← Chapters

ကုန်းထျန်းဟောက်၏အထောက်အထား

Vol. 10 Ch. 176

ကုန်းထျန်းဟောက်၏အထောက်အထား

Vol. 10 Ch. 176

ရှောင်ကျန်းယန်တို့မိသားစုခြံထဲမှ ပန်းများက အလွန်အဖိုးတန်သည့်သတင်းမှာ တခဏချင်းမှာပင် တစ်ရွာလုံးသို့ပျံ့သွားလေသည်။

ထောင်ယွမ်ရွာတစ်ရွာလုံး လူကြီးရောလူငယ်ပါမကျန် ထိုတန်ဖိုးကြီးပန်းအိုးအနည်းငယ်ကို ကြည့်ရှုရန် ရောက်လာကြလေသည်။

ထိုပန်းများမှာ လက်ဖက်ပန်းများ၊ သစ်ခွများ၊ ဂန္ဓမာများ စသည်ဖြင့်ဖြစ်ကြကြောင်း သူတို့သိလိုက်ကြရသည်။

ရွာသားအများစုဆိုလျှင် ညစာပင် ပြန်မစားကြတော့ဘဲ တောရိုင်းပန်းများများနှင့် ပန်းမျိုးများ တူးရန် တစ်မိသားစုလုံးကို တောင်ပေါ်သို့ခေါ်ဆောင်သွားလေသည်။

ရှောင်ထိုက်ယန် သတိပေးချက်ထုတ်လိုက်ချိန်တွင် ရွာသားတစ်ဝက်လောက်မှာ တောင်ပေါ်သို့ သွားကုန်ကြလေပြီ။

ရှောင်ထိုက်ယန် မျက်မှောင်သာ တင်းတင်းကြုတ်လိုက်မိသည်။ သို့သော်လည်း သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်ရသည်။ “ဒီလောက်လူတွေအများကြီး တောင်ပေါ်တက်ကြတာဆိုတော့ အဆင်ပြေသွားလောက်မှာပါ။” ရွာသားတစ်ဝက်နီးပါး သွားကြခြင်းဖြစ်တာကြောင့် သူတို့ဘာသာ အခြေအနေကို ကိုင်တွယ်နိုင်လောက်သင့်သည်။ ဒါ့အပြင် ရွာသားတွေသည်လည်း တောင်ပေါ်သို့ မကြာခဏတက်ဖူးနေတာပဲမဟုတ်လား။ တောင်အကြောင်း ကောင်းကောင်းသိထားမှတော့ ဘာမတော်တဆမှုမှ မဖြစ်လောက်ပါဘူး။

ရှောင်ထိုက်ယန် မျက်မှောင်ကြုတ်လျက်ပင် ရှောင်ကျန်းယန်၏အိမ်သို့ ပြန်ခဲ့လေသည်။

“ရွာသူကြီး၊ ဘာဖြစ်လို့လဲ။” ရွာသူကြီ’၏အမူအရာကိုမြင်ပြီး ရှောင်ကျန်းယန် အနည်းငယ် နားမလည်နိုင်သလို ဖြစ်သွားလေသည်။

ရှောင်ထိုက်ယန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ၊ “ရွာထဲက လူတစ်ဝက်ကျော်လောက် တောင်ပေါ်တက်သွားကြပြီတဲ့။”

“အာ…” ရှောင်ကျန်းယန် အံ့ဩသွားလေသည်။ “ဒီလောက်တောင် မြန်ကြတာလား။”

“ငွေရဲ့စွမ်းအားက တော်တော်ကြီးတယ်လေ။” ရွာသူကြီးလည်း သက်ပြင်းချလိုက်မိသည်။ “မင်းအိမ်မှာရှိတဲ့ တောင်ပေါ်ကရှာတွေ့တဲ့ သစ်ခွပန်းက ယွမ်သောင်းကျော်တန်တယ်လေ။ ငါတို့လို ကျေးလက်နေပြည်သူတွေအတွက်တော့ ငါတို့တစ်ဘဝလုံးကြိုးစားရှာရင်တောင် မရနိုင်တဲ့ ပမာဏမဟုတ်လား။”

မြေတစ်မူသည် ဆန် ကတ်တီ ၁ထောင်လောက်ထွက်လေသည်။ ကတ်တီတစ်ရာကို ယွမ် ၅၀-၆၀ အထိသာရခြင်းဖြစ်သည်။ မိသားစုအများစုတွင် မြေ ၂-၃မူခန့်သာရှိကြခြင်းဖြစ်ကာ စပါးက တစ်နှစ်ကို နှစ်ကြိမ်သာ ရိတ်သိမ်းခြင်းဖြစ်သည်။ ဒါကြောင့် စုစုပေါင်း တစ်နှစ်ကိုမှ ယွမ် ၁ထောင်ကနေ ၂ထောင်လောက်သာ ရကြလေသည်။ သို့သော်လည်း ရွာသားအများစုသည် စပါးကို ကိုယ်တိုင်အတွက် လောင်ငှရုံလောက်သာ စိုက်ပျိုးနိုင်ကာ အပိုရောင်းနိုင်ရန် ရှားလှသည်။ ဒါကြောင့်ပဲ ကျေးလက်နေတောင်သူလယ်သမားများအတွက် စုဆောင်းငွေရှိဖို့ ခက်ခဲနေခြင်းပင်။ မဟုတ်ပါက လူငယ်အများစုက ဘာကြောင့်များ မြို့ပေါ်တက်ပြီး အလုပ်ထွက်လုပ်ကြပါတော့မလဲ။

ရှောင်ကျန်းယန်လည်း ရွာသူကြီးကို နှစ်သိမ့်ပေးလိုက်သည်။ “လူတွေအများကြီးတခါတည်း တောင်ပေါ်တက်သွားတာဆိုမှတော့ ဘာမှမဖြစ်လောက်ပါဘူး။”

“ငါလည်း အဲ့လိုပဲမျှော်လင့်ရတာပဲ။” ရှောင်ထိုက်ယန် သက်ပြင်းချလိုက်သည်။ ထို့နောက် ရွာသူကြီးက “ကျန်းယန်၊ မင်း ဒီပန်းတွေကို ရောင်းမှာလား” ဟု မေးလိုက်သည်။

ရှောင်ကျန်းယန်က ခေါင်းအသာယမ်းကာ ပြောလိုက်လေသည်။ “ယွီအာက ဒီပန်းတွေကို သခင်ကြီးကုန်းကိုပေးမယ်လို့ ပြောတယ်။ သခင်ကြီးက ဒီပန်းတွေကို တန်ဖိုးထားတယ်ဆိုမှတော့ သူပဲရသင့်တယ်လို့ ပြောတယ်လေ။”

“အာ..” ရွာသူကြီး ထိုဆုံးဖြတ်ချက်ကို ကြားပြီး အမှန်ကို အံ့ဩသွားတော့သည်။ “ဒါပေမယ့် ဒီပန်းတွေက ယွမ်သိန်းချီပြီးတန်တာလေ။ မင်းဒီလိုပဲ ပေးပစ်ချင်တယ်ပေါ့။ ဘာလို့မရောင်းတာလဲ။”

“ဘာလို့မပေးချင်ရမှာလဲ။ သခင်ကြီးကုန်းမလာခင်တုန်းက ဒီပန်းတွေကို ဒီလောက်ဈေးအများကြီးနဲ့ ရောင်းလို့ရပါမယ်လို့ ဘယ်သူကများသိလို့လဲ။ ကျွန်တော်တို့ ဒီပန်းတွေအကြောင်း နားမလည်မှတော့ ဒါတွေက ကျွန်တော်တို့အတွက် ဘာမှမတန်တော့ဘူးလေ။ တကယ်တမ်း အသီးအရွက်တွေများများပိုစိုက်နိုင်အောင် ဒီပန်းတွေကို နှုတ်ပစ်တာပိုကောင်းမယ်လို့ ပြောကြတယ် ရွာသားတွေတောင် အများသားမဟုတ်လား။ ဒါပေမယ့် အခုတော့ ရွာထဲကလူတိုင်း ဒီပန်းရိုင်းတွေကို သွားရှာဖို့ မိုးလင်းအောင်တောင် မစောင့်နိုင်ကြတော့ဘူး။”

“ပြီးတော့ ဒီပန်းတွေကို ရောင်းရအောင်ကလည်း ကျွန်တော်တို့အတွက် ရှက်စရာပဲလေ။ သခင်ကြီးက ဒီမှာထမင်းလာစားရင်း ပန်းတွေကို မတော်တဆ သတိထားမိသွားတာ။ သူ ဒီပန်းတွေရဲ့ တန်ဖိုးအမှန်ကို ထုတ်မပြောဘဲနေနိုင်သလို သူ့ကို ပန်းတွေလက်ဆောင်ပေးဖို့ ဒီအတိုင်း တောင်းလိုက်လို့ရတယ်လေ။ အဲ့လိုဆို ကျွန်တော်တို့က သူ့ကို ပန်းတွေ မပေးလောက်ဘူးလို့ထင်လား။”

“မင်းတို့မိသားစုကတော့ သေချာပေါက် ပေးမှာပဲ။” ရွာသူကြီးက တွေးတောင်တွေးမနေဘဲ ချက်ချင်းပင် အဖြေပေးလိုက်သည်။

“အဟုတ်ပဲ။ ဒီပန်းတွေ သူတို့ကို ဘယ်လိုတန်ဖိုးထားရမှန်းသိတဲ့သူတွေနဲ့ရှိနေမှသာ ပိုပြီး အဖိုးတန်တာ။” ရှောင်ကျန်းယန်က ပြောလိုက်သည်။ “သခင်ကြီးက ပန်းတွေကို လှည့်စားပြီးတောင်းလို့ရပေမယ့် မလုပ်ခဲ့ဘူးလေ။ သူက ကျွန်တော်တို့ကို ကူညီပြီးတော့တောင် ဒီပန်းတွေရဲ့ တန်ဖိုးကို ပြောပြပေးသွားသေးတယ်။ ကျွန်တော်တို့မိသားစုက ဒီပန်းတွေကို ဆက်ပြီးထိန်းသိမ်းထားဖို့မဖြစ်နိုင်မှတော့ သူ့ကိုပဲ ပေးလိုက်ချင်တော့တယ်။”

“ဒါလည်းကောင်းပါတယ်။” ရွာသူကြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက စိုးရိမ်တကြီးဖြင့်ပြောလိုက်လေသည်။ “ဒါပေမယ့် ရွာသားတွေက သခင်ကြီးကို ဒုက္ခပေးမှာ မင်း မစိုးရိမ်ဘူးလား။ သခင်ကြီးက ထောင်ယွမ်ရွာအပေါ် ကောင်းတဲ့သူလေ။ ငါတို့ သူ့ကို ဒုက္ခပေးလို့မဖြစ်ဘူး။”

ထိုအခါ လျိုချွမ်းဟွာ ပြုံးလိုက်လေသည်။ “ရွာသူကြီးလိုပဲ ဒုတိယအစ်မလည်း အဲ့ကိစ္စကို စိုးရိမ်ခဲ့သေးတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့တော့။ သခင်ကြီးရဲ့နောက်ခံက သာမာန်မဟုတ်ဘူးလို့ ယွီအာပြောတယ်။ သူ့နဲ့အတူပါလာတဲ့ ဝတ်စုံအနက်နဲ့လူတွေကို တွေ့တယ်မဟုတ်လား။ အဲ့လူတွေက သခင်ကြီးကုန်းရဲ့ သက်တော်စောင့်တွေလို့ ယွီအာပြောတာပဲ။”

“သက်တော်စောင့်ဆိုတာ တီဗီဇာတ်လမ်းတွဲတွေထဲမှာပဲ မြင်ဖူးကြားဖူးတာလေ။ သူတို့ ခေါင်မိုးတွေပေါ်တက်ပြီး နံရံတွေပေါ်မှာလမ်းလျှောက်နိုင်တဲ့ စွမ်းရည်တွေပိုင်ဆိုင်ထားတယ်တဲ့။ ဒီတော့ သာမာန်သူခိုးတွေက သခင်ကြီးဆီက ပန်းတွေကို ခိုးနိုင်မှာမဟုတ်ဘူး။”

ရွာသူကြီးက မှင်သက်သွားကာ၊ “ယွီအာက တကယ်ပဲ အဲ့လိုပြောတာလား။” သူက ရှောင်ကျန်းယန်ကို ကြည့်ကာ မေးလိုက်သည်။

ရှောင်လင်းယွီက အခန်းသို့ပြန်ကာ အနားယူနေပြီဖြစ်သည်။

“ဟုတ်တယ်။” ရှောင်ကျန်းယန်က ခေါင်းညိတ်ကာ အတည်ပြုလိုက်လေသည်။ “ရွာသူကြီးလည်းသိတာပဲ။ ဒီနေ့ခင်းတုန်းကလာတဲ့ လူငယ်လေးတွေအားလုံးက ယွီအာရဲ့ သူငယ်ချင်းတွေလေ။ ဒီတော့ ယွီအာက သူတို့ရဲ့အခြေအနေကို အသိဆုံးလူပဲပေါ့။ ယွီအာပြောတာတော့ သခင်ကြီးရဲ့သက်တော်စောင့်တွေက သာမာန်သက်တော်စောင့်တွေတောင် မဟုတ်ဘူးတဲ့။ ဒါကြောင့် ပန်းတွေကို သခင်ကြီးရဲ့အိမ်ကို ပြောင်းပေးလိုက်လဲ ကျွန်တော်တို့ စိတ်ပူနေဖို့မလိုဘူး။”

ရှောင်ထိုက်ယန် ခေါင်းညိတ်လိုက်သည်။ “အဲ့လိုကိုး၊ သိပြီ၊ သိပြီ။”

ရှောင်လင်းယွီသည် ကုန်းထျန်းဟောက်အကြောင်းကို စုံစမ်းပြီးပြီဖြစ်တာကြောင့် ထိုမျှ သေချာနေခြင်းဖြစ်သည်။ သူမအရင်ဘဝတုန်း ကုန်းထျန်းဟောက်အကြောင်း သတင်းများကို ကြားဖူးခဲ့သည်။ သူမအရင်ဘဝမှာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ပြီးနောက် သူမကိုဆက်သွယ်ကြသည့်လူများမှာ ပိုပြီး အရေးပါအရာရောက်သည့်လူများ ပိုပိုပြီး များလာကြသည်။ ထိုသို့ဖြင့် တချို့သော အကောင်ကြီးကြီးများထံမှ ကုန်းထျန်းဟောက်ဆိုသော နာမည်ကို ရံဖန်ရံခါ ကြားလာခဲ့ရသည်။

ကုန်းထျန်းဟောက်သည် ထူးထူးခြားခြား သိုသိုသိပ်သိပ်ဖြင့်နေထိုင်သူပင်။ သို့သော်လည်း Imperial Palace လုပ်ငန်းစုကိုတော့ လူတိုင်း သိကြသည်။ Imperial Palaceသည် နိုင်ငံအတွင်း အချမ်းသာဆုံး ကုမ္ပဏီဖြစ်ကာ သူတို့၏နှစ်စဉ်အမြတ်ငွေက ၁၀ဘီလီယံလောက်ရှိပေသည်။

Imperial Palace လုပ်ငန်းစုကြီးတစ်ခုလုံး၏ ပိုင်ဆိုင်မှုစုစုပေါင်းကတော့ ၃၀၀ ဘီလီယံကျော်ပြီဖြစ်ကာ အတိအကျ ဘယ်လောက်များလဲကိုတော့ ဘယ်သူမှမသိကြပေ။ အပြင်လောကမှသိသည့်တစ်ခုတည်းသော အကြောင်းအရာကတော့ Imperial Palace လုပ်ငန်းစုသည် ကမ္ဘာပေါ်တွင်ပါ ပထမအဆင့်ဖြစ်ကြောင်းကိုသာ သိကြခြင်းဖြစ်သည်။

သို့သော်လည်း ထို Imperial Palace လုပ်ငန်းစု၏ အဓိကတာဝန်ရှိသူက ဘယ်သူမှန်းသိသည့်လူကတော့ အနည်းအကျဉ်းမျှသာ ရှိလေသည်။

Imperial Palace လုပ်ငန်းစုဘက်က ပွဲအခမ်းအနားများတွင် တက်ရောက်သည့် တာဝန်ရှိပုဂ္ဂိုလ်မှာ အကြိမ်တိုင်း မတူကွဲပြားတာကြောင့် တကယ့် ဆုံးဖြတ်ချက်ချသူက မည်သူဖြစ်ကြောင်း ဘယ်သူမှ မပြောနိုင်ကြပေ။ သူမ အရင်ဘဝတုန်းက Imperial Palace လုပ်ငန်းစုကို ကုန်းထျန်းဟောက်ဟုခေါ်သည့် လူငယ်လေးတစ်ယောက်က ဦးဆောင်နေခြင်းဖြစ်ကြောင်း ရှောင်လင်းယွီ ကြားခဲ့ရသည်။

ထို့ကြောင့် လီယွမ်ဟန်က ကုန်းထျန်းဟောက်၏နာမည်ကို မိတ်ဆက်ပေးလာသည်ကို ရှောင်လင်းယွီကြားလိုက်ရချိန်တွင် ထိုနာမည်ကို အလွန်ရင်းနှီးနေသည်ဟု ခံစားမိခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် ရှောင်လင်းယွီသည် အွန်လိုင်းမှတဆင့် ကုန်းထျန်းဟောက်၏အချက်အလက်များကို ရှာဖွေခဲ့သည်။ သူမအရင်ဘဝတုန်းက ကြားသိခဲ့ရသည့် အချက်အလက်များနှင့် ပေါင်းစည်းလိုက်တာတောင်မှ ကုန်းထျန်းဟောက်အကြောင်း အချက်အလက်အနည်းငယ်သာ ရှာတွေ့ခဲ့လေသည်။ ကုန်းထျန်းဟောက်၏မိသားစုနောက်ခံနှင့် သူ့တွင်အင်အားကြီးသည့်အဖိုးတစ်ယောက်ရှိသည့်အကြောင်း အချက်အလက်အနည်းငယ်သာ တွေ့ရှိခဲ့ရသည်။

ဒါကြောင့် တရုတ်နိုင်ငံ၏အချမ်းသာဆုံးယောက်ျား၏ အဘိုးဖြစ်သူ၊ သခင်ကြီးကုန်းက ဘယ်လိုလုပ် သာမာန်သက်တော်စောင့်လေးတွေပဲ ခန့်ထားနိုင်မှာတဲ့လဲ။

ရွာသူကြီးသည် ရှောင်လင်းယွီတို့မိသားစုက ပန်းတွေကို သခင်ကြီးထံပေးပစ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရ၍ အားမလိုအားမရဖြစ်မိသော်လည်း ဒါက သူတို့ရွေးချယ်မှုသာဖြစ်တာကြောင့် သူက ဘာများ ဝင်ပြောနိုင်မှာတဲ့လဲ။ ဒါ့အပြင် သခင်ကြီးကုန်း၏မြေးသည် ထောင်ယွမ်ရွာ၏ကျေးဇူးရှင်ဖြစ်နေသေးသည်။

…..

နောက်တစ်နေ့ အာရုဏ်မတက်ခင်တွင်ပဲ တစ်စုံတစ်ယောက်က ခြံတံခါးခေါက်လာခဲ့သည်။

“လင်းယွီ၊ ထပါဦး၊ ထပါဦး။”

ဆူညံသံများကြောင့် မေမေရှောင်လည်း အပေါ်ထပ်အင်္ကျီကို အမြန်ယူဝတ်ကာ ခြံတံခါးကို ဖွင့်ပြီး မေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ။”

“ချိုးယင်း၊ ငါ့ကျွင်းအာ အဆိပ်မြွေကိုက်တာခံရလို့။ ငါတို့ကို ဆေးရုံလိုက်ပို့ပေးဖို့ လင်းယွီကို ပြောပေးလို့ရမလား။”

ထိုစကားကိုကြားသည်နှင့် မေမေရှောင်လည်း အမူအရာချက်ချင်းပြောင်းလဲသွားကာ ရှောင်လင်းယွီ၏အခန်းသို့ အမြန်ပြေးသွားကာ အော်လိုက်လေသည်။ “ယွီအာ၊ မြန်မြန်ထ။ ရှောင်ကျွင်း အဆိပ်မြွေကိုက်တာခံရလို့တဲ့။ ဆေးရုံချက်ချင်း သွားမှဖြစ်မယ်။”

အိပ်ချင်မူးတူးဖြစ်နေသည့်ရှောင်လင်းယွီတစ်ယောက် မေမေရှောင်၏စကားကြောင့် ချက်ချင်းပင် နိုးကြားသွားလေသည်။ သူမလည်း ခပ်မြန်မြန်ပင် အိပ်ရာမှထပ်ကာ အပေါ်ဝတ်ကို ယူဝတ်လိုက်သည်။ “လာပြီ၊ လာပြီ။”

ထို့နောက် ရှောင်လင်းယွီသည် ရှောင်ကျွင်းနှင့် သူ့မိသားစုကို ရှင်းအန်းဆေးရုံသို့ ခေါ်သွားလိုက်တော့သည်။

ရှင်းအန်းဆေးရုံသို့ရောက်ရှိပြီးနောက် အသက်ကိုကယ်နိုင်မည့် သွေးရည်ကြည်မရှိတာကြောင့် ရှောင်လင်းယွီသည် ချက်ချင်းပင် ခရိုင်မြို့ဆေးရုံသို့ မောင်းရတော့သည်။

ရှောင်ကျွင်း အတော်လေးကံကောင်းလှသည်။ ရှင်းယင်ခရိုင်ဆေးရုံတွင် သွေးရည်ကြည်တစ်ပုလင်းသာ ကျန်တော့ခြင်းဖြစ်သည်။

ရှောင်လင်းယွီလည်း ရွာသူကြီးကိုဖုန်းဆက်ကာ အကျိုးအကြောင်း ပြောပြလိုက်သည်။

ရွာသူကြီးသည်လည်း သတင်းကိုကြားသည်နှင့် ချက်ချင်းဆိုသလို ရွာသားများကို သတိထားကြရန် အသိပေးစာထုတ်ရတော့သည်။ ခရိုင်မြို့ပေါ်ရှိ နောက်ဆုံးကျန်သည့် အဆိပ်မြွေသွေးရည်ကြည်က သုံးလိုက်ပြီဖြစ်ကြောင်း။ နောက်ထပ်တစ်ယောက်ယောက်သာ မတော်တဆ အဆိပ်မြွေအကိုက်ခံရလျှင် သူတို့အသက်ကိုကယ်ဖို့ သွေးရည်ကြည်မရှိတော့ကြောင်း ပြောလိုက်လေသည်။

ရွာသားများလည်း ထိုသတင်းကိုကြားပြီး ထိတ်လန့်သွားကြတော့သည်။

တန်ဖိုးကြီး ပန်းရိုင်းပင်များမှာ အလွန်ကိုမှ ဆွဲဆောင်အားကောင်းနေပါသော်လည်း သူတို့အသက်ထက်တော့ ဘယ်အရာမှ ပိုအရေးမကြီးပေ။ ဒါ့အပြင် ညဘက် တောင်ပေါ်တက်ခြင်းက အမှန်ကို အန္တရာယ်များလှပေသည်။

မနေ့ညတုန်းက ရွာသားတစ်ဝက်ကျော်လောက် တောင်ပေါ်သို့သွားကာ ပန်းများနှင့် အပင်များကို ရှာဖွေခဲ့ကြသည်။ သူတို့အားလုံး ပန်းပင်များစွာကို တူးယူခဲ့ကြသော်လည်း တန်ဖိုးကြီးမကြီးကိုတော့ ဘယ်သူမှ မသိကြပေ။

ရွာတွင် ထိုအပင်များ၏တန်ဖိုးကို အကဲဖြတ်နိုင်သည့် တစ်ဦးတည်းသောလူမှာ မနေ့က သူတို့ရွာသို့ရောက်လာသည့် လူအိုကြီးသာဖြစ်လေသည်။ ထို့ကြောင့် မနက်ခင်းစောစောမှာပဲ သခင်ကြီးကုန်း၏ခြံဝင်ပေါက်တွင် လူတော်တော်များများ စောင့်ဆိုင်းနေကြပြီဖြစ်သည်။

ရွာသားများသည် ကိုယ့်ကန့်သတ်ချက်ကို ကိုယ်သိကြကာ ရူးကြောင်ကြောင်လုပ်ရပ်များ မလုပ်သလို သခင်ကြီးကိုလည်း အတင်းနိုးအောင် မလုပ်ကြပေ။ ထိုအစား သူတို့က အဝင်ပေါက်တွင် တိတ်တိတ်ကလေး စောင့်ဆိုင်းနေကြလေသည်။

ရွာသားများ ရိုင်းရိုင်းစိုးစိုး မလုပ်ကြသည့် နောက်ထပ်အကြောင်း အရင်းတစ်ခုလည်း ရှိသေးလေသည်။ ထိုအကြောင်းကတော့ သူတို့ တံခါးနားသို့ရောက်လာလာချင်းမှာပဲ ဝတ်စုံနက်နှင့်လူတစ်ယောက်က တံခါးကို ဖွင့်လာခဲ့လေသည်။ ထိုလူ၏အကြည့်စူးစူးများက သူတို့အပေါ်သို့ ခဏမျှဝေ့ဝဲနေခဲ့ကာ သူ့တစ်ကိုယ်လုံးက ခက်ထန်သည့်အော်ရာတို့အပြည့်ပင်။ ထိုလူ၏အသွင်က သူတို့ကို ကြောက်လန့်သွားစေခဲ့လေသည်။

သက်တော်စောင့် ရှောင်ဝမ်က ရွာသားအုပ်စုကိုကြည့်ကာ သူတို့လက်တွေထဲက လတ်လတ်ဆတ်ဆတ် တူးထားသည့် အပင်များကိုပြန်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို သူတို့၏ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့သည်။

သို့သော်လည်း အစောင့်တစ်ယောက်ဖြစ်တာကြောင့် သူက လေးလေးနက်နက်ဖြင့် အကြောင်းအရင်းကို မေးလိုက်တုန်းပင်။ “ဦးလေး၊ ဒေါ်လေးတို့၊ ဘာကိစ္စများ ရှိလို့လဲ။”

ရွာသားများသည် ရှောင်ဝမ်ကိုမြင်သည်နှင့် အလွန်ကြောက်လန့်သွားကာ ခြေလှမ်းအနည်းငယ်မျှ နောက်ပြန်ဆုတ်သွားကြလေသည်။ “အဲဒါ.... ဘာ.. ဘာမှမဟုတ်ပါဘူး။” သူက မြေပေါ်ရှိပန်းများကိုကြည့်လိုက်ကာ၊ “ငါ..ငါတို့က… ဒီပန်းတွေကို.. သခ.. သခင်ကြီးကို ကြည့်ခိုင်းချင်ရုံပါ။ ဒါက တန်ကြေးများရှိလားလို့။”

ရှောင်ဝမ်က၊ “သခင်ကြီးက အနားယူနေတုန်းပါ။ ဦးလေးတို့စိတ်မရှိဘူးဆိုရင် ဒီမှာစောင့်နေပေးကြတယ်။ ကျွန်တော် သခင်ကြီးကို အကြောင်းကြားကြည့်ပါမယ်။ သူ အဆင်ပြေရင် လာခဲ့ပါလိမ့်မယ်။”

“ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး။” ရွာသားများက ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြသည်။ “ငါတို့ ဒီမှာပဲ စောင့်နေလိုက်ပါ့မယ်။”

ထို့နောက် ရှောင်ဝမ်က တံခါးကိုပိတ်လိုက်ကာ ခါးသက်သက်ပြုံးလိုက်လေသည်။ ‘ငါတို့ ဒီကိုရောက်ရောက်ချင်း ပထမဆုံးနေ့မှာပဲ ဒီလိုပြဿနာမျိုးနဲ့ကြုံရလိမ့်မယ်လို့ ထင်တောင်မထားဘူး။’

သူက တွေးတောကြည့်ပြီးနောက် သခင်လေးကုန်းကို ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။ သခင်လေးကုန်းကပဲ ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်သင့်ပေသည်။

မနက်၅နာရီဖြစ်တာကြောင့် ကုန်းထျန်းဟောက်တစ်ယောက် အိပ်ရာထဲတွင် အိပ်မောကျနေတုန်းပင်။ ဖုန်းသံမြည်လာသည်နှင့် သူက ချက်ချင်းထကာ ဖုန်းကိုင်လိုက်လေသည်။ ဒီဖုန်းသံက သူ့အဖိုးနှင့်ပတ်သတ်သူတိုင်းအတွက် အထူးသီးသန့်သွင်းထားသည့် အသံပင်။

“ရှောင်ဝမ်…” ကုန်းထျန်းဟောက်၏အသံက အိပ်ရာနိုးနိုးခြင်းဖြစ်တာကြောင့် ဩရှကာ ဆွဲဆောင်မှုရှိနေသည်။ “အဖိုးကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ။ အဖိုး မပင်ပန်းတာသေချာအောင်တော့ ကြည့်ထား။ ဒုက္ခများစေမိပြီ။ ကောင်းပြီ။”

ရှောင်ဝမ်သည် သခင်ကြီးကုန်းကို တင်ပြဖို့သွားလိုက်ကာ ရွာသားများကိုလည်း သူ့ညွှန်ကြားချက်ကို စောင့်ဆိုင်းကြရန် ပြောခဲ့သည်။

ရွာသားများကလည်း မြန်မြန်ဆန်ဆန် ခေါင်းညိတ်လာကြသည်။

သခင်ကြီးကုန်း နိုးလာပြီးနောက် ရှောင်ဝမ်၏တင်ပြချက်ကို ကြားသည်နှင့် သူက ခပ်မြန်မြန်ပင် ခြံထဲသို့ ဆင်းလာခဲ့လေသည်။ ပန်းများကို ခွဲခြားပေးဖို့ သူဆန္ဒရှိလေသည်။ ဒါ့အပြင် နောက်ထပ် အဖိုးတန်ပန်းမျိုးစိတ်များ တွေ့နိုင်ဦးမလားဆိုသည်ကိုလည်း မျှော်လင့်နေမိသေးသည်။ သူသာ တွေ့နိုင်မယ်ဆိုရင် တခါတည်း ဝယ်လိုက်မည်ပင်။ သို့သော်လည်း တံခါးရှေ့ရှိ ရှုပ်ပွနေသော အပင်များကိုမြင်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်သွားတော့သည်။

“အဘိုး၊ ဒီပန်းတွေက ဘယ်လောက်တန်လဲ။” ရွာသားတစ်ယောက်က စိတ်စောစွာမေးလိုက်သည်။

သခင်ကြီးကုန်းက အမှန်အတိုင်းပင် ဖြေလိုက်သည်။ “ဒီပန်းတွေက သာမာန်ပန်းတွေပဲ။” ဒါတွေက ဒီအတိုင်းပေါင်းပင်တွေတောင်ပါသေးတယ်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။” ရွာသားတစ်ယောက်က လက်မခံနိုင်ခဲ့ပေ။ “အဘိုး၊ တစ်ချက်လောက် ထပ်ကြည့်ပါဦး။ ဒီတစ်ပင်ကိုပဲကြည့်။ ဒါ လင်းယွီရဲ့အိမ်က အပင်နဲ့ အတူတူပဲမဟုတ်ဘူးလား။” ပုံစံက တူနေမှတော့ ဘယ်လိုလုပ်ပြီး သာမာန်ပန်းပင်တစ်ပင်ဖြစ်နိုင်မှာလဲ။ ရှောင်လင်းယွီ၏အိမ်က ပန်းဆိုလျှင် ယွမ်၅သောင်းကနေ ၈သောင်းအထိတောင် တန်ဖိုးရှိတယ်လို့ သူကြားခဲ့တယ်လေ။

သခင်ကြီးကုန်းက ပြောလာခဲ့သည်။ “လူငယ်လေး၊ မင်းရဲ့ပန်းက သစ်ခွပါပဲ။ ဒါပေမယ့် သစ်ခွတွေမှာလည်း အမျိုးအစားပေါင်းများစွာရှိတယ် ထိပ်တန်းမျိုးစိတ်တွေထဲမှာဆို ကွေလန်ဟွား၊ ချွေ့လန်ဟွား၊ ထန်ဟွမ်လန်ဟွား၊ ဟူတျဲလန်ဟွားဆိုပြီး ပန်းမျိုးစိတ်တွေအများကြီးရှိတယ်။ တချို့က ဆင်တူတယ်ဆိုပေမယ့် သူတို့ရဲ့ဈေးနှုန်းကတော့ မိုးနဲ့မြေလိုပဲ။”

“ရှောင်ကျန်းယန်တို့မိသားစုက သစ်ခွပန်းကို ကျန့်ယဲ့ဟွေ့လန်လို့ခေါ်တယ်။ အဲ့ဒီပန်းအမျိုးအစားက ထိန်းသိမ်းစောင့်ရှောက်ဖို့တင်ကို အရမ်းဈေးကြီးတာ။ ဒါကြောင့် ဥယျာဉ်တွေမှာ အလှဆင်ဖို့အတွက် အရမ်းသင့်တော်ပြီးတော့ သူ့ရဲ့ဈေးနှုန်းကလည်း မြင့်တယ်။”

“ဒါပေမယ့် မင်းရဲ့သစ်ခွကတော့ သာမာန်သစ်ခွပဲ။ ယွမ်ဆယ်ဂဏန်းလောက်ပဲတန်တယ်။”

ရွာသားမှာ ပန်းမျိုးစိတ်များ၏သဘာဝအကြောင်းပြောရာတွင် နားမလည်နိုင်သော်လည်း ဈေးနှုန်းကွာဟချက်ကိုတော့ နားလည်ကြသေးသည်။

ထိုပန်းက သာမာန်သစ်ခွတစ်မျိုးသာဖြစ်ကြောင်း သိလိုက်ရပြီးချိန်မှာတော့ လူတော်တော်များများ၏မျက်လုံးထဲတွင် စိတ်ပျက်သည့်အရိပ်အယောင်များ ပြည့်နှက်သွားတော့သည်။

“လူကြီးမင်း၊ ဒါဆို ဒီပန်းက ဆယ်ယွမ်ကျော်လောက်ပဲတန်တာပေါ့။” ရွာသားများက သူတို့လက်ထဲမှ သစ်ခွပန်းပင်ကိုကြည့်ကာ အလွန်ကိုမှ မခံမရပ်နိုင်ဖြစ်နေကြလေသည်။

သခင်ကြီးကုန်းက ခေါင်းညိတ်လိုက်ကာ၊ “အမှန်ပဲ။” ထို့နောက် သူက ခဏမျှတွေးတောကြည့်ပြီးနောက် ဤသို့ပြောလိုက်လေသည်။ “လူငယ်လေး၊ ဒီလိုဆိုရင်ရော။ ငါ ဒီပန်းကို ယွမ်၁၀၀ပေးပြီးဝယ်မယ်။ အဆင်ပြေလား။” တကယ်တမ်း ထိုပန်းသည် အလွန်ဆုံးမှ ၃၀ယွမ်သာ တန်လေသည်။

“ရတာပေါ့။” ရွာသားများသည် ယွမ်၈သောင်းမရနိုင်သော်လည်း တစ်ပြားမှ မရလိုက်တာထက် ယွမ်၁၀၀လောက်ရလိုက်ခြင်းက တော်သေးလေသည်။ အနည်းဆုံးတော့ သူတို့၏တောင်ပေါ်ခရီးက အလဟဿမဖြစ်တော့ဘူးပေါ့။

သခင်ကြီးကုန်းက နောက်သို့လှည့်ကာ ရှောင်ဝမ်အား ပြောလိုက်လေသည်။ “ရှောင်ဝမ်၊ သူတို့ကို ငွေရှင်းပေးလိုက်ပါဦး။”

“ဟုတ်ကဲ့ပါ။” ရှောင်ဝမ်က တလေးတစားဖြင့် ပြန်ဖြေလာခဲ့သည်။

ထိုရွာသားငွေရသွားသည်နှင့် တခြားလူများ၏မျက်လုံးများမှာ မနာလိုမှုအရိပ်အယောင်တို့ တောက်ပလာကုန်ကြသည်။

ထို့နောက် သခင်ကြီးကုန်းလည်း သူတတ်နိုင်သလောက် ပန်းတွေအားလုံးကို ဝယ်ပေးခဲ့သည်။

***

All Chapters