← Chapters

အခန်း (၈၉)

Vol. 7 Ch. 89

အခန်း (၈၉)

Vol. 7 Ch. 89

ကျောက်စိမ်းစင်မြင့်ပေါ်မှာတော့ ရီချန်သည် သွေးရောင်လှံကို ကိုင်ကာဖြင့် မတ်မတ်ရပ်လျက်ရှိနေ၏။ သူ၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက်ရှိနေပြီး မျက်လုံးများသည်လည်း တစ်လက်လက်နှင့် တောက်ပနေ၏။

သူနှင့်အကြည့်ချင်းဆုံသည့် လူများအားလုံးသည် ပခုံးများပင် တွန့်သွားမိ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက်ရှိနေသည့် ကောင်းမွန်လှသည့် ဟိတ်ဟန်နှင့်အတူ အင်ပါရီယာရီကလန်တစ်ခု၏ နောက်ခံ တည်ရှိနေသည်ဖြစ်သောကြောင့် ၎င်း၏အရှိန်အဝါသည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

လူသားမျိုးနွယ်ပါရမီရှင်စာရင်းတွင် ဒုတိယအဆင့်တည်ရှိသူ၊ ထိုဂုဏ်ပုဒ်၏ ဖိအားသည် အမှန်ပင် ကြီးမားလာ ခဲ့၏။

များပြားလှသည့် ပါရမီရှင်များအားလုံးသည်လည်း အသက်ပင် ရှူမရလောက်သည်အထိ ဖိအားများဝင်လာကြသည်။

“အဖေ”

ရီချန်သည် ဘေးတွင်ရှိနေသည့် သက်လတ်ပိုင်းလူဆီသို့ အသာလှည့်ကာဖြင့် ဦးညွတ်လိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်၏။ “အပြင်ဘက်ကို ခဏသွားချင်ပါတယ်”

“ဪ”

သက်လတ်ပိုင်းလူသည် မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် ခဏစဉ်းစားကာပြောလိုက်သည်။ “ချန်အာ.. မင်းရဲ့ အားအင်အဆင့်က နိဗ္ဗာနအဆင့်ရဲ့ ထိပ်ဆုံးကို အစောကြီးကတည်းက ရောက်နေပြီလေ။ နောက်တစ်ဆင့်က ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်ကို ချိုးဖြတ်ဖို့ ပြင်ဆင်ထားရမဲ့အချိန်ပဲ။ ဒီလိုအချိန်မျိုးမှာ အပြင်ထွက်ဖို့ ဆိုတာက သင့်လျော်တဲ့ကိစ္စ ဟုတ်ရဲ့လား။”

ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ဒုတိယအဆင့် ဂုဏ်ပုဒ်ဆိုသည်မှာ လွယ်လွယ်ကူကူနှင့် ရရှိခဲ့သည့်အရာ မဟုတ်ပေ။ အရိုးသားဆုံးပြောရမည်ဆိုလျှင် သက်လတ်ပိုင်းလူသည် သူ့သား၏ ဤဂုဏ်ပုဒ်အား လက်လွတ်မသွားစေချင်ပေ။

အပြင်လောကသို့‌ လျှောက်သွားခြင်းဆိုသည်မှာ ပြဿနာတစ်ခုမဟုတ်ချေ။ သို့ပေမဲ့ တစ်ခြားသော ပါရမီရှင်များနှင့် ထိပ်တိုက်တွေ့မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ ယနေ့ကိစ္စပြီးသည့်နောက် အားလုံးသော သူတို့သည် ကျိန်းသေပေါက် တံခါးပိတ်ကာကျင့်ကြံကြပေလိမ့်မည်။

လူတစ်ချို့သည် ကောင်းကင်အသွင် ပြောင်းခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီး အရည်အသွေးအရ ပြောင်းလဲသွားပေလိမ့်မည်။ အဆင့်တူတိုက်ခိုက်မှုခြင်း ဆိုလျှင် ပြိုင်ဘက်မဟုတ်သည်ဆိုသော်လည်း တစ်ဆင့်မြင့်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားမည် ဆိုပါက သူ၏ သားအနေနှင့် အနိုင်ယူရန် ဆိုသည်မှာ မသေချာလှချေ။

ထို့ပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်သည် ကောင်းကင်ပါရမီရှင်စာရင်းကိုသာ ဖန်တီးပေးခဲ့ခြင်းဖြစ်၏။ ထို့ပြင် အသက်နှစ်ရာနှင့် ငါးရာကြားတွင် ရှိနေသည့် ပါရမီရှင်စာရင်းကို ထုတ်ပြန်ခြင်း ဖြစ်သည်။ ထို့ထက်ပိုကာ အသက် မြင့်မားလှသည့် အခြေအနေနှင့် ပါရမီရှင်များလည်း တည်ရှိလို့ နေနိုင်သေးသည်။ ထို့ကြောင့် အလွန်ပင် ရှုပ်ထွေးလွန်းလှ၏။

ဥပမာအားဖြင့် တတိယအဆင့်တွင်ရှိနေသော လင်းကျန်သည် သူ၏သားနှင့် နှိုင်းယှဉ်လောက်သည့် အခြေအနေမျိုး တည်ရှိနေ၏။ အကယ်၍ ၎င်းသည်သာ အဆင့်ချိုးဖြတ်သွားနိုင်သည့်ဆိုပါက ကျိန်းသေပေါက် သူ၏ သား၏အပေါ်ဆီသို့ လှမ်းတက်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဒုတိတယမြောက်ဟူသည့် ဂုဏ်ပုဒ်သည် ရေရှည်ထိန်းသိမ်းနိုင်သည့် အရာမျိုးမဟုတ်တော့ချေ။

“ပြဿနာမရှိပါဘူး။ သားရဲ့အခြေခံက တကယ့်ကို လုံလောက်နေပြီလေ။ ကောင်းကင်အသွင်ပြောင်းခြင်း အဆင့်ကို အချိန်မရွေး လှမ်းတက်နိုင်ပါတယ်” ရီချန်သည် ယုံကြည်ချက်ရှိရှိနှင့် ပြောလိုက်၏။

တခြားသောသူများသည် မလုံလောက်သည့် ပင်ကိုယ်စွမ်းရည်ကြောင့် အဆင့်ချိုးဖြတ်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ အကယ်၍ အဆင့်ချိုးဖြတ်နိုင်သည် ဆိုပါကလည်း အခြေခံ မကောင်းပါက ဒုက္ခရောက်ပေ လိမ့်မည်။ သူ့အနေနှင့် ကောင်းမွန်လှသည့် အခြေခံကို ပိုင်ဆိုင်နေသည်ဖြစ်သောကြောင့် အဆင့်ချိုးဖြတ်ဖို့ ဆိုသည်မှာ ခက်ခဲသည့်အရာ တစ်ခုတော့မဟုတ်ချေ။

“မင်းက အခု ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ဒုတိယနေရာကို ရောက်နေတာ။ ဒီတော့ အပြင်ကို ထွက်လိုက်တိုင်းမှာ တခြားပါရမီရှင်တွေ နဲ့ တိုက်ခိုက်ရတဲ့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်” ရီချန်၏ အဖေသည် သူ့ကို ဖျောင်းဖျရန် ကြိုးစားလိုက်၏။

“အဖေ နားလည်မှုလွဲနေပြီ”

ရီချန်သည် ခေါင်းကို အသာခါယမ်းကာ ပြောလိုက်သည်။ “သား ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားချင်တာပါ”

“ဟမ်”

ထိုစကားကိုကြားသည့်အချိန်မှာတော့ ရီချန့်အဖေ၏ နှလုံးသားများသည် လှုပ်ရှားသွားခဲ့၏။ သူသည် မသေချာ၊ မရေရာသလို မေးမြန်းလိုက်၏။ “ယုရှင်းချန်၏ သတင်းကို သွားပြီးစုံစမ်းဖို့လား”

ကောင်းကင်ပါရမီရှင်စာရင်းထဲမှာ တစ်စုံတစ်ယောက်သည် ဆန်းကြယ်လွန်းသည်ဟု သုံးသပ်နိုင်၏။ ထိုသူကို လက်ညှိုးညွှန်ပြပါဆိုလျှင် ယုရှင်းချန်ပင်ဖြစ်ပေလိမ့်မည်။ ၎င်းသည် ပထမနေရာတွင်တည်ရှိနေ၏။ သို့ပေမဲ့ မည်သည့်နေရာက လူမှန်းမသိသလို မည်သူမှန်းလည်းမသိချေ။

ကောင်းကင်ပါရမီရှင်စာရင်းသာ ထွက်ပေါ်မလာသည်ဆိုပါက ထိုသူမည်သူမှန်း မည်သူမျှပင် သိလိမ့်မည် မဟုတ်ချေ။ အံ့အားသင့်စရာကောင်းလှစွာပဲ ထိုသူသည် ပါရမီရှင်များအားလုံးကို ကျော်ဖြတ်ကာဖြင့် ထိပ်ဆုံးနေရာတွင် တည်ရှိနေ၏။ သို့ပေမဲ့ နောက်ခံနှင့် အားအင်အဆင့် မည်မျှရှိသည်ကို မည်သူမှမသိရှိခဲ့ချေ။ မှတ်တမ်းမှတ်ရာများလည်းမရှိချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ပင်လျှင် ထိုသူ၏ နောက်ခံများကို ရှာဖွေမတွေ့ရှိခဲ့ဘူးလား။ ထိုအတွေးသည် ရုတ်တရက် စိတ်ထဲတွင်ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ ရီချန်၏ အဖေသည် ချက်ချင်းပဲ ထိုအတွေးကို ငြင်းပယ်လိုက်မိ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သည်သာ မရှာနိုင်သည်ဆိုပါက ယုရှင်းချန်ဆိုသည့် နာမည်သည် ထွက်ပေါ်လာလိမ့်မည်မဟုတ်ချေ။ စာရင်းထဲတွင် ပါဝင်လာသည့်ဆိုသောကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် ယုရှင်းချန်ကို ကျိန်းသေပေါက်သိရှိရပေလိမ့်မည်။ နန်းဆောင် သခင်သည် မပြောချင်၍သာ ဖြစ်ပေလိမ့်မည်။

“အမှန်ပဲ”

ရီချန်သည် ခေါင်းညိတ်လိုက်၏။ မူလအားဖြင့် လောကတွင်ရှိနေသည့် ထိပ်တန်းပါရမီရှင်များနှင့် ယှဉ်ပြိုင်ရန် သူ တွေးတောခဲ့၏။ သို့ပေမဲ့ ကြည့်ရသည်မှာ မလိုအပ်ချေ။ ကောင်းကင်ပါရမီရှင်စာရင်းသည် အားလုံးသော သူတို့၏အားအင်အဆင့်ကို သေသေချာချာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသခဲ့ပြီးသားဖြစ်၏။ ၎င်းတို့ ပါရမီရှင်များအားလုံးတို့သည် တိကျရှင်းလင်းသည့် တည်နေရာကို ပိုင်ဆိုင်ကြ၏။ လက်ရှိ ၎င်းအောက်တွင် ရှိနေသည့်လူများသည် ၎င်းနောက်ကို လိုက်လံကာဖြင့် တိုက်ခိုက်ရန် စဉ်းစားခဲ့ပြီးဖြစ်သလို သူသည်လည်း ပထမအဆင့်မှလူကို တိုက်ခိုက်ပြီး ပထမဆင့်တည်နေရာကို ရယူရန် လိုအပ်နေ၏။

“ကောင်းပြီ”

ဤတစ်ကြိမ်မှာတော့ ရီချန်၏အဖေသည် မငြင်းပယ်တော့ချေ။ တိုက်ရိုက်ဆိုသလိုပဲ သဘောတူညီလိုက်တော့သည်။

“အင်း... တန်ဖိုးကြီး ပစ္စည်းတွေကို ယူသွားလိုက်”

ရီချန်၏ အဖေသည် ခဏလောက် တွေးတော ပြီးသည့်နောက် ညွှန်ကြားလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီက သတင်းတွေက ဈေးမပေါဘူးလို့ ငါကြားခဲ့တယ်။ ပြီးတော့ ယုရှင်းချန်က သာမာန်ထက်ပိုပြီး ထူးခြားလွန်းတဲ့လူတစ်ယောက် ဖြစ်တာကြောင့် နန်းဆောင်သခင်က ဈေးကြီးကြီး တောင်းမှာသေချာတယ်။”

ရီချန် “.........”

...............

“ဟေး.. ရီချန် ဘာလို့ထွက်သွားတာလဲ”

“အင်း… ကောင်းကင်ပါရမီရှင်စာရင်းရဲ့ တစ်ခြားပါရမီရှင်တွေက ဘယ်မှာလဲ၊ ဘာလို့ အခွင့်အရေးယူပြီး မတိုက်ခိုက် ကြတာလဲ”

“ကျောက်စိမ်းသီလ နတ်သားတော်တောင်မှ လွယ်လွယ်ကူကူ ရှုံးနိမ့်သွားခဲ့တယ်။ တခြားသူတွေက ဘယ်လို ဖြစ်ပြီး တိုက်ခိုက်ရဲမှာလဲ။ လက်ရှိအခြေအနေမှာ ပထမနှင့် တတိယနေရာမှာ ရှိတဲ့လူတွေကပဲ ရီချန်ကို တိုက်ခိုက်နိုင်လိမ့်မယ်”

“မင်းပြောတာကောင်းတယ်။ ဒါပေမဲ့ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမနေရာက အရမ်းကို ဆန်းကြယ်တယ်လေ။ တတိယနေရာမှာရှိတဲ့ လင်းကျန်ကလည်း ထွက်မလာသေးဘူး။ ကြည့်ရတာ ဒီနေ့အချိန်မှာ ရီချန် ထပ်ပြီးတော့ တိုက်ခိုက်ဖို့ အခြေအနေမရှိတော့ဘူး”

“ဒါဆိုရင် တခြားပါရမီရှင်တွေကကော”

ရီချန်လှည့်ကာ ထွက်ခွာသွားသည့်အချိန်မှာတော့ များပြားလှသည့် လူများအားလုံးသည် ဗလာဟင်းလင်း ဖြစ်လို့နေသည့် ကျောက်စိမ်းစင်မြင့်ကြီးကို လှမ်းကြည့်ကာဖြင့် ဆွေးနွေးလျက်ရှိနေ၏။

လူတချို့သည် စိတ်အားတက်ကြွစွာဖြင့် ကြိုးစားကြည့်ရန် စဉ်းစားခဲ့၏။ သို့ပေမဲ့ ကျောက်စိမ်းသီလ နတ်သားတော်၏ ကံကြမ္မာကို တွေးတောပြီးသည့်နောက် ထိုအတွေးကို ချက်ချင်းပဲ ပယ်ချလိုက်ခဲ့၏။ တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားခဲ့သည်ဆိုပါက အလုံးစုံသော အရှက်တရားများ ရရှိမှာသေချာ၏။ ၎င်းတို့ပင် အရှက်ရမှာမဟုတ်ဘဲ အနောက်တွင် ရှိနေသည့် ဂိုဏ်းကဏ္ဍ အသီးသီးတို့ပါ အရှက်ရမှာသေချာသည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်”

ရောင်စဉ်အလင်းတန်းနတ်သားတော်၏ မျက်လုံးထဲတွင် အလင်းတန်းများ ဖြတ်ပြေးသွားခဲ့တော့၏။ သူသည် ရီချန်၏ ပုံရိပ်ကို လှမ်းကြည့်ပြီးသည့်နောက် ရီချန် ၏အတွေးများကို လွယ်လွယ်ကူကူ ခန့်မှန်းပြီးသား ဖြစ်၏။ ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ကာဖြင့် ယုရှင်းချန်၏ သတင်းကို စုံစမ်းခြင်းသာ ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့သော အခြေအနေမျိုး၌ သူသည်လည်း တူညီသည့် အကြံအစည်ရှိ၏။ ထို့ပြင် သူသည်သာ ဒုတိယ နေရာ စာရင်းတွင်ရှိသည်ဆိုပါက အောက်တွင်ရှိနေသည့်သူများကို တိုက်ခိုက်ရန် စောင့်စားနေရခြင်းမှာ အဓိပ္ပါယ်မရှိလှချေ။ ပထမအဆင့်တွင် ရှိနေသော လူကိုသာရှာဖွေပေလိမ့်မည်။

“ဆိုးတာပဲ”

ရောင်စဉ်အလင်းနတ်သားတော်သည် ဦးခေါင်းကို အသာခါယမ်းလိုက်၏။ သူနေထိုင်သော ရောင်စဉ်အလင်းနတ်နယ်မြေသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် အနည်းငယ်သော ရန်ငြိုးများ တည်ရှိလို့နေခဲ့၏။ အားလုံးသောသူများသည် နန်းဆောင်ဆီသို့သွားရောက်ကာ သတင်းဝယ်ယူနိုင်ခွင့် ရှိသည်ဆိုသော်လည်း သူကတော့ ကျိန်းသေပေါက်သွား၍မဖြစ်ချေ။

သို့ပေမဲ့ နန်းဆောင်သို့မသွားဘဲ သတင်းအချက်အလက်များကို ဝယ်ယူခြင်းဆိုရင်ရော။ ထို့ကြောင့် သူသည် ဖန်းနီရှန် မည်သည့်နေရာတွင် ရှိသည်ဖြစ်ကြောင်းကို တခြားသော နည်းလမ်းဖြင့် စုံစမ်းခဲ့ခြင်းသာလျှင်ဖြစ်၏။

“ဟမ်”

ရောင်စဉ်အလင်းနတ်သားတော်သည် အသာလှည့်ကာထွက်ခွာသွားရန် ပြင်ဆင်နေသည့်အချိန်မှာပဲ သူ၏ ခြေလှမ်းများကို ရုတ်တရက်ရပ်တန့်လိုက်၏။

လေဟာနယ်ထဲတွင် အနီရောင်လူရိပ်တစ်ရိပ်ကို သူက မြင်လိုက်၏။ သူ၏လက်ထဲတွင် ကျောက်စိမ်းပြား ပေါ်ပေါက်လာခဲ့၏။ ထိုနှစ်ခုကို နှိုင်းယှဉ်ကြည့်ပြီးသည့်နောက် ကျိန်းသေပေါက် ဤမိန်းကလေးသည် ဖန်းနီရှန် ဖြစ်ကြောင်း သေချာသွားသည်။

“‌ရောက်လာပြီ”

ရောင်စဉ်အလင်းနတ်သားတော်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် လင်းလက်သွားခဲ့၏။ ဤအရာသည် အခွင့်အရေးကောင်းပင်ဖြစ်သည်။ ယနေ့အခွင့်အရေးကို လွဲချော်သည်ဆိုပါက သူ့အနေနှင့် နောက်တစ်ကြိမ် ဖန်းနီရှန်ကို ရှာဖွေတွေ့ရှိဖို့ဆိုသည်မှာ မလွယ်ကူတော့ချေ။ ထို့ကြောင့် သူသည် လေဟာနယ်ထဲသို့ အသာလှမ်းတက်ပြီးသည့်နောက် အော်ဟစ်လိုက်၏။

“ဖန်းနီရှန်.. တိုက်ခိုက်ရဲလား”

အသံသည် မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်သွားခဲ့၏။ တည်နေရာ တစ်ခုလုံးပင်လျှင် လှုပ်ခါသွားခဲ့လေသည်။

All Chapters