ဖော်ထုတ်လိုက်ပြီ (၂)
Vol. 10 Ch. 180
ရှောင်လင်းယွီ၏အိပ်မက်အကြောင်း နားထောင်ပြီးနောက် မေမေရှောင်၏မျက်ရည်များ တာကျိုးသလို စီးကျလာတော့သည်။ ဖေဖေရှောင်တောင်မှ မျက်လုံးများနီမြန်းလာလေသည်။ ရှောင်လင်းယွီ၏အိပ်မက်ထဲတွင် သူတို့ရှောင်မိသားစု ထိုမျှသနားစရာကောင်းသည့်ဘဝမျိုးဖြစ်ခဲ့လိမ့်မည်ဟု ထင်တောင် မထင်ထားခဲ့ပေ။
ရှောင်လင်းယွီက ဆက်ပြောလာခဲ့သည်။ “သမီးလည်း ကြောက်လန့်ပြီး နိုးလာခဲ့တယ်။ သမီးနိုးလာတော့ မရင်းနှီးတဲ့အိပ်ရာတစ်ခုပေါ်ရောက်နေပြီး မရင်းနှီးတဲ့ယောက်ျားတစ်ယောက်ရဲ့အောက်မှာ အဖိခံထားရတာကို သိလိုက်ရတယ်။ သမီး ရုန်းကန်ချင်ပေမယ့် ခန္ဓာကိုယ်က အရမ်းအားနည်းနေခဲ့တယ်။ ဒါပေမယ့် တောက်လောင်နေတဲ့ခံစားချက်တစ်ခုက သမီးရဲ့အသိစိတ်ကို နိုးကြားသွားစေတယ်။ အဲ့တော့မှ သမီး အိပ်မက်မက်နေတာမဟုတ်ဘဲ ဆေးခပ်ခံလိုက်ရတယ်ဆိုတာ သိလိုက်ရတယ်။ ပြီးတော့ အိပ်မက်က တကယ်ကို အနာဂါတ်ကို ကြိုပြတာပဲ။”
သူမမျက်လုံးများကလည်း နီရဲနေလေသည်။ သူမက မျက်ဝန်းထောင့်မှ မျက်ရည်စများကို သုတ်လိုက်ကာ ဆက်ပြောခဲ့သည်။ “သမီး ပြန်ပြီး မတိုက်ခိုက်နိုင်ခဲ့ဘူး။”
“နောက်တစ်နေ့ သမီးနိုးလာတဲ့အချိန်မှာ သမီးစိတ်ထဲမှာ အိပ်မက်ထဲက ဆိုးရွားတဲ့အနာဂါတ်ကို ဘယ်လိုရှောင်လွဲအောင်လုပ်ရမလဲဆိုတာပဲ တွေးမိတော့တယ်။ ပထမဆုံး ချန်းယန်နဲ့ ကျောက်ဝမ်မန့်တို့ကိုတားဖို့ သက်သေရှာရမယ်။ ဒါကြောင့် သမီး ဆေးခပ်ခံရတဲ့ဗီဒီယိုကိုပေးဖို့ ဟိုတယ်ကို တောင်းခဲ့တယ်။ အမေ၊ အဖေ၊ ကျန်တာကတော့ သမီးအရင်ပြောခဲ့သလိုပဲ။”
“အမေ၊ ဒီအိပ်မက်က အရမ်းစစ်မှန်လွန်းတယ်။ တကယ့်လက်တွေ့ဘဝမှာ ဒီလိုအဖြစ်ဆိုးတွေကိုတားဆီးဖို့ သမီး လုပ်နိုင်သမျှလုပ်ရမယ်ဆိုတာပဲ သိတယ်။ ဒါကြောင့်ပဲ သမီး ဒီကလေးအပေါ် အကြွေးတင်နေမိတယ်လို့ ခံစားရတာ။ အမေ၊ အဖေ၊ သမီးတောင်းပန်ပါတယ်။ ဒီကလေးကို ဆက်ရှိခွင့်ပေးပါနော်။”
ရှောင်လင်းယွီသည် သူမမိဘများကို သေချာတောင်းပန်လိုက်သည်။ “ရှောင်ထုန်… သူက အရမ်းဉာဏ်ကောင်းတယ်။ အမေရော အဖေရော သူ့ကို သဘောကျမှာပါ။ အမေ၊ သမီး သူနဲ့ထပ်မခွဲချင်တော့ဘူး။”
ဇာတ်ကြောင်းကို နားထောင်ပြီးနောက် စိတ်နှလုံးနူးညံ့သည့် မေမေရှောင်မှာ ကလေးကို ဖျက်ချဖို့ကိစ္စပဲ ထပ်ပြီး ပြောနိုင်စွမ်းမရှိတော့ပေ။ မေမေရှောင်က ခေါင်းညိတ်လိုက်ကာ၊ “ကောင်းပြီ၊ ကလေးကို ဆက်ထားကြတာပေါ့။ အနာဂါတ်မှာ အမေ့မြေးကိုကာကွယ်ဖို့ အမေလည်း အကောင်းဆုံးကြိုးစားမယ်။ သူ့ကို ဘယ်သူ အနိုင်ကျင့်ရဲလဲ ကြည့်ကြသေးတာပေါ့။”
“ကျေးဇူးပါ၊ မေမေ။” ရှောင်လင်းယွီ အလွန်ကျေးဇူးတင်မိသွားသည်။
မေမေရှောင်က ရယ်မောလိုက်သော်လည်း မျက်ရည်များက ကျနေစဲပင်။ “မိုက်မဲလိုက်တဲ့ကလေး။ ငါက မင်းအမေလေ။ ဘာလို့ ကျေးဇူးတင်ရတာလဲ။”
ရှောင်လင်းယွီ ခေါင်းအသာခါလျက် ပြန်ပြောလိုက်သည်။ “အမေ၊ ဘာပဲဖြစ်ဖြစ် သမီးကတော့ အမေ့ကို ကျေးဇူးတင်မိတုန်းပဲ။”
မေမေရှောင် သက်ပြင်းသာချလိုက်တော့သည်။ “ဒါပေမယ့် သမီး ထပ်ပြီးတော့ ခိုးကြောင်ခိုးဝှက်မလုပ်နဲ့တော့။ အမေတို့မှားထားတာ ဘာမှမရှိဘူး။ ဘာလို့ တခြားလူတွေရဲ့အမြင်ကို ဂရုစိုက်နေရမှာလဲ။”
“ဟုတ်ကဲ့ပါ။” ရှောင်လင်းယွီ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ဖေဖေရှောင်ကတော့ သူ့ဇနီး၏စကားကိုနားခံသည့် ယောက်ျားကောင်းတစ်ယောက်ဖြစ်လေသည်။ သူ့ဇနီး၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည်က အလွန်ကိုမှ ရှားလှသူလည်းဖြစ်သည်။
သူက ပတ်ဝန်းကျင်ကိုကြည့်ရင်း စိုးရိမ်နေဟန်ဖြင့် ပြောလာခဲ့သည်။ “ယွီအာ၊ ဒီနေရာက အရမ်းထူးဆန်းနေတုန်းပဲ။ သမီး တခြားလူတွေကို ဒီအကြောင်း မပြောပြရဘူးနော်။ ဟုတ်ပြီလား။”
“ဟုတ်တယ်၊ သမီး မောင်လေးကိုတောင် မပြောပြရဘူး။” မေမေရှောင်က ချက်ချင်းပင် ထောက်ခံလာခဲ့သည်။ “သူက အရမ်းငယ်သေးတယ်။ အပြင်လောကရဲ့ဆွဲဆောင်မှုတွေကို အလွယ်တကူခံရပြီး သူ့ပါးစပ်ကို မထိန်းနိုင်မှာစိုးရတယ်။”
“ဟုတ်ကဲ့ပါ။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ သူမ အစကတည်းက ဘယ်သူ့ကိုမှ ပြောပြဖို့ မရည်ရွယ်ထားပေ။ ဒီအကြောင်း သိသည့်လူနည်းလေ ကောင်းလေပင်။ စိုက်ပျိုးရေးနေရာလွတ်မှာ သူမကိုယ်တိုင်တောင်မှ အလွန်ကိုမှ နားမလည်နိုင်စရာကောင်းနေတုန်းပင်။
ဖေဖေရှောင်က တွေးတွေးစစဖြင့် ပြောလာခဲ့သည်။ “ယွီအာ၊ သမီး အခု ကိုယ်ဝန်ရှိနေပြီ။ အခုကစပြီး သမီးခရိုင်မြို့ပေါ်သွားရင် သမီးအမေလည်း အတူလိုက်ပေးလိမ့်မယ်။”
“ဟုတ်တယ်၊ အမေ သမီးနဲ့အတူ ခရိုင်မြို့ပေါ်လိုက်ပေးမယ်။ ကံကောင်းလို့ ထောင်ယွမ်ရွာနဲ့ ရှင်းအန်းမြို့ကိုဆက်တဲ့လမ်းက ပြင်ထားပေလို့ပေါ့။ မဟုတ်ရင် ချိုင့်တွေခွက်တွေနဲ့ ခုန်ပေါက်နေရင် သမီးရော သမီးကလေးအတွက်ပါ အန္တရာယ်ရှိတယ်။”
ရှောင်လင်းယွီလည်း မငြင်းဆန်ခဲ့ပေ။ “ဟုတ်ပါပြီ၊ ဒါပေမယ့် အမေ သမီးနဲ့အမြဲတမ်းလိုက်ပေးနေလို့တော့ မဖြစ်ဘူးလေ။ မောင်လေးက နောက်ရက်ပိုင်းဆို စာမေးပွဲဖြေရပြီ။ စာမေးပွဲပြီးတာနဲ့ သူကားမောင်းလိုင်စင်ရရင် သမီးကို သူမောင်းပို့လို့ရတာပဲ။”
“ဒါလည်းကောင်းတာပဲ။ ဒါပေမယ့် သမီးမောင်ကို ဒီနေရာအကြောင်းတော့ မပြောရဘူးနော်။ ဟုတ်ပြီလား။”
“သမီး သိပါတယ်။”
ဖေဖေရှောင်က ဘေးပတ်ဝန်းကျင်ကိုကြည့်နေရင်း၊ “ယွီအာ၊ အဖေတို့ ထွက်ကြရအောင်။ ဒီမှာနေရာတာ သိပ်အဆင်မပြေသလိုခံစားရတယ်။” ဖေဖေရှောင်သည် နေရာလွတ်ထဲတွင်နေရသည်အား မလုံခြုံသလို ခံစားနေရပုံပင်။
သူတို့အားလုံး နေရာလွတ်ထဲရောက်နေရာ တစ်ယောက်ယောက်သာ သူတို့ကို လာရှာလျှင် သံသယဝင်သွားနိုင်သည်။
မေမေရှောင်လည်း ထိုတော့မှ သတိရသွားကာ၊ “ဟုတ်တယ်၊ ယွီအာ။ ထွက်ကြရအောင်။ သမီး ဗိုက်ဆာနေတာမဟုတ်ဘူးလား။ အမေ ခေါက်ဆွဲချက်ပေးမယ်။”
“ဟုတ်ကဲ့။”
သူတို့ နေရာလွတ်ထဲတွင် အချိန်အတော်ကြာနေခဲ့ကြသော်လည်း တကယ့်အပြင်ဘက်ကမ္ဘာတွင်တော့ တစ်မိနစ် နှစ်မိနစ်သာ ကုန်လွန်သေးသည်။ တည်ထားသည့်ရေနွေးက ဆူပွက်နေတုန်းဖြစ်သလို မီးကလည်း မသေသေးပေ။
မေမေရှောင်က အလွန်မှော်ဆန်သည့်ဖြစ်ရပ်ကို သတိထားမိသွားလေသည်။ “ဘာ… ဘာဖြစ်သွားတာလဲ။”
ထိုအခါ ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “အမေ၊ နေရာလွတ်ထဲက အချိန်စီးဆင်းမှုက နှေးတယ်။ အပြင်က တစ်မိနစ်က အထဲမှာဆို နာရီဝက်လောက်အထိရှိတယ်လေ။”
“အိုး.. စိတ်ဝင်စားဖို့ကောင်းတာပဲ။” မေမေရှောင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ဗီရိုထဲက ကြက်ဥနှစ်လုံးကိုထုတ်ကာ ကြက်သွန်မြိတ်နှစ်ပင်လောက်ရှာလိုက်ပြီး ရှောင်လင်းယွီကို ဆက်ပြီး ညွှန်ကြားနေလေသည်။ “ယွီအာ၊ ဒီနေရာလွတ်က ထူးဆန်းလွန်းတယ်။ သမီး မကြာမကြာတော့ မသုံးသင့်ဘူး။ ပြီးတော့ သမီး လေထဲ ပျောက်လိုက်ပေါ်လိုက်ဖြစ်တာကိုလည်း တခြားလူတွေ မမြင်စေနဲ့ဦး။ ကျွန်မပြောတာဟုတ်တယ်မလား ယောက်ျား။”
“ဒါပေါ့၊ နောက်ဆို အကန့်အသတ်နဲ့သုံး။ ဒီပစ္စည်းက အရမ်းထူးဆန်းလွန်းတယ်။ မကောင်းတဲ့ရည်ရွယ်ချက်ရှိသူတွေသာ တွေ့သွားရင် ဆိုးရွားတဲ့ကိစ္စတွေ ဖြစ်လာနိုင်တယ်။”
ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “အမေ၊ အဖေ သမီးက သုံးနှစ်သမီးလေးမဟုတ်ပါဘူး။ ဒီကိစ္စရဲ့လေးနက်မှုကို သမီးနားလည်ပါတယ်။ နေရာလွတ်ထဲမဝင်ခင် အမြဲတမ်း ပတ်ဝန်းကျင်ကို သေချာစစ်ဆေးပါ့မယ်။”
“သတိထားလို့ ဘာမှအဆိုးမရှိဘူး။” ဖေဖေရှောင်က သတိပေးလိုက်ပြန်သည်။ “ချန်းယန်နဲ့ ချန်းမိသားစုက အခုဆို အတိတ်တစ်ခုဖြစ်သွားပြီ။ အဖေတို့ ဒီကလေးကို ဆက်ပြီးပျိုးထောင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ သူက အဖေတို့မြေးပဲ။ သေချာပေါက် သူ့ကို ကောင်းကောင်းဆက်ဆံကြမယ်။”
“ကျေးဇူးတင်ပါတယ်၊ အဖေ။ ကျေးဇူးတင်ပါတယ်၊ အမေ။” ရှောင်လင်းယွီ ဤကဲ့သို့ အချစ်ခံရသည့်မိသားစုတွင် မွေးဖွားလာသည့်အတွက် အလွန်ကို ဝမ်းသာမိသည်။ သူမသာ တခြားမိသားစုတစ်ခုတွင် မွေးဖွားလာပါက သေချာပေါက် သေအောင်ရိုက်သတ်ခံလိုက်ရလောက်ပေပြီ။ သူတို့က သူမမိဘတွေလိုမျိုး နားလည်ပေးကြလိမ့်မည်မဟုတ်ပေ။
ရှောင်လင်းယွီ ညလယ်စာစားပြီးချိန်မှာတော့ အချိန်က မနက် ၃နာရီပင် ထိုးပြီးသွားလေပြီ။
မေမေရှောင်နှင့် ဖေဖေရှောင်လည်း သူတို့အခန်းဆီသို့ ပြန်သွားခဲ့ကြသည်။ တံခါးကို ပိတ်လိုက်သည်နှင့် သူတို့မျက်နှာထက်တွင် စိုးရိမ်ပူပန်သည့်အမူအရာတို့ ထွက်ပေါ်လာခဲ့သည်။
မေမေရှောင်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် မေးလာခဲ့သည်။ “ယောက်ျား၊ ယွီအာရဲ့အိပ်မက်ကို ရှင်ဘယ်လိုထဲလဲ။ ဒါအရမ်းလက်တွေ့ဆန်လွန်းတယ်လို့ မထင်ဘူးလား။ ပြီးတော့ ယွီအာဆီ ဒီအိမ်မက်ဘာလို့ ရောက်လာတယ်လို့ထင်လဲ။ တကယ်ပဲ သူပြောသလို အနာဂါတ်ကိုကြိုပြတဲ့အိပ်မက်တစ်ခုလား။ ရှေ့ဖြစ်ဟောသတိပေးချက်လား။”
မေမေရှောင်သည် အချက်အလက်များစွာ တခါတည်းလက်ခံလိုက်ရတာကြောင့် စိစစ်ရန် ကြိုးစားနေလေသည်။ သို့သော်လည်း သူမအတွက် ဂရုအစိုက်ဆုံးက သူမမိသားစုလား ဒါမှမဟုတ် ရှောင်လင်းယွီ၏အိပ်မက်ထဲက သူမမိသားစုကိုလား။ ဒါက ဆန်းကြယ်လွန်းသည်ဟု ခံစားရသည်။
ဖေဖေရှောင်၏အမူအရာသည်လည်း အလွန်ကိုမှလေးနက်နေခဲ့သည်။ “မင်းပြောတာမှန်တယ်။ ယွီအာရဲ့အိပ်မက်က တကယ့်အစစ်အတိုင်းပဲ။ ငါတို့သာ အမှန်တရားကိုမသိထားရင် ယွီအာကိုယ်တိုင် အဲ့ဒီဘဝကို ကြုံတွေ့ထားတယ်လို့ထင်… မဟုတ်မှ အဲ့ဒါက အိပ်မက်မဟုတ်ဘဲ ယွီအာ ပြန်လည်မွေးဖွားလာတာများ ဖြစ်နေမလား။”
ဖေဖေရှောင်သည် သူ့ခန့်မှန်းချက်က ဘယ်လောက်တောင် အမှန်တရားနှင့်နီးစပ်သွားကြောင်း မသိခဲ့ပေ။ သို့သော်လည်း ကျေးလက်နေရွာသားများအတွက် ပြန်လည်မွေးဖွားခြင်းလိုမျိုး အွန်လိုင်းဝတ္ထုမျိုးတွေအကြောင်းကို မသိခဲ့ကြပေ။
မေမေရှောင်က သစ်သားစားပွဲကို လက်ဖြင့်ခေါက်လျက်၊ “ယွီအာက ဒီလောက်အဆင်ပြေနေတာကို ဘယ်လိုလုပ် တစ်ခါသေဖူးတဲ့သူဖြစ်မှာလဲ။ ဒီအတိုင်း အနာဂါတ်ကိုကြိုမြင်တဲ့ အိပ်မက်တစ်ခုပါပဲ။” မေမေရှောင်သည် သူမအတွေးကမှန်သည်ဟု တွေးနေခဲ့သည်။ ဒါပေါ့၊ ရှောင်လင်းယွီက သေပြီးမှ ပြန်ရောက်လာတယ်ဆိုတာကြီးက ယုံကြည်ဖို့ အရမ်းခက်တယ်လေ။
“မိန်းမ၊ ယွီအာသာ ချန်းယန်၏အကြံအစည်ကို မဖော်ထုတ်နိုင်ခဲ့ရင် သူ့အိပ်မက်ထဲကအတိုင်း ဆိုးရွားတဲ့အခြေအနေတွေဖြစ်လာမယ်လို့ မင်းထင်လား။” ရုတ်တရက် ဖေဖေရှောင်က ထမေးလိုက်သည်။
မေမေရှောင် ရုတ်ချည်းပင် တိတ်ကျသွားလေသည်။ ထိုသို့တိတ်ဆိတ်နေခြင်းကပင် အကောင်းဆုံးအဖြေဖြစ်လေသည်။
ဖေဖေရှောင်လည်း သက်ပြင်းချလိုက်ရင်း၊ “ကြည့်ရတာ ယွီအာကိုကူညီပေးခဲ့တဲ့ လူကြီးမင်းယန်ကို ငါတို့ တကယ်ကိုကျေးဇူးတင်ဖို့လိုနေပြီပဲ။ သူ့ကြောင့်သာမဟုတ်ရင် ယွီအာလည်း ချန်းယန်နဲ့ သူ့ရဲ့အာဏာရှိတဲ့ယောက္ခမကို ယှဉ်တိုက်နိုင်မှာမဟုတ်ဘူး။”
ယန်စစ်မင် ထောင်ယွမ်ရွာသို့လာတုန်းက သူတို့ ဘယ်လိုဆက်ဆံခဲ့မိကြလဲဆိုသည်ကို ပြန်တွေးမိသွားသည်နှင့် ရှက်ရွံ့သွားကြတော့သည်။ ထိုအချိန်က ယန်စစ်မင်တစ်ယောက် ထောင်ယွမ်ရွာသို့လာသည့် ပထမဆုံးအကြိမ်ဖြစ်ကာ သူတို့ကိုလည်း အများကြီးကူညီပေးခဲ့သည်။ မဟုတ်ပါက ချန်းတဟွာတို့မိသားစုနှင့်ဇာတ်လမ်းမှာ ထိုမျှကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ခဲ့မည်မဟုတ်ပေ။
မေမေရှောင်က ဆက်မပြောခင် ခဏမျှတိတ်ဆိတ်သွားခဲ့သည်။ “လူကြီးမင်းယန်က လူကောင်းတစ်ယောက်ပါ။ သူ မထွက်သွားခင် ကျွန်မတို့တွေ သူ့ကိုကျေးဇူးတင်ဖို့ အခွင့်မရှိလိုက်ဘူး။ ကြားတာတော့ သူက အကောင်ကြီးကြီးတဲ့၊ အလုပ်အရမ်းများတဲ့လူဆိုပဲ။”
“သူနောက်တစ်ခေါက်လာတဲ့အချိန်ကျရင်တော့ ငါတို့ကျေးဇူးတင်သင့်တယ်။ အဲ့ကျရင် မိန်းမကပဲ သူ့ကိုတစ်ခုခုချက်ကျွေးလိုက်ရင်ရော။” ဖေဖေရှောင်က အပြုံးတစ်ပွင့်ဖြင့် အကြံပေးလာခဲ့သည်။
“ရတာပေါ့။” မေမေရှောင် တွေးပင်တွေးမနေတော့ဘဲ ချက်ချင်းဖြေလိုက်လေသည်။
“စောသေးတယ်ဆိုတော့ ပြန်အိပ်ကြရအောင်။” ဆိုသော်လည်း အိပ်လို့မပျော်တာကြောင့် ဇနီးမောင်နှံနှစ်ယောက် အိပ်ရာပေါ်တွင် လှဲသာနေခဲ့ကြလေသည်။
နောက်တစ်နေ့မှာတော့ ရှောင်မိသားစုခြံဝန်းထဲတွင် ပန်ဒါသုံးကောင်ကို မြင်တွေ့ရမည်ဖြစ်သည်။
သူမမိဘများ၏မျက်ကွင်းညိုများကိုမြင်ပြီး ရှောင်လင်းယွီ အပြစ်ရှိစိတ်ခံစားလိုက်ရသည်။ သူမအတွက် စိုးရိမ်နေကြတာကြောင့် သူတို့အိပ်မပျော်နိုင်ခဲ့ကြခြင်းပင်။
မေမေရှောင်သည် သူမသမီး၏အတွေးများကို ဖတ်နိုင်တာကြောင့်၊ “ကလေး၊ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။ အမေတို့အိပ်မပျော်ဘူးဆိုတာ တခါတည်း သိလိုက်ရတဲ့အချက်တွေ အရမ်းများနေလို့ပါ။ နည်းနည်းကြာတာနဲ့ အဆင်ပြေသွားလိမ့်မယ်။ ဗိုက်ဆာနေပြီလား။ အမေ သမီးအတွက် ယာဂုနဲ့ ကြက်ဥပြုတ်နှစ်လုံးလောက် လုပ်ပေးမယ်။ ဒီလိုအချိန်မျိုးမှာ အာဟာရပြည့်ပြည့်ဝဝစားဖို့လိုတယ်။ ပြီးကျရင် သမီးအတွက် ကြက်စွပ်ပြုပ်လည်း လုပ်ပေးဦးမယ်။ ဒီနေ့က ဈေးနေ့လေ။ အိမ်မှာမွေးဖို့အတွက် မြို့ပေါ်တက်ပြီး ကြက်ပေါက်လေးနည်းနည်းလောက် သွားဝယ်လိုက်မယ်။ သမီးအာဟာရပြည့်ဝတာသေချာအောင် ကြိုပြီးပြင်ဆင်ထားရမယ်။”
“ကျေးဇူးပါ၊ အမေ။” ရှောင်လင်းယွီသည် ဤကဲ့သို့မိသားစုကို ပိုင်ဆိုင်ရသည့်အတွက် ကံကောင်းလွန်းသည်ဟု ထင်မိသည်။ သို့သော်လည်း သူမ၏အရင်ဘဝတွင် သူမ၏ခံစားချက်များက သူမစိတ်ကို တိမ်ဖုံးနေစေခဲ့သည်။ ဒါကြောင့် သူမမိဘများနှင့် မောင်လေးကို ဒုက္ခများစွာခံစားစေခဲ့ခြင်းပင်။ သူမနှင့်သူမမောင်က အရာအားလုံးကိုကြံခိုင်ကာ သန်သန်မာမာနှင့် ကြီးပြင်းလာခဲ့ကြသော်လည်း စိတ်ထဲကဒဏ်ရာတွေကတော့ မပျောက်ကင်းနိုင်ခဲ့ပေ။
မေမေရှောင်က ပြုံးလိုက်ကာ၊ “အမေက သမီးရဲ့အမေ။ ကိုယ့်သမီးကို အမေဖြစ်သူက ဂရုစိုက်ရမှာပေါ့။”
ဖေဖေရှောင်သည်လည်း အစောကြီးထလာခဲ့သည်။ သူက ပုံမှန်လို ရွာထဲ လမ်းပတ်မလျှောက်တော့ဘဲ တစ်ခုခုကိုစဉ်းစားနေသလိုမျိုး မျက်မှောင်တင်းတင်းကြုတ်ကာ ခြံထဲတွင် ထိုင်နေခဲ့သည်။
ထို့နောက် သူက မတ်တပ်ထရပ်ကာ ခြံဝန်းထဲမှ ပန်းများကို စတင်စူးစမ်းကြည့်တော့သည်။
သူ့ခြံဝန်းထဲမှပန်းများက တန်ဖိုးကြီးသည့်သတင်း ရွာထဲတွင် ပျံ့သွားသည်နှင့် ရွာသားတော်တော်များများ သူ့ခြံသို့ လာလည်ကြလေသည်။ သူတို့က ပန်းတွေကို လေ့လာပြီး ဘယ်ကနေရလဲဆိုတာကိုပါ ရှောင်ကျန်းယန်ကို မေးကြသည်။
ရှောင်ကျွင်း မြွေကိုက်ခံလိုက်ရတာတောင်မှ ရွာသားတော်တော်များများက ကံကိုစမ်းချင်နေကြတုန်းပင်။ ဒါပေါ့၊ အရင်ကလောက်တော့ ပမာဏမများတော့ပါဘူး။ ဒါ့အပြင် သူတို့က အကာအကွယ်ပစ္စည်းများကိုလည်း သယ်ဆောင်သွားကြသည်။ ဥပမာ၊ ရွာသားတော်တော်များများသည် မြွေကိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် အကာအကွယ်လက်အိတ်နှင့် မိုးစီးဖိနပ်များကို ဝတ်ဆင်ခဲ့ကြသည်။
မနေ့ကဆိုလျှင် ရွာသားများသည် ပန်းများစွာကိုတူးကာ သခင်ကြီး၏အိမ်ရှေ့တွင် ကျောက်ချခဲ့ကြသည်။ သူတို့က သခင်ကြီးကို ပန်းမျိုးစိတ်အကြောင်း ခွဲခြားပေးစေချင်ခဲ့သော်လည်း အဆုံးမှာတော့ သခင်ကြီးကို သူတို့ပန်းတွေကို ဝယ်ပေးခဲ့သည်။
ရှောင်ကျန်းယန်သည် သခင်ကြီးက ကြင်နာလွန်းနေရုံသာဖြစ်ကြောင်း သိသည်။ ကြည့်ရသည်မှာ ထိုအကြောင်းကို ရွာသူကြီးနှင့် သွားဆွေးနွေးဖို့လိုလာသည့်ပုံပင်။
ရွာသားများအနေနှင့် သခင်ကြီးကို ဂုတ်သွေးစုပ်နေတာမျိုး ဆက်မလုပ်သင့်ပေ။ သခင်ကြီးသည် ထောင်ယွမ်ရွာ၏ကျေးဇူးရှင်တစ်ဦးဖြစ်သည်။ သူတို့ သူ့ကို ဒီလိုစော်ကားနေလို့မဖြစ်ဘူး။ ဒါ့အပြင် သခင်ကြီးသည် သူ့ကျန်းမာရေးမကောင်းတာကြောင့် ပြန်လည်နာလန်ထူလို၍ ထောင်ယွမ်ရွာသို့ ပြောင်းလာခြင်းဖြစ်ပေသည်။ ရွာသားတွေသာ သူ့ကိုနေ့စဉ် သွားနှောက်ယှက်နေရင် သူဘယ်လိုလုပ် အနားယူနိုင်ပါတော့မလဲ။
ဖေဖေရှောင်က ရှောင်လင်းယွီကို လှမ်းခေါ်လိုက်ကာ၊ “ယွီအာ၊ ရွာသားတော်တော်များများက ရှေ့ညကတည်းက တောင်ပေါ်တက်ပြီး ပန်းတွေတူးနေကြတယ်။ ပြီးတော့ သူတို့က သခင်ကြီးခြံရှေ့သွားချပြီး သခင်ကြီးကို ပန်းအမျိုးအစားခွဲပေးစေချင်ခဲ့တယ်လေ။ ဒါပေမယ့် နောက်ဆုံးတော့ သခင်ကြီးက အားလုံးကို အမြဲဝယ်လိုက်တော့တာပဲ။ ခဏနေ သခင်ကြီးဆီသွားလည်ဖို့ သမီး အဖေနဲ့ လိုက်ခဲ့ဦး။”
ရှောင်လင်းယွီ ထိုစကားကိုကြားပြီး နှလုံးတစ်ချက်တုန်သွားခဲ့သည်။ သူမ သခင်ကြီးကုန်းနှင့် နီးနီးကပ်ကပ်မနေလိုပေ။ သခင်ကြီးသာ ရှောင်ထုန်အကြောင်းသိသွားခဲ့လျှင် ဘယ်လိုတွေဖြစ်လာမည်မှန်း သူမ မှန်းဆ၍ပင်မရပေ။ သို့သော်လည်း ရွာသားတွေက သူတို့ရှာတွေ့ထားသည့် တန်ဖိုးမရှိသည့်အပင်တွေကို သခင်ကြီးဆီအတင်းထိုးရောင်းနေခြင်းက စည်းကျော်လွန်းသွားပေပြီ။
သခင်ကြီးကုန်းသည် သူမမိတ်ဆွေ၏အဖိုးဖြစ်နေသည်ပင်။
ရှောင်လင်းယွီ တွေးကြည့်လိုက်ပြီးနောက်၊ “ဟုတ်ကဲ့ပါ၊ ဒါဆို မနက်စာစားပြီးရင် သမီး အဖေနဲ့လိုက်ခဲ့မယ်။”
မေမေရှောင်က သူတို့စကားဝိုင်းကိုကြားသွားပြီး၊ “အမေ မနက်စာပိုလုပ်ထားလိုက်မယ်။ သွားရင်နည်းနည်းလောက် ထည့်သွားလိုက်ကြဦး။ ပြီးတော့ သခင်ကြီးနဲ့တခြားလူတွေကို နေ့လည်စာလာစားဖို့လည်း ဖိတ်လိုက်ဦးနော်။” သခင်ကြီးသည် မေမေရှောင်၏ဟင်းချက်လက်ရာကို နှစ်သက်ကြောင်း လူတိုင်းမြင်နိုင်လေသည်။
သခင်ကြီးသည် ယွီအာသူငယ်ချင်း၏အဖိုးဖြစ်ကာ ထောင်ယွမ်ရွာ၏ကျေးဇူးရှင်လည်းဖြစ်တာကြောင့် သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံသင့်ပေသည်။
ရှောင်လင်းယွီတို့သားအဖ သခင်ကြီး၏အိမ်သို့ရောက်သွားချိန်တွင် ခြံတံခါးဝ၌ ရွာသားအုပ်စုလိုက်ကြီးကိုအရင် တွေ့လိုက်ကြရသည်။ ဒါ့အပြင် မြေကြီးပေါ်တွင် ပန်းရိုင်းပင်များနှင့် ပေါင်းပင်မျိုးစုံပါ ရှိနေလေသည်။ သခင်ကြီးက ခါးညွတ်ကာ ထိုအပင်များကို စူးစမ်းနေခဲ့သည်။
“ကျန်းယန်၊ လင်းယွီ၊ မင်းတို့လည်း လာကြတာလား။” ရွာသားတစ်ယောက်က သူတို့ကို နှုတ်ဆက်လိုက်သည်။
ရှောင်ကျန်းယန်က၊ “ဒီလောက်အစောကြီးကို မင်းတို့လူတွေအများကြီး ဘာလုပ်နေကြတာလဲ။”
“ငါတို့ တောင်ပေါ်က ပန်းတွေတူးလာတာလေ။ လတ်လတ်ဆတ်ဆတ်ဖြစ်စေချင်လို့ မနက်စောစော လာလိုက်တာ။”
ရှောင်ကျန်းယန် ဘာမှပြန်မပြောခဲ့ပေ။
သခင်ကြီးကုန်းသည်လည်း ရှောင်ကျန်းယန်နှင့် ရှောင်လင်းယွီ ရောက်လာသည်ကိုကြားသည်နှင့် ချက်ချင်းပင် ခေါင်းမော့ကာ ကြည့်လာခဲ့သည်။ သူက သူတို့လက်ထဲမှ ထမင်းဘူးများကိုမြင်သည်နှင့် ချက်ချင်းပင် ကလေးတစ်ယောက်လို စိတ်လှုပ်ရှားသွားကာ သူတို့အနားသို့ လျှောက်လာတော့သည်။ “ငါ့အတွက် မနက်စာယူလာတာလား။”
အနားကပ်လိုက်သည်နှင့် မွှေးပျံ့သည့်အနံ့ကိုပါ ရနေလေပြီ။
သခင်ကြီးကုန်းကိုမြင်သည်နှင့် ရှောင်လင်းယွီသည် ရှောင်ထုန်အကြောင်း တွေးမိသွားပြန်သည်။ ထိုအကြောင်းက ခေါင်းထဲရှိနေသည်နှင့်အမျှ သခင်ကြီးကုန်းနှင့်မျက်နှာချင်းဆိုင်ဖို့ ခက်ခဲလှမှန်း သူမ သိလိုက်ရသည်။ ရှောင်လင်းယွီသည် လူတိုင်းကို ပြုံးပြခဲ့သော်လည်း သခင်ကြီးကုန်းနှင့် မျက်နှာချင်းဆိုင်ရချိန်တွင်တော့ သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ မပြုံးပြနိုင်ခဲ့ပေ။
ရှောင်ကျန်းယန်သည်လည်း သူ့သမီး ကြောင်အအဖြစ်နေသည်ကိုမြင်ပြီး ခပ်မြန်မြန်ပင် ဝင်ဖြေလိုက်သည်။ “ဟုတ်တယ်၊ သခင်ကြီ? ကျွန်တော့်မိသားစုက သခင်ကြီးတို့အတွက် မနက်စာပြင်ပေးလိုက်တာ။ သခင်ကြီး ပူနေတုန်းလေး မနက်စာသုံးဆောင်လိုက်ပါလား။”
“ကောင်းပြီလေ။” သခင်ကြီးကုန်းသည် ရှောင်လင်းယွီ၏ ရိုင်းစိုင်းသည့်အမူအရာကို သတိမမူမိသလိုမျိုး ပြုံးပြုံးရွှင်ရွှင်ပင် ပြန်ဖြေလိုက်သည်။
***