← Chapters

ရှောင်ထုန်၏နောင်တ၊ မိခင်ထံမှပွေ့ဖက်ခံရခြင်း

Vol. 10 Ch. 173

ရှောင်ထုန်၏နောင်တ၊ မိခင်ထံမှပွေ့ဖက်ခံရခြင်း

Vol. 10 Ch. 173

ရှောင်မိသားစု လုယက်ခံရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် နာတာရှည်ရောဂါဒဏ်ရာများ စွဲကပ်ခဲ့ခြင်းတို့ ဖြစ်ပြီးနောက်မှာ ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့၏ကံကြမ္မာက ပြောင်းလဲသွားသည်ဟု ပြောနိုင်လေသည်။

ထိုဖြစ်ရပ်များသည် သူတို့မိသားစု၏ ကံညံ့များအဆုံးသတ်ကာလဖြစ်ကာ သူတို့ကံကြမ္မာ အလှည့်အပြောင်းကာလလည်း ဖြစ်လေသည်။

သန်မာမှုမရှိသည့်လူများသည် အမြဲတမ်း အနိုင်ကျင့်ခံနေရမည်ပင်။

ဒါကြောင့်ပဲ ရှောင်လင်းယဲ့သည် သန်မာလာကာ ရှောင်လင်းယွီသည်လည်း သန်မာလာခဲ့သည်။ သို့သော်လည်း ရှောင်ထုန်၏ဘဝက ထိုမျှငယ်ငယ်ရွယ်ရွယ်ဖြင့် အဆုံးသတ်သွားမည်ကိုတော့ ဘယ်သူမှ မထင်မှတ်ထားခဲ့ကြပေ။

ရှောင်လင်းယွီ အလောတကြီးပြန်ရောက်လာချိန်မှာတော့ ရှောင်ထုန်ကို နောက်ဆုံးအကြိမ်အနေဖြင့်တောင် တွေ့ဆုံခွင့်မရရှိခဲ့ပေ။ မေမေရှောင်သည် အလွန်ဒေါသထွက်နေတာကြောင့် ရှောင်လင်းယွီကို ရိုက်ပုတ်ဆူပူနေခဲ့သည်။

ရှောင်လင်းယွီသည်လည်း နှလုံးသားတစ်ခုလုံး ဆုတ်ဖြဲခံနေရသလို ခံစားခဲ့ရကာ နောင်တတရားတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

အဲ့ဒီတော့ကော… ရှောင်ထုန်က သေဆုံးသွားပြီပဲလေ။

ရှောင်ထုန်ထွက်မသွားခင် သူ့မိခင်ကို အရမ်းတွေ့ချင်ခဲ့သော်လည်း ဆန္ဒတို့မပြည့်ဝခဲ့ပေ။ သူက ဆေးရုံကုတင်တွင် လှဲလျောင်းနေရင်း တံခါးဝကိုသာ အမြဲကြည့်နေခဲ့ကာ သူမျှော်လင့်နေသည့်တစ်စုံတစ်ယောက် ရောက်လာချိန်ကို လွတ်သွားမည်အား စိုးရိမ်နေခဲ့သည်။

သူ့မိခင် သူ့ကိုတွေ့ဖို့ ပြန်လာမည့်အကြောင်း အဖွားဖြစ်သူက ပြောထားခဲ့သည်။ သူ့အမေပြန်ရောက်သည်နှင့် သေချာပေါက် သူ့ကို ကြင်နာစွာ ထွေးဖက်ပေးပေလိမ့်မည်။ ရှောင်ထုန်သည် မိခင်ဖြစ်သူကို လွမ်းဆွတ်ကာ မိခင်၏ပွေ့ဖက်မှုကို တောင့်တနေခဲ့သည်။ ထိုသို့ပွေ့ဖက်ခံခဲ့ရလျှင် သေချာပေါက် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် သူထွက်သွားနိုင်ပေမည်။

သို့သော်လည်း သူ့မိခင်ပြန်လာသည်ကို စောင့်မျှော်ရန် ဆက်ပြီး မတင်းခံနိုင်ခဲ့တာကြောင့် နောင်တတရားများဖြင့် ထွက်သွားခဲ့ရလေသည်။

….

ရှောင်လင်းယွီ၏မျက်ရည်များက သည်းထန်လှသည့်မိုးပမာ အဆက်မပြတ်ကျဆင်းနေခဲ့သည်။

သူမ ကြမ်းပေါ်သို့ ဖြည်းဖြည်းချင်းထိုင်ချရင်း အခန်းတံခါးကို မှီနေခဲ့သည်။ သူမတစ်ကိုယ်လုံး တုန်ရီနေကာ စိတ်နှလုံးကွဲကြေသွားသလို ခံစားနေရသည်။

သူမမှာ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းလုပ်ငန်း ခိုင်ခိုင်မာမာရှိလာတော့ရော ဘာဖြစ်လဲ။

ပြန်ပြီးလက်စားချေနိုင်စွမ်းရှိလာတော့ရော ဘာဖြစ်လဲ။

ရှောင်ထုန်က ထာဝရထွက်သွားခဲ့ပြီလေ။ ရှောင်ထုန်က သူ့အမေ၏ပွေ့ဖက်မှုလေးကိုသာ လိုချင်ခဲ့သော်လည်း ရှောင်လင်းယွီကတော့ သူ့ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ပေ။ ရှောင်ထုန်သေဆုံးသွားခြင်းကြောင့်သာမဟုတ်လျှင် ရှောင်လင်းယွီသည်လည်း သူမအမှားကို နားလည်လိမ့်မည်မဟုတ်ပေ။ ရှောင်ထုန်သည်သာ ဤဖြစ်ရပ်တစ်ခုလုံးတွင် အပြစ်အကင်းဆုံးလူဖြစ်လေသည်။

သို့သော်လည်း သူမကတော့ ရှောင်ထုန်အပေါ်ကိုသာ အပြစ်တွေပုံချခဲ့သည်။ သူမ ရှုံးနိမ့်ပျက်စီးခဲ့ရသည့် အဓိကအကြောင်းအရင်းအဖြစ် ဆက်ဆံခဲ့သည်။ ဒါဟာ မိခင်တစ်ယောက်အနေနှင့် အဆိုးဝါးဆုံးလုပ်ရပ်မျိုး လုပ်ခဲ့မိခြင်းပင်။ ရှောင်ထုန်၏သေဆုံးမှုက ရှောင်ထုန်အတွက်ရော ရှောင်လင်းယွီအတွက်ပါ နောင်တတရားများ ကျန်ရစ်စေခဲ့သည်။

ဒါကြောင့်ပဲ သူမပြန်လည်မွေးဖွာလာချိန်တွင် ရှောင်လင်းယွီသည် အကြင်နာမဲ့စွာ လက်စားချေခဲ့သည်။ သို့သော်လည်း ရှောင်ထုန်ရောက်ရှိလာခြင်းအတွက်ကိုလည်း စိုးရိမ်ပူပန်ခဲ့ရသည်။ သူမပြန်လည်မွေးဖွားလာပြီးကတည်းက ရှောင်လင်းယွီသည် အတိတ်အကြောင်းတွေကို ပြန်မတွေးမိစေရန် သူမစိတ်ကိုသူမထိန်းချုပ်ထားခဲ့သည်။

သို့သော်လည်း သခင်ကြီးကုန်းက ထိုပန်းတွေအကြောင်း ထည့်ပြောလာချိန်မှာတော့ သူမမှတ်ဉာဏ်တွေက အဆက်အပြတ် ထိုးနှက်လာတော့သည်။

သခင်ကြီးကုန်းမရောက်ရှိခင်တုန်းက လန်ဟုန်ရှင်းသည် ရှောင်မိသားစုကို ဒုက္ခပေးချင်ရုံကြောင့်နှင့် ထိုပန်းတွေကို လုယူသွားခဲ့ခြင်းဖြစ်သည်ဟု တွေးခဲ့လေသည်။ ဒါပေမယ့် အခုတော့ သူမနားလည်သွားခဲ့သည်။ လန်ဟုန်ရှင်း ဒါမှမဟုတ် သူ့နောက်ကွယ်က တစ်ယောက်ယောက်က ပန်းများ၏တန်ဖိုးကို နားလည်တာကြောင့် လန်ဟုန်ရှင်း အားလုံးကို ခိုးယူသွားခြင်းဖြစ်နေလေသည်။

လန်ဟုန်ရှင်း ထွက်သွားပြီးနောက် ရှောင်မိသားစုသည် ရဲများကို အကြောင်းကြားခဲ့သည်။ သို့သော်လည်း ရဲတွေက အမှုလိုက်ပေးဖို့ ငြင်းဆန်ခဲ့ကြသည်။ ထို့နောက် ရှောင်မိသားစုသည် ခရိုင်ရဲစခန်းကိုသွားကာ လန်မိသားစုကို ရည်ရွယ်ချက်ရှိရှိထိခိုက်ဒဏ်ရာရစေမှု၊ ဖျက်ဆီးမှု၊ ဓားပြတိုက်မှုတို့ဖြင့် ဖမ်းရန် တိုင်ခဲ့ကြသည်။ အလားတူပဲ သူတို့ကို ဘယ်သူမှ အဖက်မလုပ်ခဲ့ကြပေ။ ကျေးရွာပြဿနာလောက်ကို သူတို့ မကိုင်တွယ်ဟုပြောကာ ရှောင်မိသားစုကို မောင်းထုတ်ခဲ့လေသည်။

အခုတော့ ဘာကြောင့်မှန်း ရှောင်လင်းယွီ နားလည်သွားခဲ့သည်။ လန်ဟုန်ရှင်းကို ပန်းများ ခိုးယူခိုင်းသည့်လူတွင် ခရိုင်ရဲစခန်းနှင့် အဆက်အသွယ်များရှိလောက်မည်မှန်း ရှောင်လင်းယွီ သိလိုက်ရသည်။

လန်ဟုန်ရှင်း၏ဖခင်သည် ရှင်းအန်းမြို့ရဲစခန်း၏ လက်ထောက်ခေါင်းဆောင်နှင့် သိတာကြောင့် သူတို့ကို ထိုနေရာက မောင်းထုတ်သည်က နားလည်ပေး၍ရပေသည်။ ဒါပေမယ့် ရှင်းယင်ခရိုင်က ရဲတွေကျတော့ရော။ ဖိုးဖိုးရှောင်သည် ထိုနေရာတွင် အဆက်အသွယ်တချို့ရှိသည်။ ထိုသို့ဆိုလျှင်တောင်မှ သူတို့တွေ လန်မိသားစုကို ဘာမှမလုပ်နိုင်ခဲ့ပေ။

ဒီနောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုရှိနေတာပဲ။ ရှောင်လင်းယွီ အခုပဲ ထိုအကြောင်းအရင်းက ဘာဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။ ပန်းများကို လိုချင်ခဲ့သည့်လူမှာ အာဏာရှိသည့်လူတစ်ယောက်ဖြစ်ပေမည်။ ရှောင်မိသားစုကတော့ ရွေးချယ်စရာမရှိဘဲ ထိုအချိန်တုန်းက ဒုက္ခပင်လယ်ထဲကျရောက်ခဲ့ရသည်။ ဒီတော့ ထိုအချိန်တုန်းက ရှောင်မိသားစုမှာ မြင်တောင်မမြင်ဖူးတဲ့ ရန်သူတစ်ယောက် ရှိနေခဲ့တာပင်။

ထိုရန်သူသည် သူမတို့မိသားစု၏ပန်းများကို နှစ်သက်ခဲ့သည်။ သူတို့သာ ရိုးရိုးသားသားနှင့် လာတောင်းပါက ဖေဖေရှောင်နှင့် မေမေရှောင်တို့သည် နှမြောတွန့်တိုခြင်းမရှိ ထိုပန်းများကို အလကားပေးလိုက်မည့်သူများ ဖြစ်လေသည်။ ထိုအစား ထိုလူကတော့ အိမ်ကိုဖျက်ဆီးက ဖေဖေရှောင်နှင့် ရှောင်လင်းယဲ့တို့ကို ထိခိုက်အောင်လုပ်ရန် လူများစေလွှတ်ခဲ့သည်။ ထို့နောက်မှာတော့ ရဲစခန်းဘက်ကိုထိန်းချုပ်လိုက်တာကြောင့် ရှောင်မိသားစုလည်း အမှုမဖွင့်နိုင်ခဲ့တော့ပေ။

ရှောင်လင်းယွီ၏အကြည့်များက ခက်ထန်လာခဲ့သည်။ သူမ ချန်းမိသားစုနှင့် ကျန်းမိသားစုကို ရှင်းပြီးပြီဖြစ်သည်။ ချန်းယန်နှင့် ကျောက်ဝမ်မန့်ကိုလည်း သူတို့လုပ်ခဲ့တာတွေအတွက် လက်တုံ့ပြန်ပြီးပေပြီ။ ဘယ်သူမှန်းမသိရသေးသည့် ပန်းသူခိုးအတွက်ကိုတော့ ရှောင်လင်းယွီ စိတ်ရှည်ရှည်နှင့်စောင့်ရန် ရည်ရွယ်ထားသည်။ သူတို့သာ သူမ၏အရင်ဘဝတုန်းအတိုင်း တစ်ပုံစံတည်း လုပ်လာခဲ့မည်ဆိုလျှင် ဒီတစ်ခေါက်တော့ သူတို့တွေကို သေချာပေါက် ဥပဒေအရ အပြစ်ပေးခံရစေမည်။

“ယွီအာ၊ ဘာဖြစ်နေတာလဲ။ အဆင်ပြေရဲ့လား။” ရုတ်တရက် တံခါးခေါက်သံတစ်သံနှင့်အတူ လျိုချွမ်းဟွာ၏ စိုးရိမ်တကြီးအသံက ဝင်လာခဲ့သည်။ “သမီး ငိုနေတာကြားလိုက်သလားလို့။ အဆင်ပြေရဲ့လား။”

လျိုချွမ်းဟွာသည် ရှောင်လင်းယွီ နေမကောင်းကြောင်း ရှောင်ရှောင်းဟွေ့ထံမှ သိလိုက်ရဿည်နှင့် ချက်ချင်းပင် အပြေးလာကြည့်ခြင်းဖြစ်သည်။

သူမ တံခါးခေါက်တော့မည့်အချိန်မှာပဲ ငိုသံသဲ့သဲ့ကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။

ပထမတော့ သူမနားကြားမှားခြင်းဟု တွေးမိသွားသော်လည်း ခဏလောက် ဂရုစိုက်နားထောင်ကြည့်ပြီးနောက် သူမနားကြားမှားခြင်းမဟုတ်ကြောင်း သေချာသွားခဲ့သည်။

ရှောင်လင်းယွီ လန့်သွားကာ သူမမျက်ရည်များကို မြန်မြန်ဆန်ဆန်သုတ်လိုက်ပြီး ပုံမှန်အသံဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားကာ ပြန်ဖြေလိုက်လေသည်။ “စတုတ္ထဒေါ်လေး၊ သမီးအဆင်ပြေပါတယ်။ ငိုနေတာမဟုတ်ပါဘူး။ ဒေါ်လေး နားကြားမှားတာ။”

တံခါးအပြင်တွင် လူများစွာရှီသည်ကို မေ့သွားကာ သူမ၏အတိတ်ဖြစ်ရပ်များတွင် အရမ်းနစ်မြုပ်သွားခဲ့လေသည်။ သူမကြိုးစားခဲ့သော်လည်း ငိုထားတာကြောင့် သူမအသံက အက်ရှနေသေးလေသည်။

လျိုချွမ်းဟွာ မျက်မှောင်ကြုတ်လိုက်မိသည်။ “ယွီအာ၊ သမီး အသံက မကောင်းဘူး။ တံခါးဖွင့်ဦး၊ ဒေါ်လေးကြည့်ဦးမယ်။” လျိုချွမ်းဟွာတစ်ယောင် ရှောင်လင်းယွီကို အလွန်စိတ်ပူနေလေသည်။ ဒါကြောင့် ရှောင်လင်းယွီကို ကိုယ်တိုင်မြင်ချင်နေခဲ့သည်။

ရှောင်လင်းယွီကတော့ သူမမျက်နှာတွင် မျက်ရည်များမချောက်သေးတာကြောင့် တံခါးဖွင့်မပေးနိုင်ခဲ့ပေ။ “ဒေါ်လေး၊ သမီး တကယ်အဆင်ပြေပါတယ်။ ဧည့်သည်တွေအများကြီးရှိနေတယ်လေ၊ ပြီးတော့ သူတို့က သမီးမိတ်ဆွေတွေ။ သမီး နေလို့မကောင်းလို့ သူတို့ကို ဧည့်မခံပေးနိုင်ဘူး။ ဒေါ်လေးပဲ သမီးအစား ကူပြီး ဧည့်ခံပေးလို့ရမလား။”

ရှောင်လင်းယွီ ခေါင်းမာနေတာကြောင့် လျိုချွမ်းဟွာလည်း သက်ပြင်းသာချလိုက်တော့သည်။ သူမ အခန်းထဲကို အတင်းတိုးဝင်သွားဖို့လည်း မတတ်နိုင်ပေ။ “ဟုတ်ပါပြီ၊ ဒါဆိုလည်း ဧည့်သည်တွေကို ဒေါ်လေးပဲ ဧည့်ခံထားလိုက်မယ်။ သမီးအနားမှာ စတုတ္ထဒေါ်လေးအမြဲရှိနေတယ်ဆိုတာ မမေ့နဲ့နော်။ ဟုတ်ပြီလား။”

“ကျေးဇူးတင်ပါတယ် ဒေါ်လေး။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

လျိုချွမ်းဟွာ ထွက်သွားပြီးနောက်တွင်မှာ ရှောင်လင်းယွီတစ်ယောက် တိတ်တခိုး သက်ပြင်းချနိုင်တော့သည်။

စတုတ္ထဒေါ်လေး၏ နားပါးလွန်းမှုကြောင့် သူမအနည်းငယ်တော့ အံ့ဩသွားမိလေသည်။

တကယ်တော့ စတုတ္ထဒေါ်လေးတစ်ယောက်တည်း နားပါးခြင်းမဟုတ်မှန်းကိုတော့ဖြင့် ရှောင်လင်းယွီ မသိခဲ့ပေ။

ဝတ်စုံနက်နှင့်လူများ၊ ကုန်းထျန်းဟောက်နှင့် ကျန်းထောင်ကဲ့သို့သော သေချာလေ့ကျင့်ထားသည့်လူများသည်လည်း တိုးညှင်းသည့် ရှိုက်သံကို ကြားနိုင်ကြလေသည်။ ရှောင်လင်းယွီက သည်းသည်းထန်ထန်မငိုကြွေးခဲ့သော်လည်း သူတို့ကြားတွင် တံခါးတစ်ချပ်သာ ခြားတာကြောင့် သူမ၏ရှိုက်သံကို သူတို့ကြားနေနိုင်တုန်းပင်။

ကုန်းထျန်းဟောက်နှင့် ကျန်းထောင်တို မျက်မှောင်ကြုတ်နေကြလေသည်။

ရှောင်လင်းယွီ ဒီမနက်တုန်းက လုပ်ကြံမှုကြောင့် ကြောက်နေတာကြောင့်များလား။ ဒါကြောင့် မျက်ရည်မဆယ်နိုင်ဖြစ်နေတာလား။ ဒါပေမယ့် ဘာလို့ အခုချိန်ကျမှ ထငိုနေရတာလဲ။

သူတို့အနည်းငယ်တော့ နားမလည်နိုင်ဖြစ်နေလေသည်။

အထူးသဖြင့် ကုန်းထျန်းဟောက်ပေါ့။

အကြောင်းကတော့ ရှောင်လင်းယွီ ထူးထူးဆန်းဆန်း ပြုမူသည့်အချိန်တိုင်း အားလုံးက သူနှင့်ဆက်စပ်နေလေသည်။ သုံးဘီးဆိုင်ကယ်တိုက်မိတုန်းက ရှောင်လင်းယွီသည် သူ့ကို ချောင်းကြည့်ရန် ကြိုးစားခဲ့သည်။ လုပ်ကြံခံရသည့်အချိန်တုန်းကတော့ သူ့မျက်နှာကိုမြင်ပြီး ရှောင်လင်းယွီ၏မျက်လုံးထဲတွင် ထိတ်လန့်သည့်အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။ ထို့နောက် အဖိုးနှင့်ဆုံခဲ့ချိန်မှာတော့ ရှောင်လင်းယွီ၏မျက်နှာက ဖြူဖျော့သွားကာ ဣန္ဒြေပါပျက်သွားတော့သည်။

အခုဆို အခန်းထဲပြေးဝင်ပြီးပါ ငိုနေလေပြီ။ သူမ ဒီလိုဖြစ်သွားတာ သူ့အဖိုးက ပန်းတွေအကြောင်း ပြောလာတဲ့အချိန်က စတာပဲ။ ဘာကြောင့်လဲ။

ကုန်းထျန်းဟောက်တစ်ယောက် ဘာကြောင့်မှန်းမသိတာကြောင့် မေးကြည့်ချင်နေခဲ့သည်။ သို့သော်လည်း သူ့ဘေးရှိ ကျန်းထောင်ကို မြင်လိုက်ရလေသည်။ သူ့သူငယ်ချင်းဆီကအနေတော့ ဘာကိုမှ မခိုးယူချင်ဘူး။

ဒါကြောင့် သူ့စိတ်သူ ပြန်မြိုသိပ်ထားလိုက်ရသည်။

ကျန်းထောင်သည်လည်း ရှောင်လင်းယွီ၏ငိုသံကြောင့် မျက်မှောင်ကြုတ်နေကာ သူ့မျက်နှာထက်တွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်များ ပေါ်ထွက်နေခဲ့သည်။

ဝတ်စုံနက်နှင့်လူများအတွက်ကတော့ သူတို့၏တာဝန်မှာ သခင်ကြီးကုန်းကို ကာကွယ်ရန်ဖြစ်တာကြောင့် တခြားဘာကိုမှ ဂရုမစိုက်ကြပေ။

ရှောင်ကျန်းယန်သည် သခင်ကြီးကုန်းကို ထမင်းစားစားပွဲသို့ ဖိတ်ခေါ်သွားခဲ့ကာ သူ့သမီး ငိုနေသည်ကို မသိခဲ့ပေ။

သခင်ကြီးကုန်းက ဆက်ပြောလာခဲ့သည်။ “ကျန်းယန်၊ မင်းတို့ တကယ်ကံကောင်းတာပဲ။ ဒီအတိုင်း တွေ့ရာရွေးထားတဲ့ပန်းတွေကတော့ တကယ့်အဖိုးတန်တွေချည်းပဲ။ ပြီးတော့ သေချာလည်း ပြုစုထားသေးတယ်။”

“သခင်ကြီး၊ ထိုင်ပါဦး။” ရှောင်ကျန်းယန်က သခင်ကြီးကုန်းကို ထိုင်စေပြီးနောက် သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။ “လူကြီးမင်း ပြောသွားတဲ့ ပန်းတွေက အဲ့လောက်တောင် အဖိုးတန်တာလား။”

သခင်ကြီးကုန်းက ခေါင်းညိတ်လိုက်လေသည်။ “ဒါပေါ့၊ ဥပမာ၊ ခတ္တာလီလီတစ်အိုးဆိုရင် ပန်းဈေးကွက်မှာ ယွမ်၅ထောင်နဲ့ ရောင်းနိုင်တယ်။”

ရှောင်ကျန်းယန်၏လက်များ တုန်ရီလာခဲ့သည်။ “ဘာ? ယွမ်၅ထောင်? အဲ့လောက်တောင် ဈေးကြီးတာလား။” ထိုပန်းအိုးကိုဝယ်တုန်းက ၁၀ယွမ်သာ သုံးခဲ့ရတာဖြစ်သည်။ ဒါက ပန်းတွေအပေါ် သူ၏နားလည်နိုင်စွမ်းကို ပြောင်းပြန်လှန်ချလိုက်သလိုပင်။

“ဟုတ်တယ်။” သခင်ကြီးကုန်းက ခေါင်းညိတ်လိုက်သည်။ “ပြီးတော့ ဒါက ဈေးပေါတယ်လို့ တွက်လို့ရတယ်။ မင်း ကျန့်ယဲ့ဟွေ့လန်အိုးကိုတွေ့လား။ အဲ့ဒါဆိုရင် ယွမ်၅သောင်းကနေ ၈သောင်းလောက်အထိ ရောင်းလို့ရတယ်။”

ရှောင်ကျန်းယန်၊ “….” အဲ့ဒီပန်းက ယွီအာ တောင်ပေါ်ကနေ တူးလာတာလေ။

“ပြီးတော့ စစ်ကျန်းကျူးလျန်ဆိုလည်း တန်ဖိုးကြီးဂန္ဓမာပန်းပဲ။ ယွမ်၂သောင်းကနေ ၃သောင်းလောက်အထိ ပေါက်တယ်။”

“….” ရှောင်ကျန်းယန်။

အဲ့ဒါ လူတွေမလိုချင်ပဲပစ်ထားလို့ ယဲ့အာ ကောက်လာတဲ့အပင်လေ။

ရှောင်ကျန်းယန်နှင့် ရွာသူကြီးတို့ ထိုအကြောင်းများကို နားထောင်ရင်း လေအေးတစ်ချက် ရှိုက်လိုက်မိကြသည်။ ဒါဆို ရှောင်ကျန်းယန်ရဲ့ ခြံထဲမှာ ယွမ်သိန်းနဲ့ချီပြီးတန်တဲ့ ပန်းတွေရှိနေတာပေါ့။ ဒီပန်းတွေရဲ့တန်ဖိုးကို ဘယ်သူမှ မသိတာပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဟိုးအရင်ကတည်းက ဓားပြတိုက်ခံလိုက်ရလောက်ပြီ။

“ကျန်းယန်၊ မင်းရဲ့ခြံထဲမှာကို ယွမ်သိန်းချီပတ်လည်ဝိုင်းနေတာပဲ။” ရွာသူကြီးက အံ့ဩစွာဖြင့် ပြောလိုက်သည်။

ယွမ်သိန်းဂဏန်းတဲ့လေ။ ရွာသားအများစုအတွက် တစ်သက်လုံးရှာရင်တောင် မရနိုင်တဲ့ပမာဏကြီး။ ပုံမှန်ဆို ရွာသားတွေ မလိုချင်လို့ လွှင့်ပစ်နေတဲ့ပန်းတွေက ဒီလောက် အဖိုးတန်လိမ့်မည်ဟု ရွာသူကြီးမှာ ထင်တောင် မထင်ထားမိပေ။

ရှောင်ကျန်းယန်သည်လည်း အသိပြန်မကပ်ခင် အချိန်တစ်ခုအထိ ထိတ်လန့်နေခဲ့လေသည်။ ထို့နောက် သူက ခါးသက်သက်ပြုံးလိုက်ကာ၊ “ဒီပန်းတွေ ဒီလောက်အဖိုးတန်မှန်း ကျွန်တော်မသိခဲ့ဘူး။ ယွီအာက လှလို့ဆိုပြီး စိုက်ထားတာလေ။”

“ဒါကြောင့်ပဲ မင်းတို့ကံတကယ်ကောင်းတယ်ဆိုပြီး ပြောရတာပေါ့။” သခင်ကြီးကုန်းက ရယ်မောလိုက်သည်။ ထို့နောက် သူက နောက်ထပ်ပန်းအိုးတစ်အိုးကို တွေ့သွားပြန်ကာ သိချင်စိတ်ဖြင့် မေးလာခဲ့သည်။ “ဟမ်.. ဒါက ဘာပန်းအမျိုးစားလဲ။ ပန်းတွေက ဖြူဖြူလေးတွေပဲ။ ဒါ စတော်ဘယ်ရီပင်လား။ ဒါပေမယ့် ဒီလောက်ကြီးတဲ့ စတော်ဘယ်ရီပန်းမျိုး ငါတစ်ခါမှ မတွေ့ဖူးပါဘူး။” သခင်ကြီးကုန်းက ပန်းအိုးတစ်အိုးကို လက်ညှိုးထိုးလိုက်သည်။

“သခင်ကြီးက မျက်စိကောင်းတာပဲ။ ဒါက စတော်ဘယ်ရီပင်ပဲလေ။” ရှောင်ကျန်းယန်က ဖြေလိုက်လေသည်။ “နောက်ရက်ပိုင်းလောက်ဆို အသီးတင်တော့မယ်။ အဲ့ဒီအခါကျ သခင်ကြီး မြည်းစမ်းရအောင် ကျွန်တော်တို့ နည်းနည်းပို့ပေးလိုက်ပါ့မယ်။”

“ဒါဆိုလည်း ကြိုပြီး ကျေးဇူးတင်ထားရတာပေါ့။” သခင်ကြီးကုန်းက ချက်ချင်းပင် လက်ခံလိုက်လေသည်။ “မင်းတို့မိသားစုက အပင်တွေ ပန်းတွေစိုက်တာ တော်တော်ကောင်းတာပဲ။ စတော်ဘယ်ရီတောင်မှ တခြားသူတွေစိုက်တာနဲ့ မတူဘူး။”

“အဖိုး စားကြရအောင်။” ရုတ်တရက် ကုန်းထျန်းဟောက်က ဖြတ်ပြောလိုက်သည်။

စားပွဲပေါ်မှ အစားအသောက်များ၏အနံ့ကို ရကတည်းက ကုန်းထျန်းဟောက်၏အစာအိမ်မှာ ချက်ချင်းဆိုသလို အသံများ မြည်လာခဲ့သည်။ တခြားလူတွေရဲ့အစာအိမ်တွေကလည်း အသံတွေမြည်နေကြောင်း သူကြားနေရလေသည်။ သို့သော်လည်း သူ့အဖိုးက ပန်းတွေအကြောင်းပြောရင်း အလွန်စိတ်လှုပ်ရှားနေလေသည်။ သူသာ တူကို မရွေ့ပါက ကျန်တဲ့လူများလည်း စားရဲလိမ့်မည်မဟုတ်ပေ။

ကုန်းထျန်းဟောက် သတိပေးလိုက်ကာမှ သခင်ကြီးလည်း စားပွဲပေါ်မှ အစားအသောက်များထံ အာရုံရောက်သွားကာ မွှေးပျံ့သည့်အနံ့က နှာခေါင်းသို့ ဝေ့လာလေသည်။

“မွှေးလိုက်တာ။” သခင်ကြီးကုန်း ချီးကျူးလိုက်မိသည်။

လီယွမ်ဟန်မှာ ဟင်းနံ့များရကတည်းက သွားရည်ကျနေပြီဖြစ်သည်။ “သခင်ကြီး၊ ဒေါ်လေးချန်ရဲ့လက်ရာက တကယ်ကို အရသာရှိတာ။ စားကြည့်ပါ။”

“ကောင်းပြီလေ။” သခင်ကြီးကုန်းလည်း သူ့တူကိုကိုင်ကာ ဂေါ်ဖီတစ်ဖက်ကို အရင်ယူလိုက်သည်။ သူ့ပါးစပ်ထဲသို့ ဂေါ်ဖီဖက်ကိုထည့်လိုက်သည်နှင့် ထပ်ပြီး မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။ “တကယ်ကို အရသာရှိတာပဲ။ အားလုံးလည်း စားကြတော့လေ။”

ရွာသူကြီးကလွဲ၍ ကျန်တဲ့လူအားလုံး တောင့်မခံနိုင်ခဲ့ကြဘဲ ချက်ချင်းပင် တူများကို လှုပ်ရှားကြတော့သည်။

ကျန်းထောင်တစ်ယောက် ရှောင်လင်းယွီကို စိတ်ပူနေခဲ့သော်လည်း သူမက ထွက်မလာတာကြောင့် သူလည်း ဘာမှမတတ်နိုင်ခဲ့ပေ။ သူ ရှောင်လင်းယွီ၏အခန်းထဲထိတော့ သွားမမေးနိုင်ဘူးလေ။ မဟုတ်ဘူးလား။

ထို့နောက် သူလည်း သူ၏လုပ်နိုင်စွမ်းကင်းမဲ့မှုကို စားချင်စိတ်အဖြစ်ပြောင်းလဲကာ အစားအသောက်တိုက်ပွဲထဲသို့ ဝင်လိုက်တော့သည်။ သူက ကုန်းထျန်းဟောက်နှင့် လီယွမ်ဟန်တို့ကို အဓိက ပစ်မှတ်ထားလေသည်။ သူတို့စားချင်သည့်ဟင်းပွဲများသို့ တူရောက်တိုင်း သူကလည်း အမှီလိုက်သွားလေသည်။

လီယွမ်ဟန်သည် အချိန်တော်တော်ကြာအောင် ဒေါ်လေးချန်၏လက်ရာကို လွမ်းဆွတ်ကာ စောင့်မျှော်ခဲ့ရသူဖြစ်သည်။ သခင်လေးကျန်းက သူ့တူလားရာမှန်သမျှကို ပိတ်ဆို့ကာ သူ့ဆီကနေ အကုန်လုသွားလေသည်။ လီယွမ်ဟန်သည် ကျန်းထောင်လိုလူရိုင်းမျိုးနှင့် ယှဉ်ပြိုင်ဖို့ရန် အလွန်ကိုမှ ယဉ်ကျေးလွန်းသူဖြစ်နေသည်။ ဒါကြောင့် သူ့မျှော်လင့်ချက်တွေကို ကုန်းထျန်းဟောက်အပေါ်သို့သာ ပုံချလိုက်ရတော့သည်။ ကုန်းထျန်းဟောက်တစ်ယောက်သာ ကျန်းထောင်ကို ကိုင်တွယ်နိုင်မှာဖြစ်သည်။

ကုန်းထျန်းဟောက်သည်လည်း လီယွမ်ဟန်လို အကြာကြီး စောင့်ဆိုင်းခဲ့ရသူဖြစ်သည်။ သူသည်လည်း ဤ သာမာန်ဖြစ်သော်လည်း အရသာရှိလွန်းသည့် အိမ်ချက်လက်ရာကို လွမ်းနေခဲ့သည်ပင်။

သို့သော်လည်း ရှောင်လင်းယွီ ငိုခဲ့တာကြောင့် သူ စိတ်ရှုပ်ကာ အားမလိုအားမရဖြစ်နေခဲ့သည်။ သူ့ရဲ့အားမလိုအားမရဖြစ်မှုကို တိုက်ပွဲစိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲလိုက်ကာ ကျန်းထောင်နှင့် အစားအသောက်တိုက်ပွဲ ဆင်နွှဲလိုက်တော့သည်။

ကျန်းထောင်က သူ့ဆီက အစားအသောက်တွေ လုနေသည်ကိုမြင်သည်နှင့် သူကလည်း နောက်ကောက်ကျအကျန်မခံ အားလုံးကို ပြန်လုလေသည်။

ထောင်ယွမ်ရွာသားတွေကတော့ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ဖြစ်နေသည်။

သခင်ကြီးကုန်းနှင့် သူ့လက်အောက်ငယ်သားများကတော့ အသားကျနေသလိုမျိုး ထိုမြင်ကွင်းကို မျက်ကွယ်ပြုထားကြလေသည်။

မေမေရှောင်သည် ဧည့်သည်တွေအများကြီးလာမယ်မှန်းသိနေတာကြောင့် စားပွဲနှစ်ဝိုင်းစာ ဟင်းပွဲများ ချက်ပြုတ်ထားခဲ့လေသည်။

စားပွဲတစ်ဝိုင်းစီတွင် ဟင်းပွဲ၁၂မျိုးပါကာ အသီးအရွက်နှင့် အသားဟင်းပွဲအစုံရှိလေသည်။ ဝက်သားအသီးအရွက်ချဉ်၊ မုန်လာဥနှင့်အမဲရင်ဒူးသား၊ ဝက်လက်ပေါင်း၊ အမဲသားပြုတ်လွှာ၊ ငါးတောက်တောက်စင်းအစပ်ချက်၊ ကြက်သွန်မြိတ်အသားကြော်၊ ဘဲဘီယာပေါင်း၊ ခရမ်းသီးဟင်း၊ အိမ်ကြက်နှင့် မှိုစွပ်ပြုတ်၊ ဂေါ်ဖီကြော်၊ ဟင်းနုနွယ်ရွက်ကြော်၊ သခွားသီးအအေးသုပ်တို့ ပါဝင်လေသည်။

မေမေရှောင်သည် နည်းနေမှာစိုးသည့်အတွက် အပိုတွေပါ လုပ်ထားကာ ပန်းကန်အားလုံးကို ပြည့်လျှံနေအောင် ထည့်ထားခဲ့သည်။

သို့သော်လည်း ထိုသို့ဆိုလျှင်တောင်မှ မိနစ်နှစ်ဆယ်တောင် မပြည့်ခင်မှာပဲ ထမင်းသုံးအိုးက ကုန်လုနီးပါးဖြစ်သွားကာ ဟင်းပွဲတွေလည်းအတူတူပင်။

ဝတ်စုံနက်နှင့်လူငါးယောက်သည် စားတာ တော်တော်လေးမြန်လေသည်။ တစ်ယောက်ချင်းစီက အရွယ်ယောက်ယောက်ျားသုံးယောက်လောက်ကို စားနိုင်လေသည်။

မေမေရှောင် သူတို့ကို လျှော့တွက်သွားမိခဲ့သည့်ပင်… ဒီလူတွေရဲ့ စားချင်စိတ်က ဒီလောက်ကြီးမယ်လို့ မထင်ထားခဲ့မိဘူး။

***

All Chapters