အတိတ်ကို ပြန်လည်အမှတ်ရခြင်း
Vol. 10 Ch. 172
ပထမတော့ ချန်းယန်၏မိဘများသည် ရှောင်လင်းယွီက တရားမဝင်ကလေးတစ်ယောက်ကိုပါ ကိုယ်ဝန်ရှိလာတာကြောင့် တကယ်ပဲ ချန်းယန်ကို သစ္စာဖောက်ခဲ့သည်ဟု တွေးခဲ့မိကြသည်။
သို့ပေမယ့် နောက်ပိုင်း သူတို့ Zမြို့ကိုသွားချိန် ချန်းယန်တို့ဇနီးမောင်နှံနှင့် အချိန်တစ်ခုကြာအောင် နေခဲ့ကြလေသည်။ ယဉ်ကျေးမှုမတူညီတာကြောင့် ယောက္ခမနှင့်ချွေးမ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ သည်းမခံနိုင်ခဲ့ကြပေ။ အထူးသဖြင့် ကျောက်ဝမ်မန့်သည် သူမ၏ယောက္ခမနှင့် ယောက္ခထီးကို အလွန်ကိုမှ အထင်သေးစက်ဆုပ်လေသည်။ သူတို့က ညစ်ပတ်နံစော်ကာ မသန့်ရှင်းဟု ခံစားခဲ့ရသည်။ ထိုလူများမှာ သူတောင်းစားများနှင့် ဘာမှမကွာခြားသလိုပင်။
လန်အာယင်းသည်လည်း သူ့သားကသာ ကမ္ဘာပေါ်တွင် အကောင်းဆုံးယောက်ျားဟု ယုံကြည်နေစဲဖြစ်သည်။ သူမက လူချမ်းသာ၏သမီးကို သူ့သားလက်ထပ်နိုင်ခဲ့သည့်အပေါ် ဂုဏ်မောင်နေခဲ့သည်။ သို့သော်လည်း သူမစိတ်ထဲတွင်တော့ မိန်းမတွေက လက်ထပ်ပြီးရင် ခင်ပွန်းနဲ့ ခင်ပွန်းမိသားစုကို အလုပ်အကြွေးပြုသင့်သည်ဟူသော စိတ်က စွဲနေခဲ့သည်။
လန်အာယင်းသည် ယောက္ခမဆိုသည့်ဂုဏ်နှင့် လေပေါ်မြောက်နေလေသည်။ အချိန်ကြာလာလေ ကျောက်ဝမ်မန့်အပေါ် အပြစ်ရှာလာကာ သူမခင်ပွန်းအတွက် အဝတ်လျှော်ခိုင်းတာ ချက်ပြုတ်ခိုင်းတာတို့ လုပ်လာခဲ့သည်။
ကျောက်ဝမ်မန့်သည် တခြားလူတွေကို သည်းခံပေးမည့်လူမျိုးမဟုတ်ပေ။ ထို့အပြင် သူမ၏ယောက္ခမတွေကို အစကတည်းက သဘောမကျသူလည်းဖြစ်သေးသည်။ ဒါကြောင့်ပဲ သူတို့ နေ့တိုင်း စကားများကြကာ ဘယ်သူ့ဘက်ကမှ အလျှော့မပေးခဲ့ပေ။
သို့သော်လည်း ရှောင်လင်းယွီ၏ကိုယ်ဝန်အကြောင်း လျှို့ဝှက်ချက်ကို လန်အာယင်း သိလိုက်ရချိန်မှာတော့ ကျောက်ဝမ်မန့်ကို ထိန်းချုပ်ရန်အသုံးချနိုင်ပြီဟု တွေးမိသွားလေသည်။
မမျှော်လင့်ထားစွာဘဲ ကျောက်ဝမ်မန့်သည် အမူအရာတောင်မပြောင်းဘဲ သူမယောက္ခမတွေကို မောင်းထုတ်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။ သူတို့သာ တစ်ယောက်ယောက်ကို ထိုအကြောင်း ပြောရဲပါက အားလုံးဆုံးရှုံးသွားအောင် လုပ်ပစ်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။ ချန်းယန်ကို အားလုံးဆုံးရှုံးပြီး သူတောင်းစားဖြစ်သွားအောင် လုပ်ပစ်မည်ဟုပင်။
ဒါပေါ့ ချန်းတဟွာနှင့် လန်အာယင်းကတော့ ထိုစကားတွေကို အတည်မမှတ်ခဲ့ပေ။
သူတို့စိတ်ထဲတွင်တော့ ကျောက်ဝမ်မန့်က ချန်းယန်ကို လက်ထပ်ထားသူဖြစ်သည်။ ကျောက်မိသားစုနှင့်သက်ဆိုင်သမျှက သူတို့ချန်းမိသားစုပိုင်ဆိုင်သွားပြီဟုပင်။ သူမတွင် သူတို့ကို ခြိမ်းခြောက်ဖို့ ဘာအာဏာစွမ်းအားမှမရှိဟု တွေးခဲ့ကြလေသည်။
ထိုအချိန်မှာပဲ နောက်ဆုံးတော့ ချန်းယန်က ဝင်ပြောလာခဲ့သည်။ သူက သူ့ဇနီးဘက်က ရပ်တည်ကာ သူ့မိဘတွေကို အိမ်ကနေ မောင်းထုတ်ခဲ့သည်။ “အမေ၊ အဖေ၊ ကျွန်တော် အမေတို့ကို အမှန်အတိုင်းပဲပြောတော့မယ်။ ကျွန်တော်ကသာ ကျောက်မိသားစုထဲ လက်ထပ်ဝင်ခဲ့တာ။ ကျောက်မိသားစုက ကျွန်တော်တို့ကို အားလုံးဆုံးရှုံးသွားအောင် တကယ်လုပ်နိုင်တယ်။ အမေတို့ ကျွန်တော့်ကို ဆင်းရဲတဲ့တောရွာဆီ ပြန်သွားစေချင်လို့လား။”
သူတို့သားက နှိမ့်ချကာ တစ်ဖက်မိသားစုထဲ လက်ထပ်ဝင်ခဲ့ရသည်အား ချန်းတဟွာနှင့် လန်အာယင်းတို့ ကြားသိရချိန်မှာတော့ ထိတ်လန့်ကာ ဒေါသထွက်သွားကြတော့သည်။ သူတို့သားကို ဒီလောက်ကောင်းကောင်းမွန်မွန် ပျိုးထောင်လာခဲ့တာက ကျောက်မိသားစုအတွက်မဟုတ်ဘဲ ချန်းမိသားစုအတွက် မျိုးဆက်ချန်နိုင်အောင်လို့လေ။ ချန်းမိသားစုရွာကသာ ချန်းယန်၏ကလေးက ကျောက်မျိုးရိုးဖြစ်နေကြောင်း သိသွားရင် လှောင်ပြောင်လို့ဆုံးတော့မှာမဟုတ်ဘူး။
“မဖြစ်ဘူး၊ မင်းဒီလိုလုပ်လို့မရဘူးလေ။” လန်အာယင်းက ငိုယိုကာ တောင်းပန်ခဲ့သည်။ “သားလေး၊ အမေတို့ နောက်ဆိုဘယ်လိုလုပ်ကြမလဲ။ အမေတို့ကို ဘယ်သူက ထောက်ပံ့ပေးတော့မှာလဲ။”
ချန်းယန်က၊ “အဖေ၊ အမေ စိတ်မပူပါနဲ့။ အမေတို့ထုတ်မပြောသ၍ ဘယ်သူမှ အမှန်တရားကိုသိမှာမဟုတ်ဘူး။ အမေတို့အတွက် လတိုင်း ငွေပမာဏတစ်ခု ပို့ပေးမှာပါ။ အမေတို့ ပြန်လိုက်ကြတော့။”
လန်အာယင်းနှင့် ချန်းတဟွာတို့မှာ ထွက်မသွားချင်ကြပေ။ သူတို့ကို အလုပ်အကျွေးပြုမည့် အိမ်အကူများစွာရှိသော ဒီလိုကြီးမားလှပသည့် အိမ်ကြီးကို ဘယ်လိုလုပ် ခွဲနိုင်ပါ့မလဲ။ သို့သော်လည်း ကျောက်ဝမ်မန့်သည် သူတို့သာ မပြန်သွားရင် အခုကစ သူတို့အတွက် ငွေတောင်မှ ပို့တော့မည်မဟုတ်မှန်းကို သိနေလေသည်။
သူတို့သာပြန်သွားမည်ဆိုလျှင် လတိုင်း ယွမ်၁သောင်းတော့ ရနိုင်သေးသည်။
ထိုသို့ဖြင့် ချန်းတဟွာနှင့် လန်အာယင်းတို့လည်း ဝမ်းနည်းစွာဖြင့် မပြန်ချင်ဘဲ ပြန်သွားခဲ့ကြရလေသည်။
ထို့ကြောင့်ပဲ ဖိုးဖိုးရှောင်က Zမြို့ကို လူတွေခေါ်သွားမည်ဟုပြောတာကြားချိန်တွင် သူတို့အပြစ်ရှိသလို ခံစားလိုက်ရခြင်းဖြစ်သည်။
ချန်းယန်က အိမ်ပါသားမက်ဖြစ်သွားသည့်အမှန်တရားကို ရှောင်မိသားစုတွေ ဖော်ထုတ်လိုက်မည်ကို သူတို့စိုးရိမ်နေခဲ့ခြင်းပင်။ ဒီလိုဆို သူတို့မျက်နှာပျက်ကုန်မှာပေါ့။
ဒါ့အပြင် ချန်းယန်နှင့် သူ့ဇနီးတို့က ရှောင်လင်းယွီကို အကွက်ချခဲ့သည့်အမှန်တရားကိုလည်း ရှောင်မိသားစု သိသွားမည်အား စိုးရိမ်နေရသေးသည်။
သူတို့ အခုလို မကြာခဏပြဿနာလာရှာခြင်းမှာ ရှောင်လင်းယွီက ချန်းယန်ကို သစ္စာဖောက်ခဲ့ကြောင်း လူတိုင်းကို သတိပေးလိုခြင်းဖြစ်ပြီး သူတို့သား၏လုပ်ရပ်က မှန်ကန်ကြောင်း သူတို့ကိုယ်သူတို့ ပြန်သတိပေးလို၍လည်းဖြစ်သည်။ သူတို့မှန်တယ်၊ ရှောင်လင်းယွီကတော့ မှားတယ်။ ရှောင်မိသားစု ဒုက္ခရောက်နေချိန်တွင် သူတို့ကတော့ ပျော်ရွှင်မှုကိုသာ ခံစားရလေသည်။
ဒါကြောင့်ပဲ ချန်းတဟွာနှင့် လန်အာယင်းတို့သည် ရှောင်မိသားစုကို Zမြို့သို့ သွားခွင့်မပြုရဲခဲ့ပေ။
နောက်ဆုံးတော့ အေးချမ်းသည့်နေရက်များ ရှောင်မိသားစုထံ ရောက်ရှိလာပေသည်။
ရှောင်လင်းယဲ့သည်လည်း သူ့ကိုယ်သူ ပြန်လည်နာလန်ထူနိုင်ခဲ့သည်။ သူ့အဖိုးစကားကိုနားထောင်ကာ ပြန်ပြီး စာလေ့လာခဲ့သည်။
နောက်နှစ်မှာတော့ တောင်ပိုင်းတရုတ်ပြည်နယ်တွင် သိပ္ပံအမှတ်အကောင်းဆုံးဖြင့် မြို့တော်တက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့သည်။
သူ့ခြေထောက်ကျိုးနေသော်လည်း သူ့စိတ်နဲ့ ဆုံးဖြတ်ချက်တော့ မကျိုးပဲ့နေပေ။ လူတွေက ရံဖန်ရံခါဆိုသလို သူ့ကို လှောင်ပြောင်ရယ်မောကြပေမယ့် အချိန်အများစုမှာတော့ သူက လူအများ၏သဘောကျခံရသူဖြစ်လေသည်။ ဒါ့အပြင် ရှောင်လင်းယဲ့သည် ရုပ်ရည်ကြည့်ကောင်းကာ ကြင်နာတတ်သည့်နှလုံးသားရှိသူလည်းဖြစ်တာကြောင့် လူများစွာက သူနှင့် မိတ်ဆွေဖွဲ့လိုကြလေသည်။
ရှောင်လင်းယဲ့သည်လည်း ဉာဏ်ကောင်းကာ ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်သည်။ ဒါ့အပြင် သူသည် စီးပွားရေးအတွက် စိတ်ကူးအကြံဉာဏ်ကောင်းတွေလည်းရှိသေးသည်။
နောက်တစ်နှစ်မှာတော့ ရှောင်လင်းယဲ့နှင့် သူ့အတန်းဖော်တချို့ပူးပေါင်းကာ ပေကျင်းတွင် နည်းပညာကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သည်။ တတိယနှစ်သို့ရောက်ချိန်မှာပဲ ထိုကုမ္ပဏီသည် ကြီးမားလာပြီဖြစ်သည်။ ၎င်း၏ပိုင်ဆိုင်မှုက ယွမ်၁၀သန်းကျော်သွားခဲ့ကာ ကုမ္ပဏီ၏အနာဂါတ်ကလည်း တောက်ပတာကြောင့် ရင်းနှီးမြှုပ်နှံသူများစွာကို ဆွဲဆောင်နိုင်ခဲ့လေသည်။
ကုမ္ပဏီက အတိုင်းအတာတစ်ခုအထိ ကြီးထွားလာသည်နှင့် လုပ်ငန်းတွင်း ပြဿနာတချို့ရှိခဲ့သည်။ ရင်းနှီးမြှုပ်နှံသူတချို့က ရှောင်လင်းယဲ့သည် မတည်ငွေမထည့်ထားသော်လည်း ရှယ်ယာများစွာပိုင်ဆိုင်နေခြင်းကြောင့် ပြဿနာရှာခဲ့ကြသည်။ ရှောင်လင်းယဲ့သည် နောက်ကွယ်က နည်းပညာအားလုံးကို ထောက်ပံ့ကာ တည်ထောင်ခဲ့သူဖြစ်သော်လည်း ထိုလူများကတော့ သူ့အနေနှင့် ဤမျှများပြားသည့် ရှယ်ယာများ မပိုင်ဆိုင်သင့်ဟု တွေးကြလေသည်။ ဒါကြောင့် ရှောင်လင်းယဲ့၏ရှယ်ယာများကို သိမ်းယူရန် ပူးပေါင်းခဲ့ကြသည်။
ထိုအကြောင်းကို ရှောင်လင်းယွီရှာတွေ့သွားချိန်မှာတော့ သူ့ကုမ္ပဏီရှယ်ယာများကို အချိန်မီအကုန်ရောင်းထုတ်ကာ ကုမ္ပဏီကပါ ထွက်သွားခဲ့လေသည်။
ထို့သို့ဖြင့် သူငယ်ချင်းဆက်ဆံရေးသည်လည်း ဆုံးခန်းတိုင်သွားခဲ့သည်။
ရှောင်လင်းယဲ့ထွက်သွားပြီးနောက်မှာတော့ ကုမ္ပဏီသည် ဦးဆောင်ဦးရွက်ပြုမည့်ခေါင်းဆောင် ကင်းမဲ့သွားတာကြောင့် ယိုင်နဲ့လာတော့သည်။
ရှောင်လင်းယွီ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်မှာတော့ ပေကျင်းရှိ လုပ်ငန်းစုကြီးတစ်ခုကနေ စီအီးအိုရာထူးဖြင့် တိုက်ရိုက်ပင် ခန့်အပ်ခံခဲ့ရသည်။ သူက ထိုမှတဆင့် အသက်အငယ်ဆုံးဉာဏ်ကြီးရှင်ဖြစ်လာတော့သည်။
ထိုအချိန်တုန်းက သူ့အသက်မှာ ၂၃နှစ်သာ ရှိသေးလေသည်။
စီးပွားရေးသတင်းဌာနများစွာက ထိုအကြောင်းကိုသာ ထုတ်လွှင့်ချင်နေကြသည်။
တချိန်တည်းမှာပဲ ရှောင်လင်းယဲ့သည် လူငယ်များစွာထံမှ လေးစားအတုယူခြင်းကို ခံခဲ့ရသည်။ လူအများစုက သူ့ဒဏ်ရာများအကြောင်းကို မေ့ပျောက်သွားခဲ့ကြသည်။ သို့သော်လည်း ရှောင်လင်းယဲ့ကတော့ သူ့မိသားစု မျက်စိတစ်မှိတ်အတွင်းပြိုလဲသွားအောင် ဘယ်လို ဖိအားပေးခံခဲ့ရသည်ကို အမြဲတမ်း အမှတ်ရနေတုန်းပင်။
ရှောင်လင်းယဲ့သည် လက်ရှီအာဏာဖြင့် သူ့အစ်မ၏ဂုဏ်သိက္ခာကျဆင်းခဲ့ရသည့်ကိစ္စကို ပြန်လည်စုံစမ်းခဲ့သည်။ ဤနှစ်များအတွင်း အတွေ့အကြုံရင့်ကျက်လာပြီဖြစ်တာကြောင့် ရှောင်လင်းယဲ့သည် ပြဿနာကို ချက်ချင်းမြင်တွေ့သွားခဲ့လေသည်။
ပြောရရင် သူ့အစ်မသည်လည်း ဒီဇာတ်လမ်းက ဟာကွက်တွေကို သတိထားမိသင့်ပေသည်။ သို့သော်လည်း သူမသည် ရှက်ရွံ့မှုနှင့်အပြစ်ရှိမှုဆိုသည့် ထောင်ချောက်ထဲ သက်ဆင်းသွားကာ အမှန်တရားကို မမြင်နိုင်တော့ပေ။ မဟုတ်ရင်လည်း ဤရက်စက်လှသည့်အမှန်တရားကို ရင်မဆိုင်ချင်တာကြောင့် သူမ အမှားဆိုပြီးသာ တထစ်ချယုံကြည်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ရှောင်လင်းယဲ့သည် ထိုအချိန်တုန်းက အတော်လေး အင်အားကြီးနေခဲ့ပြီဖြစ်သည်။ သူ့မိသားစုကို အလွယ်တကူ ကာကွယ်ပေးနိုင်နေပေပြီ။ ထိုကဲ့သို့သော အခြေအနေမျိုးသာ ထပ်ဖြစ်လာပါက ချက်ချင်းပြန်တုံ့ပြန်နိုင်ပေပြီ။ ရှောင်လင်းယဲ့သည် အမှန်တရားကို ရှာတွေ့သွားချိန်မှာပဲ ရှောင်ထုန်သည် နာမကျန်းဖြစ်လာခဲ့ကာ အခြေအနေကလည်း ဆိုးခဲ့သည်။ ရှောင်လင်းယဲ့လည်း အမှန်တရားကို ချမပြရဲခဲ့ပေ။ ဒါက အချိန်အခါကောင်းမှမဟုတ်ဘဲ။
ရှောင်လင်းယွီ ပြန်လည်မွေးဖွာလာခဲ့သည်အထိ သူမမောင်က အမှန်တရားကို ရှာတွေ့သွားခဲ့ပြီမှန်း မသိခဲ့ပေ။
သို့သော်လည်း ဒါတွေအားလုံး အရေးမပါတော့ပေ။
အကြောင်းကတော့ ရှောင်လင်းယွီသည်လည်း အမှန်တရားကို ရှာဖွေနိုင်ခဲ့ပြီမဟုတ်လား။
လန်ဟုန်ရှင်းက လူတွေလွှတ်ကာ ပစ္စည်းတွေကို ဖျက်ဆီးပြီး သူမပန်းတွေကို ခိုးသွားတဲ့အပြင် သူမဖခင်နှင့်မောင်ကိုပါ ထိခိုက်စေခဲ့ချိန်မှာတော့ ရှောင်လင်းယွီလည်း မှိန်းမောနေရာမှ လန့်နိုးလာခဲ့လေသည်။ သူမသာ သူမဘဝကို ဒီအတိုင်းဆက်ပြီး အလဟသကုန်ဆုံးနေမည်ဆိုလျှင် သူမမိသားစုကို စိုးရိမ်စေကာ သူတို့ကို စိတ်အပျက်ကြီးပျက်သွားစေလိမ့်မည်။ ဒါကြောင့် သူမကိုယ်သူမ ပြန်လည်ရပ်တည်ဖို့လိုကြောင်း သိခဲ့လေသည်။
ရှောင်လင်းယွီ၏ ကျိုးကြောင်းစဉ်းစားနိုင်စွမ်းက ပြန်လည်ရောက်ရှိလာခဲ့သည်။ အခြေအနေကို သူမခွဲခြမ်းစိတ်ဖြာကြည့်ပြီးချိန်မှာတော့ ထိုနောက်ကွယ်တွင် နှလုံးသားမဲ့ ရက်စက်သည့်အမှန်တရားရှိနေကြောင်း သံသယဝင်လာခဲ့သည်။ သူမလည်း ကျိုးကြောင်းစဉ်းစားမှုနှင့် စိတ်ခံစားချက်ကြား ပိတ်မိနေကာ နောက်ဆုံးမှာတော့ အမှန်တရားကို စုံစမ်းဖို့ ဆုံးဖြတ်ခဲ့လေသည်။
သူမလည်း ဖြစ်စဉ်တစ်ခုလုံးကို လိုက်လံစုံစမ်းစစ်ဆေးတော့မည်။
သို့သော်လည်း ထိုအချိန်တုန်းက သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ သူမမိသားစုကလည်း သူမ မိုက်မဲသည့်ကိစ္စများလုပ်မည်ကို စိုးရိမ်တာကြောင့် တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေခဲ့ကြသည်။ သူမ ချန်းယန်ကို မေးရန်အတွက် Zမြို့သို့မသွားနိုင်ခဲ့ပေ။ ဒါကြောင့် အိမ်မှာပဲ အေးအေးချမ်းချမ်းနေကာ စောင့်နေနိုင်တော့သည်။
ရှောင်လင်းယွီ ပြောင်းလဲသွားကြောင်း ရှောင်မိသားစု သတိထားမိသည်နှင့် သူတို့လည်း သက်ပြင်းချနိုင်ကာ စိတ်အေးသွားကြလေတော့သည်။
သုံးလကြာပြီးနောက် ရှောင်လင်းယွီ ကလေးတစ်ယောက်မွေးခဲ့ကာ ယောက်ျားလေးပင်။
သို့သော်လည်း ရှောင်လင်းယွီ ထိုကလေးကို လွန်စွာမှ မုန်းတီးခဲ့သည်။ ဒါကြောင့် မေးပြီးသည်နှင့် တစ်ချက်ကလေးတောင် မကြည့်ခဲ့ပေ။
ကလေးတစ်လပြည့်ချိန်မှာတော့ လူတိုင်းက ပျော်ရွှင်စွာ ပွဲကျင်းပခဲ့ကြသည်။ ထိုနေ့၏အဓိကကြယ်ပွင့်လေးမှာ ရှောင်ထုန်ဖြစ်တာကြောင့် ဘယ်သူမှ ရှောင်လင်းယွီကို အာရုံမစိုက်မိကြပေ။ ရှောင်လင်းယွီလည်း စာတိုတစ်စောင်ရေးကာ အိမ်မှ ထွက်သွားတော့သည်။
စာကတော့ သူမမိသားစုကို မစိုးရိမ်ဖို့နှင့် အလုပ်သွားလုပ်ခြင်းဖြစ်ကာ သူမအခြေကျကာမှ မိသားစုကို ဆက်သွယ်လိုက်မည်ဖြစ်ကြောင်း ပြောထားခြင်းဖြစ်သည်။
ထိုစာကိုမြင်သည်နှင့် မေမေရှောင် အလွန်ဒေါသထွက်သွားသော်လည်း သူမ ဘာမှမလုပ်နိုင်ခဲ့ပေ။ သူမကိုယ်တိုင် Zမြို့သို့သွားပြီး သူမသမီးကို ပြန်ဆွဲခေါ်လာနိုင်ပါစေဟုသာ ဆုတောင်းနိုင်လေသည်။ သို့သော်လည်း သူမ ထွက်မသွားနိုင်ပေ။
ဖေဖေရှောင်သည် အရိုက်ခံရသည့်ဒဏ်ကြောင်း နောက်ဆက်တွဲရောဂါများ ခံစားနေရစဲဖြစ်သည်။ ရှောင်လင်းယဲ့သည်လည်း ခြေထောက်ဒဏ်ရာကြောင့် စိတ်ဓာတ်ကျနေချိန်ဖြစ်သည်။ ဒါ့အပြင် ငိုယိုနေသည့်ကလေးငယ်လေးတစ်ယောက်လည်း ရှိသေးသည်။
သူမ ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ။
ရှောင်လင်းယွီ Zမြို့ကို ပြန်ရောက်ပြီးနောက် အလုပ်တစ်ခု မရှာနိုင်ခဲ့ပေ။
အကြောင်းကတော့ ကုမ္ပဏီတော်တော်များများ၏သူဌေးများသည် သူမနာမည်ကို ကြားဖူးထားကြသည်။ ဟွေ့ချင်အုပ်စုကို မစော်ကားချင်တာကြောင့် ထိုကုမ္ပဏီများသည် သူမကို အလုပ်မခန့်ရဲကြပေ။
ဟွေ့ချင်အုပ်စုထက် အင်အားပိုကြီးသည့် ကုမ္ပဏီကြီးများတွင် အလုပ်လုပ်ဖို့ကျပြန်တော့လည်း သူမတွင် လုံလောက်သည့် အတွေ့အကြံမရှိပေ။ ဒါကြောင့် အလုပ်တစ်ခု ရှာဖို့ မလွယ်ကူခဲ့ပေ။
ရှောင်လင်းယွီလည်း အံတင်းတင်းကြိတ်ကာ ကုမ္ပဏီကြီးတစ်ခုမှ သန့်ရှင်းရေးအလုပ်ကိုလုပ်ခဲ့ရသည်။
တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုဖြစ်ခဲ့လေသည်။ အထွေထွေမန်နေဂျာသည် နိုင်ငံခြားသားကိုယ်စားလှယ်တစ်ဦးနှင့် ညှိနှိုင်းဆွေးနွေးဖို့ရှိချိန် စကားပြန်က ပျောက်နေခဲ့သည်။ ရှောင်လင်းယွီက စေတနာဖြင့် ဝင်ကူညီပေးခဲ့လေသည်။ ပထမတော့ သန့်ရှင်းရေးသမားတစ်ယောက်က နိုင်ငံခြားဘာသာစကားကို တကယ်ကြီး နားလည်နိုင်လိမ့်မည်ဟု ဘယ်သူမှ မယုံကြည်ခဲ့ပေ။
သို့သော်လည်း ရှောင်လင်းယွီက နိုင်ငံခြားဘာသာစကားကို ချောချောမွေ့မွေ့ပြောဆိုနိုင်ခဲ့ချိန်မှာတော့ အထွေထွေမန်နေဂျာသည် ရှောင်လင်းယွီကို ချက်ချင်းပင် ကုမ္ပဏီ၏စကားပြန်အဖြစ် အလုပ်ခန့်လိုက်တော့သည်။ ရှောင်လင်းယွီ၏ပြောင်မြောက်သည့် လုပ်ဆောင်ချက်ကြောင့် ဆွေးနွေးညှိနှိုင်းမှုမှာ အောင်မြင်ခဲ့လေသည်။
အထွေထွေမန်နေဂျာသည်လည်း ရှောင်လင်းယွီ၏ စွမ်းဆောင်ရည်ကို သဘောကျသွားကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဌာနသို့ ပြောင်းရွှေ့ပေးလိုက်တော့သည်။ ရှောင်လင်းယွီသည်လည်း ထူးချွန်သည့် ဝန်ထမ်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့သည်။ နှစ်ဝက်အတွင်းမှာတင် သူမသည် သာမာန် စကားပြန်အဆင့်ကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဌာန၏ အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရလေသည်။ သုံးနှစ်ကြာပြီးနောက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဌာန၏ဒါရိုက်တာဖြစ်လာခဲ့သည်။
ရှောင်လင်းယွီသည် ထိုနယ်ပယ်တွင် ပိုပိုပြီး ကျော်ကြားလာခဲ့သည်။
တချို့လူတွေက သူမကိုအားကျကြကာ တချို့ကတော့ မနာလိုဖြစ်ကြကြသည်။
ထိုသိုဖြင့် ရှောင်လင်းယွီသည် သူမရှေ့ရေးအတွက် လူအိုကြီးတစ်ယောက်နှင့် အိပ်ခဲ့သည်ဆိုသည့် ကောလဟာလများ ပျံ့လာခဲ့သည်။ ထို့နောက် သူမက သူမ၏ဆယ်နှစ်တာ ချစ်သူကို သစ္စာဖောက်ကာ တရားမဝင်ကလေးတစ်ယောက်ကိုတောင် မွေးခဲ့သည်ဟုပင်။ ဒါဆို ဘာလို့ ဒီနယ်ပယ်မှာ သူမရပ်တည်နိုင်မယ့် အခွင့်အရေးပေးသင့်တာလဲ။
ထိုအချိန်တုန်းက ရှောင်လင်းယွီသည် ထိုကောလဟာလအားလုံးကို လျစ်လျူရှုပစ်နိုင်သည်အထိ သန်မာနေပြီဖြစ်သည်။ သူမက စကားထက် လုပ်ရပ်များဖြင့် အားလုံးကို သက်သေပြနေခဲ့သည်။
ထိုကုမ္ပဏီ၏အထွေထွေမန်နေဂျာသည် ရှောင်လင်းယွီကို အမြဲတမ်း ယုံကြည်ပေးခဲ့ကာ သူမ၏လုပ်ပုံကိုင်ပုံများကိုလည်း သဘောကျခဲ့သည်။ ဒါကြောင့် ကောလဟာလများအားလုံးကို အယုံအကြည်မရှိခဲ့ပေ။
ဒါကြောင့်ပဲ ရှောင်လင်းယွီ၏နေရာက တည်မြဲနေခဲ့လေသည်။
ဟွေ့ချင်အုပ်စုမှ တချို့လူတွေက ပိုကောင်းသည့်အနာဂါတ်ကို ရှာဖွေလိုကြသည်။ ရှောင်လင်းယွီသည် ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လုပ်နေကြောင်း ကြားရချိန်မှာတော့ သူမကို မျက်နှာလုပ်ချင်ခဲ့ကြသည်။ သူတို့က ထိုအချိန်တုန်းက ချန်းယန်၊ ကျောက်ဝမ်မန့်နှင့် ရှောင်လင်းယွီတို့အကြောင်း သူတို့ကြားခဲ့ရသည့် ကောလဟာလများကို ပြန်လည်ပြောပြပေးကြသည်။
ထိုသို့ဖြင့် ချန်းယန်ကသာ သူမကို အရင်သစ္စာဖောက်သွားပြီး ကျောက်ဝမ်မန့်နှင့်တွဲခဲ့သူဖြစ်ကြောင်း ရှောင်လင်းယွီ အတည်ပြုလိုက်နိုင်တော့သည်။ ဂုဏ်သတင်းမကျဆင်းချင်တာကြောင့် ထိုယောက်ျားက ကျောက်ဝမ်မန့်နှင့်ပေါင်းကာ သူမကို ထောင်ချောက်ဆင်ခဲ့လေသည်။
အမှန်တရားကိုကြားပြီးနောက် သူမအလွန်ဒေါသထွက်သွားခဲ့သည်။
သူမစိတ်ကို ပြန်ငြိမ်အောင် ထိန်းချုပ်ပြီးနောက်မှာတော့ လက်စားချေရန် ရွေးချယ်လိုက်လေသည်။
သို့သော်လည်း ထိုလူယုတ်မာကို သူမ လက်စားမချေနိုင်ခင်မှာပဲ သူမမိသားစုက သူမကို ဆက်သွယ်လာကာ ရှောင်ထုန်သေတော့မည့်အကြောင်း ပြောလာခဲ့သည်။ အမေတစ်ယောက်အနေနှင့် ကိုယ့်သားကိုယ် နောက်ဆုံးတစ်ကြိမ်လာကြည့်သင့်ကြောင်း ပြောခဲ့လေသည်။
ထိုဖုန်းကောကို လက်ခံရှိချိန်မှာတော့ သူမခေါင်းက ချာချာလည်သွားကာ သတိလစ်သွားတော့သည်။
***