အခန်း (၉၅)
Vol. 7 Ch. 95
ဂလု
အကြီးအကဲသည် ကြောက်လန့်တကြားဖြင့် တံတွေးကိုပင် မျိုချလိုက်မိ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံး သည် ဖြူလျော်သွားခဲ့၏။ သူ၏ နဖူးစပ်တွင် ချွေးစီးများပင် ပြန်လာခဲ့၏။
“ခင်ဗျားက အကြံပြုပေးနေတာလား ဒါမှမဟုတ် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီကို သွားပြီးတော့ ကျုပ်ကို တောင်းပန်ခိုင်းနေတာလား” ရောင်စဉ်အလင်းနတ်အရှင်၏ အသံသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
“နတ် .. နတ် …. နတ်အရှင် အထင်မှားတာပါ”
အကြီးအကဲသည် နဖူးစပ်တွင်ရှိနေသည့် ချွေးများကိုသုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိန်းချုပ်၍ မရလောက်အောင် တုန်ခါလျက်ရှိနေ၏။ သူတော်စင် တစ်ယောက်၏ အော်ရာများသည် သူ့ကဲ့သို့သော နတ်အဆင့်စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ခုခံ၍ရသည့်အရာမျိုးမဟုတ်ပေ။ တကယ်ပင် ဖိအားပြင်းထန်လွန်းလှ၏။
“ကျုပ်ဆိုလိုတာ တစ်စုံတစ်ယောက်ကို လွှတ်ပြီးတော့ ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက် အလက်သွားဝယ်ဖို့ပါ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျိန်းသေပေါက် ငြင်းပယ်မှာမဟုတ်ဘူးလို့ ကျုပ်ယုံကြည်မိတယ်”
“လုံလောက်ပြီ”
ရောင်စဉ်အလင်းနတ်နယ်အရှင်၏ မျက်နှာသည် တင်းမာခက်ထန်လျက်ရှိနေတုန်းပင်။ သူ၏ အော်ရာ များသည် ပိုမိုကာ တိုးတက်လာခဲ့၏။ သူသည် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ “ခင်ဗျားသွားတော့”
“နတ်အရှင်” အကြီးအကဲသည် ပါးစပ်ကိုဟလိုက်၏။ တစ်စုံတစ်ခုကို သတိပေးရန် တစ်ခုကို ပြောချင်ပုံ ပေါ်၏။
“ထွက်သွား”
ရောင်စဉ်အလင်းနတ်အရှင်၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အော်ဟစ်သံသည် တည်နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။ လေထုကြီးတစ်ခုလုံးပင်လျှင် တုန်ခါသွား၏။ ဟောခန်း အတွင်းတွင်ရှိနေသည့် ဒေါက်တိုင်ကြီးနှစ်ခုသည် ထိုအော်သံကို မည်သို့မျှမခံနိုင်ဘဲ အက်ကွဲကြောင်းများပင် ပေါ်ပေါက်လာခဲ့သည်။
အကြီးအကဲသည် အနောက်ဖက်သို့ လွင့်စင်သွားခဲ့ပြီး သူ၏ မျက်နှာပြင်တစ်ခုလုံးသည် စွတ်စွတ်ဖြူလျက် ရှိနေ၏။ သူ့အနေနှင့် စောဏတုန်းက ထွက်ခွာသွားခဲ့သင့်ကြောင်း နောင်တရနေမိ၏။
ထိုအကြီးအကဲ ထွက်ခွာသွားခဲ့ပြီးသည့်နောက် ရောင်စဉ်အလင်းနတ်အရှင်သည် အဓိကဟောခန်းထဲတွင် တစ်ယောက်တည်း မတ်တပ်ရပ်လျက်ရှိ၏။ သူ၏ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ကောင်းလှသည့် အော်ရာများ ထွက်ပေါ်လာခဲ့သည်။ သူသည် ဖြည်းညှင်းစွာ ပြောလိုက်မိ၏။ သူ၏အသံသည် ခြောက်ကပ်ကပ် ဖြစ်လို့နေသည်။ “ထွက်ခဲ့”
“အရင်တုန်းက ခင်ဗျားရဲ့သားကို နတ်ဆိုးဂိုဏ်းဆီသို့ ပြန်စေဖို့ ငါအကြံပြုခဲ့တယ်လေ။ ဒါပေမဲ့ ခင်ဗျား ငြင်းပယ်ခဲ့ တယ်။ မဟုတ်ရင် ဒီနေ့လိုအဖြစ်မျိုး ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး”
အရိပ်ကဲ့သို့သော သတ္တဝါသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် လှမ်းလျှောက်လာ၍ ပြောဆိုလိုက်၏။
“ရောင်စဉ်အလင်းနတ်အရှင်ရဲ့သားကို နတ်ဆိုးဂိုဏ်းဆီပို့ရမယ် ဟုတ်လား။ ရောင်စဉ်အလင်းနတ်နယ်မြေမှာ ရှိနေတဲ့ အဘိုးအိုကြီးတွေက အရူးတွေလို လွယ်လွယ်ကူကူ လုပ်ချင်တိုင်း လုပ်လို့ရတဲ့လူတွေလို့ ခင်ဗျား ထင်နေတာလား” ရောင်စဉ်အလင်းနတ်အရှင်သည် ဖြည်းညှင်းစွာပြောလိုက်သည်။
အမဲရောင်လူသည် တိတ်ဆိတ် ငြိမ်သက်သွား၏။ ခဏလောက်ကြာပြီးသည့်နောက် ထပ်မံကာပြောလိုက်၏။ “ဖန်းနီရှန် ဘယ်မှာရှိတယ်ဆိုတဲ့အကြောင်းကို စုံစမ်းဖို့အတွက် ငါကူညီပေးနိုင်တယ်”
“ခင်ဗျားကလား”
ရောင်စဉ်အလင်းနတ်အရှင်သည် ခေါင်းကို အသာလှည့်လိုက်၏။ သူ၏ အကြည့်သည် အရိပ်ကဲ့သို့သောလူဆီသို့ ရောက်ရှိသွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်၏ အလင်းရောင်များ တောက်ပလာခဲ့၏။ သူက မေးမြန်းလိုက်သည်။ “ဘယ်လောက်ထိသေချာလဲ”
“ဘယ်လောက်မှ ခက်တာမဟုတ်ဘူး” အမဲရောင်အရိပ်နှင့်လူက ပြန်လည်ပြောဆိုလိုက်၏။
ကျယ်ပြောလွန်းလှသည့် ရောင်စဉ်အလင်းနတ်နယ်မြေတွင် ထိုကဲ့သို့သော အရာများကို စုံစမ်းရန် လုပ်ဆောင်နိုင်စွမ်းရှိသည့်လူဟူ၍ မရှိချေ။ ထို့ကြောင့် သူ၏မျှော်လင့်ချက်များ တစ်ဖက်လူဆီ ပုံအပ်ထားနိုင်ရန် ရှိတော့သည်။
ထို့ပြင် ဖန်းနီရှန်သည် မြန်မြန်ဆန်ဆန်နှင့် ထွက်ခွာသွားခဲ့သည်။ ထို့ပြင် သူမ၏နောက်ဖက်တွင် အလွန်အားကောင်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် ကူညီပေးလျက် ရှိနေပြီး သဲလွန်စများအားလုံးကို ဖျောက်ပေးနေ၏။ အားအင်အဆင့်ကို ကြည့်ရမည် ဆိုလျှင် ထိုလူသည် စိန်ခေါ်ရန် ခက်ခဲလှသည့် လူတစ်ယောက်ဖြစ်ပေလိမ့်မည်။
“ဟမ့်”
ရောင်စဉ်အလင်းနတ်အရှင်က ရယ်မောလိုက်၏။ ပြီးနောက် အသာလှည့်လိုက်၏။ အမှောင်ထဲမှလူ၏ ပြောစကားကို သူကောင်းကောင်းနားလည်၏။ သို့ပေမဲ့ ရှာဖွေဖို့ဆိုသည်မှာ သိပ်၍လွယ်ကူလှသည် မဟုတ်ဟုလည်း သူက တွေးတောထားသည်။
ဆရာလျှို၏ တိုက်ခိုက်ချက်ကို တစ်ဖက်ခန္ဓာကိုယ်မရှိသည့် ဝိညာဉ်ကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက်က ဝင်ရောက်ကာတားဆီးခဲ့သည်ဟူသည့် စကားကရှိခဲ့၏။ ဝိညာဉ်ကဲ့သို့သော အရာတစ်ခုသည် သူတော်စင် တစ်ယောက်၏ တိုက်ခိုက်ချက်ကို လက်ခံနိုင်သည်ဆိုတော့ ၎င်းသည်သာ ကောင်းမွန်သော အခြေအနေ ရှိမည်ဆိုလျှင် သူတော်စင်ဘုရင်ထက်ပင် သာလွန်သည့်လူ တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်၏။ သို့မဟုတ် ပိုမိုကာလည်း အားကောင်းနိုင်၏။
၎င်းတို့အနေနှင့် သူတော်စင်ဘုရင် သို့မဟုတ် တော်ဝင်သူတော်စင်တစ်ယောက်ကို လွှတ်ကာ ရှာဖွေခိုင်းခြင်းသာ မဟုတ်ပါက တစ်ဖက်လူကို ရှာဖွေတွေ့ရှိဖို့ဆိုသည်မှာ လွယ်ကူလှသည့် အရာမဟုတ်ပေ။ သူတော်စင်ဘုရင် ထိုအရာသည် ဂိုဏ်းတစ်ခု၏ တကယ့် အခြေခံပင်ဖြစ်လေ၏။ သူ၏ သားသေဆုံးခြင်းအတွက် တော်ဝင်သူတော်စင် တစ်ယောက်ကို လက်စားချေခိုင်းခြင်း ဆိုသည်မှာ ယုတ္တိမတန်လှချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီ မေးလိုက်ရင် သတင်းအချက်အလက် တိကျမှုနှုန်းက ဘယ်လောက်လဲ” ရောင်စဉ်အလင်းနတ်အရှင်သည် ဆန်းကြယ်စွာဖြင့် မေးမြန်းလိုက်၏။
“တစ်ရာ ရာခိုင်နှုန်းပဲ”
အရိပ်လိုလူသည် ခဏလောက်တွေးတောပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်သည်။
"ဒါပေမဲ့ ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားလို့မဖြစ်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်နဲ့ ကျုပ်နဲ့ကြားမှာ ရန်ငြိုးတွေကဖယ်ထားလိုက်အုံး။ ကျုပ်ဘယ်သူလဲဆိုတာ တစ်ဖက်လူသိသွားခဲ့ရင် ပြဿနာတက်ကုန်လိမ့်မယ်” ရောင်စဉ်အလင်းနတ်အရှင်က တီးတိုးရေရွတ်လိုက်၏။
“ဒါဆိုရင် ဘာလုပ်ချင်လို့လဲ” အရိပ်လိုလူသည် မျက်မှောင်ကုပ်လိုက်သည်။ ရောင်စဉ်အလင်းနတ်နယ်အရှင်သည် လက်ရှိအခြေအနေ၌ အန္တရာယ်ကျရောက်နေကြောင်း သူ အာရုံခံမိသည်။
“ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့သားအတွက် လက်စားချေချင်တယ်ဆိုလို့ရှိရင် တစ်စုံတစ်ယောက်ကို ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီကို လွှတ်။ ပြီးတော့ ဖန်းနီရှန်ရဲ့ အချက်အလက်တွေကို ဝယ်ယူခိုင်းသင့်တယ်” အရိပ်လိုလူက အကြံပြုလိုက်၏။
“မလိုဘူး”
ရောင်စဉ်အလင်းနတ်အရှင်သည် လက်ကို ယမ်းခါလိုက်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်တည်ရှိနေသရွေ့ ကျုပ် ငြိမ်းငြိမ်းချမ်းချမ်းနေရမှာမဟုတ်ဘူး၊ ပြီးတော့ ကျုပ်သားအတွက် လက်စားချေပြီးရင် ကျုပ်ရဲ့ ရောင်စဉ်အလင်းနတ်အရှင်ဆိုတဲ့ ဂုဏ်သိက္ခာဂုဏ်ပုဒ်က ပျောက်ကွယ် သွားပြီးတော့ ကျုပ်ရဲ့အစစ်အမှန်ပုံရိပ်က ပေါ်ပေါက်လာမယ်။ ကျုပ်အနေနဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီကနေ ကောင်းကင်လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တဲ့ နည်းလမ်းတစ်ခုကို ရပြီဆိုရင် အရာ အားလုံးကို ဖြေရှင်းနိုင်စွမ်းရှိပြီ”
“ဟမ်”
အရိပ်လူသည် ခေါင်းကိုမော့လိုက်၏။ ပြီးနောက် အံ့အားတသင့်ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်ရဲ့အားအင်အဆင့်က အနည်းဆုံးသူတော်စင်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်တယ်လေ၊ ခင်ဗျား ကိုယ်တိုင်သွားမယ်ဆိုရင်တောင်မှ ခင်ဗျားက သူ့ရဲ့ပြိုင်ဘက်မဟုတ်လောက်ဘူး”
“ကျုပ်ကိုယ်တိုင် သွားမယ်လို့ ဘယ်သူကပြောလို့လဲ”
ရောင်စဉ်အလင်းနတ်အရှင်သည် မျက်လုံးများ မှေးသွားပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “သူတော်စင်ဘုရင်အဆင့် အစီအရင်တစ်ခုကို သူခုခံနိုင်မလား ဆိုတာကို ကျုပ်စိတ်ဝင်စားမိတယ်”
“ခင်ဗျားက ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့အပြင်ဘက်မှာ အစီအရင်တစ်ခုသွားပြီးတော့ ဖန်တီးဖို့ စီရင်နေတာလား” အရိပ်လိုလူက မျက်မှောင်ကုပ်လိုက်၏။ ဤအရာသည် ဆိုးဝါးသည့်အကြံတစ်ခုတော့ မဟုတ်ပေ။
သူတော်စင်ဘုရင် အဆင့်သတ်ဖြတ်ခြင်း အစီအရင်ဆိုသည်မှာ မိုင်ပေါင်းတစ်ထောင်လောက်ကိုပင် လွှမ်းခြုံ ထားနိုင်စွမ်းရှိသည်။ ထိုအရာကို အသက်သွင်းလိုက်ပြီဆိုလျှင် အထဲတွင်ရှိနေသည့် လူပေါင်းများစွာတို့သည် သေခြင်းတရားဆီမှ လွတ်မြောက်နိုင်ရန် မနည်းပင်ကြိုးစားရပေလိမ့်မည်။ ထို့ကြောင့် ကောင်းကင် လျှို့ဝှက်နန်းဆောင်တွင်ရှိသည့် မည်သူမဆိုသည်လည်း ထိုအရာ၏ သက်ရောက်မှုကို ခံစားရမှာသေချာ၏။
ကောင်းကင်လျှို့ဝှက် နန်းဆောင်၏သခင်သည် သူတော်စင်ဘုရင်အဆင့်ဆီသို့ ရောက်ရှိထားသည်သာ မဟုတ်ပါက ဤကဲ့သို့သော အစီအရင်၏အောက်တွင် သေဆုံးခြင်းမှလွဲ၍ တခြားမရှိနိုင်ချေ။ ထိုသူသည်သာ သူတော်စင်ဘုရင်အဆင့် ထိ ရောက်ရှိနေသည် ဆိုပါက သူတို့အနေနှင့် တည်တည်ငြိမ်ငြိမ်နှင့် နောက်သို့ ဆုတ်ခွာ သွားနိုင်သေး၏။ ထို့ပြင် ဤအရာသည် တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ခြင်းမဟုတ်ဘဲ အဝေးမှလှမ်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ အဆင်ပြေသည့်အရာမျိုးပင်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သာ သေဆုံးသွားပြီဆိုရင် ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့ သူ့ရဲ့ နည်းလမ်းကို ဘယ်လိုယူဖို့ ခင်ဗျားက စီစဉ်ထားလို့လဲ” အမဲရောင်အရိပ်က မေးမြန်းလိုက်၏။
“မပူနဲ့”
ရောင်စဉ်အလင်းနတ်အရှင်က လက်ကိုဝှေ့ယမ်းလိုက်သည်။ “ကျုပ်မှာ စီစဉ်ထားတာတွေရှိတယ်။ ခင်ဗျားအနေနဲ့ ကျုပ်ကို ကူညီပြီးတော့ အစီအရင်ကျွမ်းကျင်တဲ့ ဆရာ တစ်ချို့ကို ရှာဖွေပေးရုံပဲ။ ဒီလောက်ဆို လုံလောက်ပြီ”
“ဘယ်လောက်လောက် လိုချင်တာလဲ” အရိပ်လိုလူက မေးမြန်းလိုက်၏။
“အနည်းဆုံးငါးယောက်လောက်ပေါ့” ရောင်စဉ်အလင်းနတ်အရှင်သည် ပြန်ဖြေလိုက်သည်။
သူတော်စင်ဘုရင်အဆင့် သတ်ဖြတ်ခြင်းအစီအရင်တစ်ခုအတွက် သူတော်စင်ဘုရင်များ ဝင်ရောက်ပါဝင် တည်ဆောက်ရန် မလိုချေ။ အစီအရင်နှင့် ပတ်သက်ပြီး ကျွမ်းကျင်လှသောဆရာများ ပူးပေါင်း ဆောင်ရွက်မည်ဆိုလျှင် ထိုအရာကို ဖန်တီးတည်ဆောက်နိုင်စွမ်းရှိ၏။ အစီအရင်အတွက် အသုံးပြုရသည့် ပစ္စည်းများ ရှာဖွေခြင်းကသာလျှင် အနည်းငယ်ခက်ခဲပေလိမ့်မည်။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်အရှင်နှင့် အရိပ်လိုလူ တို့သည် ထိုအရာများအားလုံးကို ပိုင်ဆိုင်ပြီးသားဖြစ်၏။
“ဆယ်ရက်အချိန်ပေး” အရိပ်လိုလူသည် အံကိုကြိတ်ကာ ပြောဆိုလိုက်သည်။
အစီအရင်ကို ဖန်တီးနိုင်သည့် ပစ္စည်းများကို လွယ်လွယ်ကူကူရှာဖွေနိုင်သည်ဆိုသော်လည်း အစီအရင် ကျွမ်းကျင်သူများကို ရှာဖွေဖို့ဆိုမှာတော့ စိန်ခေါ်မှုတစ်ခုလိုပင်။ အစီအရင်နှင့် ပတ်သက်၍ ကျွမ်းကျင်သူများ ဆိုသည်မှာ တကယ့်ကို နက်နဲသည့်အဆင့်ကိုရောက်ရှိနေသည့် လူများသာလျှင် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို ရောက်ရှိထားသည့်လူသည် တော်တော်များများမရှိလှချေ။ ရှိသည် ဆိုလျှင်တောင်မှ ၎င်းတို့အား ပင့်ဖိတ်ရသည့်အတွက် ပေးအပ်ရမည့်တန်ကြေးသည် ကြီးမားလွန်းလှချေ၏။
“ကောင်းပြီ” ရောင်စဉ်အလင်းနတ်အရှင်သည် ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။