိုက်သည်။
“ကောင်းတာပေါ့။” လီယွမ်ဟန်သည် နည်းနည်းလေးတောင် မတုံ့ဆိုင်းပဲ ချက်ချင်းပင် အဖြေပြန်ပေးလိုက်သည်။ “မစ္စရှောင်၊ တကယ်တော့ အမှန်အတိုင်းဝန်ခံရရင် ငါတို့ ဒေါ်လေးရဲ့လက်ရာကို အရမ်းလွမ်းနေကြတာ။”
ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “မစ္စတာလီကတော့ အရမ်းယဉ်ကျေးနေပြန်ပါပြီ။ ရှင်တို့က ကျွန်အသက်ကို ကယ်ခဲ့တဲ့လူလေ။ ကျွန်မလည်း ရှင်တို့ကို ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲ မသိဘူး။ ဒါကြောင့် ထမင်းတစ်နပ်နဲ့ဖိတ်ကျွေးနိုင်တော့တယ်။” ထို့နောက် ရှောင်လင်းယွီက ရပ်လိုက်ကာ၊ “ဒါနဲ့ မစ္စတာလီ၊ ဒီကိစ္စကို ကျွန်မမိသားစုကို လျှို့ဝှက်ထားပေးဖို့ ရှင်တို့ကို ဒုက္ခပေးလို့ရမလား။”
ဘာပဲဖြစ်ဖြစ် ယခုကိစ္စမှာ အလွန်ကိုမှ ပြင်းထန်လေသည်။ သူမမိဘတွေသာ သိသွားလို့ကတော့ သူမကို ခရိုင်မြို့ပေါ်သို့ ထပ်သွားခိုင်းတော့မည်မဟုတ်ပေ။ ဒါ့အပြင် သူတို့ကို အရမ်းစိုးရိမ်ပူပန်နေတာမျိုးလည်း မဖြစ်စေချင်ပေ။
“ရတာပေါ့။” လီယွမ်ဟန်က သဘောတူလိုက်ပြီးနောက် သတိပေးလာခဲ့သည်။ “ဒါပေမယ့် ဒီကိစ္စမဖြေရှင်းပြီးခင်တော့ မင်း ခရိုင်မြို့ပေါ်ကို တစ်ယောက်တည်း မလာသင့်သေးဘူး။”
ရှင်းယင်ခရိုင်သည် ရာဇဝတ်မှုနည်းပါးသည် ပြောခဲ့သော်လည်း အခုတော့ လူသတ်ရန်ကြံစည်မှုအတွက် မျက်မြင်သက်သေများဖြစ်လာခဲ့သည်။
အဖြစ်အပျက်တစ်ခုလုံးသည် ထူးဆန်းသည်ကို လီယွမ်ဟန် တွေ့ရှိခဲ့လေသည်။ နောက်ကွယ်က လက်သည်တရားခံ၏ဉာဏ်ကိုလည်း သူသံသယဝင်မိသည်။ ဒီလို လုပ်ကြံသတ်ဖြတ်ရမယ့်တာဝန်ကို နေ့ခင်းကြောင်တောင်ကြီး ခိုင်းဖို့ ဘယ်လိုတောင် သတ္တိရှိကြတာလဲ။ တကယ်ကို မယုံနိုင်စရာပဲ။ တစ်ယောက်ယောက်ဖြတ်သွားတာနဲ့ကြုံရင် သေချာပေါက် ရဲခေါ်ကြမှာပဲလေ။ ဒီသူတောင်းစားလည်း အဖမ်းခံရမှာ ရာနှုန်းပြည့်ပဲ။
လီယွမ်ဟန်သည် ရှောင်လင်းယွီ၏ ကောင်းမွန်လှသော ကံအပေါ် အတော်လေး အထင်ကြီးမိသွားသည်။ သူတို့ ဖြတ်သွားချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို လုပ်ကြံသတ်ဖြတ်သည့်ဇာတ်ကွက်ကြီးနဲ့ တည့်တည့်တိုးလေသည်။ သူတို့သည်လည်း တခြားတစ်ယောက်ယောက်သာဆိုလျှင် ဆက်လျှောက်သွားပြီး ရဲကိုသာ ခေါ်လိုက်မည်ပင်။ အခုတော့ ရှောင်လင်းယွီ၏နာမည်ကိုကြားလိုက်ရကာ သူတို့တစ်ခုခုဝင်လုပ်မှဖြစ်မည်မှန်း သိလိုက်ကြသည်။
ဒါကြောင့်ပဲ သူတို့လည်း တိုးတိုးတိတ်တိတ်နဲ့ သူတောင်းစားနောက်က လိုက်လာခဲ့လေသည်။
ထိုသူတောင်းစားက စိတ်မနှံ့တာ တကယ်ဟုတ်မဟုတ်ကိုတော့ မသိပေ။ ထိုလူသည် တစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်မည်ဆိုသော်လည်း နည်းနည်းလေးမှ ကြိုတင်ကာကွယ်မှုလုပ်ထားဟန်မတူပေ။ သူ့နောက်ကနေ လူနှစ်ယောက်လိုက်လာတာတောင် မသိပေ။ သူတောင်းစားသည် ထောင့်သို့ရောက်သည်နှင့် ဝင်ပုန်းလိုက်လေသည်။
လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့လည်း သူတောင်းစားကို စောင့်ကြည့်ရန်အတွက် တခြားထောင့်တစ်ခုတွင် ပုန်းလိုက်ကြသည်။ သူတောင်းစားသာ ဘေးပတ်ဝန်းကျင်ကို တစ်ချက်လောက် သတိထားလိုက်သည်နှင့် သေချာပေါက် လူနှစ်ယောက်ကို တွေ့မည်ဖြစ်သော်လည်း သူကတော့ ရှေ့တည့်တည့်သို့သာ ကြည့်နေလေသည်။
ဒါကြောင့်ပဲ လီယွမ်ဟန်သည် ထိုသူတောင်းစားက တကယ်ပဲ စိတ်ကျန်းမာရေးမကောင်းသူဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း နောက်ကွယ်က လက်သည်တရားခံသည်လည်း စိတ်ကျန်းမာရေးပြန်စစ်ဖို့ လိုနေသည့်ပုံပင်။ ရူးနေလူသတ်သမားကို ငှားလိုက်တာနဲ့ သူတို့တွေ တာဝန်ခံစရာမလိုတော့ဘူးများ ထင်နေကြတာလား။ အဲ့ဒီအရူးက သူ့ကို သစ္စာမဖောက်ပါဘူးလို့များ ထင်နေတာလား။
အရမ်းအတာပဲ။
ဒါကြောင့်ပဲ လီယွမ်ဟန်သည် ရှောင်လင်းယွီကို သတိထားဖို့ ပြောခဲ့ခြင်းဖြစ်သည်။ နောက်ကွယ်မှ တကယ့်ကြိုးကိုင်သူကို အခုထိ မဖမ်းမိသေးပေ။
သခင်လေးကျန်းနှင့်သာဆိုလျှင် သူတောင်းစားက စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေရင်တောင်မှ ဒီအမှုကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ပေလိမ့်မည်။
ရှောင်လင်းယွီလည်း လီယွမ်ဟန်၏ကောင်းမွန်သည့်ရည်ရွယ်ချက်ကို နားလည်တာကြောင့် ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပါပြီ၊ ကျွန်မ နားလည်ပါတယ်။”
နောက်ကွယ်ကလူက ဘယ်သူဖြစ်လောက်မှန်း သူမ သိနေလောက်သည်ဟု ရှောင်လင်းယွီ ခံစားမိလေသည်။ ဒါကြောင့် လတ်တလောတော့ ခရိုင်မြို့နှင့်ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်သည်။
သူမကိုယ်ဝန်က သုံးလသာရှိသေးတာကြောင့် ရှောင်ထုန်သည် ထိတ်လန့်မှုများ မကြာခဏကြုံရသည်ကို မခံနိုင်သေးပေ။
ကုမိသားစုဟိုတယ်ကို ပစ္စည်းပို့ဖို့အတွက်ကိုတော့ သုံးရက်တစ်ကြိမ်ပို့ရန်ဆုံးဖြတ်လိုက်လေသည်။ အသီးအရွက်တွေက ၁၀ရက်အထိ လတ်ဆတ်မှုကို ထိန်းသိမ်းထားနိုင်တာကြောင့် ထိုသို့ရက်ခြားလိုက်ခြင်းက ပြဿနာမဟုတ်ပေ။
အသီးအရွက်များ ရိတ်သိမ်းပြီးသည်နှင့် ဟိုတယ်ကလူတွေကို သူမအိမ်သို့ တခါတည်းလာယူရန် ခေါ်လိုက်လို့ရပေသည်။
ထိုသို့တွေးကြည့်ပြီးနောက် ရှောင်လင်းယွီက မေးလိုက်လေသည်။ “မစ္စတာလီ၊ ဒါပြီးရင် ကုမိသားစုဟိုတယ်ကို ပြန်ကြမှာမဟုတ်လား။”
လီယွမ်ဟန်က ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်လေ။”
“ဒါဆို ဟိုတယ်ရဲ့ အဝယ်တော်မန်နေဂျာ ဝမ်ကျီမင်ကို ကျွန်မအိမ်ကိုလာခဲ့ပေးဖို့ စကားပါးပေးလို့ရမလား။”
“ကိစ္စအသေးအဖွဲလေးပဲကို သေချာပေါက် ရတာပေါ့။”
…..
ရှောင်လင်းယွီ အငှားအိမ်သို့ပြန်ရောက်ချိန်တွင်တော့ အားလျော့စွာဖြင့် အိပ်ယာပေါ်ပစ်လှဲလိုက်တော့သည်။ လုပ်ကြံမှုထက် ရှောင်ထုန်၏ဖခင်နှင့်တွေ့ဆုံလိုက်ရသည်က သူမကို အတော်လေး အားကုန်သွားစေခဲ့သည်။ ရှောင်ထုန်ကြီးလာလျှင် သူ့အဖေနှင့် တူလောက်သည်ကိုလည်း သူမတွေးကြည့်ခဲ့ဖူးသည်။
အခုတော့ ကိုယ်တိုင်မြင်လိုက်ရပြီဖြစ်တာကြောင့် သေချာသွားလေသည်။
ဒါ့အပြင် သူမလည်း စတင်ပြီး စိုးရိမ်လာမိခဲ့သည်။
ကိစ္စတွေက ဒီလောက်အထိ တိုက်ဆိုင်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ရှောင်ထုန်၏ဘိုးဘိုးကြီးက ထောင်ယွမ်ရွာတွင် လာနေမည်ပင်။ သခင်ကြီးသာ ရှောင်ထုန်ကို မြင်သွားလျှင် သေချာပေါက် သံသယဝင်လာလောက်သည်။ နောက်ဆက်တွဲအနေနဲ့ အကြောင်းကိစ္စတွေကို စုံစမ်းဖို့ဆိုသည်က အလွယ်လေးပင်။ ကိုယ်ဝန်စရှိချိန်တွင် ရှောင်လင်းယွီရော ကုန်းထျန်းဟောက်ပါ Zမြို့တွင် တချိန်တည်း ရှိနေခဲ့ကြသည်ကို သိနိုင်လေသည်။
ဒါ့အပြင် သွေးသားစစ်ဆေးခြင်းဟုခေါ်သည့်အရာကလည်းရှိသေးသည်။
ကလေးမွေးလာပြီးတဲ့နောက် ကလေးကို ပြန်လိုချင်ကြရင် ဘယ်လိုလုပ်မလဲ။ သူမကို ရှောင်ထုန်အားစောင့်ရှောက်ခွင့် မပေးကြရင်ရော။ အရင်ဘဝတုန်းကလို တူညီတဲ့ကံကြမ္မာမျိုး ရှောင်ထုန် ရင်ဆိုင်ရမှာလား။
မဖြစ်ဘူး၊ အဲ့လိုဖြစ်ခွင့်မပြုနိုင်ဘူး။ သူမမှာသာ ဒုတိယအကြိမ်အခွင့်အရေးရှိလာရင် ရှောင်ထုန်ကို ကောင်းကောင်းစောင့်ရှောက်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝမျိုးပေးပါမယ်လို့ သူမကျိန်ဆိုထားတယ်လေ။
ထိုအခိုက်မှာပဲ ရှောင်လင်းယွီ စိတ်ကိုပြင်ဆင်လိုက်သည်။ သူမက သူမဗိုက်ကိုထိကာ၊ “ရှောင်ထုန်၊ သား မေမေ့ကို မမုန်းဘူးမဟုတ်လား။ မေမေက သားကို သားဖေဖေနဲ့ အတူမရှိစေချင်လို့မဟုတ်ပါဘူး။ ဒီအတိုင်း သားဖေဖေက ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ မေမေ မပြောနိုင်ရုံတင်ပါ။ ဖြစ်လာနိုင်တဲ့ မကောင်းတဲ့အခြေအနေတွေအတွက် မေမေ မစွန့်စားချင်ဘူး။ ဒါကြောင့် မေမေ သူနဲ့ ဝေးဝေးနေဖို့လိုတယ်။”
ထိုလူသည် Zမြို့ကလူဟုတ်မဟုတ် ရှောင်လင်းယွီမသိသော်လည်း ချမ်းသာသည့်မိသားစုက ဆင်းသက်လာသူဖြစ်တာကြောင့် သေချာပေါက် ထူးခြားသည့် စိတ်နေစိတ်ထားရှိမည်ဖြစ်ကြောင်းကိုတော့ ပြောနိုင်လေသည်။
Zမြို့တွင်တော့ ထိုလူ့အကြောင်း သူမ တစ်ခါမှမကြားဖူးပေ။
‘ကုန်းထျန်းဟောက်? နေပါဦး။ ငါ ဒီနာမည်ကို အရင်က ကြားဖူးသလိုပဲ။ ဘယ်မှာပါလိမ့်…’
ရှောင်လင်းယွီ စိတ်ကိုအေးအေးထားကာ ပြန်တွေးကြည့်လိုက်သည်။ ထို့နောက်မှာတော့ ရုတ်တရက်ဆိုသလို မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပြူးကျယ်သွားတော့သည်။
သူမ ချက်ချင်းပင် အိပ်ယာထဲကပင် ခုန်ထလိုက်မိကာ၊ “မဖြစ်သေးဘူး၊ ငါသေချာရှာမှဖြစ်မယ်။ ကျေးဇူးပြုပြီး အဲ့လူတော့ မဟုတ်ပါစေနဲ့… တိုက်တိုက်ဆိုင်ဆိုင် နာမည်တူနေတာပဲဖြစ်လောက်မှာပါ။”
***
စာစဉ် ၉ ပြီးပါပြီ။
ဒီတစ်ခေါက်စာစဉ်မှာ မူရင်းက နှစ်ပိုင်းခွဲထားတဲ့အပိုင်းတွေကို တစ်ပိုင်းတည်းပေါင်းပြီး ထည့်ပေးထားပါတယ်။