← Chapters

စတော်ဘယ်ရီပန်းတွေပွင့်လာပြီ

Vol. 10 Ch. 184

စတော်ဘယ်ရီပန်းတွေပွင့်လာပြီ

Vol. 10 Ch. 184

ထိုညတွင်ပဲ…

ရှောင်ချန်းချိုက်သည် သူ့မိသားစုကို ရှောင်လင်းယွီ၏အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။

ရှောင်ချန်းချိုက်ကာ ယွမ်၄၀၀ကိုထုတ်ကာ ရှောင်လင်းယွီကို ပေးလိုက်ပြီး စိတ်ရင်းမှန်ဖြင့် ပြောလိုက်လေသည်။ “ကျွင်းအာကြောင့် ဒုက္ခများသွားရောပေါ့။ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် လင်းယွီ။ မင်းသာမကူညီရင် ငါ့ကျွင်းအာ ဘယ်လိုဖြစ်သွားမလဲ တွေးတောင်မတွေးနိုင်ဘူး။”

ရှောင်လင်းယွီက သူမလက်ထဲက ယွမ်၄၀၀ကိုကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ “ဦးလေးချိုက်၊ ကျွန်မ ယွမ်၃၀၀ပဲ ချေးပေးခဲ့တာပါ။ ဘာလို့ ၁၀၀ ပိုနေတာလဲ။”

“ဒါက ကားဆီဖိုးပါ။ မင်း ငါတို့ကို ကူညီပေးတာ အရမ်းများနေပြီ။ ဒါက ငါတို့ကျေးဇူးတင်တဲ့အနေနဲ့ ထည့်ပေးတာပါ။”

ရှောင်လင်းယွီက ယွမ်၁၀၀ကိုယူကာ ရှောင်ချန်းချိုက်ကို ပြန်ပေးလိုက်ပြီး၊ “ဦးလေးချိုက်၊ ကျွန်မ ကျွင်းအာကို ကူညီပေးတာ စေတနာနဲ့ပါ။ ငွေမယူပါဘူး။ ဒီပိုနေတဲ့ငွေကို ပြန်ယူထားလိုက်ပါနော်။” ထို့နောက် သူမက ချန်းကွေ့ဟွာကိုကြည့်ကာ ပြုံး၍ပြောလိုက်သည်။ “ဒေါ်လေးချန်းက တကယ်ကို အရမ်းယုံကြည်ထိုက်တဲ့လူပဲ။” သို့သော်လည်း သူမလေသံကတော့ သိပ်မရှင်းပေ။

ချန်းကွေ့ဟွာ၏အမူအရာက ချက်ချင်းပင် ခပ်တွန့်တွန့်ဖြစ်သွားသော်လည်း သူမမျက်နှာအကြောင်းများကို အတင်းဆွဲကာ ပြုံးပြလိုက်ရသည်။ “မင်း ငါတို့ကို ကူညီပေးတာ အရမ်းများနေပြီလေ။ ဒီတော့ မြန်နိုင်သမျှမြန်မြန် ပြန်ဆပ်ရမှာပေါ့။” သို့သော်လည်း တကယ်တမ်း စချေးကတည်းက သူမတွင် ထိုငွေကို ပြန်ပေးဖို့ အစီအစဉ်မရှိခဲ့ပေ။ သူမခင်ပွန်းနှင့်သားဖြစ်သူက အတင်းဖိအားပေးတာကြောင့်သာမဟုတ်ရင် ဒီနေရာမှာတောင် ရှိနေမည်မဟုတ်။

ရှောင်ချန်းချိုက်သည် ရှောင်လင်းယွီ အလွန်ဉာဏ်ကောင်းကြောင်း သိလိုက်လေသည်။

သူ့သား ရှောင်ကျွင်းပြောသလိုဆို ရှောင်လင်းယွီသည် သူ့ဇနီးက သူမကို ငွေပြန်မဆပ်လောက်ကြောင်း သိနေတာကြောင့် တခြားရွာသားများကိုပါ သူမ ချန်းကွေ့ဟွာအား ငွေချေးခဲ့သည့်အကြောင်း ပြောပြခဲ့ခြင်းဖြစ်ပေသည်။

ကျေးဇူးတင်စရာကောင်းစွာဖြင့် ရှောင်ချန်းချိုက်သည် ထိုသတင်းကို ရွာသားများထံမှ ပြန်ကြားခဲ့ရသည်။ မဟုတ်ပါက သူ ရှောင်လင်းယွီကို အာခံခဲ့မိကြောင်းကိုတောင် သူကိုယ်တိုင် မသိရလောက်ပေ။

ရှောင်ချန်းချိုက်လည်း ယွမ်၁၀၀ကို ပြန်ယူထားလိုက်ပေမယ့် စိတ်အရင်းခံဖြင့် ပြောနေမိတုန်းပင်။ “လင်းယွီ၊ မင်း ငွေလက်မခံချင်ဘူးဆိုမှတော့ ဦးလေးလည်း မင်းကို အတင်း မတိုက်တွန်းတော့ပါဘူး။ ဒါပေမယ့် မင်းရဲ့ကြင်နာမှုကို သတိရနေမှာပါ။ နောက်ပိုင်း ဦးလေးရဲ့အကူအညီလိုတာရှိလာရင် အချိန်မရွေးပြောသာပြောလိုက်။ ဦးလေး လုံးဝမငြင်းဘူး။”

ရှောင်လင်းယွီလည်း ထိုစကားကိုတော့ မငြင်းဆန်နေတော့ဘဲ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါပြီ။ ဦးလေးချိုက်ရဲ့ ကတိကို မှတ်ထားပါ့မယ်။ ကျွန်မအကူအညီလိုတာနဲ့ ဦးလေးချိုက်ကို တန်းပြောလိုက်မယ်။”

ရှောင်ချန်းချိုက်က သူ့မိသားစုနှင့်အတူ ပြန်မသွားခင် ရှောင်ကျန်းယန်နှင့် ချန်ချိုးယင်းတို့ကိုလည်း ကျေးဇူးတင်စကား ပြောခဲ့သေးသည်။

ရှောင်ချန်းချိုက်တို့မိသားစုထွက်သွားပြီးနောက် ချန်ချိုးယင်းက၊ “တော်သေးလို့၊ ရှောင်ချန်းချိုက်နဲ့ ရှောင်ကျွင်းက လူမှန်တွေဖြစ်နေတာ။ မဟုတ်ရင် အဲ့ဒီချန်းကွေ့ဟွာက လူတွေအများကြီးကို စော်ကားပြီးနေလောက်ပြီ။” ထို့နောက် သူမက တစ်ခုခုကိုတွေးလိုက်မိကာ၊ “မနေ့တုန်း ရှောင်ချန်းချိုက်ကာ ဆေးရုံစရိတ်ပေးဖို့အတွက် သူတို့မိသားစု စုဆောင်းထားသမျှကို ထုတ်လိုက်တယ်လို့ ဒေါ်လေးချန်းဆီက ကြားတယ်။ အဲ့လိုဆို ဆေးရုံခရှင်းဖို့ ငွေလောက်သင့်တယ်လေ၊ ဘာလို့ သမီးဆီကနေ ဆေးရုံစရိတ်ချေးရသေးတာလဲ။” ဒေါ်လေးချန်းဆိုသူကတော့ ရှောင်ကျွင်း၏အဖွားကိုပြောခြင်းပင်။

ရှောင်လင်းယွီက ပြုံးရုံသာပြုံးလိုက်ကာ၊ “ဘယ်သူသိမှာလဲ။ သူ(မ) ဂုတ်သွေးစုပ်လို့ရမယ့်တစ်ယောက်ယောက်ကို ရှာချင်နေတာ ဖြစ်မှာပေါ့။”

“အာ…” မေမေရှောင် အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ပြန်တုံ့ပြန်နိုင်ခဲ့ကာ သူမအမူအရာက အရုပ်ဆိုးသွားတော့သည်။ “အဲ့ဒီချန်းကွေ့ဟွာဆိုတဲ့မိန်းမကတော့ လူတွေကို အရူးလို့ထင်နေတာပဲ။ ကံကောင်းလို့ ရှောင်ချန်းချိုက်ကာ တွေးခေါ်နိုင်စွမ်းရှိတယ်။ မဟုတ်ရင် သူ့ဇနီးကြောင့်ပဲ သူ့တစ်မိသားစုလုံး ကံဆိုးမှုတွေရောက်လာနိုင်တယ်။”

ရှောင်မိသားစုသည် တခြားရွာသားများထက် ချမ်းသာသော်လည်း သူတို့ ကြိုးစားရှာဖွေထားခြင်းမဟုတ်ဟု မဆိုလိုပေ။

ရှောင်ကျန်းယန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ တော်သေးလို့ ရှောင်ကျွင်းကလည်း ချန်းကွေ့ဟွာရဲ့လွှမ်းမိုးမှုမခံရဘူး။ သူက ဉာဏ်ကောင်းတဲ့ကလေးပဲ။ ပြီးတော့ ရှောင်ချန်းချိုက်ကလည်း ခေါင်းမကောင်းတဲ့လူမဟုတ်ဘူး။ သူ့ဇနီးရဲ့အကျင့်စရိုကိုသိနေတော့ ရှောင်ကျွင်းငယ်ငယ်ကတည်းက သူ့သားရဲ့ပညာရေးကို သူကိုယ်တိုင် ကြပ်မတ်ခဲ့တယ်။”

“အဲ့ဒီချန်းကွေ့ဟွာကတော့ တကယ်ရယ်ရတယ်။ လင်းယွီက သူတို့ကိုကူညီပြီး ဆေးရုံအထိတောင် လိုက်ပို့ခဲ့တယ်လေ။ ဒါကိုတောင် သူတို့ကို ပြန်လာကြိုဖို့ ယွီအာကို ဖုန်းဆက်ခေါ်လိုက်သေးတယ်။ ယွီအာကို သူတို့ ကိုယ်ပိုင်ယာဉ်မောင်းများထင်နေလား။” မေမေရှောင်သည် ထိုအကြောင်းတွေးမိသည်နှင့် ဒေါသထွက်နေမိတုန်းပင်။ “ဒီလိုစကားမျိုးကိုတောင် ပြောနိုင်လောက်အောင် သူ့မျက်နှာက ဘယ်လောက်များ အရေထူနေလဲပဲ။”

“ထားလိုက်ပါတော့။ အနည်းဆုံးတော့ ယောက်ျားနဲ့သားက ဉာဏ်ရှိတဲ့လူတွေဖြစ်နေသေးတယ်လေ။ ထပ်ပြီးဒေါသထွက်မနေပါနဲ့တော့။” ရှောင်ကျန်းယန်က ပြောလိုက်သည်။

“တော်သေးလို့ ရှောင်ချန်းချိုက်က ဉာဏ်ကောင်းနေလို့ပေါ့။”

ထိုသို့ပြောပြီးနောက် မေမေရှောင်သည်အချိန်ကို လှမ်းကြည့်လိုက်ကာ ညကိုးနာရီထိုးပြီးနေပြီဖြစ်တာကြောင့် ချက်ချင်းပင် ပြောလိုက်လေသည်။ “ယွီအာ၊ အရမ်းနောက်ကျနေပြီ။ ကိုယ်ဝန်ဆောင်မိခင်က ပိုပြီးအိပ်စက်ဖို့နဲ့ ကောင်းကောင်းအနားယူဖို့လိုတယ်။ ဒါမှသာ မွေးလာတဲ့ကလေးကလည်း ဉာဏ်ကောင်းပြီး လှပမှာ။”

ရှောင်လင်းယွီ, “….” မွေးလာသည့်ကလေး လှပအောင် မိခင်က ကောင်းကောင်းအိပ်စက်ရသည်ဟု သူမတစ်ခါမှမကြားဖူးပေ။ သို့သော်လည်း နောက်ဆုံးတော့ သူမလိုက်လျောခဲ့ရလေသည်။

…….

ရှောင်လင်းယွီနှင့် ရွာသူကြီး၏ တိုက်တွန်းမှုကြောင့် သခင်ကြီးကုန်းသည် ပန်းနှင့်အပင်များကို ဝယ်ယူခြင်းအား ရပ်တန့်လိုက်လေသည်။ အပင်များက ဒီအတိုင်းထားတာကြောင့် အမြစ်များပုပ်သွားကြသည်။ ရွာသားတော်တော်များများကလည်း အပင်တွေကို မစိုက်ချင်ကြတာကြောင့် ထိုသို့ဖြင့် ပန်းကူးစပ်ရောဂါမှ ကင်းစင်သွားတော့သည်။

ရွာသားများလည်း တဖြည်းဖြည်းနှင့် ပုံမှန်အေးချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားကြသည်။ ရံဖန်ရံခါမျှတော့ ကလေးများနှင့် အသက်ကြီးသူများသည် သူတို့ကံကိုစမ်းသပ်ဖို့ရန်အတွက် တောင်ပေါ်သို့သွားကြသေးလေသည်။

…….

“မင်းတို့မြင်လား။ လင်းယွီတို့မိသားစုက စတော်ဘယ်ရီပင်ပေါက်တွေက တော်တော်လေး ကောင်းကောင်းမွန်မွန်ကြီးထွားလာကြတယ်။ စတော်ဘယ်ရီပန်းဖြူဖြူလေးတွေတောင် ပွင့်နေပြီ။ ပန်းတွေကလည်း အများကြီးပဲ။ ကြည့်ရတာ အထွက်ကောင်းမယ့်ပုံပဲ။”

“သိတယ်၊ သိတယ်။ လွန်ခဲ့တဲ့နှစ်ရက်ကပဲ။ ရှောင်လင်းယွီက အပင်တွေပေါ်မှာ ပိုးကောင်နည်းနည်း ရှိနေတာကို သတိထားမိသွားတယ်လေ။ အဲ့ဒါနဲ့ သူက ပိုးကောင်တွေဖမ်းဖို့ လူငှားပြီး အဲ့ပိုးကောင်တွေကို ကြက်စာကျွေးပစ်တာ။ မြေ ၆မူက ပိုးကောင်တွေဖမ်းဖို့ လူ၂၀တောင် ငှားခဲ့တာလေ။”

“ပိုးသတ်ဆေးသုံးလိုက်ရင် ပိုမမြန်သွားဘူးလား။ ဘာလို့ လက်နဲ့ဖမ်းနေသေးတာလဲ။ ပင်ပန်းတာပဲရှိတာပေါ့။”

“မင်း ဘာသိလို့လဲ။ လင်းယွီက သူ့စတော်ဘယ်ရီတွေကို အော်ဂဲနစ်စစ်၊ ပိုးသတ်ဆေးလုံးဝမပါအောင်စိုက်မယ်လို့ ပြောထားတယ်လေ။”

“ပိုးသတ်ဆေးက အန္တရာယ်မဖြစ်ပါဘူး။ ဟုတ်တယ်မလား။” တစ်ယောက်က သံသယဖြင့် မေးလာသည်။ “ငါတို့တွေ ငါတို့စပါးခင်းတွေမှာ ပိုးသတ်ဆေးသုံးတာပဲ။ ပြီးတော့ အဲ့ဆန်တွေကို ငါတို့စားနေတာပဲလေ။”

“လင်းယွီက ငယ်ငယ်ကတည်းက အရမ်းကြိုးစားပြီး အကောင်းဆုံးလုပ်တဲ့သူ။ အရမ်းလည်း ဉာဏ်ကောင်းတယ်။ သူစိုက်တဲ့လယ်ဆိုမှတော့ ငါတို့နဲ့ ဘယ်တူပါ့မလဲ။”

“အဟုတ်ပဲ။ ငါတို့က ပိုးသတ်ဆေးဖြန်းလိုက်ပေမယ့် သူကတော့ ပိုးကောင်ဖမ်းဖို့ လူငှားလိုက်တယ်။”

“ဒါပေမယ့်… အဲ့ဒီလယ်က တကယ်ပဲ စတော်ဘယ်ရီ သီးနိုင်တာလား။”

“ငါတော့ ယုံတယ်။ မင်း အဲ့ပန်းဖြူဖြူလေးတွေကို မမြင်ဘူးလား။ ကောင်းကောင်းကြီး ပွင့်လန်းနေကြတာလေ။ သေချာပေါက် စတော်ဘယ်ရီသီးနိုင်တာပေါ့။”

….

ရှောင်လင်းယွီနှင့် မေမေရှောင်တို့သည် ပလက်စတစ်ပုံးနှစ်ပုံးကိုသယ်ကာ စတော်ဘယ်ရီတဲထဲသို့ ရောက်လာခဲ့သည်။ စိမ်းစိမ်းစိုစိုအပင်လေးများထက်တွင် အဖြူရောင်ပန်းပွင့်လေးများ ဖူးပွင့်နေသည်ကိုမြင်ပြီး သူမတို့ ပျော်ရွှင်စွာ ပြုံးလိုက်မိကြသည်။

မေမေရှောင်က၊ “ယွီအာ၊ အမေတို့ တကယ်ပဲ စတော်ဘယ်ရီစိုက်နိုင်တာလား။”

“သေချာတာပေါ့။” ရှောင်လင်းယွီက အခိုက်အမာပြန်ဖြေလိုက်သည်။ “အမေကလည်း ပန်းတွေကို မမြင်ဘူးလား။ မကြာခင် သေချာပေါက် အသီးတင်လာတော့မယ်။”

သို့သော်လည်း မေမေရှောင်သည် ရှောင်လင်းယွီကဲ့သို့ အကောင်းမြင်စိတ် ပြည့်လျှံမနေပေ။

“ယွီအာ၊ အမေတို့ရဲ့မြေအနေအထားက စတော်ဘယ်ရီပင်တွေအတွက် မသင့်တော်ဘူးလို့ကြားတယ်။ အသီးတင်ရင်တောင်မှ သေးသေးလေးနဲ့ ချဉ်တတ်တယ်တဲ့။”

ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “အမေ အရမ်းမစိုးရိမ်ပါနဲ့။ သမီးတို့ရဲ့စတော်ဘယ်ရီတွေက အရမ်းထူးခြားတယ်။ အမေ စောင့်သာ ကြည့်လိုက်။”

ထိုသို့ပြောပြီးနောက် သူမက အစိမ်းရောင်အပင်ပုလေးများကိုကြည့်ကာ ဆက်ပြောလိုက်သည်။ “အမေ၊ ဒီစတော်ဘယ်ရီပင်တွေရောင်းရင် သေချာပေါက် သန်းချီပြီးရမှာ။”

“ယွီအာ.. သမီး.. ဘယ်လောက်လို့ ပြောလိုက်တယ်?” မေမေရှောင် သူမနားကြားမှားနေသည်ဟု ထင်လိုက်မိသည်။ “သန်းချီ? ဒီစတော်ဘယ်ရီတွေကလေ?” သူမက အပင်များကို လက်ညိုးထိုးပြလိုက်သည်။

“ဟုတ်တယ်၊ အကြမ်းဖျင်းတွက်ကြည့်တာပေမယ့်၊ ခန့်မှန်းချေအမြတ်ကတင် ယွမ်၁သန်းဝန်းကျင်ရှိတယ်။”

မေမေရှောင် အံ့ဩလွန်းကာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ သူမထင်ထားသည်က ယွမ်သိန်းဂဏန်းလောက်အထိသာဖြစ်လေသည်။ ကုန်ကျစရိတ်များကို နှုတ်လိုက်ပါက သူမတို့အတွက် အသားတင်အမြတ်ငွေမှာ တစ်နှစ်ကိုမှ ယွမ်၄သောင်းလောက်သာ ရှိမည်ဟုပင်။ သို့သော်လည်း သူမသမီးက သူမ၏ပရောဂျက်ကနေ ယွမ်၁သန်းတောင် အမြတ်ရမည်ဟု ပြောလာခဲ့သည်။

စိုက်ပျိုးရေးနေရာလွတ်ကိုပဲ ကျေးဇူးတင်ရပေမည်။ သူရှိနေခြင်းကြောင့် ဤစတော်ဘယ်ရီပင်များ၏ ကုန်ကျစရိတ်ကို များစွာ လျှော့ချပေးနိုင်ခဲ့သည်။

မေမေရှောင်က၊ “ဒီပန်းတွေ တကယ်ပဲအသီးတင်ပါစေ။”

ရှောင်လင်းယွီ ပြုံးလိုက်သည်။ “အမေ၊ သမီးကို ကူပေးပါဦး။”

နှစ်ယောက်သား ရေကန်ဘေးသို့ လျှောက်လာခဲ့ကြသည်။ ရှောင်လင်းယွီသည် ရေကန်ထဲတွင် ပလက်စတစ်ပုံးနှစ်ပုံးကို ချထားလိုက်သည်။ အဝေးကကြည့်လျှင် ကန်ထဲကရေများကို ပုံးထဲသို့ထည့်နေသလို ထင်ရသော်လည်း တကယ်တမ်း ရှောင်လင်းယွီသည် နေရာလွတ်ထဲရှိ စမ်းရေများကို ထည့်နေခြင်းဖြစ်သည်။

ခဏလေးအတွင်းမှာပဲ ပုံးနှစ်ပုံးလုံး ရေအပြည့်ဖြစ်သွားတော့သည်။

မေမေရှောင်က ချက်ချင်းငုံလိုက်ကာ ကန်ထဲမှ ပုံးနှစ်ပုံးကို ထုတ်ယူလိုက်ပြီးနောက် စိုးရိမ်တကြီးမေးလိုက်သည်။ “ယွီအာ၊ သမီး အဆင်ပြေရဲ့လား။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “အမေ၊ သမီး အဆင်ပြေတယ်။” ထို့နောက် သူမက ရေသန့်ဗူးလွတ်လေးဗူးကို ထုတ်ကာ ရေပုံးထဲကရေများဖြင့် ဖြည့်လိုက်လေသည်။

သူမက နှစ်ဗူးကို သူမအမေထံပေးလိုက်ပြီး နောက်နှစ်ဗူးကိုတော့ သူမယူထားလိုက်သည်။ “အမေ၊ သမီး ဗူးအဖုံးထိပ်မှာ အပေါက်အသေးလေးတွေ ဖောက်ထားတယ်။ အမေ ဒါကို အရွက်တွေကို လိုက်ဖြန်းပေးရုံပဲ။”

မေမေရှောင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ “ယွီအာ၊ အရွက်ကိုပဲလား? အမြစ်ကို မဟုတ်ဘူးလား။”

“မဟုတ်ဘူး။” ရှောင်လင်းယွီ ချက်ချင်း ခေါင်းယမ်းလိုက်သည်။ သူမ ယခင်က စမ်းသပ်ခဲ့ဖူးပြီးဖြစ်လေသည်။ ရေက အမြစ်ကိုသာထိသွားပါက အပင်က အရမ်းကြီးသွားပေလိမ့်မည်။ သို့ပေမယ့် အရွက်ကိုဖြန်းသလိုမျိုးတွေ အကျိုးသက်ရောက်ရှိလိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် သူတို့အနေနှင့် အောက်အထိငုံ့ကာ မြေကြီးထိအောင် ရေဖြန်းပေးစရာ မလိုအပ်ပေ။

မေမေရှောင်က နားမလည်နိုင်ဖြစ်နေသော်လည်း ညွှန်ကြားချက်များအတိုင်းလိုက်နာကာ ရေဗူးနှစ်ဗူးကို လက်တစ်ဖက်စီတွင်ကိုင်ပြီး ဘေးနှစ်ဖက်မှ စတော်ဘယ်ရီပင်များအပေါ် ရေဖြန်းပေးလေသည်။ သူတို့အတွက် ရေကို အမြစ်ထိအောင်လောင်းဖို့မလိုပဲ အရွက်အပေါ်ပဲဖြန်းဖို့ လိုအပ်တာကြောင့် လုပ်ငန်းစဉ်က မြန်ဆန်နေခဲ့သည်။ ထို့ကြောင့် ရှောင်လင်းယွီသည် ဤအလုပ်အတွက် လူမငှားထားခဲ့ခြင်းဖြစ်ပေသည်။

သူမအနေနှင့် ရေဗူးကို အသာညှစ်လိုက်ရုံဖြင့် ရေများက အရွက်နှင့်ပန်းပွင့်များပေါ်သို့ ဖြန်းပြီးသားဖြစ်သွားပေမည်။ ဒါက အချိန်ရော လူရော သက်သာသည့် အလုပ်ပင်။ သူတို့အတွက် လယ်ထဲသို့ ခဏမျှပတ်လျှောက်ရုံသာဖြစ်သည်။ ဒါကြောင့် မကြာလိုက်ပါဘဲ အလုပ်ပြီးသွားတော့သည်။

“ယွီအာ၊ ပင်ပန်းနေလား။ ခဏလောက် နားချင်လား။” မေမေရှောင်က စိုးရိမ်နေခဲ့သည်။ သူမက ဘေးပတ်လည်ကိုကြည့်လိုက်ကာ၊ “သိပ်အများကြီး မကျန်တော့ဘူး။ အမေပဲ ဆက်လုပ်လိုက်မယ်။ သမီး ခဏနားလိုက်ဦး။”

“အမေ.. သမီးအဆင်ပြေပါတယ်။”

“မရဘူး၊ နားရမယ်။” မေမေရှောင်ကပြောပြီးသည်နှင့် ခုံတစ်ခုံယူလာကာ ရှောင်လင်းယွီကို ထိုင်ခိုင်းလိုက်သည်။ “ဟုတ်ပြီ၊ ဒီမှာထိုင်ပြီး ကောင်းကောင်းနား။ အမေ ကျန်တာ ဆက်ဖြန်းလိုက်ဦးမယ်။”

“အမေ၊ စတော်ဘယ်ရီတွေတင်မကဘူး ပဲပိစပ်နဲ့မြေပဲပင်တွေကိုလည်း သမီးတို့ လောင်းရဦးမယ်လေ။ အမေ့တစ်ယောက်တည်း အကုန်မလုပ်ခိုင်းနိုင်ပါဘူး။”

မေမေရှောင် မျက်မှောင်ကြုတ်လို့သွားသည်။ “မြေပဲနဲ့ ပဲပိစပ်တွေကိုလည်း ရေလောင်းချင်သေးတာလား။ ဒါပေမယ့် အဲ့အပင်တွေ ကြီးထွားဖို့အတွက် ရေတောင် လောင်းပေးဖို့ မလိုဘူးလေ။”

“ဒါက သူတို့အရသာကို ထူးကဲသွားအောင်လို့ပါ။” ရှောင်လင်းယွီက ဖြေလိုက်သည်။ “သမီးတို့ ပဲပိစပ်ကလုပ်တဲ့ ပဲပြားနဲ့ သမီးတို့ မြေပဲထုတ်တဲ့ မြေပဲဆီက မတူကွဲပြားနေမှာလေ။”

မေမေရှောင် မှင်သက်သွားပြီးနောက်မှတော့ ခေါင်းညိတ်လိုက်တော့သည်။ “ယွီအာက အဝေးကြီးအထိ တွေးထားတာကိုး။”

“ဒါပေါ့။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ သူမက သူမလည်ပင်းတွင်ဆွဲထားသည့် ကျောက်စိမ်းဆွဲပြားကို သူမအမေအားပြလိုက်ကာ စမ်းရေအကြောင်း အရိပ်အမြွက်ပြလိုက်သည်။ သူတို့ အပြင်ရောက်နေတာကြောင့် သေချာဂရုစိုက်ဖို့လိုလေသည်။ မေမေရှောင်၏မျက်ဝန်းများကျဉ်းမြောင်းသွားကာ ချက်ချင်းပင် အားလုံးကို နားလည်သွားတော့သည်။ “ဒါဆိုလည်း နေ့လည်ကျရင် သမီးအဖေကိုပါ ဆွဲခေါ်လာခဲ့မယ်။ ဒီအလုပ်က ပင်ပန်းတာလည်း မဟုတ်ဘူးလေ၊ သူလုပ်နိုင်ပါတယ်။”

ရှောင်လင်းယွီလည်း မငြင်းဆန်တော့ပေ။ “ဒါဆိုလည်း ကောင်းပြီလေ။”

စိုက်ပျိုးရေးနေရာလွတ်အကြောင်း ဖော်ထုတ်ပြီးသည့်နောက် ရှောင်လင်းယွီသည် သူမမိဘများကို စမ်းရေဖြင့်ရေချိုးကာ စမ်းရေကို သောက်စေခဲ့သည်။ သို့သော်လည်း လူအများ၏အာရုံကို မဆွဲဆောင်မိစေရန်အတွက် အကြိမ်တိုင်း အနည်းငယ်စီသာ အသုံးပြုခဲ့ကြသည်။ စမ်းရေက သူတို့ခန္ဓာကိုယ်အတွက် အကျိုးရှိတာကြောင့် ကျန်းကျန်းမာမာနေနိုင်ပေမည်။

နေ့လည်ပိုင်းတွင်တော့ ဖေဖေရှောင်လည်း ပါဝင်လာခဲ့သည်။ စတော်ဘယ်ရီပန်းများပွင့်ဖူးနေသည်ကိုမြင်ပြီး သူ ပျော်ရွှင်သွားသလို စိုးရိမ်ကာ အနည်းငယ် ကြောက်လန့်လာမိသည်။

သူပျော်ရွှင်သွားခြင်းက အပင်များကောင်းမွန်စွာကြီးထားနေခြင်းကြောင့်ဖြစ်ကာ စိုးရိမ်ခြင်းကတော့ ဒီပန်းပွင့်တွေက အသီးတင်ပါ့မလားဆိုတာကို မသိရခြင်းကြောင့်ပင်။ ကြောက်လန့်သွားခြင်းသည်တော့ အသီးမတင်တာ မဟုတ်ရင် တင်တဲ့အသီးတွေက သေးပြီးချဉ်နေမှာကို ကြောက်မိခြင်းပင်။

စတော်ဘယ်ရီသီးများ၏တန်ဖိုးကို သိလိုက်ရကတည်းက ဖေဖေရှောင်သည် မကြာခဏဆိုသလို စိုက်ခင်းသို့ လာကြည့်မိတော့သည်။ တခါတရံဆို သူက စိုက်ခင်းကိုကြည့်၍ ပြုံးနေကာ တခါတရံတွင်တော့ မျက်မှောင်ကြုတ်နေလိမ့်မည်။

“ယွီအာ၊ ဒီစတော်ဘယ်ရီတွေက တကယ်ကို ကောင်းကောင်းကြီးထွားနေကြတာပဲ။ အသီးတွေကလည်း သေချာပေါက် ကြီးပြီး ကောင်းလောက်တယ်။” ဖေဖေရှောင်ကပြောလိုက်သည်။ ထိုသို့ဖြင့် သူက နေ့တိုင်းကို ထိုသို့ပြောနေခဲ့တော့သည်။ ဘယ်သူကများ ငွေမလိုချင်ပါ့မလဲ။ လူတိုင်းက ကောင်းမွန်တဲ့အထွက်နှုန်းကိုပဲ ရချင်ကြတာပဲလေ။

ထို့နောက် သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဒီပန်းတွေကနေ အသီးသီးဖို့ဆို ဘယ်လောက်ကြာမှာလဲ။”

ရှောင်လင်းယွီ ခေါင်းခါလာခဲ့သည်။ “သမီးလည်း မသေချာဘူး။ ပုံမှန်ဆို ပြောကြတာတော့၊ ပန်းပွင့်တာကနေ ရင့်မှည့်ဖို့ ရက်၃၀လောက်ကြာတယ်တဲ့။ ဒါပေမယ့် သမီးတို့ရဲ့စတော်ဘယ်ရီတွေက ထူးခြားတယ်လေ၊ ဒီတော့ အဲ့လောက် မကြာလောက်ဘူး။”

“ဒါပေမယ့် ဘယ်လောက်ကြာနိုင်လောက်လဲ။” ဖေဖေရှောင်က စိတ်လှုပ်ရှားစွာမေးလိုက်သည်။

“ငါးရက် ဆယ်ရက်လောက်ပေါ့။” ရှောင်လင်းယွီ ခေါင်းအသာယမ်းလိုက်သည်။ “သုံးရက်လောက်နဲ့လဲ ဖြစ်နိုင်တယ်။”

“ဒါဆို အဖေတို့ ဝယ်သူရှာနိုင်ပါ့မလား။” ဖေဖေရှောင် စိုးရိမ်သွားသည်။ “စတော်ဘယ်ရီတွေက ဒီလောက်အများကြီးကို။ အဖေတို့သာ မရောင်းနိုင်ရင် ပုပ်ကုန်လိမ့်မယ်။”

ရှောင်လင်းယွီ ခဏမျှတွေးလိုက်ပြီးနောက်၊ “အဖေ အဲ့လိုဖြစ်မှာမဟုတ်ပါဘူး။ ဒါကို မေ့သွားပြီလား။” သူမက သူမရင်ဘက်က ကျောက်စိမ်းဆွဲပြားကို ညွှန်ပြလိုက်သည်။ “ဒါနဲ့ဆို တစ်သက်လုံးလတ်ဆတ်နေအောင် ထိန်းသိမ်းထားလို့ရတယ်။”

“အိုး ဟုတ်သားပဲ။” ဖေဖေရှောင် သူ့ခေါင်းသူ ရိုက်လိုက်ကာ… “အဲ့ဒါကို မေ့သွားတယ် ကြည့်စမ်း။” ထိုသို့ဖြင့် သူ၏အကောင်းမြင်စိတ်က ပြန်ရောက်လာခဲ့သည်။

***

စာစဉ် ၁၀ ပြီးပါပြီ။

All Chapters