ကျန်းထောင်၏နောက်ခံ
Vol. 10 Ch. 178
ကျန်းထောင်တစ်ယောက် ရှောင်လင်းယွီ ကိုယ်ဝန်ရှိနေသည့်သတင်းကြောင့် အံ့ဩနေတုန်းဖြစ်လေသည်။ သူ့နောက်ခံကသာ ထူးခြားမနေလျှင် သူမကို ဆက်ပြီး ပိုးပန်းနေဦးမည်ဖြစ်သော်လည်း အခြေအနေက ထိုသို့ဟုတ်မနေခဲ့ပေ...
သူ အသိပြန်ဝင်လာချိန်မှာတော့ ရှောင်လင်းယွီက ထွက်တောင်သွားခဲ့ပြီဖြစ်သည်။ ချန်းယန်က ရှောင်လင်းယွီကို ဆေးခပ်ကာ နောက်တော့ သူမ စော်ကားခံခဲ့ရသည့်သတင်းကတင် သူ့အတွက် အလွန်ထိတ်လန့်စရာသတင်းကြီးဖြစ်နေခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ရှောင်လင်းယွီက သူ့ကို နောက်ထပ် အံ့ထိတ်လန့်စရာသတင်းတစ်ခုကို ပြောလာခဲ့ပြန်သည်။
ရှောင်လင်းယွီသာ ကလေးကို မွေးဖို့အစီအစဉ်မရှိခဲ့လျှင် သူအစွမ်းကုန်ကြိုးစားပြီး သူမအတွက် တိုက်ခိုက်သွားမည်ဖြစ်သည်။ သို့သော်လည်း အဖေမပေါ်သည့်ကလေးတစ်ယောက်အမေကိုတော့ဖြင့် သူလက်မထပ်နိုင်ပေ။ ဒါက ကျန်းထောင်ကိုယ်တိုင်က လက်မခံနိုင်ခြင်းကြောင့်မဟုတ်ဘဲ ကျန်းမိသားစုက လက်ခံလိမ့်မည်မဟုတ်ကြောင်း သိနေ၍ဖြစ်လေည်။
ကျန်းထောင် စိတ်ထိခိုက်နာကျင်နေခဲ့ရသည်။ တစ်ဖက်က သူ သဘောကျမိသည့်မိန်းကလေးဖြစ်ကာ တစ်ဖက်မှာတော့ သူ့မိသားစုဆီက တုံ့ပြန်လာမည့် စိတ်ပျက်မှုဖြစ်နေသည်။ သူသာ ရှောင်လင်းယွီကို အတင်းအကြပ်လက်ထပ်လိုက်ပါက သူ့အဖိုးက ရှောင်လင်းယွီကို ဘယ်တော့မှ ခွင့်လွှတ်ပေးလိမ့်မည်မဟုတ်ပေ။ ရှောင်လင်းယွီသည် သာမာန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။ ဘယ်လိုလုပ်ပြီး မြို့တော်ရှိ အင်အားကြီးမိသားစုကြီးတစ်ခု၏ဘိုးဘေးကို ဆန့်ကျင်တိုက်ခိုက်နိုင်ပါ့မလဲ။
ကျန်းထောင် ကူရာမဲ့သလိုခံစားမိသည်။ သူဘာလုပ်လို့လုပ်ရမှန်းပင် မသိတော့ပေ။ လောလောဆယ်တော့ သူနှင့်ရှောင်လင်းယွီ၏အနာဂါတ်အကြောင်း ခေါင်းအေးအေးထားကာ တွေးကြည့်ဖို့ လိုလာပေပြီ။
.....
တစ်ဖက်မှာတော့ လီယွမ်ဟန်သည် မြို့တော်သို့ပြန်ပြီးနောက် ကျန်းမိသားစုအကြောင်းစုံစမ်းခဲ့လေသည်။
ကောလဟာလများကို အတည်ပြုပြီးနောက်မှာတော့ လီယွမ်ဟန်သည် ကုန်းထျန်းဟောက်အား စိတ်ပူပန်စွာဖြင့် စကားစလာခဲ့သည်။ "ထျန်းဟောက်၊ ကျန်းမိသားစုက ကျန်းမိသားစုနဲ့ချင်မိသားစုကြားက မင်္ဂလာပွဲအကြောင်းသတင်းတွေ စပြီးလွှင့်နေပြီ။"
ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်သွားလေသည်။ "သတင်းက ခိုင်လုံရဲ့လား။"
"ဒါပေါ့။" လီယွမ်ဟန်က လုံးဝသေချာနေသည်။ "ငါကြားတာတော့ ဒီမိသားစုကြီးနှစ်စုလုံးက ဒီသတင်းကို သခင်လေးကျန်းကို ဖုံးကွယ်ထားကြတာတဲ့။ သခင်လေးကျန်း ပြန်လာတာကိုစောင့်ပြီးတော့မှ တခါတည်းစေ့စပ်ပွဲဖြစ်သွားအောင် အတင်းဖိအားပေးကြမယ့်ပုံပဲ။" လီယွမ်ဟန် ထိုအထိပြောပြီးနောက် တုံ့ဆိုင်းသွားခဲ့သည်။ "ထျန်းဟောက်၊ သခင်လေးကျန်းသာ တကယ်ပဲ ချင်မိသားစုရဲ့အကြီးဆုံးသမီးနဲ့ စေ့စပ်လိုက်ရင် ရှောင်လင်းယွီကို ဘယ်လိုလုပ်မလဲ။ သူက ကျန်းထောင်ရဲ့ မယားငယ်အဖြစ်နဲ့ အဆုံးသတ်သွားမှာလား။"
ကျန်းထောင်က ရှောင်လင်းယွီကို တကယ်သဘောကျနေကြောင်းကိုတော့ လီယွမ်ဟန် သေချာလေသည်။ သို့ပေမယ့် ကျန်းထောင်သည် သခင်လေးကျန်းလည်း ဖြစ်နေသေးသည်။ ချင်မိသားစုဘက်က လက်လျှော့သွားတာမှမဟုတ်ရင် သူနှင့် မစ္စချင်ကြားမှ မင်္ဂလာပွဲမှာ သေချာပေါက်ဖြစ်လာမည့်အရာပင်။ သူသာ ရှောင်လင်းယွီကို အရမ်းစွဲလမ်းနေလျှင် သခင်လေးကျန်းဆိုသည့်ဂုဏ်ပုဒ်ကို လက်လွှတ်မှဖြစ်ပေမည်။ သို့သော်လည်း သူ့အထောက်အထားမှာ ပစ်ထုတ်ချင်တိုင်းပစ်ထုတ်လို့ရသည့်အရာတစ်ခုမဟုတ်နေပေ။
သခင်ကြီးကျန်းသာ ထိုသတင်းကိုကြားသွားလျှင် သခင်လေးကျန်းကို ပြန်လည်ကယ်တင်ဖို့အတွက် ဘာမဆိုလုပ်လိမ့်မည်။ တစ်နည်းဆိုရရင်တော့ ရှောင်လင်းယွီအတွက် အန္တရာယ်များပေမည်။
လီယွမ်ဟန်တောင် ထိုအကြောင်းကိုတွေးနိုင်မှတော့ ကုန်းထျန်းဟောက်လည်း တွေးနိုင်တာပေါ့။ တကယ်တော့ ကျန်းထောင်လည်း ထိုအကြောင်းကို တွေးမိပေသည်။ ဒါကသာ တခြားမိန်းကလေးတစ်ယောက်အကြောင်းဆိုလျှင် လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့ လျစ်လျူရှုထားလိုက်မည်ဖြစ်သည်။ သခင်လေးကျန်းကို ဖျားယောင်းမိသည့် မိန်းကလေးတစ်ယောက်၏ကံတရားလို့တောင်မှ သူတို့တွေးမိပေဦးမည်။
သို့သော်လည်း ရှင်းယင်ခရိုင်သို့ သူတို့ပထမဆုံးခြေချသည့်နေမှစ၍ သူတို့နှင့် ရှောင်လင်းယွီကြားတွင် မမြင်နိုင်သည့် နှောင်ဖွဲ့မှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ရှောင်လင်းယွီက ကျန်းထောင်ကို လက်ခံလိမ့်မည်မဟုတ်ကြောင်းကိုလည်း သူတို့သိလေသည်။ သေချာပေါက် သူတို့က အပြင်လူတွေသာဖြစ်တာကြောင့် ရှောင်လင်းယွီတစ်ယောက် ကျန်းထောင်ကို ကြိုက်မကြိုက်တောင်မှ သူတို့မသိပေ။
ရှောင်လင်းယွီသည် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပျိုးထောင်ခံရသည့်မိသားစုတွင် မွေးဖွားလာသူဖြစ်သည်။ သို့သော်လည်း သူမသာ သခင်လေးကျန်းနှင့် ပတ်သတ်မိမည်ဆိုလျှင် သခင်ကြီးကျန်းက သူတို့အားလုံးကို ရှင်းထုတ်ပစ်ပေလိမ့်မည်။ လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့သည် ထိုသို့သောဖြစ်ရပ်မျိုးကို ကြည့်မနေနိုင်ပေ။
ထိုကဲ့သို့သော အခြေအနေမျိုးအထိ မရောက်သေးခင် ကျန်းမိသားစုကို တားဆီးနိုင်မည့်လူမှာ ကုန်းမိသားစုသာ ရှိလေသည်။
ကုန်းထျန်းဟောက်၏အမူအရာက အလွန်ကိုမှ တည်တင်းနေတာကြောင့် နဖူးကြောများပင် တွန့်နေခဲ့သည်။ သူက ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ကာ ထိုဆေးလိပ်ငွေ့များက သူ့မျက်လုံးရှေ့တွင် ဝေ့ဝဲနေတာကြောင့် သူ၏နက်ရှိုင်းသည့်မျက်ဝန်းများကို ရီဝေဝေဖြစ်သွားစေလေသည်။ ထို့နောက်မှာတော့ သူသည် ဆေးလိပ်တိုကို ပြာခွက်ထဲသို့ ထိုးချေလိုက်ပြီးနောက် ခပ်တိုးတိုးပြောလာခဲ့သည်။ "ကျန်းထောင်သာ သူ့မိသားစုကို မကိုင်တွယ်နိုင်ရင် အစကတည်းက ရှောင်လင်းယွီကို မနှောက်ယှက်သင့်ဘူး။"
"ထျန်းဟောက်၊" လီယွမ်ဟန် မေးလိုက်လေသည်။ "မင်း ပြောချင်တာက သခင်လေးကျန်းက ရှောင်လင်းယွီကို ကာကွယ်ပေးနိုင်တယ်လို့လား။" အဲ့လိုဖြစ်ပါစေလို့ပဲ သူမျှော်လင့်မိသည်။
ကုန်းထျန်းဟောက်က၊ "ငါ ကျန်းထောင်ကိုသိတယ်။ သူ ကိုင်တွယ်နိုင်တယ်။"
ကျန်းထောင်သည် ချဉ်းကပ်ဖို့မလွယ်ကူသည့်ပုံပေါ်သော်လည်း ငယ်ငယ်လေးကတည်က သူ့ဘဝလမ်းကြောင်းဦးတည်ရာကို ကောင်းစွာသိနားလည်သူဖြစ်သည်။ ဒါ့အပြင် သူသည် ကျန်းမိသားစုကြီး၏ အကြီးဆုံးမြေးလည်းဖြစ်သေးသည်။ သခင်ကြီးကျန်သည် သူ့ကို အလွန်ချစ်ပေသည်။ ကျန်းထောင် မွေးကတည်းက သူ့လမ်းကို သတ်မှတ်ထားပြီးဖြစ်သည်။ ကျန်းထောင်၏အိမ်ထောင်ရေးအတွက်ဆိုလျှင် သူသည် မဟာမိတ်ဖွဲ့နိုင်မည့် မိသားစုကြီးတစ်ခုနှင့် လက်ထပ်ရမည်မှာ သဘာဝပင်။ ကျန်းထောင်သည်လည်း သူ့ကံကြမ္မာသူ သိသူဖြစ်တာကြောင့် အပြင်တွင် ဘယ်လိုသမီးရည်းစားကိစ္စမျိုးကိုမှ စိတ်မဝင်စားခဲ့ပေ။
သို့ပေမယ့် ကံကြမ္မာဆိုသည့်အရာက တားဆီးပိတ်ပင်၍ရသည့်အရာမျိုးမဟုတ်ပေ။ ကျန်းထောင်ပင်လျှင် ရှောင်လင်းယွီနှင့် အကြိမ်အနည်းငယ် တွေ့ပြီးနောက် သူမကို ချစ်မိသွားလိမ့်မည်ဟု ထင်ထားလိမ့်မည်မဟုတ်ပေ။ ရှောင်လင်းယွီသည် မြို့တော်ရှိ အသိုင်းအဝိုင်းကြီးများထက် ပိုမိုထူးချွန်ကာ လှပလွန်းသူတစ်ယောက်မဟုတ်သော်လည်း ရှောင်လင်းယွီ၏ဉာဏ်ရည်၊ ရဲစွမ်းသတ္တိနဲ့ တဲ့တိုးဆန်သည့်သဘောထားတို့က သူ့ကို ဖမ်းစားသွားခဲ့သည်။
ရှောင်လင်းယွီသည် အလွန်ကိုမှ ဖော်ရွေတတ်သည့်ဆွဲဆောင်မှုမျိုးလည်းရှိသေးသည်။ သူမအနားတွင်ရှိနေချိန်တဆိုလျှင် သူ့စိုးရိမ်ပူပန်မှုများအားလုံးကို မေ့ပျောက်သွားတတ်သည်။ ဒါကြောင့် ကျန်းထောင်သည် ရှောင်လင်းယွီကို မချစ်မိဘဲ မနေနိုင်ခဲ့ပေ။
ထိုသို့ဖြစ်လာသည်နှင့် ကျန်တာကတော့ ကုန်းထျန်းဟောက် ပြောသလိုပင်။ ကျန်းထောင်သည် ရှောင်လင်းယွီကို ပိုးပန်းလိုက်ပြီဆိုကတည်းက သူ့အိမ်ကကိစ္စများကို ဖြေရှင်းရန် စတင်လုပ်ဆောင်ခဲ့လေသည်။ ကျန်းထောင်သည် ရှောင်လင်းယွီကို ဝန်ခံဖို့ မဆုံးဖြတ်ခင် သေချာသည့်အစီအစဉ်တစ်ခုရလာအောင် အချိန်အတော်ကြာ ကြိုးစားခဲ့လေသည်။
သို့သော်လည်း ကံကြမ္မာက ကျန်းထောင်ကို စနောက်ခဲ့ပြန်သည်။ ကလေးပေါ်လာခြင်းက တကယ်ကို စပရိုက်အကြီးစားပင်။
ကုန်းထျန်းဟောက်နှင့် ကျန်းထောင်သည် ခြံဝန်းတစ်ခုထဲတွင် ကြီးပြင်းလာကြသည့် ငယ်သူငယ်ချင်းများဖြစ်ကြသည်။ ကုန်းထျန်းဟောက်တောင်မှ ထိုမျှကြီးမားသည့် မတော်တဆအခြေအနေကြီးကို မခန့်မှန်းနိုင်ခဲ့ပေ။
....
ရှောင်လင်းယွီ ငှားထားသည့်အိမ်သို့ ပြန်ရောက်သည်အထိ သူမနှလုံး အပြင်းအထန် ခုန်လှုပ်နေတုန်းပင်။ ကျန်းထောင်၏အထောက်အထားအမှန်ကို သူမ မသိသော်လည်း ဒီလောက်ငယ်ငယ်ရွယ်ရွယ်နှင့် ရဲစခန်း၏ခေါင်းဆောင်နေရာကိုတောင် ရောက်နေမှတော့ သေချာပေါက် အထင်ကြီးလောက်စရာ နောက်ခံမျိုးမှ လာခြင်းဖြစ်လောက်သည်။ သို့သော်လည်း အရေးအကြီးဆုံးကိစ္စကတော့ ကျန်းထောင်နှင့် ကုန်းထျန်းဟောက်သည် သူငယ်ချင်းများ ဖြစ်နေခြင်းပင်။ ချမ်းသာသည့်လူငယ်လေးက ဘယ်လိုလုပ်ပြီး ဆင်းရဲသည့်ခရိုင်မြို့ငယ်လေးက စခန်းမှူးနဲ့ သူငယ်ချင်းဖြစ်လာနိုင်လဲဆိုတာကို ရှောင်လင်းယွီ အံ့ဩမိသည်။
သူမ လေ့လာထားကြည့်ရသလောက်ဆိုလျှင် ကုန်းထျန်းဟောက်နှင့် ကျန်းထောင်တွင် ရှည်ကြာသည့် သူငယ်ချင်းသံယောဇဉ်ရှိလောက်သည်။ ပြောရလျှင် ငယ်သူငယ်ချင်းများ ဖြစ်နိုင်လေသည်။ ကျန်းထောင်သည်လည်း သခင်ကြီးကျန်းနှင့် အလွန်ရင်းနှီးပြန်သည်။ သခင်ကြီးကုန်းကလည်း သူ့ကို မြေးအရင်းတစ်ယောက်လို ဆက်ဆံခဲ့သည်။ ကုန်းထျန်းဟောက်က မြို့တော်ကဆိုမှတော့...
ရှောင်လင်းယွီ၏လှပသည့် မျက်ဝန်းလေးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်ဟန်ဖြစ်နေခဲ့သည်။
'ကျန်းထောင်လည်း မြို့တော်ကပဲပေါ့။'
သူလည်းမြို့တော်ကဆိုရင် ကျန်းထောင်ကို သူလိုချင်သည့်နေရာရောက်အောင် တာဝန်ချပေးလို့ရဖို့တွက် သူ့မိသားစုက အင်အားလုံလုံလောက်လောက်ကြီးမှရမည်။ ကျန်းထောင်ကို အတွေ့အကြုံရအောင် ရှင်းယင်ခရိုင်သို့ပို့ရခြင်းက သူတို့အတွက် လွယ်ကူသည့်အလုပ်ပင်။ သုံးနှစ်ကြာပြီးနောက် သူတို့ ကျန်းထောင်ကို မြို့တော်သို့ ပြန်ခေါ်သွားမည်ဖြစ်သည်။
ဒါကြောင့်ပဲ သူမအရင်ဘဝတုန်းက သူမမိသားစု အမှုလာဖွင့်ချိန်တွင်ရှိနေသည့် စခန်းမှူးက ကျန်းထောင်မဟုတ်နေခြင်းဖြစ်သည်။
ရှောင်လင်းယွီ အခန်းထဲတွင်ပတ်လျှောက်နေမိရင်း စိတ်ခံစားချက်တို့က ဗြောင်းဆန်နေခဲ့သည်။
မယုံနိုင်စရာလျှို့ဝှက်ချက်ကြီးတစ်ခုကို တွေ့ရှိသွားခဲ့သလို ခံစားနေရလေသည်။
သို့သော်လည်း သူမ ထိုကဲ့သို့သော လျှို့ဝှက်ချက်မျိုးကို ဖော်ထုတ်ပစ်ဖို့ရန်အထိတော့ မဝံ့ရဲပေ။
ရှောင်လင်းယွီသည် သူမကို ချစ်ခွင့်ပန်ထားသူ၏မိသားစုနောက်ခံက အင်အားကြီးကြောင်းသိရှိသွားသည်နှင့် စိုးရိမ်ပူပန်လာမိသည်။ ကျန်းထောင်သာ သာမာန်လူတစ်ယောက်ဆိုလျှင်တောင် သူမက သူနဲ့မထိုက်တန်သော်လည်း အခုများတော့ ပိုလို့တောင် ဆိုးသွားပေပြီ။
အင်အားကြီးသည့်မိသားစုများသည် ချွေးမရွေးချယ်ရာအတွင် အလွန်ဇီဇာကြောင်ကြောင်း ရှောင်လင်းယွီ သိသည်။ အိမ်ထောင်သည်ဘဝရောက်သွားလျှင်လည်း ဒုက္ခများမည်ဖြစ်ကြောင်းကိုပါ တွေးကြည့်မိသွားသည့်နောက် ရှောင်လင်းယွီ တစ်ကိုယ်လုံးပင် ခိုက်ခိုက်တုန်သွားတော့သည်။
လောလောဆယ် ရှောင်လင်းယွီ၏အဓိကပန်းတိုင်မှာ ရှောင်ထုန်ကို မွေးဖွားပြီး အရွယ်ရောက်အောင် ပျိုးထောင်ဖို့ရန်ပင်ဖြစ်သည်။ ဒါကြောင့် အိမ်ထောင်ပြုဖို့ကိစ္စနှင့် တခြားဆက်ဆံရေးများအကြောင်း သူမ မတွေးချင်သေးပေ။
ကျန်းထောင်သည် ချောမောခန့်ညားသလို မိသားစုနောက်ခံကလည်း ကောင်းလေသည်။ အနာဂါတ်တွင် သူမလို ပျက်စီးနေသည့်မိန်းကလေးတစ်ယောက်မဟုတ်သည့် လက်တွဲဖော်ကောင်းတစ်ယောက် ရှာဖွေနိုင်မည်ဖြစ်သည်။ သူမကလေး၏ဖခင်ရင်း၏အထောက်အထားကို သူမ သိနေသည်ဆိုလျှင် ထိုလူ၏အဆင့်အတန်းက သူမနှင့်လိုက်ဖက်သည်ဟု မထင်မိပေ။
ရှောင်လင်းယွီ သူမဗိုက်ကို အသာပွတ်သပ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်လေသည်။ “ရှောင်ထုန် ဘာမှမစိုးရိမ်နဲ့။ ဒီဘဝတော့ သားကို ဘယ်လိုနစ်နာမှုမျိုးမှ ခံစားခွင့်မပြုဘူး။ မေမေ အိမ်ထောင်လည်းမပြုဘဲ သားအနားမှာပဲ တစ်သက်လုံးနေသွားပေးမယ်၊ ဟုတ်ပြီလား။”
ထိုအချိန်မှာပဲ သူမရုတ်တရက် ထိတ်လန့်သွားလေသည်။ ထို့နောက် သူမမျက်နှာထက်တွင် အံ့ဩဝမ်းသာသည့်အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကလေးက ကန်လိုက်တာပဲ။ ရှောင်ထုန်က ငါ့စကားကို တုံ့ပြန်လိုက်တာပဲ။
“ရှောင်ထုန်၊ သားလား?” ရှောင်လင်းယွီ၏မျက်ဝန်းထဲတွင် မျည်ရည်များဖြင့် ပြည့်နှက်သွားကာ အလွန်စိတ်လှုပ်ရှားသွားလေသည်။ “ဒါဆို သားလည်း မေမေ့ရဲ့ဆုံးဖြတ်ချက်ကို လက်ခံတယ်ပေါ့။”
ရှောင်ထုန်က နှစ်ကြိမ် ထပ်ကန်လိုက်ပြန်သည်။
ရှောင်လင်းယွီ ပြုံးလိုက်ကာ၊ “ရှောင်ထုန်က မေမေ့ကို အမြဲထောက်ခံပေးမယ့်ကလေးမှန်း မေမေ သိသားပဲ။”
ရှောင်ထုန်က ထပ်ပြီး နှစ်ကြိမ်ကန်လိုက်ပြန်သည်။ ‘မေမေ၊ အဲ့လိုမဟုတ်ဘူး။ သားက မေ့မေ့ကို ပျော်ရွှင်စေချင်တာ။ ရှောင်ထုန်အတွက်နဲ့ မေမေ့ရဲ့ပျော်ရွှင်မှုကို မစတေးပစ်ပါနဲ့။’
ဤသည်မှာ အမေနှင့်သား၏ ပထမဆုံးအကြိမ် ဆက်သွယ်မှုဖြစ်လေသည်။ သို့သော်လည်း ဆက်သွယ်မှုက ဆိုးရွားခဲ့သည်။ လှုပ်ရှားမှုတချို့ပြုလုပ်ပြီးနောက်မှာတော့ ရှောင်ထုန်လည်းပင်ပန်းသွားကာ ပြန်လည်ငြိမ်ကျသွားခဲ့သည်။
ရှောင်လင်းယွီသည်တော့ သူမ၏ယခင်စိုးရိမ်ပူပန်မှုများကို မေ့ပျောက်သွားသည်အထိ ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေလေသည်။
ခဏကြာအောင်တွေးပြီးနောက် ရှောင်လင်းယွီတစ်ယောက် ကျန်းထောင်ကို မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။ “ကျန်းကော၊ ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မမှာ ရှင့်ရဲ့လက်တွဲဖော်ဖြစ်ဖို့အထိ ကံပါမလာဘူး။ ကျွန်မဗိုက်ထဲက ကလေးကိုတော့ ကျွန်မ လက်မလွှတ်နိုင်ဘူး။ တောင်းပန်ပါတယ်။”
ကျန်းထောင်တစ်ယောက် ထိုစာကို လက်ခံရချိန်တွင် သူ့မျက်လုံးထဲမှာ အလင်းရောင်များမှာ တဖြည်းဖြည်း မှိန်ဖျော့သွားတော့သည်။
သို့သော်လည်း ခဏချင်းမှာပဲ သူ့မျက်လုံးအရောင်များက ပြန်လင်းလက်လာပြန်သည်။ သူက ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားကာ တစ်ခုခုကို စိတ်ဆုံးဖြတ်ချလိုက်သည့်ဟန်ပင်။
….
“လင်းယွီ၊ ရှောင်ကျွင်း အဆင်ပြေရဲ့လား။” ရှောင်လင်းယွီ ရွာထဲသို့ ပြန်မောင်းဝင်လာသည်နှင့် ရွာသားများက အပြေးရောက်လာကြသည်။ “သူ့ကို အဆိပ်ရှိတဲ့မြွေကိုက်သွားတယ်ဆို။”
ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “ကံကောင်းလို့ ရှောင်ကျွင်းက ဆေးရုံကို အချိန်မီရောက်သွားတယ်လေ။ အဆိပ်ဖြေဖို့ သွေးရည်ကြည်သွင်းပြီးတော့ ဆက်ပြီးစောင့်ကြည့်ရအောင် ဆရာဝန်က နှစ်ရက်လောက် ဆေးရုံထပ်တက်ဖို့ပြောတယ်။ ဒေါ်လေးချန်းက ငွေမပါလာတာနဲ့ ကျွန်မလည်း ကျွန်မသူငယ်ချင်းဆီက ယွမ်၃၀၀ ချေးပြီး ဆေးရုံခအရင်ရှင်းပေးထားခဲ့တယ်။”
ဒေါ်လေးချန်း၏အကြံကို ရှောင်လင်းယွီ သိနေလေသည်။ ဒေါ်လေးချန်းက သူမကိုလိမ်ချင်နေခြင်းဖြစ်ကာ သူမကလည်း ငတုံးငအတစ်ယောက် မဟုတ်ပေ။
ဒေါ်လေးလျိုဟူသည့် ရွာသားတစ်ယောက်ယောက် ရှောင်လင်းယွီ၏စကားကိုကြားပြီး ပြုံးလိုက်လေသည်။ “လင်းယွီကတော့ တကယ်ကိုကြင်နာတတ်တာပဲ။ ရှောင်ကျွင်းရဲ့ဆေးရုံစရိတ်အတွက်တောင် ငွေချေးပေးလိုက်တယ်။” ထို့နောက် ရုတ်တရက် ဒေါ်လေးလျိုက ပြောလာပြန်သည်။ “လင်းယွီ၊ ဒေါ်လေးကြားတာတော့ မင်းတို့ခြံထဲက ပန်းတွေကို မင်းအဖေက သခင်ကြီးကို ပေးချင်နေတယ်တဲ့။ မင်း မြန်မြန်လေး ပြန်သွားကြည့်လိုက်ဦး။ အဲ့ဒါတွေက ယွမ်သိန်းချီတန်တဲ့ပန်းတွေ။”
ထိုသည်က သူမငွေသာဆိုလျှင် ထိုကဲ့သို့ ပေးပစ်နိုင်မည်မဟုတ်ပေ။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့၊သိပြီ ဒေါ်လေးလျို။ ကျွန်မအခုပဲ အိမ်ပြန်ကြည့်လိုက်ဦးမယ်။”
ဒေါ်လေးလျိုသည် ပါးစပ်ဖွာသူဖြစ်တာကြောင့် မကြာခင်မှာပဲ ရှောင်လင်းယွီသည် ရှောင်ကျွင်း၏ဆေးရုံစိရိတ်ရှင်းပေးရန် သူမသူငယ်ချင်းတစ်ယောက်ဆီက ငွေချေးကာ ဒေါ်လေးချန်းကို ပြန်ချေးပေးခဲ့ခြင်းအကြောင်း တစ်ရွာလုံးသိသွားပေလိမ့်မည်။ ဒေါ်လေးချန်းသာ ငွေပြန်ဆပ်ဖို့ ငြင်းဆိုလာပါက သေချာပေါက် အရှက်ကွဲပေတော့မည်။
ရှောင်လင်းယွီ အိမ်ပြန်ရောက်ချိန်တွင် မေမေရှောင်နှင့် ဖေဖေရှောင်တို့သည် သခင်ကြီးကုန်း နှစ်သက်သော ပန်းအိုးအနည်းငယ်ကို ရွှေ့ပြောင်းနေကြလေသည်။
မေမေရှောင်က သူမကိုမြင်သည်နှင့် မေးလာခဲ့သည်။ “ယွီအာ၊ ရှောင်ကျွင်း အဆင်ပြေရဲ့လား။”
“သွေးရည်ကြည်အချိန်မီသွင်းလိုက်လို့ အဆင်ပြေသွားပါပြီ။ ဒါပေမယ့် ဆက်ပြီးစစ်ဆေးဖို့ ဆေးရုံမှာ နှစ်ရက်ဆက်နေဖို့တော့ လိုသေးတယ်။”
“အဆင်ပြေတာ တော်သေးတာပေါ့။” မေမေရှောင်က ပြောလိုက်သည်။ “ယွီအာ၊ ဒီပန်းအိုးတွေ သခင်ကြီးဆီပို့ရအောင် လာရွှေ့ကူပါဦး။” မေမေရှောင်က ပန်းအိုးများကို ညွှန်ပြကာပြောလိုက်လေသည်။
ရှောင်လင်းယွီ မျက်မှောင်ကြုတ်သွားသည်။ သူမကိုယ်ဝန်သည် သုံးလတောင် မပြည့်သေးပေ။ ဒါကြောင် အခုချိန် အလေးအပင်မခြင်းက အလွန်အန္တရာယ်များလေသည်။ သူမက သေချာဖုံးကွယ်ထားခဲ့တာကြောင့် သူမကိုယ်ဝန်ရှိနေသည့်အကြောင်း သူမ မိဘများက မသိရှိခဲ့ပေ။
တစ်ခါက သူမတွင်ကိုယ်ဝန်ရှိလျှင်ဘယ်လိုလုပ်မလဲဟု မေမေရှောင်ကို စမ်းသပ်ခဲ့ဖူးသည်။ မေမေရှောင်ကလည်း ဖျက်ချဖို့ပြောခဲ့လေသည်။
ရှောင်လင်းယွီတွင် ထိုထရော်မာက ကျန်ရှိနေသေးတာကြောင့် ကလေးအကြောင်း ဘာမှမပြောခဲ့ပေ။ ကိုယ်ဝန်ဖျက်ချပါက သူမခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသည်အထိ ကလေးကြီးလာအောင် စောင့်ဖို့လိုပေသည်။ ထိုအချိန်ကျလျှင် မေမေရှောင်လင်းယွီ ရွေးချယ်စရာမရှိဘဲ ရှောင်ထုန်ကို ဆက်ထားဖို့ ခွင့်ပြုလာပေလိမ့်မည်။
ထို့ကြောင့် အခုချိန်တွင် မလိုလားအပ်သည့် ဘယ်လိုအန္တရာယ်မျိုးကိုမှ သူမအဖြစ်မခံနိုင်ပေ။
“ဘာဖြစ်လို့လဲ။” ရှောင်လင်းယွီက ဒီအတိုင်းဆက်ရပ်နေကြောင်း မေမေရှောင် မြင်လိုက်ရသည်နှင့် သူမမျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ထွက်ပေါ်လာခဲ့သည်။ “ဘာလို့ အဲ့မှာရပ်နေသေးတာလဲ။ ပန်းအိုးတွေ လာရွှေ့ကူလေ။”
ရှောင်လင်းယွီလည်း၊ “အမ်… အမေ.. သမီး မနက်က အစောကြီးထထားတာ မနက်စာလည်း မစားရသေးဘူး။ ဗိုက်အရမ်းဆာနေပြီ။ ဗိုက်ဖြည့်ဖို့ ခေါက်ဆွဲတစ်ပွဲလောက် သွားစားလိုက်ဦးမယ်နော်။”
ရှောင်လင်းယွီ ချက်ချင်းပင် မီးဖိုခန်းထဲသို့ ပြေးသွားတော့သည်။ မေမေရှောင်မှာ ပါးစပ်ဟလိုက်သော်လည်း ရှောင်လင်းယွီကို တားချိန် မရလိုက်ပေ။
ထိုအချိန်မှာပဲ ဖေဖေရှောင်က ရှောင်ဝမ်နှင့်အတူ ပြန်ရောက်လာလေသည်။ မေမေရှောင်က ကြောင်အအနှင့်ရပ်နေကြောင်းမြင်ပြီး သူက မေးလိုက်သည်။ “မိန်းမ၊ ဘာလို့ အဲ့မှာရပ်နေတာလဲ။” သူက ဘေးကို တစ်ချက်ကြည့်လိုက်ကာ၊ “ယွီအာပြန်ရောက်ပြီမဟုတ်ဘူးလား။ ဘယ်ရောက်သွားတာလဲ။”
“သူ ဗိုက်ဆာလို့ ခေါက်ဆွဲလုပ်စားမယ်လို့ ပြောပြီး မီးဖိုခန်းထဲဝင်သွားတာပဲ။”
“ဪ…” ဖေဖေရှောင်က ဘာကိုမှ သံသယမဝင်မိပေ။ သူက ပန်းအိုးအနည်းငယ်ကို ညွှန်ပြလိုက်ကာ “ရှောင်ဝမ်၊ ဒီပန်းအိုးတွေအားလုံးပဲ။ သခင်ကြီးဆီ သယ်သွားပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်။”
“ကိစ္စမရှိပါဘူး။” ရှောင်ဝမ်က ချက်ချင်းပင် ဒူးကွေးကာ ပန်းအိုးတစ်လုံးကို သယ်ကာ ထွက်သွားလေသည်။
ဖေဖေရှောင်သည်လည်း ပန်းအိုးအသေးတစ်လုံးကို သယ်ရန် ဒူးကိုကွေးလိုက်သည်နှင့် မေမေရှောင်က ချက်ချင်းလှမ်းတားလာခဲ့သည်။ “ချထားလိုက်။ ရှင် ပစ္စည်းအလေးကြီးတွေ သယ်လို့မရဘူးလေ။ မေ့သွားပြီလား။ ရှင် ဝက်အသည်းကြော်ကို နောက်ထပ်ရက်အကြာကြီး စားချင်သေးတာလား။”
ဖေဖေရှောင်လည်း ပန်းအိုးအသေးလေးကို ချက်ချင်းပြန်ချလိုက်ကာ ရှက်ရွံ့ဟန်ဖြင့် ပြောလာခဲ့သည်။ “ဒါက ပန်းအိုးသေးသေးလေးပါ။ အရမ်းမလေးပါဘူး။”
“၂၀ကီလိုလောက်လေးတဲ့ပန်းအိုးက မလေးဘူးပေါ့? ဒါဆို ဘယ်လောက်မှ လေးတာလဲ။” မေမေရှောင်က သူမခင်ပွန်းကို စိုက်ကြည့်ကာ ခပ်တင်းတင်းပြောလိုက်လေသည်။ “ဝေးဝေးနေ၊ မဟုတ်ရင် ရှင့်ကို ဝက်အသည်း ၁၀ရက်ချက်ကျွေးပစ်မယ်။”
ထိုသို့သော ခြိမ်းခြောက်မှုမျိုးဖြင့် ကြုံလာရချိန်မှာတော့ ဖေဖေရှောင်တစ်ယောက် ချက်ချင်းပင် အညံ့ခံသွားတော့သည်။
***