အခန်း (၉၄)
Vol. 7 Ch. 94
“နောက်ထပ် အမြတ်အစွန်းသေးသေးလေးလား” လီယွင်သည် စပ်ဖြီးဖြီးဖြစ်သွား၏။
နတ်အဆင့် ပစ္စည်း သုံးခုသည် နှစ်သောင်းနှစ်ထောင်တန်၏။ ဖန်းနီရှန်၏ သတင်းအချက်အလက်များကို စုံစမ်းရန် ကုန်ဆုံးရသည့် ကောင်းကင်လျှို့ဝှက်အမှတ်သည် ငါးထောင်မှတ်သာလျှင်ရှိ၏။ ထို့ကြောင့် သူ့အနေနှင့် တစ်သောင်းခုနှစ်ထောင်မြတ်သည်ဟု ပြောဆိုရမည်။
လက်ရှိအခြေအနေမှာတော့ သူ့တွင် ကောင်းကင်လျှို့ဝှက်အမှတ် နှစ်သိန်းငါးသောင်းအတိ တည်ရှိနေပြီ ဖြစ်၏။ တစ်ကယ်ပင် အမြတ်အစွန်း များလှချေ၏။
ကြီးမားသည့် ကံကောင်းခြင်းတစ်ခုပင်။ အနည်းငယ်သာ ထပ်မံကာ စုဆောင်းလိုက်သည်ဆိုပါက သူ့အနေနှင့် သူတော်စင်အဆင့်ဆီသို့ပင် မကြာခင် လှမ်းတက်နိုင်မှာ သေချာသည်။
သူတော်စင်သာဖြစ်သည်ဆိုပါက သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ထွက်ခွာသွားနိုင်ခြင်း မရှိသေးဘူးဆိုရင်တောင်မှ နန်းဆောင်အတွင်းတွင်ရှိနေသော သူ့ကိုယ်သူတော့ ကာကွယ်ရန် ပြဿနာ မဟုတ်တော့ချေ။ အချိန်ရောက်လာသည်ဆိုပါက နန်းဆောင်ထဲသို့ ဝင်ရောက်ကာ သူ့ကို စိန်ခေါ်မည့်သူများသည် အများအပြား ရောက်ရှိလာနိုင်သည်မဟုတ်ပါလား။ သူ့အနေနှင့် ကောင်းမွန်သည့် အားအင်အဆင့်မရှိသည်ဆိုပါက အဓိပ္ပါယ်မရှိချေ။
လီယွင်သည် သူတော်စင်တစ်ယောက်ဖြစ်လာရန် သူ၏အနာဂတ်ကို တွေးတောလျက် ရှိနေတုန်းမှာပဲ ရောင်စဉ်အလင်း နတ်နယ်မြေတစ်ခုလုံးသည် မိုးကြိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အသံကြီးတစ်ခု ကြောင့် တုန်ခါသွားခဲ့သည်။
ဘုန်း ....။
နတ်နယ်မြေ၏ အဓိကဟောခန်းထဲမှာ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်လှိုင်းတစ်ခု ဖြစ်တည် လာခဲ့ပြီး အရာအားလုံးသည် ဖုန်များ တဟောင်းဟောင်းနှင့် ဖုံးလွှမ်းသွားခဲ့၏။ အကာအကွယ် အစီအရင်ကြီးသာ မရှိသည်ဆိုပါက ဟောခန်းတစ်ခုလုံးသည် မွစာကြဲသွားမှာသေချာ၏။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိနှိပ်ခြင်းအော်ရာများသည် တည်နေရာတစ်ခုစီမှဖြစ်တည်လာခဲ့ပြီး အားလုံးသော သူများအား အသက်ရှူရန်ပင်ခက်ခဲစေခဲ့သည်။
“ဘာပြောခဲ့တာလဲ”
အဓိကဟောခန်း၏ ဗဟိုအတွင်းမှာတော့ ရောင်စဉ်အလင်းနတ်အရှင်သည် ကြက်သွေးရောင်ကဲ့သို့ တောက်ပလှသည့် မျက်ဝန်းတစ်စုံနှင့်အတူ စူးစိုက်ကာ ကြည့်ရှုလျက်ရှိနေ၏။ ၎င်းသည် အသက်ဝင်နိုးထလာခဲ့သည့် နတ်ဆိုးနတ်ဘုရားကြီးတစ်ပါးကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြက်သွေးရောင်အလင်းတန်းများနှင့် ထွန်းတောက်လျက်ရှိနေပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ကြောက်ခမန်းလိလိပင်။
လက်ရှိအခြေအနေမှာတော့ ဟောခန်းကြီးတစ်ခုလုံး တုန်ခါလျက်ရှိနေပြီး အစီအရင်တွင် တည်ရှိနေသည့် သင်္ကေတ လက္ခဏာများ အားလုံးသည် တဖျတ်ဖျတ်နှင့် ပေါ်ပေါက်လာခဲ့တော့၏။ ဟောခန်းကြီး တစ်ခုလုံးသည်လည်း ပြိုလဲလုမတတ် ဖြစ်လာသည်။
ဘုတ်
ရောင်စဉ်အလင်းနတ်နယ်မြေမှ စီနီယာအကြီးအကဲတစ်ယောက်သည် နှလုံးခုန်သံများမြန်ဆန်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိနေ၏။ သူသည် အသာဒူးထောက်ချလိုက်၏။ “နတ်သားတော်... နတ်သားတော် သေဆုံးသွားပါပြီ”
“မဖြစ်နိုင်တာ”
ရောင်စဉ်အလင်းနတ်အရှင်၏ နှလုံးသားတစ်ခုလုံးသည် ဓားထက်ထက်နှင့် ထိုးစိုက် ခံထားရသလိုပင်။ သူက အော်ဟစ်လိုက်၏။ “ကျုပ်သား… ကျုပ်သားက လူငယ်မျိုးဆက်တွေထဲမှာ ပြိုင်ဘက်ကင်းပဲလေ၊ ဘယ်လိုဖြစ်ပြီး သေဆုံးရတာလဲ”
“အမှန်ပါပဲ”
အကြီးအကဲသည် သူ၏တုန်ယင်နေသည့်လက်များကို ဆန့်တန်းကာဖြင့် ကွဲကြေလျက်ရှိနေသည့် ကျောက်စိမ်းပြားကို အသာလှမ်းပေးလိုက်၏။ ထိုကျောက်စိမ်းပြားသည် မှေးမှိန်လျက်ရှိနေပြီး ကွဲကြေလျက် ရှိနေသေး၏။ ကျောက်စိမ်းပြား၏ ပိုင်ရှင်သည် သေဆုံးသွားခဲ့သည် ဖြစ်ကြောင်း သက်သေပြချက်ပင်။
“ဒါက နတ်သားတော်ရဲ့ ဝိညာဉ်ကျောက်စိမ်းပြားပါ”
“ဘယ်သူလုပ်ခဲ့တာလဲ”
ရောင်စဉ်အလင်းနတ်အရှင်သည် ရှေ့ဆီသို့လှမ်းတက်ပြီး အကြီးအကဲ ဆီသို့ ချဉ်းကပ်လိုက်၏။ သူ၏လက်သည် ကျောက်စိမ်းပြားကို ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း လက်ကို ပြန်ရုပ်သိမ်းလိုက်မိ၏။ သူ၏မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့သွားခဲ့၏။ သူ၏ မျက်နှာပေါ်၌ မျက်ရည်များသည် မြေပေါ်သို့ တစ်ခုချင်းစီ ကျဆင်းလာခဲ့၏။
သူသည် ခေါင်းကိုအသာလှည့်ပြီးသည့်နောက် အေးစက်စက်အသံဖြင့် ပြောလိုက်သည်။ “ဘယ်သူ ကျုပ်သားကို သတ်ခဲ့တာလဲ”
“ကောင်းကင်ပါရမီရှင်စာရင်းရဲ့ သုံးဆယ့်တစ် ယောက်မြောက် ဖန်းနီရှန်” အကြီးအကဲသည် တုန်ယင် သွားမိ၏။
“ဖန်း .. နီ ... ရှန်” ရောင်စဉ်အလင်းနတ်အရှင်သည် နာမည်တစ်ခုချင်းစီတိုင်းကို တစ်လုံးချင်းစီ ရေရွတ်လိုက်၏။ သူ၏ စကားသံ ထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများလည်း ထွက်ပေါ်လာခဲ့၏။ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးသည် ကွဲအက်သွားတော့မလိုပင်။
ဤအော်ရာများသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းသောကြောင့် နတ်အဆင့်စွမ်းအားမြင့် ကျင့်ကြံသူကိုပင် ဖိနှိပ်နိုင်စွမ်းရှိနေ၏။ အစောကြီးကတည်းက ကြောက်လန့်နေပြီဖြစ်သော အကြီးအကဲသည် ရောင်စဉ်အလင်းနတ်အရှင်ကို မယုံကြည်နိုင်သလို ကြည့်ရှုလိုက်၏။ သူတို့၏ နတ်အရှင်သည် သူတော်စင် တစ်ယောက်ဖြစ်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးချေ။ ဘယ်အချိန်တုန်းက အဆင့်ချိုးဖြတ်ခဲ့လေသနည်း။ အဘယ့်ကြောင့် ဘယ်သူမှ မသိရှိရသနည်း။
“ကျုပ်သားနဲ့အတူ အင်ပါရီယာရီကလန်ကိုလိုက် သွားတဲ့ ဦးလေးလျှိုက သူတော်စင် တစ်ယောက်ပဲလေ။ ဘယ်လိုဖြစ်ပြီး ကျုပ်ရဲ့ သားကို မကာကွယ်နိုင်ရတာလဲ”
ခဏလောက် ကြာပြီးသည့်နောက် ရောင်စဉ်အလင်းနတ်အရှင်သည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။
“ဆရာလျှိုရဲ့ သတင်းပေးချက်အရဆိုလျှင် နှစ်ဖက်လုံးက တိုက်ပွဲမှာ နတ်အဆင့်လက်နက်တွေကို ထုတ်ပြီးတော့ တိုက်ခိုက်ကြတယ်။ သူ့အနေနဲ့ ဝင်ပြီးတော့ တားဆီးဖို့အတွက် အခွင့်အရေးမရခဲ့ဘူး။ ပြီးတော့ ဆရာလျှိုက နတ်သားတော်အတွက် ဝင်ပြီး ကလဲ့စားချေ တိုက်ခိုက်ခဲ့သေးတယ်။ ဒါပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ဖန်းနီရှန်ဘက်မှာလည်း ကြောက်မက်ဖွယ်ကောင်းလှတဲ့ နောက်ခံတစ်ယောက် ပါဝင်လာခဲ့တယ်”
“ဒါဆိုရင် အင်ပါရီယာရီကလန်ကရော” ရောင်စဉ်အလင်းနတ်အရှင်သည် ထပ်မံကာမေးမြန်းလိုက်သည်။
“သူတို့က ဘာတစ်ခုမှ မတုံ့ပြန်ပါဘူး”
“ဟမ့်”
ရောင်စဉ်အလင်းနတ်အရှင်သည် နှာခေါင်းရှုံ့လိုက်၏။ ၎င်းတို့၏ လုပ်ဆောင်မှုများသည် သိသာ ထင်ရှားလွန်းလှ၏။ ပွဲကို ဦးစီးပြီးပြုလုပ်သည့် အင်ပါရီယာကလန်တစ်ခုအနေနှင့် ရောင်စဉ်အလင်း နတ်နယ်မြေကို ဖြေရှင်းရပေလိမ့်မည်။ ၎င်းတို့၏ ပိုင်နက်ထဲတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ဖြစ်သော်လည်း သူ၏ မျိုးဆက်ကိုပင် မကာကွယ်နိုင်ခဲ့ချေ။ ထိုအရာသည် မည်သူ့ အပြစ်နည်း။
အကြီးအကဲသည် ယုတ္ထိဗေဒကို ကောင်းကောင်းနားလည်၏။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ် နယ်မြေသည် သူ၏သားသေဆုံးခြင်းကို လက်သင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။ အထူးသဖြင့် အင်ပါရီယာရီ ကလန်သည် ဤကိစ္စကို လျစ်လျူရှုခဲ့ခြင်းပင်။
“ရောင်စဉ်အလင်းနတ်နယ်မြေမှာရှိတဲ့ အားအင်အကုန်လုံးကို အသုံးပြုပြီးတော့ ဖန်းနီရှန်ကို ရှာကြ” ရောင်စဉ် အလင်းနတ်အရှင်သည် အေးစက်စက် နှင့် ပြောလိုက်၏။
“ကျုပ်တို့ရှာနေပါပြီ”
အကြီးအကဲသည် ရောင်စဉ်အလင်းနတ်အရှင်ကို တစ်ချက်လှမ်းကြည့်ကာဖြင့် တီးတိုးပြောဆိုလိုက်သည်။ “ဒါပေမဲ့ ဖန်းနီရှန်က သေမျိုးလောကထဲက အငွေ့ပျံ့ပြီး ပျောက်သွားသလိုပဲ။ ဘယ်နေရာမှာမှ မကျန်ဘူး။ သူမ၏ အနောက်မှာ ရှိတဲ့ ဆန်းကြယ်တဲ့ နောက်ခံစွမ်းအားမြင့်ကျင့်ကြံသူက သဲလွန်စအကုန်လုံးကို ဖျက်သွားတယ်လို့ ကျုပ်တို့ သံသယဝင်နေတယ်”
“ဟမ်”
ရောင်စဉ်အလင်းနတ်အရှင်သည် အသာလှည့်ပြီးသည့်နောက် အေးစက်စက်အမူအယာများကို ထုတ်ဖော်ပြသ လိုက်၏။ သူသည် လက်ရှိအခြေအနေမှာတော့ သတ်ဖြတ်လိုခြင်းဆန္ဒများကို အလုံးစုံ ထိန်းချုပ်ထားနေရ၏။ သူ၏ မျက်လုံးများသည် မည်သည့် နွေးထွေးမှုမှ မရှိဘဲ တည်ကြည် အေးစက်လျက်ရှိနေ၏။ “မြေအောက်ကို တူးပြီးတော့ ရှာရမယ်ဆိုရင်တောင်မှ ကျိန်းသေပေါက် ဖန်းနီရှန်ကို ရှာကြ”
“နတ်အရှင်.. ကျုပ်တို့မလုပ်ချင်လို့မဟုတ်ပါဘူး။ မလုပ်နိုင်တာ။ တကယ်လို့ ဖန်းနီရှန်က တခြားတည်နေရာ ဒါမှမဟုတ် မွန်းစတားမျိုးနွယ်တွေရဲ့ ကလန်၊ နတ်ဆိုးဂိုဏ်းတွေထဲကို ဝင်ရောက်သွားတယ် ဆိုရင် ကျုပ်တို့က သူတို့ကိုသွားပြီး စိန်ခေါ်သလိုဖြစ်နေမယ်” အကြီးအကဲသည် တီးတိုးပြောဆိုလိုက်သည်။
ဤအခြေအနေသည် အစစ်အမှန်ပင်ဖြစ်၏။ ရောင်စဉ်အလင်းနတ်နယ်မြေ အားကောင်းသည်ဆိုသည်မှာ ငြင်းပယ်၍ မရနိုင်ချေ။ သို့ပေမဲ့ အားလုံးသောသူများကို မလေးမစား ဆက်ဆံ၍မဖြစ်ချေ။ တခြားသော တည်နေရာများ၊ ခန့်မှန်း၍မရလောက်အောင် အားကောင်းလွန်းလှသည့် နဂါးနှင့် ရေမျိုးနွယ်ကလန်များ လည်း တည်ရှိနေသေး၏။
ကုန်းပေါ်တွင်လည်း တခြားမွန်းစတားမျိုးနွယ်များ၊ နတ်ဆိုးဂိုဏ်းများလည်း တည်ရှိလို့နေခဲ့၏။ သူတို့သည် လူသားမျိုးနွယ်များထဲမှ တစ်ခုသာလျှင်ဖြစ်၏။ ရောင်စဉ်အလင်းနတ်နယ်မြေအနေနှင့် လူသားမျိုးနွယ် တစ်ခုတည်းကိုသာ ကိုယ်စားပြုသောကြောင့် ၎င်းတို့၏ လွှမ်းမိုးနိုင်မှုသည် အကန့်အသတ်ဖြင့် တည်ရှိသည်။
ဂိုဏ်းတော်တော်များများသည် သူတို့ကို မျက်နှာသာပေးသည် ဆိုသော်လည်း နတ်ဆိုးဂိုဏ်းများမှာတော့ သူတို့ကို လုံးဝ မျက်နှာသာပေးလိမ့်မည်မဟုတ်ချေ။ ထိုကဲ့သို့သော တည်နေရာများကို ဝင်ရောက်သွားသည် ဆိုပါက အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်ဖက်လူကို ရှာဖွေရန် ဆိုသည်မှာ အိမ်မက်မက်နေသလိုပင် ဖြစ်လိမ့်မည်။
“အင်း... အလျှော့ပေးလိုက်ဖို့ အကြံပြုနေတာလား”
ရောင်စဉ်အလင်းနတ်အရှင်၏ အသံသည် တကယ်ပင် တင်းမာခက်ထန်လျက်ရှိ၏။
“မဟုတ် မဟုတ်ပါဘူး”
အကြီးအကဲသည် ခေါင်းကိုခါယမ်းလိုက်၏။ သူသည် နှုတ်ခမ်းကို ကိုက်ပြီးနောက် တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။ “ကျုပ်ဆီမှာ အကြံရှိပါတယ်။ ဒါပေမဲ့ ပြောသင့်ရဲ့လား ဆိုတာ မသေချာပါဘူး”
“ပြောစမ်း” ရောင်စဉ်အလင်းနတ်နယ်အရှင်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
“ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရှာရမယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဆိုတာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တယ်လေ။ ဒီတော့ ဖန်းနီရှန် ဘယ်မှာရှိတယ် ဆိုတာကို သူ ကျိန်းသေပေါက်သိမှာပဲ၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကနေ ကျုပ်တို့ သတင်းအချက်တွေ ကိုသာ ဝယ်ယူနိုင်မယ်ဆိုရင် …..”
အကြီးအကဲသည် စကားကို ဆုံးအောင် မပြောခဲ့ချေ။
သူသည် သူ့ကို စားတော့ ဝါးတော့မလို ကြည့်နေသော မျက်ဝန်းတစ်စုံကို မြင်လိုက်ရ၏။ ကြက်သွေးရောင် ထလျက်ရှိနေသည့် မျက်လုံးများသည် မယုံကြည်နိုင်လောက်စရာပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ ထိုအကြည့်သည် သူ့အား နောက်ဘဝသို့ ချက်ချင်းပို့ဆောင်တော့မည့် အကြည့်မျိုးပင်။