အခန်း (၉၇)
Vol. 7 Ch. 97
“စီနီယာ... သတင်းအချက်အလက်တွေ သိလို့ရမလား” ရီချန်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။
လီယွင် သည် သူ့အား ထူးဆန်းသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်နေသည် ဖြစ်သောကြောင့် သူသည် မသက်မသာ ခံစားနေရ၏။ သူသည် အင်ပါရီယာကလန်တစ်ခု၏ အမွေဆက်ခံသူဖြစ်သည်ဆိုလျှင်တောင်မှ လက်ရှိ အခြေအနေတွင် စီနီယာ၏ရှေ့၌ ကိုယ်တုံးလုံး ဖြစ်သွားသကဲ့သို့ပင် ခံစားနေရ၏။ သူသည် ဤအကြီးအကဲ၏ ရှေ့တွင် မည်သည့်လျှို့ဝှက်ချက်မှ မရှိတော့သကဲ့သို့ပင်။
“အင်း”
လီယွင်သည် အသာပြန်ပြောလိုက်၏။ “ခွန်လွန်လေဟာနယ်”
“ခွန်လွန်လေဟာနယ် ဟုတ်လား”
ရီချန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ ခွန်လွန်လေဟာနယ် ဆိုသည်ကို သူ မရင်းနှီးချေ။ သူသည် ကလန်အတွင်း၌သာ ကျင့်ကြံနေသည် ဖြစ်သောကြောင့် အပြင်ဘက်သို့ ထွက်လေ့ ထွက်ထ မရှိချေ။ ထို့အပြင် လောက၏ အပြင်ဘက်တွင် ရှိနေသော အရာများကိုလည်း အနည်းငယ်လေးသာ စိတ်ဝင်စား၏။ ထို့ကြောင့် သူသည် ခွန်လွန်လေဟာနယ်ဆိုသည့် စကားသည် သူနှင့် အစိမ်းသက်သက် ကဲ့သို့ပင်။
“စီနီယာအနေနဲ့ ခွန်လွန်လေဟာနယ်ကို ပြောချင်တာလား”
ရီချန်၏ ဘေးနားတွင် ရှိနေသည့် အဘိုးအိုသည် ရုတ်တရက် မျက်နှာသွင်ပြင် ပြောင်းလဲသွားခဲ့၏။ သူ၏မျက်နှာသွင်ပြင် တစ်ခုလုံးသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေခဲ့၏။
“ဟုတ်တယ်” လီယွင်က ခေါင်းညိတ်လိုက်သည်။
လီယွင်၏ အတည်ပြုချက်ကို ကြားရပြီးသည့်နောက် အဘိုးအိုသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် တည်ငြိမ်လေးနက်စွာဖြင့် ပြောလိုက်၏။ “သခင်လေး.. ဒီနိမ့်ကျတဲ့ အဘိုးကြီးရဲ့ အထင်အရဆိုရင် ယုရှင်းချန်ကို စိန်မခေါ်တာ ပိုကောင်းမယ်နဲ့တူတယ်”
“ဘာကြောင့်လဲ” ရီချန်သည် ဇဝေဇဝါ ဖြစ်သွားမိသည်။
“ခွန်လွန်လေဟာနယ်ဆိုတာ တားမြစ်ထားတဲ့ နန်းတော်တစ်ခုလေ”
အဘိုးအို၏ အကြည့်သည် ကြောက်လန့်မှု များနှင့် ပြည်နှက်လျက် ရှိ၏။ သူက ဖြည်းညှင်းစွာ ပြောပြလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ခု ရှိခဲ့တယ်။ ခွန်လွန်လေဟာနယ်ထဲမှာ အင်ပါယာတစ်ယောက် ပေါ်ပေါက်လာခဲ့တယ်။ အဲဒီအင်ပါယာ သေဆုံးပြီးတဲ့နောက်မှာ သူရဲ့သွေးတွေက လောဟာနယ်ကြီးကို ဖုံးလွှမ်းသွားခဲ့ပြီး အဲတည်နေရာ ကြီးက မကောင်းတဲ့နေရာအဖြစ် ပြောင်းလဲသွားခဲ့တယ်”
“ဒီနေ့အချိန်မှာ အင်ပါယာရဲ့ စိတ်ဆန္ဒတွေက တည်ရှိရင် တည်ရှိနေနိုင်သေးတယ်လေ။ ပြီးတော့ ခွန်လွန် လေဟာနယ်ဆိုတာ တကယ့်ကို ကြမ်းတမ်းလှတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ရဲ့ နေအိမ် ဖြစ်ခဲ့ဖူးတာကြောင့် အဲထဲကို ဝင်သွားလို့ရှိရင် ပြာအဖြစ် ပြောင်းလဲသွားနိုင်တယ်။ အင်ပါယာ အစီအရင်တစ်ခုက နှစ်ပေါင်းများစွာ တည်မြဲနေတယ်လေ။ အဲထဲကို ဝင်သွားတဲ့လူတွေ အကုန်လုံးက ဘယ်တော့မှ ပြန်မထွက်လာနိုင်ခဲ့ကြဘူး”
“ဟမ်”
ရီချန်၏ မျက်မှောင်သည် ပို၍ ကုတ်သွားခဲ့၏။ သူသည် ယုံကြည်ရခက်သလို ခံစားနေရ၏။ ခွန်လွန် လေဟာနယ်သည် အမှန်ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် တည်နေရာတစ်ခု ဖြစ်နေသည်လား။ ထိုသို့ဆိုလျှင် ယုရှင်းချန်သည် အဘယ်ကြောင့် အထဲတွင် နေထိုင်နိုင်ရသနည်း။
“သခင်လေး...” အဘိုးအိုက ထပ်ပြောလိုက်၏။ သူ၏အသံသည် လေးနက်လို့ နေခဲ့၏။ “ကျုပ်တို့ ခွန်လွန်လေဟာနယ်ထဲကို ဝင်လို့မဖြစ်ဘူး။ ယုရှင်းချန်ကို စိန်ခေါ်ဖို့ မပြောနဲ့၊ သူမကို မြင်ရဖို့ဆိုရင်တောင် တော်တော်ကြီး ကံကောင်းမှ ဖြစ်လိမ့်မယ်။ အရှေ့မှာ တော်ဝင်အင်ပါယာအဆင့် အစီအရင်တစ်ခု တည်ရှိနေတယ်”
“အင်ပါယာအဆင့် အစီအရင်တစ်ခု ဟုတ်လား”
ရီကလန်တွင်လည်း တစ်ခု ပိုင်ဆိုင်သည် ဆိုသော်လည်း ရှားရှားပါးပါးမှသာ အသုံးပြု၏။ သို့ပေမဲ့ ထို့ကြောင့်ပင်လျှင် အင်ပါယာအဆင့် အစီအရင်ဆိုသည်မှာ မည်မျှ အားကောင်းလှသည်ဖြစ်ကြောင်း သူက ကောင်းကောင်းနားလည်နေ၏။ အကြွင်းအကျန် အင်ပါယာ အစီအရင် တစ်ခုဆိုလျှင်တောင်မှ ကျိန်းသေပေါက် တော်ဝင်သူတော်စင်အဆင့်ကို ဖိနှိပ်ထားနိုင်စွမ်းရှိ၏။ နတ်အဆင့် သို့မဟုတ် သူတို့ကဲ့သို့သော လူငယ်ပါရမီရှင်များ ဆိုလျှင် အထဲသို့ ဝင်သည်ဆိုပါက မိမိအသက်ကို ယူပါဟု သွား၍ ပေးနေခြင်းပင် ဖြစ်ပေမည်။
နှစ်ပေါင်းများစွာအတွင်း ခွန်လွန်လေဟာနယ်ထဲတွင် ရတနာများစွာ တည်ရှိ၏။ ထို့ကြောင့် များပြားလှသော ဂိုဏ်းများသည် ထိုအထဲသို့ ဝင်ရောက်ကာ ရှာဖွေခဲ့ကြ၏။ သို့ပေမဲ့ အားလုံးတို့သည် သုတ်သင်ခြင်းကို ခံခဲ့ရ၏။ တစ်ဦးတစ်ယောက်မှပင် မလွတ်မြောက်နိုင်ခဲ့တော့ချေ။ ခွန်လွန်လေဟာနယ် အတွင်းထဲ၌ လျှို့ဝှက်ချက်များ မြောက်များစွာ တည်ရှိနေခဲ့သည် ဆိုသည်ကို ဤအဖြစ်ကြောင့် အားလုံးက နားလည်ခဲ့ကြ၏။ သို့ပေမဲ့ လူပေါင်း များစွာတို့သည် မည်သူမှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ချေ။ ဤလောကကြီးသည် မည်မျှ အန္တရာယ်များလှသည်ကို ဤအချင်းအရာက သက်သေပြလျက်ရှိ၏။
“စီနီယာ.. နည်းလမ်းတစ်ခုခု ရှိနိုင်သေးလား”
ခဏလောက် စဉ်းစားပြီးသည့်နောက် ရီချန်သည် လီယွင်ကို လှည့်ကာ မေးလိုက်သည်။
“ဟား ဟား”
လီယွင်က ရယ်မောလိုက်၏။ “မင်းတကယ့်ကို လူမှန်တစ်ယောက်ကို မေးခဲ့တာပဲ။ လီ ဆီမှာ တကယ့်ကို ကျိန်းသေပေါက် နည်းလမ်းတစ်ခု ရှိတာပေါ့”
အစစ်အမှန်ပင် ခွန်လွန်လေဟာနယ်သည် အန္တာရယ်များလွန်းလှ၏။ အင်ပါယာအဆင့် အစီအရင်တစ်ခု တည်ရှိလို့ နေခဲ့၏။ ထိုကဲ့သို့သော အစီအရင်ကို ချိုးဖြတ်ရန်ဆိုသည်မှာ ခက်ခဲလွန်းလှချေ၏။ ထိုအရာကို ဖြေရှင်းနိုင်ရန်မှာ ကောင်းကင်လျှို့ဝှက်အမှတ် အများအပြားလည်း လိုအပ်နေသေး၏။ ထိုအရာကို မချိုးဖြတ်နိုင်ဘူး ဆိုလျှင်တောင်မှ လုံခြုံသည့် လမ်းကြောင်းတစ်ခုကို ရှာဖွေကာ အစီအရင်ထဲသို့ ဝင်ရောက်နိုင်စွမ်းရှိသည့်အရာကို ဖန်တီးနိုင်သည် မဟုတ်ပါလား။ ထို့အပြင် ဤအရာသည် အကြွင်းအကျန် အစီအရင် တစ်ခုသာလျှင် ဖြစ်၏။ ပြည့်စုံသည် အင်ပါယာအဆင့် အစီအရင်တစ်ခု မဟုတ်ပေ။
လီယွင်သည် စနစ်ကို သေချာ လှမ်းကြည့်လိုက်၏။ အထဲသို့ ဝင်ရောက်နိုင်သည့် နည်းလမ်း၏ အနည်းဆုံးသော ကုန်ကျစရိတ်သည် နှစ်သောင်းရှစ်ထောင် ဖြစ်လို့နေခဲ့၏။ ထိုအရာသည် သင့်တော်သည့် ဈေးဟု သတ်မှတ်နိုင်၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အဘိုးအို၏ မျက်နှာသည် နဝေတိမ်တောင် ဖြစ်လို့နေ၏။ သူသည် မယုံကြည်နိုင်စွာဖြင့် လီယွင်ကို ကြည့်ရှုနေ၏။ နှစ်သန်းပေါင်းများစွာ ကြာပြီးသည့်နောက် ဤတားမြစ်တည်နေရာထဲသို့ မည်သူမှ ခြေမချဖူးချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် အထဲတွင်ရှိနေသည့် အစီအရင်ကို ချိုးဖြတ်နိုင်စွမ်း ရှိနေသည်လား။
“အင်း… အစီအရင်ကို ချိုးဖြတ်ဖို့အတွက် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက်က ဈေးနှုန်းကို တတ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်” လီယွင်သည် အဘိုးအိုကို လှမ်းကြည့်ကာဖြင့် တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သည်။
“အင်း” အဘိုးအို၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် အေးခဲသွားခဲ့သည်။ သူသည် အနည်းငယ် ရှက်ရွံ့သလို ခံစား နေမိ၏။ သူ၏အတွေးကို တစ်ဖက်လူက သိရှိလိမ့်မည်ဟု လုံးဝမထင်မှတ်ခဲ့ချေ။
“စီနီယာ... တကယ်လို့ နည်းလမ်းရှိတယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့”
ရီချန်သည် လက်ခုပ်ထတီးကာဖြင့် ရယ်မောလိုက်သည်။ သူသည် အဘိုးအိုကို ထပ်မံကာ မော့ကြည့်လိုက်၏။ အဓိပ္ပာယ်ပါပါ ကြည့်ရှုလိုက်ခြင်းပင်။
အဘိုးအိုသည် ချက်ချင်းပဲ နားလည်သွားခဲ့၏။ ရှေ့ဆီသို့ နှစ်လှမ်း လှမ်းတက်ပြီးသည့်နောက် ကျောက်စိမ်း သေတ္တာ ဆယ်ခုကို ထုတ်ယူလိုက်၏။ အထဲတွင်ရှိသော ရတနာများသည် နောက်ဆုံးအကြိမ်က ပေးခဲ့သော ရတနာများထက် ပိုမိုကာ တန်ဖိုးကြီးမား၏။
ရီချန်၏ အသွင်အပြင် အမူအရာသည် ပြောင်းလဲခြင်း မရှိချေ။ အဘိုးအို၏ လှုပ်ရှားမှုမှာတော့ အနည်းငယ် တုန်ယင်လျက်ရှိ၏။ သူ၏ မျက်နှာပေါ်တွင်လည်း နှမျောသည့် အရိပ်အယောင်များ တည်ရှိလို့ နေခဲ့သည်။ သယ်ယူလာသည့် ရတနာများသည် အမှန်ပင် တန်ဖိုးကြီးမားလွန်းလှ၏။ ထိုအရာများကို ကမ်းပေးနေရခြင်းသည် သူ၏နှလုံးသားကို သွေးစက်စက် ယိုစေသည်။
ဤကျောက်စိမ်းသေတ္တာ ဆယ်ခုထဲတွင် ရှစ်ခုသည် သူတော်စင်အဆင့် ပစ္စည်းများဖြစ်ပြီး နှစ်ခုမှာတော့ သူတော်စင် အဆင့် စိတ်ဝိညာဉ်ဆေးပင် ဖြစ်လို့နေ၏။ သူတော်စင်အဆင့် လက်နက်များအတွက်ကတော့ လက်ရှိအချိန်တွင် ပါမလာခဲ့ချေ။ သူတော်စင်အဆင့် လက်နက်များ ဆိုသည်မှာ တန်ဖိုးကြီးမားလွန်းလှ၏။ ထိုအရာကို ထုတ်ဖော်ကာ မည်သူမှ လွယ်လွယ်ကူကူ လဲလှယ်လိမ့်မည် မဟုတ်ချေ။
လီယွင်သည် ကျောက်စိမ်းသေတ္တာဆယ်ခုကို လှမ်းကြည့်ပြီးသည့်နောက် စနစ်၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။ ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သောင်းလေးထောင်တောင် ရရှိ၏။
“စနစ်... ခွန်လွန်လေဟာနယ်ရဲ့ အတွင်းပိုင်းကို ဝင်ဖို့ လုံခြုံတဲ့ လမ်းကြောင်းတစ်ခုကိုပေး” လီယွင်သည် လှမ်းကာ ပြောဆိုလိုက်၏။
[ဒင်..... ကောင်းကင်လျှို့ဝှက်အမှတ် နှစ်သောင်းရှစ်ထောင်ကို ထုတ်ယူလိုက်သည်။ ခွန်လွန်လေဟာနယ်ထဲသို့ သွားရောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ထုတ်ဖော်နိုင်ခဲ့သည်]
ပြီးသည့်နောက် လီယွင်၏ လက်ထဲသို့ ကျောက်စိမ်းပြားတစ်ခုက ရောက်ရှိလာခဲ့သည်။ သူသည် ရီချန်ဆီသို့ လှမ်းပစ်ပေးကာ ပြောလိုက်သည်။ “ခွန်လွန်လေဟာနယ်ထဲကို ဝင်မယ့်လမ်းကြောင်းပဲ။ ဒါပေမဲ့ လီအနေနဲ့ မင်းကို အကြံတစ်ခု ပေးချင်သေးတယ်”
“ဂျူနီယာ သေသေချာချာ နားထောင်နေပါတယ်” ရီချန်သည် ကျောက်စိမ်းပြားကို လှမ်းဖမ်းကာဖြင့် လေးလေးနက်နက် ပြန်လည်ပြောဆိုလိုက်၏။
“ခွန်လွန်လေဟာနယ်ထဲကို မဝင်ခင်မှာ မင်းအနေနဲ့ ယုရှင်းချန်ကို မရှာတာ ပိုကောင်းမယ်လို့ ထင်တယ်။ တကယ်လို့ ရှာမယ်ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာအရာ ပြင်ဆင်ထားသင့်တယ်” လီယွင်သည် အကြံပြုလိုက်သည်။
ယုရှင်းချန်သည် ကမ္ဘာပျက်ကြီးထဲတွင် နေထိုင်နေသည်ဟု စနစ်က ပြောဆိုခဲ့ပြီးသားဖြစ်၏။ ပြောရသည်မှာ သူမသည် လက်ရှိလောကတွင် မရှိဟု ဆိုလို၏။ ရီချန် လက်ထဲသို့ ပေးလိုက်သည့် ကျောက်စိမ်းပြားသည် ခွန်လွန်လေဟာနယ်ထဲသို့ သွားခွင့်ရသည့်အရာတစ်ခုဖြစ်၏။ သို့ပေမဲ့ ထို အပျက်အစီး လောကထဲသို့ မဟုတ်သေးချေ။
ထို့အပြင် ၎င်းတို့နှစ်ယောက် ဆုံတွေ့သည် ဆိုပါက ပြန်လည်မွေးဖွားလာသည့် ဧကရီတစ်ယောက်နှင့် သာမန်လူ တစ်ယောက်တို့ စိန်ခေါ်တိုက်ခိုက်ခြင်း - ဤအရာမှာ အဓိပ္ပာယ် မရှိလှချေ။ သူမ အနေနှင့် ချက်ချင်းဆိုသလိုပဲ ရီချန်ကို တိုက်ခိုက်အနိုင်ယူသွားနိုင်၏။ ထို့ကြောင့် သူသည် မဖြစ်မနေ သတိပေးခဲ့ခြင်းသာဖြစ်၏။
“ဂျူနီယာ နားလည်ပါပြီ” ရီချန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် လေးလေးစားစား ဦးညွတ်လိုက်သည်။
သူ့အနေနှင့် အင်ပါယာအဆင့် အကြွင်းအကျန် အစီအရင်ကို ချိုးဖြတ်ကာ ခွန်လွန်လေဟာနယ်ထဲသို့ ဝင်ခွင့်ရသည် ဆိုသည်နှင့် တစ်စုံတစ်ယောက်ကို ရှာဖွေနိုင်စွမ်း ရှိပေလိမ့်မည်။ ထိုသူသည် သူ့ထက် ပိုမိုကာ ပါရမီရင့်သန်လွန်းသည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ သူတို့နှစ်ယောက်ကြား ကွာခြားချက်သည် အလွန် ကြီးမားလိမ့်မည် မဟုတ်ဟု ရီချန်က ယုံကြည်ထားမိ၏။
ထို့အပြင် ဖန်းနီရှန်နှင့် ရောင်စဉ်အလင်းနတ်သားတော်တို့ကြား တိုက်ခိုက်မှုကို ကြည့်ရှုရမည်ဆိုလျှင် သုံးဆယ့်တစ်နှင့် သုံးဆယ့်နှစ်ယောက်ကြား ကွာခြားချက်သည် သိပ်ပြီးကွာခြားချက် မရှိလှချေ။ ထို့ကြောင့် ရီချန် သည် ကျောက်စိမ်းပြားကို သိမ်းဆည်းပြီးသည့်နောက် နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့လေသည်။