အတိတ်သို့ပြန်လည်သတိရခြင်း
Vol. 10 Ch. 171
ကုန်းထျန်းဟောက်က ကူညီကာ ရှောင်လင်းယွီ၏အိမ်သို့ သခင်ကြီးကုန်းကို ခေါ်ဆောင်သွားပေးချိန် သူတို့အိမ်တွင် ပန်းများအပင်များစွာဖြင့် ပြည့်နှက်နေသည်ကိုမြင်ပြီး သခင်ကြီးကုန်း အံ့ဩသွားခဲ့သည်။
သူ့မှတ်ဉာဏ်ထဲတွင် ဒီလိုကျေးလက်တောရွာများတွင် ဘယ်သူမှ သူတို့ခြံဝန်းထဲတွင် ပန်းစိုက်ဖို့ အားလပ်မနေကြပေ။ အများစုက ဝင်ငွေပိုရစေနိုင်ရန် ဟင်းသီးဟင်းရွက်ပင်ငယ်လေးများကိုသာ စိုက်ကြလေသည်။ ပိုပြီးအရေးကြီးတာက ရှောင်မိသားစုမှ ပန်းပင်များမှာ သေချာလေး ဂရုစိုက်ထားပုံလည်းပေါ်လေသည်။
“နေပါဦး၊ ဒါခေတ္တာလီလီအကြီးမဟုတ်လား။” သခင်ကြီးကုန်းသည် အိုးထဲက ပန်းပင်ကိုမြင်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလာလေသည်။ “ဘုရားသခင်ရဲ့လက်ဆောင်ကို ဒီနေရာမှာ ဒီလိုစိုက်ထားတာ ဖြုန်းတီးတာပဲ။”
ညနေ ၆နာရီဝန်းကျင်ဖြစ်ကာ ကောင်းကင်ကလည်း လင်းနေတုန်းဖြစ်သလို သခင်ကြီးကုန်းသည်လည်း မျက်စိမမွဲပေ။ ဒါကြောင့် တစ်ချက်ကြည့်ရုံဖြင့် ခြံထဲမှ ပန်းအမျိုးအစားများစွာကို မြင်နိုင်လေသည်။
“ဒါက သစ်ခွတွေပဲ…”
သခင်ကြီးကုန်းသည် တန်ဖိုးကြီးသည့်ပန်းပင်များကိုမြင်ပြီး စိတ်လှုပ်ရှားလာလေသည်။ သို့သော်လည်း ထိုတန်ဖိုးကြီးပန်းများမှာ ဒီအတိုင်း ခြံထဲမှာ အုတ်နံရံပေါ်မှာ ဖြစ်သလို စိုက်ပျိုးခံရသည်ကိုကြည့်ပြီး ရင်ထဲ နာကျင်လာလေသည်။ သို့သော်လည်း သူ့ကို ထပ်ပြီး အံ့ဩစေသည်က အားလုံးကောင်းမွန်စွာ ကြီးထွားနေခဲ့သည်ကိုပင်။
သခင်ကြီးကုန်း ဘယ်လောက်တောင်မှ စိတ်လှုပ်ရှားနေသည်ကိုမြင်ပြီး ရှောင်ကျန်းယန် စိတ်ရှုပ်သွားခဲ့သည်။ “လူကြီးမင်း ဘာတွေပြောနေတာလဲ။ ကျွန်တော်တို့ရွာသားတွေက ပန်းတွေအကြောင်းဘာမှ မသိဘူး။ ဒါတွေကို တောင်ပေါ်ကနေ ယူလာတာ၊ မဟုတ်လဲ တခြားသူတွေ စွန့်ပစ်ထားတာကနေ ပေါက်ကြတာ။”
သခင်ကြီးကုန်းမှာ ထိုစကားများကိုကြားပြီး သက်ပြင်းသာချလိုက်တော့သည်။ ဒီမိသားစုရဲ့ကံက တော်တော်ကို ကောင်းတာပဲ။ တောင်ပေါ်တက်ပြီး တွေ့ရာပန်းတချို့ခူးလိုက်တာတောင် ဒီလိုတန်ဖိုးကြီး မျိုးစိတ်တွေဖြစ်နေတယ်တဲ့လေ။
သခင်ကြီးကုန်း တော်တော်လေး သိချင်မိသွားသည်။ “မင်းတို့မိသားစုက ပန်းတွေကို ဒီလောက်တောင် ကြိုက်တာလား။”
ရှောင်ကျန်းယန်က ပြုံးလိုက်ကာ၊ “ကျွန်တော်တို့ယွီအာက ငယ်ငယ်ကတည်းက ပန်းတွေကို အရမ်းသဘောကျတယ်လေ။ တောင်ပေါ်မှာ ပန်းလှလှလေးတွေမြင်တိုင်း သူက တူးလာတာ။ ပြီးတော့ ရွာထဲလျှောက်သွားရင်း တခြားမိသားစုတွေ ပစ်ထားတဲ့ ပန်းတွေမြင်ရင်လည်း ယူလာပြီး စိုက်တယ်လေ။ ထူးဆန်းပေမယ့် သူစိုက်သမျှ အပင်တွေအကုန်လုံး သေရာက ရှင်လာကြတယ်။ ရွာသားတွေဆို သူ့ကို စနောက်ပြီး ပန်းနတ်ဘုရားမလို့တောင် ခေါ်ကြတာ။”
သခင်ကြီးကုန်း၏ စိတ်ဝင်စားမှုက ပိုလို့တောင် ကြီးထွားလာလေသည်။ “ဒီတော့ မင်း သမီးက ပန်းတွေကြိုက်တာနဲ့ ဒီအပင်တွေအကုန်လုံး စိုက်ခွင့်ပြုထားတာပေါ့။” ကျေးလက်ဒေသဘက်တွင် ရွာသားများသည် အသက်ရှင်နေထိုင်ရေးအတွက် မြေများအပေါ်တွင် မှီခိုရလေသည်။ လယ်အလုပ်က ရှည်ကြကာ ပင်ပန်းလှသည်။ စိုက်ပျိုးရာသီချိန်များဆိုလျှင် ကလေးတွေတောင်မှ လယ်ထဲဆင်းကာ ကူညီကြရသည်။ လယ်သမားများသည် ပုံမှန်အားဖြင့် ပန်းစိုက်သလိုမျိုး အသုံးမဝင်သည့် ဝါသနာအပေါ် သူတို့ကလေးတွေ အချိန်ဖြုန်းတာမျိုးကို ခွင့်မပြုတတ်ကြပေ။ ဒါကြောင့် သခင်ကြီးကုန်းသည် ဒီမိသားစုက ကွာခြားကြောင်း ချက်ချင်းပြောနိုင်ပေသည်။
သခင်ကြီး၏အမေးကိုကြားသည်နှင့် ရှောင်ကျန်းယန်က လေးနက်သွားကာ၊ “လူကြီးမင်း၊ ဒါက ကလေးတစ်ယောက်ရဲ့ဝါသနာပါ။ ကျွန်တော်တို့မိဘတွေအနေနဲ့ သူတို့ကိုပံ့ပိုးပေးရတာ ပုံမှန်ပဲလေ။”
ရှောင်ကျန်းယန်သည် အလွန်ကိုမှ ပွင့်လင်းသူဖြစ်သည်။ တခြားမိသားစုတွေ သူတို့ကလေးတွေကို အရာရာတိုင်းတွင် ထိန်းချုပ်ကြသော်လည်း ဖေဖေရှောင်နှင့် မေမေရှောင်ကတော့ ထိုအတွေးအခေါ်အတိုင်း မလုပ်ကြပေ။ သူတို့ကလေးတွေ လုပ်ချင်သည့်အရာက မကောင်းသည့်အရာ ဥပဒေနှင့်မလွတ်ကင်းသည့်အရာ မဟုတ်သ၍ သူတို့ တားမြစ်လိမ့်မည်မဟုတ်ပေ။ တကယ်တော့ သူတို့က နောက်ကနေတောင် ပံ့ပိုးပေးကြဦးမည်ပင်။
“ဟဟဟ…” သခင်ကြီးကုန်း စိတ်ကြည်သာစွာ အော်ရယ်လိုက်လေသည်။ “မင်းပြောတာ မှန်တယ်။”
‘ဒီတစ်မိသားစုလုံး တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။’
“လင်းယွီ၊ မင်းမိဘတွေက ဒီလောက် ပွင့်လင်းတဲ့လူတွေဖြစ်မယ်လို့ ငါမထင်ထားမိဘူး။” ကျန်းထောင်က ရှောင်လင်းယွီကို ပြောလိုက်သည်။ သို့သော်လည်း သူလှည့်ကြည့်လိုက်ချိန်တွင် ရှောင်လင်းယွီ၏မျက်နှာက ဖြူဖျော့နေကာ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရီနေသည်ကို သတိထားမိသွားလေသည်။ သူက ချက်ချင်းပင် စိုးရိမ်တကြီးမေးလိုက်သည်။ “လင်းယွီ၊ ဘာဖြစ်တာလဲ။”
ကျန်းထောင်၏စကားကြောင့် တခြားလူများ၏အာရုံကပါ ချက်ချင်း သူတို့ဆီသို့ ရောက်လာကြသည်။
ရှောင်ကျန်းယန်သည်လည်း သူ့သမီး၏အမူအရာက ပုံမှန်မဟုတ်ကြောင်း သတိထားမိတာကြောင့် ချက်ချင်း ရောက်လာကာ မေးလိုက်သည်။ “ယွီအာ၊ အဆင်ပြေရဲ့လား။ ဘယ်နားနေလို့မကောင်းလို့လဲ။”
ရှောင်လင်းယွီသည် မိန်းမောနေရာမှ ကျန်းထောင်၏အသံကြောင့် အသိပြန်ဝင်လာချိန် ဖေဖေရှောင်၏ စိုးရိမ်နေသည့်အကြည့်များဖြင့် တိုးသွားလေသည်။ ရှောင်လင်းယွီလည်း ခေါင်းအသာခါလိုက်ကာ၊ “အဖေ၊ သမီး အဆင်ပြေပါတယ်။”
“ယွီအာ၊ သမီးမျက်နှာက ဒီလောက်ဖြူဖျော့နေတာလေ။ တကယ်ရော အဆင်ပြေရဲ့လား။” ဖေဖေရှောင်က စိုးရိမ်နေဟန်ဖြင့် ပြောလိုက်သည်။ “သမီးနေလို့မကောင်းရင် အခန်းပြန်ပြီး နားလိုက်သင့်တယ်။”
“ဒါပေမယ့်…” ရှောင်လင်းယွီသည် ခြံထဲမှလူများကိုကြည့်ကာ တုံ့ဆိုင်းနေမိသည်။ အိမ်ရှင်အနေနှင့် ဧည့်သည်တွေကို ပစ်ထားခဲ့လို့မဖြစ်နိုင်ပေ။ ဒါ့အပြင် ကျန်းထောင်၊ လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့သည် တကယ်တမ်း သူမဧည့်သည်များဖြစ်လေသည်။
ထိုအခါ သခင်ကြီးကုန်းက၊ “ကောင်မလေး၊ နေလို့မကောင်းရင် သွားနားလိုက်လေ။”
ရှောင်လင်းယွီလည်း ခေါင်းညိတ်လိုက်ကာ၊ “ကျွန်မတောင်းပန်ပါတယ်၊ လူကြီးမင်း။ ကျွန်မရဲ့ ရိုင်းပျမှုအတွက် ခွင့်လွှတ်ပေးပါ။ ကျွန်မ သွားနားလိုက်ပါဦးမယ်။”
“ရတာပေါ့၊ နေမကောင်းရင် နားကိုနားရမှာပေါ့။” သခင်ကြီးကုန်းကလည်း ယဉ်ယဉ်ကျေးကျေးပင် ပြန်ပြောလိုက်သည်။ “ငါတို့ကသာ နှောက်ယှက်နေမိတဲ့သူတွေလေ။”
ရှောင်လင်းယွီလည်း သူမအခန်းသို့ ပြန်သွားခဲ့သည်။
လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့ကတော့ အနည်းငယ် စိတ်ရှုပ်ထွေးနေမိလေသည်။
သူတို့ ဒီမနက် ရှောင်လင်းယွီကို မြင်တုန်းကတောင် သူမသည် အားအင်အပြည့်ဖြင့် သွက်လက်နေသူဖြစ်သည်။ သို့သော်လည်း ကုန်းထျန်းဟောက်ကိုမြင်ပြီးနောက် သူမ၏အခြေအနေက အလွန်ကိုမှ ပုံမှန်မဟုတ်တော့ပေ။ သခင်ကြီးကုန်းကို မြင်လိုက်ပြီးနောက်မှာတော့ သူမအခြေအနေက ဆိုးရွားသွားလေတော့သည်။
ဒါပေါ့၊ သူတို့ ရှောင်လင်းယွီကို ထုတ်မမေးခဲ့ပါဘူး။ ပြီးတော့ ကျန်းထောင်လည်း ရှိနေတယ်လေ။
ရှောင်လင်းယွီ သူမအခန်းကို ပြန်ရောက်ပြီးသည်နှင့် ချက်ချင်းပင် တံခါးကိုလော့ချလိုက်တော့သည်။ သူမ အခန်းတံခါးကိုမှီရင်း သူမမျက်လုံးထောင့်မှ မျက်ရည်များအဆက်မပြတ် စီးကျလာလေသည်။
‘ဒီတော့ ငါအရင်ဘဝတုန်းက အဲ့ဒီကိစ္စတွေ ဖြစ်ခဲ့ရတာ ဒါကြောင့်ပေါ့..’
ထိုအချိန်တုန်းက လန်ဟုန်ရှင်း ဘာကြောင့် ရုတ်တရက်ကြီး သူတို့အိမ်ကို လူတွေခေါ်လာခဲ့လဲဆိုတာကို သူမနားမလည်နိုင်ခဲ့ပေ။ သူတို့က အဖိုးတန်ပရိဘောဂများကို ဖျက်ဆီးခဲ့ကာ ခြံထဲမှ ပန်းများနှင့် အပင်အများစုကို လုယူသွားခဲ့ခြင်းဖြစ်လေသည်။
သူမမောင်လေးနှင့် အဖေက ထိုလူများနှင့် တိုက်ခိုက်ခဲ့သော်လည်း လူအင်အားက မညီမျှပေ။ ဖေဖေရှောင်သည် သွေးအန်သည်အထိ အရိုက်ခံခဲ့ရကာ သူမမောင်လေးကတော့ ခြေထောက်ကို ရိုက်ချိုးခံခဲ့ရသည်။
ထို့နောက်မှာတော့ ချန်းမိသားစုသည် ရှောင်မိသားစုကို ခြောက်ခမ်းသွားသည်အထိ ကုပ်သွေးစုပ်ခဲ့လေသည်။ ရှောင်မိသားစုမှ ဘာစုငွေမှ မကျန်ရှိတော့သည့်အပြင် အကြွေးများစွာပင် တင်ခဲ့သည်။
ဖေဖေရှောင်သည် ဒဏ်ရာအပြင်းအထန်ရကာ ရှောင်လင်းယဲ့ကတော့ ခြေထောက်ကျိုးသွားလေသည်။ မေမေရှောင်သည် လှည့်ပတ်ကာ ငွေချေးသော်လည်း ဘယ်သူကမှ သူမကို ငွေထပ်မချေးရဲကြတော့ပေ။ မေမေရှောင်သည် သူမမိဘဘက်မှ မိသားစုထံ တောင်းပန်ခဲ့သော်လည်း သူမရလာသည့်ငွေက ဒဏ်ရာအပြင်းအထန်ရထားသည့် သူမခင်ပွန်းနှင့်သားဖြစ်သူကို ကုသရန် မလုံလောက်ခဲ့ပေ။ ဆေးရုံကလည်း ငွေမပေးဘဲနှင့် သူတို့ကို မကုသပေးပေ။
အဖိုးရှောင်နှင့် တခြားလူများသည် သတင်းကြားပြီးနောက် အလျင်စလို ပြန်ရောက်လာကြလေသည်။ ထိုအခြေအနေကိုမြင်ပြီးနောက် သူတို့အားလုံး ဒေါသထွက်ကာ စိုးရိမ်ပူပန်ကြပြီး အတော်လေးလည်း စိတ်ဖိစီးသွားကြသည်။ မိသားစုက ဘာမှမပြောပါဘဲ ချက်ချင်းပင် ငွေများထုတ်ပေးကြကာ ဆေးရုံစရိတ်များ ရှင်းပေးခဲ့ကြသည်။
သို့သော်လည်း ထိုအချိန်တုန်းက ကုသချိန်က နောက်ကျသွားခဲ့ပြီဖြစ်သည်။ ဖေဖေရှောင်နှင့် ရှောင်လင်းယဲ့တို့တွင် နာတာရှည်ဘေးထွက်ဆိုးကျိုးများ ကျန်ခဲ့လေသည်။ ဖေဖေရှောင်သည် ဦးခေါင်းနှင့် အဆုတ်တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ အချိန်ကြာလေ သူ့တွင် ခေါင်းကိုက်ခြင်းနှင့် ချောင်းဆိုးခြင်းတို့ ဖြစ်ပေါ်လာလေပင်။ သူချောင်းဆိုးလိုက်တိုင်း သူ့အဆုတ်ကို အန်ထုတ်လုနီးပါးကို ပြင်းထန်ခဲ့သည်။
ရှောင်လင်းယွီ၏မောင်လေးကတော့ ထော့ကျိုးထော့ကျိုးဖြင့် လမ်းလျှောက်ရကာ သူ့တစ်ဘဝလုံး မသန်စွမ်းဖြစ်သွားခဲ့သည်။
ထိုအကြောင်းပြောရရင် ရှောင်လင်းယွီသည် သူမမောင် ရှောင်လင်းယဲ့အပေါ် အကြွေးများစွာ တင်နေလေသည်။
သူမ၏အတိတ်ဘဝတွင် ရှောင်လင်းယွီ Zမြို့မှ ပြန်လာသည့်အတွက် အများဆုံး သက်ရောက်မှုခံရသူမှာ ရှောင်လင်းယဲ့ ဖြစ်လေသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေနေချိန်တွင် အခြေအနေမကောင်းခဲ့ဘဲ ဒုတိယအဆင့်ကောလိပ်တစ်ခုကိုတောင် မဝင်နိုင်ခဲ့ပေ။
ဖေဖေရှောင်နှင့် မေမေရှောင်တို့သည် ရှောင်လင်းယဲ့ကို ကျောင်းပြန်တက်ကာ စာမေးပွဲပြန်ဖြေစေချင်ခဲ့သည်။ သို့သော်လည်း ရှောင်လင်းယွီ ကျောင်းပြန်တက်သည့်နှစ်မှာပဲ ခြေထောက်ကျိုးသွားကာ မသန်စွမ်းဖြစ်ခဲ့လေသည်။
ရှောင်လင်းယဲ့တစ်ယောက် အလွန်စိတ်ဓာတ်ကျကာ အားလုံးကို အရှုံးပေးလိုက်တော့သည်။
ဖိုးဖိုးရှောင်ရောက်လာခြင်းကသာ သူ့ကို ထိုအခြေအနေမှ ကယ်တင်လိုက်နိုင်ခြင်းဖြစ်သည်။ သူက တစ်မိသားစုလုံးက အခုဆိုလျှင် သူ့အပေါ် မူတည်နေပြီဖြစ်ကြောင်း ရှောင်လင်းယဲ့ကို သတိပေးခဲ့သည်။ သူသာ အားလုံးကို အရှုံးပေးလိုက်ပါက သူ့မိသားစုကို ဘယ်သူ ကာကွယ်တော့မှာလဲ။ ချန်းမိသားစုက သူတို့ကို တစ်သက်လုံးအနိုင်ကျင့်နေတာကို ခွင့်ပြုပေးထားတော့မှာလား။
လူတစ်ယောက်က ရုပ်ပိုင်းဆိုင်ရာချို့ယွင်းသွားရုံနဲ့ စိတ်ပိုင်းဆိုင်ရာပဲ ချို့ယွင်းမသွားဘူးလေ။
“ယဲ့အာ၊ မင်းသာ အားလုံးကိုလက်လျှော့လိုက်မယ်ဆို ဒီတစ်မိသားစုလုံးရဲ့တာဝန်ကို မင်းအမေတစ်ယောက်တည်း ထမ်းနေရမှာကို ကြည့်နေဖို့ စိတ်ကူးထားတာလား။” ဖိုးဖိုးရှောင်သည် အလွန်ကိုမှ ပညာရှိသူဖြစ်သည်။ သူအသက်ရှင်နေတုန်းမှာတော့ သူ့အမိန့်ကြောင့် သူ့တခြားသားတွေက သူ့ဒုတိယသားကို ကူညီပေးကြပါလိမ့်မည်။ သို့ပေမယ့် သူ့ဒုတိယသား၏မိသားစုကသာ ပြန်ထူထောင်ဖို့ စွန့်လွှတ်လိုက်မည်ဆိုလျှင် သူမရှိတော့တဲ့အချိန်ကျ သူတခြားသားတွေကလည်း ဆက်ကူညီကြလိမ့်မည်မဟုတ်ပေ။
သူ့ကျန်သည့်သားတွေက ဘာမှမပြောရင်တောင် သူ့ချွေးမတွေနဲ့ မြေးတွေက ငြိုငြင်လာမည်ကိုတော့ ဖိုးဖိုးရှောင် ပြောနိုင်လေသည်။ ဒီမိသားစုကြီး အဆင်ပြေပြေဟန်ချက်ညီညီဖြစ်ဖို့ဆိုလျှင် သူ့ဒုတိယသားမိသားစုအနေနှင့် ဒီအတိဒုက္ခကြီးကနေ ပြန်လည်နာလန်ထူလာတာသေချာအောင် သူ လုပ်ပေးဖို့ လိုအပ်သည်။
ဖိုးဖိုးရှောင် အိမ်ကိုပြန်ရောက်လာကတည်းက ရှောင်မိသားစုသည်လည်း ပိုမိုငြိမ်းချမ်းလာခဲ့သည်။ ချန်းမိသားစုက ဆက်ပြီးဒုက္ခပေးနေစဲဖြစ်သော်လည်း သူတို့အားလုံးကို ဖိုးဖိုးရှောင်နှင့် ဖွားဖွားရှောင်တို့ကို နှင်ထုတ်ခဲ့ကြသည်။
ဖိုးဖိုးရှောင်က တိုက်ရိုက်ပင် ပြောလိုက်လေသည်။ “မင်းတို့ပြဿနာရှာချင်ရင် ဒါဆိုလည်း Zမြို့ကိုသွားပြီး ပြဿနာရှာကြတာပေါ့။”
“ငါ့ယွီအာက ချန်းယန်ကို သစ္စာဖောက်သွားလို့ မင်းတို့အပေါ် အကြွေးတင်နေတာလို့ မင်းတို့ပြောကြတယ်မဟုတ်ဘူးလား။ ဒါဆိုလည်း ကောင်းပြီလေ။ ချန်းယန်ရှိတဲ့ Zမြို့ကိုသွားကြတာပေါ့။ ဒီတော့မှ ငါတို့လည်း အမှန်တရားကိုသိရမှာ။”
“မင်းတို့ချန်းယန်က လက်ထပ်သွားပြီဟာကို ဘာလို့ မင်းတို့က ငါ့ဒုတိယသားရဲ့အိမ်ကို ပြဿနာလာရှာနေရသေးတာလဲ။ မင်းတို့က အကြောင်းမျိုးစုံပြပြီး လျော်ကြေးတောင်းတဲ့အပြင် လူတွေကိုတောင် ထိခိုက်ဒဏ်ရာရစေသေးတယ်။”
“ချန်းတဟွာ၊ လန်အာယင်း၊ မင်းတို့ ဘာတွေကြံနေလဲ ငါမသိဘူးမထင်နဲ့။ ကောင်းပြီလေ၊ မင်းတို့က ပြဿနာရှာချင်တယ်ဆိုလည်း တခါတည်း ပြဿနာအကြီးကြီးရှာကြတာပေါ့။ ချန်းယန်ကို ပြန်လာခိုင်းလိုက်။ သူပြန်မလာချင်ရင် ငါတို့ သူ့ကို သွားရှာမယ်။”
“ဆယ်နှစ်တာအချစ်? သူက သူ့ရည်းစားဟောင်းရဲ့မိသားစု ဖျက်ဆီးခံရတဲ့အထိတောင် ကျေနပ်နိုင်မှာမဟုတ်ဘူး။ ဒီအချိန်အတွင်း သူကတော့ သူ့ဇနီးအသစ်နဲ့ ဇိမ်ကျကျနေနေတယ်လေ။”
ဖိုးဖိုးရှောင်က Zမြို့သို့သွားကာ ချန်းယန်ကို ရှာမည်ဟု ခြိမ်းခြောက်လာတာကြောင့် ချန်းတဟွာနှင့် လန်အာယင်းတို့ ထိတ်လန့်သွားကြသည်။
ဘာလို့များလဲ? ဘာလို့ဆို သူတို့မှာ အပြစ်ရှိစိတ်ရှိနေလို့ပေါ့။
***