← Chapters

လီယွမ်ဟန်၏သတိပေးချက်

Vol. 10 Ch. 174

လီယွမ်ဟန်၏သတိပေးချက်

Vol. 10 Ch. 174

ထိုလူများ တော်တော်စားနိုင်လောက်မှန်း မေမေရှောင် သိသော်လည်း ဒီလောက်ကြီးအထိ စားနိုင်ကြလိမ့်မည်ဟုတော့ သူမ မထင်ခဲ့ပေ။ သူတို့စားတာ အရမ်းမြန်တာကြောင့် မေမေရှောင်လည်း နောက်ထပ်ထမင်းတစ်အိုး ထပ်တည်ရတော့သည်။

“ရှောင်မား၊ ထပ်ချက်ဖို့ မလိုတော့ဘူးနော်။” သခင်ကြီးကုန်းက မြင်သွားကာ သူမကို အမြန်တားလိုက်လေသည်။ “သူတို့တွေ ဗိုက်ပြည့်နေကြလောက်ပြီ။ မင်းလည်း တစ်နေ့လုံး အလုပ်များနေတာလေ။ ဒီမှာလာထိုင်ပြီး အတူစားလိုက်ပါ။” သူ့လူတွေ ဗိုက်မပြည့်သေးလဲ ပြန်သွားပြီး စားသင့်လေသည်။ အိမ်မှာ အသင့်စားခေါက်ဆွဲပုံးတွေမှ အများကြီးပဲ။

မေမေရှောင်လည်း အခုမှ သူ့တို့ပန်းကန်လေးတွေကို ချလိုက်ကြသည့် သူမဧည့်သည်များကိုကြည့်ကာ တုန့်ဆိုင်းနေမိသည်။

“ဒါပေမယ့်…”

“ဒေါ်လေး၊ ကျွန်တော်တို့ ဗိုက်ပြည့်ပါပြီ။” အနက်ဝတ်လူများက တညီတည်း ဖြေလိုက်ကြလေသည်။ သူတို့က ပါးစပ်တွေကိုပါ သုတ်လိုက်ကြသည်။ အကြီးဆုံးသခင်လေးနဲ့ အတွင်းရေးမှူးလီက မညာဘူးပဲ။ ဒေါ်လေးချန်ရဲ့လက်ရာက တကယ်ကို အရသာရှိတယ်။

နောက်လည်း ဒီလိုမျိုးနေ့တိုင်းသာစားရရင် ဘယ်လောက်တောင် ကောင်းလိုက်မယ်။

ဒါပေမယ့် ဖြစ်နိုင်ပါ့မလား။

ဖြစ်ချင်လည်း ဖြစ်နိုင်တာပဲ။

ဝတ်စုံနက်နှင့်လူငါးယောက်၏နှလုံးသားမှာ မျှော်လင့်ချက်များ ပြည့်လျှံလာခဲ့သည်။

သူတို့၏တာဝန်မှာ သခင်ကြီးလုံခြုံအောင် စောင့်ရှောက်ပေးရန်ဖြစ်သည်။ သခင်ကြီးသည် အစားချေးများသူဖြစ်ကာ အရေလည်းထူလေသည်။ သူသာ ဒေါ်လေးချန်၏လက်ရာကို တကယ်ကြိုက်သွားပြီဆိုလျှင် သူ့အတွက်နေ့တိုင်းချက်ပြုပေးရန် သူမကို ငှားလိုက်ပေလိမ့်မည်။ သခင်ကြီး ရှောင်အိမ်တော်သို့လာလျှင် သူတို့သည်လည်း သေချာပေါက် လိုက်လာရမည်ဖြစ်သည်။

သို့သော်လည်း နောက်ထပ် ပြဿနာတစ်ခုရှိသေးသည်။ သူတို့ငါးယောက်သည် သခင်ကြီးကို ထောင်ယွမ်ရွာသို့ လိုက်ပါပို့ဆောင်ပေးရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသော်လည်း ရွာတွင် ကာကွယ်ရန် နေရစ်ခဲ့ရမည့်သူမှာ နှစ်ယောက်သာဖြစ်လေသည်။ သူတို့ ရောက်မလာခင်တုန်းကတော့ ဘယ်သူမှ ထောင်ယွမ်ရွာတွင် မနေခဲ့လိုကြပေ။ ဒါက သူတို့ ဗိုလ်ချုပ်ကို မကာကွယ်ပေးချင်လို၍မဟုတ်ဘဲ ရွာတွင်နေသည်က အလွန်ကိုမှ ငြိမ်းချမ်းနေမည်မှန်း သိနေ၍ဖြစ်လေသည်။ သူတို့သည် စစ်သားများဖြစ်ကာ တိတ်ဆိတ်ငြိမ်းချမ်းသည့်ဘဝမျိုးဖြင့် အသားမကျကြပေ။ ဒါကြောင့် သူတို့၏ရဲဘော်ရဲဘက်များနှင့်အတူ တိုက်ပွဲဝင်ကာ အတူယှဉ်တွဲတိုက်ခိုက်ဖို့ရန်သာ မျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း ညစာတစ်နပ်စားပြီးချိန်မှာတော့ သူတို့အားလုံး၏စိတ်တွေ ပြောင်းလဲသွားတော့သည်။

သခင်ကြီးကုန်းတစ်ယောက် အလွန်ကိုမှ စိတ်ကျေနပ်ပျော်ရွှင်စွာဖြင့် ညစာကို စားသောက်ခဲ့လေသည်။ ထိုမတိုင်ခင်တုန်းက လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့က အရမ်းကိုမှ ဟင်းချက်ကောင်းသည့် ဒေါ်လေးတစ်ယောက်ရှိကြောင်းပြောပြခဲ့ကြကာ သူသည်လည်း သူမ၏ဟင်းချက်လက်ရာကိုမြည်းကြည့်ပြီးလျှင် သေချာပေါက် နှစ်သက်သွားမည်ဖြစ်ကြောင်း ပြောခဲ့လေသည်။ အခုတော့ သခင်ကြီးကုန်း ထိုစကားများကို လက်ခံသွားတော့သည်။

ဤမိသားစုသည် ချစ်ခင်ကြင်နာကာ သဟဇာဖြစ်သည့် မိသားစုတစ်စုဖြစ်ကြောင်း သခင်ကြီးကုန်း သတိထားမိခဲ့သည်။ သခင်ကြီးကုန်းသည် သူ့ဘဝ၏အချိန်အပိုင်းအခြားအများစုကို မြို့တော်တွင်သာ ကုန်ဆုံးခဲ့သူဖြစ်လေသည်။ သူ့ဘဝ၏ပထမတစ်ဝက်က စစ်မြေပြင်ရှိ သေခြင်းရှင်ခြင်းကြားတွင် ကခုန်ခဲ့ရပြီး ဒုတိယတစ်ဝက်တွင်တော့ သူ၏စွမ်းဆောင်ရည်များကြောင့် ချီးမြှောက်ဂုဏ်ပြုခြင်းခံခဲ့ရသော်လည်း သူ့ဇနီး၊ သားနှင့် ချွေးမတို့ကို မတော်တဆမှုတစ်ခုတွင် ဆုံးရှုံးခဲ့ရသည်။ သူ့တွင် မြေးငယ်လေးတစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။ သို့သော်လည်း စစ်တပ်အရာရှိတစ်ဦးအနေနှင့် များပြားလှသည့် အချိန်ဇယားများကြောင့် သူ့အကြီးဆုံးမြေးလေးကို လျစ်လျူရှုထားခဲ့မိသည်။

သူ့မြေးဒဏ်ရာရသည့်အကြောင်းကိုသာ မတော်တဆ မသိခဲ့ရပါက သူ့ဒုတိယညီ၏မိသားစုက ထိုမျှသွေးအေးကာ အကြင်နာမဲ့သည်ကို ဘယ်တော့မှ သိခဲ့ရလိမ့်မည်မဟုတ်ပေ။ ကုန်းမိသားစု၏ ကြွယ်ဝမှုနှင့် အာဏာအတွက် သူတို့သည် သူ့အကြီးဆုံးမြေးလေးကိုတောင် သတ်ဖို့ကြိုးစားခဲ့လေသည်။

သူထိုအကြောင်းကို ရှာတွေ့သွားသည်နှင့် အလွန်ကိုမှ ဒေါသထွက်ခဲ့ရသည်။ သူ့ဒုတိယညီ၏အိမ်သို့သွားက သတိပေးခဲ့လေသည်။ ထိုအချိန်မှစပြီး သခင်ကြီးကုန်းသည် သူ့မြေးကို သွားလေရာခေါ်သွားခဲ့တော့သည်။ သို့သော်လည်း သူ့မြေးကို မိသားစုဟူသည့် ခံစားချက်နှင့် နွေးထွေးမှုမျိုးကိုတော့ ဘယ်တုန်းကမှ မပေးခဲ့ပေ။ စစ်မြေပြင်ဆိုသည်က ထိုသို့ကြင်နာနွေးထွေးပေးနေနိုင်မည့် နေရာမျိုးမှမဟုတ်ဘဲ။

အခုတော့ သူ့မြေးလို အစားချေးများသည့်လူမျိုးက ဘာလို့များ မေမေရှောင်၏ဟင်းချက်လက်ရာကို ထိုမျှချီးကျူးနေမှန်း သခင်ကြီးကုန်း နားလည်သွားလေသည်။ သူမ၏လက်ရာသည် မိခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာများ အပြည့်အဝပါဝင်နေခြင်းပင်။ သခင်ကြီးကုန်းသည် သူ့အကြီးဆုံးမြေးအပေါ် အကြွေးတင်နေသလို ခံစားခဲ့ရသည်။

ထိုအချိန်မှာပဲ သခင်ကြီးကုန်းသည် မေမေရှောင်ကို ပြုံးပြလိုက်ကာ၊ “ရှောင်မား၊ မင်းရဲ့ ဟင်းချက်လက်ရာက တကယ်ကို အရသာရှိတာပဲ။”

မေမေရှောင်လည်းပြုံးလျက် ပြန်ပြောလိုက်လေသည်။ “သခင်ကြီးကတော့ အရမ်းချီးကျူးနေပါပြီ။ ကျွန်မရဲ့လက်ရာက သာမာန်လေးပါပဲ။”

“မင်းကတော့ နှိမ့်ချလွန်းနေပါပြီ။” သခင်ကြီးကုန်း ပြုံးလိုက်မိသည်။ “ကျန်းယန်၊ မင်း ဒီလိုအရည်အချင်းရှိတဲ့ ဇနီးတစ်ယောက်ရထားတာ တကယ်ကံကောင်းတာပဲ။”

ရှောင်ကျန်းယန်တစ်ယောက် ပန်းပင်များကိစ္စကြောင့် ထိတ်လန့်နေတုန်းဖြစ်လေသည်။ သခင်ကြီးကုန်း၏စကားသံကိုကြားကာမှ အသိပြန်ကပ်သွားကာ၊ “ဟုတ်တယ်၊ ဒီလိုဇနီးကောင်းမျိုးကို လက်ထပ်နိုင်တာ ကျွန်တော် ကံကောင်းတာပဲ။”

ရှောင်ကျန်းယန်သည် သူ့ဇနီးအပေါ် လေးစားချစ်ခင်မှုကို ဘယ်တုန်းကမှ ဖုံးကွယ်ထားခြင်းမရှိပေ။ ဒီမိသားစုထဲတွင် သူက ဘယ်တုန်းကမှ အရှင်သခင်တစ်ယောက်လိုမပြုမူသလို ကလေးတွေမျက်နှာကြောင့် အိမ်ထောင်ရေးကို ဆက်ထိန်းထားရသလိုလဲ မတွေးခဲ့ပေ။ သူ့ဇနီးက အိမ်ထောင်ထိန်းသိမ်းစောင့်ရှောက်ဖို့ မွေးဖွားလာခြင်းဟု မတွေးဖူးပေ။ ရှောင်ကျန်းယန်သည် ဘဝနေထိုင်မှုအပေါ် အကောင်းဘက်မှသာ တွေးတောတာကြောင့် သူ့မိသားစုသည်လည်း ချစ်ခြင်းမေတ္တာ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်နေလေသည်။ ဘယ်လောက်ကြီးမားသည့် မုန်တိုင်းလာလာ သူ့မိသားစုကတော့ ရှင်သန်နိုင်ပေလိမ့်မည်။

ရှောင်ကျန်းယန် ဂုဏ်ယူဝံ့ကြွားစွာပြောလာခဲ့သည်။ “ကျွန်တော့်ဇနီးကိုယ်တိုင်က စွမ်းဆောင်နိုင်တာတင်မကဘူး ကျွန်တော့်အတွက် လိမ်မ္မာတဲ့ကလေးနှစ်ယောက်ကိုလည်း မွေးပေးခဲ့သေးတယ်။”

ရှောင်ကျန်းယန်၏ ပွင့်ပွင့်လင်းလင်း ချီးကျူးမှုများကြောင့် မေမေရှောင် ရှက်သွေးဖြာလာခဲ့သည်။ သူမက ပြုံးလိုက်ကာ၊ “လူကြီးရှေ့မှာ ဘာတွေလျှောက်ပြောနေတာတုန်း။”

“ဟဟဟ…” သခင်ကြီးကုန်း အော်ရယ်လိုက်တော့သည်။

လီယွမ်ဟန်က ကုန်းထျန်းဟောက်ကို ပုတ်ကာ မနာလိုမှုများပြည့်နေသည့် အပြုံးမျိုးပြုံးလိုက်ကာ၊ “ဒေါ်လေးချန်တို့ဇနီးမောင်နှံက အရမ်းချစ်ဖို့ကောင်းတာပဲ။”

မြို့တော်တွင် ချစ်ခင်ကြသည့်စုံတွဲတွေအများကြီးကို သူတို့တွေ့ဖူးပေသည်။ သတင်းတွေမှာဆိုလဲ စံပြစုံတွဲများအဖြစ် မကြာခဏချီးကျူးခံရလေသည်။ သို့သော်လည်း နောက်ကွယ်တွင်တော့ လင်နှင့်မယားမှာ ကွဲကွာနေကြသည်ကို လူတိုင်းသိလေသည်။ ကုန်းထျန်းဟောက်နှင့်အခြားလူများမှာ ထိုကိစ္စအပေါ် သိပ်ပြီးတော့ မှတ်ချက်မပေးခဲ့ကြပေ။

အခုလို ရိုးရှင်းသည့်အချစ်စုံတွဲကိုမြင်တွေ့ရချိန်မှာတော့ သူတို့ကို မနာလိုဖြစ်လာစေခဲ့သည်။ ဒီလူငယ်လေးနှစ်ယောက်နားတွင် ဝိုင်းဝိုင်းလည်နေသည့် မိန်းကလေးတွေ အများကြီးရှိလေသည်။ အားလုံးက အထက်တန်းလွှာလူမှုအသိုင်းအဝိုင်းမှ သမီးကညာလေးတွေချည်းပင်။ သူတို့အကုန်လုံး ကုန်းထျန်းဟောက်နှင့် လီယွမ်ဟန်တို့ထံ သူမတို့ကိုယ်သူမ ပေးအပ်နေခဲ့ကြသည်။ သို့သော်လည်း လူငယ်လေးနှစ်ယောက်ကတော့ ထိုမိန်းကလေးများသည် သူတို့၏ငွေနှင့်အာဏာကိုသာ ကြည့်ကြခြင်းဖြစ်ကြောင်း သိလေသည်။ သူတို့တွင်သာ ထိုဂုဏ်ဒြပ်များဆုံးရှုံးသွားပါက ထိုမိန်းလေးတွေ သူတို့ကို ဆက်ပြီးချစ်နိုင်ကြပါဦးမလား။ မဖြစ်နိုင်ဘူး။

လီယွမ်ဟန်သည် ကုန်းထျန်းဟောက်ကို မျက်စောင်းထိုးကြည့်လိုက်ကာ၊ “သခင်လေးကျန်းသာ မစ္စရှောင်ကို ရအောင်လိုက်နိုင်သွားရင် ဒါက သူရဲ့အနာဂါတ်ဘဝပုံစံမျိုးဖြစ်လာနိုင်တယ်။”

သူ ထိုစကားကိုပြောပြီးသည်နှင့် မျက်ဝန်းနှစ်စုံက သူ့ကို စိုက်ကြည့်လာကြသည်။

တစ်စုံကတော့ ကုန်းထျန်းဟောက်ပင်။ ကုန်းထျန်းဟောက်က သူ့ကို အကြည့်စူးစူးများဖြင့် ပစ်လွှတ်လိုက်ကာ အနည်းငယ်မကျေမနပ်ဖြစ်နေဟန်ပေါ်လေသည်။ သို့သော်လည်း သူဘာကို မကျေမနပ်ဖြစ်နေတာလဲ။ ဒါကိုတော့ ဘယ်သူမှ မသိပေ။

နောက်မျက်ဝန်းတစ်စုံကတော့… သေချာပေါက် ကျန်းထောင်ပဲပေါ့။ သူကတော့ စိတ်ပိုင်းဖြတ်ထားသည့်အကြည့်များဖြင့် ကြည့်ခြင်းဖြစ်သည်။

ကုန်းထျန်းဟောက်သည်လည်း ကျန်းထောင်ကို တစ်ချက်ကြည့်လိုက်ကာ သူ့အမူအရာပြောင်းလဲသွားပုံကို သတိထားမိခဲ့လေသည်။

နောက်ဆုံးတော့ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ “ထောင်၊ မင်းနဲ့မစ္စရှောင်ကြားမှာ နားလည်မှုလွဲတာ ဒါမှမဟုတ် ပြဿနာတစ်ခုခုရှိနေတာလား။”

ကျန်းထောင်က ခါးသက်သက်ပြုံးလိုက်ကာ၊ “တကယ်တော့ မင်းပြောတာလည်း မမှားပါဘူး။ ငါတို့ကြားမှာ နားလည်မှုလွဲနေတာလေးတစ်ခုရှိတယ်။”

ကုန်းထျန်းဟောက်နှင့် လီယွမ်ဟန်တို့ နားလည်မှုရှိစွာ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ကုန်းထျန်းဟောက်သည် ခဏမျှတွေးတောနေရင်းက သတိပေးလာခဲ့လေသည်။ “ဒီလိုဆိုမှတော့ မင်း မြန်မြန်လေး ဖြေရှင်းလိုက်တာကောင်းမယ်။”

“ငါလည်း သိပါတယ်။” ကျန်းထောင်သည် နောက်ဆုံးမှာတော့ သူ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်သော မိန်းကလေးတစ်ယောက်နှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။ သူမကို လက်လွှတ်မခံချင်ပေ။

လီယွမ်ဟန်တစ်ယောက် ကျန်းထောင်ကိုကြည့်လိုက်ကာ ပြီးနောက်မှာတော့ ကုန်းထျန်းဟောက်ကို ကြည့်လိုက်ပြန်သည်။ သူက ပါးစပ်ဟလိုက်ကာ တစ်ခုခုပြောချင်သလိုဖြစ်နေသော်လည်း အဆုံးမှာတော့ ဘာမှပြောမလာခဲ့ပေ။

သူက ရင်ထဲကနေ သက်ပြင်းသာချလိုက်ကာ နားမလည်နိုင်ဟန်ဖြင့် တွေးလိုက်သည်။ ‘ငါမှားသွားတာလား။ သခင်လေးကုန်းက ရှောင်လင်းယွီကို မြင်မြင်ချင်း ချစ်မိသွားတာ မဟုတ်ဘူးလား။ ထားလိုက်ပါ အပြင်လူတွေအတွက် ဒါမျိုးကိစ္စတွေပတ်သတ်ပြီး ဘာများလုပ်နိုင်မှာမို့လို့လဲ။ သခင်ကြီး မြစ်လေးမြန်မြန်ချီရအောင် သခင်လေးကုန်း မြန်မြန်လေး ကိုယ့်ကိုယ်ကို နားလည်သွားဖို့ပဲ မျှော်လင့်တော့တယ်။’

ရှောင်လင်းယွီသည် ကျန်းထောင် ဒါမှမဟုတ် ကုန်းထျန်းဟောက်တို့နှင့် ထိုက်တန်သည်ဟု မတွေးခဲ့ပေ။ သို့သော်လည်း ရှောင်လင်းယွီ ဒီလို ပေကျင်းရဲ့အမျိုးကောင်းသားနှစ်ယောက်လုံး သူမကို ချစ်မိသွားလောက်အောင် ဆွဲဆောင်မှုကြီးကြီးမားမား ရှိနေခဲ့လေသည်။

သို့သော်လည်း လီယွမ်ဟန်ကတော့ ကျန်းထောင်အတွက် စိုးရိမ်နေမိသည်။

ကျန်းမိသားစုသည် ကျန်းထောင်ကို သူတို့နှင့် အဆင့်အတန်းမတူညီဘဲ မိသားစုအတွက် ဘာအကျိုးအမြတ်မှ မသယ်ဆောင်လာပေးနိုင်သော မိန်းကလေးတစ်ယောက်နှင့် ဘယ်တော့မှ လက်ထပ်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။ ကျန်းမိသားစုသည် ကျန်းထောင်အတွက် သတို့သမီးလောင်းပင် ရွေးချယ်ထားပြီးပြီဟုလည်း သူကြားထားပေသည်။ သူတို့က ကျန်းထောင် အိမ်ပြန်ရောက်လာမည်ကိုသာ စောင့်နေကြခြင်းဖြစ်သည်။ ပြန်ရောက်လာလျှင် စေ့စပ်ပွဲအခမ်းအနားကျင်းပပေးကြလိမ့်မည်။

သို့သော်လည်း ဤသည်မှာ လူပြောများနေသည့် သတင်းတစ်ခုသာဖြစ်သည်။ ကျန်းမိသားစုက ဘာသတင်းမှ မဖြန့်ထားသေးပေ။ ကျန်းထောင် သိထားလား မသိထားဘူးလားတောင်မှ သူတို့မသိပေ။

ထိုအကြောင်းတွေးကြည့်ပြီးနောက် လီယွမ်ဟန် မျက်မှောင်ကြုတ်လိုက်မိသည်။

ကျန်းထောင်သာ မြို့တော်တွင် ဇနီးလောင်းရှိထားပြီးသား သိနေရက်နဲ့ ရှောင်လင်းယွီကို ဆက်ပြီး ပိုးပန်းနေသည်ဆိုပါက ဒါက ရှောင်လင်းယွီအတွက် မတရားတော့ပေ။ ဒါ့အပြင် ရှောင်လင်းယွီအတွက် ပြဿနာတွေတောင် သယ်ဆောင်လာပေးနိုင်လေသည်။

***

All Chapters