အခန်း (၉၆)
Vol. 7 Ch. 96
ရောင်စဉ်အလင်းနတ်အရှင်သည် ပစ္စည်းပစ္စယများကို ရှာဖွေပြီး အစီအရင်ကို ဖန်တီးနိုင်သည့် ကျွမ်းကျင်သူများကို ရွေးချယ်ရှာဖွေခြင်းနှင့် အလုပ်များလျက် ရှိနေတုန်းမှာပဲ ကြေးနီရောင် စစ်ရထားတစ်ခုသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။ ၎င်းသည် ကောင်းကင်ယံထက်မှ မြန်မြန်ဆန်ဆန်ပဲ ဆင်းသက်လာ၏။
ထိုစစ်ရထားကို မောင်းနှင်လာခဲ့သည့်လူသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင် ထားပြီး သန်မာအားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်နေသည့် အဘိုးအိုတစ်ယောက်ပင်။ ၎င်း၏ လှုပ်ရှားမှုနှင့် သွားလာမှုများသည် တကယ်ပင် လေထုထဲတွင် ကြည့်ကောင်းလွန်းလှ၏။ ၎င်း၏ မျက်လုံးကို ဖွင့်လိုက်သည်နှင့်တပြိုင်နက် ဉာဏ်ပညာ ၏အလင်းများနှင့် ထွန်းတောက်နေသကဲ့သို့ပင်။
ရှင်းလင်းစွာပင် ၎င်းသည် ခန့်မှန်း၍ မရနိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး အထင်အမြင် သေး၍လည်း မရနိုင်ချေ။ စစ်ရထားကြီး၏ရှေ့တွင် ကြီးမားသည့် အလံကြီးတစ်ခု လေထဲလွင့်မျောလျက် ရှိနေ၏။ ထိုအရာဆီမှ တဝှီးဝှီးအသံများ ထွက်ပေါ်နေခဲ့ပြီး မျက်နှာပြင်တွင် ရီဟူသော စာတန်း ရေးထိုးထား၏။ တခြားသော စွမ်းအားမြင့် ကျင့်ကြံသူများသည် ထိုအလံကို မြင်သည်နှင့် ကြက်သီးမွှေးညှင်းများပင် ထကုန်ကြမှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် အင်ပါရီယာရီကလန်ကို ကိုယ်စားပြုသည့် စစ်ရထား ဖြစ်နေသည် မဟုတ်ပါလား။
“အင်း.. ရီချန် လာတာလား”
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်ရှိ မတူညီသည့် နယ်မြေ နှင့် ဂိုဏ်းအသီးသီးဆီမှ များပြားလွန်းလှသည့် ကင်းထောက်များသည် မြင်ကွင်းကို ကြည့်ရှု့နေကြ၏။ ၎င်းတို့သည် ကြေးနီရောင် စစ်ရထားကြီးကို အသာလှမ်းကာ ကြည့်ရှုနေကြ၏။ ဤအတောအတွင်း ရီချန်သည် ပြည်နယ် အသီးသီးကို ဖြတ်သန်းပြီး ရောက်ရှိလာသည်ဆိုသည့် သတင်းကို သူတို့ ရရှိပြီးသားဖြစ်၏။
ကျောက်စိမ်းသီလ နတ်သားတော်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့ပြီးသည့်နောက် သူသည် ကောင်းကင်ပါရမီရှင်စာရင်း၏ ဒုတိယမြောက် တည်နေရာတွင် မတ်မတ်ရပ်နိုင်စွမ်းရှိသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
၎င်းသည် သရဖူ မဆောင်းရသေးသည့် ဘုရင်တစ်ပါးပင် ဖြစ်သည်။ အနာဂတ်အောင်မြင်မှုများသည် တကယ်ကို ခန့်မှန်း၍ မရနိုင်အောင်ပင်။ မေးခွန်းထုတ်စရာ မလိုဘဲ အင်ပါယာတစ်ယောက် ဖြစ်လာနိုင်မည့်လူပင်။ ထို့အပြင် သမိုင်းမှတ်တမ်းတွင် ဤကဲ့သို့ ပါရမီရှင်မျိုးဆက်သစ်များကို ဖိနှိပ်နိုင်စွမ်းရှိသည့် လူများမှာ သာမန်လူများ မဟုတ်ခဲ့ချေ။
“အခု သူက တော်ဝင်သဲကန္တာရမြို့ကို ရောက်ရှိလာပြီဆိုတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်နဲ့ တွေ့ဆုံ ဖို့လား”
များပြားလှသော လူများသည် မျက်တောင်ပင် မခတ်ဘဲ စစ်ရထားလုံးကြီးကို ကြည့်ရှုကာဖြင့် တွေးတောလျက် ရှိနေကြ၏။
စစ်ရထားလုံးကြီး အတွင်းမှာတော့ ရီချန်သည် ဆင်းသက်လာ၏။ ၎င်းသည် သူရဲကောင်းဆန်သည့် ဟန်ပန် အမူအရာ များတည်ရှိလို့နေပြီး အမဲရောင်ဆံနွယ်များကို သေသေချာချာ စည်းနှောင်ထား၏။ ဓားကဲ့သို့ သွယ်လျပြီး ထက်ရှလွန်းသည့် မျက်ခုံးမွှေးများကို ပိုင်ဆိုင်ပြီး မျက်လုံးများသည် ကြယ်အလင်းတန်းများ တောက်ပလာသကဲ့သို့ တလက်လက်နှင့်ပင်။ ရှေးအင်ပါယာတစ်ပါး ပြန်လည်မွေးဖွားလာသည့် ဟန်ပန်အမူအရာမျိုးပင်။
၎င်းသည် စစ်ရထားလုံး၏ အပြင်ဘက်တွင် မတ်မတ်ရပ်ပြီးသည့်နောက် ခေါင်းကိုမော့ကာဖြင့် အရှေ့တွင် ရှိနေသည့် ဆိုင်းဘုတ်ကြီးကို ကြည့်ရှုလိုက်၏။ အပေါ်တွင် ရှိနေသည့် ကဗျာကို ဖတ်ရှုပြီးသည့်နောက် ရီချန်သည် သက်ပြင်းချလိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်က ကောင်းကင်ပါရမီရှင်စာရင်းကို ဖန်တီး နိုင်တယ်ဆိုတော့ သူက ကျိန်းသေပေါက် သာမန်လူတစ်ယောက် ဟုတ်ပုံ မပေါ်ဘူး” ဘေးတစ်ဖက်တွင် ရှိနေသည့် အဘိုးအိုက ပြောလိုက်သည်။
“ဒါဆိုရင် အရင်ဆုံး ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်ဆီ သွားလည်ကြတာပေါ့” ရီချန်က အကြံပြုလိုက်၏။
သူသည် ခြေထောက်ကို မြှောက်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းဝင်လိုက်၏။ အဘိုးအို သည် အနောက်ဘက်မှ အသာလိုက်ပါသွားခဲ့၏။ ၎င်းတို့နှစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ လှမ်းဝင်ပြီးသည့်နောက် လီယွင် သည် ချက်ချင်းပဲ ပေါ်ပေါက်လာခဲ့သည်။
“လူငယ်မျိုးဆက် ရီချန်က ဂုဏ်ယူရလောက်တဲ့ နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”
“ရီချန် ဟုတ်လား”
လီယွင်သည် အသံကို ကြားပြီးသည့်နောက် ခေါင်းကိုမော့လိုက်၏။ ပြီးနောက် ရီချန်ကို တစ်ချက်လှမ်းကြည့်ကာ ပြုံးလိုက်၏။ “အဝေးကလာတဲ့ ဧည့်သည်ပါလား။ သမားရိုးကျ ဓလေ့ထုံးစံတွေ လုပ်နေစရာ မလိုပါဘူး။ လာ... ကျေးဇူးပြုပြီး ထိုင်ကြပါအုံး”
ရီချန်၏ နာမည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။ ကောင်းကင်ပါရမီရှင်စာရင်း၏ ဒုတိယမြောက် ဖြစ်ပြီး နှစ်ပေါင်းရေတွက်လို့မရအောင် စုဆောင်းထားသော များပြားလွန်းလှသည့် အမွေအနှစ်များကို ပိုင်ဆိုင်ကာ မယုံကြည်နိုင် လောက်အောင် ချမ်းသာသည့် နောက်ခံမိသားစုဖြစ်သော အင်ပါရီယာကလန်တစ်ခု၏ နောက်ခံ တည်ရှိနေသော လူတစ်ယောက်ပင်။ တော်ရုံ လူငယ်ပါရမီရှင်များသည် ရီချန်၏ ချမ်းသာကြွယ်ဝမှုကို လိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ယခုကဲ့သို့သော ချမ်းသာကြွယ်ဝသည့် လူများသည် တကယ့်ကို အထင်အမြင်သေး၍ မရနိုင်သည့် လူမျိုးပင်။
“စီနီယာကတော့ သဘောကောင်းလွန်းနေပြီ” ရီချန်က ပြောလိုက်သည်။
သူသည် အနည်းငယ် အံ့အားသင့်လို့လည်း နေခဲ့၏။ ကောင်းကင်ပါရမီရှင်စာရင်းကို ဖန်တီးနိုင်စွမ်း ရှိနေသည့် ဤလူသည် ဤမျှလောက် ရင်းနှီးဖော်ရွေလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ ဟန်ပန်အမူအရာ တစ်ချက်ကလေးမှ မရှိဘဲ ယဉ်ကျေးပြီး သန့်စင်လွန်းလှသည့် ကျောင်းတော်သားတစ်ယောက်နှင့် ဆင်တူလွန်းလှ၏။
“ဒီနေ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာခဲ့တာက ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမမြောက်နေရာက လူအတွက်လား” လီယွင်သည် ပြုံးလိုက်၏။ စနစ်ကို စစ်ဆေးစရာ မလိုဘဲ ရီချန် အဘယ်ကြောင့် ဤနေရာသို့ လာသည်ဖြစ်ကြောင်းကို သူကခန့်မှန်းနိုင်သည်။
ကောင်းကင်ပါရမီရှင်စာရင်းကို သူ အဘယ်ကြောင့် ဖန်တီးခဲ့ရသနည်း။ ပြိုင်ဘက်ကို အနိုင်ယူချင်စိတ် ပြင်းထန်လွန်းလှသည့် ရီချန်ကဲ့သို့သောလူများ ရောက်ရှိလာခြင်းကို မျှော်လင့်သောကြောင့် မဟုတ်ပါလား။
“စီနီယာက တကယ့်ကို အမြင်အာရုံ စူးရှလှပါပေတယ်”
ရီချန်က ခေါင်းညိတ်လိုက်၏။ သူသည် ကောင်းကင် ပါရမီရှင်စာရင်း၏ ပထမနေရာအတွက် ပထမလူကို စိန်ခေါ်ရန် ရောက်ရှိလာသည့် သူ၏ရည်ရွယ်ချက်ကို ငြင်းပယ် မနေခဲ့ချေ။ ဤအရာသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ စီနီယာ သိရှိနေသည် ဆိုသည်မှာ သဘာဝပင်ဖြစ်၏။
“ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမနေရာက မင်းထင်ထားသလောက် မရိုးရှင်းဘူး” လီယွင်သည် အဓိပ္ပာယ် ပါပါလေသံဖြင့် ပြောလိုက်သည်။
“တခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ဒီကိစ္စကို ကျုပ် သေသေချာချာ ခန့်မှန်းခဲ့ပြီးသားပါပဲ” ရီချန်သည် တည်တည် ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏။
ကောင်းကင်ပါရမီရှင်စာရင်း၏ တခြားသော ပါဝင်သူများသည် မိတ်ဆက်နှင့် ၎င်းတို့၏ နောက်ခံများ ပါဝင်၏။ သို့ပေမဲ့ ပထမဦးဆုံးလူမှာတော့ တစ်ချက်ကလေးမှ မရှိခဲ့ချေ။ ထို့ကြောင့် အားလုံးသောသူများထက် သာလွန်သောလူ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော လူမျိုးသည် ဆန်းကြယ် လွန်းသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်မည်မှာ သဘာဝပင်ဖြစ်သည်။
ထို့ကြောင့် ရီချန်သည် အသာလှည့်ပြီးသည့်နောက် အနောက်တွင် ရှိနေသည့် အဘိုးအိုကို အရိပ်ပြလိုက်၏။ အဘိုးအိုသည် ချက်ချင်းပဲ ကျောက်စိမ်းသေတ္တာငါးခုကို ထုတ်ယူကာဖြင့် လီယွင်ရှေ့သို့ ချလိုက်၏။ ထိုကျောက်စိမ်း သေတ္တာများသည် အမှန်ပင် သပ်ရပ်ခန့်ညားလွန်းလှ၏။ အပေါ်တွင် အစီအရင်များနှင့် ကာကွယ်ထားခဲ့သည် ဆိုလျှင်တောင်မှ အထဲတွင် ရှိနေသည့် ဆေးရနံ့များသည် သင်းကြိုင်လျက် ရှိနေ၏။ နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင် ငါးခုသာလျှင်ဖြစ်၏။
“ဒါက ကျေးဇူးတင်လက်ဆောင်ပါပဲ။ တခြား ဘာမှ မဟုတ်ပါဘူး”
ရီချန်သည် အဘိုးအိုကို အနောက်သို့ ပြန်ဆုတ်ရန် လက်ရိပ်ပြလိုက်၏။ ပြီးသည့်နောက် ပြောလိုက်သည်။ “စီနီယာရဲ့ လမ်းညွှန်မှုကို ကျုပ် မျှော်လင့်မိ ပါတယ်”
“မဆိုးဘူး” လီယွင်သည် စိတ်ဝိညာဉ်ဆေးပင်များကို လှမ်းကြည့်ကာဖြင့် မျက်ခုံးပင့်လိုက်မိသည်။ ဤအရာသည် သိသိသာသာ ကောင်းမွန်လှသည့် လက်ဆောင်ဖြစ်ပြီး ရက်ရောလွန်းလှချေ၏။
ရီချန်၏ မျက်နှာပေါ်တွင် ထိုအရာကို ပေးလိုက်သည့်အတွက် နောင်တရ နှမျောသည့် အရိပ်အယောင်ဟူ၍ တစ်ခုလေးမှ မရှိခဲ့ချေ။ ဆိုလိုသည်မှာ ဤအရာသည် ၎င်းတက်နိုင်သည့် အမြင့်ဆုံး မဟုတ်သေးချေ။ ထိုထက် ပို၍ တန်ဖိုးကြီးမားသည့် အရာများ ရှိသေးသည် ဆိုသောအဓိပ္ပာယ်ပင်။
“ကောင်းပြီ”
လီယွင်သည် လက်ကို ယမ်းခါလိုက်၏။ ပြီးသည့်နောက် စိတ်ဝိညာဉ်ဆေးပင် ငါးခုကို လက်ခံကာ ပြောလိုက်သည်။ “စနစ်... ယုရှင်းချန် အကြောင်းကို စုံစမ်းပေး”
[ဒင်... ကောင်းကင်လျှို့ဝှက်အမှတ် တစ်သောင်းကျ၏။ ယုရှင်းချန် အကြောင်း အောင်မြင်စွာ သတင်းအချက်များ ကြည့်ရှုနိုင်သည်]
[အမည် - ယုရှင်းချန်
အားအင်အဆင့် - ကောင်းကင်အသွင်ပြောင်း ထိပ်ဆုံးအဆင့်
နောက်ခံဌာနခွဲ - ခွန်လွန် အင်မော်တယ်နန်းတော်
ယခင်ဘဝ - ခွန်လွန်ဧကရီ ၊ အသေးစိတ်သိရှိရန် - ကောင်းကင်လျှို့ဝှက်အမှတ် တစ်သန်းရှစ်သိန်း
နတ်ဘုရားအတတ်ပညာ- ....
ကျင့်ကြံခြင်းနည်းစနစ် - .......
လက်ရှိတည်နေရာ - ခွန်လွန်လေဟာနယ်၊ အပြင်ဘက်တွင် အင်ပါယာအဆင့် သတ်ဖြတ်ခြင်းအစီအရင်တစ်ခု တည်ရှိနေသော ကမ္ဘာပျက်တစ်ခုဖြစ်၏။ ဖြတ်သွားဖြတ်လာ လူများသည် အထဲသို့ ဝင်စရာမလိုဘဲ အရှေ့မှ ဖြတ်လျှောက် သွားသည်နှင့် သေဆုံးသွားနိုင်၏။ အသေးစိတ်သိရှိရန် ထပ်မံနှိပ်ပါ]
“ယုရှင်းချန်က သာမန်ထက် တကယ့်ကို ပိုတာပဲ”
လီယွင်သည် စိတ်လှုပ်ရှားသွားမိ၏။ တခြားသော သူများသည် နောက်ခံကို သေသေချာချာ ပြောဆိုခဲ့သည်ဆိုသော်လည်း ယုရှင်းချန်အနေနှင့်ကတော့ အားအင်အခွဲ တစ်ခုဖြင့်သာ သုံးသပ်ခဲ့၏။ ဆိုလိုသည်မှာ ခွန်လွန်အင်မော်တယ်တောင်တန်း ဆိုသည်မှာ သူမတစ်ယောက်တည်း ပိုင်ဆိုင်သည့်အရာ ဖြစ်နေသည်လား။
ထို့အပြင် ယုရှင်းချန်သည် သာမန်ထက်ပိုသည့် အရာတစ်ခုအဖြစ် တည်ရှိနေ၏။ ယခင်ဘဝတွင် သူမသည် ဧကရီတစ်ပါး ဖြစ်ခဲ့ဖူး၏။ ဤကဲ့သို့သော သူများကို လူငယ်ပါရမီရှင်ဟု သုံးသပ်၍ ရနိုင်သည်လား။ သို့မဟုတ် ပြန်လည်မွေးဖွားလာခဲ့ပြီး ပြန်လည်ကာ ကျင့်ကြံခဲ့သောကြောင့် ဤကဲ့သို့သော စာရင်းတွင် ပါဝင်နေသည်လား။
ပြီးသည့်နောက် လီယွင်သည် ရီချန်ကို သနားသလို လှမ်းကာကြည့်လိုက်၏။ ပြန်လည်မွေးဖွားလာသည့် ကိစ္စရပ်များကို ဘေးဖယ်ထားဦး။ လက်ရှိအခြေအနေနှင့်ပင် ယုရှင်းချန်၏ အားအင်အဆင့်သည် ရီချန် တစ်ယောက် သွားရောက်ကာ တိုက်ခိုက်နိုင်သည့် အခြေအနေမျိုး မဟုတ်ချေ။
ကောင်းကင်အသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့်နှင့် နိဗ္ဗာနအဆင့်တို့ ယှဉ်ပြိုင်တိုက်ခိုက်သည်ဆိုခြင်းမှာ တကယ့်ကို ကြီးမားလှသည့် ကွာခြားချက်ပင်။ ထို့အပြင် သူမသည် အတိတ်ဘဝတုန်းက ဧကရီတစ်ပါးလည်း ဖြစ်ခဲ့ဖူး၏။ ရီချန် အနေနှင့် သူမကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေသည်လား။ မဖြစ်နိုင်ပေ။