ဈေးကြီးသည့်စတော်ဘယ်ရီသီးများ
Vol. 10 Ch. 182
ရှောင်လင်းယွီ၏မေးခွန်းမျိုးကို သခင်ကြီးကုန်းက မျှော်လင့်ထားပြီးဖြစ်ဟန်တူသည်။ “ကောင်မလေး၊ ငါ့ခြံကိုကြည့်ပါဦး။ နည်းနည်း ဟာလာဟင်းလင်းဖြစ်နေတယ်လို့ မထင်ဘူးလား။ ဒါကြောင့် ငါ ပန်းတွေအပင်ငယ်လေးတွေနဲ့ အလှဆင်ချင်ရုံပါ။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်ကာ တစ်ခုသာ ပြန်ပြောလိုက်သည်။ “သခင်ကြီးဆိုလိုတာကို ကျွန်မတို့သိပါတယ်။ ဒါပေမယ့် ရွာသားတွေကို ဘာအလုပ်မှမလုပ်ဘဲ တောင်ပေါ်ပဲတက်နေတာကိုတော့ ဒီအတိုင်းလွှတ်မထားပေးသင့်ဘူး။” ရှောင်လင်းယွီ အသေးစိတ်ဆက်မပြောခဲ့ပေ။
“ဟဟ…” သခင်ကြီးကုန်း ရုတ်တရက် အော်ရယ်လိုက်လေသည်။ “ကောင်မလေးကတော့…” သူသည်လည်း အသေးစိတ်ပြန်မပြောခဲ့ပေ။
ရှောင်လင်းယွီက သူ ရွာသားတွေကို သနားမိရုံဖြင့် ပန်းတွေကို ဈေးအမြင့်ကြီးပေးပြီး မဝယ်သင့်ကြောင်း ပြောနေခြင်းဖြစ်မှန်း သိလေသည်။ ရှောင်ကျန်းယန်သည်တော့ နှစ်ယောက်သား၏အပြန်အလှန်ပြောဆိုနေဟန်ကြောင့် အံ့အားသင့်နေခဲ့သည်။
ထို့နောက် သခင်ကြီးကုန်းက ပြောလာလေသည်။ “ကောင်းပြီ ကောင်မလေး၊ မင်းပြောတာ နားထောင်မယ်။”
ဖေဖေရှောင်တစ်ယောက် ပိုလို့တောင် စိတ်ရှုပ်ထွေးသွားတော့သည်။ ‘အကြီးအကဲက ဘာကိုဆိုလိုချင်တာလဲ။’
သခင်ကြီးကုန်းက မရှင်းပြလာဘဲ ပြုံးသာပြုံးလိုက်သည်။ “ဒါပေမယ့် ကောင်မလေး၊ မင်းလည်း ငါ့ကို တစ်ခုကတိပေးရမယ်။”
“ဒါပေါ့ သခင်ကြီးရဲ့။” ရှောင်ကျန်းယန်က သူ့သမီးကိုယ်စား ပြန်ဖြေလိုက်လေသည်။
သခင်ကြီးကုန်းက ခေါင်းညိတ်လိုက်ကာ၊ “မင်း နောက်ဆို ငါ့အနားရှိတဲ့အချိန် စိတ်ကို အရမ်းမတင်းထားပါနဲ့လား။ အဲ့လိုဖြစ်နေတာက မင်းငါ့ကို တော်တော်လေး သဘောမကျတာကြောင့်လို့ ခံစားရတယ်။”
“အဲ့လိုမဟုတ်ရပါဘူး သခင်ကြီး။” ရှောင်ကျန်းယန်က စိတ်လှုပ်ရှားစွာဖြင့် အမြန်ရှင်းပြလာခဲ့သည်။
သခင်ကြီးကုန်းက ရှောင်ကျန်းယန်ကို လန့်ဟန့်ကာတားလိုက်ပြီးနောက် ရှောင်လင်းယွီကိုသာ ကုန်းထျန်းဟောက်ကဲ့သို့ တူညီသည့်မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်နေခဲ့သည်။ သူက အနှစ်၅၀ကျော် ရှင်သန်လာခဲ့သူဖြစ်သည်။ သူငယ်ရွယ်စဉ်အချိန်တုန်းက အလွန်ကိုမှ ခက်ထန်ကြမ်းတမ်းခဲ့ကာ သူ့စိတ်ကလည်း ပြတ်သားလေသည်။ ကိစ္စတော်တော်များများကို သူထွင်းဖောက်မြင်နိုင်ပြီး အများစုကို ထုတ်ဖော်မပြချင်ရုံသာဖြစ်လေသည်။
ရှောင်လင်းယွီသည် မတည်မငြိမ်ဖြစ်နေရခြင်းမှာ သူ့ကိုကြောက်၍မဟုတ်ဘဲ အခြားတစ်ခုကြောင့်သာဖြစ်လေသည်။ သို့ပေမယ့် ထိုအခြားတစ်ခုဆိုသည်အတွက်ကိုတော့…. အချိန်ကျလာလျှင် အရာအားလုံး ပေါ်ထွက်လာမည်ဟု ယုံကြည်တာကြောင့် သခင်ကြီးကုန်းအနေနှင့် ထိုအရာကို သိဖို့မလိုအပ်ပေ။
ရှောင်လင်းယွီသည် သခင်ကြီး၏စူးစိုက်ကြည့်နေသည့်အကြည့်အောက်တွင် အရာအားလုံးဖော်ထုတ်ခံလိုက်ရသလို ခံစားခဲ့ရလေသည်။ ထိုအချိန်မှာပဲ သခင်ကြီးက အားလုံးကို သိရှိသွားပြီဟုပင် သူမ ယုံကြည်သွားခဲ့ကာ စတင်ထိတ်လန့်လာပြီး စိတ်ရှုပ်လာတော့သည်။ သူမက မြန်မြန် စိတ်ကိုပြန်တည်ငြိမ်အောက်လုပ်ပြီးနောက် ပြုံးလိုက်ကာ၊ “သခင်ကြီး ကျွန်မတို့နဲ့အတူ ထမင်းလာစားမယ်ဆိုတာကတင် ကျွန်မတို့မိသားစုအတွက် ဂုဏ်ယူစရာဖြစ်နေပါပြီ။ ကျွန်မက မစ္စတာကုန်းနှင့် ကျန်းကောတို့ရဲ့မိတ်ဆွေလေ၊ ပြီးတော့ သခင်ကြီးက သူတို့ရဲ့အကြီးအကဲဆိုမှတော့ ဘယ်လိုလုပ် ကျွန်မ သခင်ကြီးကို သဘောမကျဘဲ ရှိပါ့မလဲ။”
မတူညီသည့်ခေါ်ဝေါ်ပုံကို သခင်ကြီးကုန်းသတိထားမိလိုက်ကာ မျက်လုံးထဲတွင် အလင်းရောင်တချို့ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် သူက ပြုံးလိုက်ပြီး၊ “ကောင်းပြီလေ၊ ဒါဆိုလည်း နောက်ရက်တွေအတွင်း မင်းတို့မိသားစုကိုပဲ ဒုက္ခပေးရတော့မယ်။”
“ဘယ်ကသာ ဒုက္ခဖြစ်ရမှာလဲ။” ရှောင်လင်းယွီလည်း ပြုံးလျက်ပြန်ပြောလိုက်သည်။ သို့သော်လည်း သူမမျက်လုံးထဲတွင် သံသယတချို့ကိန်းအောင်းနေလေသည်။ ရှောင်လင်းယဲ့ စာမေးပွဲပြီးသွားလျှင် သူမလည်း သူနှင့်အတူ ခရိုင်မြို့သို့ ပြောင်းနေလိုက်မည်။ သူမ ပြန်ရောက်လာလျှင် သခင်ကြီး၏စားဖိုမှူးလည်း ရွာသို့ ရောက်လောက်ပေပြီ။
သို့သော်လည်း တကယ်တမ်း သူမရင်ဆိုင်ရမည့်လူက မြေခွေးဖြစ်နေမှန်းကိုတော့ ရှောင်လင်းယွီ မသိခဲ့ပေ။ သခင်ကြီးသည် ရှောင်လင်းယွီ၏အကြံကို ဖောက်မြင်နိုင်ခဲ့သည်။ ထိုအလိမ်အညာစကားကြောင့် သူစိတ်ရှုပ်ထွေးနေသော်လည်း ဘာမှ မပြောလာခဲ့ပေ။
ထို့နောက် သူက စကားလမ်းကြောင်းကို ပြောင်းလိုက်လေသည်။ “ကောင်မလေး၊ ငါကြားတာတော့ မင်းအဖေကို ပန်းတွေ ငါ့ခြံဆီရွှေ့ခိုင်းလိုက်တာ မင်းရဲ့အကြံဆို။”
“သခင်ကြီး၊ ဒီပန်းတွေကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာသိတဲ့ လူက ဒီရွာမှာ သခင်ကြီးတစ်ယောက်ပဲရှိတာလေ။ သခင်ကြီးရောက်မလာခင်တုန်းကဆို ဒီပန်းတွေကို ပန်းရိုင်းတွေလို့ပဲ လူတွေက ထင်ခဲ့ကြတာ။”
သခင်ကြီးကုန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ “ဒါပေမယ့် အခု ပန်းတွေက ယွမ်သိန်းချီပြီးတန်ဖိုးရှိတယ်ဆိုတာသိနေပြီလေ။ မင်းတို့သာ ဒီပန်းတွေကို ပန်းဈေးကွက်ထဲတင်လိုက်ရင် ငွေတွေအများကြီးရနိုင်တယ်လေ။ အဲ့လောက်ငွေနဲ့သာဆို မင်း အိမ်အသစ်တစ်လုံး ဒါမှမဟုတ် ကားပိုကြီးတာတစ်စီးလဲဖို့ လုံလောက်တယ်။ လူတော်တော်များများအတွက် ဒီလောက်ငွေပမာဏဆိုတာ သူတို့ဘဝတစ်လျှောက်လုံး ရတောင် မရနိုင်ဘူး။ မင်းတကယ်ပဲ ဒီလောက်များတဲ့ငွေတွေကို ပေးပစ်တော့မလို့လား။”
ရှောင်လင်းယွီ ပြုံးလိုက်သည်။ “သခင်ကြီး၊ ကျွန်မအဖေလည်း အရင်က ပြောပြီးလောက်ပြီဆိုပေမယ့် အခုထပ်ပြောပါ့မယ်။ ဒီပန်းတွေ သူတို့ကို တန်ဖိုးထားတဲ့လူတွေရဲ့မျက်လုံးထဲမှာသာ အရမ်းအဖိုးတန်တာပါ။ မဟုတ်ရင်တော့ သူတို့က တန်ဖိုးမရှိပါဘူး။ ဒီပန်းတွေ ကျွန်မတို့ခြံထဲမှာရှိနေတာ ဆယ်စုနှစ်ချီနေပါပြီ၊ ဒါပေမယ့် ဘယ်သူကများ သူတို့တန်ဖိုးကို မြင်ဖူးလို့လဲ။ တခြားရွာသားတွေရဲ့အမြင်မှာဆို သူတို့ကို စိုက်ပျိုးထားတာကတင် အချိန်ဖြုန်းတဲ့သဘောဖြစ်နေပါပြီ။” ထို့နောက် သူမက အလေးအနက်ဆက်မပြောခင် ခဏရပ်လိုက်သည်။ “သခင်ကြီး၊ ကျွန်မ ရိုးရိုးသားသားပြောရရင် ဒီပန်းတွေ နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့တာဆိုတော့ မရောင်းပစ်နိုင်တော့ဘူး။ ယွမ်တစ်သိန်းဆိုတာ အများကြီးပါ၊ ဒါပေမယ့် မကြာခင်မှာပဲ တစ်ခြားနည်းလမ်းတစ်ခုခုနဲ့ အဲ့ငွေတွေဝင်အောင် ကျွန်မ ရှာနိုင်လာပါလိမ့်မယ်။”
သခင်ကြီးကုန်း အတော်လေး အံ့ဩသွားခဲ့သည်။ “အိုး… မင်း အဲ့လောက်တောင် ယုံကြည်ချက်ရှိနေတာလား။”
“ဒါပေါ့။ သခင်ကြီး၊ ကျွန်မခြံထဲက စတော်ဘယ်ရီပင်တွေကို မြင်ခဲ့တယ်မဟုတ်လား။”
“မြင်ခဲ့တယ်လေ။ အဲ့ဒီစတော်ဘယ်ရီတွေနဲ့ ဘာများပတ်သတ်လို့လဲ။ စတော်ဘယ်ရီက မင်းကို ယွမ်သိန်းပေါင်းများစွာ ယူဆောင်လာပေးနိုင်လို့လား။”
“သခင်ကြီးပြောတဲ့အတိုင်းပါပဲ။ ကျွန်မမှာ စတော်ဘယ်ရီပင် မြေ၆မူစာစိုက်ထားတာရှိတယ်။ တစ်မူကို စတော်ဘယ်ရီ ၅၀၀၀ ကနေ ၆၀၀၀ ကတ်တီလောက် ထွက်လိမ့်မယ်။ တစ်ကတ်တီကို ယွမ်၃၀ နဲ့ရောင်းမယ်ဆို လယ်တစ်မူကို ယွမ် ၁၆၀၀၀၀ လောက်ဝယ်မယ်။ ဒီတော့ လယ် ၆မူဆိုရင် ယွမ်တစ်သန်းနီးပါးရမှာပါ။”
ဤသည်မှာ ရှောင်လင်းယွီ အခုလို ဝင်ငွေကိုတွက်ချက်ပြသည်အား ရှောင်ကျန်းယန် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ထိုပမာဏကိုကြားပြီးနောက်မှာတော့ မယုံနိုင်လောက်အောင် မျက်လုံးပြူးသွားမိတော့သည်။ ရှောင်လင်းယွီ စတော်ဘယ်ရီပင်စိုက်ချင်သည်ဟုပြောသည်နှင့် သူမမိသားစုက ခြွင်းချက်မရှိ သူမကို ပံ့ပိုးထောက်ခံပေးခဲ့ကာ အမြတ်ငွေနှင့်ပတ်သတ်၍ တခါမှ မတွက်ချက်ခဲ့ကြပေ။ အခုတော့ စတော်ဘယ်ရီပင်စိုက်ပျိုးသည့် လုပ်ငန်းစဉ်ကနေပြီး ယွမ်၁သိန်းလောက် အမြတ်ရနိုင်ကြောင်း သိလိုက်ရချိန်မှာတော့ သူအလွန်အံ့အားသင့်သွားသည်မှာ မထူးဆန်းပေ။
သူတို့လိုတောင်သူလယ်သမားများအနေနှင့် တစ်နှစ်လုံးအလုပ်ကြိုးစားခဲ့ရင်တောင်မှ ယွမ်ထောင်ဂဏန်းသာ ရရှိကြသည်။ သို့သော်လည်း လယ် ၆မူလောက်နှင့် ယွမ်တစ်သန်းတောင်ရနိုင်သည်ဆိုခြင်းက… တကယ်ကို ဆွံ့အလောက်အောင် များပြားသည့် ကွာခြားချက်ကြီးပင်။
စတော်ဘယ်ရီစိုက်ခြင်းက ထိုမျှအမြတ်များမှန်း တခြားလူတွေသာ သိသွားပါက သေချာပေါက် အနာဂါတ်တွင် စိုက်ပျိုးသူ များပြားလာပေတော့မည်။
သခင်ကြီးကုန်းသည် သူမ၏တွက်ချက်ပုံကိုကြားပြီးသည်နှင့် ချက်ချင်းဆိုသလို သူမကို အလွန်စိတ်ဝင်စားသွားတော့သည်။ “အဟုတ်ပဲ၊ မင်းတွက်ပြသလောက်ဆိုရင် ယွမ်၁သန်းလောက်ရနိုင်တယ်။ ဒါပေမယ့် မင်းအခုပြောလိုက်တာက ဈေးကွက်ထဲကရောင်းဈေးပဲ၊ လက်ကားဈေးမဟုတ်သေးဘူး။
လက်ကားဈေးနဲ့ဆိုရင် အရမ်းကွာဟချက်ကြီးတယ်။ စတော်ဘယ်ရီတွေက ဈေးကွက်ထဲမှာ တစ်ကတ်တီကို ယွမ်၃၀နဲ့ရောင်းတယ်ဆိုပေမယ့် လူအများစုကတော့ တစ်ကတ်တီကို လက်ကားဈေး ၁၀ယွမ်နဲ့ပဲ ဝယ်ကြတယ်။
ပြီးတော့ စတော်ဘယ်ရီရဲ့ အရည်အသွေးနဲ့ အရသာက ရှိသေးတယ်။ သေးကွေးပြီး ချဉ်တူးနေရင် မင်းနဲ့လက်တွဲမယ့် လက်ကားဝယ်မယ့်သူတောင်ရှိမှာမဟုတ်ဘူး။ ဘယ်ကနေများ ယွမ်၁သန်းရမှာလဲ။ ငွေမဆုံးရှုံးသွားရင်တောင် တော်တော်ကံကောင်းနေပြီ။”
ရှောင်ကျန်းယန်၏မျက်ဝန်းများ တုန်ရီလို့သွားသည်။ သူတို့နယ်၏ရာသီဥတုက စတော်ဘယ်ရီစိုက်ဖို့ မသင့်တော်ကြောင်းကို ပြန်သတိရသွားလေသည်။ တခြားလယ်သမားများလည်း အရင်တုန်းက စမ်းပြီးစိုက်ခဲ့ဖူးကြပေမယ့် နောက်ဆုံးရိတ်သိမ်းချိန်တွင် အမြဲတမ်း သေးငယ်ပြီး ချဉ်တူးတူးအသီးလေးများသာ ထွက်ခဲ့သည်။
ရှောင်ကျန်းယန် စိုးရိမ်လာကာ ရှောင်လင်းယွီနှင့် ဆွေးနွေးကြည့်ချင်သော်လည်း အခုက သူများအိမ်တွင်ဖြစ်နေလေသည်။
ထိုအခါ ရှောင်လင်းယွီက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်ကာ၊ “သခင်ကြီး ကျွန်မပြောတာကို နားလည်မှုလွဲနေပြီထင်တယ်။ ကျွန်မက လက်ကားဈေးအနေနဲ့ကို တစ်ကတ်တီ ယွမ်၃၀နဲ့ရောင်းဖို့ စိတ်ကူးထားတာပါ။ လက်ကားသမားတွေ ဈေးကွက်ထဲမှာ လက်လီဘယ်လောက်နဲ့ပြန်ရောင်းမလဲဆိုတာကိုတော့ ကျွန်မဂရုမစိုက်ဘူး။”
“အိုး.. မင်းက တော်တော်ယုံကြည်ချက်ရှိနေတယ်ပေါ့။” သခင်ကြီးကုန်း မျက်ခုံးအသာပင့်လျက် မေးလိုက်သည်။
“ဒါပေါ့။” ရှောင်လင်းယွီ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။ “ကျွန်မရဲ့စတော်ဘယ်ရီတွေက ထူးခြားတယ်လေ။ ဘယ်လိုထူးခြားလဲဆိုတာကတော့ နောက်မှ သခင်ကြီးကို မြည်းခိုင်းပါ့မယ်။ ဘယ်လိုသဘောရလဲ။”
“ကောင်းတာပေါ့။” သခင်ကြီးကုန်း ပြုံးလိုက်သည်။ “ငါတော့ မင်းရဲ့ ထူးခြားတဲ့စတော်ဘယ်ရီသီးတွေကို မြည်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး ကောင်မလေး။”
“ဒါဆိုလည်း သခင်ကြီး အခုကတည်းက မျှော်လင့်နေလို့ရပါပြီ။” ရှောင်လင်းယွီ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “သခင်ကြီးကို စိတ်မပျက်စေရပါဘူး။”
ထို့နောက်မှာတော့ ရှောင်လင်းယွီနှင့် ရှောင်ကျန်းယန်တို့ သခင်ကြီးကုန်း၏ခြံမှ ပြန်ထွက်လာခဲ့ကြသည်။
ခြံဝန်းအပြင်တွင်တော့…
ရွာသားများသည် အခုချိန်ထိ တန်းစီနေကြဆဲဖြစ်ကာ သူတို့၏ပန်းနှင့်အပင်များကို သခင်ကြီးကုန်း စစ်ဆေးပေးမည်ကို စောင့်ဆိုင်းနေကြလေသည်။ ရှောင်ကျန်းယန်၏မိသားစုတွင်ရှိသလိုမျိုး တန်ဖိုးကြီးပန်းများကို တစ်ယောက်မှ ရှာမတွေ့ခဲ့ကြလျှင်တောင်မှ တစ်ပင်လျှင် ၅၀ယွမ်ဝန်းကျင်ဖြင့်ရောင်းနိုင်ခြင်းက လယ်ထဲမှာအလုပ်လုပ်နေတာထက် ဝင်ငွေများနေလေသည်။ ရွာသားတော်တော်များများသည် သခင်ကြီးကုန်းက ကြင်နာမှုဖြင့် ထိုသို့ဝယ်ပေးနေမှန်း သိကြသော်လည်း အလိုလောဘကို မငြှိမ်းသတ်နိုင်ကြပေ။
နေ့လည်ပိုင်းတွင်တော့ ရွာသူကြီးက ရွာသားအားလုံးတက်ရောက်ရမည့် အစည်းအဝေးတစ်ခုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်တစ်ခု ထုတ်လာခဲ့သည်။
အစည်းအဝေးတွင်တော့.. ရွာသူကြီးက သူတို့ကို သခင်ကြီးအား ပန်းတွေအပင်တွေ ထပ်ပြီးမရောင်းကြတော့ဖို့ရန် ပြောခဲ့လေသည်။ ထိုသို့ဖြင့် လူတော်တော်များများက စောဒကတက်လာကြတော့သည်။
“ရွာသူကြီး၊ ငါတို့ သခင်ကြီးကုန်းကိုမှ ဒီပန်းတွေမရောင်းရင် ဘယ်သူ့ကိုရောင်းရမှာလဲ? ခင်ဗျားကိုလား?”
“ရွာသူကြီး၊ သခင်ကြီးကသာ ဒီပန်းတွေကို လိုအပ်နေတာမဟုတ်ရင် ဘယ်ဝယ်ပါ့မလဲ။ ငါတို့က သူ့ကို အတင်းဝယ်ပါဖို့ပြီး ဖိအားပေးနေလို့လား၊ ဒီတော့ ဘာလို့ ငါတို့တူးထားတဲ့အပင်ကို သူ့ဆီ မရောင်းဘဲနေရမှာလဲ။”
“ဟုတ်တယ်၊ ရွာသူကြီး။”
လူတိုင်းက ကန့်ကွက်လာကြသည်။
“ဒီအဘိုးကြီးရဲ့မြေးက အရမ်းချမ်းသာတယ်။ လမ်းတစ်လမ်းပြင်ဖို့တောင် ယွမ်၃သိန်း၄သောင်းလောက် သုံးခဲ့တာ။ ဒီလိုသေးသေးမွှားမွှားပမာဏလေးကို ဂရုမစိုက်လောက်ပါဘူး။”
“ပြီးတော့၊ ဒီပန်းတွေ ဘယ်လောက်တန်တယ် မတန်ဘူးဆိုတာ ငါတို့မသိဘူးလေ။ သခင်ကြီးတစ်ယောက်ပဲ ဒီပန်းတွေကို ခွဲခြားနိုင်တာ။”
တချို့ဆိုလျှင် ပိုတောင်လွန်ကဲလာကြသည်။ ဥပမာ တစ်ယောက် တိုးတိုး,တိုးတိုးဖြင့်၊ “ဒီလူအိုကြီးက ငါတို့ပန်းတွေအားလုံးကို လက်ခံပြီးလို့ သူ့ခြံထဲမှာတောင် စိုက်ထားပြီးပြီလေ။ ဒီပန်းတွေက ရှောင်ကျန်းယန်ရဲ့အိမ်က ပန်းတွေနဲ့ ဆင်တူကြတယ်၊ ဒါကိုတောင် သူက ငါတို့ကို ငွေနည်းနည်းလေးပဲပေးတယ်။” သူပြောချင်သည်က ရှင်းရှင်းလေးပင်။ သခင်ကြီးကုန်းက သူတို့ကို လှည့်စားချင်နေသည်ဟု… ဒါပေါ့ ထိုစကားလုံးတွေကို အသံကျယ်ကျယ်နဲ့တော့ ထုတ်မပြောရဲကြပါဘူး။
ပထမအချက်က သူတို့ သခင်ကြီးကုန်းကို ကြောက်ကြလေသည်။ လူချမ်းသာတစ်ယောက်၏ သက်တော်စောင့်များကို သူတို့မယှဉ်နိုင်ပေ။
ဒုတိယအချက်ကတော့ သခင်ကြီးကုန်း၏မြေးက လမ်းအတွက် အကုန်အကျခံပေးခဲ့ကြောင်း နားလည်ထား၍ပင်။ ဤသည်မှာ ရွာအတွက် ကောင်းသည့်ကိစ္စဖြစ်ကာ ထိုလူများမှာ သူတို့၏ကျေးဇူးရှင်ကြီးများဖြစ်ကြသည်။
တတိယအချက်ကတော့ ပါးစပ်ကသာ ဟောင်ဖွာဖွာလုပ်နိုင်ခြင်းကြောင့်ဖြစ်လေသည်။
ထိုအခါ ရှောင်ထိုက်ယန်က၊ “သခင်ကြီးကုန်းက ကျန်းမာရေးမကောင်းဘူး။ သူ့မြေးက သူ့အဖိုး ပြန်လည်ကျန်းမာလာစေဖို့ ငါတို့ထောင်ယွမ်ရွာကို ရွေးချယ်လိုက်တာကတင် ဂုဏ်ယူစရာဖြစ်နေပြီ။ သခင်ကြီး ဒီကိုရောက်လာကတည်းက ငါတို့လမ်းတွေကို ပြင်ပေးခဲ့တယ်။ သူတို့က ငါတို့ရွာရဲ့စီးပွားရေးအတွက် အများကြီး အကျိုးပြုပေးခဲ့တာပဲ။ အိမ်ဆောက်တာကိုပဲကြည့်။ သူတို့က ယွမ်၅ထောင်လောက်ပဲတန်တဲ့မြေကို ယွမ်၃သောင်းပေးပြီးတောင် ဝယ်ခဲ့တယ်။ သစ်သားတိုင်တွေဆိုရင်လည်း တစ်တိုင်မှ ယွမ်၅၀လောက်ပဲ ကျတာကို သူတို့က ယွမ်၅၀၀၀သုံးခဲ့တယ်။ အခုဆို သခင်ကြီးက ကြင်နာမှုအရ မင်းတို့တွေ တောင်ပေါ်က တူးလာတဲ့အပင်တွေကိုတောင် ယူပေးနေတယ်။ သူတို့ ငါတို့အပေါ် ဘယ်တုန်းကများ မကောင်းဖူးလို့လဲ။ ဒါပေမယ့်…” သူက ခဏရပ်ကာ လူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ “ငါတို့ ကိုယ့်လစ်မစ်ကိုယ်သိသင့်တယ်။ သူတို့ရဲ့ကြင်နာမှုကို အမြတ်ထုတ်ဖို့မသင့်ဘူး။ မင်းတို့ ဒီလိုသာဆက်လုပ်နေလို့ သူတို့တွေ စိတ်ကောင်းစေတနာထားရတာ ပင်ပန်းလာကြရင်ရော၊ ဘာတွေဖြစ်လာနိုင်မလဲ။ သူတို့ တခြားနေရာကို ပြောင်းသွားကြလိမ့်မယ်။ အဲ့လိုဆို ငါတို့ ဘာလုပ်ကြမလဲ။ ကိုယ်ရဲ့ကျေးဇူးရှင်ကို ဒီနည်းနဲ့ဆက်ဆံမှဖြစ်မှာလား။”
သူတို့ရဲ့ တန်ဖိုးမရှိသည့်အပင်များကို ဝယ်ယူပေးနေသည့် သခင်ကြီးကုန်း ထွက်သွားနိုင်သည့်အကြောင်း ရွာသားများကို ရွာသူကြီး ပြောလာခဲ့သည်။
“ပြီးတော့… ပြီးခဲ့တဲ့နှစ်ရက်အတွင်း လူတိုင်းက တော်ပေါ်ကိုပဲ အပြေးအလွှားသွားနေကြတယ်။ မင်းတို့ လယ်အလုပ်တွေကို ဘယ်လိုလုပ်ကြမလဲ။ မင်းတို့မြေတွေ ခြောက်သွေ့ကုန်တာ ရောဂါပိုးမွှားတွေ ကျကုန်တာကို သတိမထားမိကြဘူးလား။”
“အကျိုးအမြတ်နည်းနည်းပါးပါးလောက်နဲ့ ဆုံးရှုံးမှုအကြီးကြီးတွေဖြစ်အောင် မလုပ်ကြစမ်းပါနဲ့။ ကျန်းယန်တို့မိသားစုက ဒီသစ်ခွတွေကို တောင်ပေါ်ကနေ ရှာတွေ့လာတာ ဆယ်စုနှစ်တစ်ခုရှိနေပြီ။ မင်းတို့သာ သူတို့လို ကံကောင်းနေရင်တော့ ငါလည်း ပြောမနေပါဘူး။ ဒါပေမယ့် မင်းတို့တွေ ကံမကောင်းကြဘူးဆိုရင်လည်း လယ်အလုပ်လဲ မလုပ်ချင်မှတော့ နောက်နှစ်ဝက်မှာ ဗိုက်ဟောင်းလောင်းနဲ့နေဖို့ စိတ်ကိုသာ ပြင်ဆင်ထားလိုက်ကြတော့။
ပြီးတော့ရှိသေးတယ်၊ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ရွာသားတွေ တောင်တစ်ခုလုံးကို ပတ်ရှာနေခဲ့ကြတာ။ ဘာများ ပြန်ပါလာကြလို့လဲ။”
ရွာသူကြီးသည် ကြောင်းကျိုးဆီလျော်စွာ ပြောခဲ့တာကြောင့် ရွာသားအများစု လက်ခံသွားကြသည်။ ပြီးခဲ့သည့်နှစ်ရက်အတွင်း ပန်းကူးစက်ရောဂါက တော်တော်လေး ကြီးထွားခဲ့သည်။ အများစုက သူတို့လယ်မြေများကိုပင် လျစ်လျူရှုခဲ့ကြသည်။ သူတို့သာ ပေါ့ပေါ့ဆဆနှင့်ဆက်နေပြီး သူတို့စပါးတွေကို သေစေခဲ့ပါက နောက်လာမည့်နှစ်ဝက်အတွင်း ဗိုက်ဟောင်းလောင်းနှင့်နေရမည်မှာ အမှန်ပင်။
ထောင်ယွမ်ရွာရှိ တောင်သည် ကြီးမားသည်ဆိုသော်လည်း ရွာသားများက တစ်လက်မမကျန်အောင် ပိုက်စိတ်တိုက်ရှာဖွေခဲ့ကြပြီးဖြစ်လေသည်။
ထိုသို့ဖြင့် ပန်းကူးစပ်ရောဂါက ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ အစည်းအဝေးပြီးနောက်နေ့မှာတော့ အများစုက လယ်လုပ်ငန်းခွင်သို့ ပြန်ဝင်သွားကြလေသည်။ ဒါပေါ့ တောင်ပေါ်သို့တက်ကာ ကံစမ်းချင်ကြသည့် လူအနည်းငယ်ကတော့ ရှိနေတုန်းပါပဲ။
ကလေးများနှင့် အသက်ကြီးသည့်လူများက တောင်ပေါ်သို့ ပြန်တက်သွားခဲ့ကြသည်။ ထုံးစံအတိုင်း ဘာမှကောင်းတာမရခဲ့ကြပေ။ ဒါပေမယ့် တကယ်လို့များ ယွမ်သောင်းကျော်တန်တဲ့ပန်းတစ်ပင်လောက်ရခဲ့ရင်ရော…
….
ရှောင်လင်းယွီတစ်ယောက် သူမအမေ၏ဒေါသတကြီးအသံကြောင့် ဝေဝေဝါးဝါးဖြင့် အိပ်ရာမှာနိုးသွားခဲ့သည်။
“အရေးပေါ်အခြေအနေဖြစ်နေတုန်းက ငါ့ယွီအာက နင်တို့ကို ဆေးရုံလိုက်ပို့ခဲ့တယ်။ အခု နင်တို့သက်သွားတာတောင် ငါ့ယွီအာက နင်တို့ကို ကားနဲ့ပြန်ကြိုပေးရဦးမယ်ပေါ့? ဘက်စ်ကကားဘယ်လိုစီးရမလဲဆိုတာတောင် မေ့သွားပြီလား။”
“အဲ့လောက်တောင် ခက်ခဲတယ်ပေါ့? အရင်တုန်းက နင်အဲ့လိုညည်းညူတာမျိုး ငါတခါမှတောင် မကြားဖူးပါဘူး။ ဘက်စ်ကားစီးရတယ်အရမ်းကြာတယ်လို့ထင်နေရင်လည်း တက္ကစီငှားစီးလိုက်ပေါ့။ ငါ့ယွီအာက နေကောင်းတာမဟုတ်ဘူး။ နင့်ကို သွားကြိုဖို့ မလွှတ်နိုင်ဘူး။ နင့်ဘာသာ အဆင်ပြေသလိုပြန်လာ။”
ထိုသို့ပြောပြီးသည်နှင့် မေမေရှောင်သည် ဖုန်းကို တန်းချလိုက်တော့သည်။
***