အခန်း (၁၀၀)
Vol. 7 Ch. 100
သွေးများသည် လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသကဲ့သို့ပင်။ မြင်မြင်သမျှ အရာအားလုံးသည် သွေးပင်လယ်ကြီး တစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။ တော်ဝင် သဲကန္တာရမြို့သည် သွေးလှိုင်းများကြားတွင် လွင့်မြောလျက် ရှိနေသည့် ချိနဲ့နေသော လှေငယ်လေး တစ်စင်းကဲ့သို့ပင်။ အချိန်မရွေး ပြောင်းပြန်လှန်သွားတော့ မလိုဖြစ်လို့နေသည်။
လက်ရှိအချိန်မှာတော့ မြို့၏ အကာအကွယ် အစီအရင်ကြီး တစ်ခုလုံးသည် အသက်ဝင်သွားခဲ့၏။ သို့ပေမဲ့ သူတော်စင်အဆင့် အစီအရင်နှင့် ရင်ဆိုင်တွေ့သည့် အခါမှာတော့ ၎င်းသည် စာရွက်ဖြူတစ်ခုကဲ့သို့ပင် အားနည်းပြီး ပါးလွှာလွန်းလှချေ၏။ လွယ်လွယ်ကူကူနှင့် ခုခံ၍ မရနိုင်ခဲ့ချေ။
မြို့၏ အတွင်းထဲတွင်တော့ ရေတွက်၍မရအောင် များပြားလှသော လူများသည် စုဝေးရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် ဖြူလျော်နေသည့် မျက်နှာနှင့်အတူ အနီးပတ်ဝန်းကျင် တစ်ခုလုံးကို လှည့်လည်ကာ ကြည့်ရှုနေကြ၏။ တော်တော်များများသည် အစကတည်းက ခန့်မှန်းထားခဲ့ပြီးသား ဖြစ်၏။
တစ်စုံတစ်ယောက်သည် တော်ဝင် သဲကန္တာရမြို့ကို လာရောက်ကာ ပစ်မှတ်ထားခြင်း မဟုတ်ပါက ဤကဲ့သို့သော အစီအရင်ကြီးကို အားအင်အပြည့်ဖြင့် တည်ဆောက်ခဲ့လိမ့်မည် မဟုတ်ချေ။ လူပေါင်းများစွာတို့၏ အသက်ကို သတ်ဖြတ်ရန် အဆင်သင့် ဖြစ်နေခဲ့သည့် ပုံပင်။
လက်ရှိအချိန်မှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဖြစ်တည်နေသည့် သွေးပင်လယ်ကြီးသည် တဝုန်းဝုန်းနှင့်ပင်။ တော်ဝင် သဲကန္တာရမြို့ကြီးကို အချိန်မရွေး ဖျက်ဆီးတော့မည် သကဲ့သို့ပင်။
"သွားပြီပဲ" တစ်စုံတစ်ယောက်သည် ပြောလိုက်၏။ ၎င်းသည် တုန်ယင်လျက် ရှိနေပြီး ထိန့်လန့်မှုနှင့်အတူ မြေပေါ်သို့ လဲကျသွားမိ၏။
သူတို့အနေဖြင့် ဤကဲ့သို့သော အစီအရင်အောက်တွင် မည်သို့မှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ သာမန်အစီအရင်တစ်ခုသာ ဆိုပါက ဤမျှအားကောင်းလှသည့် စွမ်းအင်များ ပါဝင်နေမှာ မဟုတ်ချေ။ လက်ရှိအခြေအနေမှာတော့ အလွန့်အလွန် ကြီးမားပြီး သူတို့လက်လှမ်းမမီနိုင်သည့် အစီအရင်ကြီးသာ ဖြစ်ပေလိမ့်မည်။
"ကျုပ်က ခရမ်းရောင်နတ်နယ်မြေကပဲ ။ ဘယ်သူက ဒီလိုမျိုး လုပ်ရဲရတာလဲ"
"ဒီလိုမျိုး အစီအရင်ကို လုပ်ရဲတယ်ဆိုတော့ ကျိန်းသေပေါက် ယုံကြည်ချက် ရှိလို့ပဲလေ။ ဘယ်သူ့မျက်နှာမှ ထောက်ထားနေမှာ မဟုတ်ဘူး"
"အင်း …. ပြီးတော့ ဒီအစီအရင်ကို ဖန်တီးခဲ့တဲ့ လူက ကျင့်ကြံခြင်း လောက တစ်ခုလုံးကို ရန်ပြုချင်လို့များလား။ ရှေးရောင်စဉ်နန်းတော်က ကျိန်းသေပေါက် အဆုံးအထိ စုံစမ်းရလိမ့်မယ်"
လက်ရှိအချိန်မှာတော့ တော်ဝင်သဲကန္တာရမြို့၏ ဂိုဏ်းအသီသီးတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် စတင်ကာ စုဝေးလာကြ၏။ မူလအားဖြင့် ၎င်းတို့သည် ကောင်းကင်လျို့ဝှက် နန်းဆောင်နှင့် ပတ်သက်သည်ကို လာရောက်ကာ စူးစမ်းကြခြင်း ဖြစ်၏။
ဤအစီအရင်ကြီးထဲသို့ မည်ကဲ့သို့ ရောက်ရှိသွားခဲ့ကြောင်းကို မသိခဲ့ကြချေ။ သူတို့သည် ကောင်းကင်လျို့ဝှက် နန်းဆောင်ကို သွားရောက် လည်ပတ်ချင်စိတ်သာ ရှိကြ၏။ သို့ပေမဲ့ အဘယ့်ကြောင့် ဤမျှဆိုးဝါးလှသည့် သေခြင်းတရား၏ လက်ထဲသို့ ရောက်ရှိသွားရသနည်း။
"လက်ရှိအချိန်မှာ ဒီအစီအရင်ကို ချိုးဖျက်နိုင်တဲ့ သူဆိုလို့ ကောင်းကင်လျို့ဝှက် နန်းဆောင်ရဲ့ သခင်တစ်ယောက်ပဲ ရှိလိမ့်မယ်။" တစ်စုံတစ်ယောက်သည် ပြောလိုက်၏။
ထို့ကဲ့သို့ ပြောလိုက်သည့် အချိန်မှာတော့ ရေတွက်၍မရအောင် များပြားလှသည့် သူများသည် အနီးအနားတွင် ရှိနေသည့် နန်းဆောင်ကြီးဆီသို့ မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်ကြသည်။
ကောင်းကင်လျို့ဝှက် နန်းဆောင်အတွင်းမှတော့ လျိုချမ်းရွှယ်၏ မျက်နှာသည် ဖြူလျော်လျက် ရှိနေ၏။ သူမသည် လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ကိုင်ဆောင်ထားပြီး လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။
"စီနီယာ … ဂိုဏ်းချုပ်ဆီကို သတင်းပို့ပြီးပါပြီ။ ဂိုဏ်းချုပ်က ပြန်ပြီးပြောလာတယ်။ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာဖို့ ဘိုးဘေးအကြီးအကဲကြီးကို တောင်းဆိုထားတယ်တဲ့"
အဆုံးသတ်မှာတော့ ထပ်ပြောလိုက်သည်။ "သူတော်စင်ဘုရင်အဆင့် ဘိုးဘေးကြီး ရောက်လာရင် ဒီအစီအရင်ကို ကျိန်းသေပေါက် ဖျက်ဆီးနိုင်ပါလိမ့်မယ်"
"အင်း ခင်ဗျားရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းတယ်" လီယွင်သည် မျက်ခုံး ပင့်လိုက်၏။ ပြီးနောက် စကားအနည်းငယ်ကိုသာ ပြောဆိုခဲ့၏။ တော်ဝင်ဓားဂိုဏ်းသည် တစ်ကယ်ပင် စဉ်းစားဆုံးဖြတ်မှုနှင့် ပတ်သက်လျှင် ကောင်းမွန်လှသည်ဟု ဆိုရမည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူတော်စင်ဘုရင်အဆင့် ဘိုးဘေးကြီးကိုပင် ထွက်လာရန် ပြောဆိုရဲလေ၏။ သူတို့သည် အမှန်ပင် အားစိုက်ထုတ်ခဲ့သည်ဟု ပြောဆိုရပေမည်။
သူတော်စင်ဘုရင်အဆင့် ဆိုသည်မှာ တော်ဝင်ဓားဂိုဏ်း၏ ဒေါက်တိုင်ဟုပင် သတ်မှတ်ရပေလိမ့်မည်။ ထိုကဲ့သို့သော ဘိုးဘေးကြီးကို ခေါ်ထုတ်ကာဖြင့် ကူညီခြင်းမှာ ကောင်းမွန်လှသည့် စိတ်အခံ ကို ဖော်ညွှန်းပြသခြင်းပင်။
သို့ပေမဲ့ လီယွင်သည် သူတော်ဘုရင်အဆင့် ရောက်လာလျှင်တောင်မှ အသုံးမဝင်ဟု သူက ခံစားနေမိ၏။ အစီအရင်သည် မရိုးရှင်းလှချေ။ သူတော်စင်ဘုရင်အဆင့်ထက် ပို၍မြင့်မားသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်မှသာလျှင် ချိုးဖျက်နိုင်လိမ့်မည်။
လီယွင်သည် မတ်တပ်ထရပ်လိုက်၏။
ပြီးနောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်အပြင်ဘက်သို့ လှမ်းလျှောက်လိုက်၏။ သူသည် တံခါးကို မှီကာဖြင့် လက်ကိုနောက်ပစ်ထား၏။ သူသည် အပြင်ဖက်တွင် ရှိနေသည့် သွေးနီရောင်လှိုင်းများကို ကြည့်ရှုကာ မေးမြန်းလိုက်သည်။ "စနစ် …. ဒီအစီအရင်ကို ဘယ်သူဖန်တီးခဲ့တာလဲ"
[ဒင် … ထိုအချက်အလက်ကို သိရှိရန် ကောင်းကင်လျို့ဝှက်အမှတ် သုံးသောင်း လိုအပ်သည်။ အမှတ်များကို နှုတ်ယူပြီးပါပြီ။
အစီအရင်ကို ဖန်တီးခဲ့သူသည် အစီအရင်ကျွမ်းကျင် အဘိုးကြီးငါးယောက်ဖြစ်၏။ ၎င်းတို့၏ နောက်တွင် ရှိနေသူသည် ရောင်စဉ်အလင်းနတ်အရှင်ဖြစ်ပြီး ၊ ကောင်းကင်နတ်ဆိုးနန်းတော် အကြီးအကဲမိုဖန်းသည် နောက်ကွယ်မှ အကူအညီ ပေးခဲ့သည်။ ]
"ရောင်စဉ်အလင်းနတ်အရှင် ဟုတ်လား"
လီယွင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ သူသည် ထိုနာမည်ကို မြဲမြဲမှတ်မိနေ၏။ သူသည် ဤတစ်ကြိမ်တွင် ကောင်းကင်လျို့ဝှက်အမှတ် များများကို အသုံးပြုခဲ့၏။ သို့သော်ငြား စနစ်သည် တိကျသည့် သတင်းအချက်အလက်ကို မပေးဘဲနှင့် နာမည်များသာ ပေးခဲ့သည်။
သို့ပေမဲ့ သူ့အတွက် လုံလောက် နေပြီဖြစ်၏။ ရောင်စဉ်အလင်းနယ်မြေအရှင်နှင့် ကောင်းကင်နတ်ဆိုးနန်းတော် မှ အကြီးအကဲတို့သည် ပူပေါင်းလျက် ရှိနေ၏။ ဤနေရာတွင် ကျိန်းသေပေါက် တစ်ခုခု ရှိရပေလိမ့်မည်။
"ကျုပ်ကို သတ်ချင်ရင် ဒီအစီအရင်နဲ့ မလုံလောက်ဘူး"
လီယွင်သည် ကောင်းကင်ကို မော့ကြည့်လိုက်၏။ သွေးပင်လယ်ကြီးသည် ဆူဝေလျက် ရှိနေ၏။ အချိန်မရွေး ထိုးဆင်းလာတော့မည့် ပုံစံမျိုးပင်။ ကြည့်ရှုလိုက်လျှင် အရာအားလုံးသည် အနီရောင်ကြီး ဖြစ်နေသကဲ့သို့ပင်။
သို့ပေမဲ့ အစီအရင်ကြီးအား ကောင်းကင်လျို့ဝှက် နန်းဆောင်သာလျှင် တွန်းလှန်နိုင်ပေလိမ့်မည်။ တော်ဝင်သဲကန္တာရမြို့မှာတော့ မခုခံနိုင်ခဲ့ချေ။ ဤနေရာတွင် လူပေါင်းတစ်သန်းလောက် သေဆုံးသွားခဲ့၏။ တည်နေရာကြီး တစ်ခုလုံးသည် သင်္ချုင်းကုန်းကြီး တစ်ခုကဲ့သို့ပင် ဖြစ်တည်လျက်ရှိနေ၏။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အနာဂတ်စီးပွားရေးသည် ပျက်စီးသွားခဲ့သည်ဟု ဆိုရပေလိမ့်မည်။
"စနစ် ငါ့ကို ကူညီကြီးတော့ ကောင်းကင်အင်ပါယာ ကျမ်းစာ အလယ်အလတ်အဆင့်ကို ဝယ်ယူပေး"
[ ဒင် …. ကောင်းကင်လျို့ဝှက် အမှတ် သုံးသိန်းကို ထုတ်နှုတ်လိုက်သည်။ ကောင်းကင်အင်ပါယာကျမ်းစာ အလယ်အလတ်အဆင့်ကို ရရှိသည် ။ အောင်မြင်ပါသည်။ သူတော်စင်အဆင့်ဆီသို့ ဆက်လျက်ကာ ကျင့်ကြံနိုင်မည်။ ]
"အင်း … ကောင်းကင်လျို့ဝှက်အမှတ် သုံးသိန်းခြောက်သောင်း ကုန်သွားပြီပဲ ။"
လီယွင်သည် သက်ပြင်းချရန်ပင် အချိန်မရှိချေ။ သူသည် စိတ်ထဲမှ ကြိတ်ကာ ပြောလိုက်သည်။ "ကျန်တဲ့ လျို့ဝှက် အမှတ်တွေ အသုံးပြုပြီး ငါ့ကျင့်ကြံခြင်းကို တိုးမြင့်အောင် လုပ်ပေး"
ဘုန်း ….။
ထိုသို့ ပြောပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားအင်တစ်ခုသည် လီယွင်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ၏။ ပြီးသည့်နောက် ၎င်း၏ မရီဒန်ထဲသို့ စွမ်းအင်များ အရှိန်အဟုန် ပြင်းပြင်းနှင့် ဝင်ရောက်လာ၏။ ထိုအရာသည် ရွှေရောင်အလင်းတန်းများ ကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။ ၎င်း၏ အားအင်အဆင့်သည် စဦးနတ်အဆင့်သို့ ရောက်ရှိသွား၏။ သူသည် သူတော်စင်ဘုရင်အဆင့်ကို မချိုးဖျက်နိုင်သော်လည်း သူ၏ စိတ်ကူစိတ်သန်းကို စမ်းသပ်ရန်အတွက် လုံလောက်သည့် အဆင့်ကိုတော့ ရောက်ရှိသွား၏။
လီယွင်သည် ခြေထောက်ကို မပြီးသည့်နောက် ကောင်းကင်လျို့ဝှက် နန်းဆောင်တံခါးဆီသို့ ချဉ်းကပ်သွားသည်။
ရေတွက်၍ မရအောင် များပြားလှသည့် အကြည့်အောက်မှတော့ သူသည် နန်းဆောင်အပြင်ဘက်သို့ ထွက်ကာ လက်တစ်ချောင်း ထိုးညွှန်လိုက်၏။
"စီနီယာ …. နောက်ဆုံးတော့ လှုပ်ရှားတော့မှာလား" လျိုချမ်းရွှယ်သည် မျက်လုံးများ တောက်ပသွားသည်။
ဤမျှကြာလှသည့် အချိန်သို့ ရောက်ရှိနေသော်လည်း သူမသည် စီနီယာတိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမတင်မက လက်ရှိအချိန်၌ ကောင်းကင်လျို့ဝှက် နန်းဆောင်အပြင်ဖက်ရှိ လူများစွာသည်လည်း ထိုမြင်ကွင်းကို မြင်နေရ၏။ သူတို့သည် သေဆုံးတော့မည် မဟုတ်ချေ။