ပန်းများ
Vol. 10 Ch. 175
ညစာစားပြီးနောက်မှာတော့ လျိုချွမ်းဟွာသည် ရှောင်လင်းယွီ၏အခန်းတံခါးကို ခေါက်လိုက်ပြန်သည်။ သူမ စိုးရိမ်နေခဲ့သည်ပင်။ “လင်းယွီ၊ သမီးအဆင်ပြေရဲ့လား။ နေလို့မကောင်းသေးဘူးလား။”
“စတုတ္ထဒေါ်လေး၊ သမီးအဆင်ပြေပါတယ်။” ရှောင်လင်းယွီ ပြန်ဖြေလိုက်သည်။ “သမီး အိပ်ချင်နေလို့ပါ။”
“အရင်ဆုံးတစ်ခုခု ထွက်စားလိုက်ဦးလေ။” လျိုချွမ်းဟွာပြောလိုက်သည်။ “အခုချိန် ဘာမှမစားဘဲ အိပ်ရင် ညလယ်ကြီးကျမှ ဗိုက်ထဆာနေဦးမယ်။” ကိုယ်ဝန်ရှိနေတာကြောင့် ရှောင်လင်းယွီ အမှန်ကို ဗိုက်ဆာနေခြင်းဖြစ်သည်။ ဒါကြောင့် မှန်တစ်ချပ်ထုတ်ကာ သူမကိုယ်သူမကြည့်လိုက်သည်။ သူမမျက်လုံးများက နီရဲနေတာကြောင့် စိုက်ပျိုးရေးနေရာလွတ်ထဲသို့ ကူးပြောင်းကာ စမ်းရေဖြင့် မျက်နှာသစ်လိုက်သည်။ သူမမျက်လုံးများက မယောင်နေတော့ချိန်မှ သူမလည်း ချက်ချင်းပင် နေရာလွတ်ထဲမှ ပြန်ထွက်ကာ ဖြေလိုက်လေသည်။ “ဟုတ်ပြီ၊ ဒေါ်လေး။ သမီးအတွက် ခေါက်ဆွဲတစ်ပွဲလောက် လုပ်ပေးလို့ရမလား။”
ထိုစကားကိုကြားကာမှ လျိုချွမ်းဟွာ စိတ်အေးသွားရတော့သည်။
သူမ မီးဖိုခန်းထဲသို့ဝင်လာချိန်တွင် မေမေရှောင်မှာ သန့်ရှင်းရေးလုပ်နေလေသည်။ “ဒုတိယအစ်မ၊ ပန်းကန်တွေ ငါဆေးလိုက်မယ်။ လင်းယွီက ခေါက်ဆွဲတစ်ပွဲလောက် စားချင်တယ်လို့ ပြောနေတယ်။”
မေမေရှောင် မျက်မှောင်ကြုတ်ကာ စိုးရိမ်ဟန်ဖြင့် မေးလာခဲ့သည်။ “အဲ့ကလေး ဘာဖြစ်နေတာလဲ။ မနက်တုန်းက ခရိုင်မြို့ပေါ်သွားတုန်းကတင် အကောင်းကြီးပါ။ ဘာလို့ နေ့လည်ပိုင်း ပြန်လာကာမှ အဆင်မပြေသလိုဖြစ်နေတာလဲ။ အအေးမိသွားတာများလား။”
မေမေရှောင်က ပြောရင်းဆိုရင် ရေနွေးတစ်အိုးကောက်တည်နေလေသည်။ သူမက အိုးအဖုံးကိုအုပ်လိုက်ပြီးနောက် သူမလက်ကို တာဝါတစ်ထည်နှင့်သုတ်လိုက်သည်။ ထို့နောက် ဗီရိုထဲမှ ခေါက်ဆွဲများထုတ်လိုက်ကာ အပေါ်တင်ထားလိုက်ပြီး ကြက်သွန်မြိတ်အချို့ထုတ်လိုက်ကာ ရေဆေးပြီး ပါးပါးလှီးလိုက်သည်။ ခဏစဉ်းစားကြည့်ပြီးနောက် ဗီရိုထဲက ကြက်ဥတစ်လုံးကိုပါ ထပ်ထုတ်လိုက်လေသည်။
လျှိုချွမ်းဟွာက ပန်းကန်များဆေးနေရင်း စိုးရိမ်နေဟန်ဖြင့် ပြောလာခဲ့သည်။ “ဒုတိယအစ်မ၊ ငါ အစောတုန်းက ယွီအာ အခန်းထဲမှာ ငိုနေသံကြားလိုက်ရသလိုပဲ။ အသံက အရမ်းမကျယ်ပေမယ့် ငါ့နားက တော်တော်ပါးတယ်လေ။ ဒုတိယအစ်မ၊ ယွီအာ ခရိုင်မြို့ပေါ်မှာ တစ်ခုခုများ ဖြစ်လာလို့လား။”
“ဘာ?” မေမေရှောင် အံ့ဩသွားလေသည်။ သူမ သမီးအကြောင်း ကောင်းကောင်းသိသူပီပီ ရှောင်လင်းယွီသည် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ကြောင်း သိနေသည်။ သူမက ငိုတာရှားသည်။ ရှောင်လင်းယွီ ပုန်းပြီးငိုနေသည့်အကြောင်း ကြားလိုက်ရသည်နှင့် တစ်ခုခုတော့ဖြစ်နေပြီဖြစ်ကြောင်း မေမေရှောင်သိလိုက်သည်။
မေမေရှောင်လည်း စိုးရိမ်သွားကာ၊ “မဖြစ်သေးဘူး၊ ငါတစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်။”
လျိုချွမ်းဟွာက သူမကို လှမ်းတားလိုက်သည်။ “ဒုတိယအစ်မ၊ ငါတို့ ခေါက်ဆွဲအရင်ပြီးအောင် ပြုတ်ကြရအောင်လား။ ပြီးမှ မေးလည်းရတယ်လေ။”
မေမေရှောင်လည်း တွေးကြည့်လိုက်ကာ၊ “ကောင်းပြီလေ၊ မင်းပြောတာလည်း မှန်တာပဲ။”
ရှောင်လင်းယွီ အခန်းထဲကထွက်လာပြီးနောက် ဖေဖေရှောင်နှင့် ရွာသူကြီးရှောင်တို့က ဧည့်ခန်းထဲတွင် ထိုင်နေသေးကြောင်း တွေ့လိုက်ရသည်။ သူတို့အမူအရာတွေက အနည်းငယ်လေးနက်လို့နေလေသည်။
သူမလည်း သူတို့ကို နှုတ်ဆက်လိုက်သည်။ “အဖေ၊ ရွာသူကြီး။”
ထိုတော့မှ ရှောင်ကျန်းယန်တစ်ယောက် အသိစိတ်ပြန်ကပ်လာကာ သူ့သမီးကို မေးလိုက်လေသည်။ “ယွီအာ၊ ဘယ်လိုနေသေးလဲ။ နေလို့မကောင်းသေးဘူးလား။”
ရှောင်လင်းယွီ ငိုခဲ့မှန်း ရှောင်ကျန်းယန်ကတော့ မသိပေ။
ရွာသူကြီးကလည်း မေးလာလေသည်။ “ဟုတ်သားပဲ လင်းယွီ၊ သက်သာရဲ့လား။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ကောင်းသွားပါပြီ။ သမီး နည်းနည်းဗိုက်ဆာနေလို့။ အမေ ခေါက်ဆွဲလုပ်ပြီးပြီလား သွားကြည့်လိုက်ဦးမယ်နော်။”
ရှောင်ကျန်းယန် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်ပြီလေ။”
ရှောင်လင်းယွီ မီးဖိုခန်းထဲဝင်သွားချိန်မှာတော့ သူမအမူအရာက တက်ကြွနေပုံပေါက်သွားကာ၊ “အမေ၊ ခေါက်ဆွဲရပြီလား။”
မေမေရှောင်နှင့် လျိုချွမ်းဟွာတို့ ရှောင်လင်းယွီကို တပြိုင်တည်း ကြည့်လိုက်ကြသည်။ သူမပုံစံက ငိုထားသည့်ပုံနည်းနည်းမှ မပေါက်ပေ။ ဒါကြောင့် လျိုချွမ်းဟွာပင် စိတ်ရှုပ်ထွေးသွားလေသည်။ သို့သော်လည်း သူမ စိုးရိမ်စွာဖြင့် မေးလိုက်တုန်းပင်။ “ယွီအာ၊ အဆင်ပြေရဲ့လား။”
ရှောင်လင်းယွီ ပြုံးပြလိုက်လေသည်။ “စတုတ္ထဒေါ်လေး၊ သမီး အဆင်ပြေပါတယ်။ ကြည့်ပါဦး၊ သမီးပုံက အဆင်မပြေသလိုဖြစ်နေလို့လား။” သူမ မျက်လုံးများနီရဲနေသည်အထိ ငိုခဲ့ကြောင်းကို ဘယ်သူမှ ပြောနိုင်မည်မဟုတ်ပေ။
မေမေရှောင်လည်း သံသယဖြင့် သူမကို စိုက်ကြည့်နေပြီးနောက် မေးလိုက်လေသည်။ “ယွီအာ၊ သမီးဒေါ်လေးပြောတာတော့ သမီး အခန်းထဲမှာ ငိုနေတယ်ဆို။ ဘာဖြစ်တာလဲ။”
“အမ်?” ရှောင်လင်းယွီ ပြုံးလိုက်သည်။ “အမေ၊ ဒေါ်လေး နားကြားမှားတာဖြစ်ပါလိမ့်မယ်။ စတုတ္ထဒေါ်လေး သမီး မငိုပါဘူး။”
အခုတော့ လျိုချွမ်းဟွာတောင်မှ သူမနားကြားမှားခဲ့ခြင်းလားဟု မရေမရာဖြစ်လာတော့သည်။
မေမေရှောင်က အချိန်အတော်ကြာအောင် ရှောင်လင်းယွီကို စိုက်ကြည့်နေခဲ့လေသည်။ နောက်ဆုံးတော့ သူမက၊ “ကောင်းပြီ၊ ကောင်းပြီ၊ ခေါက်ဆွဲရနေပြီ။ ပန်းကန်ယူသွားပြီး စားတော့။”
ရှောင်လင်းယွီ တကယ်ကို ဗိုက်နည်းနည်းဆာနေခဲ့တာကြောင့် ခေါက်ဆွဲပန်းကန်မှ မွှေးပျံ့သည့်ရနံ့ကိုရလိုက်သည်နှင့် ပိုလို့တောင် ဗိုက်ဆာသွားတော့သည်။ “အမ်.. မွှေးနေတာပဲ။”
ရှောင်လင်းယွီ ထွက်သွားပြီးနောက်၊ လျိုချွမ်းဟွာ မျက်မှောင်ကြုတ်မိသွားသည်။ “ငါပဲ မှားကြားမိတာလား။”
မေမေရှောင်က ခေါင်းကိုအသာခါလိုက်ကာ၊ “ချွမ်းဟွာ၊ ငါတော့ မင်း မှားတယ်လို့ မထင်ဘူး။ ယွီအာက ဘာအရိပ်အယောင်မှမကျန်အောင် နည်းလမ်းတစ်ခုခုသုံးပြီး ရှင်းထားတာဖြစ်မယ်။ ဒါပေမယ့် သူက ငါတို့ကို မစိုးရိမ်စေချင်မှတော့ ငါတို့လည်း ဒီကိစ္စကို ထားလိုက်ကြတာပေါ့။” တခါတလေ၊ ရှောင်လင်းယွီ၏ ခေါင်းမာပုံကို သူတို့လည်း ဘာမှမလုပ်ပေးနိုင်ပေ။
ရှောင်လင်းယွီတစ်ယောက် ခေါက်ဆွဲပန်းကန်ကိုင်ကာ ဧည့်ခန်းထဲသို့ ပြန်လာခဲ့သည်။ ရှောင်ကျန်းယန်နှင့် ရွာသူကြီးတို့ကတော့ လေးနက်နေသည့်အမူအရာဖြင့် ထိုင်နေကြတုန်းပင်။
“အဖေ၊ ဘာဖြစ်လို့လဲ။”
ရှောင်ကျန်းယန်က လေးလေးနက်နက်မေးလိုက်သည်။ “ယွီအာ၊ အဖေတို့ခြံထဲက ပန်းတွေက အရမ်းတန်ဖိုးကြီးတယ်ဆိုတာ သမီးသိလား။ အဲ့ဒါတွေက ယွမ်သိန်းချီပြီးကို တန်တာ။”
“ဘာ?” ရှောင်လင်းယွီသည်လည်း ထိုစကားကိုကြားပြီး အံ့ဩသွားလေသည်။ “အဲ့ပန်းတွေက အဲ့လောက်တောင် အဖိုးတန်တာလား။” သခင်ကြီးကုန်း ပန်းများ၏ ဈေးနှုန်းအသေးစိတ်ပြောနေချိန်တွင် ရှောင်လင်းယွီသည် သူမအခန်းထဲ၌ ရှိနေခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် ဈေးကြီးမှန်းသိသော်လည်း ဒီလောက်အထိ ဈေးမြင့်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
“အဟုတ်ပဲ။” ရှောင်ကျန်းယန် ရှင်းပြလာခဲ့သည်။ “ညစာစားနေတုန်းက၊ သခင်ကြီးက ခတ္တာလီလီအကြီးတွေက ယွမ်၅ထောင်တန်တယ်လို့ပြောတယ်။ ကျန့်ယဲ့ဟွေ့လန်ဆိုရင် ယွမ် ၅သောင်းကနေ ၈သောင်းကြားတဲ့။ ပြီးတော့ ဟိုဂန္ဓမာပန်းက စစ်ကျန်းကျူးလျန်လို့ခေါ်တဲ့ ရှားပါးဂန္ဓမာမျိုးစိတ်ဆိုပဲ…”
ရှောင်လင်းယွီ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ အခုတော့ သူမအရင်ဘဝတုန်းက လန်ဟုန်ရှင်းကို ဘာကြောင့် တစ်ယောက်ယောက်က ပန်းတွေ လုခိုင်းမှန်း နားလည်သွားပေပြီ။ တရားခံက သူမမိသားစုမှ ပန်းများ၏တန်ဖိုးကို သိရှိသွားခြင်းကြောင့်ပင်။ ထိုသူကတော့ ပန်းတွေကြောင့်နှင့် ငွေအမြောက်အမြားရသွားလောက်ပေသည်။
ဒါကပဲ ထိုတရားခံကို အမြစ်ကနေတူးထုတ်ရန် ရှောင်လင်းယွီ၏ ဆုံးဖြတ်ချက်က ပိုလို့ ခိုင်မာသွားတော့သည်။ ဒီဘဝမှာတော့ သူမမိသားစုသည်လည်း ထိုပန်းများ၏တန်ဖိုးကို သိထားပြီးဖြစ်သည်။ သို့သော်လည်း ထိုတရားခံ ရောက်လာမလာကိုတော့ သူမလည်း မသိပေ။
“ယွီအာ၊ အဖေတို့ ဒီပန်းတွေကို ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ။” ရှောင်ကျန်းယန်က မေးလိုက်လေသည်။
“အဖေတို့ ဒါတွေကို ရောင်းလိုက်ကြမလား ဒါမှမဟုတ် ဆက်ပြီး စောင့်ရှောက်ထားကြမလား။ ဒါပေမယ့် အဖေတို့သာ လက်ထဲဆက်ထား,ထားမယ်ဆိုရင် ဘယ်နားမှာ ထားကြမလဲ။ ခြံထဲမှာပဲ ဆက်ထားဖို့ကျ စိတ်ထဲတစ်မျိုးပဲ။”
ထိုပန်းများ၏တန်ဖိုးကို တစ်ယောက်မှသာ မသိထားလျှင် သူလည်း ထိုပန်းများကို ခြံထဲမှာပဲ ဆက်ထားလိုက်မည်ဖြစ်သည်။ သို့သော်လည်း တံခါးအပြင်ဘက်မှလူတော်တော်များများ သခင်ကြီးကုန်း၏စကားကို ကြားသွားကြလေသည်။ ဒီပန်းတွေကို လက်ရှိနေရာမှာတော့ ဆက်ပြီး မထားနိုင်တော့ပေ။ သူတို့သာ ဒီပန်းတွေကို ဆက်ပြီးပြုစုလိုပါလျှင် အချိန်ပြည့်စောင့်ကြည့်နေမှဖြစ်ပေမည်။ ဒါပေမယ့် ဘယ်သူက အချိန်ရှိလို့လဲ။
ရှောင်လင်းယွီ ခဏမျှစဉ်းစားကြည့်ပြီးနောက် ဤသို့ အကြံပေးလာလေသည်။ “အဖေ၊ သမီးတို့ ဒီပန်းတွေကို သခင်ကြီးကို ပေးလိုက်ရင်မကောင်းဘူးလား။”
“ဟမ်?” ရှောင်ကျန်းယန်နှင့် ရွာသူကြီးတို့ ထိုအကြံပြုချက်ကိုကြားချိန်တွင် အတော်လေး အံ့ဩသွားကြသည်။ ဒီလောက် အဖိုးတန်တဲ့ပန်းတွေကို ဒီလိုပဲ ပေးပစ်မယ်ပေါ့။
ရွာသူကြီးမှာ အံ့ဩစွာဖြင့် ပြောလိုက်မိလေသည်။ “ဒါပေမယ့် ဒီပန်းတွေက ယွမ်သိန်းချီပြီးတန်တာလေ။ ဒီအတိုင်းပဲ ပေးပစ်တော့မလို့လား။”
ရှောင်လင်းယွီက ခေါက်ဆွဲဟင်းရည်တစ်ငုံသောက်လိုက်ပြီးနောက်၊ “ရွာသူကြီး၊ သခင်ကြီး ရောက်မလာခင်တုန်းက ဒီပန်းတွေရဲ့တန်ဖိုးကို ဘယ်သူများ သိလို့လဲ။ တစ်ယောက်ယောက်သာ သိထားရင် အတော်ကြာကတည်းက ခိုးသွားကြရောပေါ့။”
ရွာသူကြီးလည်း ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါတော့ အမှန်ပဲ။ ဒီမတိုင်ခင်တုန်းက ဒါတွေကို သာမာန်ပန်းတွေလိုပဲ သဘောထားခဲ့တာ။ တောင်ပေါ်ကနေ တူးလာတဲ့ ပန်းရိုင်းတွေက ဒီလောက် တန်ဖိုးကြီးမယ်လို့ ဘယ်သူက တွေးမိမှာလဲ။” ထိုအချက်ကိုပြောပြီးနောက် ရွာသူကြီးက ရပ်သွားကာ ပြုံးလာခဲ့သည်။ “မနက်ဖြန်လောက်ဆို ထောင်ယွမ်ရွာတစ်ရွာလုံး တောင်ပေါ်မှာ ပန်းရိုင်းတွေ သွားတူကြမှာ သေချာတယ်။”
ရှောင်လင်းယွီရှာတွေ့ထားသည့် တန်ဖိုးအကြီးဆုံးပန်းမှာ ယွမ်၅သောင်းကျော်လေသည်။ ဒါဟာ သာမာန်လယ်သမားများအတွက် တစ်ဘဝလုံးရှာရင်တောင် မရနိုင်သည့် ပမာဏဖြစ်သည်။
သို့သော်လည်း ရှောင်ကျန်းယန်က၊ “မနက်ဖြန်အထိတော့ စောင့်ဖို့လိုမယ်လို့ မထင်ဘူး။ ဒီညကတည်းက တော်တော်များများ တောင်ပေါ်မှာ ပန်းရိုင်းတွေ သွားတူးကြလောက်တယ်။” သူတို့သာ မနက်ဖြန်အထိ စောင့်နေပါက ပန်းရိုင်းတွေ ကုန်သွားလောက်ပေသည်။ တကယ်လည်း လူအုပ်ကြီးမှာ ယနေ့ညမှာပဲ တောင်ပေါ်သို့ ဦးတည်သွားမည်ဖြစ်သည်။။
ရွာသူကြီး မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက် သူက မတ်တပ်ထရပ်ကာ လေးနက်သည့် အမူအရာဖြင့် ပြောလိုက်လေသည်။ “မကောင်းတော့ဘူး။ တောင်ပေါ်က ညဘက်ဆို အရမ်းအန္တရာယ်များတယ်။ အဆိပ်ရှိမြွေတွေရော သားရဲတိရိစ္ဆာန်တွေရောရှိတယ်။ ကျန်းယန် ငါ သူတို့ကို တောင်ပေါ်မသွားအောင် သတိပေးချက်ထုတ်လိုက်ဦးမယ်။”
ရှောင်ကျန်းယန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ရွာသူကြီးပြောတာ မှန်တယ်။ ဒါ အရမ်းအန္တရာယ်များတယ်။ သူတို့ကို ဖြောင်းဖျကြည့်လိုက်ပါ။” ဒါပေမယ့် သူတို့သာ အကြံဉာဏ်ကို ငြင်းပယ်ကြရင်ရော သူတို့ ဘာများလုပ်နိုင်မှာတဲ့လဲ။
ရွာသူကြီးလည်း အလျင်စလို ထွက်သွားလေသည်။
မေမေရှောင်နှင့် လျိုချွမ်းဟွာတို့ မီးဖိုခန်းထဲမှ ထွက်လာပြီးနောက် မေမေရှောင်က မေးလာခဲ့သည်။ “ရွာသူကြီး ပြန်သွားပြီလား။”
ရှောင်ကျန်းယန်က၊ “ဟုတ်တယ်။ ငါတို့ ခြံထဲကပန်းတွေရဲ့တန်ဖိုးက တော်တော်လေး ထိတ်လန့်ဖို့ကောင်းတဲ့သတင်းလေ။ ကြည့်ရတာ တောင်ပေါ်မှာ ပန်းတူးဖို့ ဒီညလူတွေသွားကြမယ်လို့ ထင်တယ်။ ရွာသူကြီးလည်း မှောင်မှောင်မဲမဲ အန္တရာယ်ဖြစ်မှာစိုးလို့ သွားတားတယ်။”
မေမေရှောင် ခေါင်းညိတ်လိုက်သည်။ “သူတွေးတာ မှန်ပါတယ်လေ။”
လျိုချွမ်းဟွာက ပြုံးလိုက်ကာ၊ “ဒုတိယအစ်ကိုနဲ့အစ်မကတော့ ကံကောင်းတာပဲ။ တောင်ပေါ်ကနေ တူးလာတဲ့ပန်းက ယွမ်သောင်းချီတန်နေတယ်။ သူများပစ်ထားလို့ ယူလာတဲ့ပန်းကလည်း တန်ဖိုးကြီးပဲ။ ခြံထဲမှာ ရတနာသိုက်ကြီးရှိနေတာဆိုတော့ သေချာပေါက် စိုးရိမ်နေရတော့မှာပဲ ဟုတ်တယ်မလား။”
ရှောင်ကျန်းယန် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ “အမှန်ပဲ။ ဒီပန်းတွေနဲ့ဘာလုပ်ရမလဲ မသိပါဘူး။ ငါတို့သာ စောင့်ကြည့်မနေရင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကုန်လိမ့်မယ်။ ဒါပေမယ့် ငါတို့လည်း တစ်ရက်ကို နှစ်ဆယ့်လေးနာရီလုံး စောင့်ကြည့်မနေနိုင်ဘူးလေ။”
လျိုချွမ်းဟွာက အကြံပေးလာခဲ့သည်။ “ဒါဆို ရောင်းလိုက်ပါလား။”
“ရောင်းရမယ်?” ရှောင်ကျန်းယန် မျက်မှောင်ကြုတ်လိုက်သည်။ “ယွီအာက ငါတို့ကို ဒီပန်းတွေ ပေးပစ်ဖို့တောင် ပြောနေတာ။”
“ပေးပစ်မှာလား။” မေမေရှောင်နှင့်လျိုချွမ်းဟွာတို့ အံ့ဩသွားကြလေသည်။
“ယွီအာ၊ ဘာလို့ ဒါတွေကို ပေးပစ်ချင်တာလဲ။” လျိုချွမ်းဟွာက နားမလည်နိုင်ဟန်ဖြင့် မေးလာခဲ့သည်။
ရှောင်လင်းယွီသည် ခေါက်ဆွဲတစ်ပန်းကန်လုံး စားပြီးသော်လည်း ဗိုက်က မပြည့်သေးပေ။ သို့သော်လည်း သူမ မူမမှန်တာကို သတိမထားမိသွားစေရန်အတွက် ဘာမှ မပြောလာခဲ့ပေ။
သူမက၊ “ဒီပန်းတွေက သူတို့ကို တန်ဖိုးထားတဲ့လူတွေရဲ့ မျက်လုံးထဲမှာပဲ အဖိုးတန်တာလေ။ အဖေ၊ အမေ၊ စတုတ္ထဒေါ်လေးတို့ထဲမှာ သခင်ကြီးကုန်း မလာခင်တုန်းက ဒီပန်းတွေရဲ့တန်ဖိုးကို သိခဲ့ကြတဲ့လူတွေရှိလို့လား။”
သုံးယောက်လုံး ခေါင်းညိတ်လာကြသည်။ “ဘယ်သူမှ မသိခဲ့ကြဘူး။”
“သခင်ကြီး ခြံထဲဝင်လာတုန်းက ဒီပန်းတွေကိုမြင်ပြီး ဘယ်လောက်တောင် စိတ်လှုပ်ရှားသွားလဲ သမီးမှတ်မိနေသေးတယ်။ သူက အားလုံးကို နာမည်တွေတောင် ရွတ်ပြလာပြီး တစ်ခုချင်းစီရင် တန်ဖိုးတွေကိုတောင် သိနေသေးတယ်။ ဒါကပဲ သူက ပန်းတွေကို မြတ်နိုးတဲ့သူဖြစ်ပြီး ဖြောင့်မတ်တဲ့သူဖြစ်ကြောင်း ပြနေတာလေ။” ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “သူသာ လိုချင်ရင် ဒီပန်းတွေရဲ့တန်ဖိုးကို သမီးတို့မသိအောင် ဖုံးကွယ်ထားမှာပေါ့။ ပြီးကျမှ သမီးတို့ဆီက ဒီပန်းတွေ တောင်းလိုက်လိမ့်မယ်။ သမီးတို့လည်း တောင်းလာရင် ဒီအတိုင်း ပေးလိုက်မှာပဲ မဟုတ်ဘူးလား။”
“ဒါပေါ့။” ရှောင်ကျန်းယန် ပြန်ဖြေလိုက်သည်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်သာ ပန်းတွေကို သဘောကျနေသည်ဆိုလျှင် သူလည်း ရက်ရက်ရောရော ပေးလိုက်မည်ဖြစ်သည်။ ပန်းတွေကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာသိသည့်လူတစ်ယောက်နှင့် ကြုံခွင့်ရသည့်အတွက် သူကိုယ်တိုင်လည်း ဝမ်းသာမိမည်ပင်။
“ဒါပဲလေ။” ရှောင်လင်းယွီ ဆက်ပြောလိုက်သည်။ “သခင်ကြီးက ဒီပန်းတွေကို သဘောကျနေတာ အသိသာကြီးပဲကို။ ဒီတော့ သူ ဒီပန်းတွေကို ကောင်းကောင်း ပြုစုနိုင်လိမ့်မယ်။”
“ဒါပေမယ့် ယွီအာ၊ ဒါတွေအားလုံးပေါင်းက ယွမ်၁သိန်းမကဘူးတန်တယ်လေ။” လျိုချွမ်းဟွာက ပြောလာလေသည်။ “သမီး ဒါတွေကို သခင်ကြီးဆီ ရောင်းလိုက်ရင်ရော။”
ရှောင်လင်းယွီက၊ “စတုတ္ထဒေါ်လေး၊ သခင်ကြီးသာ မရှိရင် ဒီပန်းတွေကို တစ်ပြားနှစ်ပြားလောက်ပဲ တန်မယ်လို့ သမီးတို့ တွေးခဲ့ကြမှာလေ။ ဒီတော့ ရောင်းမယ်ဆိုရင်တောင် သမီးတို့ အရင်တွေးခဲ့ဖူးတဲ့ ဈေးအတိုင်းပဲ ရောင်းသင့်တယ်။ ဒါပေမယ့် အဖေက ဒီလောက်ငွေနည်းနည်းလေးကို တောင်းနေမယ့်အစား ဒီအတိုင်း အလကားပေးပစ်တာပဲ လုပ်လိမ့်မယ်လို့ ထင်တယ်။”
“ဟမ်…” မေမေရှောင်နှင့် ဖေဖေရှောင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ဘာပြောလို့ပြောရမှန်း မသိတော့ပေ။
ရှောင်လင်းယွီသည် ပန်းများကို အသုံးပြုကာ သခင်ကြီးကုန်းကို လာဘ်ထိုးဖို့ ကြံစည်နေခြင်းမဟုတ်ပါဘဲ ပန်းတွေကို ဘယ်လိုတန်ဖိုးထားရမလဲသိသည့်လူတစ်ယောက်ကို ပေးလိုက်သင့်သည်ဟု အမှန်တကယ် တွေးနေခြင်းသာဖြစ်လေသည်။
သူမ၏အရင်ဘဝတုန်းက ဒီပန်းတွေကြောင့်သာ သူမတို့မိသားစု၏ဘဝကံကြမ္မာက ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုပန်းတွေက ယူဆောင်လာသည့် ပြောင်းလဲမှုကြီးကိုတော့ သူမ သဘောမကျပေ။
သခင်ကြီးကုန်းသည် ရှောင်ထုန်၏ ဖိုးဖိုးကြီးဖြစ်လေသည်။ သူက ဒီပန်းတွေကို သဘောကျတယ်ဆိုမှတော့ ရှောင်ထုန်ကပေးတဲ့ လက်ဆောင်သဘောမျိုးမှတ်ယူကာ သခင်ကြီးကို ပေးလိုက်မည်ဟု စဉ်းစားမိသည်။ ရှောင်ထုန်မွေးလာချိန်တွင် သခင်ကြီးကုန်းလည်း သူမနှင့်ရှောင်ထုန်ကို အတွက် ဒီကြင်နာမှုလေးကို အမှတ်ရပေးဖို့လည်း မျှော်လင့်မိသည်။
ရှောင်လင်းယွီသည် သူမကိုယ်တိုင်နှင့် ရှောင်ထုန်အတွက် အရံအစီအစဉ်တစ်ခု ကြိုတင်ဆွဲထားခြင်းပင်။ သခင်ကြီးကုန်း အမှန်တရားကို သိရှိသွားချိန်တွင် ဘာတွေဆက်ဖြစ်မည်မှန်း သူမ မသိသော်လည်း ကိုယ့်ဘက်တော်သားတစ်ယောက် ပိုလာလို့ ဘာထိခိုက်စရာအကြောင်းမှမရှိပေ။
ဖေဖေရှောင်တစ်ယောက် တွေးတောချင့်ချိန်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။ “ကောင်းပြီလေ။ လင်းယွီ ပြောသလိုပဲ၊ ဒီပန်းတွေကို သခင်ကြီးကိုပဲ ပေးလိုက်ကြတာပေါ့။ မနက်ဖြန်ကျ သူ့အိမ်ဆီ ငါပန်းတွေ သယ်သွားပေးလိုက်မယ်။”
သို့ပေမယ့် မေမေရှောင်ကတော့ စိုးရိမ်မှုတချို့ရှိနေသေးသည်။
“ဒီပန်းတွေက အဖိုးတန်တယ်၊ တစ်ယောက်ယောက် လာခိုးရင် ဘယ်လိလုပ်မလဲ။ သခင်ကြီးကိုပေးလိုက်လို့ သခင်ကြီးအတွက် ပြဿနာတွေပို့လိုက်သလိုဖြစ်သွားရင်ရော။ သူက အခုမှ ဒီကိုမှာ လူသစ်လေ၊ ဒီနေရာနဲ့ ရင်းနှီးသေးတာမဟုတ်ဘူး။ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။”
မေမေရှောင်ကတော့ ထိုပြဿနာကို မြန်မြန်ဆန်ဆန်ဖြင့် အာရုံစိုက်လိုက်နိုင်လေသည်။
“မင်းပြောတာလည်း ဟုတ်သားပဲ။” ဖေဖေရှောင် မျက်မှောင်ကြုတ်လိုက်သည်။
ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “အဖေ၊ အမေ၊ စိတ်မပူပါနဲ့။ သာမာန်သူခိုးတွေက အဲ့ခြံထဲကို ဝင်နိုင်မှာမဟုတ်ဘူး။”
“ယွီအာ၊ သမီး ဘာကိုဆိုလိုတာလဲ။” သုံးယောက်လုံး သူမစကား၏အဓိပ္ပါယ်ကို သိချင်သွားကြတော့သည်။
***