ငါဂေးမဟုတ်ဘူး
Vol. 10 Ch. 169
ရှောင်လင်းယွီတစ်ယောက် အင်တာနက်ကဖေးထဲက ပြန်ထွက်လာချိန်မှာတော့ မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေတော့သည်။ ရလဒ်ကို သိပြီးပြီးချင်းမှာပဲ အင်တာနက်ကဖေးထဲက ပြေးထွက်မိတော့မတတ်ကို ဖြစ်သွားခဲ့သည်။ အခုတော့ သူမခြေလှမ်းတွေကို တရွတ်ဆွဲကာ လျှောက်နေမိလေသည်။
ကလေးမလေးတစ်ယောက်က ရှောင်လင်းယွီကို လက်ညှိုးထိုးကာ သူမမိခင်ကို မေးလိုက်လေသည်။ “မေမေ၊ ဟိုဘက်လမ်းက မမက ဘာဖြစ်နေတာလဲ။ နေမကောင်းလို့လား။ သမီးတို့ ဆေးရုံလိုက်ပို့ကြမလားဟင်။”
ထိုအခါ သူမမိခင်က ပြုံးလိုက်ကာ၊ “အဲ့ဒီမမက အရွယ်ရောက်နေပြီးသားလေ။ နေမကောင်းဖြစ်ရင် သူ့ဘာသာ ဆေးရုံသွားရမယ်ဆိုတာ သိတယ်။”
“ဟုတ်။” ကလေးမလေးက ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါပြီ၊ မေမေတို့ မြန်မြန်သွားရအောင်။ သမီး ဖေဖေက အိမ်မှာစောင့်နေပြီလေ။”
“ဟုတ် သွားမယ်။ မေမေ မြန်မြန်သွားရအောင်။”
သားအမိနှစ်ယောက်ထွက်သွားပြီးနောက် ရှောင်လင်းယွီ အသိစိတ်ပြန်ကပ်လာချိန် သူမအိတ်ထဲမှ ဖုန်းမြည်သံကိုပါ တစ်ဆက်တည်း ကြားလိုက်ရလေသည်။
သူမလည်း မှသက်သေသေဖြင့်သာ ဖုန်းကို ပြန်ဖြေလိုက်လေသည်။ သူမ ဖုန်းပြန်ဖြေလိုက်သည်နှင့် ဖုန်းတစ်ဖက်မှ စိုးရိမ်ပူပန်နေသည့်အသံတစ်သံက ချက်ချင်းပေါ်ထွက်လာတော့သည်။ “မစ္စရှောင်၊ ငါဝမ်ကျီမင်ပါ။ မင်းအဆင်ပြေရဲ့လား။ ငါမင်းကို ခေါ်နေတာကြာပြီ မင်း ဖုန်းမကိုင်ဘူးလေ။ မင်း တစ်ခုခုများဖြစ်နေပြီလားလို့ ထင်သွားတာ။”
ရှောင်လင်းယွီ ခေါင်းခါလိုက်ပြီး၊ “အာ… ကျွန်မ အဆင်ပြေပါတယ်။” ထို့နောက်မှ ဝမ်ကျီမင်ကို သူမအိမ်သို့လာရန် ပြောထားသည်အား အမှတ်ရသွားကာ ချက်ချင်းပင် အသိစိတ်ကို လက်ရှိအခြေအနေတွင် ပြန်စုစည်းလိုက်လေသည်။
“မန်နေဂျာဝမ်၊ ရှင်အခုထိ ကျွန်မအိမ်မှာပဲ ရှိသေးတာလား။”
ဝမ်ကျီမင်တစ်ယောက် ကူကယ်ရာမဲ့နေဟန်ဖြင့် ပြန်ဖြေလာခဲ့သည်။ “ရှိနေတာပေါ့။”
“ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ အရေးကြီးကိစ္စလေးပေါ်လာတာနဲ့ ရှင့်ကို ပြောဖို့ မေ့သွားတယ်။” ရှောင်လင်းယွီ ချက်ချင်းပင် တောင်းပန်လိုက်သည်။ “ခဏလေးစောင့်ပေးပါနော်။ ကျွန်မ ခဏနေပြန်ရောက်ပါမယ်။”
…..
ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့ ကိုယ့်အခန်းကိုယ် ပြန်ခဲ့ကြသည်။
သို့သော်လည်း လီယွမ်ဟန်ကတော့ ကုန်းထျန်းဟောက်ကို ထူးဆန်းသည့်အမူအရာဖြင့် ဆက်တိုက် ကြည့်နေမိလေသည်။
ကုန်းထျန်းဟောက်က စိတ်မရှည်တော့ဘဲ၊ “ဟုတ်ပြီ၊ မင်းဘာတွေ တွေးနေတာလဲ။ ပြန်လာတဲ့တစ်လမ်းလုံး မင်းငါ့ကို ထူးထူးဆန်းဆန်းအကြည့်ကြီးနဲ့ ကြည့်နေတာ။ ငါ့ကို ချစ်မိသွားလို့လား။”
လီယွမ်ဟန် ကိုယ့်တံတွေးနဲ့ကိုယ် သီးတော့မလိုဖြစ်သွားလေသည်။ သူက မနည်း စိတ်ကို ပြန်ထိန်းချုပ်လိုက်ပြီး အော်လိုက်တော့သည်။ “ထျန်းဟောက်၊ ငါ ဂေးမဟုတ်ဘူး။”
ကုန်းထျန်းဟောက် မျက်လုံးသာ လှိမ့်လိုက်လေသည်။
လီယွမ်ဟန် သူ့ရင်ဘက်သို့ပုတ်လိုက်ပြီးနောက် ကုန်းထျန်းဟောက်အား သံသယမကင်းသည့်ဟန်ဖြင့်ကြည့်ကာ မေးလိုက်သည်။ “ထျန်းဟောက်၊ မင်း ရှောင်လင်းယွီကို တကယ်မသိတာလား။”
ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ “မသိဘူး။” သူ အနည်းငယ် စိတ်ရှုပ်သွားလေသည်။
“ဒါပေမယ့် မင်း ရှောင်လင်းယွီအပေါ် ဆက်ဆံပုံက ပုံမှန်နဲ့မတူဘူးဆိုတာ သတိထားမိလား။” လီယွမ်ဟန် အဓိကအချက်ကို ထောက်ပြလိုက်သည်။ “မင်း တခြားလူတွေရဲ့ကိစ္စဆို ဘယ်တုန်းကမှ ဝင်မပါပေမယ့် ရှောင်လင်းယွီရဲ့ကိစ္စတွေမှာဝင်ပါတာကတော့ အကြိမ်ရေများနေပြီ။ ဒါပုံမှန်မဟုတ်ဘူးနော်။” ဒါပေါ့၊ လီယွမ်ဟန်က ဒါက စနောက်သည့်ဟန်ဖြင့်သာ ပြောလိုက်ခြင်းဖြစ်သည်။
ကုန်းထျန်းဟောက်၏နက်ရှိုင်းကာ မည်းနက်နေသည့်မျက်ဝန်းများမှာ မှေးကျဉ်းသွားသော်လည်း အသံကတော့ ထွက်မလာပေ။
ကုန်းထျန်းဟောက်၏အမူအရာကိုမြင်လိုက်ချိန်မှာတော့ လီယွမ်ဟန် တကယ်ကို ထိတ်လန့်သွားလေသည်။ “ထျန်းဟောက်၊ မင်း တကယ်ကြီး ရှောင်လင်းယွီကို မြင်မြင်ချင်းချစ်မိသွားတယ်လို့တော့ မပြောနဲ့နော်။” ထို့နောက် လီယွမ်ဟန် ခေါင်းခါလိုက်ကာ၊ “ထျန်းဟောက်၊ ဒါတော့မဖြစ်နိုင်ဘူး။ ရှောင်လင်းယွီက သာမာန် ကျေးတောသူလေးတစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး သခင်လေးကုန်းနဲ့ သခင်လေးကျန်းကို တပြိုင်တည်း ဆွဲဆောင်နိုင်ပါ့မလဲ။ သူ အဲ့လောက်အထိ ဆွဲဆောင်မှုရှိတယ်လို့ ငါတော့ မမြင်ပါဘူး။”
ကုန်းထျန်းဟောက်က သူ့ကို စိုက်ကြည့်လာကာ မပျော်မရွှင်ဖြင့် ပြောလာလေသည်။ “ငါ့အတွင်းရေးမှူး ဒီလောက်မိုက်မဲမှန်း ငါဘာလို့ မသိခဲ့တာများလဲ။ မင်းဘာလို့ မဖြစ်နိုင်တာတွေ လျှောက်ပြောနေတာလဲ။ ပြီးတော့ ထောင်ဇီက သူ့ကို ကြိုက်နေတာလဲ။ ငါက ငါ့ညီအစ်ကိုနဲ့ မိန်းမတစ်ယောက်ကို ပြိုင်ကြိုက်မယ့် လူစားမဟုတ်ဘူး။ ဒါ့အပြင် ငါက သူ့ကို တကယ်လည်း ကြိုက်နေတာမှမဟုတ်တာ။”
အနာဂါတ်မှာတော့ ကုန်းထျန်းဟောက်တစ်ယောက် သူ့စကားကိုသူ ပြန်စားသွားပေလိမ့်မည်။ ဒါ့အပြင် ကျန်းထောင် ဘယ်လိုမှမတတ်နိုင်အောင် သူ့ညီအစ်ကိုကောင်းအတွက် တွင်းကြီးကြီးပါ တူးခဲ့သေးသည်။
ကုန်းထျန်းဟောက်၏စကားတွေကို လီယွမ်ဟန် မယုံကြည်သော်လည်း ဘာမှမပြောခဲ့ပေ။ ဆက်ဆံရေးတစ်ခုဆိုတာ ဖိအားပေးလို့ရတာမှမဟုတ်ဘဲ။
သခင်ကြီး ကောင်းကောင်းနားပြီးသည့်နောက်မှာတော့ သူတို့လည်း ထောင်ယွမ်ရွာသို့ ခရီးဆက်ခဲ့လေသည်။
ရှင်းယင်ခရိုင်မှ ရှင်းအန်းမြို့ နာရီဝက်သာ ခရီးပေါက်လေသည်။ ရှင်းအန်းမြို့မှ ထောင်ယွမ်ရွာသွားသည့်လမ်းကတော့ ပြင်ပြီးသွားပြီဖြစ်သည်။ ယခင် ချိုင့်တွေတွင်းတွေနှင့်လမ်းကို ဖြတ်ဖို့အတွက် တစ်နာရီကျော်ကြာသော်လည်း အခုတော့ နာရီဝက်တောင် မကြာတော့ပေ။
သခင်ကြီးကုန်းသည် ရှင်းအန်းမြို့သို့ရောက်ချိန်မှာပဲ ပင်ပန်းနေခဲ့ပြီဖြစ်သည်။ သို့သော်လည်း ထောင်ယွမ်ရွာသို့ နီးကပ်လာချိန် မက်မွန်ပင်များစွာကို မြင်တွေ့ရချိန်မှာတော့ ပြန်လည်ပြီး အားအင်ပြည့်လာတော့သည်။ “ဒီနေရာကို ထောင်ယွမ်ရွာလို့ခေါ်တာ မအံ့ဩတော့ပါဘူး။ နေရာတိုင်း မက်မွန်ပင်တွေချည်းရှိနေတာပဲ။”
“အရင်တုန်းက လမ်းပန်းဆက်သွယ်ရေးမကောင်းတာကြောင့် မက်မွန်သီးအများစုက မြေပေါ်ပြုတ်ကျပြီး ပုပ်ကုန်တာကတော့ နှမြောစရာပဲ။” လီယွမ်ဟန်က စိတ်မကောင်းဟန်ဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် အခု လမ်းက အသစ်ဖြစ်သွားပြီလေ။” သခင်ကြီးကုန်းက အပြင်သို့ ကြည့်ကာ ပြောလိုက်သည်။ “ဟောက်အာ၊ မင်း ဒါကို ပြင်ဖို့ လူလွှတ်ထားတာလား။”
“ဟုတ်တယ်၊ အဖိုး။” ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ “ဒီလမ်းတွေက အရင်ကဆို အရမ်းဆိုးတာ။”
သခင်ကြီးကုန်း ထောင်ယွမ်ရွာတွင် နေတော့မည်ဆိုကတည်းက သူတို့ကတော့ အသွားအလာ မလုပ်ဖြစ်ကြမည်မဟုတ်ရင်တောင် လမ်းကောင်းကောင်းရှိထားတာက ပိုပြီး အဆင်ပြေစေလိမ့်မည်။ ဒါ့အပြင် ပစ္စည်းတွေ သယ်ပို့ဖို့ကလည်း လိုအပ်သေးသည်။ လမ်းပြင်တာက ဘယ်လောက်မှ ကုန်ကျတာမဟုတ်ပေ။ သခင်ကြီးကုန်း အဆင်ပြေသွားပြီး ထောင်ယွမ်ရွာသားတွေအတွက်လည်း အကူအညီပေးလိုက်ရာရောက်ပေသည်။
“ဒီနေရာမှာ လှပတဲ့တောင်တန်းတွေနဲ့ မြစ်ချောင်းတွေရှိတာပဲ။ ရှုမြင်ကွင်းက တကယ်ကို သာယာလွန်းတယ်။ တကယ်ကို အနားယူဖို့ နေရာကောင်းတစ်ခုပဲ။” သခင်ကြီးကုန်း အလွန်ကျေနပ်နေလေသည်။ “ဟောက်အာ၊ ယွမ်ဟန်၊ မင်းတို့ တကယ်ကို တွေးတတ်တာပဲ။”
ထောင်ယွမ်ရွာသည် တရုတ်ပြည်၏ ဝေးလံခေါင်သီသော တောင်ပေါ်ရွာတစ်ရွာဖြစ်ကာ မြို့တော်မှ မိုင်ပေါင်း ထောင်ချီကွာဝေးလေသည်။ ကုန်းထျန်းဟောက်နှင့် လီယွမ်ဟန်သည် ဒီနေရာကို ရှာတွေ့ဖို့အတွက် အများကြီး ရှာဖွေ စုံစမ်းခဲ့ရလေသည်။
လီယွမ်ဟန်ပြုံးလိုက်လေသည်။ “အဖိုး၊ ဒါတွေအားလုံး ကျွန်တော့်ရဲ့လက်အောက်ကဝန်ထမ်းတွေကို ကျေးဇူးတင်ရမှာ။ ကျွန်တော်တို့မှာ ခရီးထွက်ရတာကြိုက်တဲ့လူတွေရှိတယ်။ သူတို့က ကျေးလက်ဒေသနေရာတော်တော်များများကို သွားလည်ဖူးကြတယ်။ တစ်ဖွဲ့ကဆို တောင်ပေါ်ရွာတွေကိုမှ လည်ရတာကြိုက်တာ။ သူတို့က သဘာဝတရားကို ခံစားရတာ သဘောကျတဲ့လူတွေလေ။ ပြီးတော့ ဒီနေရာအကြောင်း သူတို့ပဲ ပြောပြခဲ့ကြတာ။”
သခင်ကြီးကုန်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ တောင်ပေါ်ရွာတွေက ရှေးကတည်းက ခရီးသွားတွေအတွက် ဆွဲဆောင်မှုအရှိဆုံးနေရာတွေပဲ။”
“ကျွန်တော်က ကုမ္ပဏီဂရုချက်ထဲမှာ ရှုခင်းကောင်းကောင်းနဲ့ တိတ်ဆိတ်အေးချမ်းတဲ့နေရာမျိုးအကြောင်း မေးလိုက်တော့ သူတို့က နေရာနည်းနည်းကို အကြံပြုလာပေးကြတယ်။ ကျွန်တော်တို့လည်း သူတို့ပြောတဲ့ထဲက အများစုကို စုံစမ်းကြည့်ပြီးတော့ ဒီရွာက အကောင်းဆုံးဆိုပြီး ဆုံးဖြတ်လိုက်ကြတာ။” လီယွမ်ဟန်က ရှင်းပြလာလေသည်။
တကယ်တော့ သူတို့ ထောင်ယွမ်ရွာကို ရွေးချယ်ရသည့် အကြောင်းအရင်းတော်တော်များများ ရှိလေသည်။
ပထမဆုံးအနေနှင့် ထောင်ယွမ်ရွာတွင် ကောင်းမွန်သည့် သဘာဝရှုမြင်ကွင်းများရှိလေသည်။
ဒုတိယကတော့ သခင်လေးကျန်းက ဒီမှာရှိနေခြင်းပင်။ သူက သခင်ကြီးကုန်းကို ကြည့်ရှုစောင့်ရှောက်နိုင်သည်။ ကုန်းထျန်းဟောက် မရှိနေသည့်အချိန်မျိုးဆို ကျန်းထောင်က အားလုံးကို ဖြေရှင်းနိုင်လေသည်။
တတိယကတော့ ထောင်ယွမ်ရွာတွင် အရမ်းအရမ်းကိုမှ အချက်အပြုတ်ကောင်းသည့် ဒေါ်လေးချန် ရှိနေခြင်းပင်။
သခင်ကြီးကုန်းသည် အသက်ကြီးလာသည်နှင့်အမျှ အစားအသောက်ချီးများလာလေသည်။ ကုန်းထျန်းဟောက်သည်လည်း သူ့အဖိုး၏ထိုမကောင်းသည့်အကျင့်ကို ဆက်ခံထားလေသည်။ သို့သော်လည်း ကုန်းထျန်းဟောက်သည် ဒေါ်လေးချန် ချက်ပေးသည့်ဟင်းများကို အားလုံးကုန်အောင် စားခဲ့သည်။ ဒါကြောင့်ပဲ သခင်ကြီးကုန်းသည်လည်း သူမ၏လက်ရာကို သဘောကျနိုင်ချေ အလွန်မြင်လေသည်။
သခင်ကြီးကုန်းက ထပ်ပြောလာခဲ့သည်။ “မင်းတို့ကလေးနှစ်ယောက် တကယ်ကို တွေးတတ်ကြတာပဲ။”
ဤရွာလေးသည် ရှုခင်းကောင်းတာကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် လေကောင်းလေသန့်ရှိတာကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် အစားအသောက်ကောင်းတွေကို မျှော်လင့်မိနေတာကြောင့်ဖြစ်ဖြစ် သခင်ကြီးကုန်းသည်တော့ တော်တော်လေး စိတ်အခြေအနေကောင်းနေခဲ့သည်။
သူတို့ ထောင်ယွမ်ရွာသို့ရောက်ချိန်တွင် ညနေ ၅နာရီ ၆နာရီလောက် ရှိသွားပြီဖြစ်သည်။
ဧပြီလတွင် ထိုအချိန်က စောသေးသည်ဟု သတ်မှတ်၍ရကာ ကောင်းကင်က လင်းရှင်းနေတုန်းပင်။ သူတို့လည်း သခင်ကြီးကုန်းကို အိမ်အသစ်ဆီသို့ ခေါ်ဆောင်သွားခဲ့တော့သည်။
သခင်ကြီးကုန်းသည် ဤနေရာကို အလွန်ကိုမှ သဘောကျနေခဲ့သည်။
သာမာန်အိမ်လေးဖြစ်ကာ ကြီးလည်းမကြီးပါဘဲ ပုံမှန်အခန်းသုံးခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခန်းနှင့် ထင်းတဲတစ်ခုတို့ ပါဝင်သည်။ ဒါ့အပြင် ခြံဝန်းကျယ်ကြီးလည်းရှိသေးကာ နေကာထီးပင်တချို့နှင့် တရုတ်ဆီးသီးပင်အချို့လည်းရှိပေသည်။
ခြံထဲတွင် အနားယူအပန်းဖြေနိုင်ရန် နားနေဆောင်တစ်ခုလည်းရှိသေးသည်။ ဒါ့အပြင် အဖိုးတန်ပန်းများနှင့် အပန်များစွာလည်း ဝန်းရံနေသေးကာ ရွှေငါးအနည်းငယ်ထည့်ထားသည့် ရေကန်ငယ်လေးလည်းရှိသေးလေသည်။ ခြံဝန်းကြီးမှာ တော်ဝင်ပန်းခြံမှ ရှုမြင်ကွင်းကို ပုံတူပွားထားသလိုပင်။
သခင်ကြီးကုန်း အလွန်စိတ်ကျေနပ်နေခဲ့သည်။ “ကောင်းကောင်းလုပ်ထားတာပဲ။ ကျေးဇူးပါကွယ်။”
ကုန်းထျန်းဟောက်က၊ “အဖိုး သဘောကျသ၍ တန်ပါတယ်။” ထို့နောက် သူက ခဏရပ်သွားခဲ့ကာ အလွန်လေးနပ်ကာ တောင်းဆိုသည့် လေသံဖြင့် ဆက်ပြောလာခဲ့သည်။ “အဖိုး၊ အခုကစပြီး၊ အေးအေးချမ်းချမ်း အနားယူပြီး ပြန်ထူထောင်နိုင်အောင် လုပ်ပါ။ ဘယ်ကိစ္စကြောင့်နဲ့ပါ ကိုယ့်ကိုယ်ကို ဒုက္ခအဖြစ်မခံပါနဲ့တော့၊ ရမလား။”
သခင်ကြီးကုန်း သက်ပြင်းအသာချလိုက်ကာ သူ့သဘောထားကို ရှင်းရှင်းလင်းလင်းပြသလိုက်သည်။ “ဟောက်အာ၊ အဖိုးရဲ့ကတိကို တည်အောင်လုပ်မှာပါ။ အားလုံး မင်းလက်ထဲထည့်လိုက်ပြီဆိုမှတော့ ငါနောက်ပိုင်းကိစ္စတွေကြောင့်နဲ့ စိတ်အရှုပ်မခံတော့ဘူး။ မင်းသဘောကျ ငါဒီမှာပဲ နေ့ပါ့မယ်။ ပြီးတော့ ငါ့မြစ်လေး ပြေးလွှားဆော့ကစားနေတာကို မြင်ရတဲ့အထိ အသက် တစ်ရာကျော်အောင် နေသွားမယ်။”
“ဟဟ၊ ဟုတ်ပါပြီ၊ အဖိုး။” ကုန်းထျန်းဟောက်၏နှုတ်ခမ်းများကွေးတက်ကာ ပြုံးသွားလေသည်။
သူတို့ရောက်ရှိလာခြင်းက သဘာဝကျကျပင် ရွာသားများ၏အာရုံနှင့် စပ်စုချင်စိတ်ကို နှိုးစွခဲ့လေသည်။
လူငယ်လေးနှစ်ယောက်က သူတို့အဖိုးနေရန်အတွက် ရွာထဲတွင် အိမ်ကြီးတစ်လုံးလာဆောက်ထားကြောင်း သူတို့သိထားကြပြီးဖြစ်သည်။ အိမ်ဆောက်ပြီးသွားချိန်တွင် တော်တော်များများက လာကြည့်ခဲ့ကြကာ အားလုံး သက်ပြင်းချခဲ့ကြသည်။ “ဒီအိမ်က တကယ်လှတာပဲ၊ ခြံဝန်းကလည်း အကျယ်ကြီးပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူတို့ဘယ်လောက်ချမ်းသာလဲ ပြောနိုင်တယ်။” သို့ပေမယ့် တချိန်တည်းမှာပဲ သူတို့စိတ်ထဲ နားမလည်နိုင်မှုများ ရှိနေခဲ့သည်။ “ဒီလူချမ်းသာတွေက ထူးတော့ထူးဆန်းသား။ မြို့ပေါ်မှာနေရတာ ဒီလောက်ကောင်းတာကို။ ဘာလို့ ဒီလို ဆင်းရဲတဲ့ရွာလေးကိုမှ ပြောင်းလာချင်ကြရတာလဲ။”
နယ်ခံတွေအတွက်ကတော့ ဒီလိုဆင်းရဲသည့်ကျေးလက်ဒေသဘက်မှာ နေထိုင်ရခြင်းက အဆင်မပြေလှမှန်း သိကြလေသည်။ ဒါပေါ့၊ တချို့ရွာသားတွေက ထိုလူငယ်လေးနှစ်ယောက် မြို့တော်တွင် သူတို့ကို အနှောက်အယှက်မပေးစေချင်တာကြောင့် လူအိုကြီးကို ဒီမှာ လာစွန့်ပစ်သည်ဟု သံသယဝင်နေကြလေသည်။ တီဗီဒရာမာတွေမှာဆို ဒီလိုဇာတ်လမ်းတွေအများကြီးပဲလေ။
သို့သော်လည်း ရွာထဲသို့ အနက်ရောင်ကားများဝင်လာကာ အိမ်ကြီးရှေ့တွင် ရပ်လိုက်ကြပြီးနောက် လူငယ်လေးများက လူအိုကြီးကို တလေးတစားဖြင့် ကူညီပေးနေသည်အား မြင်လိုက်ကြရသည်။ ဒါက ဒီသခင်ကြီးကို သူတို့ ဂရုစိုက်ကြမှန်း သိသာနေတာပဲ။
လူတော်တော်များများသည် တံခါးဝတွင်ရပ်ကာ အထဲကို ချောင်းကြည့်နေကြလေသည်။ သူတို့ အနည်းငယ်တော့ မှင်သက်သွားခဲ့ကြသည်။ ဒီခြံဝန်းကြီးက တကယ်ကိုဆွဲဆောင်မှုရှိတာပဲ။
ကုန်းထျန်းဟောက်သည် သခင်ကြီးကုန်းအား အိမ်အသစ်ကို လိုက်လံပြသပေးပြီးနောက် မေးလိုက်လေသည်။ “အဖိုး၊ ပြောင်းလဲချင်တာရှိသေးလား။”
သခင်ကြီးကုန်းက လက်အသာခါလိုက်ကာ၊ “မလိုတော့ဘူး။ အားလုံးအဆင်ပြေတယ်။ အဖိုး အရမ်းကျေနပ်တယ်။”
“ထမင်းစားချိန်ရောက်ပြီ။ ထမင်းစားချိန်ရောက်ပြီ။”
ထိုအချိန်မှာပဲ ကလေးတစ်ယောက်၏အသံက ထွက်ပေါ်လာလေသည်။
***