တည်ငြိမ်မှုဆုံးရှုံးခြင်း
Vol. 10 Ch. 181
မနက်စာစားပြီးနောက် သခင်ကြီးကုန်း အလွန်ပျော်ရွှင်နေကာ ပြုံးလျက်ပြောလာခဲ့သည်။ “ချိုးယင်းကတော့ အချက်အပြုတ်တော်တော်ကောင်းတာပဲ။ သူ့လက်ရာကို လူတိုင်းချီးကျူးကြတာ အံ့ဩစရာမရှိတော့ပါဘူး။”
ရှောင်ကျန်းယန်သည် သူ့ဇနီးကိုချီးကျူးနေသည်အား ကြားနေရတာကြောင့် ပျော်ရွှင်နေခဲ့သည်။ သို့သော်လည်း သူက နှိမ့်နှိမ့်ချချရှိနေတုန်းပင်။ “သခင်ကြီး အရင်ကလည်း သူ့ကို ချီးကျူးပြီးပြီလေ။ ဒီအတိုင်းသာ ဆက်ပြီး ထပ်ခါထပ်ခါ ချီးကျူးနေလို့ကတော့ ကလေးတွေအမေက အရမ်းကို မြောက်တက်သွားတော့မှာပဲ။”
သခင်ကြီးကုန်းက ခေါင်းကိုယမ်းကာ ပြုံးလိုက်သည်။ “သူက ချီးကျူးမှုနဲ့ထိုက်တန်ပါတယ်။ ပြီးတော့ ငါ သူ့ကိုများများချီးကျူးပေးရင် သူလည်း ငါ့အတွက် မကြာမကြာ ချက်ပြုတ်ပေးလောက်တယ်လေ။” ထိုအချက်အရောက် သခင်ကြီးကျန်းက ခဏရပ်သွားလေသည်။ “ကျန်းယန်၊ ငါမင်းနဲ့ ဆွေးနွေးစရာလေးရှိတယ် ရလား။”
“ရတာပေါ့။ သခင်ကြီး ပြောပါ။” ရှောင်ကျန်းယန်က လေးလေးစားစား ပြန်ဖြေလိုက်သည်။
“အဟမ်း.. ဒီလိုလေ…” သခင်ကြီးကုန်းကိုကြည့်ရသည်မှာ အနည်းငယ် ရှက်ရွံ့နေသလိုပင်။ “ငါ လောလောနဲ့လာလိုက်ရတော့ ငါ့စားဖိုမှူးကို တခါတည်း မခေါ်လာခဲ့လိုက်ရဘူး။ နောက်ရက်ပိုင်းလောက်အထိ ရှောင်ဝမ်ရယ်၊ ရှောင်ကျန်းရယ်၊ ငါရယ် မင်းအိမ်မှာ ထမင်းလာစားလို့ဖြစ်မလား။ ဒါပေါ့ ငါတို့ထမင်းဖိုးပေးမှာပါ။ ငါ့စားဖိုမှူးရောက်လာရင် မင်းတို့ကို မနှောက်ယှက်တော့ပါဘူး။” ရှောင်ဝမ်နှင့် ရှောင်ကျန်းသည် စားချင်သောက်ချင်စိတ် အလွန်ကြီးကြတာကြောင့် သူက မေးလိုက်ရခြင်းဖြစ်သည်။
သခင်ကြီးနောက်တွင်ရပ်နေသည့် ရှောင်ဝမ်တစ်ယောက် မျှော်လင့်ချက်များပြည့်လျှမ်းနေသည့် မျက်ဝန်းများဖြင့် ကြည့်လာခဲ့သည်။
“အိုး.. အဲ့လိုလား။ ဒါပေါ့ ပြဿနာမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မိသားစုက နေ့တိုင်း ချက်ပြုတ်နေတာပဲလေ။ ဧည့်သည်တွေကို အမြဲကြိုဆိုပါတယ်။ ဒါပေမယ့် သခင်ကြီး၊ ကျွန်တော်တို့က သမရိုးကျဟင်းချက်နည်းလေးတွေပဲသိတာ။ သခင်ကြီးရော ရှောင်ဝမ်ရော ရှောင်ကျန်းရော စိတ်မရှိကြဖို့ မျှော်လင့်ပါတယ်။ ထမင်းဖိုးကတော့ ထားလိုက်ပါ။ ကျွန်တော်တို့လည်း အသီးအရွက်တွေနဲ့ စပါးတွေကို ကိုယ်တိုင် စိုက်ပျိုးထားကြတာပဲလေ။”
“ဟဟ.. ငါတို့က ချိုးယင်းရဲ့အိမ်ချက်လက်ရာကို အကြိုက်ဆုံးပဲ။ ဒါဆို နောက်ပိုင်း ချိုးယင်းကိုပဲ ဒုက္ခပေးရဦးမယ်။ ဒါပေမယ့် ထမင်းဖိုးကတော့ ပေးပါ့မယ်။ မဟုတ်ရင် ငါတို့ အရမ်းရှက်နေရလိမ့်မယ်။ ရှောင်ကျန်းနဲ့ ရှောင်ဝမ်က တော်တော်လေးအစားကြီးကြတယ်လေ။”
ရှောင်ကျန်းယန်လည်း တွေးကြည့်ပြီးနောက် ခေါင်းညိတ်လိုက်တော့သည်။ “ဒါဆိုလည်း ကောင်းပါပြီ။”
သခင်ကြီးကုန်းက ဖြူဖျော့ဖျော့မျက်နှာနှင့် သတိထားနေပုံပေါက်သော ရှောင်လင်းယွီဘက်သို့ လှည့်လိုက်ကာ၊ မေးလိုက်လေသည်။ “ကောင်မလေး၊ မင်း ငါ့ကိုကြောက်နေတာလား။”
ရှောင်လင်းယွီသည် မှိန်းမောနေတာကြောင့် ပြန်မဖြေလာခဲ့ပေ။
ရှောင်ကျန်းယန်က သူ့သမီးကို လက်ဖြင့်အသာတွန်းလိုက်ပြီး၊ “ယွီအာ၊ အကြီးအကဲကုန်း မေးနေတယ်လေ။”
ရှောင်လင်းယွီ စိတ်ရှုပ်ထွေးစွာဖြင့် ဗလုံးဗထွေး ပြန်မေးလိုက်သည်။ “အာ… ဘာပြောလိုက်တာလဲ။”
ရှောင်ကျန်းယန်၊ “…” ငါ့သမီးဘာဖြစ်နေတာလဲ။ သူ ကိုယ်ဝန်ရှိနေတာသိပေမယ့် ဘာလို့ ရုတ်တရက်ကြီး ဒီလောက် အာရုံတွေပျံ့နေရတာလဲ။
ရှောင်ကျန်းယန် ဘာမှမပြောနိုင်သေးခင်မှာပဲ သခင်ကြီးကုန်းက သူ့မေးခွန်းကို ပြန်မေးလာခဲ့သည်။ “ကောင်မလေး၊ မင်းငါ့ကို ကြောက်နေတာလား။ ငါ့နားရှိတဲ့အချိန်တိုင်း မင်း အမြဲကြောက်လန့်နေတာ သတိထားမိတယ်။”
‘ဒီမိန်းကလေးက ကျန်းထောင်နဲ့ဟောက်အာရဲ့သူငယ်ချင်းဆိုမှတော့ ဒီလောက် လွယ်လွယ်နှင့် ကြောက်နေသင့်ဘူး။’
ရှောင်လင်းယွီ သူမအသိစိတ်ကို ပြန်လည်စုစည်းကာ ခေါင်းယမ်းလိုက်လေသည်။ “မဟုတ်တာ။ သခင်ကြီးကုန်းက အရမ်းကြင်နာတတ်တဲ့လူကြီးမင်းပါ။ ဘယ်လိုလုပ် သခင်ကြီးကို ကြောက်ရမှာလဲ။ ကျွန်မ အခုတလော နည်းနည်း နေလို့မကောင်းဖြစ်နေလို့ပါ။” တကယ်တော့ ရှောင်လင်းယွီသည် နောက်ဆို သခင်ကြီးက သူတို့အိမ်မှာနေ့တိုင်းထမင်းလာစားမည်ဖြစ်ကြောင်းကို ကြားပြီး ကြောင်အသွားခဲ့ခြင်းဖြစ်သည်။
သူမ ထိုကိစ္စကိုရှောင်လွှဲချင်သော်လည်း သခင်ကြီးကုန်း၏တောင်းဆိုချက်ကို ငြင်းဆန်ဖို့ သူမတွင် ဘာအကြောင်းပြချက်မှမရှိပေ။
ဒီတော့.. သူမလည်း နောက်ထပ် အကြပ်အတည်းတစ်ခုတွင် ပိတ်မိသွားရပြန်သည်။
‘အင်းပါလေ။ နောက်ဆုံးတော့လည်း ကိစ္စတွေအားလုံး သူတို့ဘာသာ အဆင်ချောသွားမှာပါ။ နောက်ပိုင်းကိစ္စ နောက်မှပဲ ပူတော့မယ်။ အခုချိန်ရှောင်တိမ်းနေလိုက်ရင် လူတွေကို ပိုပြီး သံသယဝင်လာစေလိမ့်မယ်။’
ရှောင်လင်းယွီစိတ်ကိုငြိမ်ငြိမ်ထားလိုက်ကာ၊ “သခင်ကြီးကုန်း၊ ကျွန်မကြားတာတော့ သခင်ကြီး ရွာသားတွေ တူးလာသမျှ ပန်းတွေ အပင်တွေအားလုံးကို ဝယ်နေတယ်ဆို။”
***