← Chapters

အဆိပ်ကဝေ (၄)

Vol. 2 Ch. 88

အဆိပ်ကဝေ (၄)

Vol. 2 Ch. 88

နောက်တစ်နေ့ နေ့လယ်ပိုင်းရောက်တော့ နာတာရှာက တစ်ခုခုထူးခြားတဲ့ သတင်းရလာတဲ့ပုံစံနဲ့ ကျွန်မတို့ကို လာတွေ့ပါတယ်။ နက်ဆန်ကလည်း သူ့ကိုအခန်းထဲ ခေါ်လာပြီးတော့ တခြားသူတွေမသိမြင်စေဖို့အတွက် အခန်းထဲမှာ မှော်ဂါထာတစ်ခုသုံးလိုက်တယ်။

“ကျွန်မတို့သူလျှိုက ဘုရားကျောင်းထဲကနေပြီး ရေစင် တစ်ငုံစာကို ခိုးထုတ်လာနိုင်တယ်။ တကယ့်ကို နည်းနည်းပဲ ဆိုပေမဲ့ ရှင့်ကျိန်စာကို ဖြေနိုင်ဖို့တော့ လုံလောက်မှာပါ။”

ဒီအတွက် ကျွန်မအတော် အံ့ဩမိသွားတယ်။ EUOCလို အဖွဲ့အစည်းမျိုးက ဒီလောက်လုပ်နိုင်မယ်လို့ ထင်မထားဘူး။ ဒါပေမဲ့ အခုဆိုရင် သူတို့ရဲ့အကူအညီကြောင့် ကျွန်မတို့တွေ သိပ်ပြီးဒုက္ခခံစရာမလိုတော့ဘူး။

“နက်ဆန်၊ နောက်ဆုံးတော့ ရှင့်ကို ဒုက္ခပေးနေတဲ့ ကျိန်စာ ပြေတော့မယ်။” ကျွန်မက ဝမ်းသာအားရနဲ့ သူ့ဘေးနားမှာ ဝင်ထိုင်လိုက်ပေမဲ့ ကိုယ်တော်ချောက လုံးဝကိုအေးစက် နေပြီးတော့ ရလာတဲ့သတင်းအတွက် သိပ်ပြီးပျော်တဲ့ပုံ မပေါ်ပါဘူး။ အဲဒီအစား သူက နာတာရှာကိုပဲ မျက်တောင် မခတ်တန်း ကြည့်နေခဲ့ပါတယ်။

“ကျွန်မတို့သူလျှိုက အော့သိုဒေါက်ဘုရားကျောင်းတစ်ခုမှာ အချိတ်အဆက်လုပ်ထားတယ်။ ကျွန်မတို့ အဲဲဒီကိုသွားပြီး ယူရုံပဲ။”

နက်ဆန်က ခေါင်းညိတ်လိုက်တယ်။ ဝမ်းသာပုံမ​ပြသလို ဝမ်းနည်းပုံလည်း မပြပါဘူး။ သူက အဲဒီအစား နာတာရှာကို အခုလိုမေးလိုက်တယ်။

“မင်း၊ အခုလိုလုပ်မှ ဖြစ်မှာလား။” သူ့စကားက တစ်မျိုးကြီး ဆိုပေမဲ့ ကျွန်မသိပ်ပြီး သံသယမဝင်ခဲ့မိဘူး။ ဘုရားကျောင်း ပိုင်နက်နယ်မြေအတွင်းမှာ ရေစင်ကိုခိုးတယ်ဆိုတာက နာတာရှာအတွက် အတော်လေးအန္တရာယ်များမယ့်ကိစ္စလေ။

“မိတ်ဆွေတစ်ယောက်ကို ကူညီပေးရတာပဲလေ။” နာတာရှာကတော့ အခုလိုပြန်ဖြေတယ်။

“ကောင်းပြီလေ။”

အဲဒီနောက်တော့ ကျွန်မတို့တွေက နာတာရှာရဲ့ချက်ပလက် ကားပေါ်ကို တက်လိုက်ကြတယ်။ ဟင်နရီရှိပေမဲ့ နက်ဆန်က ဒီကိစ္စဟာ လျှို့ဝှက်ကိစ္စဖြစ်တယ်ဆိုပြီး မာရီယာအိမ်က လူတွေကို မခေါ်တော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီတော့ ကျွန်မ၊ နာတာရှာနဲ့ အိုလီရာနာတို့ပဲ ချိန်းထားတဲ့နေရာကို သွားခဲ့ ဖြစ်ကြပါတယ်။

မြို့ပြင်မှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတစ်ခုမှာ ဖြစ်ပြီးတော့ အတော်လေးခေါင်တာကြောင့် လူသိပ်ပြီး မရှိပါဘူး။ ကျွန်မတို့တွေ အထဲဝင်ခါနီးတော့ နက်ဆန်က တံခါးကို တွန်းမဖွင့်ခင် နာတာရှာကို မေးလိုက်တယ်။

“ဒါနဲ့၊ စကားမစပ်။ မင်းကလေးရော အဆင်ပြေရဲ့လား။”

​ပြောခါမှ၊ နာတာရှာက သူ့ကလေး နေမကောင်းလို့ဆိုပြီး ပြင်သစ်ကို ပြန်သွားခဲ့တာမဟုတ်လား။ နာတာရှာက ပြုံးလိုက်ရင်း “အင်း... သိပ်ပြီး အပူတပြင်းဖြစ်တာတော့ မဟုတ်ပါဘူး။ ဒီအတိုင်း အဖျားကြီးရုံပါ။”

“ကောင်းပြီလေ၊ အဆင်ပြေတယ်ဆိုရင်လည်း ပြီးတာပါပဲ။”

နက်ဆန်က ဘုရားကျောင်းတံခါးကိုဖွင့်ပြီး အထဲဝင်တယ်။ အထဲမှာတော့ အဖြူရောင် အော်သိုဒေါက် ဘုန်းတော်ကြီး ဝတ်စုံကိုဝတ်ထားတဲ့ အဖိုးအိုတစ်ယောက်ရှိနေပြီးတော့ သူ့ရှေ့က တရားဟောစင်မြင့်စားပွဲပေါ်မှာ အပြာရောင် တလဲ့လဲ့တောက်ပနေတဲ့ ဆေးပုလင်းလေးတစ်လုံး ရှိလို့နေပါတယ်။

“ကျွန်မတို့ရှေ့မှာ ရှိနေတာက ရိုမြူလက်ချက်ကျောင်းထဲက ဥရောပသမဂ္ဂရဲ့သူလျှိုဖြစ်တဲ့ ဘုန်းတော်ကြီး ရိုမန်နော့ခ်ပါ။ ပုပ်ရဟန်းမင်းကြီးအနားမှာ အများဆုံးရှိနေတဲ့သူပေါ့။”

နက်ဆန်က ပြုံးလိုက်တယ်။ အဲဒီနောက် ပုလင်းကို လက်ကမ်းလိုက်ပေမဲ့ မထိသေးဘဲ နာတာရှာကို ကြည့်လိုက်တယ်။

“ရေစင်က စစ်မစစ် မင်းတို့စစ်ပြီးပြီလား။”

နာတာရှာက ခေါင်းညိတ်လိုက်ရင်း “ဒါပေါ့၊ ကျွန်မကိုယ်တိုင် စစ်ခဲ့တာပါ။”

နာတာရှာရဲ့စကားကြောင့် နက်ဆန်ရဲ့အမူအရာက သိပ်ပြီး ပြောင်းလဲသွားတာမျိုးမရှိပေမဲ့ သူ့အရိပ်က အနည်းငယ် တုန်ခါသွားတာကို ခံစားမိလိုက်တဲ့အတွက် ကျွန်မရင်ထဲမှာ လျှပ်ခနဲ ခံစားလိုက်ရတယ်။ တစ်ခုခုလွဲနေသလိုပဲ။

“နာတာရှာ၊ မင်း ငါရေစင်ကို ရှာနေတယ်ဆိုတာ ဘယ်တုန်းက သိသွားတာလဲ။”

နက်ဆန်က သွားကြားထဲကနေ ထွက်လာတဲ့ လေသံနဲ့ ပြောလိုက်တယ်။ နာတာရှာကလည်း နက်ဆန့်ဆီက ထွက်ပေါ်လာတဲ့ ကြောက်စရာအရှိန်အဝါတွေကြောင့် နောက်ကို တစ်လှမ်းချင်းစီ ဆုတ်သွားတယ်။ ကျွန်မလည်း ဒီတော့မှ နက်ဆန်ဟိုးအရင်က ပြောဖူးတဲ့စကားတစ်ခွန်းကို ပြန်သတိရသွားပါတယ်။

‘ သူတို့က ငါတို့ကို ကမ္ဘာလှည့်ပြီး အတွေ့အကြုံ ယူနေတယ်လို့ပဲ သိထားကြတာ။'

တကယ်လည်း ကျွန်မသိသလောက် နာတာရှာကို ကျွန်မရော နက်ဆန်ရောက ရေစင်ကိစ္စ တစ်ခွန်းမှ မဟခဲ့ဖူးဘူး။ နက်ဆန်က ဆေးပုလင်းကိုကိုင်လိုက်ပြီး အဖုံးကိုဖွင့်ကာ ဘုန်းတော်ကြီးကို ပက်လိုက်တယ်။ ရေစင်နဲ့ထိတာနဲ့ ဘုန်းတော်ကြီးရဲ့ခန္ဓာကိုယ်ကနေ ချက်ချင်းအငွေ့တွေ ထွက်လာပြီး...

“အား....” ငယ်သံပါအောင် အော်လိုက်သံနဲ့အတူ ချွဲပျစ်ပျစ် အရည်တွေအဖြစ် ပြောင်းလဲသွားတော့တယ်။

“အ... အဆိပ်တွေလား...” ကျွန်မ ထိတ်လန့်သွားပြီးတော့ နာတာရှာကို ကြည့်လိုက်မိတယ်။ နာတာရှာလည်း မျက်စိ မျက်နှာပျက်နေပုံပါပဲ။

“ငါ... ငါမလွှဲသာလို့ လုပ်ရတာပါ။” သူက ပြောလိုက်ပေမဲ့ နက်ဆန်ရဲ့လက်ထဲမှာ မှော်နှင်တံက ပေါ်လာတယ်။ အခုက နေ့ခင်းဘက်ဖြစ်တာမလို့ သူ့ရဲ့နတ်ဘုရားစွမ်းအားတွေ ကန့်သတ်ခံထားရတယ်။ ဒါကြောင့် နာတာရှာကို ရင်ဆိုင်ချင်ရင် မှော်ပညာက အကောင်းဆုံးပဲ။

“ဆယ်ဗီ၊ ငါ့နောက်မှာနေ။” အိုလီရာနာက ကျွန်မရှေ့ကို တက်ပြီးတော့ ကာကွယ်ပေးဖို့အတွက် ကြိုးစားတယ်။ တိုက်ပွဲ ဖြစ်လာတော့မယ်လို့ ထင်ထားတဲ့အချိန်မှာပဲ လက်ခုပ်တီးသံတစ်ချက် ထွက်လာတယ်။ ကျွန်မတို့တွေ ဘုရားကျောင်းရဲ့အဝင်ဝကို ကြည့်လိုက်တော့ ကျက်သရေရှိ လှပတဲ့ အမျိုးသမီးတစ်ယောက်က ဘုရားကျောင်းထဲကို တစ်ကိုယ်တည်းဝင်လာတာ တွေ့လိုက်ရတယ်။

“ဆီနိတ်တာ မာရီယာ။” နက်ဆန်က သိပ်ပြီး အံ့ဩနေပုံ မရတဲ့ လေသံနဲ့ပြောလိုက်တယ်။ နာတာရှာကတော့ အဲဒီ မာရီယာနဲ့ခပ်ဝေးဝေးကို လျှောက်သွားတယ်။ သူ့ကြည့်ရတာ မာရီယာကို နက်ဆန်ထက်တောင် ပိုကြောက်နေသလိုပါပဲ။

“ကျွန်မ ရှင်ခိုင်းတဲ့အတိုင်း လုပ်ပြီးပြီနော်။ ကျေးဇူးပြုပြီး ကျွန်မမိသားစုကို လွှတ်ပေးပါတော့။”

နာတာရှာက အသနားခံနေတဲ့ လေသံနဲ့ပြောလိုက်ပေမဲ့ မာရီယာကတော့ ခေါင်းကိုခါယမ်းလိုက်ပါတယ်။ “ငါပြောခဲ့တဲ့အထဲမှာ တိတိကျကျပါပါတယ်။ မင်းသားကို မျှားခေါ်ပြီး သတ်လို့.... နင်က မျှားခေါ်ရုံပဲ မျှားခေါ်ခဲ့တာ... သူက အသက်ရှင်နေတုန်းပဲလေ။ တစ်ဝက်ပဲ အောင်မြင်ခဲ့တာ။ အခုတော့ ငါ့ဘာသာပဲ သူ့ကိုသတ်ရတော့မယ်။”

“မ... မလုပ်ပါနဲ့... သူတို့ကို အသက်ချမ်းသာပေးလိုက်ပါ။” နာတာရှာက မာရီယာကို အတင်းအကျပ်တောင်းပန်ဖို့အတွက် ဒူးဖက်တောင်းပန်ဖို့လုပ်တယ်။ ဒါပေမဲ့ မာရီယာကတော့ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ပုံနဲ့ နာတာရှာကို ကန်ထုတ် လိုက်ပါတယ်။

“သွားစမ်း... ရွံစရာကောင်းတဲ့ အဆင့်နိမ့်ကောင်မ။ သူတို့ကို ခေါ်လာခဲ့တော့။” မာရီယာက အမိန့်ပေးလိုက်တာနဲ့ ဘုရားကျောင်းထဲကို အိမ်တော်ထိန်းခြောက်ယောက် ဝင်လာတယ်။ သူတို့နဲ့အတူ တစ်ကိုယ်လုံးကြိုးတွေနဲ့ အချည်ခံထားရပြီး လေပေါ်မှာလွင့်မျောနေတဲ့ ငါးနှစ်သား ကောင်လေးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်လည်း ပါပါသေးတယ်။

“ကဲ... ဒီတော့ ငါပြောထားတဲ့အတိုင်းပဲ... မစ်ရှင်ကျရှုံး သွားတဲ့အတွက် နင့်ရဲ့မိသားစုကို သတ်လိုက်ရပြီပေါ့။”

ဟင်နရီက သူ့လက်ထဲက မှော်ယပ်တောင်ကို ခါလိုက်တယ်။ ကလေးနဲ့လူကြီးက မြေပြင်ပေါ်ကို အားအင်ကင်းမဲ့စွာ ပြုတ်ကျသွားပြီး လှုပ်ရှားမနေကြဘူး။ သူတို့မျက်လုံးတွေက ပြူးကျယ်နေပြီးတော့ မသေခင်မှာ မချိမဆန့် နာကျင်ခံစားခဲ့ရပုံပါပဲ။

“ရှင်... သူတို့ကို ဒီမရောက်ခင်ကတည်းက သတ်ခဲ့တာ မဟုတ်လား။ ရှင်က သဘောတူညီချက်ကို ဖျက်ခဲ့တာပဲ။”

နာတာရှာက ရူးသွပ်သွားတဲ့ လူတစ်ယောက်လိုမျိုး မာရီယာဆီကို ပြေးဝင်ပါတယ်။ ဒါပေမဲ့ မာရီယာက ကိုယ်တိုင် လှုပ်ရှားစရာတောင်မလိုဘဲ နောက်မှာရပ်နေတဲ့ ဘဏ္ဍာစိုးတွေထဲက ဓားကိုင်ထားတဲ့လူငယ်က ဓားနောင့်နဲ့ နာတာရှာကို စီးရိုက်တယ်။ နာတာရှာရဲ့နဖူးကွဲသွားပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။ သွေးတွေကတော့ ချင်းချင်းနီရဲလို့။

မာရီယာက လက်ကိုပိုက်ကာ ရယ်မောလိုက်ရင်း... “တကယ်က နင်ပြောသလို သဘောတူညီချက် ချိုးဖောက်ရာ မကျပါဘူး။ နင် မင်းသားကို ရေစင်အကြောင်းပြောထဲက မင်းသားက မယုံမှန်း ငါသိခဲ့တယ်လေ။”

ဒီစကားကြောင့် နာတာရှာက နက်ဆန်ကို လှည့်ကြည့်တယ်။ သူ့မျက်လုံးထဲမှာ ကြောက်ရွံမှုရော ဝမ်းနည်းပူဆွေးမှုကိုပါ မြင်တွေ့နိုင်ပါတယ်။

“ရှင်က အားလုံးကို ကြိုသိနေခဲ့တာလား။”

နက်ဆန်က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြခဲ့တယ်။ “မင်းသာ စောစောစီးစီးကတည်းက ငါ့ကိုရိုးရိုးသားသား အကူအညီတောင်းခဲ့ရင် ငါတစ်ခုခု ကူညီပေးနိုင်ခဲ့မှာ။ အခုတော့ နောက်ကျသွားပြီ။”

ဒီတော့မှ ကျွန်မလည်း လမ်းတစ်လျှောက်လုံး နက်ဆန် ပြောခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ စကားတွေကို ပြန်ပြီးတော့ သတိရလာတယ်။ “မင်းဒီလိုလုပ်မှ ဖြစ်မှာလား။” “စကားမစပ်၊ မင်းကလေး အဆင်ပြေရဲ့လား။” စသည်ဖြင့်ပေါ့။ ဒါပေမဲ့ နာတာရှာက တစ်ပါးသူ ကြိုးဆွဲရာ ကဖို့ဆုံးဖြတ်ခဲဲ့ပြီး အခုလိုဖြစ်သွားခဲ့တာ။

မာရီယာကတော့ နက်ဆန်ကို လေးစားနေပုံပေါ်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး “အရှင့်သားက ထူးချွန်ထက်မြက်ပါပေရဲ့။ ကျွန်မလမ်းမှာသာ ဝင်ရှုပ်မနေရင် ​လေးစားသမှုနဲ့ ဆက်ဆံ မိမှာပါ။”

“ဒါပေါ့၊ ငါက မင်းရဲ့အယ်ဒါဖြစ်မယ့်လမ်းမှာ ဝင်ရပ်မိ နေတာမဟုတ်လား။” နက်ဆန်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။

လာပြန်ပြီ၊ နောက်ထပ် အယ်ဒါဖြစ်ချင်တဲ့ ဆီနိတ်တာ။ မာရီယာက ခေါင်းကိုမော့ကာ အားရပါးရ ရယ်မောတယ်။ အရင်လိုမျိုး ယဥ်ကျေးသယောင် ပါးစပ်ကို လက်ဝါးနဲ့ အုပ်ထားတာမျိုးတောင် မလုပ်တော့ဘူး။ အဲဒီနောက်တော့ သူက သူ့ကိုယ်သူ ပြန်တည်ငြိမ်သွားအောင် လုပ်လိုက်ရင်း...

“အရှင့်သားက ဘယ်လောက်ထိတောင် သိနေတာပါလဲ။”

“မင်း မြို့ထဲက အပျိုစင်တွေနဲ့ကလေးတွေကို စတေးပြီး တားမြစ်မှော်အစီအရင်တစ်ခုကို အိမ်အောက်မှာ ဖန်တီးနေတာပါ သိတယ်။”

ကျွန်မ နေရာမှာတင် တောင့်တောင့်ကြီး ရပ်နေခဲ့မိတယ်။ ဒါဆိုရင် သီရာက မလိမ်ခဲ့ဘူးပဲ။ အမှောင်ကျောင်းနဲ့ ဆက်စပ်နေတဲ့ လူတစ်ယောက်ရဲ့လက်ချက် ဖြစ်နေတာ။ ပြီးတော့ တရားခံက မာရီယာလား။ ဒါ့အပြင် မနေ့က အိမ်ထဲကို ကျူးကျော်ဝင်ရောက်တဲ့သူဆိုတာက တခြားသူ မဟုတ်ဘဲနဲ့ နက်ဆန်ကိုယ်တိုင် ဖြစ်နေတာလား။

အိုလီရာနာကတော့ ထူးမခြားနားပုံစံနဲ့ပဲ ကျွန်မကို ရှင်းပြ လိုက်ပါတယ်။ “ဒီကိစ္စက မှန်းမိဖို့မခက်ဘူး ဆယ်ဗီ။ ဒီမြို့ထဲမှာ သခင့်အပြင် အမှောင်တားမြစ်ပညာတွေကို သိထားတာဆိုလို့ ဆီနိတ်တာ မာရီယာပဲရှိတာ။ မနေ့ညက သခင်ကိုယ်တိုင် အဲဒီသံသယကို အတည်ပြုခဲ့တဲ့ပုံပဲ။”

တားမြစ်မှော်ပညာတွေက မှော်ကျောင်းတွေရဲ့အဓိက အဖွဲ့ဝင်တွေပဲ တတ်မြောက်ထားတဲ့ ပညာရပ်မျိုးတွေဖြစ်ပြီး သာမန်အဖွဲ့သားတွေ တတ်မြောက်ထားတာမျိုး မဟုတ်တဲ့ပုံပါပဲ။

“တားမြစ်မှော်ပညာတစ်ခုက နတ်တစ်ပိုင်းတစ်ယောက်နဲ့ သာမန်မှော်ဆရာတစ်ယောက်ကြားက ကွာဟမှုကို ဖြည့်နိုင်တယ်လို့ထင်ရင် အမှားကြီးမှားလိမ့်မယ်။”

နက်ဆန်က အေးစက်စက်နဲ့ပုံတုန့်ပြန်လိုက်တယ်။ ဒါပေမဲ့ မာရီယာကတော့ ယုံကြည်ချက်တွေ ပျောက်ဆုံး မသွားသေးဘူး။

“ဒါပေမဲ့ အခုက မနက်ခင်းအချိန်ဖြစ်နေတယ်လေ။ အရှင့်သားရဲ့။”

နှစ်ဖက်လုံးတိတ်ဆိတ်သွားပြီ။ တစ်ဖက်နဲ့တစ်ဖက်က စောင့်ကြည့်နေကြပြီး ဘယ်သူက ဘယ်သူ့ကို အရင်ဆုံး စတင်တိုက်ခိုက်မလဲဆိုတာ မသိရသေးဘူး။ ဒါကြောင့် နှစ်ဖက်လုံးက လက်ဦးမှုရယူနိုင်ဖို့ အခွင့်ကောင်းကို စောင့်နေကြတာ။ ဒါပေမဲ့ ထင်မထားတာက ပထမဆုံး စတိုင်တိုက်ခိုက်လိုက်တဲ့သူက နာတာရှာဖြစ်နေတာပဲ။

“ခွင့်မလွှတ်နိုင်ဘူး....” လေဓားသွားရာချီက ဘုရားကျောင်းထဲ ပြည့်လျှံသွားတယ်။ နာတာရှာက ဒီလောက်ကြီးမားတဲ့ စွမ်းအားမျိုး ထုတ်ဖော်တာကို ကျွန်မ မတွေ့ခဲ့ဖူးဘူး။ သူ့မျက်လုံးကနေ မျက်ရည်တွေက ကျဆင်းနေဆဲဖြစ်ပြီး ကျောနောက်မှာ တောင်ပံကြီးနှစ်စုံ ပေါ်လာတယ်။

“နာတာရှာရဲ့နတ်ဘုရားခန္ဓာက ပိုကောင်းလာတာလား။” ကျွန်မ တွေးလိုက်မိတယ်။ အရင်က တောင်ပံတစ်စုံနဲ့ နတ်သားပဲထွက်လာတာလေ။ အခုက နာတာရှာကိုယ်တိုင်က တောင်ပံနှစ်စုံပေါက်နေတာ။

“ ကြီးမားတဲ့ စိတ်ခံစားချက်တွေက နတ်တစ်ပိုင်းတွေကို တွန်းအားပေးနိုင်တယ်ဆိုတာ အမှန်ပဲနဲ့တူတယ်။ ဒါပေမဲ့ နင့်က မာစတာအဆင့်ကို ခုမှရောက်တယ်ဆိုရုံပဲရှိသေးတာ။ ငါ့ကိုယှဥ်ဖို့ အဝေးကြီးလိုသေးတယ်။”

မာရီယာက မှော်နှင်တံကိုဝေ့ယမ်းလိုက်တယ်။ သူ့နောက်မှာ အနက်ရောင် အက်ကွဲကြောင်းတွေပေါ်လာပြီး အဲဒီအက်ကွဲ ကြောင်းတွေထဲကနေ အငွေ့သာရှိတဲ့ အစိမ်းရောင်တစ္ဆေလို အကောင်တွေထွက်လာပြီး နာတာရှာကို တိုက်ခိုက်တယ်။

နာတာရှာက ခုခံပေမဲ့ လေဓားသွားတွေကို တစ္ဆေစိမ်းတွေက ကျော်ဖြတ်ပြီး တစ္ဆေတစ်ကောင်က နာတာရှာရဲ့ကိုယ်ထဲ ထိုးဖောက်ဝင်သွားတယ်။

“ဝေါ့...” နာတာရှာက သွေးမည်းတွေ အန်ထုတ်လိုက်ရပါပြီ။ သူ့မျက်နှာပေါ်မှာ သွေးကြောတွေထောင်ထနေပြီးတော့ မကြာခင်မှာပဲ ဒူးထောက်လဲကျသွားတယ်။ မျက်လုံးထဲက မျက်ရည်တွေ​က စီးကျနေဆဲဖြစ်ပြီး လုံးဝရပ်မသွားဘူး။

“အဆိပ်ကျက်တစ္ဆေအစီအရင်ကို မင်းစီရင်ခဲ့တာလား။”

နက်ဆန်က ခန့်မှန်းလိုက်ပြီး သူ့လက်ကို ကျွန်မအရိပ်ဆီ ဆန့်ထုတ်လိုက်တယ်။ တေးဂီတသေတ္တာက အရိပ်ထဲက ခုန်ထွက်လာပြီး သူ့လက်ထဲရောက်သွားပြီ။

“သူ့ကိုသတ်...” မာရီယာက အမိန့်ပေးတာနဲ့ ရာနဲ့ချီတဲ့ ကျတ်တစ္ဆေတွေက နက်ဆန်ဆီကို ပြေးလာပါတယ်။ အိုလီရာနာက နက်ဆန်ရှေ့မှာရပ်လိုက်ပြီး ကျတ်တစ္ဆေတွေကို နွယ်ဆံပင်တွေနဲ့ရိုက်ခွဲပစ်လိုက်တယ်။ မရဏဘုံဆေးဖြစ်နဲ့ပေါင်းစပ်ထားတဲ့သူဖြစ်တာမလို့ အဆိပ်တွေက အိုလီရာနာအပေါ်သက်ရောက်မှုမရှိလဲ အဆိပ်မြူတွေက အလွယ်တကူပဲ စုပ်ယူခြင်းခံလိုက်ရတယ်။

“လောလောဆယ်တော့ ပြန်ဆုတ်ရအောင်....”

အိုလီရာနာက မာရီယာကိုထိန်းထားတုန်း နက်ဆန်က တေးဂီတသေတ္တာကိုစလှည့်တယ်။ တေးသွားစတင် ထွက်ပေါ်လာတာနဲ့ ကျွန်မတို့ကို မြူထုတစ်ခုက ဖုံးလွှမ်း သွားတယ်။

“ သူတို့ကို ထွက်ပြေးခွင့်မပေးနဲ့...” ဒါပေမဲ့ မာရီယာရဲ့ အော်သံနဲ့အတူ အရောင်ခြောက်မျိုးတောင်ပနေတဲ့ ​မှော်စွမ်းအင်စီးကြောင်းတွေက ​မြေပြင်မှာဖြစ်ပေါ်လာပြီး မြူတွေကို ဖောက်ခွဲပစ်လိုက်တယ်။ ကျွန်မ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဘဏ္ဍာစိုးခြောက်ယောက်က တစ်ယောက် တစ်နေရာစီခွဲပြီး သူတို့မှော်စွမ်းအားတွေနဲ့ ခြောက်ထောင့် အစီအရင်ကြီးတစ်ခုကို ပုံဖော်ထားတာ မြင်လိုက်ရတယ်။

“ဟားဟား... ဒေးဗစ်ကြယ်အစီအရင်နဲ့ဆိုရင် တခြား ဘယ်မှော်ပစ္စည်းကိုမှ နင်အသက်သွင်းလို့ရတော့မှာ မဟုတ်ဘူး။ ကိုယ်ပိုင်စွမ်းအားမရှိရင် သေပေတော့။”

ဆီနိတ်တာမာရီယာက သူ့ရဲ့ကျတ်တစ္ဆေတွေနဲ့အတူ ကျွန်မတို့နားကို ပိုမိုတိုးကပ်လာပြီ။ အိုလီရာနာက ကျွန်မတို့အတွက် တိုက်ခိုက်နေသေးပေမဲ့ မာရီယာက သူ့ထက်အများကြီး ပိုအင်အားကြီးတယ်။ မကြာခင်မှာပဲ မာရီယာက အိုလီရာနာနားရောက်လာပြီး လည်ပင်းကို လက်နဲ့ဖမ်းဆုပ်ကာ လေပေါ်မြှောက်ထားလိုက်တယ်။

“လူသေးသလောက် သောက်ပြဿနာတော်တော်ပေးတဲ့ ကောင်မ။ သေပေတော့...”

ဘုန်း...

မာရီယာက အိုလီရာနာကို ကိုင်ဆောင့်ပစ်လိုက်တယ်။ အိုလီရာနာက နံရံတစ်ခုနဲ့တိုက်မိပြီး ပြန်ထမလာတော့ဘူး။ နက်ဆန်က မာစတာအဆင့်မှော်ဆရာဆိုပေမဲ့ တိုက်ခိုက်ရေး မှော်ဂါထာတွေကို အထူးပြုတဲ့သူမဟုတ်ဘူး။ ဒါကြောင့်မလို့ မာရီယာကို ယှဥ်နိုင်မှာမဟုတ်ဘူးရယ်။

ကျွန်မတို့တွေအားလုံး သေတော့မယ်လို့ တွေးလိုက်မိတဲ့ အချိန်မှာပဲ တစ်စုံတစ်ယောက်က နက်ဆန်ရဲ့ခြေထောက်ကို လက်နဲ့ဆုပ်ကိုင်လိုက်တာ ကျွန်မမြင်လိုက်ရတယ်။

အဆိပ်ဒဏ်ကြောင့် တစ်ကိုယ်လုံးက သွေးကြောတွေ ဖောင်းကားနေပြီး ဒွာရာကိုးပေါက်ကနေ သွေးတွေ စီးကျနေတဲ့ နာတာရှာဖြစ်နေတယ်။ ပြီးတော့ သူ့မှာ အသက်က မျှင်မျှင်လေးပဲကျန်တော့တာ။

သူက နောက်ဆုံးအနေနဲ့ ကျန်ရှိနေတဲ့အားကိုသုံးပြီး အသံထွက်တယ်ဆိုရုံသာရှိတဲ့ စကားတစ်ခွန်းကို ပြောလိုက်တယ်။

“နက်ဆန်... ငါ့ကို သေခွင့်မပေးနဲ့...” အဲဒီနောက်တော့ နာတာရှာရဲ့ခေါင်းက ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတယ်။ သူအသက်မရှိတော့တာ သေချာတယ်။ ကျွန်မတို့တွေလည်း မကြာခင်မှာပဲ အဲဒီလမ်းကို လိုက်ကြရတော့မှာ။

အရာအားလုံးပြီးဆုံးသွားတော့မယ်လို့ ထင်ခဲ့မိပေမဲ့...

“နာတာရှာ...” နက်ဆန်ဆီကနေ လေးနက်ပြီး ဆွဲငင်အား အပြည့်ပါတဲ့ ရေရွတ်သံ ထွက်ပေါ်လာတယ်။ ရုတ်တရက် မိုးကောင်းကင်ကြီးက မှောင်ကျသွားသလိုမျိုး ကျွန်မ ခံစားမိတယ်။

ကျတ်တစ္ဆေတွေနဲ့ရှေ့တက်လာ​နေတဲ့ မာရီယာလည်း ခြေလှမ်းတွေကိုရပ်လိုက်ပြီး အပြင်ဘက်က ကောင်းကင်ကို လှမ်းကြည့်လိုက်တယ်။ “နေကြတ်သွားတာလား....”

ဒါပေမဲ့ ကျွန်မကတော့ အဲဒီလိုမဟုတ်မှန်း သိနေတယ်။ နက်ဆန်ရဲ့အရိပ်က သူ့ခြေထောက်အောက်မှာ ရှိမနေတော့ဘူး။ ဒါပေမဲ့ အခန်းတစ်ခုလုံးက မှောင်နေတယ်။

‘မဖြစ်နိုင်တာ... နက်ဆန်ရဲ့အရိပ်က ဘုရားကျောင်းနဲ့ အနီးအနားပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားတာလား။'

နက်ဆန်ကတော့ တခြားဖြစ်စဥ်တွေအားလုံးကို လစ်လျူ ရှုထားပြီး နောက်ထပ် ရေရွတ်လိုက်ပြန်တယ်။

“နာတာရှာ....”

“မသေနဲ့....”

မသေနဲ့... ဒါပေမဲ့ နာတာရှာက ကျွန်မတို့ရှေ့မှာပဲ သေသွား ခဲ့ပြီးသားလေ။ သေတော့မယ့်လူတစ်ယောက်ကို မသေနဲ့လို့ သွားရောရုံနဲ့ ဘာမှထူးမှာမှမဟုတ်တာ။ ပြီးတော့ နာတာရှာက သေနှင့်ပြီးပြီ။

“လက်စားချေလိုတဲ့ အငြိုးအတေးတွေနဲ့ပြည့်နေတဲ့ ဝိညာဥ်။ ငါ့အမိန့်ကိုနာခံပြီး လူ့လောကကို ပြန်လာခဲ့။ အခုကနေစပြီး ငါ့အမှုတော်ကို ထမ်းရွက်လော့။”

ကျွန်မ မျက်စိရှေ့မှာတင်ပဲ နာတာရှာရဲ့ကျောနောက်မှာ အတောင်ပံတွေ ပြန်လည်ပေါ်ထွက်လာတယ်။ ဒါပေမဲ့ အရင်ကနဲ့မတူဘဲ အနက်ရောင်ပြောင်းသွားပြီ။ နတ်သမီး တစ်ယောက်က နတ်သက်ကြွေသွားပြီး နတ်သက်ကြွေ နတ်သမီးဖြစ်လာသလိုပဲ။ အဲဒီနောက်တော့ နာတာရှာက ရုပ်သေးတစ်ရုပ်လိုမျိုး ပြန်ထလာတယ်။ သူ့မျက်လုံးကနေ အနက်ရောင်သွေးရည်တွေ စီးကျနေပြီး အသားအရေက အစိမ်းရောင်သန်းနေတယ်။ ဖောင်းကားနေတဲ့ သွေးကြော နက်တွေကိုလည်း မြင်နေရဆဲပဲ။ အသက်တစ်ချက်ရှုထုတ်တဲ့ အချိန်တိုင်းမှာ အဆိပ်ငွေ့တွေထွက်လာနေပြီး ရှင်သန် ထမြောက်လာတဲ့ နာတာရှာက ရန်သူတော်ကြီးဖြစ်တဲ့ မာရီယာကို ကြည့်လိုက်ပါတော့တယ်။

All Chapters