← Chapters

ရှောင်လင်းယွီ၏စိတ်တည်ငြိမ်မှုပျက်ပြားခြင်း

Vol. 10 Ch. 170

ရှောင်လင်းယွီ၏စိတ်တည်ငြိမ်မှုပျက်ပြားခြင်း

Vol. 10 Ch. 170

“ထမင်းစားချိန်ရောက်ပြီ။ ထမင်းစားချိန်ရောက်ပြီ။” ခြံအပြင်ဘက်မှ ရှောင်ရှောင်းဟွေ့၏အသံက ဝင်လာလေသည်။ ထို့နောက် သူက လူအုပ်ကြီးကို တွန်းဖယ်ကာ ခြံဝန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ “ဦးလေးလီ၊ ဦးလေးကုန်း၊ ထမင်းစားချိန်ရောက်ပြီ။”

တစ်စုံတစ်ယောက်က ရှောင်ရှောင်းဟွေ့ကိုမြင်လိုက်သည်နှင့် ချက်ချင်းအော်လာခဲ့သည်။ “ရှောင်နီချိုး၊ ဒါ သူများအိမ်လေ။ ဘယ်လိုလုပ် ဒီအတိုင်းဝင်သွားတာလဲ။”

ရှောင်ရှောင်းဟွေ့တစ်ယောက် ဝံ့ကြွားစွာဖြင့် ခေါင်းကိုမြင့်မြင့်မော့ကာ ပြောလိုက်လေသည်။ “ကျွန်တော် သူတို့ကို ခေါ်ဖို့လာတာလေ။” ဒီလူတွေ ဒီည ညစာအတွက် သူ့ဒုတိယဦးလေး၏အိမ်သို့ သွားမည်မှန်း သူသိလေသည်။

“ဘယ်သူတို့လဲ။” တစ်ယောက်က စပ်စပ်စုစုဖြင့် ထပ်မေးလေသည်။

“ဒီဦးလေးတွေလေ။ သူတို့ကို ညစာစားဖို့ လာခေါ်တာ။” ရှောင်ရှောင်းဟွေ့သည် ကုန်းထျန်းဟောက်နှင့် ကျန်လူများကို ညွှန်ပြကာပြောလိုက်သည်။

“မင်းက သူတို့ကို ညစာစားဖို့ လာခေါ်တာလား။” တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “မင်းတကယ်ကို ရဲတင်းတာပဲ။”

ကုန်းထျန်းဟောက်၏လူများသည် အားလုံး အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်ကြီးများ တပ်ထားကြခြင်းဖြစ်ပြီး အလွန်ကိုမှ ခက်ထန်ပုံပေါ်ကြလေသည်။ ဒီလူတွေက သာမာန်ကာလျှံကာ ဆက်ဆံလို့ရမယ့်လူတွေမှမဟုတ်တာ။

လူကြီးများက ကြောက်လန့်တကြားပုံစံများဖြင့် သူတို့ကို ကြည့်နေလေသည်။ ရှောင်ရှောင်းဟွေ့ တကယ်ကို သတ္တိကောင်းလှသည်။ နည်းနည်းလေးမှ ကြောက်ရွံ့သည့် အမူအရာပြမနေပေ။

ရှောင်ရှောင်းဟွေ့၊ “ဘယ်လိုလုပ် သတ္တိကောင်းရမှာလဲ။ ကျွန်တော့် ဒုတိယဒေါ်လေးက သူတို့ကို ညစာစားဖို့ ခေါ်လာခိုင်းလို့လေ။”

“အမ်?” တခြားလူများ နားမလည်သလိုဖြစ်သွားကြသည်။ “မင်းရဲ့ဒုတိယအဒေါ်က အစားအသောက်တွေ အများကြီး ပြင်ထားတာလား။ ဒီလူအုပ်က နည်းနည်းနောနောမဟုတ်ဘူးနော်။”

“ဒါပေါ့၊ ဦးလေးတို့နဲ့ မပြောတော့ဘူး၊ ကျွန်တော် ဝင်တော့မယ်။” ထိုသို့ဖြင့် သူက ဆက်ပြေးသွားခဲ့သည်။

“ရှောင်နီချိုးကတော့ တစ်နေ့တခြား ပိုပိုပြီး ရဲတင်းလာတယ်။ ငါတို့အားလုံး ဒီလူတွေကို ကြောက်နေကြတာတောင် သူကတော့ ဘာမှမဟုတ်သလိုမျိုး ပြေးတောင် ဝင်သွားသေးတယ်။”

“ရှောင်နီချိုးပဲ ရဲတင်းရုံတင် ဘယ်ကမလဲ။” တစ်ယောက်က ပြောလာလေသည်။ “ရှောင်ပေါင်းထိုရဲ့ သားသမီးတွေရော မြေးမြစ်တွေရော အားလုံးက အထင်ကြီးစရာတွေချည်းပဲ။” ထိုသို့ပြောနေသော်လည်း သူ့အသံထဲတွင် မနာလိုရိပ်များပါနေလေသည်။ ရှောင်ပေါင်းထိုသည် ရှောင်ကျန်းယန်၏အဖြစ်ကာ ရှောင်လင်းယွီ၏ အဖိုးဖြစ်လေသည်။

“အဟုတ်ပဲ။ ယှဉ်စရာမရှိရင် မနာကျင်ရတော့ဘူး။” တစ်ယောက်က ပြုံးလျက်ပြောလာခဲ့သည်။ “ရှောင်ပေါင်းထိုရဲ့ အကြီးဆုံးအစ်ကို ရှောင်းကျင်းယန်နဲ့ သူ့မိသားစုက မြို့ကြီးပေါ်မှာ စီးပွားရေးလုပ်နေကြတာ။ သူတို့ဘဝတွေက တော်တော်လေး ကောင်းကြတယ်။ ရှောင်းပေါင်းထိုနဲ့ သူ့ဇနီးရဲ့ဘဝလည်း ကောင်းကောင်းမွန်မွန်နဲ့ပဲ၊ အခု သူတို့အကြီးဆုံးသားနဲ့အတူနေတာမဟုတ်လား။ သူတို့ရဲ့ ဒုတိယသား ရှောင်ကျန်းယန်မှာ ထူးချွန်တဲ့ ကလေးနှစ်ယောက်ရှိတယ်။ တတိယသား ရှောင်လဲ့ယန်ကကျ မြို့ကြီးပေါ်မှာ အလုပ်လုပ်နေတယ်။ မကြာခင် အိမ်တစ်လုံးဝယ်ဖို့တောင် စီစဉ်နေပြီတဲ့။ စတုတ္ထသား ရှောင်မင်ယန်းဆိုလည်း ဆောက်လုပ်ရေးမှာ ဆရာပဲ၊ အခုဆို တစ်နှစ်တစ်နှစ် ဝင်ငွေက တော်တော်ကောင်းတာ။” သူ့အသံထဲတွင်လည်း မနာလိုရိပ်အနည်းငယ် ပါဝင်နေလေသည်။

“ဘယ်လိုလုပ် တစ်မိသားစုလုံး ကြီးပွားနေကြရတာလဲပဲ။”

ရှောင်ရှောင်းဟွေ့ကတော့ ဝတ်စုံအနက်နှင့် ခက်ထန်သည့်လူကြီးများကို လျစ်လျူရှုကာ ခုန်ပေါက်ဝင်သွားကာ ခပ်လှမ်းလှမ်းကတည်းက လှမ်းအော်လိုက်လေသည်။ “ဦးလေးလီ၊ ဦးလေးကုန်း၊ အစားအသောက်တွေ အဆင်သင့်ဖြစ်နေပြီနော်။ ကျွန်တော့် ဒုတိယဒေါ်လေးက ဦးလေးတို့ကို ဖိတ်ခိုင်းလိုက်လို့။” ရိုးရိုးသားသားပြောရရင် ရှောင်ရှောင်းဟွေ့ သူ့ဆန္ဒနှင့်သူ ရောက်လာခြင်းဖြစ်သည်။ သူက လူအုပ်ကြီးကို စပ်စုလိုခြင်းဖြစ်သည်။

သခင်ကြီးကုန်း၏မျက်နှာကတော့ ကောင်ငယ်လေးတစ်ယောက် ပြေးလာသည်ကိုမြင်ပြီး သိလိုစိတ်များ ပြည့်လာခဲ့သည်။ သူက ချက်ချင်းပင် စိတ်ဝင်တစား မေးလိုက်လေသည်။ “ဟောက်အာ၊ ဒီလူငယ်လေးက ဘယ်သူများလဲ။”

ကုန်းထျန်းဟောက်က မိတ်ဆက်ပေးလာခဲ့သည်။ “အဖိုး၊ ဒီကလေးက ဒေါ်လေးချန်ရဲ့တူပါ။”

သခင်ကြီးကုန်းက ရှောင်ရှောင်းဟွေ့ကို ပြုံးလျက်ကြည့်ကာ သိလိုစွာဖြင့် မေးလိုက်လေသည်။ “ကောင်လေး၊ မင်းသူတို့ကို မကြောက်ဘူးလား။” သခင်ကြီးကုန်းသည် ဝတ်စုံနက်နှင့်လူများကို ညွှန်ပြလိုက်သည်။

ရှောင်ရှောင်းဟွေ့က မျက်မှောင်ကြုတ်လိုက်ကာ ပြန်မေးလာလေသည်။ “ဘိုးဘိုး၊ သူတို့က လူဆိုးတွေလား။”

“….” သခင်ကြီးကုန်းက၊ “မဟုတ်ဘူးပေါ့။” ဒါပေမယ့် ထိုလူများမှာ စစ်သားများဖြစ်ကြလေသည်။ စစ်သားများသည် စစ်မြေပြင်တွင် လေ့ကျင့်ပေးခြင်းခံထားရတာကြောင့် ခက်ထန်ကာ လူသတ်အငွေ့အသက်များ ရှိကြလေသည်။ သူတို့က သာမာန်လူများကို အလွယ်တကူ ကြောက်ရွံ့စေနိုင်လေသည်။

“ဪ သူတို့က လူဆိုးတွေမဟုတ်ဘူးဆိုမှတော့ ကျွန်တော်က ဘာလို့ သူတို့ကို ကြောက်နေရတော့မှာလဲ။” ရှောင်ရှောင်းဟွေ့က ချက်ကျလက်ကျပင် ပြန်ဖြေလာလေသည်။ ထိုသို့ပြောပြီးနောက် သူက ခဏရပ်လိုက်ကာ တွေးတွေးဆဆနှင့် ပြန်ပြောလာခဲ့သည်။ “ဒီဦးလေးတွေက အဘိုးကို ကာကွယ်ဖို့ ရှိနေကြတာ အသိသာကြီးလေ။ သူတို့သာ လူဆိုးဆို အဘိုးကလည်း ဆိုးတဲ့လူပဲ၊ ဒါဆို ဒုတိယဦးလေးနဲ့ အကြီးဆုံးဝမ်းကွဲက သေချာပေါက် အဘိုးတို့ကို ညစာဖိတ်ကျွေးမှာမဟုတ်ဘူး။ ပြီးတော့..” ရှောင်ရှောင်းဟွေ့က ကုန်းထျန်းဟောက်နှင့် လီယွမ်ဟန်တို့ကိုကြည့်ကာ ဆက်ပြောလာခဲ့သည်။ “ဦးလေးကုန်းနဲ့ ဦးလေးလီက ထောင်ယွမ်ရွာအတွက် လမ်းအသစ်ခင်းပေးထားကြတာလေ၊ အဲ့တော့ သူတို့က လူကောင်းတွေပဲ။ သူတို့က လူကောင်းတွေ ဆိုမှတော့ အဘိုးကလည်း လူကောင်းပဲပေါ့။ အဘိုးက လူကောင်းဆိုတော့ ဒီဝတ်စုံအနက်နဲ့ဦးလေးတွေကလည်း လူကောင်းပဲလေ။ ဒီတော့ ကျွန်တော်က ဘာလို့ သူတို့ကို ကြောက်ရမှာလဲ။”

လူတိုင်း၊ “….” ဒီကောင်လေး စကားလိမ်တော်တော်တတ်တာပဲ။

“ဉာဏ်ကောင်းတဲ့ ကောင်လေးပဲ။” အဖိုးကုန်းက အကျယ်ကြီးမရယ်မိခင် ခဏမျှ အံ့အားသင့်နေမိခဲ့သည်။ “ဟဟ၊ ဒီကလေး တော်တော်ဉာဏ်ကောင်းတာပဲ။ ငါ သဘောကျတယ်။”

ထိုသို့ ချီးကျူးခံလိုက်ရတာကြောင့် ရှောင်ရှောင်းဟွေ့၏မျက်နှာမှာ နီမြန်းသွားလေသည်။ သူက ရှက်ရှက်နှင့် သူ့ခေါင်းနောက်ကို ပွတ်သပ်လိုက်ကာ၊ “အဘိုး၊ ကျွန်တော်က အရမ်းတုံးတယ်။ စာလည်း မတော်ဘူး။ ကျွန်တော့်မိဘတွေကဆို နေ့တိုင်း ကျွန်တော့်ကို တုံးလို့ဆိုပြီး ပြောနေကြတာ။ ကျွန်တော့် ဝမ်းကွဲတွေလို ကျွန်တော်က ဉာဏ်မကောင်းပါဘူး။”

သခင်ကြီးကုန်းက ကောင်ငယ်လေး၏ခေါင်းကို ခပ်သာသာပုတ်ပေးလိုက်ပြီး ပြုံးလျက်‌ ပြောလိုက်လေသည်။ “မဟုတ်ပါဘူး၊ ကောင်လေး မင်းလည်း တော်တော်ဉာဏ်ကောင်းပါတယ်။ အဘိုးကို မင်းနာမည် ပြောပြပါဦး။”

“ကျွန်တော်က ရှောင်ရှောင်းဟွေ့ပါ။ ဒါပေမယ့် လူတိုင်းကတော့ ကျွန်တော့်ကို ရှောင်နီချိုးလို့ပဲ ခေါ်ကြတယ်။” ရှောင်ရှောင်းဟွေ့ ပြန်ဖြေလိုက်သည်။

“ရှောင်နီချိုး။” သခင်ကြီးကုန်းက ပြုံးကာ ပြောလိုက်သည်။ “စိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်လေးပဲ။ ဘာလို့ လူတိုင်းက မင်းကို ဒီလိုခေါ်ရတာလဲ။”

ရှောင်ရှောင်းဟွေ့ အနည်းငယ် ရှက်ရွံ့သွားလေသည်။

သူက ဟိုကြည့်ဒီကြည့် မငြိမ်မသက်ဖြင့် ပြန်ဖြေလိုက်သည်။ “ကျွန်တော်က ရေချိုငါးလိုပဲ ချော်ထွက်နေလောက်အောင် ဖမ်းမမိတာကြောင့်လို့ ပြောတယ်။”

“ဟဟဟ၊ မင်းက တကယ်ကို ရိုးသားတာပဲ။” သခင်ကြီးကုန်းက ပြုံးလျက် ထပ်ပြီး ချီးကျူးလာပြန်သည်။ “တကယ်ကို လိမ်မာတဲ့ကလေးပဲ။”

ရှောင်ရှောင်းဟွေ့လည်း ရှက်ရွံ့နေဟန်ဖြင့် သူ့ခေါင်းကိုပွတ်လိုက်ပြန်ကာ ပြုံးလျက် ပြောလာခဲ့သည်။ “ဟီးဟီး၊ ကျွန်တော့်ဆရာက ကျွန်တော်တို့ကို ရိုးရိုးသားသားနေဖို့ သင်ပေးလို့ပါ။” ထို့နောက် သူက လာရင်း အကြောင်းအရာကို ပြန်အမှတ်ရသွားကာ၊ “အဘိုး၊ ဦးလေးတို့၊ ဒုတိယဒေါ်လေးက စားဖို့ပြင်ထားပြီးပြီ။ ကျွန်တော်တို့ သွားကြရအောင်။”

“ကောင်းပြီလေ။” သခင်ကြီးကုန်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ “သွားကြရအောင်။”

ပထမစကားက ရှောင်ရှောင်းဟွေ့ကို ပြောတာဖြစ်ပြီး နောက်စကားကတော့ တခြားလူများကို ပြောလိုက်ခြင်းပင်။

သူတို့သွားခါနီးမှာပဲ ရှောင်ကျန်းယန်၊ ရှောင်လင်းယွီ၊ ကျန်းထောင်နှင့် ရွာသူကြီး ရှောင်ထိုက်ယန်တို့ အလောတကြီး ရောက်လာကြလေသည်။

ရှောင်ကျန်းယန်နှင့် ရှောင်လင်းယွီတို့ကိုမြင်သည်နှင့် ရှောင်ရှောင်းဟွေ့တစ်ယောက် ဝမ်းသာအားရ အော်ခေါ်လိုက်သည်။ “ဒုတိယဦးလေး၊ ဝမ်းကွဲအစ်မ။”

“အဘိုးကုန်း။” ကျန်းထောင်ဝင်လာသည်နှင့် တရိုတသေ နှုတ်ခွန်းဆက်လိုက်သည်။

“ရှောင်ထောင် (桃 - မက်မွန်သီး)” သခင်ကြီးကုန်းသည်လည်း ကျန်းထောင်ကိုမြင်လိုက်ရ၍ ဝမ်းသာသွားလေသည်။

မက်မွန်သီးလေး?

ထိုနာမည်ကိုကြားလိုက်ရသည်နှင့် ရှောင်လင်းယွီတစ်ယောက် ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်မိသည်။

ဒီအေးစက်စက် ခပ်တည်တည်နဲ့ ကျန်းထောင်လိုလူမျိုးမှာ ဒီလို ချစ်စရာကောင်းတဲ့အိမ်နာမည်မျိုးရှိလိမ့်မယ်လို့ သူမ မထင်ထားမိဘူး။

ရှောင်လင်းယွီ ရယ်ချင်စိတ်ကို ထိန်းထားလိုက်ရသည်။

ကျန်းထောင်ကတော့ ထိုခေါ်သံကိုကြားသည်နှင့် နားရွက်များ အနည်းငယ် နီရဲသွားလေသည်။

ရှောင်ထောင်(မက်မွန်သီးလေး)ဆိုသည့် နာမည်ကို သူမွေးပြီးတော့ သူ့မိဘများ ပေးခဲ့ခြင်းဖြစ်သည်။ သူကြီးလာတာတောင်မှ လူကြီးများကတော့ ထိုရှောင်ထောင်ဆိုသည့် နာမည်ကို ခေါ်နေကြတုန်းပင်။

“အဘိုးလာမယ်ဆိုတာ ဘာလို့ ကျွန်တော့်ကို မပြောရတာလဲ။ အစောကသာ ထျန်းဟောက်နဲ့ ယွမ်ဟန်တို့ကို မတော်တဆမတွေ့ခဲ့ရင် အဘိုးရောက်နေမှန်း သိမှာတောင် မဟုတ်ဘူး။” ကျန်းထောင်က ပြောလိုက်ပြီးနောက် ကုန်းထျန်းဟောက်နှင့် လီယွမ်ဟန်တို့အား မကျေမနပ်ကြည့်လိုက်လေသည်။

“မင်းက အလုပ်ရှုပ်နေတဲ့သူကိုး။” သခင်ကြီးကုန်းက ပြောလိုက်သည်။ “ဒါကြောင့်ပဲ မင်းကို ပြောမနေတော့တာလေ။”

ကျန်းထောင် ပြုံးလိုက်ကာ၊ “အဘိုးအတွက်ဆို ကျွန်တော်မှာ အမြဲတမ်း အချိန်ရှိပါတယ်။”

“ရှောင်ထောင်ကတော့ ဘယ်တော့မဆို အရမ်းတွေးပေးတတ်တယ်။” သခင်ကြီးကုန်း ခေါင်းညိတ်လိုက်သည်။ “ငါတို့ မတွေ့ရတာ တော်တော်တောင် ကြာသွားပြီပဲ။ ရှောင်ထောင်လည်း အခုဆို တော်တော်လေး ကြီးလာပြီ။”

ကျန်းထောင်၊ “….” ကျွန်တော့်အသက် ၃၀ရှိပြီလေ၊ သေချာပေါက် ကြီးပြီပေါ့။

သခင်ကြီးကုန်းက ရှောင်းကျန်းယန်နှင့် ရှောင်လင်းယွီတို့ကိုလည်း အလျင်အမြန်ပင် သတိပြုမိသွားလေသည်။ သူက ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။ “မင်းတို့က…”

ကျန်းထောင်က မိတ်ဆက်ပေးလာခဲ့သည်။ “အဘိုးကုန်း၊ ဒါက ထောင်ယွမ်ရွာရဲ့ ရွာသူကြီး ရှောင်ထိုက်ယန်။ ဒါကတော့ ရှောင်လင်းယွီ ကျွန်တော့်သူငယ်ချင်းပါ။ သူ့ဘေးကလူကတော့ လင်းယွီရဲ့အဖေ ရှောင်ကျန်းယန်။ အားလုံးက ဒီကရွာသားတွေပဲ။”

သခင်ကြီးကုန်းသည် အများကြီးမတွေးခဲ့ပေ။ သူက ဒီလူတွေ အနာဂါတ်မှာ သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်စေရန်အတွက် ကျန်းထောင်က မိတ်ဆက်ပေးနေခြင်းဟု ထင်ခဲ့လေသည်။ ကျန်းထောင်၏ကောင်းမွန်သော ရည်ရွယ်ချက်များအတွက် သူအလွန်ပင် ဝမ်းသာမိသည်။

သခင်ကြီးကုန်းလည်း သူတို့ကိုပြုံးလျက် ကြည့်ကာ စတင် နှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ။”

ရှောင်ကျန်းယန် စိတ်လှုပ်ရှားနေသော်လည်း တချိန်တည်းမှာပဲ အမူအကျင့်ကောင်းကောင်းဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “မင်္ဂလာပါ လူကြီးမင်း။ ကျွန်တော်က ဒီကရွာသား ရှောင်ကျန်းယန်ပါ။ ဒါကတော့ ကျွန်တော့် သမီး ရှောင်လင်းယွီပါ။ လူကြီးမင်းဆီက ရှေ့လျှောက် သင်ယူပါရစေ။”

တခြားရွာသားများနှင့်ယှဉ်လျှင် ရှောင်ကျန်းယန်သည် ပိုယဉ်ကျေးလေသည်။ တစ်အချက်ကတော့ သူက တခြားမြို့နယ်များစွာကို ရောက်ဖူးခြင်းကြောင့်ပင်။ နှစ်အချက်ကတော့ သူ ရှောင်လင်းယွီကို တက္ကသိုလ်တက်ဖို့ လိုက်ပို့ရင်း တောင်ပိုင်းမြို့တော်ကို ရောက်ဖူးခဲ့လေသည်။ ထိုတုန်းက ရှောင်လင်းယွီသည် တောင်းပိုင်မြို့တော်တက္ကသိုလ်တွင် ဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

တောင်ပိုင်းမြို့တော်သည် မြို့ကြီးတစ်မြို့ဖြစ်ကာ တောင်ပိုင်းမြို့တော်တက္ကသိုလ်သည်လည်း နိုင်ငံအတွင်းရှိ ထိပ်တန်းတက္ကသိုလ်ကြီးများထဲတွင် နံပါတ် ၁၀နေရာ ချိတ်လေသည်။

ရှောင်ကျန်းယန်သည် အမြဲပင် ရဲတင်းခဲ့သော်လည်း သခင်ကြီးကုန်းနှင့် ရင်ဆိုင်ရချိန်တွင်တော့ တရိုတလေတလေးတစားဖြင့် မဆက်ဆံမိဘဲ မနေနိုင်ခဲ့ပေ။

သခင်ကြီးကုန်းက ပျော်ရွှင်နေခဲ့သည်။ “လူကြီးမင်းရှောင်၊ အနာဂါတ်မှာ ငါ့ကို ကြည့်ရှုပေးဖို့ မင်းတို့ကို ဒုက္ခပေးရဦးမယ်။”

“မခံယူရဲပါဘူး လူကြီးမင်း။” ရှောင်ကျန်းယန်က အမြန်ပင် ခေါင်းခါလိုက်သည်။

ထို့နောက် သခင်ကြီးကုန်းက ရှောင်လင်းယွီကိုကြည့်ကာ ပြုံးလျက် မေးလိုက်လေသည်။ “လူကြီးမင်းရှောင်၊ မင်းရဲ့သမီးလေးက တကယ်ကိုလှတာပဲ။ သားမက်ရှာထားပြီလား။”

ကျန်းထောင် ထိုစကားကိုကြားသည်နှင့် နှလုံးသားက တင်းကြပ်လို့သွားသည်။ သူက သခင်ကြီးကုန်းနားသို့ကပ်ကာ တိုးတိုးလေး ဝင်ပြောလိုက်လေသည်။ “အဘိုး၊ လင်းယွီက တလောကမှ Zမြို့ကနေ ပြန်လာတာ။ သူ့ကောင်လေးနဲ့ ပြတ်ထားတာ မကြာသေးဘူး။” သူက သခင်ကြီးကုန်းကို သူမဒဏ်ရာအား မထိုးဆွမိရင်ပြောလိုက်ခြင်းဖြစ်သည်။

ကျန်းထောင်၏ စိုးရိမ်ပူပန်နေသည့် အမူအရာကိုမြင်ပြီး သခင်ကြီးကုန်း နားမလည်နိုင်ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူသည် လူတွေ၏စိတ်ကို ကောင်းကောင်းဖတ်တတ်သူဖြစ်လေသည်။ သူက ရှောင်လင်းယွီကို လေ့လာကြည့်ပြီးနောက် ပြုံး၍ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။” သခင်ကြီးကုန်းက ထိုအကြောင်း ဆက်မပြောတော့သော်လည်း၊ “လူကြီးမင်းရှောင်၊ မင်းကတော့ ဒီလို ချောချောလှလှသမီးလေးတစ်ယောက် ရထားတာ တကယ်ကို ကံကောင်းတာပဲ။”

“လူကြီးမင်း ချီးကျူးလွန်းနေပါပြီ။” ရှောင်ကျန်းယန်က အတော်လေး ယဉ်ကျေးစွာတုံ့ပြန်လေသည်။ ထို့နောက် သူက ရှောင်လင်းယွီကို ကြည့်လိုက်ကာ၊ “လင်းယွီ၊ အကြီးအကဲတွေကို နှုတ်ဆက်လိုက်လေ။”

ရှောင်ကျန်းယန်သည် မိန်းမောနေဟန်ပေါ်သည့် ရှောင်လင်းယွီအား လက်ဖြင့်အသာတွန်းလိုက်သည်။ သူ အနည်းငယ်လည်း စိတ်ရှုပ်သွားမိလေသည်။ ‘ယွီအာ ဘာဖြစ်နေတာလဲ။’

ရှောင်လင်းယွီလည်း ထိုတော့မှ ပြန်တုံ့ပြန်လာခဲ့သည်။ သူမကိုယ်သူမ စိတ်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် ဖျစ်ညှစ်ပြုံးလိုက်သော်လည်း မပြုံးနိုင်ခဲ့ပေ။ အဆုံးမှာတော့ သူမအမူအရာက ကြည့်ရဆိုးနေလေသည်။ “မင်္ဂလာပါ.. ဖိုးဖိုး… လူကြီးမင်း။” သူမ သခင်ကြီးကုန်းကို ဖိုးဖိုးကြီးဟု ခေါ်မိလုနီးနီးပင်။

ဒီလူအိုကြီးက ရှောင်ထုန်၏ ဖိုးဖိုးကြီးမှန်းသိပြီးနောက် သေချာ လေ့လာကြည့်နေမိသည်။ သူမနှလုံးကတော့ ထိတ်လန့် တုန်လှုပ်လွန်း၍ ပြင်းထန်စွာ ခုန်လှုပ်နေလေသည်။ အထူးသဖြင့် ‘ထိုပုဂ္ဂိုလ်’က ရှောင်ထုန်၏ အဖေအရင်းမှန်းသိရှိပြီးကတည်းက သူမခံစားချက်များကို မထိန်းချုပ်နိုင်ဖြစ်လို့နေသည်။

ရှောင်လင်းယွီသည် သူတို့တစ်မိသားစုလုံးနှင့် ဝေးဝေးသာ နေလို့တော့သည်။

ကျန်းထောင်နှင့် လီယွမ်ဟန်တို့သည် သူမ၏ထစ်ထစ်ငေါ့ငေါ့အသံအား ကြားပြီးနောက် သခင်ကြီးကုန်း၏တည်ရှိမှုက သူမကို စိတ်လှုပ်ရှားတုန်လှုပ်နေစေသည်ဟု ယူဆသွားကြသည်။

ကျန်းထောင်က၊ “လင်းယွီ၊ စိတ်မလှုပ်ရှားပါနဲ့။ အဘိုးကုန်းက အရမ်းကို ကောင်းတဲ့လူပါ။”

လီယွမ်ဟန်ကလည်း ခေါင်းညိတ်လာခဲ့သည်။ “မစ္စရှောင်၊ သခင်ကြီးက လူတွေကို ကိုက်မစားပါဘူး။ အဲ့လောက် စိတ်လှုပ်ရှားမနေပါနဲ့။”

ကုန်းထျန်းဟောက်တစ်ယောက်သာ ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုရှိနေခဲ့သည်။ ရှောင်လင်းယွီက သူ့အဖိုး၏တည်ရှိမှုကို ကြောက်လန့်နေခြင်းမဟုတ်ဘဲ သူနှင့် နီးနီးကပ်ကပ် မနေလိုခြင်းသာဟု ခံစားနေရသည်။ ဒါပေမယ့် ဘာလို့လဲ။

လီယွမ်ဟန် ပြုံးလိုက်ကာ၊ “မစ္စရှောင်၊ မင်းရဲ့ လျှာစောင်း ဒီလောက်ထက်တာကို။ အခုလို မင်း ထစ်ငေါ့နေတာမျိုး ကြားရလိမ့်မယ်လို့ ယုံတောင် မယုံနိုင်ဘူး။”

“အိုး၊ ယွမ်ဟန်။ မင်း မစ္စရှောင်နဲ့ တော်တော်ရင်းနှီးတာလား။” သခင်ကြီးကုန်းက သိချင်သွားခဲ့သည်။

လီယွမ်ဟန်က ခေါင်းညိတ်လိုက်ကာ၊ “သခင်ကြီး၊ ကျွန်တော်တို့ အရင်က ၂ကြိမ် ၃ကြိမ်လောက် တွေ့ဖူးလို့ပါ။”

“စိတ်ဝင်စားစရာပဲ။” သခင်ကြီးကုန်း အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်သည်။ “ဒီတော့ မင်းတို့အားလုံး မစ္စရှောင်နဲ့ တစ်နည်းမဟုတ် တစ်နည်း သိနေကြတာပေါ့။” ဒီလူငယ်တွေအကြောင်း သူနားလည်ထားသလောက် သာမာန်လူတွေက သူတို့နှင့် မိတ်ဆွေဖွဲ့နိုင်မည်မဟုတ်ပေ။ ဒီတော့ ရှောင်လင်းယွီမှာ ကျန်းထောင်နဲ့ လီယွမ်ဟန်တို့၏ ထောက်ခံမှုကို ရလောက်သည်အထိ တစ်ခုခုထူးခြားတာမျိုးရှိလောက်သည်။

“အဘိုး၊ ဦးလေးတို့၊ ကျွန်တော်တို့ အရင်ပြန်စားကြရင်မကောင်းဘူးလား။” ထိုအချိန်မှာပဲ ရှောင်ရှောင်းဟွေ့တစ်ယောက် သူ့ဗိုက်ကိုပွတ်ရင်း မျက်မှောင်ကြုတ်ကာ ဝင်မေးလိုက်ရတော့သည်။ ဒီကလေးက အလွန်ကိုမှ ရိုးသားကာ သူ့စိတ်ထဲ ရှိသမျှ ထုတ်ပြောလေသည်။ ရှောင်ရှောင်းဟွေ့သည် ကြီးထွားနေစဲအရွယ်ဖြစ်တာကြောင့် ဘယ်လောက်အများကြီးစားထားထား မကြာပါဘဲ ဗိုက်ပြန်ဆာတတ်သည်။

သူ ဗိုက်ဆာနေပြီဖြစ်တာကြောင့် လူကြီးတွေ အလာပသလာပပြောနေသည်ကို ဆက်နားမထောင်နိုင်တော့ပေ။ ဘာပဲဖြစ်ဖြစ် လူကြီးတွေပြောနေတာကို သူလည်း နားလည်တာမှမဟုတ်တာ။

သို့သော်လည်း သူ့အိမ်တွင် စည်းကမ်းတစ်ခုရှိလေသည်။ သူတို့မှာ ဧည့်သည်ရှိနေလျှင် ဧည့်သည်တွေ နေရာမယူခင် သူတို့ကို စားခွင့်မပေးခြင်းပင်။ ဒါကြောင့် လူကြီးတွေသာ ဒီမှာပဲရပ်ပြီး စကားဆက်ပြောနေကြဦးမည်ဆိုလျှင် သူလည်း ထမင်းစားရလိမ့်မည်မဟုတ်ပေ။

ဒီတော့မှ ရှောင်ကျန်းယန်လည်း သတိရသွားကာ၊ “လူကြီးမင်း၊ ကျွန်တော့်မိသားစုက ညစာပြင်ဆင်ထားပြီးပါပြီ။ ကျွန်တော်တို့နဲ့အတူ လိုက်စားလိုက်ပါ။” ရွာသားများသည် ရိုးရှင်းကြကာ ပြောစရာရှိသည်ကို တိုက်ရိုက်သာ ပြောတတ်ကြသည်။

သခင်ကြီးကုန်းကတော့ အလွန်ယဉ်ကျေးလေသည်။ “ဒါပေမယ့် လူကြီးမင်းရှောင်…”

“လူကြီးမင်း ကျွန်တော့်ကို ကျန်းယန်လို့ပဲ ခေါ်လို့ရပါတယ်။” ရှောင်ကျန်းယန်က ပြောလိုက်သည်။

“ဟုတ်ပြီ၊ ကျန်းယန်။ မင်းအတွက် ဒုက္ခများမှာပေါ့။”

ရှောင်ကျန်းယန်က ပြုံးလိုက်ကာ၊ “လူကြီးမင်းကတော့ အရမ်းယဉ်ကျေးလွန်းနေပါပြီ။ လူကြီးမင်းလီနဲ့ လူကြီးမင်းကုန်းတို့က ကျွန်တော်တို့ရွာအတွက် လမ်းတွေတည်ဆောက်ဖို့ ငွေကုန်ကြေးကျအများကြီး ခံထားတာပါ။ လူကြီးမင်းတို့ကို အခုလို ထမင်းဖိတ်ကျွေးခွင့်ရတာ ကျွန်တော်တို့မိသားစုအတွက် ဂုဏ်ယူစရာပါပဲ။”

ထိုအချိန်မှာပဲ လီယွမ်ဟန်က၊ “သခင်ကြီး၊ ကျွန်တော်တို့ အရင်ကပြောဖူးတဲ့ ဒေါ်လေးချန်ဆိုတာ မစ္စရှောင်ရဲ့ အမေလေ။ သူက ဟင်းချက်အရမ်းကောင်းတာ။”

ရှင်းယင်မြို့ပေါ်မှာကတည်းက ရှောင်လင်းယွီသည် သူမအိမ်တွင် ညစာလာစားဖို့ သူတို့ကို ဖိတ်ထားပြီးဖြစ်သည်။

သခင်ကြီးကုန်း ပြုံးလိုက်လေသည်။ “ဒါဆိုလည်း မင်းတို့ကို အလုပ်ရှုပ်စေရဦးမှာပေါ့။”

ထို့နောက်မှာတော့ ဝတ်စုံနက်နှင့်လူများအပါအဝင် လူအုပ်ကြီးသည် ညစာစားဖို့အတွက် ရှောင်လင်းယွီ၏အိမ်သို့ ….. ချီတက်လာလေသည်။

***

All Chapters