← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

အဘွားအို ..... လက်စွပ်ထဲမှာနေတဲ့ အဘွားအို ဟုတ်လား။ အဘွားအိုသည် အဘယ့်ကြောင့် လက်စွပ်ထဲ သွားနေရသနည်း။ စဦးပိုင်းတုန်းက ပိုင်ချမ်းဟန်သည် လီယွင် တစ်ယောက် သူ့အား စနောက်နေသည်ဟု ထင်မှတ်နေမိ၏။ သို့ပေမဲ့ ပုံမှန်မဟုတ်သည့် အကြောင်းအရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက် ဤအရာသည် ဖြစ်နိုင်စွမ်းရှိသည်ဟု သူက နားလည်လိုက်မိ၏။ အဘွားအိုသည် ခန္ဓာကိုယ် သွင်ပြင် မရှိလျှင် လက်စွပ်ထဲတွင် နေထိုင်နိုင်သည် မဟုတ်ပါလား။

အင်း …. သူမကို အဘွားအိုဟု‌ ခေါ်ဆိုရခြင်းသည် သင့်တော်လှသည်တော့ မဟုတ်ချေ။ ဂုဏ်သိက္ခာကြီးမားလှသည့် စီနီယာ တစ်ယောက်ယောက် ဖြစ်နိုင်၏။ သူမ၏ စွမ်းဆောင်ရည်သည် ခန္ဓာကိုယ်သွင်ပြင် မရှိဘဲနှင့်တောင်မှ သူတော်စင် တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်ပြီး သူတော်စင်တစ်ယောက်၏ လက်ထဲမှ ဖန်းနီရှန် ကို ကယ်တင်သွားနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် သူမသည် ကောင်းမွန်သည့် အခြေအနေတုန်းက သူတော်စင်ဘုရင်အဆင့်ဆီသို့ ရောက်ရှိဖူးသူတစ်ယောက် ဖြစ်ရပေမည်။ ထိုအရာမှာ အနည်းဆုံးဖြစ်၏။

လက်စွပ်ထဲမှာ နေထိုင်ခြင်း - ပိုင်ချမ်းဟန်သည် ထပ်တလဲလဲ တွေးတောလျက်ရှိ၏။ လက်စွပ်သည် သူမ၏ ဝိညာဉ်ကို သန့်စင်နိုင်စွမ်းရှိသည့် ရတနာ တစ်ခုခု ဖြစ်ပုံပေါ်၏။ ပိုမိုပြီး တွေးတောလေ ပိုင်ချမ်းဟန်၏ မျက်လုံးများ သည် ပိုမိုကာ တောက်ပလာလေဖြစ်သည်။ ဤအရာသည် တကယ့်ကို ငါးအကြီးကြီးဖြစ်၏။ ဤမိန်းကလေးကဲ့သို့သော လူငယ်ပါရမီရှင်တစ်ယောက်ကို တော်ဝင်ရင်နိုင်ငံဆီ ခေါ်နိုင်ပါက သူတော်စင်ဘုရင်တစ်ယောက်ပါ ပါလာမည် မဟုတ် ပါလား။

ခန္ဓာကိုယ်သွင်ပြင်တစ်ခုကို ပြန်လည်တည်ဆောက်ရခြင်း ဆိုသည်မှာ တစ်ကိုယ်တော် ကျင့်ကြံသူများအတွက် စိန်ခေါ်မှု တစ်ခုပင် ဖြစ်လေ၏။ အလွန်တန်ဖိုးကြီးမားသည့် ပစ္စည်းများကို အသုံးပြုကာ ပြုလုပ်ရမှာဖြစ်၏။ သို့ပေမဲ့ တော်ဝင်ရင်နိုင်ငံတော်သည် မတူညီလှချေ။ ပိုင်ချမ်းဟန်အနေဖြင့် အနည်းငယ်သော ဆုံးရှုံးမှုများကို အဆုံးရှုံးခံနိုင်သည်ဆိုသည်နှင့် ထိုအရာများကို ပေးအပ်နိုင်စွမ်းရှိသည်။ ထိုအပြင် သူတော်စင်ဘုရင်တစ်ပါး၏ တန်ဖိုးသည် ကြီးမားလွန်းလှသည် မဟုတ်ပါလား။

“စီနီယာ.. ဖန်းနီရှန် ဘယ်မှာရှိတယ်ဆိုတဲ့ သတင်းအချက်အလက်တော့ ရှိတယ်မဟုတ်လား” ပိုင်ချမ်းဟန်သည် အားတက်သရော မေးမြန်းလိုက်၏။

များပြားလှသည့် လူများသည် လက်ရှိအခြေအနေ၌ ဖန်းနီရှန်ကို ရှာဖွေလျက် ရှိနေ၏။ တချို့သည် ရောင်စဉ်အလင်းနတ်နယ်မြေကို မျက်နှာလုပ်ချင်၍ ဖြစ်ပြီး တချို့မှာတော့ ဂိုဏ်းသားအဖြစ် ခေါ်ယူချင်သောကြောင့်ပင်။ သူသည် သာ လျင်လျင်မြန်မြန် မလှုပ်ရှားဘူးဆိုပါက အခွင့်အရေး လွှဲချော်သွား ပေလိမ့်မည်။

“ပေါက်ကရတွေ” လီယွင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် တီးတိုးပြောဆိုလိုက်၏။

“စီနီယာ.. ဖန်းနီရှန်ရဲ့ နေရာကို သိတယ်ဆိုရင် သတင်းအချက်အလက်က ဘယ်လောက်ပေးရမှာလဲ” ပိုင်ချမ်းဟန်သည် သူ၏လက်များကို ပွတ်သပ်ကာ ထပ်မံမေးမြန်းလိုက်သည်။

“တစ်၊ ကောင်းကင်... နတ်အဆင့် ပစ္စည်းတစ်ခု” လီယွင်သည် သေသေချာချာ တွေးတောလိုက်၏။ သူသည် ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်ဟု ပြောဆိုရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ နတ်အဆင့်ဟုသာ ပြန်လည် ပြောဆိုလိုက်၏။ ဖန်းနီရှန်၏ လက်စွပ်ထဲတွင် ရှိနေသည့် အဘွားအိုအကြောင်းကို ပြန်လည်ကာ စဉ်းစားပြီးသည့် နောက် စိတ်ပြောင်းခဲ့ခြင်း ဖြစ်သည်။ လူငယ်ပါရမီရှင်ဆိုသည်မှာ တန်ဖိုးကြီးလှသည် မဟုတ်သော်လည်း ဘာမှန်းမသိသည့် စီနီယာတစ်ယောက် ပူးပေါင်း ပါဝင်နေသည်ဖြစ်သောကြောင့် ထိုက်တန်သည့် အရာပင်။

“အင်း... အရမ်းကြီး ဈေးမကြီးပါဘူး”

ပိုင်ချမ်းဟန်သည် တစ်စုံတစ်ခုကို စောဒကတက်ရန် ပြင်လိုက်ပြီး သည့်နောက် သူ၏လေသံကို ချက်ချင်း ပြောင်းလဲလိုက်၏။ သူသည် မချင့်မရဲနှင့် ပြောချင်စိတ်များကို ပြန်လည်ကာ ဖိနှိပ်ထားခဲ့ရ၏။ ပြီးသည့်နောက် နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင်တစ်ခုကို ထုတ်ယူကာဖြင့် လီယွင်၏ လက်ထဲသို့ ထည့်လိုက်၏။

“သူမက ရီကလန် နယ်စပ်ကနေ ထွက်ခွာပြီး အဆုံးမဲ့ သဲဝါဒေသဆီကို ဦးတည်နေတယ်” လီယွင်သည် သာမန်ကာ လျှံကာ ပြောဆိုလိုက်သည်။

“ကျေးဇူးပါပဲ စီနီယာ”

ပိုင်ချမ်းဟန်သည် ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်၏။ ပြီးသည့်နောက် စကားကို ဆုံးသည်ထိပင် မစောင့်ခဲ့ချေ။ လျင်လျင်မြန်မြန်ဖြင့် လှည့်ကာ ထွက်ခွာသွားခဲ့၏။

အင်ပါရီယာရီကလန်၏ နယ်စပ်ကြားသည် နီးလွန်းလှသည်တော့ မဟုတ်ပေ။ သဲဝါနယ်မြေဆိုသည်မှာ မိုင်ပေါင်း တစ်သောင်းလောက် ကွာဝေးလွန်းလှ၏။ ထို့ထက်ပင် ဝေးကွာနိုင်သေးသည်။ ထို့ကြောင့် သူ အလောတကြီးဖြင့် သွားရပေလိမ့်မည်။ နောက်ကျသည်ဆိုပါက ဖန်းနီရှန်ကို တခြားသူများ ဖမ်းဆီးသွားနိုင်သည်။

ပိုင်ချမ်းဟန် ထွက်ခွာသွားသည့် အချိန်မှာတော့ လျှိုချမ်းရွှယ်သည် အပေါ်ထပ်ဆီမှ လှေကားထစ်များအတိုင်း ဆင်းသက်လာခဲ့၏။ သူမသည် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ကာဖြင့် လီယွင်အနားဆီသို့ ချဉ်းကပ်လာခဲ့သည်။ ပြီးနောက် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။ “စီနီယာ... ဖန်းနီရှန်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိသေးလား”

“ဟမ်”

လီယွင်သည် လျှိုချမ်းရွှယ်ကို လှမ်းကာကြည့်ရှုလိုက်၏။ ပြီးသည့်နောက် သူမ၏ လက်ထဲရှိ ဆက်သွယ်နိုင်သော ကျောက်စိမ်းပြားကို လှမ်းကာ ကြည့်ရှုလိုက်၏။ ရုတ်တရက် သူနားလည်သွားမိသည်။ တော်ဝင်ဓားဂိုဏ်း၏ အလှည့်အပြောင်း ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သူတို့သည်လည်း ဖန်းနီရှန်ကို စိတ်ပါ ဝင်စားနေသည့်ပုံပင်။

ထို့အပြင် ဖန်းနီရှန်သည် ဓားကျင့်ကြံသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် တော်ဝင်ဓားဂိုဏ်းနှင့် သင့်တော်လွန်းလှ၏။ သူမသည်သာ တော်ဝင်ဓားဂိုဏ်းထဲသို့ ဝင်ရောက်သည်ပါက ကျိန်းသေပေါက် ပါရမီရှင်တစ်ယောက်ကို တော်ဝင်ဓားဂိုဏ်းမှ ရရှိသည်သာမက သိုင်းကျင့်ကြံခြင်း နည်းစနစ်နှင့် အမွေအနှစ်များကိုပင် ပေးအပ်နိုင်၏။ ထို့ကြောင့် အဘယ်သို့ စိတ်မဝင်စားဘဲ နေပါ့မည်နည်း။

တော်ဝင်ဓားဂိုဏ်းအနေနှင့် ဖန်းနီရှန်၏နောက်ကွယ်တွင် သူတော်စင်ဘုရင်တစ်ပါး တည်ရှိသည်ဆိုသည် ကိုသာ သိရှိသည်ဆိုပါက ကျိန်းသေပေါက် သံသယရှိစရာပင် မလိုဘဲ သူမကို အားလုံး၏ လက်ထဲမှ ကယ်တင်မှာ သေချာ၏။

“မင်းတို့ တော်ဝင်ဓားဂိုဏ်းမှာလည်း ရမ်ချင်းရှောင် ရှိတယ်လေ။ သူက ကောင်းကင်ပါရမီရှင်စာရင်းမှာ ကိုးဆယ့် ကိုးယောက်မြောက် စာရင်းဝင်။ သူကလည်း ပါရမီရှင် မဟုတ်လား” လီယွင်သည် ပေါ့ပေါ့ပါးပါးဖြင့် မှတ်ချက်ပေး လိုက်သည်။

“ဆရာက ပြောဖူးတယ်လေ။ ဖန်းနီရှန်သာ တော်ဝင်ဓားဂိုဏ်းကို ပူးပေါင်းနိုင်မယ်ဆိုရင် စီနီယာအစ်မ ရမ်ချင်းရှောင်က အကြီးဆုံးစီနီယာအစ်မကြီးဆိုတဲ့ တည်နေရာကို သူမကို ပေးမယ်လို့ ပြောခဲ့တယ်” လျှိုချမ်းရွှယ် သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည် ပြောဆိုလိုက်၏။

“ခင်ဗျားတို့ တော်ဝင်ဓားဂိုဏ်းက တကယ့်ကို ရည်မှန်းချက် ကြီးမားတာပဲ”

လီယွင်က မှတ်ချက်ပေးလိုက်၏။ “ကောင်းကင်ပါရမီရှင်စာရင်းမှာ ပါရမီရှင်နှစ်ယောက်ကို ပိုင်ဆိုင်နိုင်တဲ့ အဖွဲ့အစည်းဆိုတာ မရှိသေးဘူးလေ။ ခင်ဗျားတို့ လက်ထဲက တခြားတစ်ယောက်ယောက်က လူယူသွားမှာကို မစိုးရိမ်ဘူးလား။ အထူးသဖြင့် ခင်ဗျားတို့ရဲ့ ဘိုးဘေးက မရှိတော့ဘူးလေ။ တော်ဝင်သူတော်စင် တစ်ယောက်တည်းနဲ့ ထိန်းချုပ်ထားနိုင်မယ် ထင်လို့လား”

“ကျွန်မဆရာ ပြောတာက ကံကောင်းခြင်းတရားဆိုတာ စွန့်စားရဲမှ ရတာတဲ့” လျှိုချမ်းရွှယ်သည် တီးတိုးပြောဆို လိုက်သည်။

“ကောင်းပြီ”

လီယွင်သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ “နတ်အဆင့်ပစ္စည်းတစ်ခု၊ ဒါပေမဲ့ ခင်ဗျားဆီမှာ ရှိမှာမဟုတ်ဘူး”

သူပြော၍ မပြီးသေးခင်မှာပဲ လျှိုချမ်းရွှယ်သည် သူမ၏ သေးသွယ်လှသည့် လက်များကို အသာလှန်လိုက်၏။ ထက်ရှလှသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိသည့် နတ်အဆင့် ဓားရှည်တစ်ခုသည် သူမ၏ လက်ထဲ၌ ပေါ်ပေါက်လာသည်။

“အမ်”

လီယွင်သည် ဇဝေဇဝါ ဖြစ်သွား၏။ ထိုအရာကို မည်သည့်နေရာက ရယူခဲ့သနည်း။ လျှိုချမ်းရွှယ်၏ ကိုယ်ရေးအကျဉ်းကို ကြည့်ရှုပြီးသည့်နောက် သူသည် ချက်ချင်းပဲ နားလည်သွားမိ၏။ ကြည့်ရသည်မှာ တုရန်ဝူလင် သည် နောက်ဆုံးတစ်ကြိမ် လာလည်စဉ်ကာ သိုလှောင်လက်စွပ်အား သူမဆီ ပေးခဲ့ခြင်းပင်။ မထင်မှတ်ထားဘဲ ထိုအရာသည် အသုံးဝင်လာခဲ့၏။

“ရီကလန်ရဲ့ နယ်စပ်ကနေ အဆုံးမဲ့ သဲဝါဒေသဆီ ဦးတည်နေတယ်” လီယွင်က ပြောလိုက်သည်။

“ကျေးဇူးပါပဲ စီနီယာ”

လျှိုချမ်းရွှယ်သည် ကျေးဇူးတင်စကားကို ပြောဆိုပြီးသည့်နောက် သူမ၏ ဆရာဆီသို့ သတင်းစကားကို ပေးပို့ရန် ပြင်ဆင်လိုက်၏။

“မင်းတို့ဂိုဏ်းချုပ် ရမ်ချင်းတုကို ပြောလိုက်။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းပို့လိုက် ဒါမှမဟုတ်ရင် ခင်ဗျားကို မောင်းထုတ်လိုက်မယ်လို့” လီယွင်သည် လျှို့ချမ်းရွှယ်ကို လှမ်းကြည့်ကာဖြင့် စနောက်သလို ပြောလိုက်သည်။

လျှိုချမ်းရွှယ်၏ ကျင့်ကြံခြင်းအဆင့်သည် လက်ရှိအခြေအနေ၌ သွေးကြောဆယ်သွယ်ခြင်း ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိလာခဲ့ပြီး နတ်ဘုရားစွမ်းအားအဆင့်ဆီသို့ ရောက်ရှိရန် မဝေးတော့ချေ။

သူမသည်သာ အသက်နှစ်ရာဆီသို့ ရောက်ရှိလာသည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်ပါရမီရှင်စာရင်းသို့ လှမ်းဝင်နိုင်မှာဖြစ်၏။ ထိုသို့ဆိုလျှင် တော်ဝင်ဓားဂိုဏ်းအနေနှင့် ပါရမီရှင် သုံးယောက်ကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်သည်။ ထို့အတွက် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းဆိုသည်မှာ ထိုက်တန်သည့် အရာဖြစ်ပြီး ဈေးလျှော့ပေး ထားခြင်းသာလျှင်ဖြစ်သည်။

“နားလည်ပါပြီ စီနီယာ”

လျှိုချမ်းရွှယ်သည် ကြည့်ကောင်းလှစွာ ပြုံးလိုက်၏။ တောင်းဆိုမှုကို အသိအမှတ်ပြုသည့် ပုံပင်။ ပြောဆိုခဲ့ပြီးသည့်နောက် သူမသည် အပေါ်ထပ်ဆီသို့ ပြန်လည်ကာ တက်သွားခဲ့၏။

All Chapters