← Chapters

အဆိပ်ကဝေ (၃)

Vol. 2 Ch. 87

အဆိပ်ကဝေ (၃)

Vol. 2 Ch. 87

သီရာနဲ့လူသတ်သမားအကြောင်း ဆွေးနွေးပြီးနောက်မှာ ကျွန်မတို့ အိမ်ကို ညနေစောင်းမှ ပြန်လာခဲ့တယ်။

ဒါပေမဲ့ လေဒီမာရီယာရဲ့အိမ်တံခါး​ကို ဖြတ်ပြီးဝင်တယ်ဆိုရုံ ရှိသေးတယ်။ ကျွန်မမျက်လုံးတွေ အမှောင်ကျသွားပြီးတော့ တစ်​​ယောက်ယောက်က ကျွန်မမျက်လုံးတွေကို နောက်ကနေ လက်နဲ့ပိတ်ထားတာ။

“ဟေး၊ အချောလေး။ ဘယ်သူရောက်နေလဲဆိုတာ ခန့်မှန်း ကြည့်လိုက်လေ။”

မိန်းကလေးတစ်ယောက်ရဲ့အသံဖြစ်ပြီး လေသံက အာလေးလေးရှာလေးလေးနဲ့။ ဗော့တကာအရက်နံက တထောင်းထောင်းဖြစ်နေတဲ့အပြင် အသံကိုကြားတာနဲ့ မှတ်မိနေပြီးသားမလို့ ဘယ်သူလဲ ကျွန်မ တန်းသိပြီးသား။

“နာတာရှာမဟုတ်လား၊ ပြင်သစ်ကိုပြန်သွားမယ်ဆိုပြီး ဘယ်လိုလုပ် တူရကီကို ရောက်နေတာလဲ။”

ကျွန်မက မှန်အောင်ခန့်မှန်းမိလိုက်လို့လားမသိ။ နာတာရှာက ကျွန်မ မျက်လုံးကိုပိတ်ထားတဲ့ လက်တွေကို ဖယ်​ပေးတယ်။ ဒါပေမဲ့ လက်တစ်ဖက်ကတော့ ကျွန်မလည်ပင်းကို သိုင်းပြီး ဖက်ထားတုန်းပဲ။ လက်ထဲမှာတော့ ဗော့တကာအရက် တစ်ပုလင်း။

“ခွင့်ရက်က အကြာကြီးမရဘူးလေ။ ရုတ်တရက်ကြီး အလုပ်ကိစ္စပေါ်လာလို့ ဒီကိုရောက်နေတာ။”

“ဒါပေမဲ့ တူရကီက ဥရောပသမဂ္ဂအဖွဲ့ဝင်မှမဟုတ်တာ။”

ကျွန်မက နာတာရှာကို ဒီနေရာက သူတာဝန်ကျတဲ့အထဲ ပါတဲ့နေရာမဟုတ်တဲ့အကြောင်းပြောတော့ သူက ဟက်ဟက် ပက်ပက်ရယ်မောလိုက်ပြီး...

“မတတ်နိုင်ဘူးလေ၊ ဘော့စ်က လွှတ်တော့လည်း လာရတာပေါ့။” ဒါပေမဲ့ သူ့မျက်လုံးတွေက ပြုံးမနေဘူးရယ်။

‘လမ်းမှာ သီရာပြောတဲ့ကိစ္စနဲ့များ ပတ်သက်နေမလား။' နာတာရှာက အသေးစိတ်ပြောချင်တဲ့ပုံမရပေမဲ့ ကျွန်မက စဥ်းစားပြီး ခန့်မှန်းကြည့်လိုက်တာ။ အဲဒီလူသတ်မှုတွေရဲ့ တရားခံက ဥရောပသမဂ္ဂနဲ့တစ်ခုခု သက်ဆိုင်နေတာမျိုးဆိုရင် နယ်မြေ ဖြတ်ကျော်လှုပ်ရှားရတာမျိုး ရှိနေနိုင်တယ် မဟုတ်လား။

ဒါနဲ့ အဲဒီအကြောင်းကို ကျွန်မဆက်မမေးတော့ဘူး။ နက်ဆန်ကို ကျွန်မရှာဖို့ဆုံးဖြတ်လိုက်ပေမဲ့ သိပ်ပြီး ရှည်ရှည်ဝေးဝေး မရှာလိုက်ရပါဘူး။ သူက ဧည့်ခန်းထဲ ထိုင်ပြီးတော့ စာဖတ်နေတယ်။ သူနဲ့ဆန့်ကျင်ဘက်မှာက လေဒီမာရီယာရှိနေပြီး စားပွဲပေါ်မှာတော့ နောက်ထပ် စာရွက်စာတမ်းတွေ အပုံလိုက်။

“ရှင်တို့ ဘာလုပ်နေကြတာလဲဟင်။” ကျွန်မက မေးတော့ စာကြည့်မျက်မှန်တပ်ထားပြီး နက်ဆန်အတွက် ကူညီပြီး အချက်အလက်တွေ ရှာပေးနေတဲ့ မာရီယာက ကျွန်မကို မော့ကြည့်လိုက်တယ်။

“အရှင့်သားက ဟောဒီက ကျွန်တော်မျိုးမ အုပ်ချုပ်တဲ့ နယ်ပယ်အတွင်းက ကိစ္စရပ်တွေကို နားလည်ချင်လို့ မှတ်တမ်းတွေ ယူဖတ်နေတာလေ။”

ကျွန်မလည်း စပ်စုတဲ့အနေနဲ့ နက်ဆန့်ပခုံးပေါ်ကနေ ကျော်ပြီးတော့ စာတွေကို ကဲဖတ်ကြည့်ဖို့ ကြိုးစားပေမဲ့ ရေးထားတာက လက်တင်လိုတွေချည်း ဖြစ်နေတာမလို့ နားကိုမလည်နိုင်ဘူးရယ်။

“ဒီစာရွက်စာတမ်းတွေက အသစ်တွေမဟုတ်လားဟင်။ ဘာလို့ လက်တင်လို ရေးထားတာလဲ။” ကျွန်မက စပ်စုတော့ မာရီယာက နှုတ်ခမ်းကို လက်နဲ့ကာကာ ကျက်သရေရှိစွာ ရယ်မောရင်း...

“မင်းလို စပ်စုတတ်တဲ့ အပြင်လူတွေရန်က ကာကွယ်ဖို့ပေါ့။ ဂန္တဝင်လက်တင်စာနဲ့ရေးထားတာမလို့ ဘုရားကျောင်းသုံး လက်တင်စာတတ်ရင်တောင်မှ နည်းနည်းပါးပါးပဲ ဖတ်လို့ရမှာ။”

ဒီတော့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းတဲ့အနေနဲ့ သေဆုံးလုနီးနီး ဘာသာစကားတစ်ခုကို သူတို့တွေက အသုံးပြုကြတာပေါ့။

ငါးမိနစ်လောက် ကြာပြီးချိန်မှာတော့ နက်ဆန်က သူရှာတာ မတွေ့တဲ့ပုံနဲ့ စာအုပ်ကိုပိတ်လိုက်ပြီး မျက်လုံးနှစ်လုံးကြားက နဖူးကြောနေရာကို လက်နဲ့ဖျစ်ညှစ်ထားလိုက်တယ်။

“ဒါနဲ့၊ နက်ဆန်။ ကျွန်မ လမ်းမှာ သတင်းတစ်ခုရလာတယ်။”

ကျွန်မက လက်နှစ်ဖက်ကိုနောက်ပစ် တင်ပါးပေါ်တင်ပြီး ပြောလိုက်တော့ သူက ထူးမခြားနားပုံစံနဲ့ မော့ကြည့်တယ်။ ကြည့်ရတာ သတင်းကောင်းဖြစ်ပုံမပေါ်ဘူးလို့ တွေးတဲ့ပုံပဲ။ လေဒီမာရီယာက အဓိပ္ပါယ်ပါပါနဲ့ နှုတ်ခမ်းကို ကော့ညွှတ်တဲ့အထိ ပြုံးလိုက်ပြီး ခန်းမထဲကနေ အသာလေး ထွက်ခွာသွားပါတယ်။

“အာရာ့... မင်းတို့နှစ်ယောက် ကြိုက်သလိုအချိန်ဖြုန်းကြပါ။ တို့ကတော့ လုပ်စရာလေးရှိလို့ သွားလိုက်ဦးမယ်။” ဟင်နရီလည်း မာရီယာကို ဦးညွှတ်လိုက်ပြီး နောက်ကနေ လိုက်တယ်။

နာတာရှာကတော့ အခန်းထဲက ထွက်သွားတဲ့ မာရီယာကို ကြည့်လိုက်ရင်း လက်ထဲက အရက်ပုလင်း လွတ်ကျတဲ့ အချိန်အထိ ရယ်မောတော့တာပဲ။

“ကြည့်ရတာ လေဒီမာရီယာတော့ တတိယဘီး မဖြစ်ချင်လို့ ထွက်ပြေးသွားတဲ့ပုံပဲ။”

အဲဒီစကားကိုလည်းကြားရော နာတာရှာရဲ့ဘေးမှာရပ်နေတဲ့ အိုလီရာနာက လက်ကိုပိုက်လိုက်ရင်း မကျေနပ်တဲ့လေသံနဲ့ အခုလိုပြောလာတယ်။ “နာတာရှာ၊ နင်ဆိုလိုတာက နင်နဲ့ငါက စတုတ္ထဘီးနဲ့ ပဥ္စမဘီးပေါ့လေ။”

“....” မရယ်ရတဲ့ အိုလီရာနာရဲ့ဟာသကြောင့် ကျွန်မတို့တွေ အားလုံး အသေးလေးကို ဝိုင်းကြည့်လိုက်မိကြတယ်။ ကျွန်မက အိုလီရာနာကို ဘယ်လိုလစ်လျူရှုရမလဲ သိနေပြီ ဖြစ်တာကြောင့် နက်ဆန့်ရှေ့က လွတ်နေတဲ့ ခုံမှာဝင်ထိုင်ပြီး ကျွန်မသိခဲ့ရတဲ့ အကြောင်း ပြန်ဖောက်သည်ချခဲ့တယ်။

“ဒီတော့... မင်းက သီရာနဲ့တွေ့ခဲ့တယ်ပေါ့။ ပြီးတော့ မင်းက ငါ့ကို သူတို့ကိစ္စမှာ ဝင်ကူပေးစေချင်တာလား။ မဖြစ်နိုင်ဘူး။ သေဆုံးသွားတဲ့လူတွေအတွက် စိတ်မကောင်းပေမဲ့ ဒါက ဘုရားကျောင်းရဲ့နောက်ထပ် ထောင်ချောက်တစ်ခုလည်း ဖြစ်နေနိုင်တယ်။ အရင်တစ်ခါ သူတို့ကို ငါတို့ကူခဲ့တုန်းက ဘာဖြစ်ခဲ့လဲ မှတ်မိလား။”

ကျွန်မ အိုလီရာနာကို လှည့်ကြည့်လိုက်မိတယ်။ အဲဒီတုန်းက နက်ဆန်မှာသာ အိုလီရာနာကို ဖြေရှင်းနိုင်တဲ့ မှော်အစီအရင် ပိုင်ဆိုင်မထားခဲ့ရင် ကျွန်မတို့အားလုံး သေနေလောက်ပြီ။

“ဒါပေမဲ့ အပြစ်မရှိတဲ့သူတွေ သေနေတာလေ။”

ကျွန်မက သူ့ကိုဖျောင်းဖျဖို့ ကြိုးစားပေမဲ့ နက်ဆန်ကတော့ ခေါင်းခါလိုက်ပြန်တယ်။ “ဘုရားကျောင်းက မင်းမြင်ရသလောက် အားမနည်းဘူး ဆယ်ဗီ။ သူတို့က ကျောင်းခြောက်ကျောင်းလုံးပေါင်းတာထက်တောင် သန်မာကောင်း သန်မာနိုင်တယ်။ ဒီနေရာက သူတို့ဌာနချုပ် ရှိတဲ့နေရာ။ ဒီလိုကိစ္စအသေးအဖွဲမျိုးကို သူတို့ဘာသာ မဖြေရှင်းနိုင်ဘဲတော့ မနေဘူး။”

နာတာရှာကလည်း ခေါင်းညိတ်လိုက်တယ်။ “EUOCရဲ့ အရာရှိတစ်ယောက်အနေနဲ့ပြောရရင် ဒီတစ်ခါတော့ နက်ဆန် လက်ရှောင်နေသင့်တယ်လို့မြင်တယ်။ ဒီကိစ္စမှာ ဝင်ကူရင် အကောင်းမြင်ခံရမယ့်အစား အဆိုးမြင်ခံရဖို့ ပိုပြီးတော့ များတယ်။ သူတို့နယ်ပယ်ထဲမှာ သူတို့ကိုအရှက်လာခွဲတယ်လို့ မြင်ကောင်းမြင်နိုင်သလို ဒီကိစ္စတွေက အမှောင်ကျောင်းနဲ့ ဆက်စပ်မှုရှိနေလို့ တရားခံကို နှုတ်ပိတ်ဖို့ကြိုးစားတာ ဆိုပြီးတော့ စွပ်စွဲခံရတာမျိုးလည်း ဖြစ်နိုင်တယ်။ အဆိုးဆုံး အနေနဲ့က နက်ဆန်ကို ဒီကိစ္စရဲ့တရားခံအဖြစ် ဆွဲသွင်းနိုင်တာပဲ။”

ဒီတော့ ဝင်ပါလိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုပြီးတော့ များနေတာပေါ့။ နက်ဆန်က သက်ပြင်းချရင်း “ဒါပေမဲ့ ဒီကိစ္စကို ငါက ဒီအတိုင်းလစ်လျူရှုထားမယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။”

နက်ဆန်ရဲ့ထူးဆန်းတဲ့စကားကြောင့် ကျွန်မတို့ သူ့မှာ အဖြေတစ်ခုခုရှိနေလားဆိုပြီး ကြည့်လိုက်ပေမဲ့ သူက အသေးစိတ် ပြောမပြချင်ပုံပါပဲ။ ကျွန်မမှာပြောစရာ ကုန်သွားပြီးတဲ့နောက် စကားဝိုင်းက တိတ်ဆိတ်သွားတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ နာတာရှာက တိတ်ဆိတ်မှုကို ဖြိုခွငိး လိုက်ပါတယ်။

“ဒါနဲ့နက်ဆန်၊ ကျွန်မသိသလောက်ဆိုရင် ရှင်အခုအထိ ဘုရားကျောင်းက ရေစင်ကိစ္စကို စုံစမ်းနေတုန်းပဲမလား။ EUOCက ဘုရားကျောင်းထဲမှာ သူလျှိုတချို့ရှိနေတော့ ကူညီနိုင်တာရှိရင် ကူညီပေးမယ်လေ။”

နက်ဆန်က အတွေးနက်သွားတဲ့ပုံစံနဲ့ မျက်စိကို မှေးထား လိုက်တယ်။ ကျွန်မတို့ ကွန်စတန်တီနိုပယ်ကို လာခဲ့ရတဲ့ အကြောင်းအရင်းက ဒူလာဟမ်ကျိန်စာကို ဖြေနိုင်မယ့် ဘုရားကျောင်းရဲ့ရေစင်ကို လိုချင်တာပါ။ ဒါပေမဲ့ ရန်သူတွေ ဖြစ်နေတော့ ဒီအတိုင်းတောင်းလို့ရမယ့်ပုံမပေါ်ဘူး။

“ကောင်းပြီလေ။ အချိန်ကုန် သက်သာတာပေါ့။”

နက်ဆန်က သဘောတူလိုက်တော့ နာတာရှာက အသိအမှတ် ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ ကျွန်မတို့တွေ စကားစမြည်ဆက်ပြောဖြစ်ကြပေမဲ့ သိပ်ပြီး အရေးမကြီးလှတဲ့ အကြောင်းအရာတွေပါ။ ညနက်လာတဲ့ အချိန်မှာတော့ ကျွန်မတို့တွေအားလုံး ကိုယ့်အခန်းကိုယ် ပြန်ဖြစ်ခဲ့ကြတယ်။

ဒါပေမဲ့ ညလယ်လောက်ကျတော့ အပြင်ဘက်နေပြီးတော့ ဆူဆူညံညံ အသံတွေကြားရလို့ ကျွန်မ အိပ်ချင်မူးတူးနဲ့ မျက်လုံးကို ပွတ်သပ်ရင်း ထလိုက်တယ်။

“ဘာတွေဖြစ်နေတာလဲ။” ကျွန်မ ရေရွတ်လိုက်မိတော့ ကြိုတင်ပြီး နိုးနေပြီးသားဖြစ်တဲ့ အိုလီရာနာက လက်ညိုးကို သူ့နှုတ်ခမ်းပေါ်တင်ပြီး တိတ်တိတ်နေဖို့ အချက်ပြတယ်။

“ရှူး... ကြည့်ရတာ အိမ်ထဲကို တစ်ယောက်ယောက် ကျူးကျော်ဝင်ရောက်နေပုံပဲ။”

အဲဒါကြောင့် ကျွန်မစိုးရိမ်သွားပြီး ပြတင်းပေါက်ကိုဖွင့်ကာ အပြင်ကိုကြည့်လိုက်တော့ တကယ်ပဲ... အနက်ရောင် ခြုံလွှာကြီးခြုံထားတဲ့ လူတစ်ယောက်က စံအိမ်ခေါင်မိုးပေါ်မှာ ပြေးနေပြီး အဲဒီလူနောက်ကနေ အိမ်တော်ထိန်း ခြောက်ယောက်က ဝိုင်းလိုက်နေပါတယ်။

အိမ်တော်ထိန်းတွေထဲမှာ ဟင်နရီလည်းပါပြီး သူ့လက်ထဲ ခေါက်ယပ်တောင်တစ်ချောင်းရှိနေတယ်။ “လေစိမ်းဓားချက်။”

သူက အဝေးမှာရှိနေတဲ့ ကျွန်မတို့တောင်ကြားနိုင်တဲ့ ဂါထာတစ်ခုကို ရွတ်လိုက်ရင်း ကျူးကျော်သူကို ယပ်တောင်နဲ့ ညွန်ပြလိုက်တယ်။ လေဓားချက်တစ်ခုက ချက်ချင်းပဲ အဲဒီလူဆီ ပြေးဝင်သွားပေမဲ့ အဲဒီလူက အသာအယာ ရှောင်လိုက်တာကြောင့် ဝတ်ရုံစကိုပဲ ထိသွားတယ်။ ဝတ်ရုံ နည်းနည်းပြဲသွားတာကလွဲလို့ ဘာမှမဖြစ်သွားဘူး။

လူရိပ်ကလည်း မှောင်နှင်တံကို ဝေ့ယမ်းလိုက်ပြီး သူ့ကို မီးခိုးလွှာတစ်ခုက ဖုံးအုပ်သွားတယ်။ ဟင်နရီက သူတို့ အမြင်ကိုဖုံးကွယ်လိုက်တဲ့ မီးခိုးလွှာကို ခေါက်ယပ်တောင်နဲ့ ဖယ်ရှားလိုက်ပေမဲ့ မီးခိုးတွေ ရှင်းလင်းသွားတဲ့ အချိန်မှာ ဘယ်သူ့ကိုမှ မတွေ့ရတော့ဘူး။

“ သူခိုး လွတ်သွားတာလား။” ကျွန်မ တွေးလိုက်မိတယ်။ ဆီနိတ်တာတစ်ယောက်အိမ်ကို ကျူးကျော်ဝင်ရောက်ပြီး ခလုတ်မထိ ဆူးမညိဘဲ ထွက်သွားနိုင်တဲ့သူခိုးက အတော် အရည်အချင်းရှိတယ်လို့ ကျွန်မတွေးလိုက်မိတယ်။ ပြီးတော့ မှော်ပညာလည်းတတ်နေသေးတယ်။

“အိုလီရာနာ၊ မှော်ဂါထာတွေက မရွတ်ဆိုဘဲနဲ့လည်း အသက်သွင်းလို့ရတာလား။” ကျွန်မက အဲဒီသူခိုး မီးခိုးလွှာကို ဂါထာမရွတ်ဘဲ ဖန်တီးလိုက်တာကိုမြင်တော့ မေးလိုက်တယ်။ အိုလီရာနာကလည်း ခေါင်းညိတ်လိုက်ပြီး

“အင်း၊ ကျွမ်းကျင်မှုအဆင့်မြင့်တဲ့ မှော်ပညာရှင်တွေက အဲဒီလိုမျိုးလုပ်နိုင်တယ်။ မှော်ဂါထာကြီးတွေကို ဂါထာမရွတ်ဘဲ ဖန်တီးဖို့ခက်တယ်ဆိုပေမဲ့ အသေးစား ဂါထာတွေဆိုရင်တော့ လူတော်တော်များများက အဲဒီလို လုပ်နိုင်ကြတယ်။ ဂါထာမရွတ်ရလို့ မှော်သုံးတဲ့နေရာမှာ ပိုမြန်ပေမဲ့ စွမ်းအားတစ်ဝက်လောက် ကျဆင်းသွားတတ်တာ မျိုးကလွဲလို့ပေါ့။”

“အဲဒီလိုလား...” ကြည့်ရတာ ဒီနေ့လည်း အသစ်တစ်ခုကို သင်ကြားလိုက်ရပြန်ပြီနဲ့တူတယ်။

“ပြီးတော့ အဲဒီလိုလုပ်ရင်ရတဲ့ နောက်ထပ်အကျိုးကျေးဇူး နောက်တစ်ခုလည်းရှိသေးတယ်။”

အိုလီရာနာက ဒီအကြောင်း ကျွန်မကိုရှင်းပြနေတာ ပြီးသေးတဲ့ပုံ မပေါ်ပါဘူး။ သူက နောက်ဆက်တွဲတစ်ခုကိုပါ ထပ်ပြီးရှင်းပြပါတယ်။

“ မှော်ပညာအသုံးပြုသူရဲ့နောက်ခံ အချက်အလက်တွေကိုပါ ဖုံးကွယ်နိုင်တယ်လေ။”

မှော်ဂါထာမရွတ်ဘဲ မှော်သုံးတာက ရုပ်ဖျက်တဲ့နေရာမှာပါ အသုံးဝင်တာလား။ ဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာ ကျွန်မ စဥ်းစားကြည့်လို့မရပေမဲ့ အိုလီရာနာကလည်း ကျွန်မကို နားလည်ဖို့ မျှော်လင့်ထားပုံမပေါ်ဘူး။

“ လူပိန်းနားလည်အောင် ပြောရရင်တော့... သူတို့သုံးတဲ့ မှော်ပညာအရင်းအမြစ်ကို ဖုံးကွယ်နိုင်တာပဲ။ ကမ္ဘာမှာက မှော်ကျောင်းပေါင်းများစွာရှိတာမလို့ တူညီတဲ့ မှော်စွမ်းအင် သက်ရောက်မှုမျိုးရှိတဲ့ မှော်ဂါထာတစ်ခုအတွက် မတူညီတဲ့ ဂါထာစာသားပေါင်းများစွာ ရှိနေနိုင်တယ်။

ဥပမာအနေနဲ့ ဥရောပက မှော်ကျောင်းခြောက်ကျောင်းက လက်တင်ဘာသာစကားကို ကြားခံအနေနဲ့သုံးပြီး မှော်ဂါထာတွေကို ဖန်တီးကြတယ်။ ဒီတော့ မှော်ဆရာက လက်တင်ဘာသာနဲ့ မှော်ဂါထာကိုအသက်သွင်းရင် ကျောင်းခြောက်ကျောင်းကမှန်း တန်းသိနိုင်မယ် မဟုတ်လား။”

အိုလီရာနာရှင်းပြတာ အတော်လေးရှည်တယ်။ သူက စကားကို အဲဒီနားမှာ ခဏလောက်ရပ်ထားလိုက်ပြီး အသက်ကို ဝဝရှုလိုက်တယ်။ ပြီးမှ ဆက်ရှင်းပြတယ်။

“ဒါပေမဲ့ တခြားကမ္ဘာ့နေရာဒေသတွေမှာတော့ လက်တင် ဘာသာကိုကြားခံအနေနဲ့မသုံးတဲ့ ပုံစံတူ မှော်ဂါထာတွေ ရှိနေဦးမှာပဲ။ ဥပမာအနေနဲ့ ဗြိတိသျှပင်နီဆူလာပေါ်က မှော်ကျောင်းလေးတွေက ဆဲလ်တစ်၊ အိန္ဒိယမှာဆိုရင် ပါဠိ၊ ဂျပန်မှာဆိုရင် ဂျိုဒိုင်းနီဟွန်းဘာသာ စသည်ဖြင့်ပေါ့။”

အိုလီရာနာ ပြောချင်နေတာက ကျွန်မတို့မြင်ခဲ့ရတဲ့ ကျူးကျော်သူက သူ့ကိုယ်သူ ဘယ်ကလာတဲ့သူလဲ မပေါ်အောင်လို့ တမင်သက်သက် ဂါထာမဲ့မှော်ကို သုံးခဲ့တာလို့ ပြောချင်တာလား။

ဒေါက်... ဒေါက်... ဒေါက်...

အပြင်ဖက်ကနေ တံခါးခေါက်သံကြားလို့ တံခါးက မှန်ဘီလူးကနေတစ်ဆင့် အပြင်ကိုကြည့်လိုက်တော့ လေဒီမာရီယာနဲ့နာတာရှာတို့ကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ တံခါးကို တစ်ဝက်လောက်ဟပြီး သူတို့ကို ကြည့်လိုက်တော့ လေဒီမာရီယာက...

“စိတ်မပူပါနဲ့၊ ဒီည စံအိမ်ထဲကို သူခိုးဝင်လာလို့ အိမ်က ဧည့်သည်တွေ လုံခြုံရဲ့လား လာကြည့်တာပါ။ ဒါနဲ့ နက်ဆန်ရော ဘယ်ရောက်နေတာလဲဟင်။ သူ့ကို သူ့အခန်းမှာ မတွေ့မိလို့လေ။”

နက်ဆန်က သူ့အခန်းမှာ ရှိမနေဘူးဆိုတဲ့ စကားကြောင့် ကျွန်မ အံ့ဩသွားမိတယ်။ ဒါကြောင့် ပါးစပ်ကိုဟလိုက်ပြီး တစ်ခုခုပြောလိုက်ပေမဲ့ ကျွန်မနောက်ကနေ ထင်မထားတဲ့ လူတစ်​​ယောက်ရဲ့အသံကို ကြားလိုက်ရတယ်။

“ကျွန်တော် ဒီမှာပါ။”

ကျွန်မ နောက်ကိုလှည့်ကြည့်လိုက်တော့ ကိုယ်တော်ချောက ကြယ်သီးအပြည့်မတပ်ရသေးတဲ့ ရှပ်အင်္ကျီနဲ့ရှိနေပြီးတော့ အခန်းအလယ်မှာ ရပ်နေတယ်။ ဝမ်းဗိုက်က ကြွက်သား အပြည့်ကိုတောင် မြင်နေရသေးတယ်။ ဒါကြောင့် ကျွန်မဆွံအပြီး ဘာပြောရမှန်းမသိတော့ဘူး။

“အိမ်ထဲကို ကျူးကျော်လာတဲ့သူရှိတယ်ဆိုလို့ ဆယ်ဗီ ကြောက်မနေအောင် ဒီကိုလာပြီး နှစ်သိမ့်ပေးတာလေ။”

အဲဒီစကားကိုကြားတော့ မာရီယာနဲ့အတူပါလာတာတဲ့ နာတာရှာက တစ်ခုခုကို သဘောပေါက်သွားဟန်နဲ့ ပါးစပ်ကို ဟပြီးတော့ ‘ဝိုး...’လို့ အသံပြုလိုက်တယ်။ အဲဒီနောက်တော့

“ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒီအစ်မကြီးက နင်တို့သုံးယောက်ကို မနှောင့်ယှက်တော့ပါဘူး။ သွားတော့မယ်နော်....”

‘အစ်မကြီး၊ ရှင်ဘယ်ကနေဘယ်လို အထင်လွဲသွားမှန်း မသိပေမဲ့ ဒီကိစ္စက အဲဒီလိုမဟုတ်ဘူးနော်။'

စိတ်မကောင်းစွာနဲ့ နာတာရှာက ကျွန်မရဲ့ရင်တွင်းဖြစ် စကားသံတွေကို ကြားမသွားဘူး။ မာရီယာကတော့ ဘာမှမပြောချင်လောက်အောင် စိတ်ပျက်နေတဲ့ပုံစံနဲ့ ကျွန်မတို့ကို ရုပ်တည်ကြီးနဲ့ကြည့်ရင်း နက်ဆန်ကို ဦးညွှတ်လိုက်တယ်။

“ဒါဖြင့်ရင် ကျွန်တော်မျိုးမကို သွားခွင့်ပြုပါဦး အရှင့်သား။” ဆိုပြီး တံခါးကိုပိတ်ကာ လှည့်ထွက်သွားတယ်။ ကျွန်မ နက်ဆန်ကို လှည့်ကြည့်လိုက်မိတယ်။ တစ်ကိုယ်လုံး ထူပူနေပြီးတော့ ဖြစ်နိုင်ရင် အဲဒီကောင်စုတ်ကို အမှုန့်ကျိတ်ပစ်ချင်နေတာ။

“ဒီမယ်ကိုအဟွာ၊ ရှင်က ဘယ်ကနေဘယ်လို ကျွန်မ အခန်းထဲကို ရောက်လာရတာလဲ။”

“အရိပ်ခရီးသွားပြီးတော့လေ။” စိတ်ပျက်စရာကောင်က သူ့အပြစ်သူ မသိမြင်သေးတဲ့အတွက် ကျွန်မလည်း စိတ်မထိန်းနိုင်တော့ဘဲ စာကြည့်စားပွဲက ထိုင်ခုံကို လက်နှစ်ဖက်နဲ့ မနိုင်မနင်းမလိုက်တယ်။ နက်ဆန်က အဲဒီအပြုအမူကြောင့် လန့်သွားဟန်နဲ့ အခန်းထောင့်ကို ကပ်သွားပြီး...

“ဆယ်... ဆယ်ဗီ၊ မင်းမှားမယ်နော်။ ငါရှင်းပြ....”

“ဘာမှရှင်းပြမနေနဲ့တော့။ ရှင်လုပ်တာနဲ့ ကျွန်မရဲ့ မရှိမဲ့ရှိမဲ့ ဂုဏ်သိက္ခာလေးတွေတော့ ကုန်ပါပြီ။”

All Chapters